အခန်း ၁၈
Vol. 2 Ch. 18
ပြိုင်ဖက်ကင်းဓားသမား
အခန်း (၁၈) - သွေးဓားဘိုးဘေး
“ဤလျန်ချန်ကျမ်း ကမ္ဘာထဲတွင် ပထမဆုံး သေထိုက်သည့်သူမှာ ကျင်းကျိုးမြို့ဝန်
လင်ထွေးစိ ဖြစ်၏။”
သူသည် နန်းတော်အရာရှိတစ်ဦး ဖြစ်သော်လည်း သာမန်အရပ်သားများကို နှိပ်စက်ညှဉ်းပန်းခဲ့သည်။ ထို့ပြင် တစ်ချိန်က လုံရှားဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး ဖြစ်ခဲ့ဖူးသဖြင့် လူမြောက်မြားစွာကို ဒုက္ခပေးခဲ့ရာ သေဆုံးသွားခြင်းမှာ ထိုက်တန်လှသည်။ လင်ထွေးစိအပြင် ဒီသွေးဓားဘိုးဘေးသည်လည်း သေထိုက်သည့် လူယုတ်မာတစ်ဦး ဖြစ်သည်။ သို့သော်လည်း ယခင်က ငါ့ကျင့်ကြံမှု မလုံလောက်ဘဲ သွားစမိပါက ပြောင်းပြန် ဒုက္ခရောက်မည်ကို စိုးရိမ်ခဲ့သဖြင့် သူ့ကို သတ်ရန် မကြံမစည်ဝံ့ခဲ့ပေ။
“မြို့ဝန် လင်ထွေးစိကို ငါသတ်ပစ်လိုက်ပြီ။ ကျားဆိုးကြီး ဒင်ဒီယန်ကလည်း လှောင်အိမ်ထဲမှ လွတ်မြောက်သွားပြီ။ ငါ့ကျင့်ကြံမှုလည်း အတော်အတန် တိုးတက်လာခဲ့ပြီ။ ငါ့မှာ ရဲစွမ်းသတ္တိ အနည်းငယ် လိုအပ်နေသေးလို့ လေ့ကျင့်ဖို့ လိုသေးတယ်။ အခု သွေးဓားဘိုးဘေးနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ရခြင်းက တကယ့်ကို အခွင့်ကောင်းပဲ။ ဟီးဟီး... အခွင့်ကောင်း ကြုံတုန်း ကြုံခိုက်... ဒီနေ့ ဆုံဖြစ်ကြမှတော့ သူ့ကို သတ်နိုင်မလား စမ်းသပ်ကြည့်ရတာပေါ့”
အဝေးဆီမှ သွေးဓားဘိုးဘေးကို မြင်တွေ့လိုက်ရသော အခိုက်အတန့်တွင် ရန်ရှင်းကျိုး၏ စိတ်ထဲ၌ အတွေးပေါင်းစုံ လျှပ်တစ်ပြက် ဖြတ်ပြေးသွားပြီးနောက် ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
သူသည် သွေးဓားဘိုးဘေးကို သတ်ရန်အတွက် ပြင်ဆင်လိုက်သည်။
သွေးဓားဘိုးဘေးသည် အသက် ရှစ်ဆယ်ကျော်နေပြီဖြစ်ပြီး သေလုမတတ် အဘိုးအိုတစ်ဦးအသွင်ရှိနေသော်သည်။ သူသည် မြေမြှုပ်ခါနီး ဖြစ်နေသည့်တိုင်အောင် ဤကိုယ်တော်အိုသည် ချွမ်းစန်းဒေသရှိ သွေးဓားဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည်။ သူသည် မကောင်းမှုပေါင်းစုံကို ပြုလုပ်လေ့ရှိပြီး လုယက်သတ်ဖြတ် မှုများကို နေ့စဉ်အလုပ်အဖြစ် ပြုလုပ်သလို အမျိုးသမီးများကို အနိုင်ကျင့်စော်ကားခြင်းမှာလည်း ပုံမှန်ကိစ္စ ဖြစ်သည်။ သူ သတ်ဖြတ်ခဲ့သော လူများမှာ လူပေါင်းမရေမတွက်နိုင်အောင် ရှိပြီး မကောင်းမှု အကုသိုလ်များဖြင့် ပြည့်နှက်နေသော လူတစ်ဦး ဖြစ်သည်။
သို့သော် သူ၏ သိုင်းပညာစွမ်းအားမှာ အလွန်တရာ အစွမ်းထက်လှသဖြင့် မကောင်းမှုမျိုးစုံ ကျူးလွန်ထားသည့်တိုင် မည်သူမျှ သူ့ကို မနှိမ်နင်းနိုင်ခဲ့ကြပေ။ ချွမ်းစန်းဒေသတွင် သူ၏ သွေးဓားဂိုဏ်းမှာ ဗိုလ်ကျစိုးမိုးနေသည်။ အလယ်ပိုင်းဒေသတွင် သိုင်းပညာရှင် မြောက်မြားစွာ ရှိသော်လည်း သွေးဓားဘိုးဘေးမှာ လျှို့ဝှက်စွာ သွားလာတတ်သဖြင့် သူ့ကို သတ်ချင်သည့်တိုင် ခြေရာခံနိုင်ခြင်း မရှိကြပေ။
ချွမ်းစန်းဒေသအထိ သွားရောက်ပြီး သွေးဓားဂိုဏ်းကို နှိမ်နင်းရန် ဟုတ်လား။ မပြောင်စမ်းနဲ့၊ လူတိုင်းမှာ ကိုယ့်အလုပ်နှင့်ကိုယ် အလွန် အလုပ်ရှုပ်နေကြသဖြင့် မည်သူမှ အကျိုးမရှိသည့် အလုပ်မျိုးကို အချိန်ကုန်ခံ လုပ်ဆောင်မည် မဟုတ်ပေ။
အသက်နှင့်လဲရမည့် ရန်ငြိုးကြီးကြီးမားမား မရှိပါက မည်သူမျှ မိုင်ပေါင်းထောင်ချီဝေးသော ချွမ်းစန်းဒေသသို့ သွားရောက်ကာ သွေးဓားဂိုဏ်းဝင်များနှင့် တိုက်ခိုက်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သွေးဓားဂိုဏ်းတွင် သွေးဓားဘိုးဘေး တစ်ဦးတည်းသာ ရှိသည်မဟုတ်ဘဲ ဂိုဏ်းဝင် တပည့် မြောက်မြားစွာ ရှိသည်။ ရန်ရှင်းကျိုး သတ်ဖြတ်ခဲ့သော ကာမရူးကိုယ်တော် ပေါင်ရှန်းမှာ ၎င်းတို့ထဲမှ တပည့်တစ်ဦးသာ ဖြစ်သည်။
သွေးဓားဂိုဏ်းတွင် သိုင်းပညာရှင်များစွာ ရှိသော်လည်း အလယ်ပိုင်းဒေသသို့
လာခဲသဖြင့် သူတို့၏ ကျော်ကြားခြင်း မရှိရုံသာ ဖြစ်သည်။
အကြောင်းအမျိုးမျိုးကြောင့် သွေးဓားဘိုးဘေးသည် ဥပဒေအရ လွတ်လပ်စွာ နေနိုင်ခဲ့သည်။ မူရင်းဇာတ်လမ်းထဲတွင် သူသည် နှင်းဖုံးတောင်တန်း၏ မြေမျက်နှာသွင်ပြင်ကို အသုံးချကာ ကျန်းနန်ဒေသ၏ သူရဲကောင်း လေးဦးထဲမှ သုံးဦးကို တစ်ကိုယ်တည်းသတ်ဖြတ်နိုင်ခဲ့သည်။ နောက်ဆုံး ကျန်ရှိနေသော တစ်ဦးမှာလည်း သူ၏ စိတ်ပညာစစ်ဆင်ရေးအောက်တွင် ကြောက်လန့်တုန်လှုပ်သွားရပြီး စရိုက်လက္ခဏာများ လုံးဝ ပြောင်းလဲကာ စိတ်ထားမြင့်မြတ်သော သူရဲကောင်းတစ်ဦးအဖြစ်မှ ယုတ်မာကောက်ကျစ်သော လူယုတ်မာတစ်ဦးအဖြစ်သို့ ကူးပြောင်းသွားခဲ့ရသည်။
ရန်ရှင်းကျိုးသည် ယခင်က သွေးဓားဘိုးဘေးကို သတ်ရန် မကြံစည်ဝံ့ခြင်းမှာ ရှုံးနိမ့်ပြီး အသတ်ခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။ သို့သော် ယခုအခါတွင်မူ သူ၏ ကျင့်ကြံမှု တိုးတက်လာသည့်အပြင် သူ၏ သတ္တိကိုလည်း လေ့ကျင့်ရန် လိုအပ်နေသဖြင့် သွေးဓားဘိုးဘေးကို မြင်တွေ့လိုက်ရသောအခါ သူ၏ ဓားသွားကို စမ်းသပ်လိုစိတ် ပြင်းထန်လာခဲ့တော့သည်။
တကယ့်ကို သိုင်းအစွမ်းမြင့်လေ ရဲစွမ်းသတ္တိ ရှိလေဟူသော စကားမှာ မှန်ကန်လှသည်။ ယခု သွေးဓားဘိုးဘေးကို တွေ့ရသောအခါ သူ၏ ရင်ထဲ၌ သတ်ဖြတ်လိုစိတ်ပင်ဖြစ်သည်။
ရှေ့တွင် ရှိနေသော သွေးဓားဘိုးဘေးသည် သူ၏ရှေ့ ခြေတွင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး
အော်မေးလိုက်သည်။
“ဟေ့ကောင်လေး... မင်းက ဒီမြို့ကလား”
ကိုယ်တော်အို၏ အသံမှာ ခြောက်ကပ်ပြီး အက်ကွဲနေသော်လည်း ရှင်းပြရခက်သည့် အာဏာစက်ပါဝင်နေသဖြင့် လူကို အလိုလို နားထောင်မိစေသည်။ ရန်ရှင်းကျိုးသည် အနည်းငယ် ကြောင်အမ်းသလို ပြုလုပ်ကာ ပြောလိုက်သည်။
“ဟုတ်ကဲ့... ကျွန်တော် ဒီကပါဗျာ”
သူသည် သွေးဓားဘိုးဘေးသည် မည်သူမည်ဝါဖြစ်ကြောင်း သိရှိသော်လည်း မိမိကိုယ်ကိုယ် သာမန် ချမ်းသာသော သူဌေးသားလေးတစ်ဦးအဖြစ်ဟန်ဆောင်ထားပြီး အသစ်တက်သူဌေးလေးတစ်ဦးအသွင်ဖြင့် တန်ဖိုးကြီးလှသော ပိုးဖဲကတ္တီပါအဝတ်အစားများကို ခပ်ကြွားကြွား ဝတ်ဆင်ထားသည်။
ကိုယ်တော်အိုက မေးမြန်းသည်ကို မြင်သောအခါ သူသည် ကြောင်တောင်တောင် ဖြစ်နေသော စာအုပ်ကြီးသမားပုံစံကို ဖမ်းလိုက်ပြီး ပြောလိုက်သည်။
“ဆရာတော်ကြီး... ဘာကိစ္စရှိလို့လဲခင်ဗျာ”
သွေးဓားဘိုးဘေးက ဖြဲစပ်စပ် ရယ်မောရင်း မေးလိုက်သည်။
“ကောင်လေး... ဒီနားမှာ ဘယ်အိမ်က မိန်းမပျိုလေးတွေ အချောဆုံးလဲကွ။ ပြီးတော့ ဘယ်အိမ်က အချမ်းသာဆုံးလဲ”
ရန်ရှင်းကျိုး စိတ်ထဲမှ တွေးလိုက်သည်။
[ကောင်းပြီ... ဒီလူအိုက ပိုက်ဆံပြတ်ပြီး မိန်းမရှာနေတာပဲ တကယ်လို့ ငါ
သူ့ကို အဝေးကို မျှားမခေါ်သွားရင် ဒီမြို့ထဲက အရပ်သားတွေ
သူ့လက်ချက်နဲ့ ဒုက္ခရောက်ကုန်တော့မှာပဲ]
ထို့ကြောင့် သူက ကြောင်တောင်တောင်ပုံစံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“ချောမောတဲ့ မိန်းမပျိုလေးတွေ ဟုတ်လားခင်ဗျာ။ ကျွန်တော့်မှာ ညီမလေးတစ်ယောက် ရှိတယ်၊ လူတိုင်းကတော့ သူကဒီအနီးအနားမှာ အချောဆုံးပဲလို့ ပြောကြတယ်။ ဆရာတော်ကြီး ပြောနေတာက ကျွန်တော့်ညီမလေးကိုလား မသိဘူး”
သူက ခေါင်းကို ခါယမ်းကာ ပြောလိုက်ပြန်သည်။
“ဘယ်သူက အချမ်းသာဆုံးလဲဆိုရင်တော့ ကျွန်တော့်အိမ်က အချမ်းသာဆုံးပေါ့ခင်ဗျာ။ ကျွန်တော့်အိမ်က ခြံဝင်းထဲမှာ ပုလဲနဲ့ ရတနာတွေ ပြည့်နေတဲ့ ဆာလာအိတ်တစ်အိတ် ရှိတယ်။ အဲဒီထဲက တစ်ပွင့်တည်း ထုတ်ပြီး လဲရင်တောင် ပစ္စည်းတွေအများကြီး ရနိုင်တယ်”
ထိုစကားကို ကြားလိုက်ရသောအခါ သွေးဓားဘိုးဘေးသည် အလွန်တရာ ဝမ်းသာအားရ ဖြစ်သွားသည်။ သူသည် ရန်ရှင်းကျိုးကို အထက်အောက် ကြည့်ရှုကာ ရယ်မောလိုက်သည်။
“ကောင်းလိုက်တာကွာ စာအုပ်ကြီးသမားတစ်ယောက် ဖြစ်နေတာကိုး အဲဒီအပြင် ချမ်းသာတဲ့စာအုပ်ကြီးသမားဖြစ်နေတာ တကယ့်ကို ကံကောင်းတာပဲ”
သူက ထပ်ခါတလဲလဲ ချီးကျူးလိုက်သည်။
“မင်းက ကြောင်တောင်တောင် ဖြစ်နေပေမဲ့ ရုပ်ရည်ကတော့ တော်တော်လေး ချောသားပဲ။ ဒါက မင်းရဲ့ ညီမကလည်း မလွဲမသွေ အလွန်လှပမှာ သေချာတယ်။ ကောင်းတယ် အရမ်းကောင်းတယ် ငါ့ရဲ့ မိန်းမဖူးစာ ကံဇာတာကတော့ ပွင့်ပြီဟေ့”
ထိုသို့ ပြောပြီးနောက် သူက ရယ်မောလျက် ရန်ရှင်းကျိုးကို ပြောလိုက်သည်။
“ကဲ... မင်းအိမ်ကို ငါ့ကို အခုချက်ချင်း ခေါ်သွားစမ်းကွာ”
ရန်ရှင်းကျိုး၏ မျက်နှာပေါ်တွင် တွေဝေဆွံ့အသော ပုံစံကို ဖော်ပြကာ ပြောလိုက်သည်။
“ဘာဖြစ်လို့ ကျွန်တော့်အိမ်ကို သွားမှာလဲ။ ကျွန်တော် အိမ်ကနေ ခုတင်တင်
ထွက်လာတာလေခင်ဗျာ မပြန်ချင်သေးပါဘူး”
သွေးဓားဘိုးဘေးသည် လက်ဖဝါးကို ဆန့်ထုတ်လိုက်ကာ အသာအယာ လှမ်းဖမ်းလိုက်ရုံဖြင့်
ရန်ရှင်းကျိုး၏ လည်ပင်းနောက်ကျောကို ကြက်ပေါက်တစ်ကောင်ကဲ့သို့ မတင်လိုက်ပြီး
ရယ်မောလိုက်သည်။
“မင်း ပြန်ချင်ချင်၊ မပြန်ချင်ချင် ပြန်ရမှာပဲကွ မြန်မြန်ပြောစမ်း... မင်းအိမ်က
ဘယ်မှာလဲ”
သူသည် မူလက ရန်ရှင်းကျိုး၏ ရှေ့တည့်တည့်တွင် ရှိနေခဲ့သော်လည်း လက်ဖြင့်
လှမ်းဖမ်းလိုက်သည့် အခိုက်အတန့်တွင် နောက်ကျောဘက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ရာ သူ၏
ကိုယ်ဖျောက်ကျင့်စဉ်မှာ အလွန်တရာ ဆန်းကြယ်လှပေသည်။
ရန်ရှင်းကျိုးသည် ကိုယ်တော်အို အသုံးပြုလိုက်သော လှုပ်ရှားမှုပုံစံမှာ သွေးဓားကျမ်းထဲရှိ ကျင့်စဉ်ပုံစံများနှင့် တစ်ပုံစံတည်း ဖြစ်သည်ကို မြင်တွေ့လိုက်သည်။ ယခင်က ရန်ရှင်းကျိုးသည် ထိုကျမ်းထဲရှိ လူရုပ်ပုံစံများမှာ အတွင်းအားနှင့် စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်များအတွက်သာ ဖြစ်သည်ဟု ထင်မှတ်ထားခဲ့သည်။ ယခုကဲ့သို့ ကိုယ်ဖျောက်လှုပ်ရှားမှုများတွင် အသုံးချနိုင်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
သွေးဓားဘိုးဘေး၏ ကိုယ်လှည့်ခြင်းနှင့် ဖမ်းယူခြင်းဟူသော ရိုးရှင်းသည့် အကွက်နှစ်ကွက်တည်းတွင်ပင် အလွန်တရာ နက်ရှိုင်းလှသော သိုင်းပညာသဘောတရားများကြောင့် သူသည် မျက်စိပွင့်သွားကာ ရုတ်တရက် သဘောပေါက်သွားတော့သည်။
‘ဒါကိုး ဒီကိုယ်နေဟန်ထားတွေက အတွင်းအားကျင့်စဉ်နဲ့ စိတ်ပိုင်းဆိုင်ရာ
ကျင့်စဉ်တွေအတွက်တင် မကဘဲ သွေးဓားဂိုဏ်းရဲ့ဓားသိုင်းတွေနဲ့ပါ ပေါင်းစပ်နိုင်သလို
ကိုယ်ဖျောက်လှုပ်ရှားမှုတွေမှာပါ အသုံးချနိုင်တာကိုး အံ့မခန်းပဲ...
ဒီသွေးဓားဂိုဏ်းရဲ့ ကျင့်စဉ်က တကယ့်ကို ထူးခြားတဲ့ အားသာချက်တွေ ရှိတာပဲ’
သွေးဓားဘိုးဘေးက သူ့ကို ဖမ်းဆွဲလိုက်စဉ် ရန်ရှင်းကျိုးသည် တစ်ကိုယ်လုံးတွင်
စွမ်းအင်များကို အပြည့်အဝ လည်ပတ်စေခဲ့သည်။ အကယ်၍တစ်ခုခု
မှားယွင်းပါက သူသည် သွေးဓားဘိုးဘေးအား အနီးကပ် ချက်ချင်း တိုက်ခိုက်မည်
ဖြစ်သည်။ ကံကောင်းစွာဖြင့် သွေးဓားဘိုးဘေးသည် သူ့ကို တကယ့်
စာအုပ်ကြီးသမားအစစ်ဟု ထင်မှတ်ထားသဖြင့် လည်ပင်းမှ ကိုင်ကာ ခပ်သာသာ
မတင်လိုက်ပြီး ရယ်မောလိုက်၏။
“ပြောစမ်း... မင်းအိမ် ဘယ်မှာလဲ”
ရန်ရှင်းကျိုးသည် အလွန်တရာ စူးစမ်းလိုစိတ် ဖြစ်ပေါ်နေပုံကို ဟန်ဆောင်ကာ
ခြေပစ်လက်ပစ် လှုပ်ရှားလျက် အော်ဟစ်လိုက်သည်။
“တကယ့်ကို စိတ်ဝင်စားစရာပဲ တကယ့်ကို စိတ်ဝင်စားစရာပဲခင်ဗျာ ဆရာတော်ကြီးက
ဒီလောက်အထိ ပိန်လှီခြောက်ကပ်နေတာကို ဒီလောက် အားအင်ကြီးတာပဲ။
နောင်ကျရင် ထင်းခုတ်ရေခပ်ဖို့ တကယ့်ကို လူတော်ကြီးပဲခင်ဗျာ”
သွေးဓားဘိုးဘေးသည် ရန်ရှင်းကျိုး ကြောက်ရွံ့ခြင်း မရှိသည်ကို မြင်သောအခါ
ရယ်ချင်မိသွားသည်။
“တောက်... စာဖတ်လွန်းရင် တကယ်ကို မကောင်းဘူး၊ စာတွေအများကြီးဖတ်ရင် တကယ့်ကို အရူး
ဖြစ်သွားတာပဲ”
သူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“မင်းအိမ်က ဘယ်မှာလဲဆိုတာ မြန်မြန်ပြောစမ်း၊ ခဏနေရင် ပိုပြီး စိတ်ဝင်စားစရာ
ကောင်းတဲ့အရာတွေ ဖြစ်လာတော့မှာ”
ရန်ရှင်းကျိုးက ပြောလိုက်သည်။
“ဟိုအရှေ့နားမှာတင်ပါခင်ဗျာ! မြို့ပြင်က တောင်ကုန်းဘေးနားမှာ ခြံဝင်းလေးတစ်ခု
ရှိတယ်။ အဲဒါ ကျွန်တော့်အိမ်ပဲ”
သွေးဓားဘိုးဘေးသည် သံသယဝင်သွားသည်။
“မင်းအိမ်က ဒီလောက်ချမ်းသာရင် မြို့ထဲမှာပဲ နေရမှာပေါ့။ ဘာလို့ မြို့ပြင်မှာ
သွားနေရတာလဲ။ ဘယ်သူက ဒီလို လူသူပြတ်တဲ့နေရာမှာ သွားနေမှာလဲ”
ရန်ရှင်းကျိုးက အူတူတူပုံစံဖြင့် ပြောလိုက်သည်။
“အဲဒါ ကျွန်တော် စာကြည့်တဲ့နေရာလေခင်ဗျာ”
သွေးဓားဘိုးဘေးသည် ရုတ်တရက် သဘောပေါက်သွားသည်။
[ဒါကိုး၊ ဒီအရူး စာကြည့်ဖို့နဲ့ အေးအေးဆေးဆေး ပုန်းအောင်းဖို့ နေရာပဲ။ ဒါပေမဲ့
ဒီလောက်အထိ မိုက်မဲနေမှတော့ ဘယ်လောက်ပဲ တိတ်ဆိတ်တဲ့နေရာမှာ နေနေ
စာတတ်လာမှာ မဟုတ်ဘူး]
ထို့နောက် သူကထပ်မေးလိုက်ပြန်သည်။
“မင်းပြောတဲ့ ညီမလေးနဲ့ ရတနာတွေကလည်း အဲဒီခြံဝင်းထဲမှာပဲ ရှိတာလား”
ရန်ရှင်းကျိုးက ပြောလိုက်သည်။
“ဟုတ်ပါတယ်ခင်ဗျာ ညီမလေးက နေ့ဘက်ဆိုရင် အိမ်ပြန်သွားတတ်ပြီး ညဘက်ကျမှ လာကြည့်ပေးတာ။ ရတနာအိတ်ကတော့ ခြံထဲမှာပဲ တန်းတင်ထားတာပါ၊ ကျွန်တော် အိမ်ထဲကို သယ်ဖို့ ပျင်းလို့ဗျာ”
သွေးဓားဘိုးဘေးသည် ယုံတဝက်မယုံတဝက် ဖြစ်သွားပြီး စိတ်ထဲမှ စဉ်းစားမိလိုက်သည်။
[ဒီအရူး ပြောနေတာတွေက ရှေ့နောက်မညီဘူး။ ဘယ်သူက ရတနာအိတ်ကို ခြံထဲမှာ
ဒီအတိုင်း ပစ်ထားပါ့မလဲ။ ဒါပေမဲ့ သွားကြည့်တာ ဘာမှ နစ်နာစရာမရှိဘူး
တကယ်လို့ သူပြောတာ မှားနေရင်တော့ သူ့ကို ဓားတစ်ချက်တည်းနဲ့
သတ်ပစ်လိုက်ရုံပဲ]
သူ ဆုံးဖြတ်ပြီးနောက် ရယ်မောလိုက်သည်။
“ခဏနေလို့ ရတနာတွေ မရှိဘူးဆိုရင်တော့ ဒီကိုယ်တော်က မင်းကို လွှတ်ထားမှာ
မဟုတ်ဘူးနော်”
သူ့ခန္ဓာကိုယ်မှာ ပိန်ပြီး ဝတ်ရုံမှာလည်း ပွပွကြီးဖြစ်သဖြင့် လေတိုက်ပါက
လွင့်သွားတော့မည့်ပုံရှိသည်။ ရန်ရှင်းကျိုးမှာမူ အရပ် ခုနစ်ပေကျော်
မြင့်မားပြီး အနည်းဆုံး ပိဿာချိန် ကိုးဆယ်ခန့် လေးလိမ့်မည်။
သို့သော် ထိုအခိုက်အတန့်တွင် သွေးဓားဘိုးဘေးသည် ရန်ရှင်းကျိုးကို
လက်တစ်ဖက်တည်းဖြင့် ကြက်ကလေးတစ်ကောင်လို မတင်ထားပြီး အနည်းငယ်မျှပင် ပင်ပန်းပုံမရပေ။
ကိုယ်တော်အို၏ လှုပ်ရှားမှုမှာ မြန်ဆန်လှသည်။ ခဏအတွင်းမှာပင် သူသည်
မြို့ကိုကျော်ကာ ရန်ရှင်းကျိုး၏ ခြံဝင်းဆီသို့ ရောက်ရှိသွားတော့သည်။ ပျက်စီးနေသော
ခြံတံခါးကို ကြည့်ကာ သံသယရှိစွာ မေးလိုက်သည်။
“ဒါက မင်းရဲ့ ခြံလား။ ဘာလို့ ဒီလောက်တောင် ပျက်စီးနေရတာလဲ”
ထိုသို့ ပြောရင်း သူက တံခါးကို အသာအယာ ကန်လိုက်သည်။
ဂျွတ်...
ကျယ်လောင်သော ကွဲသံနှင့်အတူ သော့ခလောက်မှာ ပြုတ်ကျသွားပြီး သော့ကွင်းမှာလည်း ကွဲသွားတော့သည်။ ရန်ရှင်းကျိုးသည် စိတ်ထဲမှ ချီးကျူးလိုက်မိသည်။
[အံ့မခန်းစရာ အတွင်းအားနဲ့ အစွမ်းပဲ]
တံခါးကို ကန်ဖွင့်ပြီး သော့ခလောက်ကို အတွင်းအားဖြင့် ဖြတ်တောက်ခြင်းကို
ရန်ရှင်းကျိုးလည်း ပြုလုပ်နိုင်သည်။ သို့သော် သွေးဓားဘိုးဘေးလို အသာအယာ
ကန်လိုက်ရုံဖြင့် အသံမထွက်ဘဲ သော့ကွင်းကို ကြေမွသွားစေခြင်းမျိုး (ခြံတံခါး၏ အောက်ခြေကို
ကန်လိုက်သော်လည်း အလယ်တည့်တည့်ရှိ သော့ခလောက်ကို ကြေမွသွားစေခြင်းမျိုး) မှာ
အတွင်းအားကို ပြောင်မြောက်စွာ အသုံးချနိုင်ခြင်း ဖြစ်ပြီး ရန်ရှင်းကျိုးအနေဖြင့် လောလောဆယ်တွင်
ထိုသို့သော အဆင့်အတန်းမျိုးမရောက်ရှိသေးပေ။
တံခါးကို ကန်ဖွင့်ပြီးနောက် သွေးဓားဘိုးဘေးသည် ခြံထဲသို့ ဝင်သွားခဲ့သည်။
သူ ခြံအတွင်းရှိ ပရိဘောဂများကို မြင်တွေ့လိုက်ရသောအခါ စိတ်ပျက်သွားမိသည်။
“တောက်... ဒီလို စုတ်ပြတ်နေတဲ့ အိမ်ထဲမှာ ဘယ်လိုမျိုး ရတနာနဲ့ ငွေကြေးတွေ
ရှိနိုင်ပါ့မလဲ။ ကောင်လေး... မင်းက ငါ့ကို လိမ်ရဲတယ်ပေါ့....ဟမ်....
မင်းခန္ဓာကိုယ် နှစ်ပိုင်းပြတ်အောင် ခုတ်ပစ်... ဟင် ဒါက ဘာလဲ”
ဒေါသထွက်ရန် ပြင်လိုက်စဉ်မှာပင် ခြံထဲရှိ သစ်ပင်အောက်တွင် ဖွင့်ထားပြီးသား
ဆာလာအိတ်တစ်အိတ်ကို မြင်လိုက်ရသည်။ ထိုအချိန်တွင် နေသာနေသဖြင့် ဆာလာအိတ်ထဲမှ
အရောင်အဝါများ လွင့်ပျံနေသည်။
သွေးဓားဘိုးဘေးသည် လုယက်တိုက်ခိုက်ခြင်း အတွေ့အကြုံများသော ဓားပြဟောင်းတစ်ဦး
ဖြစ်သဖြင့် ရွှေ၊ ငွေနှင့် ကျောက်သံပတ္တမြားများကို အကောင်းဆုံး သိရှိသူ ဖြစ်သည်။
ရောင်ပြန်ဟပ်နေသော အလင်းများကို မြင်တွေ့လိုက်ရသောအခါ သူသည် ထူးခြားသောအရာကို
ချက်ချင်း ရိပ်မိသွားသည်။ သူသည် အတော်လေးအံ့အားသင့်သွားပြီး အိတ်
ရှေ့သို့ အလျင်အမြန် လျှောက်သွားကာ ကြည့်ရှုလိုက်ရာ မအော်ဘဲ မနေနိုင်တော့ချေ။
“တောက်... တကယ်ပဲ ရတနာတွေ ပြည့်နေတဲ့ အိတ်ကြီးတစ်အိတ်ပဲကွ”
***