အခန်း ၁၈၆
Vol. 19 Ch. 186
အခန်း (၁၈၆)
သဘာဝအတိုင်း... သူတို့ကို ချေမှုန်းပစ်ရမှာပေါ့
ကွင်းပြင်တစ်ခုလုံး၌ ဆွေးနွေးငြင်းခုံသံများဖြင့် ဆူညံနေခဲ့သည်။
“နေဦး... ငါ အခုမှ သတိရတယ်...”
တစ်စုံတစ်ဦး ရုတ်တရက် စိတ်လှုပ်ရှားစွာပြောလိုက်သည်။
“ထိုက်ရွမ်ဂိုဏ်း... ဒါက တကယ် ထိုက်ရွမ်ဂိုဏ်းပဲ...”
“မိတ်ဆွေ... သေသေချာချာလေး ရှင်းပြပေးပါဦး...”
လူတိုင်း သိလိုစိတ် ပြင်းပြနေကြသဖြင့် သူတို့၏ အာရုံများကို ထိုစကားပြောသူထံသို့ အလျင်အမြန် လှည့်လိုက်ကြသည်။
နောက်ဆုံးတွင်မူ ထိုက်ရွမ်ဂိုဏ်းတပည့်များ ပြသခဲ့သော ခွန်အားမှာ ပထမတန်းစားဂိုဏ်းတစ်ခု ပိုင်ဆိုင်သင့်သည့် အရာထက် များစွာ သာလွန်နေပြီး မဟာဂိုဏ်းကြီးတစ်ခုနှင့် လုံးဝရင်ပေါင်တန်းနိုင်စွမ်း ရှိနေသောကြောင့်ပင်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာလောက်တုန်းက တောင်ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲတုန်းမှာ အလွန်တရာ အစွမ်းထက်တဲ့ ပါရမီရှင်တစ်စု ပေါ်ထွက်ခဲ့ဖူးတယ်။ အထူးသဖြင့် သူတို့ရဲ့ ခေါင်းဆောင်က ကမ္ဘာမြေကို တုန်လှုပ်စေမယ့် ထိပ်သီး ပါရမီရှင်တစ်ယောက်ပဲ..."
"သူက သူ့ရဲ့လက်သီးတွေနဲ့တင် ပါရမီရှင်တိုက်ပွဲတစ်ခုလုံးနီးပါးကို တိုက်ခိုက်ချေမှုန်းခဲ့တာ။ ဘယ်သူမှ သူ့ပြိုင်ဘက် မဟုတ်ခဲ့ဘူး..."
"မင်းတို့ ဒီလိုမျိုး နားလည်လို့ရတယ်။ အခုလက်ရှိ ကိုးရောင်ခြယ်မှန်ကျောင်းဆောင်ရဲ့ ကျောင်းဆောင်သခင်တို့လို ထိပ်သီး မဟာဂိုဏ်းတွေ၊ ရှေးဟောင်းကလန်တွေရဲ့ ခေါင်းဆောင်တွေအားလုံး အဲဒီတုန်းက အဲဒီကမ္ဘာလှုပ်စေမယ့် ပါရမီရှင်ရဲ့ လက်အောက်မှာ ရှုံးနိမ့်ခဲ့ဖူးကြတာပဲ..."
ဤစကားကြောင့် ကွင်းပြင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရသည်။
လူတိုင်း၏ မျက်လုံးများမှာ တုန်လှုပ်မှုများကြောင့် ပြူးကျယ်သွားခဲ့ကြသည်။
ကမ္ဘာလှုပ်စေမည့်ပါရမီရှင်ဟုအခေါ်ခံရရန် ပြိုင်ဘက်ကင်းစွမ်းအားနှင့် ထိပ်သီးပါရမီရှင်များကို တစ်ဦးပြီးတစ်ဦး အနိုင်ယူနိုင်ရမည်ဖြစ်သည်။
ထိုအခါမှ အချို့လူများ စတင်၍သတိရလာကြတော့သည်။
“ဟုတ်တယ်... အဲဒီလို အဖြစ်အပျက်မျိုး ရှိခဲ့ဖူးတယ်။ ငါလည်း အကြီးအကဲတွေဆီက ကြားဖူးတယ်...”
“အဲဒီအဖွဲ့ကို ထိုက်ရွမ်ရဲ့ သားတော် ဆယ့်ရှစ်ယောက်လို့ ခေါ်ကြတာ။ သူတို့က ဒီထိုက်ရွမ်ဂိုဏ်းကနေ လာကြတာပဲ။ အဲဒီတုန်းက ထိုက်ရွမ်ဂိုဏ်းက ပထမတန်းစားတောင် မဟုတ်သေးဘူး၊ ဒုတိယတန်းစားဂိုဏ်းပဲ ရှိသေးတာ...”
၎င်းကို အတည်ပြုပြီးနောက် လူတိုင်း နှလုံးသားထဲမှ တုန်လှုပ်မှုများမှာ ပို၍ပင် ပြင်းထန်လာခဲ့သည်။
ဤဂိုဏ်းနှင့်ပတ်သက်ပြီး ဘာမှားနေသနည်း။
ဂိုဏ်းအဆင့်အတန်း မြင့်မားခြင်းမရှိသော်လည်း တပည့်များ၏ ခွန်အားမှာ အတိတ်တွင်ရော လက်ရှိတွင်ပါ အလွန်တရာ ထူးခြားဆန်းကြယ်လွန်းနေသည်။
“ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်နှစ်ရာက သူတို့ အဲဒီလောက် သန်မာခဲ့ရင် ဘာလို့ခုချိန်ထိ ပထမတန်းစားဂိုဏ်းအဆင့်မှာပဲ ရှိနေသေးတာလဲ။ ပြီးတော့ ငါတို့ ဘာလို့ ဒီဂိုဏ်းအကြောင်း တစ်ခါမှ မကြားဖူးရတာလဲ...”
တစ်စုံတစ်ဦး မေးခွန်းထုတ်လိုက်သည်။
“ငါလည်း သေသေချာချာတော့ မသိဘူး။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ သူတို့က ကြီးမားတဲ့ အပြောင်းအလဲတစ်ခုနဲ့ ကြုံတွေ့ခဲ့ပြီး ဆုတ်ယုတ်သွားခဲ့တယ် ထင်တာပဲ။ အခုချိန်ထိ တောင်ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲကို တစ်ခါမှ ဝင်မပြိုင်ကြတော့ဘူး...”
ထိုလူက ရှင်းပြလိုက်သည်။
“ဒါဆိုရင်... အခု ဒီတပည့်က လွန်ခဲ့တဲ့ နှစ်နှစ်ရာက လမ်းစဥ်ကို ပြန်ပြီး လျှောက်လှမ်းဖို့ ကြိုးစားနေတာလား...”
“သူတို့စီနီယာတွေရဲ့ ခြေရာကို လိုက်ပြီး တောင်ပိုင်းဒေသရဲ့ မျိုးဆက်သစ်တွေအားလုံးကို အနိုင်ယူတော့မှာပေါ့...”
ဤသို့ တွေးတောမိသည့်အခါ လူအများအပြား စိတ်လှုပ်ရှားလာခဲ့ကြသည်။
“မင်းတို့တွေ အတွေးလွန်နေပြီ။ ဒါက အဲဒီလောက် မလွယ်ကူပါဘူး။ ဒီတစ်ကြိမ် ယှဉ်ပြိုင်သူတွေက ထိပ်သီးအင်အားစုတွေရဲ့ ဆက်ခံသူတွေချည်းပဲ၊ အားလုံးက အစွမ်းထက်တဲ့ တည်ရှိမှုတွေ။ သူတို့ကို အနိုင်ယူဖို့ဆိုတာ ကောင်းကင်ပေါ် တက်ရသလို ခက်ခဲလိမ့်မယ်...”
တစ်စုံတစ်ဦးက ပြန်လည်ငြင်းခုံလိုက်သည်။
“ဒါပေမဲ့ အဲဒီတုန်းကလည်း ဒီလို အခြေအနေမျိုးပဲ မဟုတ်ဘူးလား...”
ထိုလူက လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် ပြုံး၍ ပြောလိုက်သည်။
တိုက်ပွဲကွင်းပြင်ထက်၌...
“ဒီတော့ နင်တို့ကိုး...”
ပတ်ဝန်းကျင်ရှိ ဆွေးနွေးမှုများကို ကြားလိုက်ရသည့်အခါ ကျဲယုပင်း နောက်ဆုံးတော့ နားလည်သွားခဲ့သည်။
သူမဆရာ အဘယ်ကြောင့် သူမကို ကိုယ်တိုင်တိုက်ခိုက်ခိုင်းသလဲဆိုတာ မဆန်းတော့ချေ။
၎င်းမှာ ထိုက်ရွမ်ဂိုဏ်း ဖြစ်နေခဲ့သည်။
တစ်ချိန်က သူမဆရာကို အနိုင်ယူခဲ့ဖူးသော ထိုဂိုဏ်းပင်။
သူမငယ်စဥ်က ဆရာဖြစ်သူ ၎င်းကို ပြောပြဖူးပြီး ဆရာ့နှလုံးသားထဲတွင် ဖျောက်ဖျက်ရခက်ခဲသော အရိပ်မည်းတစ်ခု ကျန်ရစ်ခဲ့ပုံရသည်။
“ဆရာ... ဒီတစ်ကြိမ်မှာတော့ သမီး ဆရာ့အတွက် ကလဲ့စားချေပေးပါ့မယ်။ ဒီဂိုဏ်းရဲ့ တပည့်အားလုံးကို အနိုင်ယူပြီး အရှက်ကွဲခဲ့ရတာတွေကို ဆေးကြောပစ်မယ်...”
ကျဲယုပင်း မျက်နှာအမူအရာ အေးစက်သွားသည်။
ဤလူ၏ ကျင့်ကြံရေးအဆင့်က သူမထက် အနည်းငယ် မြင့်မားနေသော်လည်း ကွာဟချက်က မကြီးမားလှချေ။
သူ သယ်ဆောင်လာသော သေခြင်းရှင်ခြင်း ခွန်အားများမှာလည်း အချိန်တိုအတွင်း သူမ၏ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူမအနေဖြင့် အခြားသော သိုင်းပညာအခြေခံများကို အသုံးပြု၍ သေချာပေါက် အနိုင်ယူနိုင်သည်။
ဤအတွေးဖြင့် ကျဲယုပင်း ရှေ့သို့လှမ်းလိုက်သည်။
သူမ၏ ဂျူနီယာမောင်လေးနှစ်ဦးလည်း အလျင်အမြန် လိုက်ပါလာခဲ့ကြသည်။
မုန့်ချန်ချင်းကမူ ပတ်ဝန်းကျင်ရှိ ဆူညံနေသော စကားလုံးများကို နားထောင်ရင်း မျက်ခုံး အနည်းငယ် ပင့်လိုက်မိသည်။
မျှော်လင့်ထားသည့်အတိုင်း မဟာအကြီးအကဲ ခန့်မှန်းခဲ့သလိုပင် သူတို့၏ တက်ရောက်လာမှုက လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
အထူးသဖြင့် ကလဲ့စားချေလိုသော အကြည့်များဖြင့် အနားသို့ ချဉ်းကပ်လာနေသော မိန်းကလေးကို ကြည့်ရသည်မှာ အတိတ်က သူ၏ စီနီယာအကို၊ အမများက တကယ့်ကို နက်ရှိုင်းသော ရန်ငြိုးများကို ချန်ထားခဲ့ပုံရသည်။
“စိတ်ဝင်စားစရာပဲ...”
မုန့်ချန်ချင်း သဘာဝအတိုင်း မည်သည့် ဖိအားမှ မခံစားရဘဲ ထိုမိန်းကလေး၏ ဇယားကိုကြည့်ရန် စူးစမ်းရေးမျက်လုံးကိုပင် ဖွင့်လိုက်သည်။
အခြေခံအချက်အလက်-
[အမည် - ကြယ်ယွီပင်း]
[မျိုးနွယ် - လူသား]
[ကျင့်ကြံရေး - သေခြင်းရှင်ခြင်းနယ်ပယ် အဆင့် ၁]
ပင်ကိုယ်ပါရမီအချက်အလက်-
[အမြစ်ရိုး - အဆင့် ၁]
[နားလည်နိုင်စွမ်း - အဆင့်မြင့်]
[ပါရမီစွမ်းရည် - ရေခဲအရေပြားနှင့် အေးစက်အရိုး]
[ကျင့်ကြံရေးနည်းစနစ်နှင့် သိုင်းပညာ - ရေခဲနှင်းနတ်ဘုရားအကျဥ်းထောင်အတတ် (ပြီးပြည့်စုံခြင်းအဆင့်)၊ နက်နဲသောရေခဲဝိညာဥ်တုန်လှုပ်ခြင်းဓားသိုင်း (ပြီးပြည့်စုံခြင်းအဆင့်)]
“ရေခဲအရေပြားနှင့် အေးစက်အရိုး?... ဒါက မွေးရာပါရေခဲခန္ဓာထက် နည်းနည်းပဲ နိမ့်တဲ့ ပါရမီစွမ်းရည်မျိုးပဲ...”
မုန့်ချန်ချင်း မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားသည်။
ဤပါရမီစွမ်းရည်ဖြင့်ဆိုလျှင် မည်သည့် ရေခဲသိုင်းပညာကိုမဆို ကျင့်ကြံရာတွင် နတ်ဘုရားများ ကူညီနေသည့်အလား လွယ်ကူမည်ဖြစ်သည်။
သူမှတ်မိသလောက် စီနီယာအကို ခူဖုန်းချွမ်းတွင် မွေးရာပါရေခဲခန္ဓာ ရှိသော်လည်း ၎င်းက (ချို့ယွင်းချက်ရှိ) ဟု ပါရှိနေခဲ့သည်။
ထို့ပြင် ကျဲယုပင်း၌ သွယ်လျသော ခန္ဓာကိုယ် ရှိသော်လည်း အမှန်တကယ်တော့ ဓားသမားတစ်ဦး ဖြစ်နေခဲ့သည်။
အမှန်အတိုင်း ပြောရလျှင် သူသည် ယခုအချိန်အထိ ဓားသမားများစွာနှင့် မရင်ဆိုင်ဖူးသေးချေ။
ဂိုဏ်း၏ သိုင်းပညာတောင်ထိပ်တွင် ဓားသမားများ ရှိသော်လည်း သူတို့မှာ ဂိုဏ်းသုံးဂိုဏ်း ပူးတွဲပြိုင်ပွဲ၏ နောက်ဆုံးအဆင့်အထိ တက်လှမ်းနိုင်ခြင်း မရှိခဲ့ကြသဖြင့် ၎င်းတို့ဓားချက်များ၏ ထက်ရှမှုကို မခံစားခဲ့ဖူးပေ။
“စီနီယာအကိုမုန့်... ကျွန်တော်တို့ ဘယ်လိုတိုက်ရမလဲ...”
ရှီဂွမ်းနှင့် ရှီယောင်တို့ ပြင်းထန်သော တိုက်ပွဲဝင်လိုစိတ်များဖြင့် ပြုံးဖြဲဖြဲလုပ်လိုက်ကြသည်။
ထို့နောက် သူတို့ခန္ဓာကိုယ်ထဲရှိ ရှေးဟောင်းသွေးမျိုးဆက်များမှာ စတင်ဆူပွက်လာပုံရပြီး ကျောက်တုံးများကဲ့သို့ချပ်ဝတ်များ အရေပြားမျက်နှာပြင်ပေါ်တွင် တဖြည်းဖြည်းပေါ်ထွက်လာကာ သူတို့၏ အရှိန်အဝါကို ပို၍ပင် ကြီးမားသွားစေသည်။
“သဘာဝအတိုင်း... ချေမှုန်းပစ်ရမှာပေါ့...”
မုန့်ချန်ချင်း အသာအယာ ပြုံးလိုက်သည်။
ဘုန်း...
သူ စကားပြောပြီးသည်နှင့် နောက်ဘက်မှ မြေပြင် ပေါက်ကွဲသွားခဲ့ပြီး ညီအစ်ကိုနှစ်ဦးမှာ မည်သည့်စကားမျှ မဆိုဘဲ ရှေးဟောင်းတောင်တန်းကြီးများ ရှေ့သို့အရှိန်အဟုန်ဖြင့် ပြေးထွက်သွားခဲ့ကြတော့သည်။
“နင်တို့...”
ကျဲယုပင်း တိုက်ပွဲမစတင်မီ စကားအချို့ ပြောကြားရန် ရည်ရွယ်ချက်ဖြင့် သူမ၏လူများနှင့်အတူ ချဉ်းကပ်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် မျှော်လင့်မထားစွာဖြင့် အခြားတစ်ဖက်က မည်သည့် သည်းခံမှုမျှ မရှိဘဲ တိုက်ရိုက် တိုက်ခိုက်လာခဲ့ခြင်း ဖြစ်သည်။
ဟမ့်...
ကျဲယုပင်း မျက်လုံးများ အေးစက်သွားခဲ့သည်။
ဒီလိုဆိုမှတော့ အရည်အချင်းနဲ့ပဲ စကားပြောကြတာပေါ့....
သူမခန္ဓာကိုယ်ပုံရိပ်မှာ ဝေဝါးသွားပြီး အဆုံးမဲ့အေးစက်သော လေထုအဖြစ် ပြောင်းလဲသွားကာ ရှီညီအစ်ကိုများကို ချက်ချင်းပင် ကျော်ဖြတ်၍ မုန့်ချန်ချင်းထံသို့ တိုက်ရိုက် ဦးတည်သွားခဲ့တော့သည်။
စကားပုံအတိုင်းပင် ဘုရင်က ဘုရင်ကို ရင်ဆိုင်ပြီး စစ်သူကြီးက စစ်သူကြီးကို ရင်ဆိုင်ရမည် ဖြစ်သည်။
သူမသည် ရှီညီအစ်ကိုများကို ကိုင်တွယ်ဖြေရှင်းရန် သဘာဝအတိုင်း အချိန်ဖြုန်းနေမည် မဟုတ်ပေ။
သို့သော် ၎င်းက သူမ၏ ဂျူနီယာညီလေးနှစ်ဦးကိုမူ အကြပ်ရိုက်သွားစေခဲ့သည်။
သူတို့က ထိပ်သီးပါရမီရှင်များ ဖြစ်ကြသော်လည်း ဤကဲ့သို့သော လူထူးလူဆန်းမျိုးများနှင့် မည်သို့ တိုက်ခိုက်ဖူးပါမည်နည်း။
ဤမျှလောက် ကြီးမားလှသော ခန္ဓာကိုယ်ကြီးများမှာ ရှေးဟောင်း သားရဲကြီးများအလား ကြည့်ရုံမျှဖြင့်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
“ငါ့ရဲ့ ပုဆိန်ကို ခံယူစမ်း...”
“ငါ့ရဲ့ စစ်တူကို ခံယူစမ်း...”
အခြားတစ်ဖက်တွင်မူ မုန့်ချန်ချင်း လက်နောက်ပစ်ထားရင်း နေရာတွင် ငြိမ်သက်စွာ ရပ်နေဆဲ ဖြစ်သည်။
သူ၏ရှေ့တွင် ရေခဲလှိုင်းများ လှိမ့်ဝင်လာနေပြီး မြေပြင်တစ်လျှောက်ပြန့်နှံ့သော ရေခဲသလင်းကျောက်များဖြင့် ဖုံးလွှမ်းနေပြီဖြစ်သည်။
ထို့နောက် အတိုင်းအဆမဲ့အေးစက်သော လေထုအတွင်းမှ ထက်ရှသော ဓားချက်အလင်းတန်းတစ်ခု ဖြတ်သန်းခုတ်ပိုင်းဝင်ရောက်လာခဲ့သည်။
“ဒီဓားချက်က ငါ့ဆရာ့အရှက်ကွဲခဲ့ရတာတွေကို ဆေးကြောပေးလိမ့်မယ်...”
ကျဲယုပင်း ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး သူမ၏ ဦးခေါင်းထက်တွင် ဓားရည်ရွယ်ချက်သန္ဓေသားပုံစံမှာ ကောင်းကင်ယံအထိ ပျံသန်းသွားခဲ့သည်။
ထိုအခါ အစွမ်းထက်လှသော အရှိန်အဝါက စစ်တလင်းတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။
“ဒါ ဓားရည်ရွယ်ချက်ပဲ...”
လူအုပ် သိသိသာသာ တုန်လှုပ်သွားခဲ့သည်။
သိုင်းပညာရည်ရွယ်ချက်အစစ်အမှန်မှာ ထျန်းရွမ်စီရင်စုတွင် ထူးဆန်းသောအရာ မဟုတ်သော်လည်း သူမကဲ့သို့ အသက်အရွယ်မျိုးနှင့် ၎င်းကို ပိုင်ဆိုင်ထားခြင်းက တကယ့်ကို ရှားပါးလှပေသည်။
ကမ္ဘာလှုပ်စေမည့် ပါရမီရှင်များသာ ဤကဲ့သို့သော အောင်မြင်မှုကို ရရှိနိုင်သည်။
ထို့ပြင် သိုင်းပညာရည်ရွယ်ချက်အစစ်အမှန်၏ စွမ်းအားမှာ လူတိုင်းကို စိတ်ဝင်စားစေသောအရာ ဖြစ်သည်။
“ဒီလူက ဒါကို ဘယ်လိုမျိုး ကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်ရအောင်...”
လူအုပ် စိတ်ဝင်စားလာခဲ့ကြသည်။
သူတို့နှစ်ဦး၏ ကျင့်ကြံရေးအဆင့်က သိပ်မကွာခြားလှသဖြင့် နောက်ဆုံးတွင် သိုင်းပညာအခြေခံကသာ အဆုံးအဖြတ် ပေးမည်ဖြစ်သည်။
ဤလူက မည်သို့သော နည်းစနစ်မျိုးကို ကျင့်ကြံထားသလဲဆိုသည်ကိုမူ မည်သူမျှ မသိရှိကြသေးချေ။