← Chapters

အခန်း ၁၈၈

Vol. 19 Ch. 188

အခန်း ၁၈၈

Vol. 19 Ch. 188

အခန်း (၁၈၈)

“၃၀ ရာခိုင်နှုန်း လက်သီးရည်ရွယ်ချက်...”

အစွန်းဘက်၌ရပ်ပြီး အောက်ခြေရှိ မြင်ကွင်းကိုကြည့်နေသော ယွီဟုန်းရွယ် မျက်လုံးများထဲတွင်လည်း လေးနက်မှုများ ထွက်ပေါ်လာခဲ့သည်။

တောင်ပိုင်းဒေသမျိုးဆက်သစ်များထဲတွင် သူမ၏ ရည်ရွယ်ချက်အဆင့်က အမြင့်မားဆုံးဟု ထင်မှတ်ထားခဲ့သည်။

သို့သော် သူမကို လိုက်မှီသည့်အခြားတစ်ဦးရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

ကျောင်းဆောင်သခင် လက်များကို နောက်ပစ်ထားရင်း မျက်နှာထက်တွင် အံ့အားသင့်မှုများ ထင်ဟပ်နေခဲ့သည်။

ဤမျှလောက် ငယ်ရွယ်သောအသက်အရွယ်နှင့် ဤကဲ့သို့မြင့်မားသော ရည်ရွယ်ချက်မျိုးရှိနေခြင်းမှာ လွန်ခဲ့သည့် နှစ်နှစ်ရာက ရှီယင်ချင်းထက်ပင် ပိုမို အထင်ကြီးစရာ ကောင်းနေသည်။

“ယုံကြည်ချက် ရှိသေးလား...”

ကျောင်းဆောင်သခင် တစ်ဖက်လှည့်ကာ ယွီဟုန်းရွယ်ကို မေးလိုက်သည်။

"အဖေ... စိတ်ချပါ၊ သမီး သေချာပေါက် နိုင်မှာပါ။ ဒီလူရဲ့ ရည်ရွယ်ချက်အဆင့်က သမီးနဲ့ တန်းတူဆိုရင်တောင် ပါရမီရှင်တိုက်ပွဲမှာ သမီးသူ့ကို လူတိုင်းရှေ့မှာ အပြတ်အသတ် အနိုင်ယူပြမယ်..."

"သူ တောင်ပိုင်းဒေသတစ်ခုလုံးကိုအနိုင်ယူချင်တယ်ဆိုရင်... ဒါက ဖြစ်လာမှာမဟုတ်ဘူး..."

ယွီဟုန်းရွယ်၏ မျက်နှာမှာ အေးစက်နေခဲ့သည်။

ဂိုဏ်းအတွင်းရှိအကြီးအကဲများ၏ရှင်းပြချက်များကို ကြားပြီးနောက် သူမအဖေသည် အဘယ်ကြောင့် ဤမျှ နာမည်မရှိသော ဂိုဏ်းငယ်လေးအပေါ် အာရုံစိုက်နေရသလဲဆိုတာကို သူမ သဘာဝကျကျ နားလည်သွားခဲ့ပြီဖြစ်သည်။

အတိတ်တုန်းက ဤကဲ့သို့သော အဖြစ်အပျက်မျိုး ရှိခဲ့ဖူး၍ပင်။

ဤသို့ဆိုလျှင် ဤလူကို တားဆီးပြီး အတိတ်က အရှက်ရခဲ့မှုများအတွက် ကလဲ့စားချေရန် ပို၍ပင် လိုအပ်ပေသည်။

မဟုတ်လျှင် ဤလူကို အတိတ်က လမ်းစဥ်အတိုင်း ထပ်မံလျှောက်လှမ်းခွင့် ပြုလိုက်မည်ဆိုပါက မဟာဂိုဏ်းကြီးများအားလုံး ထပ်မံ၍ အရှက်ကွဲရပေလိမ့်မည်။

အနာဂတ်၌ သူတို့သည် တောင်ပိုင်းဒေသတစ်ခုလုံး၏ လှောင်ပြောင်စရာ ဖြစ်လာကြပေလိမ့်မည်။

မဟာဂိုဏ်းကြီးများနှင့် ရှေးဟောင်းကလန်များက ပထမတန်းစားဂိုဏ်းတစ်ခု၏ နင်းခြေခြင်းခံရသည်ဆိုသော အဖြစ်မျိုးကို လုံးဝ ခွင့်မပြုနိုင်ချေ။

“ကောင်းတယ်... ငါ မင်းကို ယုံကြည်တယ်...”

ကျောင်းဆောင်သခင် ခေါင်းညိတ်လိုက်သည်။

သို့သော် သူ၏ မျက်လုံးများထဲမှလေးနက်မှုများကမူ ပျောက်ကွယ်မသွားခဲ့ချေ။

သူက ထိုလူ့ထံမှ ထိုက်ရွမ်ဂိုဏ်း၏ သိုင်းပညာများနှင့် အထွတ်အထိပ် နည်းစနစ်များကို ကိုယ်တိုင် ကြုံတွေ့ဖူးခဲ့သူ ဖြစ်သည်။

သူတို့က မဟာဂိုဏ်းကြီးတစ်ခု၏ အဆင့်အတန်းမျိုး မဟုတ်ချေ။

ထို့ကြောင့် ဤလူ၏ ပေါ်ထွက်လာမှုက ယွီဟုန်းရွယ်အတွက် ‘ကပ်ဘေး’ တစ်ခု ဖြစ်လာရန် ကံကြမ္မာ သတ်မှတ်ထားပြီး ဖြစ်သည်။

သူမ နိုင်ခဲ့မည်ဆိုလျှင် ထိုနေရာတင် ပြိုင်ဘက်ကင်းစိတ်ဆန္ဒကို ရရှိမည်ဖြစ်သည်။

သို့သော် ရှုံးနိမ့်ခဲ့မည်ဆိုလျှင် ၎င်းက အချည်းနှီးသာ ဖြစ်သွားပေလိမ့်မည်။

သူမ အသည်းအသန် တည်ဆောက်ထားသော ပြိုင်ဘက်ကင်းအရှိန်အဝါမှာလည်း ပြိုလဲသွားမည်ဖြစ်သည်။

“ရှီယင်ချင်း... မင်းက တကယ့်ကို အချိန်ကိုက် ရွေးချယ်တတ်တာပဲ...”

ကျောင်းဆောင်သခင် သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်မိသည်။

ထိုစဉ်က မဟာဂိုဏ်းကြီးများ၏ ဆက်ခံသူ မျိုးဆက်တစ်ခုလုံး ရှုံးနိမ့်ခဲ့ရပြီး ယခုအခါ နောက်ထပ် မျိုးဆက်သစ်တစ်ခု ဆက်ခံရမည့် အချိန်သို့ ရောက်ရှိလာချိန်တွင်မှ သူက လူတစ်ယောက်ကို ထပ်မံ စေလွှတ်လိုက်ပြန်သည်။

၎င်းက တမင်တကာ လုပ်ဆောင်ခြင်းလော။

တမင်တကာ အသန်မာဆုံး မျိုးဆက်ကို ပစ်မှတ်ထားနေခြင်းလား...

“လက်သီးရွယ်ချက်...”

ထိုက်ရွမ်ဂိုဏ်း၏ရှေးဟောင်းတောင်တန်းထက်တွင် မဟာအကြီးအကဲ၊ ဟွာစီယန်၊ ခူဖုန်းချွမ်းနှင့် အခြားသူများအားလုံး တုန်လှုပ်သော မျက်နှာအမူအရာများ ပြသနေခဲ့ကြသည်။

သူတို့၏ နားလည်မှုအရ မုန့်ချန်ချင်းက ဓားသိုင်းပညာရပ်ကိုသာ အဓိက ကျင့်ကြံနေခဲ့ခြင်း မဟုတ်ပါလား။

ဘယ်လိုလုပ်ပြီး လက်သီးရွယ်ချက်ကိုပါ ကျင့်ကြံထားရသနည်း။

ပညာရပ်နှစ်ခုလုံးကို ပူးတွဲကျင့်ကြံနေခြင်းလော...

ထိုအရာက ယုတ္တိမတန်လွန်းမနေဘူးလား...

သိုင်းပညာရည်ရွယ်ချက်အစစ်အမှန် တစ်ခုတည်းကိုပင် နားလည်ရန် အလွန်တရာ ခက်ခဲလှသည်။

သို့သော် မုန့်ချန်ချင်းတွင်မူ နှစ်ခုစလုံး ရှိနေခဲ့သည်။

ပို၍ အရေးကြီးသည်မှာ ထိုရည်ရွယ်ချက် နှစ်ခုစလုံး၏ အဆင့်အတန်းက တူညီနေခြင်း ဖြစ်သည်။

“ငါတို့ရဲ့ ဂျူနီယာမောင်လေးက သိုင်းနတ်ဘုရားတစ်ပါး ဝင်စားတာများလား...”

ဟွာစီယန် တံတွေးတစ်လုပ်ကို ခက်ခက်ခဲခဲ မျိုချရင်း သူမ၏ လှပသော မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့သည်။

“မထူးဆန်းတော့ဘူး...”

ခူဖုန်းချွမ်းက ရုတ်တရက် သူ့နဖူးကို ရိုက်လိုက်ရင်း အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။

"ဘာ မထူးဆန်းတာလဲ..."

မဟာအကြီးအကဲ သတိပြန်ဝင်လာပြီး မေးလိုက်သည်။

"ဂျူနီယာညီလေး ဒီကို စရောက်လာတုန်းက ကျွန်တော့်ဆီလာပြီး လက်သီးသိုင်းပညာတွေအကြောင်း မေးခဲ့ဖူးတယ်..."

"သူ မထွက်သွားခင်မှာ ကျွန်တော့်ဆီကနေ ‘ကောင်းကင်ခွဲလက်သီးကျမ်း’ ကိုတောင် တောင်းသွားခဲ့သေးတာ..."

"အဲဒီတုန်းကတော့ ဓားကျင့်ကြံသူတစ်ယောက်က ဘာဖြစ်လို့ လက်သီးကျမ်းကို လိုချင်ရတာလဲဆိုပြီး ကျွန်တော်တောင် ဇဝေဇဝါ ဖြစ်ခဲ့သေးတယ်..."

"အခုမှပဲ သေသေချာချာ နားလည်တော့တယ်... ဂျူနီယာညီလေးက လက်သီးသိုင်းပညာပိုင်းမှာလည်း ဒီလောက်အထိ ကြောက်ဖို့ကောင်းတဲ့ အောင်မြင်မှုမျိုး ရှိနေခဲ့တာကိုး..."

ခူဖုန်းချွမ်း ပြန်လည်ဖြေကြားလိုက်သည်။

“ဒီကောင်လေး ချန်ချင်းကတော့... အမြဲတမ်း အရာရာကို လျှို့ဝှက်ထားတတ်တာပဲ...”

မဟာအကြီးအကဲ ‘မကျေမနပ်’ ဖြင့် ပြောလိုက်သည်။

သို့သော် သူ၏ မျက်ဝန်းများထဲတွင်မူ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ရည်ရွယ်ချက်နှစ်မျိုး...

လူတိုင်း ဤကဲ့သို့သော အောင်မြင်မှုကို ရရှိနိုင်ခြင်း မဟုတ်ချေ။

ကမ္ဘာလှုပ်စေမယ့် ပါရမီရှင်များပင် မစွမ်းဆောင်နိုင်ကြပေ။

အနာဂတ်တွင် မစွမ်းဆောင်နိုင်ဟု မဆိုလိုသော်လည်း လက်ရှိ သူတို့၏ အသက်အရွယ်နှင့်ဆိုလျှင်မူ ၎င်းက လုံးဝ မဖြစ်နိုင်သောအရာ ဖြစ်ပေသည်။

ဘုန်း... ဘုန်း...

ရုပ်သေးရုပ်နှစ်ရုပ်အလား ခန္ဓာကိုယ်ပုံရိပ်နှစ်ခု လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျကာ သတိလစ်သွားခဲ့ကြသည်။

သူတို့မှာ ရေခဲနှင့်နှင်းနတ်ဘုရားနန်းတော်၏ အခြားသော တပည့်နှစ်ဦး ဖြစ်ကြသည်။

ထိပ်သီး ရှေးဟောင်း ခန္ဓာကိုယ်သန့်စင်သွေးမျိုးဆက်ဖြစ်သော ကျောက်တုံးလူသားသွေးမျိုးဆက်မှာ သဘာဝအတိုင်း တိုက်ပွဲကို အလွန်ဆာလောင်ကြသည်။

တိုက်ခိုက်လိုက်သည်နှင့် သူတို့အတွင်းပိုင်းရှိ ဖုံးကွယ်ထားသော ခက်ထန်ကြမ်းတမးမှုများက တဖြည်းဖြည်းခြင်း ထွက်ပေါ်လာခဲ့သည်။

သူတို့သာ မသတ်ဖြတ်ရန် ထိန်းချုပ်မထားခဲ့ပါက ထိုနှစ်ဦးမှာ ရှီညီအစ်ကိုများ၏ လက်ချက်ဖြင့် သေဆုံးသွားလောက်ပြီ ဖြစ်သည်။

ဝေါင်း...

ညီအစ်ကိုနှစ်ဦး ကောင်းကင်သို့ မော့ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြရာ မိုးခြိမ်းသံကြီးတစ်ခုအလားပင်။

ထို့နောက် သူတို့၏ လက်နက်များကို သယ်ဆောင်ကာ မုန့်ချန်ချင်းနောက်သို့ လျှောက်လှမ်းလာခဲ့ပြီး အလွန် ‘လိမ္မာရိုသေသော’ ပုံစံမျိုးဖြင့် တည်ငြိမ်စွာ ပြန်လည် ရပ်တန့်လိုက်ကြသည်။

“အနိုင်ရရှိသူကတော့ ထျန်းလင်းစီရင်စုရဲ့ ထိုက်ရွမ်ဂိုဏ်း ဖြစ်ပါတယ်...”

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဒိုင်လူကြီး နောက်ဆုံးတွင် ကြေညာချက် ထုတ်ပြန်လိုက်တော့သည်။

၎င်းကို ကြားသည့်အခါ မုန့်ချန်ချင်း နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး လှည့်ကာအထက်သို့ တိုက်ရိုက် ပျံသန်းသွားခဲ့တော့သည်။

နောက်၌ မရေမတွက်နိုင်သည့်အကြည့်များနှင့် စိတ်လှုပ်တရှား ဆွေးနွေးနေကြသံများသာ ကျန်ရစ်ခဲ့တော့သည်။

အဆုံးမှာတော့ ဤအရာက ရေခဲနှင်းနတ်ဘုရားနန်းတော် ဖြစ်သည်။

မဟာဂိုဏ်းကြီးတစ်ခု၏ အဆင့်အတန်းရှိသော အင်အားစုမှာ ပထမတန်းစားဂိုဏ်းတစ်ခုမှ တပည့်တစ်ဦး၏ လက်အောက်တွင် လုံးဝဥဿုံ ရှုံးနိမ့်သွားခဲ့ရခြင်း ဖြစ်ပေသည်။

ခွမ်း...

ဝိုင်ခွက်တစ်ခုလုံး အစိပ်စိပ်အမွှာမွှာ ကွဲထွက်သွားခဲ့သည်။

၎င်းက ယွမ်ချန်ဖြစ်ပြီး မျက်နှာတစ်ခုလုံး နီမြန်းနေခဲ့ပြီ ဖြစ်သည်။

သို့သော် ထိုအရာထက် ပိုသည်မှာ သူသည် လုံးဝ မယုံကြည်နိုင်နေခြင်းဖြစ်သည်။

ဒီကောင်နဲ့ပတ်သက်ပြီး ဘာမှားနေတာလဲ...

သူ့အတွက် ကျင့်ကြံခြင်းက လေပြည်ညှင်းလေးတစ်ခုအလား လွယ်လွန်းနေတာလား...

သေခြင်းရှင်ခြင်းနယ်ပယ် အဆင့် ၃ ကို ရောက်ရှိနေပြီ ဖြစ်သည်။

အချိန် ဘယ်လောက် ကြာသေးလို့နည်း။ခြောက်လသာ ရှိသေးသည်။

တာအိုဖန်တီးခြင်း၊ နတ်ဘုရားရရှိခြင်း၊ သေခြင်းရှင်ခြင်း...

ဤတိုးတက်မှုနှုန်းက တကယ့်ကို အဓိပ္ပာယ်မရှိလွန်းလှပေ။

အရေးကြီးဆုံး အချက်မှာ သူ၏ သိုင်းပညာရည်ရွယ်ချက် ဖြစ်သည်။

ဓားရည်ရွယ်ချက်အပြင် လက်သီးရည်ရွယ်ချက်ကိုပါ ပိုင်ဆိုင်ထားခဲ့သည်။

ထို့ပြင် လက်သီးရည်ရွယ်ချက်က ၃၀ ရာခိုင်နှုန်းအပြည့် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ဓားရည်ရွယ်ချက်မှာလည်း ဤအဆင့်နှင့် သိပ်မကွာခြားလှကြောင်း သိသာသည်။

ရည်ရွယ်ချက်နှစ်မျိုး...

သူသည် ဗဟိုစီရင်စုတွင်သာ ဤကဲ့သို့သော အရာမျိုးကို မြင်တွေ့ဖူးခြင်း ဖြစ်သည်။

သို့သော် အသက်နှစ်ဆယ်ကျော်ရုံမျှ ရှိသေးသော လူငယ်တစ်ဦးက ဤမျှလောက်သော အောင်မြင်မှုကို ရရှိထားခြင်းကမူ သူ တစ်ခါမှ မကြားဖူးခဲ့ချေ။

“ငါ့ခန့်မှန်းချက် မှားသွားတာပဲ...”

“ဒီကောင်လေးရဲ့ အလားအလာက ကမ္ဘာတုန်လှုပ်စေမယ့် ပါရမီရှင်တွေထက်တောင် အများကြီး သာလွန်နေတာပဲ...”

ယွမ်ချန်း လက်သီးများကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး အကြည့်များက လုံးဝအေးစက်သွားခဲ့သည်။

All Chapters