← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

ပြိုင်ဖက်ကင်းဓားသမား

အခန်း (၁၉) - လှိုင်းတံပိုး မိုင်သောင်းချီ၊ ရေဆန်လှေလှော်ခြင်း

ခြံအတွင်းရှိ သစ်ပင်အောက်မှ ဆာလာအိတ်ထဲတွင် ရှိနေသော ရတနာများမှာ

ရန်ရှင်းကျိုးက ထျန်းနဉ်ကျောင်းတော်ရှိ ရွှေကိုယ်ထည်

ဗုဒ္ဓရုပ်ပွားတော်ကြီးအတွင်းမှ ထုတ်ယူလာခဲ့ခြင်း ဖြစ်သည်။

သယ်ဆောင်လာခဲ့သည်မှာ မကြာသေးသည့်အပြင် သူကိုယ်တိုင်လည်း

ရတနာများအပေါ် စိတ်ဝင်စားမှု လျော့ပါးနေခဲ့သောကြောင့် အဆိပ်ချွတ်ရန်ပင် အဖတ်မလုပ်တော့ဘဲ

သိုင်းကျင့်စဉ်များကိုသာ အာရုံစိုက်နေခဲ့သဖြင့် ခြံဝင်းထဲ ဒီအတိုင်းပစ်ထားခဲ့ခြင်း ဖြစ်သည်။

ကြောင်မျက်လုံးကျောက်များ၊ ကျောက်သံပတ္တမြားများနှင့် ပုလဲများပေါ်တွင်

ပြင်းထန်သော အဆိပ်များ သုတ်လိမ်းထားသည်။ အကယ်၍ သူခိုးတစ်ယောက်ယောက်က ခြံဝင်းထဲသို့

ဝင်ရောက်ခိုးယူပါက ခဏချင်းအတွင်းမှာပင် မလွဲမသွေအဆိပ်သင့်သွားပေမည်။ ထို့ကြောင့်

၎င်းတို့ကို ခြံထဲတွင် ပစ်ထားခြင်းမှာ အခိုးခံရမည်ကို စိုးရိမ်စရာ မလိုပေ။

သူက သွေးဓားဘိုးဘေးအား မိမိအိမ်၌ ရွှေပုလဲများနှင့် ရတနာများ ရှိကြောင်း

ပြောခဲ့ခြင်းမှာ သွေးဓားဘိုးဘေးသတိလက်လွတ်ဖြစ်နေချိန်တွင် အဆိပ်ရှိသော

ရွှေပုလဲ၊ ကျောက်စိမ်း၊ ကြောင်မျက်လုံးကျောက်များနှင့် အခြားရတနာများကို

ကိုယ်တိုင် ကိုင်တွယ်မိစေရန် အကွက်ချခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ကိုယ်တော်အိုက

ဆာလာအိတ်ထဲရှိ ရတနာများကို တွေ့ရှိသွားသည်ကို မြင်သောအခါ သူသည်

စိတ်ထဲမှ ဝမ်းသာသွားမိသည်။

“မင်း တွေ့ပြီဆိုမှတော့ အနည်းဆုံးတော့ ကိုင်မိမှာပဲ။ မင်းအဆိပ်သင့်မသင့် ငါကြည့်ရသေးတာပေါ့”

သွေးဓားဘိုးဘေးသည် ဆာလာအိတ်အတွင်းသို့ ငုံ့ကြည့်လိုက်ရာ ပုလဲများနှင့်

ကျောက်သံပတ္တမြားများ၏အရောင်အဝါကြောင့် မျက်စိပင်ကျိန်းသွားမိသည်။ စုတ်ပြတ်နေသော

ဆာလာအိတ်အစုတ်အတွင်း သူ့တစ်သက်တာတွင် တစ်ခါမှ မမြင်ဖူးသေးသော ဧရာမစည်းစိမ်ဥစ္စာများ

ရှိနေမည်ဟုမထင်ထားခဲ့ပေ။

အိတ်အတွင်းရှိ ပစ္စည်းများကို မြင်လိုက်ရသောအခါ ပထမဦးဆုံးသူသည်

မိမိကိုယ်ကိုယ် မျက်စိမှုန်နေသည်ဟု ထင်မှတ်ကာ မယုံနိုင်အောင်

ဖြစ်မိသည်။ သူသည် သေချာစွာ ထပ်မံကြည့်ရှုပြီးနောက် မမှားနိုင်ကြောင်း အတည်ပြုနိုင်မှသာ

ရင်ထဲ၌ အတိုင်းအဆမရှိသော လောဘဇောများ ပေါက်ကွဲထွက်လာတော့သည်။

“တောက်... တကယ်ပဲ ရတနာတွေ ဒီလောက်အများကြီး ရှိတာပဲ”

သူသည် အိတ်ထဲသို့ လက်လှမ်းကာ ချိုးဥခန့်ရှိသော စိန်ပွင့်ကြီးတစ်ပွင့်ကို

ဆွဲထုတ်လိုက်ပြီး နေရောင်အောက်တွင် သေချာစွာ

လှည့်ပတ်ကြည့်ရှုရင်း မျက်ဝန်းများတွင် မူးယစ်ရူးသွပ်ရိပ်များ ထင်ဟပ်လျက် ရေရွတ်လိုက်သည်။

“ကောင်းလှချည်လား တကယ့်ရတနာပဲကွ ငါ ချွမ်းစန်းဒေသမှာ နှစ်အကြာကြီးရှိတုန်းက

လူတွေငါ့ကို ရတနာတွေ ဆက်သခဲ့ကြပေမဲ့ အဲဒီရတနာအားလုံး ပေါင်းရင်တောင်

ဒီကျောက်မျက်ရတနာတစ်ပွင့်တည်းကို မီမှာ မဟုတ်ဘူး”

ရန်ရှင်းကျိုးသည် ဘေး၌ ကြောင်အမ်းအမ်းပုံစံဖြင့် ရပ်နေရင်း ပြောလိုက်သည်။

“ဆရာတော်ကြီး... ကျွန်တော် ပြောတာ မမှားဘူးမလား။ ဒီအိတ်ထဲက ရတနာတစ်ပွင့်တည်း

ထုတ်ပြီး လဲရင်တောင် ပိုက်ဆံအများကြီး ရနိုင်တယ်”

သွေးဓားဘိုးဘေးသည် ထိုစိန်ပွင့်ကြီးကို သူ၏ ဝတ်ရုံအတွင်းသို့ အသာအယာ

ထည့်လိုက်ပြီး ရန်ရှင်းကျိုးအား လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။

“မင်း ငါ့ကို မလိမ်ပါဘူး မင်းပြောတာ မှန်တယ် ဒီမှာ တကယ်ပဲ ပုလဲတွေနဲ့ ရတနာတွေ

ပြည့်နေတဲ့ အိတ်ကြီးတစ်အိတ် ရှိတာပဲ”

သူသည် အိတ်ထဲသို့ နောက်တစ်ကြိမ် လက်လှမ်းကာ အပြစ်အနာအဆာကင်းစင်သော

ကျောက်စိမ်းပြားတစ်ချပ်ကို ထပ်မံဆွဲထုတ်လိုက်ရာ အသက်ရှူသံပင် အနည်းငယ် ပြတ်တောက်သွားပြီး ရေရွတ်လိုက်ပြန်သည်။

“တောက်... ဒီကျောက်စိမ်းပြားကလည်း တကယ့်ကို ကောင်းလွန်းတယ်”

ထို့နောက် သူသည် သေတ္တာအသေးလေးတစ်လုံးကို ထုတ်ယူကာ ဖွင့်ကြည့်လိုက်ရာ

လက်ရာမြောက်လှသော ရွှေဆင်းတုတော်လေးတစ်ဆူကို

မြင်တွေ့လိုက်ရသဖြင့် ချီးကျူးမိပြန်သည်။

“တောက်... ဒီရွှေဆင်းတုတော်လေးကလည်း တကယ့်ကို ထူးခြားပြောင်မြောက်လှပေစွ”

သူသည် ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်တိုင်း “တောက်...” ဟု မြည်တမ်းလျက် လောဘဇောများ

ပိုမိုပြင်းထန်လာခဲ့သည်။ သို့သော် သူ ရန်ရှင်းကျိုးကို ကြည့်လိုက်သော

အကြည့်မှာမူ တစ်စတစ်စ ပိုမို ရက်စက်ယုတ်မာလာခဲ့၏။ သူက စိတ်ထဲမှ

တွေးတောမိသည်။

[အခု ရတနာတွေကို ရပြီဆိုမှတော့ ဒီစာအုပ်ကြီးသမားကို ချန်ထားစရာ မလိုတော့ဘူး။ သူ့ကို

သတ်ပစ်လိုက်ရုံပဲ ဒါပေမဲ့ သူ့မှာ ညီမလေးတစ်ယောက် ရှိသေးတယ်ဆိုတော့

ချက်ချင်းသတ်ဖို့ မလောသေးပါဘူး။ သူ့ညီမ ရောက်လာပြီး ငါ အဝပျော်ပါးပြီးမှ

သူတို့မောင်နှမနှစ်ယောက်စလုံးကို တစ်ပြိုင်နက်တည်း သတ်ပစ်လိုက်မယ်။ ဒါကမှ တကယ့်ကို အရသာရှိမှာ]

သူသည် ဤသို့ တွေးတောရင်း မျက်နှာတွင် အပြုံးအတုကို ဆင်ပြင်လျက် မေးလိုက်သည်။

“ကောင်လေး... မင်းညီမက အိမ်ကို ဘယ်အချိန်လောက် ပြန်လာမှာလဲ”

ရန်ရှင်းကျိုးသည် သူ၏ အမူအရာကို အကဲခတ်လျက် ထိုသူသည် မိမိအပေါ် သတ်ဖြတ်လိုစိတ်

ဖြစ်ပေါ်နေသည်ကို ကောင်းစွာ ရိပ်မိသွားသည်။ သူသည် စိတ်ထဲမှ တိတ်တဆိတ်

ပြင်ဆင်လိုက်ပြီး အူတူတူပုံစံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

“နောက်ထပ် တစ်နာရီလောက်ဆိုရင် ရောက်လာပါလိမ့်မယ်ခင်ဗျာ”

တစ်နာရီဟူသော အချိန်မှာ အလွန်တရာ ကြာမြင့်လှသည်မဟုတ်ရာ သွေးဓားဘိုးဘေးသည်

စိုးရိမ်စရာ မရှိချေ။ သူသည် အိတ်ထဲမှ ပစ္စည်းများကို

တစ်ခုပြီးတစ်ခု ထုတ်ယူလျက် စိတ်ကြိုက် ကစားနေပြီး လောဘဇောများ

ပြင်းထန်လာကာ တစ်ကိုယ်တည်း တီးတိုးရေရွတ်နေမိသည်။

“တကယ့် ရတနာပဲကွ တကယ့် ရတနာပဲ”

သူ ရေရွတ်နေရင်းနှင့် သူ၏ အမူအရာမှာ တစ်စတစ်စ ပိုမိုရူးသွပ်လာပြီးနောက် ရုတ်တရက်

ပါးစပ်ကို ဟကာ လက်ထဲရှိ ရွှေဆင်းတုတော်လေးကို ကိုက်ခဲလိုက်တော့သည်။

ဂျွတ်...

ကျယ်လောင်သော ကွဲအက်သံနှင့်အတူ ရွှေဆင်းတုတော်၏ ဦးခေါင်းပိုင်းမှာ

ပြတ်တောက်သွားသော်လည်း သူ၏ သွားများမှာလည်း

ပြင်းထန်စွာ နာကျင်သွားရသည်။ သို့သော် နာကျင်မှုကြောင့် သူ၏ စိတ်များ ချက်ချင်း

လန်းဆန်းသွားကာ လက်ရှိအခြေအနေကို သတိဝင်လာတော့သည်။ သူသည် ခန္ဓာကိုယ်အတွင်းရှိ

စွမ်းအင်များကို လည်ပတ်၍ စစ်ဆေးကြည့်လိုက်ရာ ချက်ချင်းပင်ထိတ်လန့်တုန်လှုပ်သွားရသည်။

“မကောင်းတော့ဘူး ဒီရတနာတွေပေါ်မှာ ပြင်းထန်တဲ့ အဆိပ်တွေ သုတ်လိမ်းထားတာပဲ ငါ

အလိမ်ခံလိုက်ရပြီ”

ထိုအခိုက်အတန့်တွင် သူ၏မျက်စိရှေ့တွင် ဖြူဖွေးသော အလင်းတန်းတစ်ခု လျှပ်ခနဲ

ဖြတ်ပြေးသွားပြီး လေထဲတွင် ဓားခုတ်သံ စူးရှစွာ ပေါ်ထွက်လာသည်။ ယခင်က ကြောင်အမ်းအမ်း

ဖြစ်နေသော ထိုစာအုပ်ကြီးသမားမှာ မည်သည့်အချိန်ကတည်းက

သူ၏ရှေ့သို့ ရောက်ရှိနေသည်မသိဘဲ ဓားရှည်ကို ဆွဲထုတ်ကာ သူ၏ လည်ပင်းဆီသို့

အားပြင်းစွာ ခုတ်ချလိုက်ခြင်း ဖြစ်သည်။

သွေးဓားသည် အော်ဟစ်လျက် အတင်းအကျပ် ရှောင်တိမ်းရန်

ကြိုးစားလိုက်သည်။ သို့သော် သူ၏ စွမ်းအင်များကို လည်ပတ်ရန်

ကြိုးစားလိုက်စဉ်မှာပင် ခန္ဓာကိုယ်အတွင်း၌ စွမ်းအင်များ ဆုံးရှုံးနေပြီး

ခြေလက်များမှာလည်း အားကုန်ကာ နုန်းချည့်နေသည်ကို

ခံစားလိုက်ရသည်။ သူသည် ခန္ဓာကိုယ်ကို အနည်းငယ် စောင်းလိုက်နိုင်သော်လည်း

ထိုတိုက်ခိုက်မှုကို လုံးဝ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။

ရွှပ်...

သွေးစက်များ ဝေါခနဲ ပန်းထွက်သွားတော့သည်။ သူသည် အချိန်မီ မရှောင်တိမ်းနိုင်ခဲ့သဖြင့်

သူ၏ ဘယ်ဘက်လက်မောင်းမှာ ပခုံးဆစ်မှတစ်ဆင့် ရန်ရှင်းကျိုး၏ ဓားချက်အောက်တွင်

ပြတ်တောက်သွားပြီဖြစ်သည်။

သွေးဓားဘိုးဘေးသည် ပြင်းထန်လှသော လက်ပြတ်ဒဏ်ရာ၏ နာကျင်မှုကို အသုံးချကာ

သတိပြန်ဝင်လာပြီး အော်ဟစ်ငိုယိုလျက် ခြံဝင်းဝင်ပေါက်ဆီသို့

အသက်လုကာ အတင်း ထွက်ပြေးတော့သည်။ သူသည် ပြေးလွှားရင်း စူးရှစွာ ဟိန်းဟောက်လိုက်သည်။

“တောက်... တကယ့်ကို ယုတ်မာတဲ့ လှည့်ကွက်ပဲ ကောင်လေး... မင်းနာမည် ဘယ်လိုခေါ်လဲ”

ဓားတစ်ချက်တည်းနှင့် အောင်မြင်မှုရရှိခဲ့ပြီးနောက် ရန်ရှင်းကျိုးသည် ရပ်တန့်မသွားပေ။ သူသည် ခြေလှမ်းကျဲကြီးများဖြင့် နောက်မှ ထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ငါ့နာမည် ရန်ရှင်းကျိုးကွ... လှိုင်းတံပိုး မိုင်သောင်းချီ၊ ရေဆန်လှေလှော်ခြင်း

ပဲ”

သူ ပြောဆိုနေစဉ်မှာပင် သူ၏ ခြေလှမ်းများမှာ လုံးဝ ရပ်တန့်မသွားဘဲ လက်ထဲရှိ

ဓားရှည်ဖျားက သွေးဓားဘိုးဘေး၏ နှလုံးဆီသို့ တည့်တည့်မတ်မတ် အမြဲ ဦးတည်နေသည်။

သွေးဓားဘိုးဘေး၏ ပြတ်တောက်သွားသော ဘယ်ဘက်လက်မောင်းဆစ်မှ သွေးများ အဆက်မပြတ်

ထွက်နေသည်။ လက်မောင်းတစ်ဖက် ပြတ်နေသဖြင့်

လမ်းလျှောက်ပြေးလွှားရာတွင် ဟန်ချက်ပျက်ယိုင်နေသည်။

ထို့ပြင် အဆိပ်မှာလည်း ခန္ဓာကိုယ်အတွင်း ပျံ့နှံ့နေသဖြင့်

သူ၏ အားအင်အများစု ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ ရန်ရှင်းကျိုးနှင့်

ရင်ဆိုင်ရလျှင် သူသည် ခုခံရန်သာ တတ်နိုင်ပြီး

တန်ပြန်တိုက်ခိုက်ရန် အင်အား မရှိတော့ပေ။

ရန်ရှင်းကျိုး၏ လက်ထဲမှ လွတ်မြောက်ရန်ပင် အလွန် ခက်ခဲနေတော့သည်။

သူတို့နှစ်ဦးမှာ တစ်ဦးက လိုက်၊ တစ်ဦးက ပြေးရင်း အကွာအဝေးမှာ ပိုမိုနီးကပ်လာသည်ကို

မြင်သောအခါ ရန်ရှင်းကျိုးသည် ရှေ့သို့ အလျင်အမြန် လှမ်းဝင်လျက် “ဝှစ်...

ဝှစ်... ဝှစ်...” ဟူသော အသံများနှင့်အတူ သုံးချက်ဆင့် တိုက်ခိုက်လိုက်တော့သည်။

နောက်ဆုံးတွင် နှေးကွေးသွားသဖြင့် ရန်ရှင်းကျိုး၏

ခြေကန်ချက်က သူ၏ ဆီးခုံအောက်ပိုင်းဆီသို့ ကျရောက်သွားတော့သည်။ သူသည် နာကျင်စွာ

အော်ဟစ်လျက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ရသည်။

ရန်ရှင်းကျိုးသည် ရယ်မောလျက် အနားသို့ ကပ်သွားကာ လက်ထဲရှိ

ဓားဖြင့် သွေးဓားဘိုးဘေး၏ ရင်ဘတ်ထဲကို ထိုးသွင်းလိုက်သည်။ ဓားဖျားက ရင်ဘတ်ကို

ဖောက်ဝင်တော့မည့် ဆဲဆဲတွင်ပင် မျက်စိရှေ့၌ နီရောင်အလင်းတန်းတစ်ခု လျှပ်ခနဲ

ပေါ်ထွက်လာသည်။

ရန်ရှင်းကျိုး၏ ဓားမှာ ချက်ချင်းပင် နှစ်ပိုင်းကျိုးသွားတော့သည်။ သူ၏ ခန္ဓာကိုယ်ကို နောက်သို့

အမြန်ကွေးညွတ်လိုက်သဖြင့် အရေးကြီးသော အခိုက်အတန့်တွင်

ထိုအနီရောင်အလင်းတန်း၏ ဘေးတိုက်ခုတ်ချက်ကို သီသီလေး

ရှောင်တိမ်းနိုင်ခဲ့သည်။

သူသည် အနောက်သို့ ဆုတ်ခွာပြီး ကြည့်လိုက်ချိန်တွင် သွေးဓားဘိုးဘေး၏ လက်ထဲ၌

မည်သည့်အချိန်ကတည်းက ဆွဲထုတ်လိုက်သည်မသိရသော

အနီရောင်ဓားမြှောင်တစ်လက်ကို မြင်တွေ့လိုက်ရသည်။ ဓားသွားမှာ မှိန်ဖျော့သော

သွေးရောင်အလင်းတန်းများ လင်းလက်နေပြီး

သူ၏လက်ထဲတွင် သက်ရှိသတ္တဝါတစ်ကောင်လို တုန်ခါနေသည်။ တကယ်တော့

ပျော့ပျောင်းလှသော ဓားတစ်လက် ဖြစ်သည်။

ခုနတင်က ပေါ်ထွက်လာသော နီရောင်အလင်းတန်းမှာ ဤသွေးဓားပင် ဖြစ်ပြီး ရန်ရှင်းကျိုး၏

လက်ထဲရှိ ဓားရှည်မှာလည်း ဤဓားသွားအောက်တွင် ပြတ်တောက်သွားခြင်း ဖြစ်ပေသည်။

“ဒါက သွေးဓားဂိုဏ်းရဲ့ ဂိုဏ်းစောင့် နတ်ဘုရားလက်နက်လား” ရန်ရှင်းကျိုးသည်

သွေးဓားဘိုးဘေး၏ လက်ထဲရှိ သွေးဓားကို ကြည့်ကာ ရယ်မောလိုက်သည်။ “ဒီဓားက

တကယ့်ကို ထူးခြားလွန်းတာပဲ”

ထိုစဉ်မှာပင် လေပြေတစ်ချက် တိုက်ခတ်သွားရာ ရန်ရှင်းကျိုး၏

အင်္ကျီရင်ဘတ်စမှာ ပြဲသွားပြီး အပေါက်ကြီးတစ်ခု ဖြစ်သွားသည်။ ခုနက ဓားချက်ကိုသာ စက္ကန့်ဝက်မျှ

ပိုမို နှေးကွေးခဲ့ပါက ဗိုက်ပွင့်သွားမည့် အခြေအနေဖြစ်သွားလိမ့်မည်။

သွေးဓားဘိုးဘေးသည် သွေးဓားကို ကိုင်ဆောင်လျက် ရန်ရှင်းကျိုးအား သံသယစိတ်များဖြင့်

စိုက်ကြည့်ကာ မေးလိုက်သည်။

“ရန်ရှင်းကျိုး ဟုတ်လား။ ကောင်လေး... မင်းက မကြာခင်က ကျင်းကျိုးမြို့ဝန်

လင်ထွေးစိကို သတ်ခဲ့တဲ့ ရန်ရှင်းကျိုးလား။ လွန်ခဲ့တဲ့ ရက်ပိုင်းတွေမှာ မင်းရဲ့ နာမည်ကို ငါ ခဏခဏ

ကြားခဲ့ရတယ်။ မင်းက ဒီမှာ ပုန်းနေတာကိုး တောက်... ငါ့တပည့် ကာမရူးကိုယ်တော် ပေါင်ရှန်းကို

သတ်လိုက်တဲ့သူကလည်း မင်းပဲမလား”

ယခုအခါ ကျန်းဟူလောကအတွင်း နာမည်အကျော်ကြားဆုံး ပုဂ္ဂိုလ်များထဲတွင် ပထမဆုံးမှာ

ဒင်ဒီယန် ဖြစ်ပြီး ဒုတိယမှာ ရန်ရှင်းကျိုး ဖြစ်ပေသည်။ သွေးဓားဘိုးဘေးသည်

ကျန်းနန်ဒေသသို့ စတင်ဝင်ရောက်လာစဉ်က မူလက ဒင်ဒီယန်အတွက် ရည်ရွယ်ခဲ့ခြင်း

ဖြစ်သော်လည်း ရန်ရှင်းကျိုး၏ နာမည်ကို အဆက်မပြတ် ကြားခဲ့ရသည်။

ယခုအခါ ရန်ရှင်းကျိုးက မိမိ၏ နာမည်ကို ကိုယ်တိုင် ထုတ်ဖော်ပြောကြားသည်ကို

မြင်သောအခါ သူသည် တုန်လှုပ်သွားပြီး သဘောပေါက်သွားတော့သည်။

[ဒီကောင်လေးက ဒီလောက်အထိ ကြီးမားတဲ့ ပြဿနာတွေကို ရှာရဲတာကို ကြည့်ရင် တကယ်ပဲ

စွမ်းရည်ရှိတာပဲ။ သူက ဘယ်လို တရားမျှတတဲ့ ဂိုဏ်းက တပည့်နဲ့မှ မတူဘူး...

တကယ့်ကို ရက်စက်ယုတ်မာပြီး ငါ့လို ကိုယ်တော်အိုကြီးကိုတောင် သေလုမတတ်

လှည့်စားသွားနိုင်ခဲ့တာပဲ]

***

All Chapters