အခန်း ၁၉၀
Vol. 19 Ch. 190
အခန်း (၁၉၀)
တိမ်ပင်လယ်မေးခွန်းလွှာခြင်းကျမ်း- ချီတစ်မျှင်မှ တစ်သောင်းအသွင်ပြောင်းခြင်း
နောက်တစ်နေ့...
အာရုံတက်ချိန်၌ ပထမဆုံးနေရောင်ခြည် ထွက်ပေါ်လာပြီး ကောင်းကင်ယံကို အရောင်သွေးစုံခြယ်သပေးနေခဲ့သည်။
ရှေးဟောင်းခေါင်းလောင်းသံမှာလည်း နောက်တစ်ကြိမ် ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့ပြန်သည်။
မရေမတွက်နိုင်သည့်ပုံရိပ်တွေ ကောင်းကင်ထက်သို့ ပျံသန်းပြီး သက်ဆိုင်ရာ ပြောင်းပြန်တောင်တန်းများဆီသို့ ပျံသန်းသွားကြသည်။
ပထမအဆင့် ရွေးချယ်ပွဲပြီးနောက် အလွန်အမင်း အားနည်းသူအများစုမှာ ဖယ်ရှားခြင်းခံလိုက်ရပြီ ဖြစ်သည်။
ကျန်ရှိနေသောသူများမှာ အနည်းဆုံး အတိုင်းအတာတစ်ခုအထိ အစွမ်းအစရှိကြသည်။
ဤအဆင့်မှစတင်၍ မဟာဂိုဏ်းကြီးများ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံရန် အခွင့်အလမ်းက သိသိသာသာ မြင့်တက်လာခဲ့ပြီဖြစ်ရာ ၎င်းက လူတိုင်း စိတ်လှုပ်ရှားစွာ မျှော်လင့်နေကြသည့် အရာလည်းဖြစ်သည်။
ကောင်းကင်ဆန့်ကျင်ပါရမီရှင်များအကြား တိုက်ပွဲများ...
စစ်မှန်သောအရည်အချင်းရှိသူတို့၏ ထိပ်တိုက်တွေ့ဆုံမှု...
၎င်းက မည်သူ့ကိုမဆို ရင်သပ်ရှုမောသွားစေရန် လုံလောက်ပေသည်။
သို့သော် အားလုံးအမျှော်လင့်ဆုံးအရာမှာ ထိုက်ရွမ်ဂိုဏ်း ဖြစ်နေဆဲဖြစ်သည်။
အကြီးမားဆုံး မြင်းနက်...
သေခြင်းရှင်ခြင်းနယ်ပယ်နှင့် လက်သီးရည်ရွယ်ချက် ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသော တပည့်တစ်ဦး ရှိနေခြင်း...
သူက နာမည်ကျော် ကောင်းကင်ဆန့်ကျင်ပါရမီရှင်အများစုကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
တစ်ညတာကြာမြင့်ပြီးနောက် ယခုအခါတွင် လူတိုင်း သမိုင်းကြောင်းကို နားလည်သွားကြပြီဖြစ်သည်။
လက်စသတ်တော့ တောင်ပိုင်းလူငယ်မျိုးဆက်တစ်ခုလုံးကို အနိုင်ယူခဲ့သည့် ဤကဲ့သို့အစွမ်းထက်ဂိုဏ်းမျိုးရှိခဲ့ဖူးတာပဲဖြစ်သည်။
ယခု နှစ်ပေါင်းနှစ်ရာနီးပါး တိတ်ဆိတ်နေခဲ့ပြီး နောက်ဆုံး၌ သူတို့တွေ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။
၎င်းတို့က ပြိုင်ဘက်ကင်းလမ်းစဥ်ကို ပြန်လည်လျှောက်လှမ်းနေသကဲ့သို့ပင်။
တစ်ခုသိထားရမှာက ဤတစ်ချိန်အခြေအနေက ထိုနှစ်ကနှင့် တူညီလုနီးပါးဖြစ်နေတာဖြစ်သည်။
ပါဝင်ယှဉ်ပြိုင်သူများအားလုံးမှာ သက်ဆိုင်ရာအင်အားစုများ၏ ဆက်ခံသူများဖြစ်ကြသည်။
ထိုက်ရွမ်ဂိုဏ်းတပည့်မုန့်ချန်ချင်းသာ ၎င်းတို့ကို ထပ်မံ၍အပြတ်အသတ်လွှမ်းမိုးနိုင်ဦးမည်ဆိုပါက တောင်ပိုင်းဒေသတစ်ခုလုံးကို လှုပ်ခတ်သွားစေမည်ဖြစ်ပြီး သမိုင်းတွင် အမှတ်အသားကျန်ခဲ့မည်ဖြစ်သည်။
သူ့ကို ကမ္ဘာက အမှတ်ရနေလိမ့်မည် ဖြစ်သည်။
“ဂျူနီယာညီလေးက အခုတော့ အာရုံစိုက်ခံရဆုံးလူ ဖြစ်နေပြီ...”
ရှေးဟောင်းတောင်တန်းပေါ်တွင် ခူဖုန်းချွမ်းပြုံးလျက်ပြောလိုက်သည်။
“ခဏလေးအတွင်းမှာတင် ဝိညာဉ်အသိ ဘယ်နှခုလောက် ငါတို့ကို ဖြတ်သန်းစစ်ဆေးသွားလဲ မသိဘူး...”
“ဒီပါရမီရှင်တိုက်ပွဲက မူလက ဖရိုဖရဲပင်လယ် နေရာတွေအတွက် ပြိုင်ဆိုင်ဖို့ သက်သက်ပဲ... ဒါပေမဲ့ အခုတော့ မဟာဂိုဏ်းကြီးတွေမှာ နောက်ထပ် တာဝန်တစ်ခု တိုးလာခဲ့ပြီ... အဲဒါက ငါတို့ ထိုက်ရွမ်ဂိုဏ်းကို တားဆီးဖို့နဲ့ သူတို့ရဲ့ အတိတ်က အရှက်ရမှုကို ကာကွယ်ဖို့ပဲ...”
ဟွာစီယန် ပြုံးလျက်ပြောလိုက်သည်။
မုန့်ချန်ချင်းကမူ လက်နောက်ပစ်ထားပြီး မူလနေရာတွင် မတ်တပ်ရပ်နေဆဲ ဖြစ်သည်။
ညင်သာသည့်လေပြေလေညင်းကြောင့် သူ၏ဝတ်ရုံမှာ တဖြတ်ဖြတ်လွင့်ပျံနေခဲ့သည်။
ဤအခိုက်အတန့်၌ သူ့အော်ရာကိုရုပ်သိမ်းထားသဖြင့် ချမ်းသာသော မိသားစုမှ သာမန်သခင်လေးတစ်ဦးကဲ့သို့ ထင်မှတ်ရသည်။
မည်သည့် ခြိမ်းခြောက်မှု အရိပ်အယောင်မျှ မရှိချေ။
သို့သော် သူ့ထံသို့ကျရောက်လာသော အကြည့်မှုတိုင်း၌ ကြီးမားသည့်လေးနက်မှုတွေပါဝင်နေပြီး အန္တရာယ်အရှိဆုံးဖြစ်တည်မှုနှင့် ရင်ဆိုင်နေရသလိုပင်။
ဒေါင်...
ခေါင်းလောင်းသံ နောက်တစ်ကြိမ် မြည်ဟည်းသွားခဲ့သည်။
မည်သည့်အပိုစကားမှမဆိုပဲ ပထမဆုံး ပွဲစဉ်မှာ စတင်ခဲ့တော့သည်။
ပြိုင်ပွဲဝင်များက မဟာဂိုဏ်းကြီးနှစ်ခုမှ ဖြစ်ကြသည်။
ဤအရာက ချက်ချင်းပဲ ရှိနေသည့်လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။
ဝါး...
ဒီနေ့ရဲ့ ပထမဆုံးပွဲကကို ဒီလောက်ထိ စိတ်လှုပ်ရှားဖို့ ကောင်းနေပြီလား...
“ပထမဆုံးပွဲစဉ်... ထျန်းရွမ်စီရင်စု, တိမ်ပင်လယ်အကယ်ဒမီ... ပြိုင်ဘက်... ထျန်းဟန်စီရင်စု,နတ်ဘုရားမီးလျှံယန်ဂိုဏ်း...”
မကြာမီ မဟာဂိုဏ်းကြီးနှစ်ခုမှ တပည့်များ စင်မြင့်ထက်သို့ တက်ရောက်လာခဲ့ကြသည်။
နှစ်ခုလုံးက မဟာဂိုဏ်းကြီးများ ဖြစ်ကြသော်လည်း စွမ်းအား၌မူ သိသာသော ကွာဟချက်ရှိနေခဲ့သည်။
နတ်ဘုရားမီးလျှံယန်ဂိုဏ်းသည် ထျန်းဟန်စီရင်စုရှိ နောက်ထပ် မဟာဂိုဏ်းတစ်ခုဖြစ်ပြီး ရေခဲနှင့်နှင်းနတ်ဘုရားနန်းတော်နှင့် အဆင့်အတန်း တူညီသည်။
ဂိုဏ်း၏ မျိုးဆက်သစ်လူငယ်များထဲတွင် ကောင်းကင်ဆန့်ကျင်ပါရမီရှင်တစ်ဦးတည်းသာ ရှိသည်။
အခြားတစ်ဖက်တွင်မူ တိမ်ပင်လယ်အကယ်ဒမီ၌ သုံးဦးအထိ ရှိနေခဲ့သည်။
သို့သော် မည်သို့ပင်ဖြစ်သေ ဤပွဲမှာ ပါရမီရှင်တိုက်ပွဲ ဖြစ်သည်။
မဟာဂိုဏ်းတစ်ခုက မည်သည့်အခါမျှ အလွယ်တကူ အရှုံးပေးလိမ့်မည် မဟုတ်ချေ။
ထို့ပြင် ဤအချက် ပြိုင်ပွဲပုံစံ၏ ဘက်လိုက်မှုကို မြင်တွေ့နိုင်တာပဲဖြစ်သည်။
၎င်းက အခြေခံအားဖြင့် ထိပ်သီးအဆင့်ရှိသော မဟာဂိုဏ်းကြီးများအတွက် အထူးထုတ်လုပ်ထားခြင်းဖြစ်၏။
သုံးယောက်ချင်း ရင်ဆိုင်ရမည့် အခြေအနေတွင် သာမန်မဟာဂိုဏ်းတစ်ခုက ထိပ်သီးမဟာဂိုဏ်းတစ်ခုကို မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။
သူတို့ထံ၌ မုန့်ချန်ချင်းကဲ့သို့ ထူးခြားထက်မြက်သူ မရှိလျှင်ပေါ့...
အတိတ်တုန်းက တစ်ယောက်ချင်း တိုက်ခိုက်ရမည့်ပုံစံမျိုးဆိုလျှင် အခွင့်အရေးက ပိုမိုမြင့်မားနိုင်၏။
ဘုန်း...
ဒိုင်လူကြီး၏ အမိန့်ပေးသံနှင့်အတူ နှစ်ဖက်စလုံး ချက်ချင်းပင် စတင်တိုက်ခိုက်ကြတော့သည်။
နတ်ဘုရားမီးလျှံယန်ဂိုဏ်းတွင် သေခြင်းရှင်ခြင်းနယ်ပယ် ပါရမီရှင်တစ်ဦးသာ ရှိသော်လည်း ရှားပါးသော မြေကမ္ဘာမီးလျှံကို ထိန်းချုပ်နိုင်ခြင်းကြောင့် သူ၏ စွမ်းအားက အလွန်တရာ ထိုးနှက်ချက် ပြင်းထန်လှသည်။
ထို့ပြင် နတ်ဘုရားရရှိခြင်းနယ်ပယ် အဆင့် ၉ ရှိသော အခြားတပည့်နှစ်ဦးမှာလည်း ပိုအားနည်းသည့်မီးလျှံတစ်ခု၏ ကောင်းချီးပေးမှုကို ရရှိထားကြပုံရသည်။
၎င်းတို့သုံးဦးက အစီအရင်တစ်ခု ဖွဲ့စည်းလိုက်ပြီး တိမ်ပင်လယ်အကယ်ဒမီ၏ တိုက်ခိုက်မှုကို အချိန်တိုအတွင်း တားဆီးထားနိုင်ခဲ့ကြသည်။
ပြင်းထန်သော သိုင်းပညာရပ်များ၊ ဆန်းကြယ်သော လှုပ်ရှားမှုများနှင့် အမျိုးမျိုးသော စစ်မှန်ရည်ရွယ်ချက်များ... တကယ့်ကို ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။
၎င်းက ပရိသတ်များကို စိတ်လှုပ်တရှား အော်ဟစ်အားပေးစေခဲ့သည်။
“ဒါက လောကတုန်လှုပ်စေတဲ့ပါရမီရှင်တစ်ယောက်ရဲ့ စွမ်းအားလား...”
ပတ်ဝန်းကျင်ရှိ ပြောင်းပြန်တောင်တန်းများမှ အံ့ဩတုန်လှုပ်သံများ ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။
အတိတ်တုန်းက သူတို့သည် ဤအရာကို မြင်တွေ့ရန် အခွင့်အရေးမရှိခဲ့ကြဘဲ သူတို့၏ဗဟုသုတအားလုံးမှာ ကောလာဟလများမှသာ လာခဲ့ခြင်းဖြစ်သည်။
ယခုအခါ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသဖြင့် ခံစားချက်မှာ ပိုမိုနက်ရှိုင်းသွားခဲ့သည်။
“မဆိုးဘူး...”
မုန့်ချန်ချင်းပင် ခေါင်းညိတ်လိုက်မိသည်။
ဤလောကတုန်လှုပ်ဖွယ်ပါရမီရှင်များသည် သိုင်းပညာအခြေခံ၊ တိုက်ပွဲအသိအမြင်၊ အတွေ့အကြုံ စသည့် ကဏ္ဍတိုင်းတွင် အမှန်တကယ်ပင် ထူးခြားထက်မြက်ကြပြီး အားလုံးကို ပြီးပြည့်စုံအောင် လေ့ကျင့်ထားကြသည်ကို ဝန်ခံရမည်ဖြစ်သည်။
နတ်ဘုရားမီးလျှံယန်ဂိုဏ်း၏ပါရမီရှင်သည် မြေကမ္ဘာမီးလျှံ၏စွမ်းအားအပေါ် မှီခိုနေရသော်လည်း ဤမျှလောက် ကြာမြင့်စွာ တောင့်ခံထားနိုင်ခြင်းက အလွန် သန်မာကြောင်း ပြသနေသည်။
ဤနေရာတွင် အချို့လူများမှာ သူ့ကို မနေ့က ကျဲယုပင်းနှင့် မနှိုင်းယှဉ်ဘဲ မနေနိုင်ကြချေ။
သို့သော် လက်တွေ့တွင် ကျဲယုပင်းက အားနည်းခဲ့ခြင်း မဟုတ်ပေ။
အကယ်၍ သူမ ယနေ့တိမ်ပင်လယ်အကယ်ဒမီနှင့် ရင်ဆိုင်ရမည်ဆိုပါက သူမသည်လည်း အချိန်အတော်ကြာ တောင့်ခံထားနိုင်ဦးမည် ဖြစ်သည်။
သူမက မုန့်ချန်ချင်းနှင့် ဆုံတွေ့ခဲ့ရုံမျှသာ ဖြစ်သည်။
စစ်မှန်ရည်ရွယ်ချက်၏ အကြွင်းမဲ့ဖိနှိပ်မှုက မည်သည့်လှုပ်ရှားမှုမျိုးကိုမျှ ခွင့်မပြုခဲ့ချေ။
လက်သီးတစ်ချက်ဖြင့် သူမကို ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သည်။
လက်သီးနှစ်ချက်ဆိုလျှင် သေတောင်သွားနိုင်သည်ဖြစ်ရာ မည်သို့ပြန်လည်တိုက်ခိုက်နိုင်မည်နည်း။
“ကောင်းကင်မီးလျှံနဂါးကွန့်မြူးခြင်း... နတ်ဘုရားနေမင်းလက်ညှိုး...”
အကယ်ဒမီ၏ပါရမီရှင်တစ်ဦးကို နောက်သို့တွန်းပို့လိုက်ပြီးနောက် နတ်ဘုရားမီးလျှံယန်ဂိုဏ်းတပည့် အခွင့်အရေးကို အရယူကာ မြေကမ္ဘာမီးလျှံဖြင့် အသက်သွင်းထားသော ပြင်းထန်သည့်တိုက်ကွက်တစ်ခုကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
သို့သော် အကယ်ဒမီ၏ပါရမီရှင်မှာ ရည်ရွယ်ချက်ရှိရှိ ဟာကွက်တစ်ခု ချန်ထားခဲ့သည့်အလား ပြုံးရုံသာ ပြုံးလိုက်သည်။
ထို့နောက် မြဲမြံစွာရပ်လိုက်ပြီး လက်များကို စုတ်ချက်များကဲ့သို့ ရွေ့လျား၍ လေထုထဲတွင် ရေးဆွဲလိုက်သည်။
“တိမ်ပင်လယ်မေးခွန်းလွှာကျမ်း... ချီတစ်မျှင်မှ တစ်သောင်းအသွင်ပြောင်းလဲခြင်း...”
သူပြောပြီးသည်နှင့်တစ်ပြိုင်နက် သိမ့်မွေ့သောစွမ်းအားတစ်ခုမှာ ဟင်လင်းပြင်တစ်လျှောက်ပျံ့နှံ့သွားပြီး မီးလျှံလက်ချောင်းကြီးကို အလွာလိုက်ရစ်ပတ်လှည့်ကာ နောက်ဆုံး လာရာကို ပြန်ပစ်လွတ်လိုက်သည်။
“မင်း...”
နတ်ဘုရားမီးလျှံယန်ဂိုဏ်းပါရမီရှင် ပြိုင်ဘက်က သိုင်းပညာရပ်ကို ဤမျှလောက်အဆင့်အထိ တတ်မြောက်ထားမည်ဟု မျှော်လင့်မထားခဲ့ချေ။
အချိန်မီ မကာကွယ်နိုင်တော့ပေ။
ဘုန်း...
သူ့အောက်ခြေရှိ အစီအရင် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီး ကိုယ်ပိုင်စွမ်းအားဖြင့် နောက်သို့ လွင့်ပျံသွားခဲ့သည်။
သူ၏ဂျူနီယာညီနှစ်ဦးမှာလည်း အလားတူ ပြင်းထန်စွာဒဏ်ရာရသွားပြီး သတိလစ်လဲကျသွားတော့သည်။
ဖူး...
နတ်ဘုရားမီးလျှံယန်ဂိုဏ်းပါရမီရှင် သွေးတစ်လုပ် အန်လိုက်ရသည်။
သူက ကုန်းရုန်းထလိုက်သော်လည်း ဆက်လက်တိုက်ခိုက်ရန် ခွန်အားမရှိတော့ပေ။
ဤအရာက သူ၏အပြင်းထန်ဆုံး တိုက်ကွက်ဖြစ်သော်လည်း သူ့ထံသို့ပြန်လည်သက်ရောက်ခဲ့ခြင်းဖြစ်ရာ ဒဏ်ရာမည်မျှအထိ ပြင်းထန်မည်ကို တွေးတောကြည့်နိုင်ပေသည်။
“အနိုင်ရရှိသူ... တိမ်ပင်လယ်အကယ်ဒမီ...”
ဒိုင်လူကြီး မည်သည့် ခံစားချက်မျှမရှိဘဲ ကြေညာလိုက်သည်။
ဝေါ...
လူအုပ်ထဲမှ စိတ်လှုပ်တရှား အော်ဟစ်အားပေးသံများ ထွက်ပေါ်လာခဲ့သည်။
ဤတိုက်ပွဲက အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှပေသည်။
အစပိုင်း အကျပ်အတည်းမှ နောက်ဆုံး အဆုံးအဖြတ် တိုက်ကွက်အထိ လူတိုင်း၏ မျှော်လင့်ချက်ကို အပြည့်အဝကျေနပ်စေခဲ့သည်။
“တကယ့်ကို ထက်မြက်တဲ့ တိုက်ကွက်ပဲ...”
မုန့်ချန်ချင်း မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
ထိုနောက်ဆုံးတိုက်ကွက်သည် သိမ်မွေ့မှုဖြင့် ပြင်းထန်မှုကို အနိုင်ယူသွားခြင်းဖြစ်သည်။
ထိုမျှတင်မကသေး...
ပြိုင်ဘက်၏တိုက်ခိုက်မှုကို သူတို့ထံသို့ ပြန်လည် ပေးပို့နိုင်စွမ်းလည်းရှိနေခဲ့သည်။
တကယ့်ကို ထူးခြာ၏။
"ဒါက တိမ်ပင်လယ်အကယ်ဒမီရဲ့ ထိပ်တန်းသိုင်းပညာရပ် ‘တိမ်ပင်လယ်မေးခွန်းလွှာကျမ်း’ ပဲ... ပထမဆုံး ကျောင်းအုပ်ကြီးက အရှေ့ဘက်ပင်လယ်ကို စောင့်ကြည့်လေ့လာပြီး ဖန်တီးခဲ့တာလို့ ပြောကြတယ်..."
"ဒါက နူးညံ့မှုနဲ့ ပြင်းထန်မှုကို အောင်နိုင်တဲ့နေရာမှာ အထူးပြုပြီး တိုက်ကွက်တွေကို ပျက်ပြယ်စေနိုင်တယ်..."
"ပြိုင်ဘက်ရဲ့တိုက်ခိုက်မှုတွေကိုလည်း စုပ်ယူပြီး ပြန်လည်ပေးပို့နိုင်တယ်... ပြီးတော့ နှစ်ဆအထိတောင် တိုးမြှင့်နိုင်သေးတယ်..."
"အဲဒီအကယ်ဒမီပါရမီရှင်က ဒါကို အမြင့်ဆုံးအဆင့်အထိ မတတ်မြောက်သေးဘူး... မဟုတ်ရင် အဲဒီနောက်ဆုံးတိုက်ကွက်က နတ်ဘုရားမီးလျှံယန်ဂိုဏ်းရဲ့ ပါရမီရှင် ထုတ်ဖော်ခဲ့တာထက် အဆပေါင်းများစွာ ပိုပြီး သန်မာလိမ့်မယ်..."
ဟွာစီယန် ဘေးမှနေ၍ ရှင်းပြလိုက်သည်။
ထိုအရာကိုကြားသည့်အခါ မုန့်ချန်ချင်း အသာအယာ ခေါင်းညိတ်လိုက်သည်။
မဟာအကြီးအကဲ ပေးထားသော ကျောက်စိမ်းပေလွှာများစွာတွင် ဤအကြောင်းအရာနှင့်ပတ်သက်သော သတင်းအချက်အလက်များ ရှိနေသော်လည်း ယေဘုယျသာဖြစ်၍ ဟွာစီယန် ရှင်းပြသကဲ့သို့ အနှစ်သာရကို မဖမ်းဆုပ်နိုင်ခဲ့ချေ။
“ဒါပေမဲ့ ဒီသိုင်းပညာရပ်က မင်းအတွက်တော့ အသုံးမဝင်ပါဘူး...”
ဟွာစီယန် ပြုံးလျက် ပြောလိုက်သည်။
“ကွာဟချက်က အရမ်းကြီးမားနေတဲ့အခါ အဲဒါက ဘာကိုမှ မပျက်ပြယ်စေနိုင်တော့ဘူး... မင်းက လက်သီးတစ်ချက် ပစ်လွှတ်လိုက်မယ်ဆိုရင် အဲဒီသိုင်းပညာရပ်က အလုပ်တောင် လုပ်မှာမဟုတ်ဘူး... ပြီးတော့ သူ့ကိုပြန်ပြီးတော့တောင် ဒဏ်ရာရစေလိမ့်မယ်...”
(ဒီအုပ်ထဲမှာ စကားပြောတွေနောက် " ။ " တွေသုံးပြီးရေးထားပါတယ်။ ဘယ်ဟာကြည့်ကောင်းလဲသိချင်လို့ပါ။)