← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

ပြိုင်ဖက်ကင်းဓားသမား

အခန်း (၂၆) - ရှင်သန်ခြင်းအလင်းကျမ်း

"မင်းက ရန်ရှင်းကျိုးလား..."

ရန်ရှင်းကျိုးက မည်သူမည်ဝါဖြစ်ကြောင်း ဝန်ခံလိုက်သည်နှင့် ရွှေစိမ့်က ခပ်တိုးတိုး အော်လိုက်သည်။

"ဒီရက်ပိုင်းအတွင်း မင်းလုပ်ခဲ့တဲ့ ကိစ္စတွေက တကယ့်ကို ဟိုးဟိုးကျော်ပဲနော် ပြီးခဲ့တဲ့ တစ်ခေါက်က နင် ငါ့မြင်းကို ခိုးပြေးပြီး ငါ့ကို မြေကြီးပေါ် ပစ်ချထားခဲ့သေးတယ်။ ငါသာ သိုင်းပညာမတတ်ရင် ဒဏ်ရာရသွားမှာပဲ။ ဖေဖေ... သူနဲ့ စကားပြောမနေနဲ့တော့။ သူ့ကို နာနာလေး ဆုံးမပေးပါ သမီး စိတ်ထဲက ဒေါသတွေ ပြေသွားအောင်လို့"

ရန်ရှင်းကျိုးက သူမမြင်းကို ခိုးသွားကတည်းက ရွှေစိမ့်မှာ ခံပြင်းလွန်းသဖြင့် ရက်အတော်ကြာအောင် ထမင်းမေ့ ဟင်းမေ့ ဖြစ်ခဲ့ရသည်။ ဝမ်ရှောင်ဖုန်းက လူအင်အားစုပြီး လိုက်လံ ရှာဖွေပေးခဲ့လို့သာ သူမ၏ မြင်းဖြူလေးကို ပြန်တွေ့ခဲ့ခြင်း ဖြစ်သည်။

သူမ၏ မြင်းကို ပြန်ရခဲ့သော်လည်း အပိုငွေများ ကုန်ကျခဲ့ရပြီး လူအများအပြားကို အလုပ်ရှုပ်စေခဲ့ခြင်းတို့ကြောင့် ရွှေစိမ့်မှာ ရန်ရှင်းကျိုးကို ပိုကာ ‌ဒေါသထွက်နေမိတော့သည်။ ယခု ရန်ရှင်းကျိုးကို တွေ့လိုက်ရသောအခါ သူမ၏ ရင်ထဲ၌ စုအုံနေသော ဒေါသများမှာ ပေါက်ကွဲထွက်လာပြီး ဘောင်ချာ ရှင်းရန် ကြိုးစားတော့သည်။

"စန်းအာ... လျှောက်မလုပ်နဲ့"

ရွှေတိုက်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး ရန်ရှင်းကျိုးကို ကြည့်ကာ

"ညီအစ်ကို ရန်... မင်းက တကယ်ကို အံ့ဩစရာပဲ။ လမ်းမှာတွေ့တဲ့ မိတ်ဆွေ လင်းကျင်ယီအတွက်နဲ့ မင်းရဲ့ အသက်ကို စတေးပြီး နေ့ခင်းကြောင်တောင် အစိုးရရုံးကို ဝင်စီးပြီး အကျင့်ပျက် အရာရှိ လင်ထွေးစိကို သတ်ခဲ့တယ်။ နောက်ဆုံး ဒင်ဒီယန်ရဲ့ လက်ထဲကနေတောင် လွတ်အောင် ပြေးခဲ့သေးတယ်။ ဒီသတင်းကို ကြားတုန်းက ငါတောင် မယုံနိုင်ဘူး။ အဲဒီတုန်းက မင်းရဲ့ ကျင့်ကြံမှုနဲ့ဆိုရင် လင်ထွေးစိကို သတ်နိုင်တာ ဖြစ်နိုင်ပေမဲ့ ဒင်ဒီယန်ရဲ့ လက်ထဲကနေ လွတ်ဖို့ဆိုတာကတော့ မဖြစ်နိုင်သလောက်ပဲ... မင်းလို လူငယ်လေးတစ်ယောက်က သူများ မလုပ်နိုင်တာကို လုပ်ပြနိုင်လိမ့်မယ်လို့ ငါ တကယ် ထင်မထားခဲ့ဘူး။ အစိုးရရုံးကို ဝင်စီးတယ်၊ မြို့ဝန်ကို သတ်တယ်၊ ပြီးတော့ ဒင်ဒီယန်ဆီကနေ လွတ်အောင် ပြေးခဲ့တယ်။ ဒါက ငါ တွက်ထားတာထက် အများကြီးကို ပိုနေသေးတယ်။ တကယ်ကို အံ့ဩစရာပဲ"

"အဲဒါက ဒင်ဒီယန်ရဲ့ ညှပ်ရိုးတွေ ဖောက်ခံထားရပြီး ဖနောင့်ကြောတွေလည်း ဖြတ်ခံထားရလို့ပါ။ ကျွန်တော်က အခြေအနေကောင်းကို အသုံးချခဲ့တာပါ။ ဒါတောင်မှ သူ့လက်ချက်နဲ့ ဒဏ်ရာရခဲ့လို့ ပြန်ကောင်းဖို့ ဆယ်ရက်ကျော်လောက် အချိန်ယူခဲ့ရသေးတယ်။ အကယ်၍ ဒင်ဒီယန်သာ အခုရှိနေတဲ့ အစွမ်းမျိုး ရှိခဲ့မယ်ဆိုရင် အဲဒီတုန်းက ကျွန်တော်လည်း လွတ်ဖို့ မလွယ်ဘူး"

ရွှေတိုက်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး "ဘာ... ဒင်ဒီယန်ရဲ့ သိုင်းပညာက ဒီရက်ပိုင်းအတွင်းမှာ ဒီလောက်တောင် မြန်မြန် တိုးတက်လာလို့လား"

ရန်ရှင်းကျိုးက "လွန်ခဲ့တဲ့ ရက်ပိုင်းက ထောင်ထဲမှာ သူနဲ့ တိုက်ခဲ့တုန်းက အခြေအနေက အခုလောက် မကောင်းသေးဘူး။ အင်း... ကြည့်ရတာ သူ ထောင်က လွတ်လာပြီးကတည်းက ကောင်းကောင်း အနားယူခဲ့လို့ သူ့ရဲ့ စွမ်းအင်နဲ့ စိတ်ဝိညာဉ်တွေက တစ်သားတည်း ဖြစ်သွားပုံရတယ်။ အဲဒါကြောင့် ရှင်သန်ခြင်းအလင်းကျမ်း ထဲက သိုင်းပညာတွေကို သူအကုန်တတ်မြောက်သွားတာ ဖြစ်မယ်"

"ရှင်သန်ခြင်းအလင်းကျမ်း ဟုတ်လား... ဒင်ဒီယန်မှာ တကယ်ပဲ အဲဒီကျမ်း ရှိတာလား"

သိုင်းလောကတွင် ဒင်ဒီယန်သည် မေနျန့်ရှန်းထံမှ လျန်ချန်ကျမ်း သာမက မေနျန့်ရှန်း၏ ရှေးဟောင်း အတွင်းအား ကျင့်စဉ်ဖြစ်သော ရှင်သန်ခြင်းအလင်းကျမ်း ကိုပါ ရရှိထားသည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့်သာ သာမန် မြင်းကုန်သည် ဒင်ဒီယန်မှာ နှစ်အနည်းငယ်အတွင်း သိုင်းလောက၏ ထိပ်တန်းပညာရှင် တစ်ဦး ဖြစ်လာခြင်းဖြစ်သည်။ ရွှေတိုက်သည် ထိုကောလာဟလများကို ကြားဖူးသော်လည်း သူ၏ မိသားစု ကျင့်စဉ်မှာလည်း အလွန်ပင် နက်နဲသဖြင့် ဤကျမ်းအပေါ် စိတ်မဝင်စားခဲ့ပေ။ တကယ်တော့ ကျန်းနန်ဒေသ၏ သူရဲကောင်း လေးဦးလုံးတွင် အစွမ်းထက်သော ကိုယ်ပိုင်ကျင့်စဉ်များ ရှိကြပြီးသား ဖြစ်သည်။ အဆုံးတိုင် တတ်မြောက်ခဲ့ပါက ၎င်းတို့၏ အစွမ်းမှာလည်း ရှင်သန်ခြင်းအလင်းကျမ်းထက် နိမ့်ကျမည် မဟုတ်ပေ။

သိုင်းလောကသားများက ရှင်သန်ခြင်းအလင်းကျမ်းကို တတ်မြောက်ပါက ပြိုင်ဘက်ကင်း ဖြစ်လိမ့်မည်ဟု အမွှမ်းတင်နေကြခြင်းမှာ ချဲ့ကားပြောဆိုခြင်းသာ ဖြစ်မည်ဟု သူ ထင်ထားခဲ့သည်။ အကယ်၍ ထိုကျမ်းကသာ တကယ် ပြိုင်ဘက်ကင်းသည်ဆိုပါက ထိုကျမ်းကို အခြေခံပြီး နှစ်ပေါင်းများစွာ တည်တံ့နိုင်သော ဂိုဏ်းကြီးတစ်ခုကို ဘာကြောင့်မတည်ထောင်ခဲ့သလဲ။ သို့သော် ထိုကျမ်းမှာ လျှို့ဝှက်စွာသာ လက်ဆင့်ကမ်းလာပြီး ကျင့်ကြံသူကလည်း လောကီရေးရာများကို စိတ်မဝင်စားလျှင် ထိုကျမ်း၏ စွမ်းအားမှာ မည်မျှ ရှိမည်ကို မည်သူမျှ တိတိကျကျ မသိနိုင်ပေ။

ရွှေတိုက်သည် သံမဏိအရိုးမေနျန့်ရှန်းနှင့် ယခင်က တွေ့ဖူးရုံသာမက သိုင်းပညာချင်းလည်း ဖလှယ်ခဲ့ဖူးသည်။ ထိုစဉ်က သူတို့၏ အစွမ်းမှာ အတူတူနီးပါးပင်ဖြစ်သည်။ မေနျန့်ရှန်းသည် ထိုစဉ်က ရှင်သန်ခြင်းအလင်းကျမ်း နှင့် လျန်ချန်ကျမ်း ပညာရပ်များကို တတ်မြောက်ထားပြီးတာကြောင့်သာ ရွှေတိုက်ထက် အနည်းငယ် သာလွန်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရွှေတိုက်သည် ရှင်သန်ခြင်းအလင်းကျမ်းနှင့် ပတ်သက်သည့် သတင်းများကို ရယ်စရာတစ်ခုအဖြစ်သာ သဘောထားခဲ့ပြီး ဂရုမစိုက်ခဲ့ပေ။

သူ၏ အမြင်တွင် အထွတ်အထိပ်သို့ ရောက်သော သိုင်းပညာရပ်များမှာ နှစ်ပေါင်းများစွာ အစဉ်အလာရှိသော ရှောင်လင်းနှင့် ဝူတန်ကဲ့သို့သော ဂိုဏ်းကြီးများတွင်သာ ရှိမည်ထင်ထားသည်။ ထိုပညာရပ်များကို မျိုးဆက်ပေါင်းများစွာသော ပညာရှင်များက ပြန်လည် မွမ်းမံထားကြသဖြင့် တကယ့်ကို ပြည့်စုံလွန်းလှသည်။ ထိုပညာရပ်များထဲမှ တစ်ခုခုကို ရရှိရုံဖြင့်ပင် သိုင်းလောကသားများ အသေအလဲ တိုက်ခိုက်ကြရမည်မှာ အမှန်ပင်။

ဥပမာတစ်ခုအနေဖြင့် ရွှေတိုက်၏ သွေးသောက်ညီအစ်ကို နူးညံ့သော တိမ်တိုက်ဓား လျိုချန်ဖုန်း ဆိုလျှင် ဝူတန်ဂိုဏ်းမှ တိုင်ချိ အတွင်းအား ကျင့်စဉ်ကို ပိုင်ဆိုင်ထားသည်။ သူသည် နူးညံ့မှုဖြင့် မာကျောမှုကို အနိုင်ယူရာတွင် အကျွမ်းကျင်ဆုံး ဖြစ်ပြီး ဓားပညာမှာလည်း ထိပ်တန်းဖြစ်သည်။ သူသည် လောက၌ အတော်ဆုံး မဟုတ်ပေမယ့် ထိပ်တန်းပညာရှင်ဆယ်ဦးစာရင်းထဲတွင် ထည့်သွင်းနိုင်လောက်သည်။ ထိုကဲ့သို့ ပညာရှင်မျိုးမှာ ဝူတန်ဂိုဏ်းတွင် ဆယ်စုနှစ်အနည်းငယ်တိုင်း တစ်ဦး၊ နှစ်ဦး ပုံမှန်ပေါ်ထွက်လေ့ရှိသည်။ ဝူတန်ကဲ့သို့သော ဂိုဏ်းမျိုးမှ ပညာရပ်များသာလျှင် ပြိုင်ဘက်ကင်းသော ပညာရပ်ဟု ခေါ်ဆိုထိုက်ပေသည်။

အမှန်မှာ ထိုဂိုဏ်းများတွင် ပညာရှင်များစွာ ရှိနေသဖြင့် သာမန်လူများက လောဘမတက်ရဲခြင်း ဖြစ်သည်။ သို့သော် ဒင်ဒီယန်မှာ ထိုသို့ မဟုတ်ပဲ ရှိနေသော ရတနာမှာ သူ့အတွက် ဒုက္ခတစ်ခု ဖြစ်လာခဲ့သည်။ သူသည် တစ်ဦးတည်း ဖြစ်နေသဖြင့် လူတိုင်းက သူ့ကို အနိုင်ကျင့်ကာ ရတနာကို လုယူရန် ကြိုးစားနေကြခြင်းဖြစ်သည်။

ရွှေတိုက်သည် ရှင်သန်ခြင်းအလင်းကျမ်း အပေါ် စိတ်မဝင်စားသော်လည်း ထိုကျမ်းထဲမှ ပညာရပ်များ၏ စွမ်းအားကိုမူ အထင်မသေးခဲ့ပေ။ အကယ်၍ ဒင်ဒီယန်သာ ထိုကျမ်းကို အမှန်တကယ် တတ်မြောက်သွားပါက လောကတွင် ပြိုင်ဘက် ရှာဖို့ခက်ပေမည်။ ရွှေတိုက်သည် ယခုအချိန်တွင် သူကိုယ်တိုင်ပင် ထိုပညာရပ်ကို ခုခံနိုင်ရန် ခဲယဉ်းမည်ဟု ဆင်ခြင်မိသည်။ သူသည် မာန်မာနကြီးသူ မဟုတ်သဖြင့် ရှင်သန်ခြင်းအလင်းကျမ်း ၏ ထူးခြားမှုကို နားလည်သည်။ ယခု ရန်ရှင်းကျိုးက ဒင်ဒီယန်၏ ကျင့်ကြံမှုအကြောင်း ပြောပြသောအခါ သူ ချက်ချင်း သတိထားလိုက်မိသည်။

"သူသာ တကယ်ပဲ ရှင်သန်ခြင်းအလင်းကျမ်းကို တတ်သွားပြီဆိုရင် လောကမှာ သူ့ကို ယှဉ်နိုင်သူ ရှားလိမ့်မယ်"

သိုင်းလောကတွင် တတ်မြောက်ခြင်း နှင့် အထွတ်အထိပ်ရောက်ခြင်း ဆိုသည်မှာ လုံးဝ ကွဲပြားသော အယူအဆ နှစ်ခု ဖြစ်သည်။ တတ်မြောက်ခြင်းဆိုသည်မှာ ကျင့်ကြံပုံကို သိရှိခြင်းဖြစ်ပြီး အထွတ်အထိပ်ရောက်ခြင်း ဆိုသည်မှာ ထိုပညာရပ်ကို အဆုံးထိ နားလည်သဘောပေါက်ကာ အစွမ်းကုန် အသုံးချနိုင်ခြင်း ဖြစ်သည်။

ရွှေတိုက်သည် မိသားစုကျင့်စဉ်ကို ငယ်စဉ်ကတည်းက နှစ်ပေါင်း ၅၀ ကျော် ကျင့်ကြံခဲ့သော်လည်း ယနေ့တိုင် အထွတ်အထိပ်သို့ မရောက်ရှိသေးပေ။ သူသည် အရည်အချင်း ကန့်သတ်ချက်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်သော်လည်း ကျမ်းစာထဲတွင် ဖော်ပြထားသော နောက်ဆုံးပန်းတိုင်သို့ မရောက်ရှိသေးပေ။ သို့သော် ဒင်ဒီယန်မှာ ရှင်သန်ခြင်းအလင်းကျမ်း တစ်ခုလုံးကို အထွတ်အထိပ်အထိ တတ်မြောက်သွားပြီဆိုခြင်းက ရွှေတိုက်ကို အံ့အားသင့်စေခဲ့သည်။ ရန်ရှင်းကျိုးက ရွှေတိုက်၏ မျက်နှာအမူအရာကို ကြည့်ကာ သူ ဘာတွေးနေသည်ကို သိသဖြင့် သက်ပြင်းချလိုက်သည်။

"ဟုတ်ပါတယ်... ဒီဒင်ဒီယန်က တကယ့်ကို ထူးခြားတဲ့ သိုင်းပါရမီရှင် တစ်ယောက်ပဲ။ သူ့ရဲ့ ညှပ်ရိုးတွေ ဖောက်ခံထားရ၊ ဖနောင့်ကြောတွေ ဖြတ်ခံထားရပြီး ထောင်ထဲမှာ နေ့တိုင်း နှိပ်စက်ခံနေရတာတောင် ရှင်သန်ခြင်းအလင်းကျမ်းကို အထွတ်အထိပ်ရောက်အောင် ကျင့်နိုင်ခဲ့တယ်။ ဟဲဟဲ... ဒီလို ပါရမီရှင်မျိုး ထောင်ထဲမှာ ပိတ်လှောင်ခံထားခဲ့ရတာ တကယ်ကို နှမြောစရာပဲ"

ရွှေတိုက်က "အချစ်ကြောင့် ဒုက္ခရောက်ရတာက တကယ်ကို သနားစရာလည်း ကောင်းသလို ဝမ်းနည်းစရာလည်း ကောင်းပါပေတယ်... ဒါနဲ့ မင်းခုနက ပြောတဲ့ ရတနာရှာနေတဲ့ လူတွေ အချင်းချင်း မသတ်ကြအောင် တားဆီးနိုင်တဲ့ နည်းလမ်းဆိုတာ ဘာလဲ"

ရန်ရှင်းကျိုးက ရယ်မောလိုက်ပြီး "ရှင်းပါတယ် အစိုးရကို ဒီအကြောင်း သတင်းပေးလိုက်ရုံပဲလေ ဟဲဟဲ... သိုင်းလောကသူရဲကောင်းတွေက ဘယ်လောက်ပဲ ရက်စက်တယ် ပြောပြော အစိုးရရဲ့ အင်အားကိုတော့ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး...ဟုတ်တယ်မလား"

***

All Chapters