← Chapters

အခန်း ၂၈

Vol. 3 Ch. 28

အခန်း ၂၈

Vol. 3 Ch. 28

ပြိုင်ဖက်ကင်းဓားသမား

အခန်း (၂၈) - တုန်လှုပ်ချောက်ချားခြင်း

"ဘာ... စန်းအာ ပြန်ပေးဆွဲခံရတယ် ဟုတ်လား"

"ကိုယ်တော်လား... ဘယ်လို ကိုယ်တော်မျိုးလဲ"

မိမိသမီး ပြန်ပေးဆွဲခံရကြောင်း ကြားလိုက်ရချိန်တွင် ရွှေတိုက်သည် အလွန်ထိတ်လန့်သွားကာ ချွေးစေးများ ထွက်လာတော့သည်။ သောက်ထားသမျှ အရှိန်များ ချက်ချင်းပြေသွားကာ စားသောက်ဆိုင် ဝန်ထမ်းကို လည်ပင်းမှ လှမ်းဖမ်း၍ လေထဲသို့ မြှောက်တင်လိုက်ပြီး သူတည်းခိုသည့် တည်းခိုခန်းဆီသို့ အပြေးလှမ်းလိုက်လေသည်။

"မောင်ရင်... လမ်းလျှောက်ရင်း ပြောစမ်း။ ဘာတွေဖြစ်ခဲ့လဲဆိုတာ အသေးစိတ် ပြောပြ"

ထိုဝန်ထမ်းမှာ သူ၏ ဘဝတစ်လျှောက်တွင် ယခုကဲ့သို့ လည်ပင်းကို ပထမဆုံးအကြိမ် အမ ခံရခြင်း ဖြစ်သည်။ ရွှေတိုက်သည် သိုင်းကျွမ်းကျင်သူဖြစ်သဖြင့် မွန်းကြပ်မသွားစေဘဲ လေထဲတွင် ဆုပ်ကိုင်ထားနိုင်ခြင်းဖြစ်သည်။ ဝန်ထမ်းမှာ မလှုပ်ရှားနိုင်သော်လည်း စကားပြောရန်ကျ အခက်အခဲ မရှိပေ။ သူသည် မရုန်းကန်တော့ဘဲ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"မမလေးရွှေ တည်းခိုခန်းကို ပြန်ရောက်တဲ့အချိန်မှာ ဝါရောင်ဝတ်ရုံဝတ် ကိုယ်တော်တစ်ပါးက ဧည့်ခန်းထဲမှာ စားသောက်နေပါတယ်။ သူက မမလေးရွှေကို မြင်တော့ မိန်းကလေးက တော်တော်လှတာပဲ လို့ ပြောပါတယ်။ မမလေးရွှေက သူ့ကို ရိုင်းတယ်လို့ ယူဆပြီး အခြေအတင် ဖြစ်ကြရာကနေ တိုက်ခိုက်ကြပါတော့တယ်။ နှစ်ယောက်လုံးက တော်တော် အစွမ်းထက်ပြီး တိုက်ကွက်တွေကလည်း မြန်ဆန်လွန်းပါတယ်။ ကျွန်တော်တို့ တည်းခိုခန်းထဲက စားပွဲနှစ်လုံးတောင် ကြေမွသွားတယ်"

ရွှေတိုက်သည် လေကဲ့သို့ လျင်မြန်စွာ ရွေ့လျားနေရင်း မေးလိုက်ပြန်သည်။

"နောက်တော့ ဘာဖြစ်လဲ"

ဝန်ထမ်းမှာ ရွှေတိုက်၏ အရှိန်ကြောင့် ပတ်ဝန်းကျင်မှ မြင်ကွင်းများ ဝေဝါးသွားပြီး နားထဲတွင် လေတိုးသံများမှာ ဓားနှင့် မွှန်းနေသကဲ့သို့ ခံစားနေရသည်။ သူသည် ကြောက်လန့်တကြား ခေါင်းငုံ့လျက် အော်ပြောလိုက်သည်။

"အဲဒီနောက်မှာ အဲဒီဝါရောင်ဝတ်ရုံဝတ် ကိုယ်တော်က မမလေးရွှေရဲ့ ဓားကို ရိုက်ချလိုက်ပါတယ်။ ပြီးတော့ သူ့ခါးမှာပါတဲ့ ဝါရောင်အိတ်ကြီးကို ထုတ်ပြီး မမလေးရွှေရဲ့ ခေါင်းကို စွပ် ပခုံးပေါ်ထမ်းပြီး ထွက်ပြေးသွားပါတော့တယ်"

ရွှေတိုက် ရုတ်တရက် ရပ်တန့်သွားသည်။ သူသည် ဝန်ထမ်းကို မြေပြင်ပေါ်သို့ ချပေးလိုက်ပြီး နောက်မှ လိုက်လာသည့် ရန်ရှင်းကျိုးကို ကြည့်ကာ ခေါင်းညိတ်၍ ပြောလိုက်သည်။

"ညီအစ်ကို ရန်... မင်းရဲ့ အတွင်းအားက တော်တော်လေး မြင့်မားပေမဲ့ ပေါ့ပါးခြင်းအတတ်မှာတော့ နည်းနည်း လိုအပ်နေသေးတယ်။ မင်း စိတ်မရှိဘူးဆိုရင် ငါ့ရဲ့ ပေါ့ပါးခြင်းအတတ်က အသုံးဝင်လိမ့်မယ်။ အခု မင်းကို ငါ သင်ပေးမယ်၊ ဘယ်လိုလဲ"

ရန်ရှင်းကျိုးက အတွေးထဲတွင် [အခြေအနေက ဒီလောက် အရေးကြီးနေတာကို ခင်ဗျားက ငါ့ကို ပေါ့ပါးခြင်းအတတ် သင်ပေးဖို့ စိတ်ကူးရှိနေသေးတယ်ပေါ့လေ] ဟု တွေးလိုက်မိသည်။ သို့သော် ခဏအကြာတွင် သူ သဘောပေါက်သွားသည်။

[ရွှေစိမ့် ပြန်ပေးဆွဲခံရပြီး ရွှေတိုက်က ပညာရှင်တွေရဲ့ အကူအညီ လိုနေတာပဲ။ ကျင့်ကျိုးမြို့ထဲမှာ ရတနာကို မက်နေတဲ့လူတွေက အမှိုက်တွေချည်းပဲ။ ငါ တစ်ယောက်ပဲ သူ့မျက်စိထဲ ထည့်စရာ ရှိတာကိုး။ အဲဒါကြောင့် ငါ့ကို ပေါ့ပါးခြင်းအတတ် သင်ပေးတာက ငါ့ကို အစွမ်းထက်လာစေပြီး သူ့သမီးကို ကယ်တင်ဖို့ ဝိုင်းကူပေးပါဆိုတဲ့ သဘောပဲ။ ဒါက သူ့ရဲ့ တကယ့် ရည်ရွယ်ချက်ပေါ့]

"ကျွန်တော့်ရဲ့ အတွင်းအားက အသင့်အတင့် ရှိပေမဲ့ ပေါ့ပါးခြင်းအတတ်မှာတော့ အမြဲတမ်း အားနည်းခဲ့တာပါ။ ကျွန်တော့်ရဲ့ ကျင့်ကြံမှုကို အထောက်အကူပြုဖို့ ကောင်းမွန်တဲ့ ပေါ့ပါးခြင်းအတတ်တစ်ခု လိုအပ်နေတာ အမှန်ပါပဲ။ မလေးရွှေကို ပြန်ပေးဆွဲသွားတဲ့ ကိုယ်တော်နောက်ကို လိုက်တဲ့အခါ အသုံးချနိုင်မှာပေါ့"

ရွှေတိုက်သည် ရန်ရှင်းကျိုးက သူ၏ ဆိုလိုရင်းကို နားလည်ကြောင်း မြင်လျှင် အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီး

"ညီအစ်ကို ရန်... နောက်ဆယ်နှစ်နေရင် ဒီသိုင်းလောကက မင်းလက်ထဲ ရောက်မှာ သေချာတယ်"

ရန်ရှင်းကျိုးက ပြုံးလျက် "စီနီယာကလည်း... ကျွန်တော့်ကို မြှောက်လွန်းနေပါပြီ"

"မြှောက်တာ ဟုတ်.. မဟုတ် ဆိုတာ နောက်နှစ်အနည်းငယ်အတွင်း သိရမှာပေါ့ ကဲ... လမ်းလျှောက်ရင်း ပြောကြရအောင်။ ငါ့ရဲ့ ရွှေမိသားစု ပေါ့ပါးခြင်းအတတ်ကို မှော်ဒေါ့နင်း ရေပေါ်ပြေးအတတ် လို့ခေါ်ပြီး တော်တော်လေးလည်း နာမည်ကြီးပါတယ်။ ကဲ... ညီအစ်ကို ရန်၊ အဲဒီအတတ်ရဲ့ အနှစ်သာရကို ငါပြောပြမယ် နားထောင်"

သူတို့နှစ်ဦးသည် အစွမ်းကုန် ပြေးလွှားနေကြရာ လက်ဖက်ရည်ပူ တစ်ခွက် သောက်စာ အချိန်အတွင်းမှာပင် ရွှေစိမ့် အခင်းဖြစ်ပွားခဲ့သည့် တည်းခိုခန်းသို့ ရောက်ရှိလာသည်။ ထိုအချိန်အတွင်းမှာပင် ရွှေတိုက်သည် ပေါ့ပါးခြင်းအတတ်၏ လျှို့ဝှက်ချက်များနှင့် အသက်ရှူနှုန်း၊ စွမ်းအင်စီးဆင်းပုံ အားလုံးကို ရန်ရှင်းကျိုးအား ပြောပြခဲ့ပြီး ဖြစ်သည်။

[တကယ့် ပညာအစစ်ဆိုတာ စကားတစ်ခွန်းတည်းနဲ့ တတ်မြောက်စေပြီး၊ အတုအယောင်တွေကသာ စာအုပ်ကြီးတွေနဲ့ ပြည့်နေတတ်တာမျိုးပါ။]

ရန်ရှင်းကျိုးသည် ပါရမီ ထူးကဲသူတစ်ဦး ဖြစ်သည်။ သူသည် နေ့စဉ် ကျင့်ကြံနေစဉ်မှာပင် ပေါ့ပါးခြင်းအတတ်နှင့် ပတ်သက်၍ အမြဲ စဉ်းစားခဲ့ပြီး မိမိ၏ အရှိန်ကို မြှင့်တင်ရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် အတွင်းအား စီးဆင်းပုံကို ပြောင်းလဲခြင်းမှာ အန္တရာယ်ကြီးလှပြီး အမှားအယွင်းရှိပါက သွေးကြောပေါက်ကာ ရူးသွပ်သွားနိုင်သဖြင့် သူ မစမ်းသပ်ရဲခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ၏ စိတ်ထဲတွင် နည်းလမ်းမျိုးစုံကိုတွေးတောထားပြီးသားပင်ဖြစ်သည်။

ယခုမူ ရွှေတိုက်က လျှို့ဝှက်ချက်ကို ဖွင့်ချလိုက်ပြီဖြစ်ရာ ရွှေတိုက်၏ လမ်းညွှန်မှုအတိုင်း သူ၏ တန်ထျန်း မှ စွမ်းအင်များကို ဟွမ်ထျောင် အပ်စိုက်မှတ်ဆီသို့ စီးဆင်းစေလိုက်သည်။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်မှာ သိသိသာသာ ပေါ့ပါးသွားသည်ကို ခံစားလိုက်ရသည်။ သူသည် ပြေးလွှားရင်း စွမ်းအင်များကို ဆက်လက် လှည့်ပတ်ကာ သူ၏ လှုပ်ရှားမှုများကို ပြင်ဆင်လိုက်သည်။ တည်းခိုခန်းသို့ ရောက်ချိန်တွင်မူ သူသည် မှော်ဒေါ့နင်း ရေပေါ်ပြေးအတတ် ကို အတော်လေး နားလည်သွားပြီ ဖြစ်သော်လည်း ကျွမ်းကျင်ရန်တော့ လိုအပ်နေသေးသည်။ ရွှေတိုက်က အံ့ဩတကြီး ချီးကျူးလိုက်သည်။

"ညီအစ်ကို ရန်... မင်းရဲ့ ကျင့်ကြံမှု ပါရမီက တကယ်ကို ရှားပါးလွန်းပါတယ်။ စန်းအာသာ ပြန်ပေးဆွဲ မခံရဘူးဆိုရင် ငါ မင်းနဲ့ ကောင်းကောင်း စကားပြောပြီး လမ်းညွှန်ပေးဦးမှာ။ သုံးလအတွင်းမှာ မင်းရဲ့ အစွမ်းက ၃၀ ရာခိုင်နှုန်းလောက် တိုးတက်လာမယ်လို့ ငါ အာမခံရဲတယ်"

"မမလေးရွှေကို ကယ်တင်ပြီးတာနဲ့ စီနီယာဆီကနေ သင်ယူခွင့် ရဖို့ မျှော်လင့်ပါတယ်"

သူတို့နှစ်ဦး တည်းခိုခန်းသို့ ရောက်သောအခါ နေရာတစ်ခုလုံး ပရမ်းပတာ ဖြစ်နေသည်။ တည်းခိုခန်းပိုင်ရှင်မှာ သိုင်းလောကသားများနှင့် ထိတွေ့ဖူးသူဖြစ်သဖြင့် ကျန်းနန်၏ သူရဲကောင်း လေးဦးအကြောင်း သိထားသည်။ ရွှေတိုက်မှာ တောင်ပိုင်းတစ်ခွင်တွင် နာမည်ကျော်ကြားသူ ဖြစ်ရာ ယခု သူ့သမီးက မိမိတည်းခိုခန်းတွင် ပြန်ပေးဆွဲခံရသဖြင့် တည်းခိုခန်းပိုင်ရှင်မှာ သေချာပေါက် သေချင်စိတ် ပေါက်နေပေလိမ့်မည်။

ရွှေတိုက် ရောက်လာသည်ကို မြင်လျှင် သူသည် အလျင်အမြန် ဦးချပြီး "သူရဲကောင်း ရွှေ... အဲဒီလူယုတ်မာ ကိုယ်တော်က အစွမ်းထက်လွန်းပါတယ်။ ကျွန်တော် ဘယ်လိုမှ မတားနိုင်ဘဲ သူ့ရဲ့ လက်ဝါးချက်နဲ့ သတိလစ်သွားခဲ့ရပါတယ်။ အခုလေးတင် ပြန်နိုးလာမှ မလေးရွှေ ပြန်ပေးဆွဲခံရတာကို သိရတာပါ။ အဲဒါကြောင့် တည်းခိုခန်း ဝန်ထမ်းတွေကို မြို့အနှံ့ လွှတ်ပြီး သခင်ကြီးကို သတင်းပို့ခိုင်းလိုက်တာပါ"

ရွှေတိုက်က "အစအဆုံး သေချာ ပြန်ပြောစမ်း" ဟု အမိန့်ပေးလိုက်၏။

ဆိုင်ရှင်က မဆိုင်းမတွပင် အဖြစ်အပျက်အားလုံးကို ပြန်ပြောပြရာ ရှေ့က ဝန်ထမ်း ပြောခဲ့သည်နှင့် တစ်ထပ်တည်းပင် ဖြစ်သည်။ နောက်ဆုံးတွင် သူ၏ အင်္ကျီကို ဆွဲဟပြလိုက်ရာ သူ၏ ရင်ဘတ်ပေါ်တွင် သွေးနီရောင် လက်ဝါးရာကြီးတစ်ခုကို တွေ့လိုက်ရသည်။

"အဲဒီကိုယ်တော်က ကျွန်တော့်ကို သတိလစ်အောင် လုပ်သွားတာပါ။ ပြန်နိုးလာတော့ ဒီလက်ဝါးရာကြီးက ရင်ဘတ်မှာ ကျန်နေခဲ့ပါတယ်"

ရန်ရှင်းကျိုးက အနီးကပ် ကြည့်လိုက်ရာ ထိုလက်ဝါးရာမှာ ဆိုင်ရှင်၏ ရင်ဘတ်ပေါ်တွင် တစ်လက်မခန့် အပြင်သို့ ဖောင်းကြွနေပြီး နီရဲကာ ခရမ်းရောင် သန်းနေသည်။ မည်သည့်အချိန်တွင်မဆို ပေါက်ထွက်သွားတော့မည့်ပုံစံဖြစ်နေသည်။

"ဒါက ကွန်းလွန်တောင်တန်းဒေသက သွေးဓားဂိုဏ်းရဲ့ သွေးလက်ဝါးရာပဲ"

ထိုလက်ဝါးရာကို မြင်လိုက်ရချိန်တွင် ရွှေတိုက်၏ မျက်နှာ အကြီးအကျယ် ပျက်သွားကာ မေးလိုက်သည်။

"ငါ့သမီးကို ဖမ်းသွားတဲ့ ကိုယ်တော်က ဝါရောင်ဝတ်ရုံ ဝတ်ထားပြီး အင်္ကျီလက်ဖျားမှာ သွေးစွန်းနေတဲ့ ဓားပုံစံ ပန်းထိုးထားတာကို မြင်လိုက်လား"

ဆိုင်ရှင်က "ဝါရောင်ဝတ်ရုံကတော့ သေချာပါတယ်။ ဒါပေမဲ့ ဓားပုံစံ ပန်းထိုးထားတာကိုတော့ ကျွန်တော် သတိမထားမိလိုက်ဘူးဗျ"

"ညီအစ်ကို ရန်... အလယ်ပိုင်းဒေသကို လာပြီး ပြဿနာရှာတဲ့ သွေးဓားဂိုဏ်းသားတွေက အစွမ်းထက်လွန်းတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်က မင်းသတ်လိုက်တဲ့ ပေါင်ရှန်းကလည်း သူတို့ထဲက တစ်ယောက်ပဲ။ အခု ငါတို့ လူခွဲပြီး ရှာကြမယ်။ ကတုံးနဲ့ ကိုယ်တော်တွေ့ရင် အကုန်မေးစမ်း။ မင်း တစ်ယောက်ယောက်နဲ့ တွေ့ရင် အထူးသတိထားပါ။ ငါ့သမီးကို ကယ်တင်ဖို့ မသေချာဘူးဆိုရင် ငါရောက်လာတာ စောင့်ပြီးမှ ဆက်လုပ်ကြတာပေါ့"

"ရပါတယ် သွေးဓားဂိုဏ်းသားတွေ နေနေသာသာ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ သွေးဓားဘိုးဘေးရဲ့ လက်မောင်းကိုတောင် ကျွန်တော် ဖြတ်ပြီးပြီ။ သူ့ကို မသတ်နိုင်ခဲ့တာပဲ နှမြောဖို့ကောင်းတာ"

ရွှေတိုက် လန့်သွားတော့သည်။

"မင်းက သွေးဓားဘိုးဘေးနဲ့ တွေ့ခဲ့ပြီးတော့ သူ့လက်မောင်းကိုတောင် ဖြတ်နိုင်ခဲ့တယ် ဟုတ်လား"

***

All Chapters