အခန်း ၁၆
Vol. 2 Ch. 16
ပြိုင်ဖက်ကင်းဓားသမား
အခန်း (၁၆) - အကွက်ချ ကြံစည်ခြင်း
“ငါ ခုနက မြင်းလုလိုက်တဲ့ ကောင်မလေးက ရွှေစိမ့် မဟုတ်လား”
ရန်ရှင်းကျိုးသည် မြင်းကို ကုန်းရုန်းမောင်းနှင်ကာ ကျင်းကျိုးမြို့ဆင်ခြေဖုံးသို့ အရှိန်အဟုန်ပြင်းစွာ ပြေးလွှားသွားခဲ့သည်။ သူ ခုနက အမျိုးသမီးအကြောင်းကို ပြန်လည်တွေးတောမိရင်း မရယ်ဘဲ
မနေနိုင်တော့ချေ။
“တကယ့် တိုက်ဆိုင်မှုပဲ၊ ငါ သူတို့နဲ့ သုံးကြိမ်ဆက်တိုက်
ဆုံခဲ့တာတောင် သူတို့ကပဲ အမြဲတမ်း အရှုံးပြဇာတ် ခင်းနေရတာပဲ ဟားဟားဟားဟား”
သူသည် သူစီးနင်းလာသော မြင်းကို ငုံ့ကြည့်လိုက်သည်။ ထိုမြင်းမှာ ထူးထူးခြားခြား ခန့်ညားထည်ဝါလှပြီး တစ်ကိုယ်လုံး နှင်းကဲ့သို့ ဖြူဖွေးသော အမွေးအမှင်များကြောင့် အလွန်တရာ ရှားပါးလှသော တိုက်မြင်းကောင်းတစ်ကောင် ဖြစ်ကြောင်း ထင်ရှားပေသည်။
“ဇာတ်လမ်းအရဆိုရင် ရွှေစိမ့်ဟာ ဒီမြင်းကို စီးပြီး တိယွန်းရဲ့
ခြေထောက်တစ်ဖက်ကို ရိုက်ချိုးခဲ့ပြီး ဒီမြင်းကို ဟွာထျဲကန်နဲ့
ရွှေစိမ့်တို့က အရိုးအသားမကျန် စားပွဲတော် ဆင်နွှဲခဲ့ကြတာ။
ဟီးဟီး... မြင်းလေးရေ... မြင်းလေး... ဒီနေ့ ငါ မင်းကို ရွှေစိမ့်ဆိုတဲ့ မိန်းမပျိုလက်ထဲက လုယူလိုက်တာဟာ တကယ်တော့ မင်းရဲ့ အသက်ကို ကယ်တင်ပေးလိုက်တာပဲကွ”
ရန်ရှင်းကျိုးသည် မြင်း၏ လည်ဆံမွေးများကို ပွတ်သပ်ပေးလိုက်ရင်း တွေးမိလေ သဘောကျလေ ဖြစ်နေတော့သည်။
“ငါ ဒီမြင်းကို လုသွားတာ သိရင် ရွှေစိမ့်နဲ့ ဝမ်ရှောင်ဖုန်းတို့ မျက်နှာ ဘယ်လိုပုံစံ ဖြစ်နေမလဲ မသိဘူး”
မြို့ဝန် လင်ထွေးစိကို သတ်ပြီးနောက် သူသည် ဒင်ဒီယန် ငေးကြောင်နေသည့် အခွင့်အရေးကို အသုံးချကာ ချက်ချင်း ဆုတ်ခွာခဲ့သည်။ ဒင်ဒီယန် သူ၏နောက်သို့ လိုက်လံတိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် မြို့ထဲတွင် ဆက်လက်မနေပေ။ မဟုတ်ပါက သူ၏ လက်ရှိကျင့်ကြံမှုအဆင့်အတန်းဖြင့် ဒေါသထွက်နေသော ဒင်ဒီယန်နှင့် ရင်ဆိုင်ရလျှင် သူ့အသက်ကိုပင် အာမမခံနိုင်ပဲဖြစ်လိမ့်မည်။
ခုနတင်က သူသည် စိတ်လိုက်မာန်ပါဖြင့် မြို့ဝန် လင်ထွေးစိကို သတ်ခဲ့သော်လည်း ယခုအခါတွင်မူ ရင်တထိတ်ထိတ် ဖြစ်နေသည်။
“ငါ တော်တော် လောသွားတယ်။ တကယ်လို့ မြို့ဝန် လင်ထွေးစိကို သတ်ချင်တယ်ဆိုရင် အခွင့်အရေးကို စောင့်ပြီး သူ့အိမ်ထဲ တိတ်တဆိတ် ဝင်သတ်ပြီး ထွက်သွားရမှာ။ ခုနကလို လိုက်လံတိုက်ခိုက်တာက အရမ်း အန္တရာယ်များတယ်။ တကယ်လို့ ဒင်ဒီယန်သာ ကြိုတင်ပြင်ဆင်ထားပြီး အမှောင်ထဲကနေ အလစ်ဝင်တိုက်ရင် တစ်ချက်တည်းနဲ့တင် ငါသေသွားနိုင်တယ်”
“ဒါပေမဲ့ မြို့ဝန် လင်ထွေးစိက လင်းကျင်းရီကို ဒီလောက် နှိပ်စက်ထားတာကို ငါကလွှတ်ထားလိုက်ရင် အသုံးမကျတဲ့လူ ဖြစ်သွားမှာပေါ့။ ဒါက ယောက်ျားတစ်ယောက် လုပ်မယ့် အလုပ် မဟုတ်ဘူး”
သူသည် မဟာလီနိုင်ငံ၏ တောင်ပုန်းစခန်းတွင် စခန်းခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့စဉ်က လူသတ်ခဲ့ဖူးသော်လည်း အများစုမှာ ကြိုတင်စီစဉ်ထားခြင်း ဖြစ်သည်။ ယနေ့ကဲ့သို့ စိတ်လိုက်မာန်ပါ တိုက်ခိုက်ခြင်းနှင့် မြို့ဝန်မင်းတစ်ဦးကို သတ်ဖြတ်ခြင်းမျိုးကိုမူ ပထမဆုံးအကြိမ် လုပ်ဖူးခြင်း ဖြစ်သည်။
“ဒီတစ်ခါတော့ တော်တော် ပြဿနာရှာမိသွားပြီ။ ကျန်းဟူလောကတစ်ခုလုံးလည်း ငါ့ကြောင့်
ဝရုန်းသုန်းကား ဖြစ်သွားတော့မှာပဲ။ မဖြစ်ဘူး... လောလောဆယ်တော့ ငါ သေသေချာချာပုန်းရှောင်ပြီး ကျင့်ကြံမှုကိုပဲ အာရုံစိုက်ရမယ်။ ပြဿနာတွေ အေးအေးဆေးဆေး ဖြစ်သွားမှ ကျန်းဟူလောကထဲ ပြန်ဝင်ဖို့ စဉ်းစားရမယ်။ အင်း... ကျင့်ကြံရတာက ပျင်းစရာကောင်းလွန်းတယ်၊ အပျင်းပြေစရာ တစ်ခုခု ရှာရမယ်။ ဟီးဟီး... လျန်ချန်ကျမ်း ရတနာသိုက်ကို သွားတူးပြီး သုံးပစ်ရရင် ကောင်းမလား”
“ငါ မှတ်မိသလောက် မူရင်းဇာတ်လမ်းထဲမှာ အဲဒီရတနာသိုက်ကို ကျန်းလင်မြို့က ထျန်းနဉ်ကျောင်းတော်မှာ ဝှက်ထားတယ်လို့ ဆိုတယ်။ အင်း... ငါ ကျန်းလင်မြို့ကို တစ်ခေါက် သွားရမယ်”
အစီအစဉ်ဆွဲပြီးနောက် မြို့ငယ်လေးတစ်မြို့သို့ မြင်းစီးသွားကာ ထိုနေရာရှိ လောဘကြီးသော ကုန်သည်တစ်ဦးကို တွေ့ရှိခဲ့သည်။ သူသည် ဓားကို ဆွဲထုတ်၍ ထိုကုန်သည်၏ လည်ပင်းသို့ တေ့လျက် ခက်ထန်စွာ ပြောလိုက်သည်။
“ငါ လမ်းစရိတ် လိုနေလို့။ ငါ့ရဲ့ အဖိုးတန်ရတနာကို မင်းဆီမှာ အပေါင်ထားပြီး လမ်းစရိတ်ယူမလို့ကွ။ ဟေ့လူ... မင်း ဝယ်မလား၊ မဝယ်ဘူးလား”
ထိုချမ်းသာသော ကုန်သည်သည် တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်သွားပြီး ခေါင်းကို ထပ်ခါတလဲလဲ ညိတ်ကာ ပြောလိုက်၏။
“ဝယ်ပါ့မယ်... ဝယ်ပါ့မယ်ခင်ဗျာ အသက်ချမ်းသာပေးပါ သူရဲကောင်းကြီး၊ ကျွန်တော့်ကို မသတ်ဘူးဆိုရင် ဘာပဲရောင်းရောင်း ကျွန်တော် အကုန်ဝယ်ပါ့မယ်”
ရန်ရှင်းကျိုးသည် သဘောကျသွားပြီး အဖြူရောင်မြင်းကို ထိုသူ၏ရှေ့သို့ ဆွဲထုတ်လာကာ ပြောလိုက်သည်။
“ဒါက တန်ဖိုးကြီးလှတဲ့ တာ့ယွမ်နယ်က တိုက်မြင်းပဲ၊
ရွှေတစ်သောင်းတန်တယ်။ ဒီနေ့ ငါက သဘောကောင်းလို့
မင်းကို ငွေတစ်ထောင်တည်းနဲ့ ရောင်းပေးမယ်။ မင်း ယူမလား၊ မယူဘူးလား”
ထိုကုန်သည်သည် မျက်နှာပျက်လျက် ငိုသံဖြင့် ပြောလိုက်သည်။
“ကျွန်တော်က အရင်းအနှီးအနည်းငယ်ပဲရှိတဲ့ ကုန်သည်အသေးစားလေးပါခင်ဗျာ၊ ကျွန်တော့်ဆီမှာ ငွေတစ်ထောင် ဘယ်လိုလုပ် ရှိပါ့မလဲ။ ကျွန်တော့်အိမ်မှာရှိတဲ့ ငွေအားလုံး ပေါင်းရင်တောင် သုံးရာတည်း ရှိတာပါ”
ရန်ရှင်းကျိုးသည် ဓားကို မြှောက်ကာ စားပွဲကြီးကို
တစ်ချက်တည်းဖြင့် နှစ်ခြမ်းကွဲအောင် ခုတ်ချလိုက်ပြီး ဟောက်လိုက်သည်။
“တကယ်ပဲလား”
ထိုကုန်သည်သည် ကပျာကယာ ပြောလိုက်တော့သည်။
“ရှိပါသေးတယ်... ခုတင်ဘေးက အံဆွဲထဲမှာ နောက်ထပ် ငွေသုံးရာ ဝှက်ထားတာ ရှိပါသေးတယ်။ ကျွန်တော် အမှတ် မှားသွားလို့ပါ၊ တကယ်တော့ ကျွန်တော့်အိမ်မှာ ငွေခြောက်ရာ
ရှိပါတယ်ခင်ဗျာ”
ရန်ရှင်းကျိုးသည် သူ၏ ဓားကို ဘေးတိုက် ထပ်မံ ဝှေ့ယမ်းလိုက်ရာ ထိုကုန်သည်၏ ခေါင်းပေါင်း စုတ်ပြတ်ကာ လွင့်ထွက်သွားတော့သည်။
“တကယ်ပဲလား”
ထိုကုန်သည်သည် ဒူးများ ခွေလျက် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကာ ပြောလိုက်၏။
“ရှိပါသေးတယ်... နောက်ထပ် သုံးရာ ရှိပါသေးတယ်။ ငွေစက္ကူ သုံးရာ ရှိပါသေးတယ်ခင်ဗျာ။
အဲဒါတွေအားလုံးကို ကျွန်တော့်ခုတင်အောက်က သေတ္တာထဲမှာ ထည့်ထားတာပါ။
သူရဲကောင်းကြီး... ဒီတစ်ခါတော့ တကယ် အကုန်ပါပဲ
ငွေကိုးရာတည်း ရှိတာပါ၊ တခြား ဘာမှမရှိတော့ပါဘူးခင်ဗျာ”
ရန်ရှင်းကျိုးသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ကောင်းပြီ... ဒီတစ်ခါတော့ မင်းကို ငါ ယုံလိုက်မယ် မင်း ငါ့ကို ငွေစက္ကူတွေ ပေး ဒီမြင်းက မင်းပိုင်ဆိုင်မှု ဖြစ်သွားပြီ”
ရန်ရှင်းကျိုးက ထိုကုန်သည်ကို ငွေကိုးရာဟူသော ဈေးဖြင့် ရောင်းချခဲ့ခြင်းမှာ တကယ်တော့ ကုန်သည်ဘက်က အမြတ်ထွက်သွားခြင်း ဖြစ်ပေသည်။
သို့သော် သူသည် သာမန်ကုန်သည်တစ်ဦးသာဖြစ်ပြီး မြင်း၏ အရည်အသွေးကို နားမလည်ချေ။ သူသည် မကျေမနပ်ဖြစ်လျက် ငွေကိုးရာတန် ငွေစက္ကူများကို နှမြောတသစွာဖြင့် ရန်ရှင်းကျိုးထံသို့ လွှဲအပ်ပေးကာ
ငိုယိုပြောလိုက်သည်။
“သူရဲကောင်းကြီး... ဒါက ကျွန်တော် နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း စုဆောင်းထားရတဲ့ ပိုက်ဆံတွေပါ၊ ကျေးဇူးပြုပြီး ခြွေတာသုံးစွဲပါဗျာ...”
“ဘာတွေ စကားများနေတာလဲ မြန်မြန်ပေးစမ်း”
ရန်ရှင်းကျိုးသည် ငွေများကို လုယူကာ သံမဏိဓားကို သိမ်းလျက် ရယ်မောပြီး ခြံဝင်းအတွင်းမှ ထွက်ခွာသွားတော့သည်။ လောဘကြီးသော ကုန်သည်မှာမူ ရင်ဘတ်ကို ထုကာ ကောင်းကင်ကြီးကို မော့ကြည့်လျက် ငိုကြွေးကျန်ရစ်ခဲ့တော့သည်။
ငွေစက္ကူများကို ရရှိပြီးနောက် ရန်ရှင်းကျိုးသည် နေရာတစ်ခုကို ရှာဖွေကာ ကော်အချို့ကို ဝယ်ယူခဲ့သည်။ သူသည် မုတ်ဆိတ်မွေးအလွန်ထူသော အမျိုးသားတစ်ဦးထံမှ မုတ်ဆိတ်မွေးများကို ရိတ်ယူကာ သူ၏ နှုတ်ခမ်းဘေးတစ်ဖက်တစ်ချက်စီတွင် တစ်ပင်ချင်းစီ စေ့စပ်စွာ ကပ်လိုက်ပြီး မိမိကိုယ်ကိုယ် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးအဖြစ် ရုပ်ဖျက်လိုက်တော့သည်။ သူသည် သံမဏိဓားကို ရောင်းချကာ ဓားမတစ်လက်ကို ဝယ်ယူလိုက်ပြီး ရှေ့သို့ ချီလျက် ကျန်းလင်မြို့ဆီသို့ ဦးတည်သွားခဲ့သည်။
သူသည် ဒင်ဒီယန်ကို တမင်သက်သက် ပြဿနာရှာချင်ခဲ့သည်။ ကျန်းလင်မြို့သို့ သွားရာလမ်းတစ်လျှောက်တွင် သူသည် ဒင်ဒီယန် ကျင်းကျိုးမြို့၌ ရှိနေကြောင်း သတင်းများကို နေရာအနှံ့ ဖြန့်ဝေခဲ့သည်။ ဤသတင်းမှာ သာမန်မဟုတ်ပေ။ သူ ကျန်းလင်မြို့သို့ မရောက်ရှိမီမှာပင် ဒင်ဒီယန်နှင့် ပတ်သက်သော သတင်းများမှာ ကျန်းဟူလောကထဲတွင် ဟိုးဟိုးကျော် သွားခဲ့တော့သည်။ ရက်အနည်းငယ်အတွင်းပင် ကျန်းဟူမှ သိုင်းပညာရှင်များသည် စုံစမ်းရန်အတွက်
ကျင်းကျိုးမြို့ဆီသို့ အပြေးအလွှား ရောက်ရှိလာကြတော့သည်။
လျန်ချန်ကျမ်း၌ မှတ်တမ်းတင်ထားသော ရတနာသိုက်မှာ ရှေးခေတ် လျန်နိုင်ငံ၏ သိုင်းနတ်ဘုရား ချန်ထားခဲ့သော စည်းစိမ်ဥစ္စာဖြစ်ပြီး ယနေ့တိုင်
လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော
ဆယ်စုနှစ်များစွာက ထိုရတနာသိုက်ကြောင့်ပင်
လူပေါင်းမြောက်မြားစွာ သေကြေပျက်စီးခဲ့ရသည်။ ယခုအခါ
ဒင်ဒီယန် ပေါ်ထွက်လာခြင်းကြောင့် ကျန်းဟူသူရဲကောင်းများ၏ စိတ်ဝင်စားမှုကို
ချက်ချင်း ပြန်လည်နှိုးဆွပေးလိုက်သလို ဖြစ်သွားသည်။ ထိုသတင်းကို ကြားလိုက်ရသူတိုင်းသည် ဒင်ဒီယန်ကို ရှာဖွေရန် ကျင်းကျိုးမြို့သို့ အပြေးအလွှား
သွားကြတော့သည်။
“ဟီးဟီး... ငါက မြို့ဝန် လင်ထွေးစိကို သတ်လိုက်ပြီဆိုတော့ ကျန်တဲ့ ကိစ္စရပ်တွေကို ဒင်ဒီယန်ပဲ ဝင်ရှင်းရတော့မယ်။ လင်ရွှမ်းဟွာကတော့ မိန်းမတစ်ယောက်၊ သူဌေးသမီးလေးပဲ ဒီလိုအခြေအနေကို ဘယ်လိုလုပ် ထိန်းသိမ်းနိုင်ပါ့မလဲ။ ဒင်ဒီယန်က ဒီကိစ္စတွေကို လိုက်ရှင်းနေရသရွေ့တော့ ကျင်းကျိုးမြို့ကနေ လွယ်လွယ်နဲ့ ထွက်နိုင်မှာ မဟုတ်ဘူး။ ကျန်းဟူလောကသားအားလုံး ဝိုင်းအုံလာတဲ့အချိန်ကျရင် သူ ဘယ်လို ဆက်လုပ်မလဲဆိုတာကို ငါ ကြည့်ရသေးတာပေါ့”
ရန်ရှင်းကျိုးသည် ဒင်ဒီယန်၏ လက်သီးဒဏ်ကြောင့် အတွင်းဒဏ်ရာများ ရရှိခဲ့ပြီး ကျန်းလင်မြို့သို့ ရောက်ရှိလာသည့်တိုင် အပြည့်အဝ ပြန်လည်မသက်သာသေးပေ။ သူသည် ဒင်ဒီယန်၏ စရိုက်ကို မုန်းတီးသော်လည်း သူ၏ အစွမ်းအစကိုတော့ လေးစားမိသည်။
“ဘယ်လောက်တောင် နက်ရှိုင်းတဲ့ အတွင်းအားလဲ ပခုံးရိုးကို သံချိတ်နဲ့ အဖောက်ခံထားရပြီး ခြေဖနောင့်ကြောတွေတောင် ဖြတ်တောက်ခံထားရတယ်လို့ ပြောကြပေမဲ့ ဒီလောက်အထိ တိုက်ခိုက်နိုင်စွမ်း ရှိသေးတာက တကယ့်ကို လေးစားစရာပဲ သူသာ ဒီလိုဒဏ်ရာတွေ မရနေဘူးဆိုရင် တစ်ကမ္ဘာလုံးမှာ သူ့ကို ယှဉ်နိုင်မယ့်သူ ရှိမှာမဟုတ်ဘူး”
သူသည် ဒင်ဒီယန်ကို ချီးကျူးပြီးနောက် ချက်ချင်းပင် စဉ်းစားမိပြန်သည်။
“ဒါပေမဲ့ ငါလည်း မဆိုးပါဘူး ငါ သက်စောင့်အတွင်းအားကျင့်စဉ်ကို လေ့ကျင့်ခဲ့တာ နှစ်အနည်းငယ်ပဲ ရှိသေးသလို အခုလည်း အသက် ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာ။ ဒင်ဒီယန်ရဲ့ လက်ထဲကနေ အသက်လုပြီး လွတ်မြောက်လာနိုင်ခဲ့တာက သူပြောသလို ကျန်းဟူလောကကို မခန့်လေးစား လုပ်ဖို့ လုံလောက်သွားပြီ။ တစ်ကမ္ဘာလုံးကို ကြည့်ရင် တောင်ပိုင်းသူရဲကောင်းလေးဦး ပန်းကြွေရေစီးနဲ့ မြောက်ပိုင်းလူဆန်းလေးဦး၊ ပြီးတော့ သွေးဓားဘိုးဘေးတို့ကလွဲရင် ဒင်ဒီယန်ကို ယှဉ်နိုင်မယ့်သူ အနည်းငယ်ပဲ ရှိလိမ့်မယ်။ ငါ သူ့ကို ရှုံးခဲ့ပေမဲ့လည်း ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်နေစရာ မလိုပါဘူး”
ကျန်းလင်မြို့သို့ ရောက်ရှိပြီးနောက် သူသည် အနည်းငယ် မေးမြန်းပြီး နောက်ဆုံးတွင် ထျန်းနဉ်ကျောင်းတော်၏ တည်နေရာကို တွေ့ရှိခဲ့သည်။ သူသည် ဝမ်းသာသွားပြီးရေရွတ်လိုက်မိ၏။
“ဒီစည်းစိမ်တွေက ပြင်ပပစ္စည်းတွေပဲ ဖြစ်ပေမဲ့ အနည်းငယ်လောက် ထုတ်ပြီး သုံးရင်တော့ မဆိုးပါဘူး။ ဒါပေမဲ့ ရတနာသိုက်ထဲမှာ ပြင်းထန်တဲ့ အဆိပ်တွေ ရှိနေတယ် ငါ အရင်ဦးဆုံး အဲဒီအဆိပ်ကို ဖျက်မယ့် နည်းလမ်းကို အရင်ရှာရမယ်”