အခန်း ၁၅
Vol. 2 Ch. 15
*** ပြိုင်ဖက်ကင်းဓားသမား
အခန်း (၁၅) - ရဲတင်းလွန်းသူ
“အာ... ဟုတ်သားပဲ၊ ဟုတ်သားပဲ”
ရွှေစိမ့်၏ အော်ဟစ်တိုက်တွန်းမှုကြောင့် ဝမ်ရှောင်ဖုန်းသည် နောက်ဆုံး၌ သတိဝင်လာပြီး ပြောလိုက်သည်။
“ငါ အခုချက်ချင်း သူ့နောက်ကို လိုက်ဖမ်းလိုက်မယ်”
ထိုသို့ ပြောလိုက်စဉ်မှာပင် သူ၏မျက်နှာထက်၌ ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
“ညီမလေး... အဲဒီမြင်းသူခိုးက ရန်ရှင်းကျိုးလားမသိဘူး”
ရွှေစိမ့်သည် ထိုစကားကို ကြားလိုက်ရသဖြင့် မှင်တက်သွားတော့သည်။
“ရန်ရှင်းကျိုး ဟုတ်လား။ သူ တကယ်ပဲ ဒီကို ရောက်နေတာလား။ ဒါနဲ့... သူက ဘာဖြစ်လို့
ငါ့မြင်းကိုမှ ရွေးပြီး ခိုးသွားရတာလဲ”
ရွှေတိုက်ထံမှ ရန်ရှင်းကျိုးထွက်လာစဉ်ကတည်းက ရွှေတိုက်သည် ရန်ရှင်းကျိုးတစ်ယောက် ကျင်းကျိုးမြို့တွင် မဆင်မခြင် ပြုမိပြီး ဒုက္ခနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်ပူပန်နေခဲ့သည်။ ထို့ကြောင့် သူသည် သမီးဖြစ်သူနှင့် တူဖြစ်သူတို့ကို အခြေအနေများကို စုံစမ်းရန်အတွက် ကျင်းကျိုးမြို့သို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
မေနျန်ရှန်း၏ တပည့်သုံးဦးမှာ သိုင်းပညာပိုင်းတွင် အသုံးမကျကြသော်လည်း အလွန်တရာ ကောက်ကျစ်စဉ်းလဲကြသည်။ ရန်ရှင်းကျိုးသည် ငယ်ရွယ်ပြီး သူ၏ ကျင့်ကြံမှုမှာ မည်မျှပင် နက်ရှိုင်းပါစေဦးတော့၊ သူတို့သုံးဦးကို သတ်ဖြတ်နိုင်ရန် မသေချာဘဲ ပြောင်းပြန် အကွက်ချ တိုက်ခိုက်ခံရနိုင်ခြေ ရှိသည်။
ရွှေတိုက်သည် ရန်ရှင်းကျိုးအပေါ် ရင်းနှီးခင်မင်မှု ရှိပြီး သူသည် ပွင့်လင်းရိုးသားကာ လူရည်ချွန်တစ်ဦး ဖြစ်သည်ကို
မြင်တွေ့ခဲ့ရသဖြင့် ပါရမီကို သဘောကျကာ ယခုကဲ့သို့ အလားအလာရှိသော လူငယ်လေးတစ်ဦး၏ အသက်ကို မဆုံးရှုံးစေလိုသောကြောင့် သမီးနှင့် တူဖြစ်သူကို ကျင်းကျိုးသို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
မရောက်မီကမူ ရွှေစိမ့်သည် လုံးဝ မလာချင်ခဲ့ပေ ။ ယခင်က ရန်ရှင်းကျိုးက သူမကို ဓားဖြင့် သီသီလေး ထိုးမိလုနီးပါး ဖြစ်ခဲ့သည်ကို စိတ်ထဲ၌ တေးထားဆဲ ဖြစ်ပြီး ထို့အပြင် ကာမရူးကိုယ်တော် ပေါင်ရှန်းကိုပါ သတ်နိုင်ခဲ့သည်ဟု ကြွားဝါခဲ့သည့်စကားကြောင့် သူ့အပေါ် ပိုမိုအမြင်ကပ်စေခဲ့သည်။ဖခင်ဖြစ်သူ ရွှေတိုက်က ကျင်းကျိုးသို့ သွားရောက်စုံစမ်းရန် ထပ်ခါတလဲလဲ တိုက်တွန်းခဲ့သော်လည်း သူမသည် သွားရောက်လိုစိတ် မရှိခဲ့ပေ ။ သို့သော် နောက်တစ်ရက်တွင် ကာမရူးကိုယ်တော် ပေါင်ရှန်း သေဆုံးသွားပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာသောအခါ ချက်ချင်းပင် အံ့အားသင့်တုန်လှုပ်သွားရတော့သည်။
သိုင်းပညာရှင် အမြောက်အမြား ဝိုင်းရံတိုက်ခိုက်ခဲ့သည့်တိုင် ကာမရူးကိုယ်တော် ပေါင်ရှန်းသည် လွတ်မြောက်သွားနိုင်ခဲ့သည်။ သာမန် နာမည်မရှိသူတစ်ဦးဖြစ်သည့် ရန်ရှင်းကျိုးက သူ့ကို သတ်နိုင်ရန် ကြွားလုံးထုတ်သည်ကပင် ဘောင်မဝင်လှချေ။
ထိုသတင်းက သူမ၏ စူးစမ်းလိုစိတ်ကို ပြင်းထန်စွာ လှုံ့ဆော်ပေးလိုက်သဖြင့် သူမသည် အဖြစ်မှန်ကို စုံစမ်းရန်အတွက် ကာမရူးကိုယ်တော် ပေါင်ရှန်း အသတ်ခံရသည့် မြို့ငယ်လေးဆီသို့ ကိုယ်တိုင် သွားရောက်ခဲ့လေသည်။
ပေါင်ရှန်းကို သတ်ဖြတ်စဉ်က ပေါင်ရှန်း ပြန်ပေးဆွဲသွားခဲ့သော အမျိုးသမီးမှာ မလှမ်းမကမ်းတွင် ရှိနေခဲ့သဖြင့် အဖြစ်အပျက်တစ်ခုလုံးကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည့်အပြင် သူတို့နှစ်ဦး အပြန်အလှန် အမည်ပြောကြားသည်ကိုပင် ကြားလိုက်ရသည်။
ရွှေစိမ့်သည် ထိုအမျိုးသမီးထံမှတစ်ဆင့် အချက်အလက်များကို အတည်ပြုပြီးနောက် တိုက်ပွဲတစ်ခုလုံးကို စိတ်ထဲ၌ ပြန်လည် ပုံဖော်ကြည့်နိုင်ခဲ့သည်။
ရန်ရှင်းကျိုးက ပေါင်ရှန်းကို တံတွေးဖြင့် ထွေးကာ လှည့်စားပြီးမှ ဓားဖြင့် ခုတ်သတ်ခဲ့သည့်အချက်ကို တွေးမိသောအခါ ရွှေစိမ့်သည် အံ့သြရသလို ရယ်လည်း ရယ်ချင်မိသွားသည်။
[ဒီလို ကောက်ကျစ်စဉ်းလဲတဲ့ကောင်ကပဲ ဒီလို အောက်တန်းကျတဲ့ နည်းလမ်းမျိုးကို သုံးမှာ]
သို့သော် သူမက ဆက်လက် တွေးတောမိပြန်သည်။
[ဒါပေမဲ့ ဒီနည်းလမ်းကို သုံးမှသာ ကာမရူးကိုယ်တော် ပေါင်ရှန်းကို သတ်နိုင်မယ့် အခွင့်အရေး ရှိမှာပဲ။ မဟုတ်ရင် ရန်ရှင်းကျိုးရဲ့
ကျင့်ကြံမှုနဲ့ ပေါင်ရှန်းကို အနိုင်တိုက်ဖို့ဆိုတာ မလွယ်ကူလှဘူး။ ဒါပေမဲ့ ဒီလို အောက်တန်းကျတဲ့နည်းမျိုးကိုတော့ ငါ့ရဲ့ ဝမ်းကွဲအစ်ကိုတို့ ဘယ်သောအခါမှ လုပ်မှာ မဟုတ်ဘူး]
ဝမ်ရှောင်ဖုန်းသည် ဂုဏ်သရေရှိသော မိသားစုမှ မွေးဖွားလာသူဖြစ်ပြီး ရွှေတိုက်ကဲ့သို့သော ဦးလေးဖြစ်သူထံမှ ပညာသင်ယူခဲ့သဖြင့် ကိစ္စရပ်တိုင်းတွင် သိက္ခာနှင့် အဆင့်အတန်းကို အထူးဂရုစိုက်လေ့ရှိသည်။ သူသည် အခြေအနေအလိုက် တုံ့ပြန်နိုင်စွမ်း ရှိသော်လည်း ရန်ရှင်းကျိုးကဲ့သို့ တံတွေးထွေးခြင်း၊ လိမ်ညာခြင်း စသည့် အောက်တန်းကျသော နည်းလမ်းမျိုးကိုမူ သူတို့ကဲ့သို့သောလူများ ပြုလုပ်လိမ့်မည်မဟုတ်ပေ။
သို့သော် ရန်ရှင်းကျိုးကမူ ရန်သူနှင့် ရင်ဆိုင်ရလျှင် လျင်မြန်ဖြတ်လတ်စွာဖြင့် မည်သည့်စည်းမျဉ်းကိုမျှ ဂရုမစိုက်ဘဲ မိမိအတွက် အကျိုးရှိမည့် အရာကိုသာ ဦးစားပေး လုပ်ဆောင်တတ်သည်။
ရန်သူကို သတ်နိုင်ဖို့၊ အနိုင်ရရှိဖို့ကသာ အရေးကြီးဆုံး စွမ်းရည် ဖြစ်ပေသည်။
ဝမ်ရှောင်ဖုန်း၏ လုပ်ဆောင်ပုံစံနှင့် လုံးဝ ကွဲပြားခြားနားသော်လည်း ပိုမို အစွမ်းထက်လှပေသည်။
ဤအချက်က ရွှေစိမ့်၏ ရန်ရှင်းကျိုးအပေါ် ထားရှိသော အမြင်ကို ပြောင်းလဲစေခဲ့သဖြင့် ရန်ရှင်းကျိုးတစ်ယောက် မည်သည့်အရာများကို ဆက်လက် လုပ်ဆောင်မည်ကို သိရှိနိုင်ရန် ဝမ်းကွဲအစ်ကို ဝမ်ရှောင်ဖုန်းနှင့်အတူ ကျင်းကျိုးမြို့သို့ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
သို့သော် မမျှော်လင့်ဘဲ သူတို့ ကျင်းကျိုးမြို့တံခါးဝသို့ ရောက်ရှိလာစဉ်မှာပင် သူတို့ မြင်းများကို လုယူကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့တော့သည်။
ထိုသူ၏ လှုပ်ရှားမှုမှာ အလွန်တရာ မြန်ဆန်လှသဖြင့် ရွှေစိမ့်အနေဖြင့် တုံ့ပြန်ရန် အချိန်မရလိုက်သလို ဘေးနားရှိ ဝမ်ရှောင်ဖုန်းပင်လျှင် မတားဆီးနိုင်ခဲ့ဘဲ လူနှင့်မြင်းမှာ အဝေးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
“တကယ်ပဲ ရန်ရှင်းကျိုး ဟုတ်လို့လား”
ဝမ်ရှောင်ဖုန်း၏ စကားကို ကြားပြီးနောက် ရွှေစိမ့်သည် အံ့သြတုန်လှုပ်စွာဖြင့် မေးလိုက်သည်။ “သူက ဘာဖြစ်လို့ ငါ့မြင်းကို အကြောင်းမဲ့သက်သက် လုသွားရတာလဲ။ သူ့နောက်ကနေ တစ္ဆေတစ်ကောင် လိုက်နေသလိုပဲ။ သူသိုင်းပညာရှင်တစ်ယောက်ယောက်ကို သွားပြီး ရန်စမိလိုက်တာလား”
ဝမ်ရှောင်ဖုန်းက
“သူက ကာမရူးကိုယ်တော် ပေါင်ရှန်းကိုတောင်
သတ်နိုင်ခဲ့တာပဲ၊ ဒီကျင်းကျိုးမြို့ထဲမှာ သူ့ကို
ယှဉ်နိုင်မယ့်သူ ဘယ်သူ ရှိဦးမှာလဲ”
“မြို့ထဲဝင်ပြီး စုံစမ်းကြည့်ရင် သိရမှာပေါ့”
ဝမ်ရှောင်ဖုန်းက မေးလိုက်သည်။
“မင်း မြင်းကို ပြန်မလိုချင်တော့ဘူးလား”
ရွှေစိမ့်က ပြောလိုက်သည်။
“မြင်းလုသွားတာ သူမှန်း သိနေပြီပဲ ၊ နောက်ကျမှ
သူ့ဆီက ပြန်တောင်းလိုက်ရင် ရတာပဲ”
ခုနက ရန်ရှင်းကျိုးသည် မြင်းကို လုယူပြီး အတင်းအဟုန်ဖြင့် မောင်းနှင်ထွက်ပြေးသွားပုံအရ အရူးမဟုတ်လျှင် မည်သူမဆို သူသည် ကြီးမားသော ကိစ္စရပ်တစ်ခုခု ကျူးလွန်ခဲ့သည်၊ သို့မဟုတ် ပြင်းထန်သော သိုင်းပညာရှင်ကြီးတစ်ဦးကို သွားရောက်ရန်စမိသဖြင့် အသက်လုကာ ထွက်ပြေးနေရခြင်းဖြစ်ကြောင်း ခန့်မှန်းမိပေလိမ့်မည်။
ရွှေစိမ့်သည် သူ့ကို တစ်ကြိမ် တွေ့ဆုံဖူးပြီး ဖခင်ဖြစ်သူ ရွှေတိုက်ကလည်း ရန်ရှင်းကျိုးကို အလွန် လေးစားချစ်ခင်သဖြင့် ဤမြင်းကို ရန်ရှင်းကျိုး လွတ်မြောက်နိုင်ရန်အတွက် ယာယီ ငှားရမ်းပေးလိုက်သည်ဟုသာ သတ်မှတ်လိုက်တော့သည်။
သူတို့နှစ်ဦးစလုံးသည် ရန်ရှင်းကျိုးတစ်ယောက် ဘာဖြစ်လို့ ကျင်းကျိုးမြို့မှ ယခုကဲ့သို့ အလောတကြီး ထွက်ပြေးရသနည်းဟု အလွန် စူးစမ်းလိုစိတ် ဖြစ်ပေါ်နေကြသည်။
သူတို့ တွေးတောနေစဉ်မှာပင် မလှမ်းမကမ်းဆီမှ အော်ဟစ်ငိုယိုသံများကို ကြားလိုက်ရတော့သည်။
“ဓားပြတစ်ယောက်က မြို့ဝန်မင်းကို သတ်လိုက်ပြီ”
“မြို့တံခါးတွေကို ပိတ်စမ်း၊ တစ်မြို့လုံးကို ရှာဖွေပြီး သူ့ကို လွတ်မသွားစေနဲ့”
“မြန်မြန်တံခါးပိတ်ကြ... မြန်မြန်တံခါးပိတ်ကြ”
လူအုပ်ကြီးသည် ပြေးလွှားအော်ဟစ်ရင်း အနီးသို့ ရောက်ရှိလာသောအခါ ရုံးတော်မှ ရဲမတ်များနှင့် မှုခင်းအရာရှိများ ဖြစ်ကြပြီး မျက်နှာပျက်လျက် ကျယ်လောင်စွာ အော်ဟစ်ကာ ဒေါသတကြီး ဖြစ်နေပုံရသော်လည်း သူတို့၏ ခြေလှမ်းများမှာမူ အလွန် နှေးကွေးလှသည်။ ၎င်းကို မြင်သောအခါ ဝမ်ရှောင်ဖုန်းသည် မရယ်ဘဲ မနေနိုင်တော့ချေ။
“ဒီလောက် နှေးတဲ့ အရှိန်နဲ့ ဖမ်းမယ်ဆိုရင် တရားခံက မိုင်ပေါင်းထောင်ချီ ရောက်သွားလောက်ပြီ။ ဒီရဲမတ်တွေ မြို့ပြင်တောင် ထွက်နိုင်ပါဦးမလား မသိဘူး... ဟမ် ဒါနဲ့ သူတို့ လိုက်ဖမ်းနေတဲ့သူက ရန်ရှင်းကျိုးများ ဖြစ်နေမလား”
သူသည် ရုတ်တရက် သတိဝင်လာပြီး ရွှေစိမ့်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်လိုက်သည်။
“သူက ကျင်းကျိုးမြို့ဝန်ကို သတ်လိုက်တာလား ။ သူ တကယ့်ကို ရဲတင်းလွန်းတာပဲ”
ထိုခေတ်အခါက ကျန်းဟူသည် ကျန်းဟူဖြစ်ပြီး နန်းတော်သည် နန်းတော်သာ ဖြစ်သဖြင့် ကျန်းဟူသိုင်းသမားများက အစိုးရအရာရှိများကို လုပ်ကြံသတ်ဖြတ်ခြင်းမှာ အလွန် ရှားပါးလှသည်။ ကျင်းကျိုးမြို့ဝန်ရာထူးမှာ အဆင့်အတန်း မြင့်မားလှသဖြင့် အသတ်ခံရပါက နန်းတော်မှ အလွန်အမင်း အမျက်ထွက်စေမည်ဖြစ်ကာ ကျန်းဟူသိုင်းသမားအချို့ကို တရားခံအဖြစ် အစားထိုးဖမ်းဆီးအပြစ်ပေးရန် မလွဲမသွေ ဖြစ်လာပေလိမ့်မည်။
ရန်ရှင်းကျိုးသည် ထိုကဲ့သို့သော ကိစ္စရပ်ကြီးကို ရဲရဲဝံ့ဝံ့ ကျူးလွန်ခဲ့သဖြင့် ဝမ်ရှောင်ဖုန်းနှင့် ရွှေစိမ့်တို့သည် ယုံကြည်နိုင်ရန် ခက်ခဲနေကြသည်။ရွှေစိမ့်က မျှော်လင့်ချက်အနည်းငယ်ဖြင့် ပြောလိုက်သည်။
“သူ မဟုတ်လောက်ပါဘူး”
“မေးကြည့်ရင် သိရတာပေါ့”
ထိုရဲမတ်များ အနားသို့ ရောက်ရှိလာစဉ် ဝမ်ရှောင်ဖုန်းသည် ၎င်းတို့ထဲမှ တစ်ဦးကို မေးမြန်းလိုက်သည်။
“ဘာတွေ ဖြစ်ခဲ့လို့လဲ ဘယ်သူက မြို့ဝန်မင်းကို သတ်လိုက်တာလဲ”
ဆွဲခံလိုက်ရသော ရဲမတ်သည် ဒေါသထွက်သွားသော်လည်း ဝမ်ရှောင်ဖုန်း၏ အသွင်အပြင်ကိုမြင်သောအခါ ကျန်းဟူမှ
သိုင်းပညာရှင်ဖြစ်ကြောင်း ရိပ်မိသွားသည်။ သူတို့သည် ရန်ရှင်းကျိုး၏ စွမ်းအားကို ခုနတင် မြင်တွေ့ခဲ့ရသဖြင့်
ကျန်းဟူသိုင်းသမားများကို ကြောက်လန့်နေကြရာ ချက်ချင်းပင် ဒေါသများကို မြိုသိပ်လျက် ရိုသေစွာဖြင့် ပြောလိုက်သည်။
“သူရဲကောင်းလေး... ကျွန်တော်တို့ရဲ့ မြို့ဝန်မင်း ရုံးတော်ထဲမှာ ထိုင်နေတုန်း လူသန်ကြီးတစ်ယောက် အတင်းဝင်ရောက်လာပြီး ဓားနဲ့ ခုတ်ပစ်ခဲ့တာပါ။ ဓားတစ်ချက်တည်းနဲ့တင် မြို့ဝန်မင်း သေလုမတတ် ဖြစ်သွားခဲ့ရပါတယ်”
“သေလုမတတ်ပဲလား”
ဝမ်ရှောင်ဖုန်းက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“ဒါဆို သူ မသေဘူးပေါ့...”
“သေပါပြီ ခင်ဗျာ ပထမတစ်ချက်မှာ မသေသေးပေမဲ့ အဲဒီလူက မြို့ဝန်မင်းနောက်ကို အကျဉ်းထောင်အထိ လိုက်သွားပြီး သတ်ပစ်လိုက်တာပါ။ လည်ချောင်းကြီးတစ်ခုလုံး အပြင်ကို ကျွတ်ထွက်သွားပြီး တကယ့်ကို အသေဆိုးခဲ့ပါတယ် ခင်ဗျာ”
ဝမ်ရှောင်ဖုန်းက စိတ်မရှည်ဟန်ဖြင့်
“မင်းရဲ့ စကားပြောပုံက စကားလုံးတွေ ဖြတ်ဖြတ်ပြီး
ပြောလွန်းတယ်”
“ဟုတ်ကဲ့ပါ... ပြောနေကျ ဖြစ်နေလို့ ပြင်မရလို့ပါ ခင်ဗျာ”
“ဒါဆို မြို့ဝန်မင်းကို သတ်သွားတဲ့ တရားခံက ဘယ်သူလဲ။ နာမည် မင်းသိလား။ ယောက်ျားလား မိန်းမလား”
“ယောက်ျားတစ်ယောက်ပါ ခင်ဗျာ။ နာမည်တော့ မသိပါဘူး၊ ဒါပေမဲ့ အရပ်ရှည်ရှည်နဲ့ တော်တော်လေး ချောမောတဲ့သူပါ...”
ဤရဲမတ်သည် ရှုပ်ထွေးစွာ ပြောဆိုနေပြီး အဓိကအချက်ကို ပြောနိုင်ခြင်း မရှိချေ။ ဝမ်ရှောင်ဖုန်းသည် နားထောင်ရင်း ခေါင်းကိုက်လာသဖြင့် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ကဲ... သွားတော့၊ မင်းရဲ့ အလုပ်တွေကို ဆက်လုပ်လိုက်တော့”
ရဲမတ် ထွက်ခွာသွားပြီးနောက် ရွှေစိမ့်ကို ကြည့်ကာ ပြောလိုက်သည်။
“ဒါက ရန်ရှင်းကျိုး ဖြစ်မှာ သေချာတယ်၊ လုံးဝ သံသယဝင်စရာ မလိုတော့ဘူး”
***