← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

ပြိုင်ဖက်ကင်းဓားသမား

အခန်း (၅) - မိစ္ဆာစိတ်စွမ်းအားကျင့်စဉ်

ရန်ရှင်းကျိုးက သတိပေးချက် မပေးဘဲ ချက်ချင်း လက်ဦးမှုယူ တိုက်ခိုက်လိမ့်မည်ဟု ဝမ်ရှောင်ဖုန်း မတွေးခဲ့မိပေ။ ထို့ပြင် ရန်ရှင်းကျိုး၏ ဓားသွားသည် သူ၏ ညီမငယ်ထံသို့ ပထမဆုံး ဦးတည်သွားလေသည်။

ရန်ရှင်းကျိုးကို သူကသာ ရန်စခဲ့သဖြင့် တစ်ဦးချင်း ရင်ဆိုင်ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ၏ ညီမငယ် ရွှေစိမ့်က သူ၏ ဘေးကင်းမှုကို စိုးရိမ်သဖြင့် “ခေါင်းလောင်းဓား သိုင်းပညာရှင် နှစ်ဦး တိုက်ပွဲဝင်ရင် အမြဲတမ်း အတူတူပဲ ရင်ဆိုင်ရမှာပေါ့။ အခုလည်း ခြွင်းချက် မရှိစေရဘူး” ဟု ဆိုကာ အတူတိုက်ရန် ဇွတ်အတင်း ပါဝင်လာခဲ့သည်။

သူတို့နှစ်ဦးမှာ ငယ်စဉ်ကတည်းက အတူတူ ကြီးပြင်းလာခဲ့သူများ ဖြစ်ကြပြီး ပေါင်းစပ်ဓားသိုင်းကိုလည်း အတူတကွ လေ့ကျင့်ခဲ့ကြသည်။ သူတို့နှစ်ဦးပေါင်းစပ်သွားလျှင် စွမ်းအားမှာ နှစ်ဆမက တိုးလာတတ်သည်။ ရန်ရှင်းကျိုး၏ အတွင်းအား အစွမ်းကို မြင်တွေ့ခဲ့ပြီးနောက် ဝမ်ရှောင်ဖုန်းမှာ အလွန် သတိကြီးစွာ ထားနေခဲ့သည်။ ထို့ကြောင့် ရွှေစိမ့်က အတူတိုက်ခိုက်ရန် ပြောသောအခါ သူက မကန့်ကွက်ခဲ့ခြင်းပင်။

ဝမ်ရှောင်ဖုန်း အတွေးတွင် ရန်ရှင်းကျိုး၏ ကျင့်ကြံမှုမှာ မနိမ့်ပါးသဖြင့် မိမိကို လေးစားသောအားဖြင့် အင်အားကြီးသူဖြစ်သည့် သူ့ကိုသာ အရင် တိုက်ခိုက်လိမ့်မည်ဟု ထင်ထားခဲ့သည်။ မထင်မှတ်ဘဲ ရန်ရှင်းကျိုးမှာ သာမန်ထုံးစံအတိုင်း မလုပ်ဆောင်ဘဲ ရွှေစိမ့်ကို အရင် တိုက်ခိုက်လေတော့သည်။ ဝမ်ရှောင်ဖုန်းမှာ ထိတ်လန့်သွားကာ “ညီမလေး... သတိထား” ဟု အော်ဟစ်ရင်း ရန်ရှင်းကျိုး၏ လည်ပင်းကို ဓားဖြင့် ပြန်လည် ချိန်ရွယ်လိုက်သည်။

ဝမ်ရှောင်ဖုန်း၏ ဓားချက် ကျရောက်လာချိန်တွင် ရန်ရှင်းကျိုး၏ ဓားဖျားမှာလည်း ရွှေစိမ့်၏ ရင်ဘတ်နားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဓားသွားက သူမ၏ ကိုယ်ကို ထိုးဖောက်တော့မည့် ဆဲဆဲတွင် ရွှေစိမ့်မှာ ကြောက်လန့်တကြား မျက်လုံးများကို စုံမှိတ်ထားလေသည်။ သူမသည် ရှောင်တိမ်းရမည်ကိုပင် မသိတော့ပေ။

ရန်ရှင်းကျိုး၏ ဓားဖျားသည် ရွှေစိမ့်၏ အဝတ်စနှင့် ထိမိသည့် အခိုက်အတန့်၌ ရုတ်တရက် တန့်သွားသည်။ ထို့နောက် သူက ချက်ချင်း နောက်သို့ ဆုတ်လိုက်ပြီး ဝမ်ရှောင်ဖုန်း၏ ဓားချက်ကို ရှောင်တိမ်းကာ ရယ်မောလိုက်သည်။ “မင်းတို့မှာ ဒီလောက်ပဲ အရည်အချင်း ရှိတာလား”

ရန်ရှင်းကျိုး၏ လှောင်ပြောင်မှုကို ဂရုမစိုက်နိုင်ဘဲ ဝမ်ရှောင်ဖုန်းက ရွှေစိမ့်၏ ဘေးသို့ အပြေးရောက်လာကာ ဓားဖြင့် ကာကွယ်လိုက်သည်။ သူက ရန်ရှင်းကျိုးကို စိုက်ကြည့်ရင်း မေးလိုက်သည်။ “ညီမလေး... ဘာဖြစ်သွားသေးလဲ”

ရွှေစိမ့်၏ ရင်ဘတ်မှ တစ်ဒိန်းဒိန်း ခုန်နေလေသည်။ သူမ တည်ငြိမ်လာရန် အတန်ကြာအောင် စောင့်လိုက်ရသည်။ သူမ၏ ရင်ဘတ်ကို ငုံ့ကြည့်လိုက်သောအခါ အဝတ်အစားပင် စုတ်ပြဲသွားခြင်း မရှိသည်ကို တွေ့လိုက်ရသဖြင့် သက်ပြင်းချကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ကိုကို... ညီမလေး ဘာမှ မဖြစ်ပါဘူး။ ဒီလူက သတိပေးယုံလုပ်လိုက်တာပါ”

ဝမ်ရှောင်ဖုန်းမှာ စိတ်သက်သာရာ ရသွားသော်လည်း “ဒီလူရဲ့ အပြုအမူက မိစ္ဆာဆန်လွန်းတယ်၊ ငါတို့ နောက်တစ်ခါ ပေါ့ပေါ့တန်တန် မလုပ်ရဘူး” ဟု တိုးတိုးလေး သတိပေးလိုက်သည်။

သူတို့နှစ်ဦး တိုးတိုးတိတ်တိတ် စကားပြောနေသည်ကို မြင်သောအခါ ရန်ရှင်းကျိုးက လှောင်ပြုံးပြုံး၍ သူ၏ ဓားကို အိမ်ထဲသို့ ပြန်ထည့်ကာ လှည့်ထွက်သွားတော့သည်။ “စကားတွေကတော့ အကြီးကြီးပြောပြီး လက်တွေ့ကျတော့ အသုံးမကျဘူး။ မင်းတို့နဲ့ တိုက်ခိုက်နေရတာ တကယ်ကို အဓိပ္ပာယ် မရှိဘူး”

ဝမ်ရှောင်ဖုန်းမှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းသွားကာ အော်ဟစ်မေးမြန်းလိုက်သည်။ “မိတ်ဆွေ... နာမည် ဘယ်လို ခေါ်ပါသလဲ”

ရန်ရှင်းကျိုးက နောက်သို့ ပြန်မကြည့်ဘဲ လျှောက်လှမ်းနေရင်းမှပင် “ငါ့နာမည် ရန်ရှင်းကျိုးပဲ။ ဘာလဲ... မင်းက ငါ့ကို ထပ်ပြီး သိုင်းပြိုင်ချင်သေးလို့လား”

ဝမ်ရှောင်ဖုန်းက “မဝံ့ရဲပါဘူး။ မိတ်ဆွေက ကျွန်တော့်ညီမလေးကို လက်တွန့်ပေးပြီး ဒဏ်ရာ မရအောင် လုပ်ခဲ့မှတော့ ကျွန်တော်က ထပ်ပြီး တိုက်ခိုက်နေရင် မိတ်ဆွေ မပီသရာ ရောက်ပါလိမ့်မယ်” ဟု ပြန်ပြောလိုက်သည်။

ရန်ရှင်းကျိုးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “စိတ်ဝင်စားစရာပဲ။ ဒါပေမဲ့ စကားများရုံနဲ့ လက်ပါတာကတော့ သိပ်တော့ ပညာရှင်မဆန်ရာ ရောက်တယ်။ နောက်တစ်ခါ ပြန်ဆုံမှပဲ သိုင်းပြိုင်ကြတာပေါ့”

ဝမ်ရှောင်ဖုန်းက “ကောင်းပါပြီ။ နောက်တစ်ခါ ပြန်ဆုံမှ ပြိုင်ကြတာပေါ့။ ကျွန်တော်တို့ ခေါင်းလောင်းဓား စုံတွဲက မိတ်ဆွေ လာမယ့်အချိန်ကို စောင့်နေပါ့မယ်”

ရန်ရှင်းကျိုးက ဝမ်ရှောင်ဖုန်းကို ဆက်ပြီး ဂရုမစိုက်တော့ဘဲ လျှောက်သွားတော့သည်။

အစပိုင်းတွင် ဝမ်ရှောင်ဖုန်းနှင့် စကားများရာမှ ဒေါသထွက်ခဲ့သဖြင့် သူတို့နှစ်ဦးကို ပညာပေးရန် ဆုံးဖြတ်ခဲ့ခြင်းပင်။ သို့သော် အမျိုးသမီးငယ်ကို သတ်ဖြတ်မိတော့မည့် အခိုက်အတန့်တွင် သူ ချက်ချင်း သတိဝင်လာခဲ့သည်။ “စကားများရုံနဲ့ သတ်ဖြတ်ဖို့အထိ လုပ်တာကတော့ သိပ်တော့ မဟုတ်‌သေးဘူး။ သူတို့က ကာမရူးတွေ ဒါမှမဟုတ် လူဆိုးတွေဆိုရင်တော့ ငါ မဆိုင်းမတွ သတ်ပစ်မှာပေါ့။ ဒါပေမဲ့ ဒီကလေးနှစ်ယောက်က အခုမှ သိုင်းလောကထဲကို ရောက်ကာစ စံပြဂိုဏ်းက တပည့်တွေပဲ ဖြစ်မှာပါ။ သေထိုက်တဲ့လူတွေနဲ့ မတူပါဘူး။ စိတ်လိုက်မာန်ပါ မလုပ်တာပဲ ကောင်းပါတယ်”

ဝမ်ရှောင်ဖုန်းနှင့် တစ်ကွက်မျှသာ ဖလှယ်ခဲ့ရသော်လည်း နှစ်ယောက်စလုံးမှာ အတွေ့အကြုံ မရှိသေးသော လူသစ်များ ဖြစ်ကြောင်း သူ နားလည်လိုက်သည်။ သူတို့၏ သိုင်းပညာနှင့် ဓားသိုင်းမှာ မနိမ့်ပါးလှသော်လည်း တိုက်ခိုက်ချိန်တွင် သတ်ဖြတ်လိုစိတ်ကင်းမဲ့နေသည်။

ထို့ကြောင့် ထိုနှစ်ဦးမှာ သူ့အတွက် စိန်ခေါ်မှု မရှိသဖြင့် ၎င်းတို့ကို သုံး၍ ဓားသိုင်း လေ့ကျင့်ရန် မလိုအပ်ပေ။

ရန်ရှင်းကျိုးမှာ ပြောပြီးသည်နှင့် ချက်ချင်း ထွက်ခွာသွားသဖြင့် ဝမ်ရှောင်ဖုန်းနှင့် ရွှေစိမ့်တို့မှာ အံ့ဩသွားကြသည်။ ရန်ရှင်းကျိုး၏ အပြုအမူများမှာ လျင်မြန် လွတ်လပ်လွန်းသဖြင့် သာမန်လူများနှင့် မတူဟု သူတို့ ခံစားလိုက်ရသည်။

“ညီမလေး... နောက်ကို သိုင်းလောက လောကထဲ သွားလာတဲ့အခါ ဘယ်တော့မှ မထိတ်လန့်နဲ့။ ဒီနေ့လိုမျိုး တည်တည်ငြိမ်ငြိမ် တုံ့ပြန်နိုင်မယ်ဆိုရင် ဒီလူ့ရဲ့ ဓားသိုင်းက ဘယ်လောက်ပဲ ကောင်းကောင်း တစ်ကွက်တည်းနဲ့ ညီမလေးကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး”

ရန်ရှင်းကျိုး ထွက်သွားသည်ကို ကြည့်ရင်း ဝမ်ရှောင်ဖုန်းက ထိတ်လန့်နေဆဲ ဖြစ်သော ရွှေစိမ့်ကို ပြောလိုက်သည်။ “ဒီကာလအတွင်းမှာတော့ ငါတို့ သူခိုး သေးသေးလေးတွေကိုပဲ ရှာပြီး လေ့ကျင့်ကြရအောင်။ ဒီရန်အမည်ရှိတဲ့ လူလိုမျိုး ပညာရှင်တွေကို သွားပြီး ရန်မစတာ အကောင်းဆုံးပဲ”

ရွှေစိမ့်က “ရန်ရှင်းကျိုးက ကျွန်မတို့ ဖခင်နဲ့ ဆိုရင် ဘယ်နှစ်ကွက်လောက် ခံနိုင်မလဲဟင်” ဟု မေးလိုက်သည်။

ဝမ်ရှောင်ဖုန်းက ပြုံး၍ “သူ့ရဲ့ ကျင့်ကြံမှုက မဆိုးပေမဲ့ ဦးလေးနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ။ ဦးလေးရဲ့ ရှေ့မှာ ဆယ်ကွက်တောင် ခံနိုင်ပါ့မလား မသိဘူး” ဟု ဆိုသည်။

သူသည် မူလက သုံးကွက်ပင် မခံနိုင်ဟု ပြောရန် ကြံရွယ်သော်လည်း ရန်ရှင်းကျိုး ပြသသွားသည့် အတွင်းအားကို သတိရလိုက်သဖြင့် စိတ်ချရအောင် ဆယ်ကွက်ဟု ပြောင်းလဲ ပြောလိုက်ခြင်း ဖြစ်သည်။

ရွှေစိမ့်က “သူက ဘယ်ကလာတာလဲ မသိဘူးနော်။ ဘယ်လို ပညာရှင်ကြီးရဲ့ တပည့် ဖြစ်မလဲ” ဟု တိုးတိုးလေး ရေရွတ်နေမိသည်။

ရန်ရှင်းကျိုးမှာမူ ထိုသူနှစ်ဦး၏ ခန့်မှန်းချက်များကို မသိရှိသလို၊ သိလျှင်လည်း ဂရုစိုက်မည် မဟုတ်ပေ။ သူသည် ခရီးဆက်လာခဲ့ရာ ယန်ဇီမြစ်ကမ်းနားသို့ ရောက်သောအခါ ရပ်နားလိုက်သည်။

သူ ယခုကမ္ဘာသို့ ရောက်ရှိလာကတည်းက ကာမရူးရဟန်း ပေါင်ရှန်းနှင့် တွေ့ဆုံချိန်မှ စ၍ ဤကမ္ဘာသည် တစ်နေရာရာတွင် ရင်းနှီးနေသကဲ့သို့ ခံစားနေရသည်။ သို့သော် ဘာကြောင့်လဲ ဆိုသည်ကို သူ အဖြေရှာမရသေးပေ။

ထို့ကြောင့် သူသည် ယန်ဇီမြစ်ကမ်းနားရှိ ကျောက်တုံးတစ်တုံးပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ၏ မှတ်ဉာဏ်များကို ပြန်လည် ဖော်ထုတ်ရင်း အဖြေရှာရန် ကြိုးစားနေမိသည်။

သို့သော် မည်မျှပင် စဉ်းစားစေကာမူ သူ၏ စိတ်ထဲတွင် ပေါ်လာမည့် အဖြေကို ဖမ်းမမိနိုင်ဖြစ်နေသည်။ နောက်ဆုံးတွင် သူ သက်ပြင်းချကာ လက်လျှော့လိုက်ရတော့သည်။

ထိုစဉ် မနေ့က ပေါင်ရှန်းထံမှ သူ သိမ်းယူခဲ့သော သိုင်းကျမ်းကို ရုတ်တရက် သတိရသွားသည်။ သူသည် လွယ်အိတ်အတွင်းမှ ထိုကျမ်းစာအုပ်ကို ထုတ်ယူကာ စာမျက်နှာများကို ကြည့်ရှုလိုက်သည်။

ရန်ရှင်းကျိုးသည် ဤကျမ်းစာအုပ်ပါ စာသားများကို မဖတ်တတ်သော်လည်း ပုံဖော်ထားသော ပုံရိပ်များကိုမူ နားလည်နိုင်သည်။ အထူးသဖြင့် ထိုပုံရိပ်များမှာ အလွန် သက်ဝင်လှုပ်ရှားနေပြီး သိမ်မွေ့သော အမူအရာများကိုပင် ဖော်ပြထားသည်။ ပုံပါ အမျိုးသား၏ ကိုယ်ခန္ဓာပေါ်တွင် စစ်မှန်သော ချီစွမ်းအင် လှည့်ပတ်မှု လမ်းကြောင်းများကို အနီရောင်မျဉ်းများဖြင့် မှတ်သားထားလေသည်။

ပထမဆုံး စာမျက်နှာရှိ ဝတ်လစ်စလစ် အမျိုးသား၏ အသွင်အပြင်မှာ အလွန်ပင် ထူးဆန်းလှသည်။ ပုံပါလူမှာ လျှာဖျားကို ပါးစပ်၏ ဘယ်ဘက်ထောင့်မှ အနည်းငယ် ထုတ်ထားပြီး ညာဘက်မျက်လုံးကို ပြူးထားကာ ဘယ်ဘက်မျက်လုံးကိုမူ အနည်းငယ် မှေးထားသည်။ သူ၏ မျက်နှာအမူအရာမှာ အလွန် ထူးခြားလှပေသည်။

ရန်ရှင်းကျိုး ခဏမျှ ကြည့်ရှုပြီးနောက် နားလည်သွားသည်။

“ဪ... ဒါက မျက်နှာ အမူအရာတွေကို အသုံးချပြီး လေ့ကျင့်ရတဲ့ နည်းလမ်းပဲ။ တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ”

သူသည် ချက်ချင်းပင် လိုက်လုပ်ကြည့်သည်။ ညာဘက်မျက်လုံးကို ပြူး ဘယ်ဘက်မျက်လုံးကို မှေးကာ လျှာကို အနည်းငယ် ထုတ်လျက် ပုံပါလူအတိုင်း ပြုလုပ်လိုက်သည်။

ထိုအနေအထားကို ပြုလုပ်လိုက်သည်နှင့် သူ၏ မျက်နှာမှာ အလွန် နေလို့ထိုင်လို့ ကောင်းသွားသည်ကို ခံစားလိုက်ရသည်။

ပုံပါ ချီစွမ်းအင် လှည့်ပတ်မှု လမ်းကြောင်းများကို ထပ်မံ ကြည့်ရှုလိုက်ပြီးနောက် ခဏမျှ စဉ်းစားကာ သူ၏ အတွင်းအားကို ပုံပါအတိုင်း ဂရုတစိုက် စတင် လှည့်ပတ်ကြည့်သည်။ သူ စွမ်းအင်ကို ထုတ်သုံးလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံးမှာ ပျော့ပျောင်း နွေး‌ထွေးသွားကာ ဖော်ပြမတတ်အောင် ပေါ့ပါး လန်းဆန်းသွားတော့သည်။

“အရမ်း ကောင်းတာပဲ”

ရန်ရှင်းကျိုးမှာ အလွန် ဝမ်းသာသွားသည်။ “ဒီစာအုပ်ထဲက သွေးကြောလမ်းကြောင်းတွေက အရမ်း ထူးဆန်းပေမဲ့ သူ့စနစ်နဲ့သူ ရှိနေတာပဲ။ တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ။ အထူးသဖြင့် လေ့ကျင့်ရတာ ဒီလောက် သက်သောင့်သက်သာ ဖြစ်တာမျိုးက တကယ်ကို ရှားပါတယ်”

သူသည် တယ်လီပြည်တွင် ရွှေပြားပေါ်ရှိ အမည်မဲ့ စိတ်စွမ်းအားကျင့်စဉ်ကို ကျင့်စဉ်က စိတ်ကို တည်ငြိမ်စွာ ထားကာ သွေးကြောများအတွင်း အတွင်းထွက်သက်ကို တစ်စက်ချင်း လှည့်ပတ်ခဲ့ရသည်။ ကျင့်ကြံစကာလတွင် ချီစွမ်းအင်ကို တစ်လက်မစာ ရွေ့လျားရန်ပင် ခဲယဉ်းလှပေသည်။

သို့သော် ဤလျှို့ဝှက်ကျမ်းစာပါ အတွင်းအား ကျင့်စဉ်အရမူ မျက်စိတစ်မှိတ်အတွင်းမှာပင် အားစိုက်ထုတ်ရန် မလိုဘဲ အတွင်းထွက်သက်မှာ အဟန့်အတားမျှ မရှိဘဲ သဘာဝအတိုင်း စီးဆင်းသွားလေသည်။

“တစ်ခုခုတော့ မှားနေပြီ။ လောကမှာ ဒီလောက် လွယ်ကူတဲ့ အရာ ရှိပါ့မလား။ အတွင်းအားနဲ့ စိတ်အခြေခံကျင့်စဉ်ကို ကျင့်ကြံရတာ ဒီလောက် လွယ်ကူနေရင် တစ်လောကလုံး သိုင်းပညာရှင်တွေနဲ့ ပြည့်နေမှာပေါ့။ ဒီကျင့်စဉ်က စတင်ဖို့ လွယ်ကူပေမဲ့ သူ့မှာ ကန့်သတ်ချက် တစ်ခုခုတော့ ရှိရမယ်”

ရန်ရှင်းကျိုးသည် ဘဝနှစ်ခုစာ ဖြတ်သန်းခဲ့သူ ဖြစ်သဖြင့် ပါးနပ်လှသည်။ ဤကျင့်ကြံမှု အရှိန်အဝါကို ကြည့်ရုံဖြင့် ဤကျမ်းစာပါ နည်းလမ်းမှာ ကန့်သတ်ချက် ရှိနိုင်ကြောင်း သူ သိလိုက်သည်။ “ဒီစာအုပ်ထဲက စာသားတွေက မိစ္ဆာဆန်ပြီး ထူးဆန်းနေတယ်။ စံပြကျင့်စဉ်တွေနဲ့ မတူဘူး။ မိစ္ဆာကျင့်စဉ်တွေက အစပိုင်းမှာ လွယ်ကူပေမဲ့ နောက်ပိုင်းမှာ တတ်မြောက်ဖို့ ခက်ခဲတတ်ကြတာပဲ။ ဒီကျင့်စဉ်ကလည်း အတူတူပဲ ဖြစ်မှာပါ”

သို့သော် ကျင့်ကြံနေစဉ် ခံစားရသော သက်သောင့်သက်သာရှိမှုမှာ ရန်ရှင်းကျိုးကို ထပ်မံ စမ်းသပ်ကြည့်ရန် တွန်းအားပေးနေသကဲ့သို့ ရှိသည်။ သူသည် ထပ်မံ တွန့်ဆုတ်မနေတော့ဘဲ ပုံပါအတိုင်း ထပ်မံ ကျင့်ကြံကြည့်ပြန်သည်။

စွမ်းအင်ကို အတန်ကြာ လှည့်ပတ်ပြီးနောက် သူသည် တဖြည်းဖြည်း ပျော်ရွှင် လန်းဆန်းလာကာ တစ်ကိုယ်လုံးရှိ သွေးများမှာ နွေး‌ထွေးလာသည်။ အတန်ကြာသော် သူ့ခန္ဓာကိုယ်မှာ ဝဲပျံနေသကဲ့သို့ ပေါ့ပါးကာ အရက်ပြင်းပြင်းကို သောက်ထားသလို ခံစားလာရသည်။ သူသည် ကခုန်မိကာ ပါးစပ်မှလည်း တိုးတိုးလေး သီချင်းညည်းနေမိသည်။ သူ၏ စိတ်ထဲတွင် လျှပ်စီးများ လက်နေသကဲ့သို့ ဖြစ်လာကာ မူးဝေလာတော့သည်။

ရန်ရှင်းကျိုးမှာ ထိတ်လန့်သွားကာ ချီစွမ်းအင် လှည့်ပတ်မှုကို အမြန် ရပ်တန့်လိုက်သည်။

“ဒီစိတ်စွမ်းအားကျင့်စဉ်က အတော်လေး မိစ္ဆာဆန်တာပဲ”

***

All Chapters