အခန်း ၂၉
Vol. 3 Ch. 29
ပြိုင်ဖက်ကင်းဓားသမား
အခန်း (၂၉) - ရန်ရှင်းကျိုး၏ နည်းလမ်း
"မင်းက သွေးဓားဘိုးဘေးကို ဒဏ်ရာရအောင် လုပ်ခဲ့တယ် ဟုတ်လား"
ရွှေတိုက်သည် မိမိနားကိုပင် မိမိ မယုံနိုင်ဘဲ ရန်ရှင်းကျိုးကို သံသယအပြည့်ဖြင့် ကြည့်လိုက်သည်။
"ညီအစ်ကို ရန်... ငါ သွေးဓားဘိုးဘေးနဲ့ တစ်ခါမှ မဆုံဖူးပေမဲ့ သူ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ သိပါတယ်။ တခြားသူတွေကို ထားဦး သူ့ရဲ့ တပည့်ငါးယောက်တောင်မှ သိုင်းပညာ အတော်လေး နက်နဲကြတယ်။ ငါနဲ့ တစ်ယောက်ချင်း တိုက်ရင်တော့ သတ်ဖို့ မခက်ပေမဲ့ အဲဒီငါးယောက်လုံး ငါ့ကို ဝိုင်းတိုက်ရင်တော့ ငါတောင် အနိုင်ရဖို့ မသေချာဘူး။ တပည့်တွေတောင် ဒီလောက်ဆိုရင် ဆရာဖြစ်တဲ့ သွေးဓားဘိုးဘေးဆိုရင် ပြောနေစရာတောင် လိုဦးမလား"
"သွေးဓားဘိုးဘေးက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ သူလည်း လူသားတစ်ယောက်ပါပဲ လူသားတစ်ယောက် ဖြစ်နေသရွေ့တော့ သူ့ကို သတ်လို့ ရတာပေါ့။ အကယ်၍ သူ့ကို ထိပ်တိုက်ရင်ဆိုင်ပြီး မသတ်နိုင်ရင် တခြားနည်းလမ်းတွေ သုံးလို့ ရတာပဲ မဟုတ်လား။ ကျွန်တော် သွေးဓားဘိုးဘေးနဲ့ ဆုံတုန်းက လှည့်ကွက်လေး တစ်ခုသုံးပြီး သူ့ရဲ့ လက်မောင်းတစ်ဖက်ကို ဖြတ်ပစ်လိုက်တာ။ ဒါပေမဲ့ သူကတော့ လွတ်အောင် ပြေးသွားနိုင်ခဲ့တယ်"
"လှည့်ကွက် ဟုတ်လား... အဲဒါ အဆိပ်ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား"
သွေးဓားဘိုးဘေး၏ အစွမ်းကို သူသိသည်။ ရန်ရှင်းကျိုး၏ လက်ရှိ အစွမ်းနှင့်ဆိုပါက ထိုကဲ့သို့သော ပညာရှင်ကြီးထံမှ လွတ်မြောက်ရန်ပင် ခဲယဉ်းလှပေသည်။ ရန်ရှင်းကျိုးက အဆိပ်မသုံးဘဲ ထိုသူကို ဒဏ်ရာရအောင် လုပ်နိုင်ဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။
ရန်ရှင်းကျိုးက ရယ်မောလိုက်ပြီး "စီနီယာရွှေက အဆိပ်လို့ ပြောမှတော့လည်း အဆိပ်ပေါ့ဗျာ"
ရွှေတိုက်သည် ရန်ရှင်းကျိုးကို အလွန်ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။
"ညီအစ်ကို ရန်... ဒီကိစ္စက ဘယ်လောက်အထိ ကြီးတယ်ဆိုတာ မင်း သိရဲ့လား"
"သွေးဓားဘိုးဘေးကို ဒဏ်ရာရအောင် လုပ်တာက သိုင်းလောကက ဓားပြတစ်ယောက်ကို နှိမ်နင်းတာပဲလေ၊ ဘာဆန်းလို့လဲ။ ကျွန်တော်က ဧကရာဇ်ကို လုပ်ကြံတာမှ မဟုတ်တာ... စီနီယာ ဘာလို့ ဒီလောက် အံ့ဩနေရတာလဲ"
ရွှေတိုက်သည် ရန်ရှင်းကျိုးကို ခဏမျှ စိုက်ကြည့်နေပြီးမှ "ညီအစ်ကို ရန်... ဧကရာဇ်ကို လုပ်ကြံမယ် ဆိုတဲ့ စကားမျိုးကို မင်းက ဘယ်လိုတောင် အေးအေးဆေးဆေး ပြောနိုင်ရတာလဲ"
ရန်ရှင်းကျိုးက ရယ်မောလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
"စီနီယာ... အခုချိန်မှာ သမီးတော်ကို အရင်ရှာဖို့ မလိုဘူးလား"
"ဟုတ်သားပဲ စန်းအာကို အရင်ရှာရမယ် ညီအစ်ကို ရန်... မင်းက သွေးဓားဘိုးဘေးကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်တာဆိုတော့ သူ့တပည့်တွေက မင်းအတွက် ဘာမှ မဟုတ်တော့ပါဘူး။ စန်းအာကို ရှာနေတဲ့ အချိန်မှာ မင်းရဲ့ ဘေးကင်းရေးအတွက်တော့ ငါ စိတ်ပူစရာ မလိုတော့ဘူးပေါ့"
အချိန်ဆွဲမနေတော့ဘဲ သူတို့နှစ်ဦး လူခွဲ၍ ရှာဖွေကြတော့သည်။ တည်းခိုခန်းမှ ထွက်လာပြီးနောက် ရန်ရှင်းကျိုးသည် ချက်ချင်း အသည်းအသန် လိုက်မရှာသေးပေ။ သူသည် လမ်းမပေါ်တွင် ဖြည်းဖြည်းချင်း လျှောက်လှမ်းနေရင်း တောင်းရမ်းသူ တစ်ဦးကို တွေ့လိုက်ရသည်။ ထိုအခါမှ သူသည် ခြေလှမ်းကို သွက်လိုက်ပြီး ထိုသူ့ထံသို့ သွားကာ "မင်းတို့ ခေါင်းဆောင်ဆီ ငါ့ကို ခေါ်သွားစမ်း" ဟု အမိန့်ပေးလိုက်သည်။
ထိုဖုန်းစားမှာ လူငယ်တစ်ဦးဖြစ်ပြီး ပခုံးတွင် အိတ်တစ်လုံး လွယ်ထားကာ လက်ထဲတွင် မြစိမ်းရောင် မြွေကြီးတစ်ကောင်ကို ကိုင်ထားသည်။ ထိုမြွေမှာ ကဗြင်းထောင်၍ လျှာတလသသ လုပ်နေသဖြင့် လမ်းသွားလမ်းလာများမှာ ကြောက်လန့်တကြား ဖယ်ပေးနေကြရသည်။
ထိုအချိန်တွင် ဖုန်းစားလူငယ်မှာ ဆိုင်တစ်ဆိုင်၏ ရှေ့တွင် ရပ်ကာ မြွေကို ပြလျက် "ဆိုင်ရှင်ကြီး... သနားပါဦး၊ စားစရာလေး တစ်ခုခု ပေးပါဦး" ဟု အော်ဟစ်နေသည်။ ဆိုင်ရှင်မှာ ထိုဖုန်းစားကို ကြောက်ပုံရပြီး ငွေပြားအချို့ကို အလျင်အမြန် ပစ်ပေးလိုက်သည်။
"ဈေးရောင်းမကောင်းလို့ နည်းနည်းပဲ ပေးနိုင်တာ စိတ်မရှိပါနဲ့ဗျာ"
ဖုန်းစားက ငွေပြားများကို ကောက်ယူလိုက်ပြီး "ဒီလောက် ကပ်စေးနှဲနေမှတော့ ဈေးရောင်းကောင်းပါ့မလား။ နောက်ရက်ကျရင် ငါ့ညီအစ်ကိုတွေကို ခေါ်လာပြီး မင်းဆိုင်ရှေ့မှာ ဆူညံအောင် လုပ်ခိုင်းလိုက်ရမလား..."
သူ့စကား မဆုံးသေးမီမှာပင် ရန်ရှင်းကျိုးက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ဓားကို ဆွဲထုတ်လိုက်သည်။
[ရွှပ်...]
ဓားအလင်းတန်း တစ်ချက်အတွင်းမှာပင် ဖုန်းစား၏ လက်ထဲရှိ မြွေခေါင်းမှာ ပြတ်ကျသွားတော့သည်။ ထို့နောက် ရန်ရှင်းကျိုးက ထိုဖုန်းစား၏ လည်ပင်းကို လှမ်းဖမ်း၍ လေထဲသို့ မြှောက်လိုက်ပြီး ထပ်ဟိန်းဟောက်လိုက်သည်။
"မင်းတို့ ခေါင်းဆောင်ဆီ ငါ့ကို အခုချက်ချင်း ခေါ်သွားစမ်း"
"နင်က ငါ့မြွေကို သတ်ရဲတယ်လား။ ငါက ဘယ်သူလဲဆိုတာ နင် သိရဲ့လား... အား..."
ရန်ရှင်းကျိုးက လက်ကို အနည်းငယ် ညှစ်လိုက်ရာ ဖုန်းစား၏ လည်ပင်းမှ ဂျွတ် ခနဲ အသံ ထွက်ပေါ်လာသည်။ လူငယ်မှာ နာကျင်လွန်းသဖြင့် ဆက်မဆဲရဲတော့ချေ။
"ပြောစမ်း... မင်းတို့ ခေါင်းဆောင် ဘယ်မှာလဲ"
ရန်ရှင်းကျိုးက တည်ငြိမ်စွာပင် ဓားကို ဖုန်းစား၏ ပခုံးပေါ်သို့ တင်လိုက်ပြီး ခပ်တိုးတိုး ရယ်မောလိုက်သည်။
"ငါ သုံးအထိ ရေမယ်။ သုံးလို့ ဆုံးတာနဲ့ မင်း မပြောရင် မင်းရဲ့ နားတစ်ဖက်ကို ဖြတ်ပစ်မယ်"
"နင် ငါ့ကို ဒုက္ခပေးရဲတယ်လား။ ငါက..."
[ရွှပ်...]
သွေးများ ပန်းထွက်သွားတော့သည်။
ရန်ရှင်းကျိုးက ဓားကို တစ်ချက် ဝှေ့လိုက်ရုံဖြင့် ဖုန်းစား၏ နားတစ်ဖက်မှာ ပြတ်ကျသွားရာ ထိုလူငယ်မှာ စူးစူးဝါးဝါး အော်ဟစ်တော့သည်။
"နောက်ထပ် နားတစ်ဖက်..."
ရန်ရှင်းကျိုးက ဓားကို နောက်ပခုံးတစ်ဖက်သို့ ပြောင်းတင်လိုက်ပြီး "ငါ သုံးအထိ ထပ်ရေတွက်မယ်၊ မင်းတို့ ခေါင်းဆောင် ဘယ်မှာလဲ..."
"ပြောမယ် ပြောပါ့မယ်"
ဖုန်းစားလူငယ်မှာ အလွန်အမင်း ထိတ်လန့်သွားပြီး အော်ဟစ်တော့သည်။
"အဘိုးကြီး... ရေတော့ ရေတွက်ပါဦး ခင်ဗျားက အရမ်း လောတာပဲ"
ရန်ရှင်းကျိုးက လေသံကို ဆွဲ၍ တည်ငြိမ်စွာ ရေတွက်လိုက်သည်။
"သုံး... နှစ်..."
"ခေါင်းဆောင် ရှဲ့ က မြို့တောင်ဘက်က ကွမ်တီဘုရားကျောင်းမှာ ရှိပါတယ်"
"ကျွန်တော်တို့ ခေါင်းဆောင် ရှဲ့ က အမြဲတမ်း ကွမ်တီဘုရားကျောင်းမှာပဲ နေတာပါ။ သူ အဲဒီမှာ ရှိနေမှာပါ"
"ကွမ်တီဘုရားကျောင်းက ဘယ်မှာလဲ"
"မြို့တောင်ဘက်မှာပါ အဘိုးကြီး"
"ငါ့ကို ခေါ်သွားစမ်း"
"ကျွန်တော့်... ကျွန်တော့်နား ပြတ်သွားပြီဗျ..."
"မင်း အချိန်ထပ်ဆွဲနေရင် နားတင် မဟုတ်ဘူး.. အသက်ပါ ပြတ်သွားလိမ့်မယ်"
"ဟုတ်... ဟုတ်ကဲ့ အခုပဲ ခေါ်သွားပါ့မယ်"
ရန်ရှင်းကျိုးသည် ဖုန်းစားလူငယ်ကို ဆွဲခေါ်လျက် မြို့တောင်ဘက်ရှိ ကွမ်တီဘုရားကျောင်းဆီသို့ အရှိန်ဖြင့် လျှောက်လှမ်းလာခဲ့သည်။ အမွှေးတိုင် တစ်တိုင်စာ အချိန်အတွင်းမှာပင် သူတို့ ဘုရားကျောင်းတံခါးဝသို့ ရောက်ရှိလာကြသည်။ ဘုရားကျောင်းအတွင်းသို့ ဝင်လိုက်သည်နှင့် ကျောက်ခုံတန်းတစ်ခုပေါ်တွင် လဲလျောင်းကာ ထန်းသီးကြွေယပ်တောင်ဖြင့် အေးအေးလူလူ ယပ်ခတ်နေသော အရပ်ရှည်ရှည် လူလတ်ပိုင်း ဖုန်းစားတစ်ဦးကို တွေ့လိုက်ရသည်။ တံခါးဝမှ ဆူညံသံကို ကြားသောအခါ ထိုဖုန်းစားက ဖြည်းဖြည်းချင်း ထိုင်လိုက်ပြီး
"ဘယ်သူ ပြန်လာတာလဲ။ ဘာလို့ ဒီလောက် ရိုင်းနေရတာလဲ။ ငါ့ကို နှုတ်ဆက်ရမယ်ဆိုတာ မသိဘူးလား"
ရန်ရှင်းကျိုးက ရှေ့သို့ တစ်လှမ်းတိုးလိုက်ရုံဖြင့် ထိုလူ၏ ရှေ့သို့ ရောက်သွားပြီး မျက်နှာကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ထိုသူမှာ သတိလစ်သွားတော့သည်။ ရန်ရှင်းကျိုးက သူ၏ ဓားဖြင့် ထိုဖုန်းစားခေါင်းဆောင်၏ မျက်ခုံးတစ်ဖက်ကို ရိပ်ပစ်လိုက်သည်။
"မင်းကို ငါ နှစ်နာရီ အချိန်ပေးမယ် အဲဒီအချိန်ကျော်သွားလို့ နာရီဝက် ကြာတိုင်း မင်းရဲ့ ခြေချောင်းတွေကို တစ်ခုချင်း ဖြတ်ပစ်မယ်။ ခြေချောင်းတွေ ကုန်ရင် လက်ချောင်းတွေကို ဖြတ်မယ်။ မင်း ငါ့ကို လူရှာမပေးမချင်း အဲဒီလိုပဲ ဆက်လုပ်သွားမှာ"
စကားပြောနေရင်း သူသည် အိတ်ကပ်ထဲမှ လင်းလက်သော ပုလဲရတနာ တစ်လုံးကို ထုတ်ပြလိုက်သည်။
"ဒီပုလဲက ငွေဒင်္ဂါး တစ်သောင်း တန်တယ်။ အလွန်ရှားတဲ့ ရတနာပဲ။ အကယ်၍ မင်း ငါ့ကို လူရှာပေးနိုင်ရင် ဒီပုလဲက မင်းရဲ့ ဆုလာဘ် ဖြစ်စေရမယ်"
သူက ဓားကျောဖြင့် ထိုသူ၏ မျက်နှာကို ခပ်ဆတ်ဆတ် ပုတ်လိုက်ရင်း "နားလည်လား" ဟု မေးလိုက်သည်။
ဖုန်းစားခေါင်းဆောင်မှာ ရန်ရှင်းကျိုး၏ အရိုက်အနှက်ကြောင့် ကြောင်တောင်တောင် ဖြစ်နေပြီး "ဘာ... ဘာကိုလဲ" ဟု မေးမိသည်။
ရန်ရှင်းကျိုးက သက်ပြင်းချလိုက်ပြီး သူ၏ လက်သီးဖြင့် မျက်နှာကို ထိုးချလိုက်ရာ နှာခေါင်းသွေးများ ပန်းထွက်လာတော့သည်။ "ငါ ထပ်ပြောမယ် မင်း ဒီနေ့ ငါ့ကို လူတစ်ယောက် ရှာပေးရမယ်"
သူသည် ရွှေစိမ့်၏ အဝတ်အစားနှင့် ရုပ်ရည်၊ သူမကို ဖမ်းသွားသော ဝါရောင်ဝတ်ရုံဝတ် ကိုယ်တော်၏ ပုံပန်းသဏ္ဌာန်တို့ကို အသေးစိတ် ပြောပြလိုက်သည်။ "မောင်ရင်... မြေလှန်ပြီး ရှာရင်တောင် ဒီမိန်းကလေးကို ရှာပေးရမယ် အကယ်၍ သူမ တစ်ခုခုဖြစ်သွားရင် မင်းတို့ အားလုံးပါ မြေမြှုပ်ပစ်မယ်"
"အဘိုးကြီး... ဖမ်းသွားတာ ကျွန်တော်တို့ မဟုတ်ပါဘူး၊ သူမ သေတာနဲ့ ကျွန်တော်တို့ မြေမြှုပ်ခံရတာက ဘာဆိုင်လို့လဲဗျာ"
"ငါ့လက်ထဲက ဓားနဲ့ ဆိုင်တယ်လေ"
မြို့တိုင်းတွင် ဖုန်းစားဂိုဏ်းများ ရှိကြောင်း သူ သိထားသည်။ ကျင့်ကျိုးမြို့တွင် မြွေဖမ်းသော ထိုဖုန်းစားလူငယ်မှာ နောက်ခံအင်အား ရှိသောကြောင့်သာ ယခုကဲ့သို့ ရမ်းကားနေခြင်း ဖြစ်သည်။ သူ၏ နောက်ခံမှာလည်း သူထက် အစွမ်းထက်သော ဖုန်းစားခေါင်းဆောင်များပင် ဖြစ်ရမည်။
ရန်ရှင်းကျိုးအတွက် လူရှာရန် အကောင်းဆုံး နည်းလမ်းမှာ လမ်းမပေါ်တွင် တစ်နေ့လုံး လှည့်လည်သွားလာနေသော လူမိုက်များ ကလေးငယ်များနှင့် ဖုန်းစားများကို အသုံးပြုခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သူ တည်းခိုခန်းမှ ထွက်လာကတည်းက ရွှေစိမ့်ကို ကိုယ်တိုင် လိုက်မရှာဘဲ ထိုဖုန်းစားဂိုဏ်းများကိုသာ ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ဖုန်းစားဂိုဏ်းသည် အခြားနေရာတွင် အသုံးမကျသော်လည်း အဖွဲ့ဝင် အများဆုံးရှိပြီး သတင်းအချက်အလက် အစုံလင်ဆုံး အဖွဲ့အစည်း ဖြစ်သည်။ ရန်ရှင်းကျိုး၏ ခြိမ်းခြောက်မှုကြောင့် ဖုန်းစားခေါင်းဆောင်မှာ ချက်ချင်း အမိန့်ပေးလိုက်ရာ ကျင့်ကျိုးမြို့အတွင်းရှိ ဖုန်းစား အကြီးအငယ် အားလုံးမှာ လူရှာဖွေရေးအတွက် စတင် လှုပ်ရှားကြတော့သည်။
ရန်ရှင်းကျိုးသည် ဓားကို ကိုင်ဆောင်ထားရင်း တုန်တုန်ယင်ယင် ဖြစ်နေသော ဖုန်းစားခေါင်းဆောင်ကို ခပ်ဆတ်ဆတ် ပုတ်နေလိုက်သည်။
"တစ်နာရီ ကျော်သွားပြီ။ နောက်တစ်နာရီအတွင်း သတင်းမရရင် မင်းရဲ့ ဘယ်ခြေချောင်းကို အရင်ဖြတ်ရမလဲဆိုတာ စဉ်းစားထားမလား"
"အဘိုးကြီး... သနားပါဦးဗျာ ခဏလေး ထပ်စောင့်ပါဦး သတင်း သေချာပေါက် ရပါလိမ့်မယ် သေချာပေါက် ရပါလိမ့်မယ်ဗျာ"
သူသည် ချွေးဒီးဒီးကျကာ ဒူးထောက်တောင်းပန်နေသည်။
"ကျင့်ကျိုးမြို့ထဲမှာ လူတစ်ယောက် ရှိနေသရွေ့တော့ ကျွန်တော့်ရဲ့ နားမျက်စိကနေ လွတ်ဖို့ မလွယ်ပါဘူးဗျာ"
***