← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

ပြိုင်ဖက်ကင်းဓားသမား

အခန်း (၂၀) - ထွက်ပြေးခြင်းသည် အကောင်းဆုံးဗျူဟာ

နာမည်ကျော်ဂိုဏ်းကြီးများမှ သိုင်းပညာရှင်များသည် ရန်သူနှင့် တိုက်ခိုက်ရာတွင်

ကျန်းဟူလောက စည်းမျဉ်းများကို လိုက်နာလေ့ရှိကြသည်။ သူတို့သည်

သွေးဓားဘိုးဘေးကဲ့သို့သော လူယုတ်မာနှင့် ရင်ဆိုင်ရလျှင်ပင်

အုပ်စုဖွဲ့၍ ပွင့်လင်းရိုးသားစွာ တိုက်ခိုက်လေ့ရှိပြီး ကောက်ကျစ်စဉ်းလဲသော

ချောင်းမြောင်းတိုက်ခိုက်မှုများကို ပြုလုပ်ခဲလှသည်။ ထိုသို့သော

နည်းလမ်းမျိုးဖြင့် ရန်သူကို ဒဏ်ရာရစေခဲ့လျှင်ပင် မိမိတို့၏

တကယ့်စွမ်းရည်ကို ပြသရာမရောက်ဘဲ သူတပါး၏ လှောင်ပြောင်စရာသာ

ဖြစ်လာပေလိမ့်မည်။

သို့သော် ရန်ရှင်းကျိုးကမူ ထိုအရာများကို အရေးမစိုက်ပေ။

ယခုတစ်ကြိမ် သွေးဓားဘိုးဘေးနှင့် ဆုံတွေ့စဉ်ကတည်းက သူသည် ပွင့်လင်းစွာ

တိုက်ခိုက်အနိုင်ယူရန် လုံးဝ မရည်ရွယ်ခဲ့ပေ။ ရုတ်တရက်

ချောင်းမြောင်းတိုက်ခိုက်ပြီး သူ့ကို သတ်ဖိုကိုသာ

တွေးတောနေခဲ့ခြင်း ဖြစ်သည်။ အခွင့်ကောင်းကို

အသုံးချကာ သွေးဓားဘိုးဘေးအား မိမိ၏ ခြံဝင်းထဲသို့ မျှားခေါ်ပြီး

ရွှေပုလဲများနှင့် ရတနာများကို ကိုင်တွယ်စေခဲ့သဖြင့်

သွေးဓားဘိုးဘေးမှာ အဆိပ်သင့်သွားခဲ့ရသည်။ အဆိပ်အာနိသင်

ပျံနှံ့လာမှုကြောင့် ကိုယ်တော်အို၏ သိုင်းစွမ်းရည်မှာ

ဆယ်ပုံတစ်ပုံပင် မရှိတော့ဘဲ ရန်ရှင်းကျိုး၏ ဓားချက်အောက်တွင်

ဘယ်ဘက်လက်မောင်းပါ ပြတ်တောက်သွားခဲ့ရပြီဖြစ်သည်။

သူ၏ ဤကဲ့သို့ လိုက်လျောညီထွေဖြစ်အောင် အကွက်ချ ကြံစည်နိုင်စွမ်းမှာ မွေးရာပါပင်

ဖြစ်ပုံရသည်။ သူသည် အကြံတစ်ခု ရသည်နှင့်တစ်ပြိုင်နက် ဦးနှောက်ထဲ၌

လှည့်ကွက်ပေါင်းစုံ ပေါ်လာတတ်ပြီး ဤနည်းဖြင့် သွေးဓားဘိုးဘေးအား လက်ပြတ်စေခဲ့ခြင်း

ဖြစ်သည်။

ရန်ရှင်းကျိုး၏ မည်သူမည်ဝါဖြစ်ကြောင်း သိရှိသွားပြီးနောက် သွေးဓားဘိုးဘေးသည် ရင်ထဲ

တိတ်တဆိတ် ထိတ်လန့်သွားမိသည်။ သူသည် သွေးဓားကို ပါးစပ်တွင် ကိုက်ခဲလိုက်ပြီး

ညာဘက်လက်ဖြင့် ဘယ်ဘက်လက်ပြတ်ရှိ အကြောအချို့ကို ဖိနှိပ်ကာ

သွေးတိတ်အောင် လုပ်လိုက်သည်။ ထို့နောက် ဓားကို လက်ဖြင့်

ပြန်လည်ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် အော်ဟစ်လိုက်သည်။

“ကောင်းတယ် တကယ့်ကို တော်တဲ့ ရန်ရှင်းကျိုးပဲကွ”

သူသည် ရန်ရှင်းကျိုးကို သတိထားလျက် စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း နောက်ဆုတ်သွားခဲ့သည်။

“အလယ်ပိုင်းဒေသက သိုင်းသမားတွေ ဒီလောက်အထိ ယုတ်မာညစ်ပတ်ပြီး သိက္ခာမရှိလုပ်လိမ့်မယ်လို့

ငါ မထင်ထားခဲ့ဘူး။ ငါ့ကို မယှဉ်နိုင်တော့ ဒီကိုယ်တော်အိုကို အကွက်ချပြီး

ချောင်းမြောင်းတိုက်ခိုက်တယ်ပေါ့။ ရန်ရှင်းကျိုး...

မင်းရဲ့ ဒီလိုအပြုအမူမျိုးနဲ့ နာမည်ကြီးဂိုဏ်းက တပည့်တစ်ယောက်ဆိုတဲ့ ဘွဲ့ထူးနဲ့

ဘယ်လိုလုပ် ထိုက်တန်ပါ့မလဲ”

ရန်ရှင်းကျိုးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“သွေးဓားဘိုးဘေး... ငါက မွေးရာပါ တောင်ပုန်းစခန်းရဲ့ ဓားပြခေါင်းဆောင်တစ်ယောက်ပဲ၊

ငါ့မှာ ဘယ်လိုလုပ် နာမည်ကြီးဂိုဏ်းရဲ့တပည့်ဆိုတဲ့ ဂုဏ်ပုဒ် ရှိမှာလဲ။ ဒါ့အပြင်

မင်းလို ယုတ်မာကောက်ကျစ်တဲ့ လူယုတ်မာတစ်ယောက်ကို သတ်ဖို့က သေရင် ပြီးတာပဲ။

ယုတ်မာတယ်၊ မယုတ်မာဘူးဆိုတာတွေ ပြောနေစရာ မလိုဘူး”

သူ ပြောဆိုနေစဉ်မှာပင် လက်ထဲမှ ကျိုးနေသော ဓားကို သွေးဓားဘိုးဘေး၏

မျက်နှာဆီသို့ တည့်တည့်မတ်မတ် လှမ်းပစ်လိုက်ပြီး

တစ်ပြိုင်နက်တည်းမှာပင် ရှေ့သို့

တိုးဝင်ကာ လက်ဖဝါးနှစ်ဖက်လုံးဖြင့် အားပြင်းစွာ

တွန်းထုတ်လိုက်တော့သည်။

သွေးဓားဘိုးဘေးသည် အော်ဟစ်လျက် အနောက်သို့ အလျင်အမြန်

ဆုတ်ခွာသွားခဲ့ရသည်။ သူ၏လက်ထဲရှိ သွေးဓားမှာ

လျှပ်ခနဲ လက်သွားပြီး ပျံဝဲလာသော ဓားကျိုးကိုနှစ်ပိုင်း ပြတ်သွားစေခဲ့သည်။ ထို့နောက် သူ၏

ခန္ဓာကိုယ်မှာ ချက်ချင်း ရပ်တန့်သွားပြီး သွေးဓား၏ လှုပ်ရှားမှုကို အသွင်ပြောင်းလဲကာ ရန်ရှင်းကျိုး၏

ရင်ဘတ်ဆီသို့ တည့်တည့်မတ်မတ်ထိုးသွင်းလိုက်သည်။

သွေးဓားမှာ ရှည်လျားပြီး ရန်ရှင်းကျိုး၏ လက်ဖဝါးရိုက်ချက်

သွေးဓားဘိုးဘေးထံသို့ မကျရောက်မီမှာပင် သွေးဓားက သူ၏ ရင်ဘတ်ကို

ဝင်ရောက်သွားနိုင်သည်။

သွေးဓားက သူ၏လက်မောင်းများကို ဖြတ်ပစ်တော့မည့် ဆဲဆဲတွင် ရန်ရှင်းကျိုးသည်

လက်မောင်းများကို ဝှေ့ယမ်းလိုက်ရာ သူ၏ ညာဘက်အင်္ကျီလက်အောက်မှ

အဖြူရောင်အခိုးအငွေ့များ ဝုန်းခနဲထွက်လာပြီး သွေးဓားဘိုးဘေး၏ ဦးခေါင်းတစ်ခုလုံးကို

ဖုံးအုပ်သွားတော့သည်။ ဤအရာမှာ ရုတ်တရက်ဆန်လှသဖြင့် သွေးဓားဘိုးဘေးသည် အကြီးအကျယ်

ထိတ်လန့်သွားပြီး အနောက်သို့ ထပ်မံဆုတ်ခွာလျက် အော်ဟစ်အန်ထုတ်လိုက်သည်။

“ဒါက ဘာကြီးလဲ... ဖူး တကယ်တော့ ထုံးမှုန့်တွေပါလား သောက်ကောင်လေး... တကယ့်ကို

ယုတ်မာညစ်ပတ်ပြီး သိက္ခာမဲ့တဲ့ လူအောက်တန်းစားပဲ”

ထိုအခိုးအငွေ့များကို အလျင်အမြန် ရှောင်တိမ်းခဲ့သော်လည်း အချို့မှာ

သူ၏မျက်လုံးနှင့် နှာခေါင်းထဲသို့ ဝင်ရောက်သွားခဲ့သဖြင့် ထုံးကျောက်၏ အနံ့ကို ရိပ်မိသွားခြင်း ဖြစ်သည်။

သွေးဓားဘိုးဘေးသည် ဘဝတစ်လျှောက်တွင် လူပေါင်းမြောက်မြားစွာကို သတ်ဖြတ်ခဲ့ပြီး

ကျန်းဟူသိုင်းပညာရှင် မျိုးစုံနှင့် တိုက်ခိုက်ခဲ့ဖူးသော်လည်း ရန်ရှင်းကျိုးကဲ့သို့ အဆိပ်ပြင်းပြီး

ကောက်ကျစ်စဉ်းလဲသောသူမျိုးနှင့် တစ်ခါမှ မဆုံတွေ့ခဲ့ဖူးချေ။ ရန်ရှင်းကျိုးသည် ငယ်သော်လည်း

သူ့ကို သတ်ရန်အတွက် မည်သည့်နည်းလမ်းကိုမဆို သုံးပြီး မိမိ၏ ဂုဏ်သိက္ခာနှင့်

သိက္ခာတရားများကို အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ လမ်းဘေးလူမိုက်များလို ထုံးမှုန့်များဖြင့်

ပစ်ပေါက်သည့် အောက်တန်းကျသော နည်းလမ်းကိုပင် သုံးစွဲခဲ့သည်။

သို့သော် နည်းလမ်းက အောက်တန်းကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ အာနိသင်မှာ

ပြောင်မြောက်လှသည်။ ထုံးမှုန့်အနည်းငယ်မျှ သူ၏မျက်လုံးထဲသို့

ဝင်ရောက်သွားရုံနှင့်တင် သွေးဓားဘိုးဘေးသည် ပြင်းထန်စွာ စပ်ဖျင်းပြီး သူ၏ မြင်ကွင်းများမှာလည်း

ဝေဝါးသွားတော့သည်။

အကယ်၍ ရန်ရှင်းကျိုးသာ သာမန်ကျန်းဟူသိုင်းသမားတစ်ဦး ဖြစ်ပါက သွေးဓားဘိုးဘေးသည်

အဆိပ်သင့်ပြီး လက်တစ်ဖက် ပြတ်တောက်သွားစေကာမူ သူ၏ မူလရက်စက်ကြမ်းကြုတ်ပြီး

ကလဲ့စားချေလိုသော စိတ်ဓာတ်အရ ဒဏ်ရာအပြင်းအထန်ရထားသော်လည်း ရန်ရှင်းကျိုးကို အရင်

သတ်ပြီးမှသာ ထွက်ပြေးရန် စီစဉ်လိမ့်မည်။

သူ့အမြင်တွင် ရန်ရှင်းကျိုး၏ သိုင်းပညာမှာ မဆိုးသော်လည်း မိမိ၏လက်ထဲ၌

သွေးဓားကဲ့သို့သော နတ်ဘုရားလက်နက် ရှိနေဆဲဖြစ်သည်။ သူသည် သွေးဓားသိုင်းကွက်အနည်းငယ်မျှ

ဝှေ့ယမ်းလိုက်ရုံဖြင့် ဤကောင်လေးအား သတိလက်လွတ်ဖြစ်စေကာ ထိုနေရာ၌ပင် ချက်ချင်း

သတ်ပစ်နိုင်မည် ဖြစ်သည်။

သို့သော် ရန်ရှင်းကျိုး၏ မပြတ်တမ်း ထွက်ပေါ်လာသော လှည့်ကွက်မျိုးစုံ၊

စည်းမျဉ်းများကို လုံးဝ လိုက်နာခြင်းမရှိဘဲ သူတို့သွေးဓားဂိုဏ်းက လူများထက်ပင်

ပိုမိုယုတ်မာပက်စက်နေမှုကို မြင်တွေ့လိုက်ရသောအခါ သွေးဓားဘိုးဘေးသည် ကြောက်ရွံ့စိတ်

ဝင်လာတော့သည်။

[တောက်... ဒီခွေးသားက တကယ်ကို ကြောက်စရာကောင်းတဲ့ လူထူးလူဆန်းပဲ

ယုတ်မာကောက်ကျစ်ပြီး အရှက်မရှိတဲ့အပြင် ရက်စက်လွန်းတယ်။ သူ့ကို ဆက်မတိုက်တာ

အကောင်းဆုံးပဲ။ တကယ်လို့ သူ နောက်ထပ် လှည့်ကွက်တွေ ထပ်သုံးလာရင် ဒီကိုယ်တော်အိုကြီးတော့ သေပြီပဲ]

သူသည် လက်ထဲရှိ သွေးဓားကို မြန်ဆန်စွာ ဝှေ့ယမ်းကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို

အလုံပိတ်ခုခံထားလိုက်သည်။ သူသည် ရန်ရှင်းကျိုးနှင့် ဆက်လက်တိုက်ခိုက်ရန် မရဲတော့ဘဲ

မီးခိုးငွေ့တစ်ခုအလား ချက်ချင်းပင် အဝေးသို့ အမြန်ထွက်ပြေးသွားတော့သည်။

ရန်ရှင်းကျိုး၏ ကိုယ်ဖျောက်ကျင့်စဉ်မှာ သာမန်အဆင့်သာ ရှိသေးသည်။

သွေးဓားဘိုးဘေးသည် အဆိပ်သင့်ပြီး ဒဏ်ရာရထားသည့်တိုင်အောင်

ရန်ရှင်းကျိုးမှာ အမီမလိုက်နိုင်ခဲ့ပေ။ အကွာအဝေးတစ်ခုအထိ လိုက်လံတိုက်ခိုက်ပြီးနောက်

လမ်းစပျောက်သွားသဖြင့် သူသည် အလွန်တရာ နောင်တရပြီး စိတ်ပျက်သွားမိသည်။

“ငါ့မှာသာ ကောင်းမွန်တဲ့ ကိုယ်ဖျောက်ကျင့်စဉ် ရှိခဲ့ရင် သွေးဓားဘိုးဘေး ဒီနေ့

အသက်ရှင်လျက် ထွက်ပြေးနိုင်မှာ မဟုတ်ဘူး”

ထျန်းနဉ်ကျောင်းတော်မှ ရတနာများပေါ်ရှိ အဆိပ်မှာ အလွန်ပြင်းထန်ပေသည်။

ခြံဝင်းထဲတွင် ရက်အနည်းငယ်မျှ ပစ်ထားခဲ့ရုံဖြင့် ခြံတစ်ခုလုံးရှိ ခြင်များနှင့်

အင်းဆက်ပိုးမွှားများအားလုံး ပျောက်ကွယ်သွားစေခဲ့သည်။ သို့သော်လည်း သွေးဓားဘိုးဘေးသည်

၎င်းတို့ကို အချိန်ကြာအောင် ကိုင်တွယ်ကစားခဲ့သည့်တိုင်အောင် အဆိပ်သင့်ပြီး

သေဆုံးခြင်းမရှိဘဲ မိမိကိုပင် သတ်လုနီးပါး ဖြစ်ခဲ့သည်မှာ တကယ့်ကို

မယုံနိုင်စရာ ကောင်းလှသည်။

သို့သော် အဆိပ်သင့်ထားသူများအတွက် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို

ရှောင်ကြဉ်ရမည် ဖြစ်သည်။ ကိုယ်တော်အိုသည် အဆိပ်သင့်ပြီးနောက် ရန်ရှင်းကျိုးနှင့်

အသက်လုကာ တိုက်ခိုက်ခဲ့သဖြင့် အဆိပ်မှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပိုမို

နက်ရှိုင်းစွာ ပျံ့နှံ့သွားလိမ့်မည်။ ယခုတစ်ကြိမ် ရန်ရှင်းကျိုး၏လက်မှ

ကံကောင်းထောက်မစွာ လွတ်မြောက်သွားသော်လည်း နာမည်ကျော်

ဆရာဝန်ကြီးတစ်ဦးနှင့် ကုသမှုမခံယူပါက သူ၏ အသက်ကို ကယ်တင်နိုင်ရန် အလွန် ခက်ခဲပေလိမ့်မည်။

“မကောင်းတော့ဘူး သွေးဓားကျမ်းထဲမှာ အဆိပ်ဖြေဖို့အတွက် ကျင့်စဥ်အချို့ ရှိနေပုံရတယ်။ သွေးဓားဘိုးဘေးရဲ့ ကျင့်ကြံမှုက အလွန်အားကောင်းတာကြောင့် သူသာ ကုသဖို့ နေရာတစ်ခု ရှာတွေ့သွားရင် ရက်အနည်းငယ်အတွင်း ခန္ဓာကိုယ်ထဲက အဆိပ်ကြွင်းတွေကို ဖယ်ရှားနိုင်မှာပဲ။ ပြီးရင်တော့ သူ ငါ့ကို မလွဲမသွေ လာပြီး ကလဲ့စားချေတော့မှာပဲ။ လောလောဆယ် အကောင်းဆုံးဗျူဟာကတော့ ထွက်ပြေးတိမ်းရှောင်ဖို့ပဲ”

သွေးဓားဂိုဏ်း၏ ကျင့်စဉ်မှာ သာမန်ကျင့်စဉ်များနှင့် လုံးဝ ကွဲပြားသည်။

အလယ်ပိုင်းဒေသ၏ ကျင့်စဉ်များနှင့် နှိုင်းယှဉ်ပါက လုံးဝ ဆန့်ကျင်ဘက်ဖြစ်သော

ကျင့်ကြံခြင်းလမ်းစဉ်တစ်ခု ဖြစ်သည်။ ဤကျင့်စဉ်မှာ အလွန်ဆန်းကြယ်လှပေသည်။

မူရင်းဇာတ်လမ်းထဲတွင် တိယွန်းသည် သွေးဓားဘိုးဘေးနှင့်အတူ ခရီးသွားစဉ်အတွင်း မိမိ၏

ပခုံးရိုးကို သံချိတ်ဖြင့် အဖောက်ခံထားရသဖြင့် သွေးဓားဂိုဏ်း၏ ကျင့်စဉ်ကို

လေ့ကျင့်နိုင်မည်မဟုတ်ကြောင်း စိုးရိမ်တကြီး ပြောခဲ့ဖူးသည်။

သို့သော် သွေးဓားဘိုးဘေးက ပခုံးရိုး ထိုးဖောက်ခံရသည်မှာ အဓိကမဟုတ်ဘဲ ခြေလက်များ

ပြတ်တောက်သွားစေဦးတော့ သွေးဓားဂိုဏ်း၏ ကျင့်စဉ်ကို ဆက်လက်လေ့ကျင့်နိုင်ကြောင်း

ပြောဆိုခဲ့သည်။

သာမန်ကျန်းဟူသိုင်းသမားများသည် ပခုံးရိုး ထိုးဖောက်ခံရပြီး အကြောများ

ပြတ်တောက်သွားပါက တစ်သက်လုံး သိုင်းပညာ

မလေ့ကျင့်နိုင်တော့ဘဲ လုံးဝ အသုံးမကျသောလူ

ဖြစ်သွားတတ်သည်။ ထို့ကြောင့် အာဏာပိုင်များက အန္တရာယ်ရှိသော

ဓားပြများကို ဖမ်းဆီးသောအခါ သံကြိုးများဖြင့် ပခုံးရိုးကို ထိုးဖောက်ကာ

ချည်နှောင်လေ့ရှိသည့် အဓိကအကြောင်းရင်း ဖြစ်သည်။

သို့သော်လည်း ဤကမ္ဘာပေါ်တွင် ယင်းကဲ့သို့သော ဒဏ်ရာမျိုးကြောင့် ကန့်သတ်ချက်မရှိသော

အတွင်းအားကျင့်စဉ် နှစ်မျိုးသာ ရှိပေသည်။ ပထမတစ်ခုမှာ ရှင်ကျောက်ကျမ်းဖြစ်ပြီး

ဒုတိယတစ်ခုမှာ သွေးဓားဂိုဏ်း၏ သွေးဓားကျမ်း ဖြစ်ပေသည်။ အခြေခံအားဖြင့်

ရွေ့လျားနိုင်စွမ်းရှိသူတိုင်းသည် ဤကျင့်စဉ်နှစ်ခုကို လေ့ကျင့်နိုင်စွမ်းရှိသဖြင့် ဤကျင့်စဉ်နှစ်ခု၏

ဆန်းကြယ်မှုနှင့် ထူးခြားမှုကို ပြသနေခြင်း ဖြစ်သည်။

ယခုအခါ သွေးဓားဘိုးဘေးသည် အဆိပ်သင့်ပြီး ဒဏ်ရာရရှိထားသော်လည်း သူ မသေဆုံးသရွေ့ သူ၏

အတွင်းအားကို အသုံးပြုကာ အဆိပ်များကို ဖယ်ရှားနိုင်စွမ်း ရှိသည်။

သူ ဒဏ်ရာများ ပြန်လည်သက်သာသွားသည်နှင့်တစ်ပြိုင်နက် ရန်ရှင်းကျိုးထံသို့

ကလဲ့စားချေရန် မလွဲမသွေ ရောက်ရှိလာလိမ့်မည်။

ယင်းကဲ့သို့သော သိုင်းပညာရှင်ကြီးတစ်ဦးက အမှောင်ထဲမှနေ၍ သတ်ဖြတ်ရန်

စောင့်ဆိုင်းနေပါက မည်သူမျှ ခုခံနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့်

ရန်ရှင်းကျိုးသည် ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“အင်း... ထွက်ပြေးဖို့ကတော့ လုပ်ရမှာပဲ၊ ပုန်းရှောင်တာက အကောင်းဆုံးနည်းလမ်းပဲ။ ဒါပေမဲ့ ငါက ဒီအတိုင်းကြီး သိက္ခာမရှိ ထွက်သွားလို့ မဖြစ်ဘူး။ ဒီခြံဝင်းထဲမှာ တိရစ္ဆာန်ထောင်ချောက်တွေနဲ့ တခြားထောင်ချောက်မျိုးစုံကို အသင့်ပြင်ထားရမယ်။ ဒါမှ နောက်ကျရင် သူ့အတွက် အမှတ်တရလက်ဆောင် ပေးလိုက်ရမှာပေါ့”

ရန်ရှင်းကျိုးသည် ခြံဝင်းထဲသို့ ပြန်ဝင်လာပြီး ခနတွေးတောလိုက်သည်။

ထို့နောက် သူသည် အလွန်တရာ စိတ်အားထက်သန်စွာဖြင့် သံဂေါ်ပြားတစ်ချပ်နှင့်

ပေါက်တူးတစ်လက်ကို ယူဆောင်လာကာ ခြံဝင်းအတွင်း၌ ထောင်ချောက်များကို

စတင် ပြင်ဆင်တော့သည်။

ယခုခန္ဓာကိုယ်မူလပိုင်ရှင်သည် ငယ်စဉ်ကတည်းက ဟေးဖုန်းတောင်ပုန်းစခန်းတွင်

နေထိုင်ခဲ့ပြီး ဓားပြများနှင့် သူခိုးများ၏ မျိုးဆက် ဖြစ်သဖြင့် မြေကျင်းများတူးခြင်း၊ ထောင်ချောက်များ

ဆင်ခြင်းတို့တွင် ကျွမ်းကျင်လှသည်။ တစ်ရက်တည်းအတွင်းမှာပင် သူသည်

တိရစ္ဆာန်ထောင်ချောက်များ၊ သံမှိုများ၊ အဆိပ်များနှင့် ထုံးမှုန့်များကို

အသင့်ပြင်လိုက်ပြီးနောက် ကျေနပ်စွာဖြင့် ကျယ်လောင်စွာ ရယ်မောလျက် နေအိမ်ပြင်ပသို့

ထွက်ခဲ့တော့သည်။

[ဒီသွေးဓားဘိုးဘေးကြီး မလာရင်တော့ တစ်မျိုးပေါ့၊ တကယ်လို့ သူသာ လာခဲ့ရင်တော့ ငါ့ကို

ပိုသတိရသွားစေရမယ်]

***

All Chapters