← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

ပြိုင်ဖက်ကင်းဓားသမား

အခန်း (၂၂) - လေ၊ ကျား၊ တိမ်၊ နဂါး

"ဒီလောကမှာ သွေးဓားဘိုးဘေးရဲ့ သိုင်းပညာနဲ့ ယှဉ်နိုင်တဲ့သူဆိုလို့ သိပ်အများကြီး မရှိဘူး။ ဒင်ဒီယန် အပြင်ဆိုရင် တောင်ပိုင်းရဲ့ ပန်းကြွေရေစီးသူရဲကောင်းလေးဦးရယ်၊ မြောက်ပိုင်းရဲ့ သူရဲကောင်းလေးဦးဖြစ်တဲ့ လေ၊ ကျား၊ တိမ်၊ နဂါး ရယ်ပဲ ရှိတာ။ တောင်ပိုင်းက ပညာရှင်လေးဦးက အစိုးရနဲ့ ပတ်သက်တာမျိုး မကြားဖူးဘူး။ ဒါကြောင့် ဒီလူက မြောက်ပိုင်းရဲ့ လေ၊ ကျား၊ တိမ်၊ နဂါး ထဲက တစ်ဦးဖြစ်ရမယ်"

ရန်ရှင်းကျိုးသည် မနီးမဝေးတွင် ရပ်နေသော ထိုလူအား ကြည့်လျက် သူ၏ အစွမ်းကို အတွေးဖြင့် ချီးကျူးနေမိသည်။ "ခုနက သူ ခြံတံခါးကို ဆွဲဖြုတ်ပြီး လက်ဝါးတစ်ချက်နဲ့ ရိုက်ခွဲလိုက်တာက တကယ့်ကို သဘာဝကျလွန်းတယ်။ အတွင်းအား အသုံးပြုပုံကလည်း သွေးဓားဘိုးဘေးထက် မနိမ့်ဘူး။ ဟဲဟဲ... ဒီလိုလူမျိုး ရောက်နေမှတော့ သွေးဓားဘိုးဘေးအတွက် ခက်ပြီပေါ့"

ပိုင်ရှင်များ၏ ခိုင်းစေမှုကြောင့် အမဲလိုက်ခွေး တစ်ဒါဇင်ကျော်မှာ နှာခေါင်း တရှုံ့ရှုံ့ဖြင့် မြေပြင်ကို နမ်းကာ ရှေ့သို့ ပြေးထွက်သွားကြသည်။ သူတို့နောက်မှ လက်နက်ကိုယ်စီ ကိုင်ဆောင်ထားသော စစ်သည်များကလည်း ကပ်လျက်လိုက်ပါသွားကြသည်။

ရွာသားအချို့မှာလည်း စပ်စုလိုစိတ်ဖြင့် စစ်သည်များနောက်သို့ နှစ်ယောက်တတွဲ၊ သုံးယောက်တတွဲ လိုက်ကြည့်ကြသည်။ ရွာသူမကြီးအသွင် ဖန်တီးထားသော ရန်ရှင်းကျိုးသည်လည်း ပေါက်ပြားကို ပခုံးထမ်းလျက် နောက်မှ လိုက်ပါသွားလေသည်။ သူသည် တစ်ခါတစ်ရံတွင် ပါးစပ်ကို အဟောင်းသား လုပ်လျက် နားမလည်နိုင်သော ရယ်သံများကို လုပ်ကာတောရွာမှ ရွာသူမတစ်ဦး၏ ပုံစံကို ပီပြင်အောင် သရုပ်ဆောင်နေတော့သည်။

ခွေးများမှာ အဝေးသို့ ပြေးထွက်သွားကြသဖြင့် ကြည့်ရှုသူများလည်း စိတ်ကုန်လာကြပြီး စစ်သည်များ၏ မောင်းထုတ်မှုကြောင့် လူစုကွဲသွားကြသည်။

ထို့ကြောင့် သရုပ်ဆောင်ထားသော ရွာသူမကြီးမှာလည်း ဆက်လိုက်၍ မရတော့ပေ။ သူသည် ခေတ္တ စဉ်းစားပြီးနောက် အနားယူဟန်ဆောင်ပြီးမှ စစ်သည်များ၏ ခြေရာအတိုင်း တစ်ကိုယ်တည်း ဆက်လက် ထွက်ခွာလာခဲ့သည်။

ဤအရာရှိနှင့် စစ်သည်များက အမှုလိုက်ပေးနေခြင်းမှာ သူ့အတွက် အလုပ်ရှုပ် သက်သာစေသည်။ အကယ်၍ ထိုသူတို့သာ သွေးဓားဘိုးဘေးကို ဖမ်းဆီးနိုင်ပါက ရန်ရှင်းကျိုးအတွက် စိတ်ပူစရာ ရှိတော့မည် မဟုတ်ပေ။

ဆယ်မိုင်ခန့် လမ်းလျှောက်လာပြီးနောက် ရှေ့ဘက်မှ ဆူညံသံများကို ကြားလိုက်ရသည်။ ခဏအကြာတွင် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော ကတုံးတစ်ဦးမှာ လယ်ကွင်းများအတွင်း ပြေးလွှားနေသည်ကို တွေ့လိုက်ရသည်။ သူက ပြေးရင်းလွှားရင်းနှင့်လည်း "တောက်... လူအင်အားနဲ့ အနိုင်ကျင့်တာက ဘာသိုင်းပညာလဲ။ မင်းတို့ တကယ် အစွမ်းရှိရင် ငါ့ကို တစ်ယောက်ချင်း တိုက်ရဲလား" ဟု ကျိန်ဆဲနေလေသည်။

ရန်ရှင်းကျိုးသည် ထိုသူကို ရှင်းလင်းစွာ မြင်ရုံသာမက အသံကိုလည်း ကြားနေရသဖြင့် ထိုသူမှာ သွေးဓားဘိုးဘေးဖြစ်ကြောင်း သိလိုက်သည်။ ဒီလူမှာ တကယ်ကို အံ့ဩစရာပင်။ အဆိပ်မိထားပြီး လက်မောင်းတစ်ဖက် ပြတ်နေသည့်တိုင် ပြေးနိုင်စွမ်း ရှိနေသေးသည်။ ကြည့်ရသည်မှာ သူ၏ ကိုယ်တွင်းမှ အဆိပ်များမှာ ပျယ်သွားပြီ ထင်ရသည်။ တကယ့်ကို ထူးခြားသော လူတစ်ဦးပင်။

ထိုအချိန်တွင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသော လူတစ်ဦးက နောက်မှ လိုက်လံ တိုက်ခိုက်နေသည်။ သူသည် ယခင်က စစ်သည်များကို ဦးဆောင်ကာ ရန်ရှင်းကျိုး၏ အိမ်ကို ရှာဖွေခဲ့သော အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူပင် ဖြစ်သည်။

လက်မောင်းတစ်ဖက် ဆုံးရှုံးထားသဖြင့် သွေးဓားဘိုးဘေး၏ တိုက်ခိုက်နိုင်စွမ်းကျဆင်းနေပြီး ပြေးနှုန်းမှာလည်း ယခင်ကထက် သိသိသာသာ နှေးကွေးနေသည်။ သူ အစွမ်းကုန် ပြေးနေသော်လည်း နောက်မှ လိုက်လာသူကို မခွာနိုင်ချေ။ သွေးဓား၏ ထက်မြက်မှုကြောင့်သာ နောက်မှလိုက်လာသူက အနည်းငယ် တွန့်ဆုတ်နေခြင်း ဖြစ်သည်။ မဟုတ်ပါက သွေးဓားဘိုးဘေးမှာ ထိုလူ၏ လက်ထဲသို့ ကျရောက်သွားသည်မှာ ကြာလှပြီ ဖြစ်သည်။

သွေးဓားဘိုးဘေး ပြေးလာသည်ကို မြင်သောအခါ ရန်ရှင်းကျိုးသည် ကြောက်လန့်တကြား ဖြစ်နေသည့် ပုံစံဖြင့် ရပ်နေလိုက်သည်။ သွေးဓားဘိုးဘေးက သူ့ရှေ့တည့်တည့်သို့ ရောက်လာသည့်တိုင် သူက မည်သို့ ရှောင်ရမည်ကို မသိသည့်ပုံစံ ရှိနေ၏။

"ဟေ့ ဖုန်း... မင်း ငါ့နောက်ကို ဆက်လိုက်နေရင် မင်းအတွက် လူအချို့ကို ငါ သတ်ပေးမယ်"

သွေးဓားဘိုးဘေးသည် ရန်ရှင်းကျိုး၏ အနားသို့ ရောက်သည်နှင့် ရန်ရှင်းကျိုး၏ လည်ပင်းကို လှမ်းဖမ်းကာ သူ့ကို မြှောက်၍ နောက်မှ လိုက်လာသူထံသို့ ပစ်ပေါက်ရန် ပြင်လိုက်သည်။ ဤနည်းဖြင့် နောက်မှလူကို ခေတ္တ တားဆီးကာ သူ အသက်ရှူချောင်မည့် အခွင့်အရေးကို ရှာရန် ကြံစည်ခြင်း ဖြစ်သည်။

သူ၏ အမြင်တွင် ဤရွာသူမကြီးမှာ သူ့အတွက် ဘာအန္တရာယ်မှ ပေးနိုင်မည့်သူ မဟုတ်ချေ။ သူမ မည်မျှ သန်မာသည်ဖြစ်စေ သူ့ကို ထိခိုက်အောင် လုပ်နိုင်လိမ့်မည်မဟုတ်ဟု သူ ယူဆထားသည်။

သူသည် ရွာသူမကြီးကို လှမ်းအဖမ်းတွင် ရုတ်တရက် အန္တရာယ်ကို ခံစားမိလိုက်သည်။ သူသည် ချက်ချင်း လွှတ်ကာ နောက်သို့ ဆုတ်ရန် ပြင်သော်လည်း မမီတော့ပေ။ ထိုရွာသူမကြီးမှာ ရုတ်တရက် ဟစ်အော်လိုက်ပြီး သူမ၏ လက်ညှိုးနှင့် လက်ခလယ်ကို ကားထုတ်ကာ သွေးဓားဘိုးဘေး၏ မျက်လုံးများဆီသို့ ထိုးသွင်းလိုက်တော့သည်။

ရွှပ်...

သွေးဓားဘိုးဘေးမှာ သူ၏ ညာဘက်မျက်လုံးကိုသာ ရှောင်နိုင်ခဲ့ပြီး ဘယ်ဘက်မျက်လုံးတစ်ဖက်မှာ ရန်ရှင်းကျိုး၏ လက်ချက်ဖြင့် ပေါက်ထွက်သွားတော့သည်။ သွေးဓားဘိုးဘေးမှာ စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး နာကျင်မှုများကြားမှ သူ၏ သွေးဓားဖြင့် ရန်ရှင်းကျိုးကို ရမ်းသန်း၍ ခုတ်ချလိုက်သည်။

ရန်ရှင်းကျိုးက ခြေလှမ်းတစ်ချက်ဖြင့် ထိုဓားချက်ကို အလွယ်တကူ ရှောင်တိမ်းလိုက်ပြီး ရယ်မောလိုက်သည်။

"သွေးဓားဘိုးဘေး... မတွေ့ရတာ ကြာပြီနော်!"

"မင်း... မင်းလား"

သွေးဓားဘိုးဘေးသည် ဘယ်ဘက်မျက်လုံးမှ နာကျင်မှုကြောင့် စိတ်များ ပရမ်းပတာ ဖြစ်သွားသည်။ သူသည် မျက်လုံးများကို မှိတ်ကာ အစွမ်းကုန် ပြေးတော့သည်။ အကယ်၍ အခုမပြေးလျှင် သေရတော့မည်ဖြစ်ကြောင်း သူ ကောင်းကောင်း သိလိုက်သည်။ ထို့ကြောင့် သူ၏ ပြေးနှုန်းမှာ ယခင်ကထက် နှစ်ဆမက မြန်ဆန်သွားတော့သည်။

သူသည် ယခုအချိန်တွင် အလွန် အန္တရာယ်ကြီးသော အခြေအနေနှင့် ကြုံနေရသဖြင့် အသက်ရှင်ရန်အတွက် တစ်စက္ကန့်မျှပင် မတွန့်ဆုတ်ရဲပေ။

ရန်ရှင်းကျိုးကို မှတ်မိသွားသော်လည်း သူ့ကို ဆဲဆိုရန်ပင် အချိန်မရှိ။ ရန်ရှင်းကျိုးက သူ၏ မျက်လုံးတစ်ဖက်ကို ဖောက်ထုတ်လိုက်သော်လည်း သူကတော့ ဆက်တိုက် ထွက်ပြေးနေဆဲပင်။

အခြေအနေကို သုံးသပ်ပြီး ချက်ချင်း တုံ့ပြန်နိုင်စွမ်းတွင်မူ သွေးဓားဘိုးဘေးသည် တကယ့်ကို ထိပ်တန်း ပညာရှင်တစ်ဦး ဖြစ်သည်မှာ ငြင်းမရချေ။ ပြင်းထန်သော ဒဏ်ရာများနှင့် ရှုပ်ထွေးနေသော အခြေအနေများ ကြားတွင်ပင် သူသည် အသက်ရှင်ရန်အတွက် အကောင်းဆုံး လမ်းစဉ်ကို ရွေးချယ်နိုင်ခဲ့သည်။

သွေးဓားဘိုးဘေးမှာ ဟိန်းဟောက်ရင်း ထွက်ပြေးသွားသော်လည်း နောက်မှ လိုက်လာသည့် လူမှာမူ ရုတ်တရက် ရပ်တန့်သွားသည်။ သူက ရန်ရှင်းကျိုးကို စိုက်ကြည့်ပြီး

"မင်းက ဘယ်သူ့တပည့်လဲ။ ဘာလို့ အဲဒီလို ဝတ်ထားရတာလဲ" လို့ မေးလိုက်သည်။

ရန်ရှင်းကျိုးက ရယ်မောလိုက်ပြီး

"ကျွန်တော်က လေလွင့်သိုင်းသမား တစ်ယောက်ပါ။ သွေးဓားဘိုးဘေးရဲ့ လုပ်ရပ်တွေကို မကြည့်ရက်နိုင်တော့လို့ ဆုကြေးရဖို့အတွက် ရုပ်ဖျက်ပြီး လာဖမ်းတာပါ။ ဒီနေ့မှ သူနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့လို့ တိုက်ခိုက်လိုက်တာ။ နှမြောစရာပဲ... သူ ထပ်လွတ်သွားပြန်ပြီ"

"စိတ်မပူပါနဲ့၊ သူ မပြေးနိုင်ပါဘူး"

"ဒါဆိုရင်တော့ ခင်ဗျား ဘယ်လို ဖမ်းမလဲဆိုတာ ကြည့်ရမှာပဲ။ ခင်ဗျား သူ့ကို ဖမ်းပြီး သတ်နိုင်မယ်ဆိုရင် သေဆုံးသွားတဲ့ လူအများကြီးအတွက် လက်စားချေပေးရာ ရောက်မှာပါ"

ထို့နောက် သူက လက်အုပ်ချီလျက် အရိုအသေပေးကာ “ကျွန်တော်မျိုးကို ခွင့်ပြုပါဦး"

အရပ်ရှည်ရှည် လူက ရှေ့သို့ တစ်လှမ်းတိုးလာပြီး

"မလောပါနဲ့ဦး။ မင်းက တကယ်တော့ ဘယ်သူလဲ"

စကားပြောနေရင်း သူ၏ ဘယ်လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ကာ ရန်ရှင်းကျိုး၏ ကိုယ်အထက်ပိုင်းကို လှမ်းဖမ်းလိုက်သည်။ သူ၏ လက်ဝါးမှာ အနည်းငယ် အားပါနေသည်။ ရန်ရှင်းကျိုး လန့်သွားကာ လက်ကို မြှောက်၍ ကာကွယ်လိုက်ပြီး ရယ်လိုက်သည်။

"လူချင်း တွေ့ဖူးနေပြီပဲ၊ ဘာလို့ ဒီလောက် အားနာနေမှာလဲ။ သခင်... ကျွန်တော်က လူဆိုးကို ဝိုင်းဖမ်းပေးတာလေ၊ ခင်ဗျားက ကျွန်တော့်ကို ဖမ်းမလို့လား"

[ဘုန်း..]

သူတို့နှစ်ဦး၏ လက်များ ထိတွေ့သွားသည်နှင့် နှစ်ဖက်စလုံး အနည်းငယ်နောက်သို့ လွင့်စင်သွားကြသည်။ ရန်ရှင်းကျိုး ဝတ်ဆင်ထားသော ရွာသူမ ဝတ်စုံမှာ ဗြိခနဲဆုတ်ပြဲသွားကာ ရင်ဘတ်တွင် ချိတ်ထားသော ခရမ်းသီးနှစ်လုံးမှာလည်း လွင့်ထွက်သွားတော့သည်။ ဆံပင်တုမှာလည်း ပြုတ်ကျသွားသဖြင့် သူ၏ မူလရုပ်သွင် ပေါ်လာခဲ့သည်။ ထိုလူမှာ အနည်းငယ် ယိမ်းထိုးသွားပြီး ရန်ရှင်းကျိုး၏ မျက်နှာကို စိုက်ကြည့်ကာ အလေးအနက် မေးလိုက်သည်။

"အတွင်းအားက တော်တော် ကောင်းတာပဲ မင်းက ရန်ရှင်းကျိုး မဟုတ်လား"

ရန်ရှင်းကျိုးသည်လည်း နောက်သို့ ယိမ်းထိုးသွားရင်း ပြုံးလျက် ဆိုလိုက်သည်။ "မျိုးဆက်သစ် ရန်ရှင်းကျိုးက စီနီယာကို ဂါရဝပြုပါတယ်။ စီနီယာရဲ့ ဘွဲ့နာမည်ကို သိပါရစေ"

"ငါက ဖုန်းယွင်ချွမ်း"

ထိုလူက ချီးကျူးသံဖြင့် အော်လိုက်သည်။ "တော်လိုက်တဲ့ လူငယ်လေး မင်းက ငယ်ငယ်လေးနဲ့ မင်းရဲ့ သိုင်းပညာက တော်တော်လေး နက်နဲတာပဲ။ မင်းရဲ့ အသက်အရွယ်နဲ့ ဒီလောက် အစွမ်းမျိုးဆိုရင် မင်းနဲ့ သက်တူရွယ်တူထဲမှာ ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး"

သူသည် ဓားကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီး "ဒါပေမဲ့ ငါ မြို့တော်ကနေ လာရတဲ့ ရည်ရွယ်ချက်က မင်းကို ဖမ်းပြီး ထောင်ချဖို့ပဲ။ သွေးဓားဘိုးဘေးက လမ်းကြုံလို့ ဖမ်းတဲ့သူပဲ။ ငါတို့အတွက်တော့ မင်းက သွေးဓားဘိုးဘေးထက် အများကြီး ပိုအရေးကြီးတယ်"

"ကောင်လေး... အသာတကြည် လက်နက်ချတာက မင်းအတွက် ပိုကောင်းလိမ့်မယ် ထင်တယ်"

***

All Chapters