← Chapters

အခန်း ၂၃

Vol. 3 Ch. 23

အခန်း ၂၃

Vol. 3 Ch. 23

ပြိုင်ဖက်ကင်းဓားသမား

အခန်း (၂၃) - နာရေးအခမ်းအနား

"ဖုန်းယွင်ချွမ်းလား..."

ရန်ရှင်းကျိုး၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ လေသံကို ခပ်နှိမ့်နှိမ့်ဖြင့် ဆိုလိုက်သည်။ "လေ၊ ကျား၊ တိမ်၊ နဂါး ထဲက တစ်ယောက်ပေါ့..."

ရန်ရှင်းကျိုး၏ ကျင့်ကြံမှုမှာ တစ်ရက်ထက်တစ်ရက် တိုးတက်လာသည်နှင့်အမျှ သူသည် မိမိကိုယ်ကို အထင်မသေးခဲ့ပေ။ ဒင်ဒီယန်နှင့် သွေးဓားဘိုးဘေး ကဲ့သို့သော အနည်းငယ်သော သူများမှလွဲလျှင် ကျန်သည့် သိုင်းလောကသားများမှာ သူ့အတွက် ထည့်တွက်စရာမလိုဘူးဟု သူ ယုံကြည်ထားသည်။

သို့သော် ယခုမူ ဖုန်းယွင်ချွမ်း၏ လက်ဝါးတစ်ချက်မှာ သူ့ကို နောက်သို့ လွင့်ထွက်သွားစေခဲ့သည်။ ဤအစွမ်းမှာ သွေးဓားဘိုးဘေး၏ အဆင့်နှင့် မခြားပေ။ တောင်ပိုင်း၏ ပန်းကြွေရေစီး ပညာရှင်လေးဦးအနက် ဖုန်း မျိုးရိုးမရှိပေ။ ထို့ကြောင့် မြောက်ပိုင်း၏ လေ၊ ကျား၊ တိမ်၊ နဂါး ဟု လူသိများသော ပညာရှင်ကြီး လေးဦးထဲမှသာ ဖြစ်ရပေမည်။ ဖုန်းယွင်ချွမ်း၏ မျိုးရိုးအမည်အရ သူသည် မည်သူမည်ဝါဖြစ်ကြောင်း အထင်အရှားပင်ဖြစ်သည်။

ဖုန်းယွင်ချွမ်းက ရယ်မောလိုက်ပြီး "သိုင်းလောကက မိတ်ဆွေတွေက ငါတို့ ညီအစ်ကို လေးယောက်ကို ချစ်ခင်လေးစားလို့ ဒီလို ဘွဲ့မည်လေးတွေ ပေးထားကြတာပါ"

သူသည် နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး သူ၏ ဓားဖျားဖြင့် ရန်ရှင်းကျိုး၏ ရင်ဘတ်တည့်တည့်ကို ချိန်ရွယ်လိုက်သည်။ "ညီအစ်ကို ရန်... မင်း အကျင့်ပျက် အရာရှိတွေကို သတ်တာကို ငါ လေးစားပါတယ်။ ဒါပေမဲ့ ဒီလောကမှာ ဥပဒေဆိုတာ ရှိတယ်။ သိုင်းလောကသားတိုင်းသာ မင်းလိုပဲ ဥပဒေမဲ့ လုပ်နေကြရင် တစ်လောကလုံး ပရမ်းပတာ ဖြစ်ကုန်မှာပေါ့။ အခု ငါ မင်းကို မဖမ်းရင်လည်း တခြားတစ်ယောက်က ဖမ်းမှာပဲ။ မင်း ကောင်းကောင်းမွန်မွန်နဲ့ ငါနဲ့အတူ အစိုးရရုံးကို လိုက်ခဲ့တာ ပိုကောင်းလိမ့်မယ်..."

"ဒီလောကမှာ တကယ်ပဲ ဥပဒေရှိတယ်ဆိုရင် လင်ထွေးစိ ဒီလောက် မကောင်းမှုတွေ လုပ်နေတာကို ဘာလို့ နန်းတော်က အပြစ်မပေးခဲ့တာလဲ။ ဥပဒေသာ တကယ်ရှိရင် ကျင့်ကျိုးက ပြည်သူတွေ ဘာလို့ မတရားခံနေရပြီး တိုင်တန်းစရာ နေရာမရှိ ဖြစ်နေရတာလဲ။ ဖုန်းယွင်ချွမ်း... ဒီလောကမှာ ဥပဒေဆိုတာ ရှိပါတယ်၊ ဒါပေမဲ့ အဲဒီဥပဒေက သာမန်ပြည်သူတွေအတွက် မဟုတ်ဘူး"

ရန်ရှင်းကျိုးက ဖြည်းဖြည်းချင်း နောက်ဆုတ်ရင်း တည်ငြိမ်စွာ ဆိုလိုက်သည်။

"တိုက်ချင်ရင်လည်း တိုက်စမ်းပါ။ အပိုစကားတွေ ပြောပြီး အချိန်ဖြုန်းမနေနဲ့"

ဖုန်းယွင်ချွမ်းက အားရပါးရ ရယ်မောကာ

"ကောင်းပြီလေ ဒါဆိုလည်း ခံစမ်း"

သူသည် မဆိုင်းမတွပင် ဓားကို ရန်ရှင်းကျိုး၏ ရင်ဘတ်သို့ ထိုးနှက်လိုက်တော့သည်။

ဓားချက်မှာ မြန်ဆန် တိကျပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရန်ရှင်းကျိုး၏ ရှေ့သို့ ရောက်ရှိလာသည်။ ရန်ရှင်းကျိုးသည် ရုတ်တရက် နောက်သို့ခုန်ဆုတ်လိုက်ပြီး ညာလက်ကို ဝှေ့ယမ်းကာ အော်လိုက်သည်။

"လက်နက်ပုန်းကို သတိထား"

သူ၏ အင်္ကျီလက်အတွင်းမှ အဖြူရောင် အလင်းတန်းတစ်ခု ဖုန်းယွင်ချွမ်း၏ မျက်နှာသို့ တည့်တည့်‌ရောက်လာတော့သည်။ ဖုန်းယွင်ချွမ်းက ရှောင်လိုက်ပြီး သူ၏ ဓားဖြင့် ပိုင်းဖြတ်လိုက်ရာ ဒုတ်ခနဲ အသံနှင့်အတူ အဖြူရောင် မီးခိုးများ အုံလိုက်ကျင်းလိုက် ထွက်ပေါ်လာတော့သည်။ ဖုန်းယွင်ချွမ်း ထိတ်လန့်သွားကာ အလျင်အမြန် နောက်သို့ ဆုတ်လိုက်သည်။

"ဒါ ဘာလဲ"

ရန်ရှင်းကျိုးက အားရပါးရ ရယ်မောရင်း ဝတ်ဆင်ထားသော အမျိုးသမီး အဝတ်အစားများကို ချွတ်၍ ဖုန်းယွင်ချွမ်း၏ ခေါင်းပေါ်သို့ ပစ်တင်လိုက်သည်။ "ဒါက တာလော် ဝိညာဉ်နုတ်မီးခိုးပဲ ဖုန်းယွင်ချွမ်း... မင်း ငါ့အဆိပ်မိသွားပြီ၊ မကြာခင်မှာပဲ မင်း သွေးအန်ပြီး သေရတော့မယ်"

ဖုန်းယွင်ချွမ်းသည် အသက်ကို အောင့်ထားကာ ထပ်မံ နောက်ဆုတ်လိုက်ပြန်သည်။ ပစ်လိုက်သော အဝတ်အစားများကိုလည်း ဓားဖြင့် မခုတ်ရဲဘဲ ရှောင်တိမ်းနေရသည်။ ထို့နောက် သူသည် ရပ်လိုက်ပြီး ခန္ဓာကိုယ်အတွင်း ထူးခြားမှု ရှိမရှိကို အတွင်းအားဖြင့် စစ်ဆေးကြည့်လိုက်သည်။

ခဏကြာမှ သူ သိလိုက်ရသည်မှာ "တောက်... ဒီကောင်လေးရဲ့ လှည့်ကွက်မိသွားပြီ ဒါက ထုံးမှုန့်တွေပဲ၊ ဘာဝိညာဉ်နုတ်မီးခိုးမှ မဟုတ်ဘူး"

မော့ကြည့်လိုက်သောအခါ ရန်ရှင်းကျိုးမှာ အဝေးသို့ ပြေးထွက်သွားပြီဖြစ်သည်။ ရန်ရှင်းကျိုးက ပြေးလွှားနေရင်း ရယ်မောနေသည်။

"ထုံးမှုန့်က အလုပ်ဖြစ်တာပဲ။ နောက်ဆိုရင် ဒါကို ရတနာတစ်ခုလို ဆောင်ထားရမယ် ထုံးမှုန့်နဲ့ တစ်လောကလုံးကို အထင်သေးရတာ အရသာရှိသားပဲ။ ဟားဟားဟား"

သူသည် ပြေးရင်းလွှားရင်း ကိုယ်ပေါ်မှ အသွင်ဖျက်ထားသည်များကို ဖယ်ရှား၍ သူ၏ မူလရုပ်သွင်အတိုင်း ပုန်းခိုရာနေရာသို့ တိတ်တဆိတ် ပြန်လာခဲ့သည်။

"ဖုန်းယွင်ချွမ်းက ငါ့ကိုဖမ်းဖို့ လာတာတဲ့လား။ ဒါက ဘာကို ဆိုလိုတာလဲ... အင်း၊ ငါက ကျင့်ကျိုးမြို့ဝန်ကို သတ်ခဲ့တာကိုး၊ နန်းတော်က ဒေါသထွက်နေတာ ဖြစ်မယ်။ အဲဒါကြောင့် ဖုန်းယွင်ချွမ်းကို လွှတ်ပြီး ငါ့ကို လာဖမ်းခိုင်းတာပေါ့။ ဟဲဟဲ... သွေးဓားဘိုးဘေးက လူပေါင်းများစွာကို သတ်ပြီး မကောင်းမှုတွေ အများကြီး လုပ်ခဲ့တာတောင် သူတို့က ဂရုမစိုက်ကြပဲ အကျင့်ပျက် အရာရှိတစ်ယောက်ကိုပဲ သတ်တာကို ငါ့အပြစ်က သွေးဓားဘိုးဘေးထက် ပိုကြီးနေသလိုပဲ ငါ့ကိုသာ ဒေါသလာဆွရင်တော့ တားမြစ်ထားတဲ့ နန်းမြို့တော်အထိ သွားပြီး ဧကရာဇ်ကိုပါ နန်းချပစ်မယ်"

ဖုန်းယွင်ချွမ်းက နာမည်ဆိုးသော သွေးဓားဘိုးဘေးကိုကျ လွှတ်ထားပြီး သူ့ကိုလာဖမ်းသည့်အတွက် ရန်ရှင်းကျိုး မကျေမနပ် ဖြစ်သွားသည်။ "ဒီကမ္ဘာမှာ ငါ့ဆွေးမျိုးလည်း မရှိဘူး၊ သူငယ်ချင်းလည်း မရှိဘူး။ ငါ့ကို ဘာမှ တားဆီးလို့ မရဘူး။ ဘယ်သူမဆို ငါ့ကိစ္စထဲကို ဝင်ပါရဲရင်တော့ သူတို့ တစ်မိသားစုလုံးကို သတ်ပစ်မယ်"

ရန်ရှင်းကျိုး သိထားသည်မှာ လောကတွင် သရဲတစ္ဆေပင်လျှင် လူယုတ်မာကို ကြောက်ရသည်ဟူ၍ ဖြစ်သည်။ သူသာ အကျင့်ပျက်အရာရှိများကိုသာ သတ်သည့် သူရဲကောင်းတစ်ဦး ဖြစ်နေမည်ဆိုလျှင် လူများက သူ့ကို မကြောက်ကြပဲ လေးစားကြမည်ဖြစ်သည်။ သူ့ကိုဖမ်းလို့ ရာထူးတက်ကာ စည်းစိမ်တိုးမည်ဆိုပါက သူ့ကို လေးစားသူများကပင် သူ့ကို ဖမ်းဆီးရန် ကြိုးစားကြလိမ့်မည်။

အကြောင်းမှာ သူရဲကောင်းသည် သူရဲကောင်းပီသသော စိတ်ရှိသောကြောင့် ဖြစ်သည်။ သူရဲကောင်းသည် လူယုတ်မာတို့ အဆင့်အတန်းသို့ ဆင်းမည်မဟုတ်ပေ။ အလွန်ဆုံးမှ မိမိကို သစ္စာဖောက်သူကိုသာ သတ်မည်ဖြစ်ပြီး ထိုသူ၏ သားမယားကိုမူ ဒုက္ခပေးလေ့မရှိပေ။

သို့သော် ရန်ရှင်းကျိုးသာ အကောင်း အဆိုး ခွဲခြားရခက်တိုင်း၊ စကားပြောရခက်တိုင်း သတ်ပစ်တတ်တဲ့သူ၊ တစ်မိသားစုလုံးကို သတ်မည်ဟု ခြိမ်းခြောက်သော လူရက်စက်တစ်ဦး ဖြစ်နေပါက သူ့နာမည်ပျက်မည်ဖြစ်သော်လည်း မည်သူမျှ ရန်စရဲကြမည် မဟုတ်ပေ။

သွေးဓားဘိုးဘေးကဲ့သို့ မကောင်းမှုပေါင်းစုံ လုပ်ခဲ့သဖြင့် အပိုင်းပိုင်း ခုတ်ထစ်သတ်သင့်သူ ဖြစ်သည်။ သို့သော် သူ၏ နာမည်ဆိုးကြောင့် ပညာရှင်များသည် မြွေကိုရိုက်ရင်း မြွေကိုက်ခံရမည်ကို စိုးရိမ်သဖြင့် သူ့ကို မတိုက်ခိုက်ရဲကြပေ။ ထို့ကြောင့်ပင် သူသည် ယနေ့တိုင် အသက်ရှင်နေခြင်း ဖြစ်သည်။ သူသည် မသမာသော နည်းလမ်းများကို သုံးတတ်သည့် ရန်ရှင်းကျိုးနှင့်သာ မတွေ့ခဲ့လျှင် နောက်ထပ် နှစ်အတော်ကြာအောင် မကောင်းမှုများ ဆက်လုပ်နေဦးမည်မှာ အသေအချာပင်ဖြစ်သည်။

"ဆုံးဖြတ်လိုက်ပြီ လူကောင်းတွေက အသက်မရှည်ဘူး လူယုတ်မာတွေမှ နှစ်တစ်ထောင် အသက်ရှည်တာ။ ငါ သူရဲကောင်း မလုပ်တော့ဘူး၊ သူရဲကောင်း လုပ်ရတာက ပင်ပန်းလွန်းတယ်။ လူဆိုးလုပ်ရတာက ပိုပျော်ဖို့ကောင်းတယ်"

ဆုံးဖြတ်ချက်ချပြီးနောက် ရန်ရှင်းကျိုးသည် ချက်ချင်းပင် ရုပ်ဖျက်လိုက်သည်။ ယခုမူ သူသည် အရပ်ရှည်ရှည်၊ ဆံပင်ဖြူဖြူနှင့် ဓားတစ်လက် ကိုင်ဆောင်ထားသော အဘိုးအိုတစ်ဦးအသွင်ဖြင့် ကျင့်ကျိုးမြို့အတွင်းသို့ ခြေလှမ်းမှန်မှန်ဖြင့် ဝင်ရောက်သွားတော့သည်။

လင်ထွေးစိကို သတ်ခဲ့ခြင်းမှာ မျှော်လင့်မထားသော ဘေးဆိုးရလဒ်တစ်ခုသာ ဖြစ်သည်။ သူ၏ မူလပစ်မှတ်မှာ မေနျန့်ရှန်း၏ တပည့်သုံးဦးဖြစ်ပြိး ယခုမူ အလှည့်အပြောင်းများအပြီးတွင် မူလလမ်းကြောင်းသို့ ပြန်ရောက်လာပြီး ရန်ရှင်းကျိုးသည် သူ၏စီမံကိန်းကို အကောင်အထည်ဖော်ရန် တစ်ဆင့်ချင်း ကြံရွယ်ထားသည်။

သူသည် မေနျန့်ရှန်းအတွက် လက်စားချေပေးချင်သည့် သူရဲကောင်းစိတ်ဓာတ် ရှိ၍တော့ မဟုတ်ပေ။ သို့သော် ယခင်ဘဝက စာအုပ်ကို ဖတ်ခဲ့စဉ်က ထိုလူယုတ်မာသုံးဦး၏ လုပ်ရပ်များကြောင့် သူ အလွန် ဒေါသထွက်ခဲ့ရသည်။ အကယ်၍ အခုလို အခွင့်အရေးရပါလျက် ထိုလူယုတ်မာများကို မသတ်ခဲ့ပါက တစ်သက်လုံး နောင်တရနေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် မည်သို့ပင်ဖြစ်စေ မေနျန့်ရှန်း၏ တပည့်သုံးဦးမှာ သေကိုသေရမည်။

ကျင့်ကျိုးမြို့အတွင်း မေနျန့်ရှန်း၏ အကြီးဆုံးတပည့် တိမ်တိုက်လက်ဝါးငါးဖြာဟု လူသိများသော ဝမ်ကျန့်ရှန်း နေထိုင်လေသည်။ ရန်ရှင်းကျိုး ကျင့်ကျိုးသို့ လာရခြင်းမှာ အကြောင်းရင်း နှစ်ခုရှိသည်။ ပထမမှာ ဒင်ဒီယန် မည်သို့ဖြစ်နေသည်ကို ကြည့်ရန်နှင့် ဒုတိယမှာ ဝမ်ကျန့်ရှန်းကို သတ်ရန်ပင် ဖြစ်သည်။

ယခုတစ်ကြိမ်မှာ သူ ကျင့်ကျိုးသို့ ဒုတိယအကြိမ် ရောက်ရှိလာခြင်း ဖြစ်သည်။

မြို့တံခါးအပြင်ဘက်တွင် ရပ်ရင်း ခဏမျှ တုံ့ဆိုင်းနေပြီးနောက် အသာအယာ ရယ်မောလိုက်ကာ ကျင့်ကျိုးမြို့အတွင်းသို့ ဝင်လိုက်လေသည်။

မြို့အတွင်းသို့ ဝင်သည်နှင့် မနီးမဝေးမှ တူရိယာသံများကို ကြားလိုက်ရသည်။ ကြည့်လိုက်သောအခါ လူ ၁၂ ယောက် ထမ်းလာသော ခေါင်းတလားတစ်ခု၏ နောက်တွင် နာရေးဝတ်စုံဝတ်ထားသော လူအုပ်ကြီးကို တွေ့လိုက်ရသည်။ အရှေ့ဆုံးမှ လူသည် လက်ထဲတွင် တောင်းတစ်တောင်းကို ကိုင်ထားပြီး စက္ကူပိုက်ဆံများကို ကောင်းကင်ယံသို့ ကြဲနေသည်။ သူ၏နောက်တွင် တူရိယာတီးခတ်သူများက ပါးဖောင်းအောင် မှုတ်လျက် အားရပါးရ တီးခတ်နေကြသည်။ ငိုကြွေးသံများနှင့် တူရိယာသံများမှာ ရောထွေးနေတော့သည်။

ရန်ရှင်းကျိုး၏ စိတ်ထဲတွင် တစ်ချက် တွေးလိုက်မိသည်။ သူ လင်ထွေးစိကို သတ်ခဲ့သည်မှာ ရက်ပေါင်း ၄၀ ခန့် ရှိပြီဖြစ်ရာ ယခုအချိန်မှာ မြေမြှုပ်ရမည့် ရက်ဖြစ်သည်။ ထို့ကြောင့် ဤနာရေးမှာ လင်ထွေးစိ၏ နာရေးဖြစ်ရပေမည်။

သူ အနားသို့ မသိမသာ တိုး၍ ကြည့်လိုက်ရာ နာရေးအုတ်ဂူတိုင်ပေါ်တွင် ရေးထားသော အမည်မှာ လင်ထွေးစိပင် ဖြစ်နေသည်။

သို့သော် ယခု နာရေးစီတန်းမှုမှာ အလွန်ပင် ထူးဆန်းသည်။ ခေါင်းတလားထမ်းသူများရော လိုက်ပါပို့ဆောင်သူများကိုပါ ခြေချင်း လက်ချင်းများ ခတ်ထားရုံသာမက လည်ပင်းတွင်ပါ သံကြိုးများဖြင့် တစ်ယောက်နှင့်တစ်ယောက် တွဲချည်ထားခြင်း ခံထားရသည်။ သူတို့၏ မျက်နှာများမှာလည်း ဖူးရောင်နေပြီး အချို့မှာ ထော့နဲ့ထော့နဲ့ ဖြစ်နေကြသည်။ သူတို့၏ မျက်နှာအမူအရာများမှာ မိဘရင်း သေဆုံးသွားသူများကဲ့သို့ပင် မှိုင်တွေနေကြသည်။

ခေါင်းတလား၏ ဘေးဖက်တွင် နာရေးဝတ်စုံဝတ်ထားသော ဒင်ဒီယန်သည် မျက်နှာကို ဇာပဝါဖြူဖြင့် အုပ်ထားသော အမျိုးသမီးတစ်ဦးနှင့်အတူ ဖြည်းဖြည်းချင်း လမ်းလျှောက်နေသည်။ သူ၏ မျက်နှာမှာ တည်ကြည်လေးနက်နေပြီး သူ၏ အကြည့်များမှာ အေးစက်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေသည်။ သူ၏ အကြည့်က ရန်ရှင်းကျိုးထံသို့ ရောက်လာသောအခါ ရန်ရှင်းကျိုးပင် တစ်ကိုယ်လုံး ကြက်သီးထသွားတော့သည်။

"အလို... ဒီဒင်ဒီယန်ရဲ့ အတွင်းအားက တော်တော်လေး တိုးတက်လာတာပဲ ကြည့်ရတာ သူ ရှင်သန်ခြင်းအလင်းကျမ်းကို အကုန်လုံး ကျင့်ကြံပြီးသွားပြီ ထင်တယ်"

ဒင်ဒီယန်၏ အရှိန်အဝါကို ခံစားလိုက်ရပြီးနောက် ရန်ရှင်းကျိုး၏ စိတ်ထဲတွင် လေးလံသွားသော်လည်း တစ်ဖက်တွင်လည်း စိတ်လှုပ်ရှားလာမိသည်။

"ဒါမှလည်း ပိုပြီး စိတ်ဝင်စားဖို့ ကောင်းမှာပေါ့။ ဒီလို ရန်သူမျိုးရှိနေမှ ငါလည်း အပျင်းမကြီးဘဲ ကြိုးစားမှာ"

ခေါင်းတလားထမ်းနေသူများနှင့် နာရေးလိုက်ပို့နေသူများမှာ ဒင်ဒီယန် ဖမ်းဆီးထားသော သိုင်းလောကသားများ ဖြစ်ရမည်။ ယခုမူ သူတို့အားလုံးမှာ သံကြိုးခတ်ခံထားရပြီး အဓမ္မခိုင်းစေခံနေရခြင်း ဖြစ်သည်။ သူတို့သည် မိတ်ဆွေများနှင့် တွေ့ဆုံကာ အရှက်ရမည်ကို စိုးရိမ်သဖြင့် ခေါင်းများကို ငိုက်စိုက်ချထားကြပြီး မည်သူ့ကိုမျှ မကြည့်ရဲကြချေ။

နာရေးစီတန်းမှုသည် မြို့ပြင်သို့ ထွက်ခွာတော့မည့် ဆဲဆဲတွင် ဘေးရှိ လမ်းမတစ်ခုမှ နောက်ထပ် နာရေးစီတန်းမှုတစ်ခု ထွက်ပေါ်လာကာ အဖွဲ့နှစ်ခုမှာ ထိပ်တိုက်တိုးတော့မလို ဖြစ်နေသည်။

ရန်ရှင်းကျိုးသည် နောက်သို့ ဆုတ်လိုက်ပြီး လမ်းဘေးတွင် ရပ်လျက် လက်ပိုက်ကာ ထိုမြင်ကွင်းကို စောင့်ကြည့်နေလိုက်သည်။

"ဟင်း... ခွေးအချင်းချင်း ကိုက်ကြတော့မှာပဲ"

***

All Chapters