အခန်း ၁၈၉
Vol. 19 Ch. 189
အခန်း (၁၈၉)
မဟာဂိုဏ်းကြီးတစ်ခု၏ အခြေခံအုတ်မြစ်
'ဒီအတိုင်းသာဆက်သွားရင် ဒီလူဘယ်လောက်အားကောင်းလာမလဲ ဘယ်သူသိမှာလဲ...'
'အဓိကပြဿနာက သူ့ကြီးထွားနှုန်းက အရမ်းမြန်နေတာပဲ...'
'ယခု သူပြသထားတဲ့ခွန်အားအရဆိုလျှင် ငါတောင် သူ့ပြိုင်ဘက်မဟုတ်လောက်ဘူး...'
"ဒါကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုခု ရှာမှဖြစ်မယ်..."
ယွမ်ချန်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဝတ်ရုံစကို ခါယမ်းကာ လှည့်ထွက်သွားတော့သည်။
“ကောင်လေး... မင်း ဘယ်တုန်းကစပြီး လက်သီးရည်ရွယ်ချက်ကို ကျင့်ကြံလိုက်တာလဲ...”
မုန့်ချန်ချင်း မြေပြင်သို့ ဆင်းသက်လာသည်နှင့် မဟာအကြီးအကဲ ကျေနပ်အားရသော မျက်နှာအမူအရာဖြင့် ချဉ်းကပ်လာခဲ့သည်။
“ကြာပါပြီ... သုံးဖို့ အခွင့်အရေး မရခဲ့ရုံပါ...”
မုန့်ချန်ချင်း တစ်ခဏတွေးတောလိုက်၏။
ထိုအရာက တကယ့ကို ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
မှတ်မိသလောက်ဆို သူ နတ်ဘုရားရရှိခြင်းနယ်ပယ် ရောက်ရှိချိန်ဝန်းကျင်လောက်က ဖြစ်၏။
“ရည်ရွယ်ချက်နှစ်မျိုး, ဒါက အတော်လေး ရှားတယ်... ငါမှတ်မိသလောက်တော့ အတိတ်တုန်းက ဂိုဏ်းချုပ်တောင်မှ ဒီလို စွမ်းရည်မျိုး မရှိခဲ့ဘူး။ ပြီးတော့ မင်းက အရမ်း ငယ်သေးတယ်...”
ဟွာစီယန်၏အသံထဲတွင် ချီးကျူးထောက်ခံမှုများ ပြည့်နှက်နေခဲ့သည်။
သူသည် အသက်နှစ်ဆယ်ကျော်ရုံသာ ရှိသေးသည်။
ဂိုဏ်းချုပ် ဤပွဲကို တက်ရောက်ခဲ့စဉ်က အသက် ၂၇ နှစ်ဝန်းကျင် ရှိနေခဲ့ပြီဖြစ်သည်။
သို့သော် ဂိုဏ်းချုပ်က ကျင့်ကြံရေးကို အလွန် နောက်ကျမှစတင်ခဲ့သောကြောင့် သူ့ကို နောက်ကျမှပွင့်သောပန်းတစ်ပွင့်အဖြစ် သတ်မှတ်ကြသည်။
“မင်းရဲ့ ‘ကောင်းကင်ခွဲလက်သီးကျမ်း’ က ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေတာ ငါ သတိထားမိတယ်။ နားလည်နိုင်စွမ်းက တကယ့်ကို ကြောက်စရာကောင်းတာပဲ...”
ခူဖုန်းချွမ်း အံ့အားသင့်စွာဖြင့် မှတ်ချက်ချလိုက်သည်။
တစ်လပင်မပြည့်သေးသည့်အချိန်အတွင်း အတုမဲ့ဧကရာဇ်ဓားကျမ်း ကဲ့သို့ ကောင်းကင်ခွဲလက်သီးကျမ်းကို နားလည်နိုင်စွမ်းအပေါ်၌သာမှီခိုပြီး မည်သည့်အရင်းအမြစ်မှမလိုအပ်ခဲ့ပေ။
မုန့်ချန်ချင်း၏နားလည်နိုင်စွမ်းနှင့် ဤမျှ တိုတောင်းသော အချိန်အတွင်း ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားခြင်းက မျှော်လင့်ထားပြီးသားဖြစ်ပသည်။
“ဒါက စီနီယာအစ်ကိုခူနဲ့ တိုက်ပွဲလေ့ကျင့်ခဲ့လို့ပါ၊ မဟုတ်ရင် ဒီလောက်အထိ မြန်မြန်ဆန်ဆန် တိုးတက်လာမှာ မဟုတ်ပါဘူး...”
မုန့်ချန်ချင်း ပြုံးလျက် ပြန်လည်ဖြေကြားလိုက်သည်။
“ငါ့ကို အရမ်းကြီး ကျေးဇူးမတင်ပါနဲ့...”
ခူဖုန်းချွမ်း ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
“ငါပြောခဲ့တာတွေက အဲလောက်ကြီး အထောက်အကူမဖြစ်ပါဘူး။ ဒါက မင်းကိုယ်တိုင်ရဲ့ ကြိုးစားမှုကြောင့်ပါ...”
“ကဲ, စကားပြောနေတာတွေ တော်လောက်ပြီ...”
မဟာအကြီးအကဲ ကြားဖြတ်ပြောဆိုလိုက်၏။
“ဒီတိုက်ပွဲပြီးရင် တောင်ပိုင်းဒေသတစ်ခုလုံးက ငါတို့ ထိုက်ရွမ်ဂိုဏ်း ရောက်နေပြီဆိုတာ သိသွားကြလိမ့်မယ်။ မင်း နောက်ထပ် ရင်ဆိုင်ရမယ့် ပြိုင်ဘက်တွေက ပိုပြီးတော့တောင် သန်မာလာလိမ့်မယ်။ သူတို့က အတိတ်က အဖြစ်အပျက်တွေ ထပ်ဖြစ်လာမှာကို ဒီအတိုင်း ကြည့်နေကြမှာ မဟုတ်ဘူး။ မင်းကို တားဆီးဖို့ ဖြစ်နိုင်သမျှ နည်းလမ်းအကုန် သုံးကြလိမ့်မယ်။ အတိတ်က အရှက်ရခဲ့မှုတွေကို ချေဖျက်ဖို့ အနိုင်ယူဖို့အထိတောင် ကြိုးစားကြလိမ့်မယ်...”
ထိုကို ကြားသည့်အခါ မုန့်ချန်ချင်း အသာအယာ ပြုံးလိုက်သည်။
“ဒါက ကျွန်တော်အလိုချင်ဆုံးပဲ။ မဟုတ်ရင် ဒီပြိုင်ပွဲက အရမ်းပျင်းစရာကောင်းနေမှာ...”
သူက လှည့်ကာ အောက်ခြေသို့ငုံ့ကြည့်လိုက်သည်။
လက်သီးရည်ရွယ်ချက် ၃၀ ရာခိုင်နှုန်းနှင့်တင် တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို လွှမ်းမိုးထားနိုင်သကဲ့သို့ ခံစားနေရပြီဖြစ်သည်။
အဆုံးမှာ သူ၏ ဓားရည်ရွယ်ချက်ကို အသုံးမပြုရဖို့ မျှော်လင့်မိ၏။
လိုအပ်မယ်လည်းမထင်ပေ။
အဆုံးမှာတော့ မာနဓားဂိုဏ်းမှ လီကျင်းနှင့် ကိုးရောင်ခြယ်မှန်ကျောင်းဆောင်မှ ယွီဟုန်းရွယ်တို့ကဲ့သို့သော လူများ ရှိနေသေးသည် မဟုတ်ပါလား။
သူတို့နှင့် မဆုံတွေ့ရသေးသော်လည်း ၎င်းတို့၏ ကျော်စောမှုအရ သာမန်ပါရမီရှင်တစ်ဦးသာဖြစ်သော ကျဲယုပင်းထက် သိသိသာသာ ပိုသန်မာကြမည်မှာ ထင်ရှား၏။
မကြာမီ ရှီညီအစ်ကိုနှစ်ဦးလည်း မဟာအကြီးအကဲထံမှ ချီးကျူးစကားများကို ရရှိခဲ့ကြသည်။
မုန့်ချန်ချင်း၏ လက်သီးတစ်ချက်တည်းဖြင့် အနိုင်ရမှုကဲ့သို့ တိုက်ရိုက်မကျသော်လည်း သူတို့သည်လည်း လွမ်းမိုးနိုင်သည့်စွမ်းအားကို ပြသခဲ့ပြီး တိုက်ပွဲများကို လွယ်ကူစွာ အနိုင်ရရှိခဲ့ကြသည်။
ဟဲ... ဟဲ... ဟဲ...
ရှီညီအစ်ကိုနှစ်ဦး ချက်ချင်းပင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူတို့၏ ရင်ဘတ်များကို ကော့လိုက်ကြသည်။
အဆုံးမှာတော့ သူတို့နှလုံးသားက ကလေးငယ်များသာ ရှိသေးသည်မဟုတ်ပါလား။
ချီးကျူးစကား အနည်းငယ်ကပင် သိသိသာသာ ပျော်ရွှင်သွားစေခဲ့သည်။
“နောက်တစ်ခါကျရင် ငါလည်း ပါချင်တယ်...”
မိုရှောင်ယု စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။
“သေချာတာပေါ့... လူတိုင်း အခွင့်အရေးရလာမှာပါ...”
မဟာအကြီးအကဲ ခေါင်းညိတ်လိုက်သည်။
မုန့်ချန်ချင်းကဲ့သို့ တည်ငြိမ်သော ကျောထောက်နောက်ခံရှိနေသဖြင့် သူသည် အခြားသူများကို တစ်ယောက်ပြီးတစ်ယောက် ပါဝင်ခွင့် ပြုနိုင်ပေသည်။
ဤအရာက သူတို့အား အတွေ့အကြုံကြီးကြီးမားမားရစေပြီး အနာဂတ်ကျင့်ကြံရေးအတွက် အကျိုးကျေးဇူးများစေမည်ဖြစ်သည်။
ဟန်လျိုယုနှင့် အခြားသူများလည်း ပြုံးလိုက်ကြသည်။
ဤအထိရောက်လာပြီးနောက် ဘေးထွက်ထိုင်ခုံတွင်သာ အချိန်ပြည့် ထိုင်နေရမည်ဆိုပါက စိတ်ပျက်စရာ ကောင်းမည်ဖြစ်၏။
တိုက်ပွဲများက ဆက်လက် ဖြစ်ပွားနေခဲ့သည်။
စတုတ္ထမြောက်အုပ်စု...
ပဉ္စမမြောက်အုပ်စု...
ဆဋ္ဌမမြောက်အုပ်စု...
ထိုက်ရွမ်ဂိုဏ်း၏ ပေါ်ထွက်လာမှုကြောင့်ဖြစ်နိုင်၏။ ပတ်ဝန်းကျင်လေထုမှာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
နောက်ပိုင်း၌ တိုက်ပွဲကွင်းပြင်ထဲသို့ ဝင်ရောက်လာကြသည့် မဟာဂိုဏ်းကြီးများမှာ သူတို့၏ အစွမ်းကုန် ခွန်အားများဖြင့် တိုက်ခိုက်ခဲ့ကြသည်။
ထိုအရာက တစ်စုံတစ်ခုကို သက်သေပြရန် သို့မဟုတ် အရှိန်အဝါကို ပြန်လည်ရယူရန် ကြိုးစားနေသည့်အလားပင်။
“သေခြင်းရှင်ခြင်းနယ်ပယ် ပညာရှင် သုံးယောက်တောင်လား...”
ထျန်းရွမ် ကျောင်းတော်ငါးခု၏ ပထမဆုံးမဟာဂိုဏ်းကြီးဖြစ်သော တိမ်ပင်လယ်အကယ်ဒမီ ပေါ်ထွက်လာသည့်အခါ လူအုပ်ကြီးတစ်ခုလုံး တုန်လှုပ်သွားခဲ့ကြသည်။
သေခြင်းရှင်ခြင်းနယ်ပယ်အဆင့် ကျွမ်းကျင်သူ သုံးယောက်...
၎င်းတို့၏စွမ်းအားက ကြီးမားလွန်းလှပြီး အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။
သူတို့သည် ပြိုင်ဘက် ပထမတန်းစားဂိုဏ်းမှ တပည့်များကို တိုက်ရိုက်ပင် အရှုံးပေးသွားစေခဲ့သည်။
ထျန်းရွမ် ကျောင်းတော်ငါးခုက ထိပ်သီးအဆင့်ရှိသော မဟာဂိုဏ်းကြီးများ ဖြစ်ကြသည်။
ထိုကျောင်းတော်တစ်ခုစီတွင် အဆင့်မြင့်ပါရမီရှင် အနည်းဆုံး နှစ်ဦးစီရှိကြသည်။
အခြားသော ဒေသများရှိ မဟာဂိုဏ်းကြီးများတွင် ပုံမှန်အားဖြင့် တစ်ဦးတည်းသာ ရှိတတ်ကြသော်လည်း ၎င်းတို့ကမူ ကွာခြားသည်။
ထို့နောက် ကျန်ရှိသော ကျောင်းတော်လေးခုလည်း တစ်ခုပြီးတစ်ခု စင်မြင့်ထက်သို့ ဝင်ရောက်လာခဲ့ကြသည်။
လေဘုရင်ခန်းမနှင့် ခရမ်းရောင်နေမင်းနန်းတော်တို့ကမူ ထိုမျှလောက်မသုံးပဲ သေခြင်းရှင်ခြင်းနယ်ပယ် ၂ ဦးဆီသာ ထုတ်သုံးခဲ့ကြသည်။
တိမ်ပင်လယ်အကယ်ဒမီ၊ မာနဓားဂိုဏ်းနှင့် ကိုးရောင်ခြယ်မှန်ကျောင်းဆောင်တို့သာ ၃ ဦးဆီ ပါဝင်ခဲ့ကြသည်။
ကံမကောင်းစွာဖြင့် ဤမဟာဂိုဏ်းကြီးများနှင့် အခြားဒေသများမှမဟာဂိုဏ်းကြီးများ၊ ရှေးဟောင်းကလန်များသည် တစ်ဦးနှင့်တစ်ဦး ဆုံတွေ့ခြင်းမရှိခဲ့ကြပေ။
အားလုံးက နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့ကြသည်။
ရေခဲနှင်းနတ်ဘုရားနန်းတော်မှာ ပထမအဆင့်တွင်တင် ဖယ်ရှားခြင်းခံရသည့် တစ်ခုတည်းသော မဟာဂိုဏ်း ဖြစ်သွားခဲ့သည်ဟု ဆိုနိုင်သည်။
၎င်းက သမိုင်းတစ်လျှောက် မဟာဂိုဏ်းအဆင့်အတန်းရှိသော အင်အားစုတစ်ခု ဤမျှလောက်မြန်မြန်ဆန်ဆန် ဖယ်ရှားခံရသည့် ပထမဆုံးအကြိမ်ဖြစ်နိုင်၏။
ကောလာဟလများအရ, ကျဲယုပင်းကို ပြန်လည်သယ်ဆောင်သွားချိန်တွင် ရေခဲနှင်းနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မှာ မျက်နှာတစ်ခုလုံး နီမြန်းနေခဲ့ပြီး သူမ၏ဒေါသကို မနည်း ထိန်းချုပ်ထားရသည်ဟုဆိုကြသည်။
ထိုအရာနှင့်ပတ်သက်ပြီး အရမ်းကြီးတွေးနေရန် မလိုချေ။
ဤတိုက်ပွဲပြီးနောက် ရေခဲနှင်းနတ်ဘုရားနန်းတော်သည် အနာဂတ်တွင် သေချာပေါက် အတင်းအဖျင်း ပြောစရာ သို့မဟုတ် လှောင်ပြောင်စရာ ခေါင်းစဉ်တစ်ခု ဖြစ်လာတော့မည်ဖြစ်သည်။
ညနေစောင်းသို့ ရောက်ရှိလာသည့်အခါ ပထမအသုတ်တိုက်ပွဲများ ပြီးဆုံးသွားခဲ့သည်။
အင်အားစု ခြောက်ဆယ်ကျော် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
တောင်ပိုင်းဒေသ၏ ထိပ်တန်းအဆင့် နယ်မြေများမှာ ကျယ်ပြောပြီး သယံဇာတကြွယ်ဝသဖြင့် ဂိုဏ်းများနှင့်ကလန်များအပါအဝင် ပထမတန်းစား အင်အားစုများစွာရှိနေခဲ့သည်။
အချို့သော ဒုတိယတန်းစားဂိုဏ်းများပင် နတ်ဘုရားရရှိခြင်းနယ်ပယ် တပည့်သုံးဦး ထုတ်ပေးနိုင်ခဲ့သည်။
ဒုတိယအဆင့်အတွက်မူ မနက်ဖြန်တွင် ကျင်းပရန် သတ်မှတ်ထားသည်။
“ပြန်ပြီး နားကြစို့...”
မဟာအကြီးအကဲ ပြောလိုက်သည်။
“အင်း...”
မုန့်ချန်ချင်း ခေါင်းညိတ်လိုက်သည်။
တိုက်ပွဲများစွာကို ကြည့်ရှုပြီးနောက် သူက သိုင်းပညာရပ်ဆိုင်ရာ ဗဟုသုတ များစွာ တိုးတက်လာခဲ့သည်။
ကျင့်ကြံရေးလောကတွင် ထူးခြားဆန်းပြားသော သိုင်းပညာနည်းစနစ်များစွာ ရှိနေသည်ကို သဘောပေါက်သွားသည်။
၎င်းတို့က အရမ်းအစွမ်းထက်ကြီးမဟုတ်သော်လည်း ထူးခြားသောလုပ်ဆောင်ချက်များ ရှိကြသည်။
အချို့သော သိုင်းပညာရှင်များတွင်မူ ဆန်းကြယ်သော ပါရမီစွမ်းရည်များပင် ရှိနေကြသေးသည်။
၎င်းတို့က သူ့ချည်းဆိုလျှင် အသုံးမဝင်လှသော်လည်း မှန်ကန်သော နည်းစနစ်များနှင့် ပေါင်းစပ်လိုက်သည့်အခါ ထူးခြားသည့် အကျိုးသက်ရောက်မှုများထွက်ပေါ်ခဲ့သည်။
ကံမကောင်းစွာဖြင့် မဟာဂိုဏ်းကြီးများ၏လှုပ်ရှားမှုများကို မမြင်တွေ့ခဲ့ရပေ။
အကြောင်းမှာ မဟာဂိုဏ်းတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ ပထမတန်းစားဂိုဏ်းများမှ ချက်ချင်း အရှုံးပေးသွားခဲ့ကြသောကြောင့်ပင်။
မဟုတ်လျှင် သူတို့၏ နည်းစနစ်များနှင့် သိုင်းပညာများကို စောင့်ကြည့်လေ့လာနိုင်မည်ဖြစ်သည်။
“မနက်ဖြန်ကျရင် ငါတို့ပိုပြီးအားနည်းတဲ့ ပြိုင်ဘက်တွေနဲ့ ဆုံတွေ့ဖို့ မျှော်လင့်ရတာပဲ...”
မဟာအကြီးအကဲ အမြဲတမ်း သတိကြီးစွာ ထားတတ်ပေသည်။
မုန့်ချန်ချင်းက အလွန်သန်မာနေပြီဖြစ်သော်လည်း သူကမူ အမြဲတမ်းလိုလို ဂရုတစိုက်ရှိနေဆဲဖြစ်သည်။
“အကြီးအကဲယွမ်... မင်း တကယ်ပဲ တိုက်ပွဲအချိန်ဇယားကို ထပ်ပြောင်းမှာလား...”
ရှေးဟောင်းတောင်တန်း ကျောင်းဆောင်အတွင်း၌ လက်အောက်ခံငယ်မှာ လုံးဝ ဆွံ့အမှင်တက်နေခဲ့ရသည်။
ဤကဲ့သို့သောအရာကို တစ်ကြိမ်လုပ်ဆောင်ခြင်းက တစ်ကြောင်း၊ သို့သော် ထပ်ခါတလဲလဲ ပြုလုပ်နေခြင်းကမူ... လွန်လွန်းရာ မကျပေဘူးလား?
“မင်းမှာ ဘာဖြစ်လို့ ဒီလောက်အရေမရအဖတ်မရမေးခွန်းတွေ အများကြီး ရှိနေရတာလဲ... ငါပြောတဲ့အတိုင်းသာ လုပ်စမ်း...”
ယွမ်ချန်း အေးစက်စွာ ပြောလိုက်သည်။
“ငါ မင်းကို ပြောပြီးပြီပဲ, တစ်ခုခုဖြစ်လာရင် ငါပဲ အပြစ်ခံမယ်... မဟာဂိုဏ်းတစ်ခုခုနဲ့ ပြောင်းလိုက်, မဟုတ်ဘူး... ထျန်းရွမ် ကျောင်းတော်ငါးခုထဲက တစ်ခုခုနဲ့ ပြောင်းလိုက်...”
“နားလည်ပါပြီ...”
လက်အောက်ခံငယ် ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားသော်လည်း ခေါင်းညိတ်လိုက်သည်။
ဤကိစ္စမျိုးက သေချာပေါက် လျှို့ဝှက်ထားလို့ရမည်မဟုတ်ပေ။
အကြီးအကဲယွမ်နောက်ခံက လုံလောက်အောင်သန်မာပါစေလို့ပဲ မျှော်လင့်ရတော့မယ်...
မဟုတ်လျှင် ငါပါ ဒီကိစ္စထဲ ပတ်သက်မိသွားမှာ...
ဝမ်ရှန်းအဆောက်အဦးကို သန့်စင်နယ်မြေတစ်ခုတည်းက ပိုင်ဆိုင်ထားခြင်း မဟုတ်ဘဲ မဟာသန့်စင်နယ်မြေလေးခု အတူတကွ ပူးပေါင်းဖန်တီးထားခြင်းဖြစ်သည်။