အခန်း ၁၈၅
Vol. 19 Ch. 185
အခန်း (၁၈၅)
ဒါ တကယ်ပဲ ပထမတန်းစားဂိုဏ်းတစ်ခုလား?၊ရှေးဟောင်းသွေးမျိုးဆက်နဲ့ သေခြင်းရှင်ခြင်းနယ်ပယ်
“ရှီဂွမ်း, ရှီယောင်... မင်းတို့နှစ်ယောက်လုံး အတူတူတက်သွားကြ...”
မဟာအကြီးအကဲ သူတို့နှစ်ဦးကို ကြည့်ကာ ပြောလိုက်သည်။
“ဟုတ်ကဲ့...”
ညီအစ်ကိုနှစ်ဦး ချက်ချင်း မတ်တတ်ရပ်လိုက်ကြသည်။
သူတို့၏ ကြမ်းတမ်းခက်ထန်သော မျက်နှာများပေါ်တွင် ပြင်းထန်သော စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေခဲ့သည်။
“အကိုမုန့်... ကျွန်တော်တို့ အခု အတူတူ လက်တွဲတိုက်ခိုက်နိုင်ပြီ...”
ရှီယောင် အသံကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။
စိတ်လှုပ်ရှားလွန်းသဖြင့် မုန့်ချန်ချင်းကို ဂိုဏ်းချုပ်ငယ်ဟုပင် မခေါ်ဆိုမိတော့ချေ။
သို့သော် ဤအခိုက်အတန့်တွင် မည်သူမျှ သူ့ကို ဝင်ရောက်မပြင်ဆင်ကြပေ။
“သမီး... သမီး... သမီးလည်း သွားချင်တယ်...”
မိုရှောင်ယု သူမ၏ လက်ဖဝါးသေးသေးလေးကို မြှောက်ကာ တိုက်ပွဲဝင်ရန် စိတ်အားထက်သန်နေခဲ့သည်။
သို့သော် မဟာအကြီးအကဲ၏အကြည့်နှင့် ဆုံတွေ့လိုက်သည့်အခါ သူမသည် ချက်ချင်းပင် နှုတ်ခမ်းဆူသွားပြီး လက်ကို ပြန်ချလိုက်တော့သည်။
အရမ်းကြောက်ဖို့ကောင်းတာပဲ...
“မင်းအတွက်လည်း အခွင့်အရေး ရှိလာမှာပါ...”
ဟွာစီယန် လျှောက်လာပြီး မိုရှောင်ယုကို အသာအယာ ကောက်ပွေ့လိုက်သည်။
သူမကိုယ်တိုင်ကလည်း ဝိညာဥ်တောင်ထိပ်မှ ဖြစ်သဖြင့် မိုရှောင်ယုကို ပို၍ပင် အလိုလိုက် အကြင်နာပိုမိသည်။
“ဟုတ်ကဲ့...”
မိုရှောင်ယု ဟွာစီယန်၏ လည်ပင်းကို ချက်ချင်းဖက်ကာ ပါးပြင်ကို ပျော်ရွှင်စွာ နမ်းလိုက်သည်။
ဘုန်း... ဘုန်း...
ညီအစ်ကိုနှစ်ဦးက မုန့်ချန်ချင်း၏ နောက်ကွယ်သို့ လျှောက်လှမ်းလာခဲ့ကြသည်။
သူတို့၏ မီတာငါးဆယ်ခန့်မြင့်မားသော ဧရာမခန္ဓာကိုယ်ကြီးများမှာ အစောက်ရှောက်နတ်ဘုရားများအလား တစ်ဦးက တိုက်ပွဲဝင်ပုဆိန်၊ အခြားတစ်ဦးက စစ်တူကို ကိုင်ဆောင်ထားပြီး ကြောက်မက်ဖွယ်ဖိအားများကို ထုတ်ဖော်နေကြသည်။
“ဒါဆိုရင်... စကြစို့...”
မုန့်ချန်ချင်း ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်။
“ဒါ... ဒါ တကယ် ထိုက်ရွမ်ဂိုဏ်းပဲ...”
အနီးအနားရှိ နေမီးတောက်တောင်ကြားနှင့် ဘီးလူးဝိညာဥ်ဂိုဏ်းကဲ့သို့သော အင်အားစုများမှာ အံ့အားသင့်စွာဖြင့် အသက်ရှူမှားသွားကြသည်။
မည်သည့်ကံဆိုးသည့် အင်အားစုမှာ မဟာဂိုဏ်းကြီးတစ်ခုနှင့် ဆုံတွေ့ရသနည်းဟု သူတို့တွေးတောနေခဲ့ကြရာ ၎င်းမှာ ထိုက်ရွမ်ဂိုဏ်း ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။
“ထိုက်ရွမ်ဂိုဏ်းတော့ သွားပြီ...”
“သူတို့က ရေခဲနှင်းနတ်ဘုရားနန်းတော်ရဲ့ ပြိုင်ဘက် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
“ပထမဆုံးအကျော့မှာတင် ကျရှုံးသွားမယ်လို့ ဘယ်သူထင်ထားမှာလဲ...”
တပည့်အများအပြား တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြပြီး အချို့မှာ စိတ်လှုပ်ရှားနေကြသည်။
သို့သော်လည်း ဘေးနားရှိ တွမ့်မူလုံချွဲ သူတို့ကို ချက်ချင်းပင် လှမ်း၍ ကြိမ်းမောင်းလိုက်သည်။
“မင်းတို့က ဘာကို ဝမ်းသာအားရ ဖြစ်နေတာလဲ...”
“ထျန်းလင်းစီရင်စုကနေ ထွက်လာပြီးကတည်းက ငါတို့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲရမယ်။ ငါတို့ စီရင်စုက လူတွေ တခြားစီရင်စုကလူတွေ ရှေ့မှာ အရှက်မကွဲစေနဲ့။ ငါတို့က အားနည်းပြီးသားမို့လို့ အချင်းချင်း ပြန်ပြီး မတိုက်ခိုက်ကြစမ်းနဲ့...”
ဤအရာကို ကြားသည့်အခါ တပည့်အများအပြား ရှက်ရွံ့သော မျက်နှာအမူအရာများ ပြသလာကြသည်။
“ဒါ့ပြင်... ဘယ်သူနိုင်မလဲ၊ ဘယ်သူရှုံးမလဲဆိုတာ မသေချာသေးဘူး...”
တွမ့်မူလုံချွဲ ထိုက်ရွမ်ဂိုဏ်းဘက်သို့ လှမ်းကြည့်လိုက်ရင်း ဆက်ပြောသည်။
“မုန့်ချန်ချင်းလည်း သေခြင်းရှင်ခြင်းနယ်ပယ်မှာပဲ။ အခြေခံအချက်အလက်ပိုင်းမှာ မဟာဂိုဏ်းကြီးရဲ့တပည့်တွေကို မယှဥ်နိုင်ရင်တောင် လုံးဝဥဿုံ ကွာခြားသွားမှာမျိုး မဟုတ်ဘူး...”
ဘိုးဘေး တွမ့်မူကုန်း ဘေးမှစောင့်ကြည့်ရင်း ခေါင်းကို အသာအယာညိတ်လိုက်သည်။
သူ၏မြေးဖြစ်သူမှာ အခြေအနေကြီးတစ်ခုလုံးကို မြင်နိုင်စွမ်းရှိနေဆဲဖြစ်သည်။
“ယုပင်း... မင်းသွားလိုက်...”
ရေခဲနှင်းနတ်ဘုရားနန်းတော်ဘက်တွင်မူ နန်းတော်သခင် ဖြည်းညှင်းစွာ ပြောလိုက်သည်။
သူမ၏အသံက တည်ငြိမ်နေသော်လည်း လူတိုင်းကိုမူ တုန်လှုပ်သွားစေခဲ့သည်။
“နန်းတော်သခင်... ဒါက ထျန်းလင်းစီရင်စုက ပထမတန်းစားဂိုဏ်းတစ်ခုလေးပဲလေ။ အမယုပင်းကို လွှတ်လိုက်တာ နည်းနည်းတော့ မလွန်လွန်းဘူးလား...”
တစ်စုံတစ်ဦး ချက်ချင်းလှမ်းပြောလိုက်သည်။
“ဟုတ်တယ်... ပထမတန်းစားဂိုဏ်းတစ်ခုမှာ အလွန်ဆုံးရှိလှ နတ်ဘုရားရရှိခြင်းနယ်ပယ် ကျင့်ကြံသူတွေပဲ ရှိမှာပါ။ ကျွန်တော်တို့ပဲ ဖြေရှင်းလိုက်ပါ့မယ်...”
အခြားသူများလည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်ကြသည်။
“ဆရာ...”
ကျဲယုပင်း မတ်တတ်ရပ်လိုက်သည်။
သူမသည် သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်နှင့် အချိုးအစားကျသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။
ရုပ်ရည်ပိုင်းအရလည်း အတော်လေး လှပသူဟု သတ်မှတ်နိုင်ပေသည်။
ခန္ဓာကိုယ်မှလည်း သေခြင်းရှင်ခြင်း အရှိန်အဝါတစ်ခု ယိုစိမ့်ထွက်နေ၏။
၎င်းကအတော်လေးပါးလွှာပြီး မကြာသေးခင်ကမှ သေခြင်းရှင်ခြင်းနယ်ပယ်၏ အဆင့် ၁ သို့ ချိုးဖျက်ထားကြောင်းထင်ရှားသည်။
“ငါ မင်းကို ထိုက်ရွမ်ဂိုဏ်းရဲ့ တပည့်အားလုံးကို အနိုင်ယူစေချင်တယ်။ အားလုံးကိုနော်... ဘယ်သူ့ကိုမှ မတ်တတ်ရပ်ခွင့် မပေးနဲ့... မြေပြင်ပေါ်မှာတင် နင်းခြေပစ်လိုက်...”
နန်းတော်သခင်ဖြစ်သူ လှပသော အမျိုးသမီးကြီးမှာ ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးသော အရှိန်အဝါမျိုးရှိသော်လည်း ယခုမူ သူမ၏ခန္ဓာကိုယ်မှ မုန်တိုင်းတစ်ခု ဆင်တော့မည့်အလား ဖိအားများ ပေါ်ထွက်နေခဲ့သည်။
သူမ၏အတွေးတွေ မတည်ငြိမ်နေသလိုပင်။
“နားလည်ပါပြီ... ဆရာ့အမိန့်အတိုင်း လုပ်ဆောင်ပါ့မယ်...”
ကျဲယုပင်း လက်ချင်းယှက်၍ ဦးညွှတ်လိုက်သည်။
ထို့နောက် ဂျူနီယာမောင်လေးနှစ်ဦးနှင့်အတူ အောက်ခြေသို့ ပျံသန်းဆင်းသက်သွားခဲ့သည်။
သူမဆရာ အဘယ်ကြောင့် ဤကဲ့သို့နာမည်မရှိသော ဂိုဏ်းငယ်လေးတစ်ခုအပေါ် နက်ရှိုင်းသောရန်ငြိုးများ ထားရှိနေသလဲ သူမမသိသော်လည်း ဆရာဖြစ်သူက အမိန့်ပေးလာသဖြင့် သေချာပေါက် လုပ်ဆောင်ရမည် ဖြစ်သည်။
၎င်းက အားနည်းသူကို အနည်းငယ်အနိုင်ကျင့်ရာရောက်သော်လည်းပင်။
ကျယ်ပြောလှသော စစ်တလင်းထက်တွင် ရေခဲနှင်းနတ်ဘုရားနန်းတော် ဦးဆောင်ကာ ဆင်းသက်လာခဲ့သည်။
ရောက်ရှိလာသူမှာ ကျဲယုပင်း ဖြစ်ကြောင်း လူအုပ် မြင်လိုက်သည့်အခါ ချက်ချင်းပင် ဆူညံသွားခဲ့သည်။
“ဝိုး... ရေခဲနှင်းနတ်ဘုရားနန်းတော်က တကယ်ပဲ အရှက်မရှိတာလား။ ပထမတန်းစားဂိုဏ်းတစ်ခုကို တိုက်ခိုက်ဖို့ ကျဲယုပင်းကိုတောင် စေလွှတ်ရတယ်လို့...”
“ဟုတ်ပ... ဒါက အနိုင်ကျင့်လွန်းရာ မကျဘူးလား...”
“ဘာကို အနိုင်ကျင့်တာလဲ... ခြင်္သေ့တစ်ကောင်က ယုန်တစ်ကောင်ကို အမဲလိုက်ရင်တောင် ခွန်အားအပြည့် ထုတ်သုံးရတာပဲ မဟုတ်ဘူးလား...”
ကျဲယုပင်းကို အားပေးသူအချို့ အလျင်အမြန်ပင် ကာကွယ်ပြောဆိုလိုက်ကြသည်။
ဘုန်း... ဘုန်း...
လူတိုင်း ဆွေးနွေးနေကြစဥ် ဥက္ကာပျံတစ်ခု ပြုတ်ကျလာသည့်အလား ပြင်းထန်သောအသံကြီးနှင့်အတူ ဖုန်မှုန့်များနှင့် မီးခိုးလုံးများ စစ်တလင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
“ဘာဖြစ်တာလဲ...”
လူတိုင်း မှင်တက်သွားကြသည်။
တိုက်ပွဲ စပြီလား... ဘာဖြစ်လို့ ကွင်းပြင်တစ်ခုလုံး ဖုန်မှုန့်တွေနဲ့ ဖုံးလွှမ်းသွားရတာလဲ...
ဝှစ်...
ဧရာမပုဆိန်အလင်းတန်းကြီးက ဖုန်မှုန့်များကို ဖြတ်သန်းခုတ်ပိုင်းလိုက်ရာ အတွင်းပိုင်းမှ မြင်ကွင်း ရှင်းလင်းစွာ ပေါ်ထွက်လာခဲ့သည်။
တောင်ငယ်လေးနှစ်လုံးအလား မြင့်မားသော ခန္ဓာကိုယ်ကြီးနှစ်ခုမှာ ဖြည်းညှင်းစွာ မတ်တတ်ရပ်နေခဲ့ကြပြီး ၎င်းတို့၏ကြမ်းကြုတ်သည့်အော်ရာကို အပြည့်အဝထုတ်ဖော်ပြသနေကြသည်။
“ဒါ ဘယ်လိုသွေးမျိုးဆက်မျိုးလဲ...”
“လူတွေကောဟုတ်ရဲ့လား...”
မျက်စိတစ်မှိတ်အတွင်းမှာပင် စောင့်ကြည့်သူပရိသတ်အားလုံး တုန်လှုပ်သွားခဲ့ကြရသည်။
ဤမျှလောက် ကြီးမားသော ခန္ဓာကိုယ်မျိုးနှင့်ဆိုလျှင် သူတို့က လူသားများနှင့် လုံးဝ မတူတော့ချေ။
“ဒါက သွေးမျိုးဆက် တစ်ခုခုဖြစ်ရမယ်...”
တစ်စုံတစ်ဦး မျက်မှောင်ကြုတ်လိုက်ပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသည့်အလား ရေရွတ်လိုက်သည်။
“ဒါ... ဒါက ပျောက်ကွယ်နေပြီဖြစ်တဲ့ ကျောက်တုံးလူသားသွေးမျိုးဆက်ပဲ...”
“ရှေးဟောင်းခန္ဓာသန့်စင် သွေးမျိုးဆက်တွေထဲကတစ်ခုပဲ...”
ဤစကားလုံးများ ထွက်ပေါ်လာသည်နှင့် ကွင်းပြင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တော့သည်။
“ဝိုး... ရှေးဟောင်းသွေးမျိုးဆက်တွေ တကယ်ပဲ ပေါ်လာတာပဲ... ပြီးတော့ နှစ်ယောက်တောင်မှ...”
“ဘယ်လိုအင်အားစုမျိုးမဆို ဒီလိုမျိုးသွေးမျိုးဆက် တစ်ခုတည်း ရှိရင်တောင် ကံကောင်းလှပြီ။ အခု ဒီပထမတန်းစားဂိုဏ်းမှာ နှစ်ယောက်တောင် ရှိနေတယ်...”
သူတို့၏ စကားလုံးများထဲတွင် မနာလိုမှုများနှင့် အားကျမှုများ စတင်၍ ရောယှက်လာခဲ့သည်။
“ဒါပေမဲ့လည်း... ငါ ကြည့်ရသလောက်တော့ ဒီနှစ်ယောက်လုံးက နတ်ဘုရားရရှိခြင်းနယ်ပယ် အဆင့် ၁ မှာပဲ ရှိသေးတာပါ။ ရှေးဟောင်း ကျောက်တုံးလူသားသွေးမျိုးဆက် ရှိနေရင်တောင်မှ ကျဲယုပင်းရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး...”
“နယ်ပယ်ကြီးတွေကြားက ကွာဟချက်ကိုတော့ ဖြတ်ကျော်ဖို့ မဖြစ်နိုင်ဘူးလေ...”
လူတိုင်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။
ကြည့်ရတာ ထိုက်ရွမ်ဂိုဏ်းက ရှုံးနိမ့်နေဆဲဖြစ်သည်။
“နေဦး... သူတို့က သုံးယောက် မဟုတ်ဘူးလား။ တတိယမြောက်လူက ဘယ်မှာလဲ...”
ဤမေးခွန်းကြောင့် လူတိုင်း သတိပြုမိသွားပြီး ဝတ်စုံဖြူဝတ်ဆင်ထားသော လူငယ်တစ်ဦး ကောင်းကင်ထက်မှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်ကို မြင်တွေ့လိုက်ကြသည်။
သူက ကြွေကျလာသော သစ်ရွက်တစ်ရွက်အလား စစ်တလင်းထက်သို့ ငြိမ်သက်စွာ ဆင်းသက်လိုက်သည်။
ဘုန်း... ဘုန်း...
ထိုဧရာမ ခန္ဓာကိုယ်ကြီးနှစ်ခုက ဝတ်စုံဖြူနှင့်လူငယ်၏ နောက်ကွယ်တွင် တလေးတစားဖြင့် ရပ်တန့်လိုက်ကြသည်။
“နောက်ထပ် ပညာရှင်တစ်ယောက်လား...”
လူတိုင်း မနေနိုင်ပဲ တွေးလိုက်မိကြသည်။
ကျဲယုပင်း ထိုမြင့်မားသော ခန္ဓာကိုယ်ကြီးနှစ်ခုကို ကြည့်လိုက်ရာ သူမ၏ လှပသော မျက်ဝန်းများထဲမှအံ့သြမှုများ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့သည်။
ရှေးဟောင်းသွေးမျိုးဆက် ဖြစ်နေခြင်းပင်။
သူမဆရာ အဘယ်ကြောင့် သူမကို တိုက်ခိုက်ခိုင်းသလဲဆိုတာ မဆန်းတော့ချေ။
သို့သော် သူတို့က နတ်ဘုရားရရှိခြင်းနယ်ပယ် အဆင့် ၁ သာ ရှိသေး၍ သူမအတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မရှိပေ။
သူမအနေဖြင့် လက်တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် ခြေမှုန်းပစ်နိုင်သည်။
သို့သော် ထိုဝတ်စုံဖြူနှင့်လူငယ် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည့်အခိုက်အတန့် သူမမျက်ခွံများ ချက်ချင်းကျုံ့သွားခဲ့သည်။
ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားပြီး မျက်လုံးများထဲတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
“သေခြင်းရှင်ခြင်းနယ်ပယ်... အဆင့် ၃...”
သူမတစ်ဦးတည်းတင် မဟုတ်ဘဲ ပတ်ဝန်းကျင်ရှိ စောင့်ကြည့်နေသော ပရိသတ်အားလုံးလည်း ဤအချက်ကို သတိပြုမိသွားကြသည်။
လူတိုင်းမှာ အံ့အားသင့်စွာဖြင့် ပင့်သက်ရှိုက်လိုက်ကြပြီး မျက်လုံးများမှာ တုန်လှုပ်မှုကြောင့် ပြူးကျယ်နေကြသည်။
လုံးဝ မယုံကြည်နိုင်စရာ ကောင်းသောအရာတစ်ခုကို မြင်တွေ့လိုက်ရသလိုက်ပင်။
“ဝိုး... ဒါ... ဒါက သေခြင်းရှင်ခြင်းနယ်ပယ်ပဲ...”
“သူတို့က ပထမတန်းစားဂိုဏ်းတစ်ခုပဲလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် သေခြင်းရှင်ခြင်းနယ်ပယ် တပည့်တစ်ယောက် ရှိနေရတာလဲ...”
“ပြီးတော့ အသွင်အပြင်အရ ငယ်ငယ်လေးရှိသေးတယ်မလား...”
မျက်စိတစ်မှိတ်အတွင်းမှာပင် ကွင်းပြင်တစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် ပေါက်ကွဲထွက်လာခဲ့သည်။