အခန်း ၂၇
Vol. 3 Ch. 27
ပြိုင်ဖက်ကင်းဓားသမား
အခန်း (၂၇) - မမျှော်လင့်သော အပြောင်းအလဲများ
ရှေးလူကြီးများ ပြောစကားတစ်ခု ရှိသည်။ ထိုစကားမှာ”ဓားပြက ဘီးလို ဖြီးသွားတယ်၊ စစ်သားက စုတ်တံလို ခြစ်သွားတယ်၊ အရာရှိကတော့ ရွေပေါ်ထိုးသလို အကုန် ပါသွားတယ်" ဖြစ်သည်။
ဤကမ္ဘာတွင် သိုင်းပညာရှင်များက သူတို့ကိုယ်သူတို့ ရက်စက်ပါသည်ဟု ဘယ်လောက်ပဲ အော်နေပါစေ သူတို့သည် လူအများအပြားကို ဒုက္ခမပေးနိုင်ကြပေ။ အမှန်တကယ်တွင် မကောင်းမှုအရှိဆုံးမှာ အုပ်ချုပ်သူ အရာရှိများ ဖြစ်သည်။ ထိုသူတို့သည် အကျင့်ပျက်ခြစားကာ ဥပဒေမဲ့ လုပ်ရပ်များဖြင့် အပြစ်မဲ့ပြည်သူများစွာကို သတ်ပြီး သူတို့၏ စည်းစိမ်ဥစ္စာများကို လုယက်ခဲ့သူများ ဖြစ်သည်။ ထိုကဲ့သို့သော အကျင့်ပျက် အရာရှိများနှင့် နှိုင်းယှဉ်ပါက သွေးဓားဘိုးဘေးတို့ လုပ်ဆောင်ခဲ့သော မကောင်းမှုများမှာ ဖုန်မှုန့်မျှသာ ရှိတော့သည်။
ထို့ကြောင့် ရန်ရှင်းကျိုးသည် လင်ထွေးစိ ကျင့်ကျိုးမြို့ဝန် ဖြစ်လာခဲ့ကြောင်း သိသည်နှင့် သူ့ကို အရင်သတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ တစ်ကြောင်းမှာ လင်းကျင်ယီအတွက် လက်စားချေရန်ဖြစ်ပြီး၊ နောက်တစ်ကြောင်းမှာ ပြည်သူတို့၏ နာကျင်မှုကို ဖြေဖျောက်ပေးကာ နောက်ထပ် သားကောင်များမပေါ်လာစေရန် ဖြစ်သည်။ အကျင့်ပျက် အရာရှိများ၏ ပြည်သူကို နှိပ်စက်ပုံမှာ ဓားပြများထက်ပင် ပို၍ ဆိုးဝါးလှသည်။ သူတို့၏ အဆုံးမရှိသော လောဘကြောင့် သာမန်ပြည်သူများမှာ မခုခံနိုင်ကြပဲ သိုင်းလောကသားများပင် အစိုးရ၏ ပါးစပ်ထဲမှ အစာကို လုယူရန် မဝံ့ရဲကြပေ။
"ဒါက တကယ့် အကြံကောင်းပဲ"
ရတနာအကြောင်းကို အစိုးရထံ သတင်းပေးမည်ဟူသော စကားကို ကြားရသောအခါ ရွှေတိုက်၏ မျက်လုံးများ လင်းလက်သွားကာ ရယ်မောလိုက်သည်။
"အရာရှိတွေပါ ဝင်ပါလာရင်တော့ ငါတို့လို သာမန်လူတွေအတွက် ဘာအခွင့်အရေး ရှိတော့မှာလဲ။ သူတို့က တစ်ယောက်တည်း စားရတာ ကြိုက်တာ။ သူတို့ အသားစားနေတဲ့အချိန်မှာ ငါတို့အတွက် ဟင်းရည်တစ်စက်တောင် ချန်ထားမှာ မဟုတ်ဘူး"
"ဟုတ်တယ်... ဒါပေမဲ့ ကျွန်တော်တို့ သတင်းပေးနေဖို့တောင် လိုမယ်မထင်ပါဘူး။ ဒီလို ရတနာမျိုး တွေ့တယ်ဆိုတဲ့ သတင်းက အစိုးရရဲ့ နားမျက်စိကို ရောက်မှာပဲ။ ရတနာ တွေ့ပြီဆိုတာနဲ့ ဒေသခံ အရာရှိတွေနဲ့ ဂိုဏ်းသားတွေက ပူးပေါင်းပြီး အဲဒီနေရာကို ပိတ်ပြီး ပြည်သူတွေကို ပေးမဝင်တော့မှာ အသေအချာပဲ"
"ညီအစ်ကို ရန် ပြောတာ မှန်တယ်။ ဒါပေမဲ့ ဒီရတနာက တကယ်ရှိနေရင် ဒီလောက်များတဲ့ ရွှေငွေတွေကို အစိုးရကို ဒီအတိုင်း ပေးလိုက်ရမှာက စိတ်ထဲမှာတော့ တစ်မျိုးကြီးပဲ"
"အဲဒါကြောင့် ဒီရတနာသတင်းက ပိုပြီးပျံ့လေ ကောင်းလေပဲ။ လူသိများလေ ပိုကောင်းလေပဲ။ အကောင်းဆုံးကတော့ တားမြစ်ထားတဲ့ နန်းမြို့တော်က ဧကရာဇ်ရဲ့ နားထဲအထိ ရောက်သွားဖို့ပဲ။ အဲဒီကျရင် ဒေသခံ အရာရှိတွေ အဲဒီရတနာကို ပိုင်စိုးပိုင်နင်း လုပ်ခွင့်ရမှာ မဟုတ်ဘူး။ ကျွန်တော်တို့က ရတနာပမာဏကို ၁၀ ဆလောက် ချဲ့ပြောလိုက်။ ဒေသခံ အရာရှိတွေ ရတနာကို လာထုတ်တဲ့အခါ သတင်းထဲကထက် အများကြီး နည်းနေတာကို တွေ့ရင် အဲဒီအရာရှိတွေလည်း ဒုက္ခရောက်ကုန်ကြမှာပဲ"
ရွှေတိုက်က အားရပါးရ ရယ်မောလိုက်သည်။
"ဟုတ်တယ်... အကြံကောင်းပဲ... ညီအစ်ကို ရန်... မင်းက ငယ်ငယ်လေးနဲ့ တကယ်ကို ဉာဏ်များတာပဲ"
ဘေးတွင် ရပ်နေသော ရွှေစိမ့်က နှာခေါင်းရှုံ့ပြီး "ဉာဏ်များတာထက် ယုတ်မာတာလို့ ပြောရင် ပိုမှန်လိမ့်မယ်"
"သိုင်းပညာရှင် အများကြီးရဲ့ အသက်ကို ကယ်ဖို့အတွက် ဒီလောက် ဆုံးရှုံးမှုလေးက ဘာစာနာစရာ ရှိလို့လဲ။ ညီမလေး... နောင်ကျရင် စီနီယာရွှေရဲ့ နာမည်နဲ့ အရည်အချင်းကိုပဲ အားကိုးမနေနဲ့ဦး။ ပြဿနာတစ်ခုခု ကြုံလာရင် ဦးနှောက်ကို ပိုသုံးဖို့ လိုတယ်"
"ရှင်..."
"ကဲ... စန်းအာ၊ တော်တော့ ညီအစ်ကို ရန်... ဒီဘေးမှာ စားသောက်ဆိုင် တစ်ဆိုင် ရှိတယ်၊ အဲဒီထဲဝင်ပြီး အေးအေးဆေးဆေး သောက်ကြရအောင်လား"
"ကောင်းသားပဲ၊ ကျွန်တော်လည်း အဲဒါကို တွေးနေတာ ဒါပေမဲ့ ဒီမှာ နောက်ထပ် မိတ်ဆွေတစ်ယောက် ရှိသေးတယ်.. သူ့နဲ့လည်း မိတ်ဆက်ပေးရဦးမယ်"
စကားအဆုံးတွင် သူသည် နံရံကို မှီလျက် ရပ်နေသော လင်းကျင်ယီထံသို့ လျှောက်သွားလိုက်သည်။ လင်းကျင်ယီမှာ ဒင်ဒီယန်၏ အပ်စိုက်မှတ် အပိတ်ခံထားရသဖြင့် တစ်ကိုယ်လုံး တောင့်တင်းနေပြီး စကားပင် မပြောနိုင်ဘဲ ဖြစ်နေသည်။ ရန်ရှင်းကျိုးက သူ့အနားသို့ သွားကာ တာကျွေးအချက်ကို အတွင်းအားဖြင့် ထိုးလိုက်ရာ စွမ်းအင်များက လင်းကျင်ယီ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။
တာကျွေး အချက်သည် လူ့ခန္ဓာကိုယ်၏ အဓိကအချက်များထဲက တစ်ခုဖြစ်ပြီး တစ်ကိုယ်လုံးကို ထိန်းချုပ်ထားသည်။ ဒင်ဒီယန်သည် ထိုအချက်ကို ပိတ်ထားခဲ့ခြင်း ဖြစ်ပြီး ရန်ရှင်းကျိုးက ထိုအချက်မှတစ်ဆင့် အတွင်းအားများ သွင်းကာ ပိတ်ဆို့နေသော သွေးကြောများကို ဖွင့်ရန် ကြိုးစားလိုက်ခြင်းဖြစ်သည်။ သို့သော် အံ့ဩသွားရသည်မှာ အတွင်းအားများ သွင်းလိုက်သော်လည်း လင်းကျင်ယီ၏ ခန္ဓာကိုယ်မှာ တစ်ချက်လောက် တုန်ခါသွားရုံအပြင် ဘာတုံ့ပြန်မှုမျှ မရှိခဲ့ပေ။
"ဒီဒင်ဒီယန်က တကယ်ကို ကြောက်စရာကောင်းတာပဲ သူအမှတ်တမဲ့ လုပ်လိုက်တာတောင် ညီအစ်ကို လင်းရဲ့ သွေးကြောတွေကို ဒီလောက်အထိ ခိုင်အောင် ပိတ်ထားနိုင်တယ်လား။ ငါ့ရဲ့ အတွင်းအားက မလုံလောက်သေးလို့ အခုလောလောဆယ် မဖွင့်ပေးနိုင်သေးဘူး ဒါကတော့ တော်တော်လေး မျက်နှာပူစရာပဲ"
အတွင်းအား ကျင့်စဉ်တွင် ဖြတ်လမ်းမရှိပဲ တိုက်ခိုက်မှုနှင့် မတူပေ။ တိုက်ခိုက်ရာတွင် နည်းစနစ်များစွာကို သုံးနိုင်သော်လည်း အပ်စိုက်မှတ်များကို ဖွင့်ခြင်း၊ ပိတ်ခြင်းမှာ လူတစ်ဦး၏ အတွင်းအား စစ်စစ်ကို စမ်းသပ်ခြင်း ဖြစ်သည်။ မည်မျှပင် ဉာဏ်ကောင်းပါစေ၊ အပ်စိုက်မှတ်ကို ဖွင့်လိုလျှင် အတွင်းအား စစ်စစ်ကိုသာ အသုံးပြုရလိမ့်မည်။
အကယ်၍ သာမန်လူတစ်ဦးက ပိတ်ထားခြင်း ဖြစ်ပါက ရန်ရှင်းကျိုးသည် အလွယ်တကူ ဖွင့်ပေးနိုင်မည်ဖြစ်သော်လည်း ယခု ပိတ်ထားသူမှာ ဒင်ဒီယန် ဖြစ်နေသည်။ ရန်ရှင်းကျိုးသည် တစ်ချက် စမ်းလိုက်ရုံဖြင့် သူမလုပ်နိုင်ကြောင်း သိလိုက်ရသဖြင့် သူ၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားသည်။ ကံကောင်းသည်မှာ သူက ရုပ်ဖျက်ထားသဖြင့် အခြားသူများ မရိပ်မိခြင်းဖြစ်သည်။ သူက ဘေးသို့ လှည့်ကာ ရွှေတိုက်ကို ကြည့်လိုက်သည်။
"စီနီယာ ရွှေ... ခင်ဗျားပဲ လုပ်ပေးပါတော့။ ကျွန်တော့်ရဲ့ ကျင့်ကြံမှုက မလုံလောက်သေးလို့ ညီအစ်ကို လင်းရဲ့ အပ်စိုက်မှတ်ကို မဖွင့်နိုင်ဘူး ဖြစ်နေတယ်"
ရွှေစိမ့်က "ရှက်စရာကြီး" ဟု ခပ်တိုးတိုး လှောင်လိုက်သည်။
ရန်ရှင်းကျိုးက ရယ်မောလိုက်သော်လည်း မချေပတော့ပေ။
ရွှေတိုက်ကမူ ရန်ရှင်းကျိုးကို ပို၍လေးစားသွားတော့သည်။ ဒီလူငယ်သည် မိမိ၏ အားနည်းချက်ကို ဝန်ခံရဲသော သတ္တိရှိသည်။ ဤကဲ့သို့သော စိတ်ထားမှာ အခြားသော လူငယ်များထက် အဆပေါင်းများစွာ သာလွန်ပေသည်။ သူသည် သူ၏ သမီးနှင့် တူဖြစ်သူကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး လင်းကျင်ယီ၏ ဘေးသို့ သွား၍ တာကျွေး အချက်ကို အသာအယာ ပုတ်လိုက်သည်။
"ညီအစ်ကို ရန်တောင် မဖြေရှင်းနိုင်တာကို ငါလည်း ဖြေရှင်းနိုင်ပါ့မလား မသိဘူး"
[ဘုန်း...]
လက်ဝါးတစ်ချက် ရိုက်လိုက်သည်နှင့် လင်းကျင်ယီမှာ ညည်းတွားသံတစ်ချက် ထွက်ပေါ်လာပြီး တစ်ကိုယ်လုံး တုန်ခါသွားကာ ချက်ချင်းပင် လှုပ်ရှားနိုင်သွားတော့သည်။
"စီနီယာ ကူညီပေးလို့ ကျေးဇူးတင်ပါတယ်"
ရွှေစိမ့်က ရန်ရှင်းကျိုးကို ကြည့်ကာ "ရန်ရှင်းကျိုး... အခုတော့ ပညာရှင်ဆိုတာ ဘာလဲဆိုတာ သိပြီလား။ ရှင်က အစွမ်းလည်း မရှိဘဲနဲ့ သတ္တိက အတော်ကောင်းတာပဲ။ ကျွန်မ ဖေဖေရဲ့ အဆင့်လောက် ရောက်အောင် အရင်ကျင့်ပြီးမှ သိုင်းလောကထဲ ခြေလှမ်းစမ်းပါ။ မဟုတ်ရင်တော့ သူများမြင်းကို ခိုးစီးပြီး ပြဿနာရှာပြီးမှ ပြန်ပြေးရတဲ့ အလုပ်ပဲ လုပ်နေရလိမ့်မယ်"
ရွှေတိုက်က "စန်းအာ" ဟု ဟန့်လိုက်မှသာ ရွှေစိမ့် ငြိမ်သွားတော့သည်။
ရွှေတိုက်က ပုတ်လိုက်ရုံဖြင့် လင်းကျင်ယီ၏ အပ်စိုက်မှတ်ကို ဖွင့်ပေးနိုင်သည်ကို မြင်သောအခါ ရန်ရှင်းကျိုးက အတွေးဖြင့် ဆင်ခြင်လိုက်သည်။ [ကြည့်ရတာ ငါ့ရဲ့ အတွင်းအားက ဒီအဘိုးကြီးထက် အများကြီး နိမ့်နေသေးတာပဲ... မဟုတ်သေးဘူး၊ တကယ်တော့ ငါ့ရဲ့ အတွင်းအားက ညီအစ်ကို လင်းရဲ့ သွေးကြောတွေကို အစောကြီးကတည်းက လျော့ရဲသွားအောင် လုပ်ထားလို့ စီနီယာရွှေက အခုလို အေးအေးဆေးဆေး လုပ်နိုင်သွားတာ ဖြစ်ရမယ်]
သူသည် သွေးဓားဘိုးဘေးနှင့် တိုက်ခဲ့ဖူးသလို ဖုန်းယွင်ချွမ်းနှင့်လည်း ရင်ဆိုင်ခဲ့ဖူးသည်။ ထို့ကြောင့် ကမ္ဘာပေါ်ရှိ ထိပ်တန်းပညာရှင်များ၏ အဆင့်အတန်းကို သူကောင်းကောင်း သိသည်။ သူ၏ ကျင့်ကြံမှုမှာ သူတို့ထက် နိမ့်သော်လည်း အများကြီး ကွာခြားခြင်း မရှိကြောင်း သူယုံကြည်သည်။ ခဏအကြာတွင် သူ အခြေအနေမှန်ကို နားလည်သွားသည်။ ရွှေတိုက်ကလည်း ရိပ်မိပုံရပြီး ရန်ရှင်းကျိုးကို ခပ်တိုးတိုး သတိပေးလိုက်သည်။
"ညီအစ်ကို ရန်... နောင်ကျရင် ဒင်ဒီယန်နဲ့ တွေ့ရင် သတိထားနော်"
"ဟုတ်ကဲ့... သူ့ကို ခဏလောက်တော့ ရှောင်နေရမှာပဲ"
ထို့နောက် လင်းကျင်ယီကို မိတ်ဆက်ပေးလိုက်ပြီး အားလုံး စားသောက်ဆိုင်အတွင်းသို့ ဝင်ခဲ့ကြသည်။ အနည်းငယ် စားသောက်ပြီးနောက် ရွှေစိမ့်မှာ အမျိုးသမီးဖြစ်သဖြင့် အမျိုးသားများ၏ ဝိုင်းဖွဲ့သောက်စားမှုကို မနှစ်သက်သောကြောင့် အနားယူရန် တည်းခိုခန်းသို့ အရင် ပြန်သွားခဲ့သည်။ စားသောက်နေစဉ်အတွင်း လင်းကျင်ယီက ရန်ရှင်းကျိုးကို ချီးကျူးနေတော့သည်။
"ညီအစ်ကို ရန်... ကျွန်တော် စာသင်နေတုန်းက ရန်ပြည်နယ်နဲ့ ကျောက်ပြည်နယ်က သစ္စာရှိတဲ့ သူရဲကောင်းတွေအကြောင်း ဖတ်ပြီး အမြဲလေးစားခဲ့တာ။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ အဲဒီလိုလူမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ညီအစ်ကို ရန်နဲ့ တွေ့မှပဲ ဒီကမ္ဘာမှာ တကယ့် သူရဲကောင်းတွေ ရှိပါလားဆိုတာ သိရတော့တယ်"
ရွှေတိုက်ကလည်း "ညီအစ်ကို ရန်က စိတ်သဘောထား ကြီးသလို သတ္တိလည်း ရှိတယ်။ လုပ်ပုံကိုင်ပုံတွေကလည်း ထူးခြားတယ်။ နောင်တစ်ချိန်မှာ သိုင်းလောကရဲ့ ထိပ်တန်း ပညာရှင်တစ်ဦး ဖြစ်လာမှာ အသေအချာပဲ"
သူတို့သည် ညမိုးချုပ်သည်အထိ အရှိန်ကောင်းနေဆဲ ဖြစ်သည်။ အားလုံး ယိမ်းထိုးလျက် တည်းခိုခန်းဆီသို့ ပြန်လာကြစဉ် ဒဏ်ရာဗရပွနှင့် စားသောက်ဆိုင် ဝန်ထမ်းတစ်ဦး ပြေးလာသည်။
"သခင်ကြီး ရွှေ... ဒုက္ခရောက်ပါပြီ သမီးတော် ရွှေစိမ့်ကို ဝါရောင်ဝတ်ရုံဝတ် ကိုယ်တော်တစ်ပါးက ဖမ်းခေါ်သွားပါပြီ"
***