အခန်း ၃
Vol. 1 Ch. 3
ပြိုင်ဖက်ကင်းဓားသမား
အခန်း (၃) - ရတနာဆင် (ခေါ်) ပေါင်ရှန့်
“သွေးဓားဂိုဏ်းက ပေါင်ရှန့်တဲ့လား... ဒီနာမည်ကို တစ်နေရာရာမှာ ကြားဖူးသလိုလို ရှိတာပဲ...”
ကိုယ်တော်ပေါင်ရှန့်က မိတ်ဆက်လိုက်သည်ကို ကြားသောအခါ ရန်ရှင်းကျိုးမှာ အံ့ဩသလို စူးစမ်းလိုစိတ်လည်း ဖြစ်ပေါ်လာသည်။ သာမန်အားဖြင့် ကာမရူးသော သူခိုးများသည် မကောင်းမှုပြုရာတွင် မိမိတို့၏ အမည်အရင်း ပေါက်ကြားသွားမည်ကို အလွန်ကြောက်ရွံ့တတ်ကြသည်။ သို့မှသာ အခြားသိုင်းသမားများ၏ ဖမ်းဆီးခြင်းမှ လွတ်မြောက်နိုင်မည်။ သို့သော် ဒီကိုယ်တော်မှာမူ သူ၏ ဘွဲ့အမည်သာမက သူ၏ ဂိုဏ်းအမည်ကိုပါ ပြောင်ပြောင်တင်းတင်းပင် ထုတ်ဖော်ပြောဆိုနေခြင်းက သူ၏ ရဲတင်းမှုကို ပြသနေသည်။
ထိုကိုယ်တော် ပြောသည်မှာ အမှန် ဟုတ်မဟုတ် သူ မသိသော်လည်း တွန့်ဆုတ်ခြင်းမရှိဘဲ ပြောထွက်လာပုံကို ကြည့်ခြင်းဖြင့် အမှန်ဖြစ်နိုင်ကြောင်း သူ ခန့်မှန်းလိုက်သည်။ ရန်ရှင်းကျိုးက ခေါင်းငြိမ့်ကာ
“ကိုယ်တော်.... ခင်ဗျားကတော့ တကယ့်ကို သတ္တိခဲပဲဗျာ။ အမျိုးသမီးတစ်ယောက်ကို အတင်းအဓမ္မ ခိုးယူထားတာတောင် ကိုယ့်နာမည်ကိုယ် ပြောရဲသေးတယ်..တကယ့်လူပဲ”
ကိုယ်တော်ပေါင်ရှန့်ကမူ အရေးမစိုက်သကဲ့သို့
“မိန်းမတချို့နဲ့ ကစားတာ ဘာများ ဖုံးကွယ်နေစရာ လိုလို့လဲ။ ဒီနေ့ ငါက လူတစ်ယောက်ပဲ သတ်ရသေးတာမို့ ကရုဏာတော်ထားပြီး သက်ညှာနေတာလို့တောင် ပြောလို့ရတယ်။ ကောင်လေး... မင်းကိစ္စ မဟုတ်တာကို ဝင်မပါနဲ့။ မင်းနာမည် ဘယ်သူလဲ...”
ရန်ရှင်းကျိုးက “ကျွန်တော့်နာမည်က ရန်ရှင်းကျိုး... ဟင်”
သူက စကားပြောရင်း ပေါင်ရှန့်၏ အနောက်ကို ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ တစ်စုံတစ်ခုကို အံ့ဩတကြီး မြင်လိုက်ရသည့်အလား ဗြုန်းစားကြီး ပြောင်းလဲသွားသည်။ သူသည် မယုံနိုင်စရာတစ်ခုကို မြင်လိုက်ရသည့် ပုံစံမျိုးဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ပေါင်ရှန့်မှာ ထိတ်လန့်သွားကာ “ငါ့အနောက်မှာ တစ်ခုခုများ ရှိနေလို့လား” ဟု တွေးကာ အမှတ်မထင် လှည့်ကြည့်လိုက်မိသည်။
သို့သော် လှည့်ကြည့်လိုက်သောအခါ မည်သည့်အရာကိုမျှ မတွေ့ရပေ။
ထိုအခိုက်တွင် ရန်ရှင်းကျိုးက အခွင့်အရေးကို လက်လွတ်မခံဘဲ သူ၏ ဓားဖြင့် ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်လိုက်သည်။ ခြေတစ်လှမ်းအတွင်းမှာပင် ဓားသွားသည် ပေါင်ရှန့်၏ နောက်ကျောကို အရှိန်အဟုန်ဖြင့် ထိုးဖောက်ဝင်ရောက်သွားတော့သည်။ ပေါင်ရှန့် အခြေအနေမဟန်ကြောင်း သတိထားမိချိန်တွင် ရန်ရှင်းကျိုး၏ ဓားမှာ သူ့ခန္ဓာကိုယ်ကို ဖောက်ထွက်သွားချေပြီ။
[ရွှပ်...]
ရန်ရှင်းကျိုးက သေနိုင်လောက်သော ဒဏ်ရာကို ပေးလိုက်ပြီး ချက်ချင်းပင် ဓားကို ဆွဲထုတ်ကာ အနောက်သို့ နှစ်လံ သုံးလံခန့် အမြန်ဆုတ်လိုက်သည်။ သူ ရပ်တန့်လိုက်ချိန်တွင် ကိုယ်တော်ပေါင်ရှန့်က သွေးများကို အန်ထုတ်ကာ စူးရှစွာ အော်ဟစ်လိုက်သည်။ ပေါင်ရှန့်သည် သူ၏ ဓားမြှောင်ကို အသည်းအသန် ဝှေ့ယမ်းကာ မိမိကိုယ်ကိုယ် ကာကွယ်လိုက်ရင်း
“ယုတ်မာလှချည်လား.. မင်း... ရန်လို့ အမည်ရတဲ့ ကောင်... တကယ့်ကို ရှက်ဖို့ကောင်းအောင် ယုတ်မာတဲ့ကောင်ပဲ”
ရန်ရှင်းကျိုးသည် ဓားကို လက်တွင်မြဲမြဲဆုပ်ကာ အတွင်းအားကို စုစည်းလိုက်ပြီး တည်ငြိမ်စွာပင်
“ခင်ဗျားက ညံ့လို့ ခံရတာပဲ ကျွန်တော့်ကို လာပြီး အပြစ်တင်မနေနဲ့”
ပေါင်ရှန့်က ဒေါသတကြီး အော်ဟစ်ကာ
“တောက်... တိုက်ချင်ရင် ယောက်ျားပီပီ တိုက်လေကွာ ဘာလို့ ဒီလို ရှက်စရာကောင်းတဲ့ နည်းလမ်းကို သုံးရတာလဲ။ လာစမ်း... ငါတို့ ဆက်တိုက်ရအောင်”
သူသည် ဒေါသအရှိန်ကြောင့် စကားလုံးများပင် မပီသတော့ဘဲ မျက်နှာတစ်ခုလုံးလည်း နီမြန်းနေသည်။ သူ၏ ဓားကို လျင်မြန်စွာ ဝှေ့ယမ်းကာ ရန်ရှင်းကျိုးထံသို့ ပြေးဝင်လာသည်။
“ယုတ်မာတဲ့ကောင်... ကျုံးယွမ်သားတွေကတော့ တကယ့်ကို အရှက်မရှိတဲ့ လူတွေပဲ”
ရန်ရှင်းကျိုးက ထပ်မံ ဆုတ်ခွာလိုက်ပြီး
“ကျုံးယွမ်သား ခင်ဗျားက ကျုံးယွမ်က မဟုတ်ဘူးလား ဒါဆို ခင်ဗျားရဲ့ ဂိုဏ်းက ဘယ်မှာလဲ...”
ရန်ရှင်းကျိုးသည် သတိထားပြီး အမှားမခံဘဲ ရှောင်တိမ်းနေသည်ကို မြင်သောအခါ ပေါင်ရှန့်မှာ မိမိအနေဖြင့် သူ့ကို သတ်နိုင်တော့မည် မဟုတ်ကြောင်း သိသွားသည်။ သူသည် သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီး သူ၏ ဓားမြှောင်ကို ပြန်သိမ်းကာ မတ်တတ်ရပ်နေသည်။ သူ၏ မျက်လုံးများက ရန်ရှင်းကျိုးကို စိုက်ကြည့်နေပြီး အသံမှာလည်း အက်ရှကာ ကြောက်မက်ဖွယ် ကောင်းလာသည်။
“ငါ ပေါင်ရှန့် သိုင်းလောကမှာ ကျင်လည်ခဲ့တာ ဆယ်စုနှစ်ချီနေပြီ။ ဒါပေမဲ့ ဒီနေ့ မင်းလို နာမည်မရှိတဲ့ ကောင်လေးလက်ထဲမှာ သေရမယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး။ ရန်ရှင်းကျိုး... မင်း ငါ့ကို သတ်ခဲ့တယ်၊ နောက်တစ်နေ့မှာ မင်းကို ကလဲ့စားချေမယ့်သူ ရှိလာလိမ့်မယ်။ ငါ မင်းကို ငရဲကနေ စောင့်နေမယ်”
ရန်ရှင်းကျိုးက အနောက်သို့ အနည်းငယ် ဆုတ်လိုက်ကာ
“စိတ်မပူပါနဲ့၊ ကျွန်တော်ကတော့ အေးအေးဆေးဆေး နေသွားဦးမှာပါ။ ခင်ဗျားပဲ ငရဲ ၁၈ ထပ်မှာ အရင်သွားပြီး အနားယူနေလိုက်ပါ။”
ရန်ရှင်းကျိုး၏ ဓားသည် ပေါင်ရှန့်၏ နှလုံးတည့်တည့်ကို ထိုးဖောက်သွားခဲ့ခြင်း ဖြစ်သည်။ ချက်ချင်း သေဆုံးသွားလိမ့်မည်ဟု ထင်ခဲ့သော်လည်း ပေါင်ရှန့်မှာ တောင့်ခံနိုင်နေသည်ကို တွေ့ရသဖြင့် အံ့ဩသွားမိသည်။ သိုင်းဆရာကြီးများ သေခါနီးတွင် ပြုလုပ်တတ်သော နောက်ဆုံး တုံ့ပြန်မှုမှာ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ သိထားသည်။ ထို့ကြောင့် သူသည် ပေါင်ရှန့်နှင့် အနီးကပ် မရှိစေရန် အဆက်မပြတ် ဆုတ်ခွာနေခြင်း ဖြစ်သည်။
ပေါင်ရှန့်၏ အသက်ရှူသံမှာ ရပ်တန့်သွားကာ အနောက်သို့ လဲကျသွားပြီး ငြိမ်သက်သွားပြီဖြစ်သည်။
ရန်ရှင်းကျိုးသည် အဝေးမှနေ၍ အခြေအနေကို ခေတ္တ စောင့်ကြည့်နေသည်။ ထို့နောက် အနီးအနားရှိ အုတ်ခဲတစ်ခြမ်းကို ကောက်ယူကာ ဆယ်ပေခန့် အကွာမှ ပေါင်ရှန့်၏ ခေါင်းကို ပစ်ပေါက်လိုက်သည်။ အုတ်ခဲမှာ ပေါင်ရှန့်၏ နှာခေါင်းကို ထိမှန်ကာ ပြားသွားသော်လည်း ပေါင်ရှန့်မှာ မည်သည့် လှုပ်ရှားမှုမျှ မရှိတော့ပေ။ ထိုအခါမှသာ ရန်ရှင်းကျိုး စိတ်အေးသွားပြီး ဓားကို သိမ်းကာ ပေါင်ရှန့်အနီးသို့ လျှောက်သွားလိုက်သည်။ ပေါင်ရှန့်၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး တကယ့်ကို မကျေမနပ်ဖြင့် သေဆုံးသွားသည့်ပုံပင်။
ရန်ရှင်းကျိုးက အေးစက်စွာ ရယ်မောလိုက်ပြီး
“ကာမရူးတဲ့ ကိုယ်တော်ယုတ်... ငါ့လက်ထဲမှာ သေတာတောင် မျက်လုံး မမှိတ်နိုင်သေးဘူးလား၊ ရယ်စရာပဲ”
သူသည် ဓားပြစခန်းတွင် ကြီးပြင်းလာသူ ဖြစ်သည့်အလျောက် လုယက်တိုက်ခိုက်ခြင်း အလုပ်မှာ သူနှင့် မစိမ်းလှပေ။ ယခုအခါ အစွမ်းထက်သော ကိုယ်တော်တစ်ပါး သေဆုံးသွားသည်ကို မြင်သောအခါ ဒီကိုယ်တော်ဆီမှာ ကောင်းတဲ့ ပစ္စည်းတွေ ပါနိုင်တယ်၊ ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ကြောင်း တွေးလိုက်မိသည်။
သူသည် ပေါင်ရှန့်၏ ခြေထောက်နှစ်ဖက်ကို မကာ အထက်အောက် အကြိမ်ကြိမ် ခါလိုက်ရာ ပေါင်ရှန့်၏ ကိုယ်ပေါ်မှ ထုပ်ပိုးထားသော အိတ်ငယ်လေး တစ်အိတ် ပြုတ်ကျလာသည်။ ထိုအိတ်အတွင်း၌ ရွှေတုံးအချို့၊ ငွေပြားအနည်းငယ်နှင့် ဆီစိမ်ထားသော အဝတ်အိတ် အသေးလေး တစ်အိတ်ကို တွေ့ရှိလိုက်ရသည်။
ထိုအိတ်ကို ဖွင့်ကြည့်လိုက်သောအခါ စာအုပ်တစ်အုပ်ကို တွေ့ရသည်။ စာအုပ်အဖုံးတွင် သက္ကတစာလုံးများနှင့် ဆင်တူသော်လည်း အနည်းငယ် ကွဲပြားသော တွန့်လိမ်ကောက်ကွေးသည့် စာလုံးများ ရေးထိုးထားသည်။
ရန်ရှင်းကျိုးက စာအုပ်ကို ဖွင့်ကြည့်လိုက်ရာ ပထမဆုံး စာမျက်နှာတွင် ပိန်ချိနေသော ကိုယ်လုံးတီး လူတစ်ဦး၏ ပုံကို တွေ့ရသည်။ ထိုလူမှာ လက်ညှိုးတစ်ဖက်က မိုးကောင်းကင်သို့ ချိန်ရွယ်ထားပြီး ကျန်လက်ညှိုးတစ်ဖက်မှာ မြေကြီးသို့ ချိန်ရွယ်ထားသည်။ သူ၏ မျက်နှာမှာ လွန်စွာ ထူးဆန်းလှပြီး ဘေးရှိ စာလုံးများမှာလည်း အရောင်များဖြင့် ရေးဆွဲထားသည်။
ပုံထဲရှိ လူမှာ ကျုံးယွမ်သားများနှင့် လုံးဝ မတူပေ။ သူ၏ ရုပ်သွင်မှာ ထူးဆန်းသော်လည်း ထိုထူးဆန်းမှုအတွင်း၌ပင် လူတို့၏ စိတ်ကို ဖမ်းစားနိုင်သော ဆွဲဆောင်မှု တစ်ခု ရှိနေသလို ခံစားရသည်။
ဒုတိယစာမျက်နှာသို့ လှန်ကြည့်လိုက်ရာ ထိုကိုယ်လုံးတီး လူမှာပင် ပုံစံတစ်မျိုး ပြောင်းလဲနေသည်ကို တွေ့ရသည်။ သူသည် ခြေတစ်ဖက်တည်းဖြင့် ရပ်နေပြီး ညာဘက်ခြေထောက်ကို ဘေးသို့ ဆန့်ထုတ်ထားသည်။ လက်နှစ်ဖက်ကိုမူ ကျောနောက်သို့ ပို့ထားကာ ဘယ်ဘက်လက်က ညာဘက်နားရွက်ကို ကိုင်ထားပြီး ညာဘက်လက်က ဘယ်ဘက်နားရွက်ကို ကိုင်ထားသည့် ထူးဆန်းသော ပုံစံပင် ဖြစ်သည်။
စာမျက်နှာများကို တစ်ရွက်ပြီးတစ်ရွက် လှန်ကြည့်လေလေ ထိုလူ၏ ပုံစံများမှာ ပိုမိုထူးဆန်းလာလေလေ ဖြစ်သည်။ တစ်ခါတစ်ရံတွင် လက်ဖြင့် ကိုယ်ကို ထောက်ထားပြီး၊ တစ်ခါတစ်ရံတွင် လေထဲသို့ ခုန်တက်နေကာ၊ တစ်ခါတစ်ရံတွင်မူ ခေါင်းဖြင့် မြေစိုက်၍ ရပ်နေသည်။ စာအုပ်၏ နောက်ဆုံးအပိုင်းတွင်မူ ထိုလူသည် ကွေးညွတ်နေသော ဓားတစ်လက်ကို ကိုင်ဆောင်ထားသည်ကို တွေ့ရသည်။
ပထမပိုင်းမှာ ကျင့်ကြံခြင်းဆိုင်ရာ ကျင့်စဉ်ဖြစ်ပြီး ဒုတိယပိုင်းမှာမူ ဓားသိုင်းကွက်များ ဖြစ်ကြောင်း ရန်ရှင်းကျိုး သိလိုက်ရသည်။ တိုက်ကွက်တစ်ခုချင်းစီကို ရှင်းလင်းပြတ်သားစွာ ရေးဆွဲထားပေသည်။
“တကယ့်ကို လက်ရာမြောက်တဲ့ ပုံတွေပဲ”
ရန်ရှင်းကျိုးသည် ထိုစာအုပ်ကို အချိန်အတော်ကြာ လေ့လာပြီးနောက် ရေးဆွဲသူ၏ လက်ရာကို ချီးကျူးမိသည်။ သူသည် သိုင်းဆရာကြီး တစ်ဦး မဟုတ်သေးသော်လည်း သူ၏ အမြင်နှင့် ဗဟုသုတမှာ သာမန်လူများထက် သာလွန်ပေသည်။ စာအုပ်လက်ထဲ ရောက်သည်နှင့် ၎င်းမှာ အဖိုးတန်သော သိုင်းကျမ်းတစ်စောင် ဖြစ်ကြောင်း သူ သိလိုက်သည်။
ရှေးယခင်ကတည်းက အတွင်းအားကျင့်စဉ်များမှာ အာရုံကူးခြင်းအပေါ် အဓိက အခြေခံသည်။ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများနှင့် အချက်အချာ နေရာများကို စိတ်ကူးဖြင့် ပုံဖော်ပြီးနောက် ချီ စွမ်းအင်ကို စိတ်ဖြင့် ဖြည်းဖြည်းချင်း လမ်းညွှန်ရခြင်း ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုစွမ်းအင်ကို ခံစားရရှိလာပြီး ပထမဆုံးသော အတွင်းအားကို ကျင့်ကြံနိုင်မည် ဖြစ်သည်။
လူသားတို့၏ ဘာသာစကားမှာ အကန့်အသတ် ရှိသည်။ အထူးသဖြင့် အတွင်းအား ကျင့်စဉ်လမ်းကြောင်းကို စကားလုံးများဖြင့် ရှင်းပြရန် ခဲယဉ်းလှသည်။ အကယ်၍ ဤကဲ့သို့သော ပုံရိပ်များကို အသုံးပြု၍ သင်ကြားပေးမည်ဆိုပါက ရှင်းပြရသည့် အလုပ်မှာ များစွာ သက်သာသွားလိမ့်မည်။ ထို့ကြောင့်ပင် ရန်ရှင်းကျိုးက ဤစာအုပ်ထဲမှ ပုံရိပ်များကို ချီးကျူးနေခြင်း ဖြစ်သည်။
ထိုအခိုက်တွင် အဝေးမှ လူများ၏ တံခါးဖွင့်သံနှင့် ဆူညံသံများ ထွက်ပေါ်လာသည်။ လူအုပ်ကြီးတစ်အုပ်မှာ သူရှိရာသို့ အဝေးမှ လှမ်းလာနေကြချေပြီ။
***