အခန်း ၂၁
Vol. 3 Ch. 21
ပြိုင်ဖက်ကင်းဓားသမား
အခန်း (၂၁) - မမျှော်လင့်ထားသော အန္တရာယ်
ရန်ရှင်းကျိုးက မြို့မှ မထွက်ခွာမီ ထျန်းနင်းဘုရားကျောင်းမှ ရရှိခဲ့သော ရတနာများအားလုံးကို ဝှက်ထားလိုက်လေသည်။ ထောင်ချောက်များ စနစ်တကျ အလုပ်လုပ်သည်ကို အတည်ပြုပြီးမှ သူသည် ခပ်သွက်သွက်ထွက်လာခဲ့သည်။
"သွေးဓားဘိုးဘေးက ဒဏ်ရာကုသဖို့ ထွက်ပြေးနေတဲ့အချိန်မှာ ငါ ဒီမြို့မှာ ပုန်းနေတယ်ဆိုတဲ့သတင်းကို တမင်တကာ ဖြန့်မှာပဲ။ ဟဲဟဲ... ဒင်ဒီယန်ကို နှိပ်ကွပ်ဖို့ ငါ သုံးခဲ့တဲ့ နည်းလမ်းကို အခု သွေးဓားဘိုးဘေးက ငါ့ကို ပြန်သုံးနေတာပေါ့လေ။ တကယ်ပဲ ဝဋ်ဆိုတာ လည်တတ်ပါလား"
"ဒါပေမဲ့ ငါက ဒင်ဒီယန် မဟုတ်ဘူး။ သိုင်းပညာရှင်တွေ ငါ့နောက်ကို လိုက်လာတာကို ထိုင်ကြည့်နေလောက်အောင် ငါက မအဘူး။ ဟဲဟဲ... ဒီအကွက်က ဒင်ဒီယန်အပေါ်မှာပဲ အလုပ်ဖြစ်ရင် ဖြစ်လိမ့်မယ်၊ ငါ့အပေါ်မှာတော့ သုံးလို့မရဘူး"
ရန်ရှင်းကျိုးသည် စေ့စပ်သေချာလွန်းသည်။ သွေးဓားဘိုးဘေး ထွက်ပြေးသွားကတည်းက အကျိုးဆက်ကို သူ ကြိုတင်တွက်ဆထားပြီးသားပင်။ အထိရောက်ဆုံး နည်းလမ်းမှာ သူ ရှိနေသည့်နေရာကို သိုင်းလောကနှင့် အာဏာပိုင်များ သိအောင် ကောလဟာလဖြန့်လိုက်ခြင်း ဖြစ်သည်။
ရန်ရှင်းကျိုးသည် သိုင်းလောကတွင် တစတစနာမည်ကျော်ကြားလာခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ပေါင်ရှန်းကို သတ်ခဲ့သည်မှာ သိပ်ကိစ္စမရှိသော်လည်း၊ နေ့ခင်းကြောင်တောင် ကျင့်ကျိုးအစိုးရရုံးကို ဝင်ရောက်ကာ မြို့ဝန် လင်ထွေးစိကို သတ်ခဲ့ခြင်းက သူကို မည်သူမျှ မယှဉ်နိုင်ကြောင်း သက်သေပြနေသည်။
ကမ္ဘာပေါ်တွင် အကျင့်ပျက်ခြစားသော အရာရှိများစွာ ရှိသော်လည်း ထိုသူတို့ကို သတ်မည့် သူရဲကောင်းဟူ၍ မတွေ့ဖူးသေးပေ။ သိုင်းလောကသား အများစုသည် သူတို့အချင်းချင်းသာ တိုက်ခိုက်လေ့ရှိပြီး အစိုးရနှင့် ပတ်သက်သူများကို ရန်မစရဲကြပေ။ အစိုးရနှင့် ရန်ငြိုးဖွဲ့ခြင်းက ဒုက္ခများကို လက်ယပ်ခေါ်ခြင်းဟု ယူဆကြသည်။ ထို့ကြောင့် အရာရှိများကို သတ်ဖြတ်ခြင်းမှာ အလွန်ရှားပါးသော ဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။
ယခုမှ သိုင်းလောကထဲသို့ အသစ်ဝင်ရောက်လာသော ရန်ရှင်းကျိုးက ရမ္မက်ကြီးသော ကိုယ်တော် ပေါင်ရှန်းကို သတ်ခဲ့ရုံသာမက ကျင့်ကျိုးမြို့ဝန်ကိုပါ ခေါင်းဖြတ်သတ်ခဲ့ပြီး ဒင်ဒီယန်နှင့် တိုက်ခိုက်ပြီးလည်း လွတ်မြောက်သွားခဲ့သည်။ သူလုပ်ဆောင်ခဲ့သော ကိစ္စများမှာ နည်းသော်လည်း တစ်ခုချင်းစီတိုင်းမှာ သိုင်းလောကကို လှုပ်ခတ်စေသော ကိစ္စရပ်များပင်ဖြစ်သည်။
အကယ်၍ သူသည် သွေးဓားဘိုးဘေးကိုပါ သတ်ဖြတ်လုနီးပါး ဖြစ်ခဲ့သည်ကိုသာ လူများ သိသွားပါက တစ်လောကလုံး ဟိုးဟိုးကျော်သွားပေလိမ့်မည်။
ရန်ရှင်းကျိုး ခန့်မှန်းထားသည့်အတိုင်း သူထွက်သွားပြီး နောက်တစ်နေ့တွင် စစ်သည်တော်တစ်စု ရောက်ရှိလာကာ မြို့ကို ပိုက်စိပ်တိုက် ရှာဖွေတော့သည်။ သူတို့ ဘာမှ ရှာမတွေ့ခဲ့သော်လည်း ရန်ရှင်းကျိုး ဆင်ထားသော ထောင်ချောက်များကြောင့် လူအများအပြားမှ ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြသည်။
ထိုလူများ ရှာဖွေနေသည်ကို ရန်ရှင်းကျိုးသည် မြို့နှင့် မနီးမဝေးတစ်နေရာမှ စောင့်ကြည့်နေသည်။ ထိုအချိန်တွင် သူသည် ကြမ်းတမ်းသော ရွာသူမကြီး တစ်ဦးအသွင် ဖန်တီးထားသည်။ ရင်အုပ်ကို ဖောင်းကြွအောင် ပြုလုပ်ထားပြီး အဝတ်အစားနှင့် ဆံပင်ပုံစံကိုပါ ပြောင်းလဲကာ ပေါက်ပြားတစ်လက်ကို ကိုင်ဆောင်ထားလေသည်။ သူသည် ရွာသားများနှင့်အတူ ရောနှောကာ ထိုမြင်ကွင်းကို အေးအေးဆေးဆေးကြည့်နေခဲ့သည်။
ရှာဖွေရေးအဖွဲ့ကို ဦးဆောင်လာသူမှာ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနှင့် မျက်နှာ အနည်းငယ် ဝါကျင့်ကျင့် ရှိသည်။ သူ၏ လက်ဝါးကြီးများမှာ ထန်းသီးသဖွယ် ကြီးမားလှပြီး လက်ချောင်း ဆယ်ချောင်းမှာ ရှည်ပြီး သေးသွယ်နေသည်။ သူ လမ်းလျှောက်နေသည့် ပုံစံမှာ ကောက်ရိုးရုပ်တစ်ခုနှင့်ပင် တူနေတော့သည်။ မျက်လုံးများမှာ ကျဉ်းမြောင်းပြီး မျက်နှာမှာ အရှိန်အဝါ ကြီးမားလှသည်။ ရန်ရှင်းကျိုး၏ အိမ်အတွင်းထောင်ချောက်များ ရှိနေသည်ကို မြင်သော် အေးစက်စွာ ရယ်မောလိုက်သည်။ ထို့နောက် ခြံဝင်းတံခါးကို ဆွဲဖြုတ်ပြီး လက်ဝါးဖြင့် တစ်ချက် ရိုက်ချလိုက်ရာ တံခါးမှာ အစိတ်စိတ်အမွှာမွှာ ကွဲသွားတော့သည်။
[ဘုန်း...]
သူသည် အစအနများကို အတွင်းအားဖြင့် တစ်ခုချင်းစီ လွှင့်ပစ်လိုက်သည်။
[ဝှစ်... ဝှစ်... ဝှစ်...]
တံခါးအစအနများသည် ထောင်ချောက်ဟု ယူဆရသော နေရာများသို့ ကျရောက်သွားပြီး ပေါက်ကွဲသံများနှင့်အတူ မီးခိုးများ ထွက်ပေါ်လာသည်။ ခဏအကြာမှ အားလုံးငြိမ်သက်သွားတော့သည်။
"အောက်တန်းစား အကွက်တွေပဲ"
အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူက ခြံဝင်းကို တစ်ချက်ကြည့်လိုက်ပြီး စစ်သည်များကို အမိန့်ပေးလိုက်သည်။
"ဆက်ရှာကြ"
ယခုတစ်ကြိမ်တွင်မူ ထောင်ချောက်များ အလုပ်မလုပ်တော့သော်လည်း အသုံးဝင်မည့် အရာလည်း တစ်ခုမှ ရှာမတွေ့ခဲ့ပေ။
"သွားကြမယ်... ဒီလူက သတိကြီးတယ်။ ထွက်သွားတာ ကြာပြီ ထင်တယ်။ ပြီးတော့ ဒီအိမ်က ရန်ရှင်းကျိုးရဲ့ အိမ် ဟုတ်မဟုတ် ဆိုတာလည်း မသေချာသေးဘူး။ အရင်ဆုံး မြို့ဝန်ရုံးကို ပြန်ကြမယ်"
ရှာဖွေရေးခေါင်းဆောင်သည် သက်ပြင်းတစ်ချက် ချလိုက်သည်။ တစ်ဖက်လူက အလွန် သတိရှိနေသဖြင့် ဘာမှ ရှာတွေ့နိုင်မည် မဟုတ်ကြောင်း နားလည်လိုက်သည်။ သူ ပြန်ရန် ပြင်နေစဉ်မှာပင် စစ်သည်တစ်ဦးသည် အဝတ်အိတ်တစ်အိတ်ကို ကိုင်ဆောင်ကာ မျက်နှာဖြူလျော့လျော့ဖြင့် ပြေးလာသည်။
"သခင်... ဒီအိတ်ထဲမှာ ဖြတ်တောက်ခံထားရတဲ့ လက်မောင်းတစ်ဖက်....."
အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူသည် မျက်မှောင်ကြုတ်ပြီး အိတ်ကို ယူကြည့်လိုက်ရာ သူ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားတော့သည်။
"ဒါကို ဘယ်မှာ တွေ့တာလဲ"
"ဒီနားက အိမ်တစ်အိမ်က ပေးတာပါ။ သူတို့အိမ်က ခွေးက အပြင်ကနေ ကိုက်လာတာလို့ ပြောပါတယ်။ အိမ်သားနှစ်ယောက်တောင် ကြောက်လန့်ပြီး သတိလစ်သွားကြတယ်လို့ ဆိုပါတယ်။ ကျွန်တော်မျိုး အဲဒီနားက ဖြတ်သွားရင်းနဲ့ ရခဲ့တာပါ"
ထိုလူသည် အိတ်ထဲမှ လက်မောင်းကို ဖြည်းညင်းစွာ ထုတ်ယူလိုက်သည်။ ပခုံးရင်းမှ ပြတ်နေသော ထိုလက်မောင်း၏ အရေပြားမှာ တွန့်ရှုံ့နေသဖြင့် လူအိုတစ်ဦး၏ လက်မောင်းဖြစ်ကြောင်း သိသာသည်။ သို့သော် အရိုးအဆစ်များမှာ သန်မာလှသဖြင့် သာမန်လူ မဟုတ်ဘဲ သိုင်းသမားတစ်ဦး ဖြစ်မည်မှာ သေချာသည်။
သူသည် ထိုလက်မောင်းကို လှန်ကြည့်လိုက်ရာ လက်ကောက်ဝတ်တွင် သွေးစက်များ ကျနေသည့် ဓားပုံသဏ္ဌာန် တက်တူးကို တွေ့လိုက်ရသည်။ ၎င်း၏ ဘေးတွင် ထူးဆန်းသော စာသားအချို့ ရှိနေပြီး ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလေသည်။
ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာမှာ ပြောင်းလဲသွားကာ အာမေဍိတ်သံ ထွက်ပေါ်လာသည်။
"သွေးဓားဘိုးဘေး........"
သူ၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများ အတိုင်းသား ပေါ်လာသည်။
"ဘယ်သူက သွေးဓားဂိုဏ်းချုပ်ရဲ့ လက်မောင်းကို ဖြတ်နိုင်ခဲ့တာလဲ။ ရန်ရှင်းကျိုးလား... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ထိုလူသည် ရန်ရှင်းကျိုး၏ အိမ်သို့ စတင်ဝင်ရောက်ကတည်းက အရာအားလုံးကို ထိန်းချုပ်ထားနိုင်သလို တည်ငြိမ်နေခဲ့သည်။ သို့သော် လက်မောင်းပေါ်မှ တက်တူးကို မြင်လိုက်ရချိန်တွင် သူ၏ တည်ငြိမ်မှုများ ပျောက်ဆုံးကာ တုန်လှုပ်သွားတော့သည်။
"ဒီလောကမှာ ဒီလောက် အစွမ်းထက်တဲ့ ပညာရှင် ရှိနေသေးတာလား"
သူသည် သွေးဓားဘိုးဘေး၏ အစွမ်းကို ကိုယ်တိုင် ကြုံဖူးသူ ဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်က သူ၏ တပည့်သည် သွေးဓားဘိုးဘေးနှင့် ရင်ဆိုင်ခဲ့စဉ်က မျက်စိတစ်မှိတ်အတွင်း ခန္ဓာကိုယ်ဆယ်ပိုင်းမက ပိုင်းဖြတ်ခံခဲ့ရသည်။ ထိုတပည့်မှာ သိုင်းလောက၏ ထိပ်တန်းပညာရှင် တစ်ဦး ဖြစ်သော်လည်း သွေးဓားဘိုးဘေး၏ မြန်ဆန်လွန်းသော ဓားချက်များကို မခုခံနိုင်ခဲ့ပေ။
ထို့ကြောင့် ထိုလူသည် သူကိုယ်တိုင်တိုက်ခိုက်ရင်တောင် သွေးဓားဘိုးဘေးကို အနိုင်ရရန် မသေချာဟု ယူဆထားသူဖြစ်သည်။ နောက်ပိုင်းတွင် တပည့်အတွက် လက်စားချေရန် သွေးဓားဂိုဏ်း၏ အကြောင်းကို လျှို့ဝှက် စုံစမ်းခဲ့သည်။ သွေးဓားဂိုဏ်းတွင် ဂိုဏ်းသားနှင့် ဂိုဏ်းချုပ်ကို ခွဲခြားနိုင်သည့် အချက်မှာ ဝတ်စုံနှင့် တက်တူးဖြစ်ကြောင်း သူ သိထားသည်။
သာမန်တပည့်များမှာ သွေးဓားဝတ်ရုံကို ဝတ်ဆင်ခွင့် မရှိချေ။ ထူးချွန်သော တပည့်များသာ ဝတ်ဆင်ခွင့်ရှိပြီး သူတို့၏ ကိုယ်ပေါ်တွင်လည်း ဂိုဏ်းလူကြီးများက လျှို့ဝှက်နည်းစနစ်ဖြင့် တက်တူးထိုးပေးလေ့ ရှိသည်။ တပည့်များမှာ သွေးစက်အနည်းငယ်သာ တက်တူးထိုးခွင့်ရှိသော်လည်း ဂိုဏ်းချုပ်တစ်ဦးတည်းသာ လက်ကောက်ဝတ်တွင် သွေးဓားပုံစံကို ထိုးခွင့်ရှိခြင်း ဖြစ်သည်။
ထို့ကြောင့် ဤလက်မောင်းသည် သွေးဓားဘိုးဘေး၏ လက်မောင်းဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်ရခြင်းဖြစ်သည်။
"အံ့ဩစရာပဲ... တကယ်ကို အံ့ဩစရာပဲ"
သူသည် အသက်ပြင်းပြင်းရှူကာ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး သူ၏ လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။
"အနံခံကောင်းတဲ့ ခွေးအချို့ သွားငှားကြ......"
လက်အောက်ငယ်သားများလည်း အနီးနားရှိ ရွာများမှ ခွေးအကောင် ၂၀ ခန့်ကို ငှားရမ်းလာခဲ့ကြသည်။ ထိုသူသည် သွေးဓားဘိုးဘေး၏ လက်မောင်းကို ခွေးများအား အနံခံစေကာ ညွှန်ကြားလိုက်သည်။
"ဒီအနံ့ကို မှတ်ထားခိုင်းစမ်း။ ပြီးရင် ဒီလက်မောင်းပိုင်ရှင် နောက်ကို လိုက်ကြ"
ရန်ရှင်းကျိုးသည် အဝေးမှ စောင့်ကြည့်ရင်း ခပ်တိုးတိုးရယ်လိုက်သည်။
"သွေးဓားဘိုးဘေး ဘယ်လို ပြေးမလဲဆိုတာ ကြည့်ရသေးတာပေါ့။ အင်း... အဲဒီ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူက ဘယ်သူပါလိမ့်။ သူ လမ်းလျှောက်တာက နဂါးတစ်ကောင်လိုပဲ။ အရှိန်အဝါကလည်း တောင်တစ်လုံးလို ခန့်ညားလှတယ်။ သူ့ရဲ့ အစွမ်းက သွေးဓားဘိုးဘေးထက် မနိမ့်ဘူးပဲ"
***