အခန်း ၃၀
Vol. 3 Ch. 30
ပြိုင်ဖက်ကင်းဓားသမား
အခန်း (၃၀) - သတင်း
ရှေးပဝေသဏီကတည်းက ဖုန်းစားဂိုဏ်းသည် သက်ဦးဆံပိုင် ခေတ်အဆက်ဆက်တွင် အကြီးဆုံးသော ဂိုဏ်းကြီးဖြစ်ခဲ့သော်လည်း ဩဇာအာဏာမှာမူ ကန့်သတ်ချက် ရှိနေခဲ့သည်။ ၎င်းတို့ထဲမှ အများစုမှာ ကြက်ခိုးခွေးဝှက် လုပ်ခြင်း၊ ဆိုင်များတွင် ပြဿနာရှာခြင်း၊ မစင်စွန့်၍ လူအများကို စိတ်ပျက်အောင် ပြုလုပ်ခြင်း စသည့် အောက်တန်းကျသော ကိစ္စရပ်များကိုသာ လုပ်ဆောင်နိုင်ကြသည်။ တစ်ချိန်က လောက၌ နံပါတ်တစ် ဂိုဏ်းကြီးအဖြစ် ကျော်ကြားခဲ့သော ဖုန်းစားဂိုဏ်းမှာ လျန်ချန်ကျမ်းကမ္ဘာသို့ ရောက်ရှိချိန်တွင် အကြီးအကျယ် ဆုတ်ယုတ်နေခဲ့ပြီဖြစ်သည်။
ဖုန်းစားဂိုဏ်း ဆုတ်ယုတ်နေသည်ဟု ဆိုသော်ငြားလည်း အဖွဲ့ဝင် အရေအတွက်မှာကား မနည်းလှပေ။ လမ်းကြားများ၊ အကြိုအကြားများအထိ ပျံ့နှံ့နေကြသဖြင့် သတင်းအချက်အလက် စုဆောင်းရာတွင်မူ သူတို့ကို ယှဉ်နိုင်သူ မရှိပေ။ ရန်ရှင်းကျိုးသည် ဤအချက်ကို သိထားသဖြင့် ထိုဖုန်းစားများကို ပထမဆုံး ရှာဖွေခဲ့ခြင်း ဖြစ်ပြီး လောကရှိ ဖုန်းစားများထဲတွင် မကောင်းမှု လုပ်ဆောင်သူမှာ အလွန်ပင် များပြားလှသည်။
အချို့လူများမှာ ဖုန်းစားများကို အမြဲ သနားတတ်ကြပြီး သူတို့ကို ငွေအနည်းငယ် ပေးခြင်းကို ကြီးမားသော ကုသိုလ်လို့ ယူဆတတ်ကြသည်။ ဖုန်းစားများကို တမင်တကာ ဒုက္ခပေးသူများကိုမူ ရက်စက်သူများဟု သတ်မှတ်လေ့ ရှိကြသည်။
သို့သော် ရန်ရှင်းကျိုး၏ အမြင်တွင်မူ ထိုသို့သော အတွေးမျိုး ရှိသူများသည် လူအ သို့မဟုတ် လူနုံများသာ ဖြစ်ကြသည်။ ခြေလက် အင်္ဂါစုံလင်သည်၊ မသန်စွမ်း မဟုတ်ပေ၊ ကျန်းမာသန်စွမ်းလှသည်။ အသက်မွေးဝမ်းကျောင်း ပြုရန် ဘာမဆို လုပ်နိုင်ပါလျက်နှင့်၊ ကျန်းမာရေး ကောင်းမွန်သော လူတစ်ယောက်က ဘာ့ကြောင့် ဖုန်းစား လုပ်နေတာလဲ။ ငတ်ပြတ်၍ သေလျှင်သေပါစေ၊ ဤသို့ အောက်ကျနောက်ကျ မလုပ်သင့်ပေ။
ထို့ကြောင့် ရန်ရှင်းကျိုးသည် ဤလူများအပေါ် အလွန်ပင် ရိုင်းစိုင်းခဲ့ခြင်း ဖြစ်သည်။ သူ၏ လုပ်ရပ်များမှာ ရက်စက်ပြီး သံမဏိလက်သီးကဲ့သို့ ပြတ်သားသော နည်းလမ်းများကိုသာ အသုံးပြုခဲ့သည်။
"စီနီယာရွှေသာ ရွှေစိမ့်ရဲ့ သတင်းကို ရှာဖို့ဆိုရင် ကျင့်ကျိုးမြို့က အာဏာရှိတဲ့ လူကြီးတွေကို လိုက်ရှာနေလိမ့်မယ်။ အဲဒီလူတွေ လှုပ်ရှားတဲ့အချိန်ကျရင်တော့ အားလုံး နောက်ကျသွားပြီ ဒီလိုကိစ္စမျိုးက အချိန်နဲ့ တစ်ပြေးညီ လုပ်ရတာ အချိန်ဆွဲနေလို့ ဘာထူးမှာလဲ"
ရန်ရှင်းကျိုးသည် ကွမ်တီဘုရားကျောင်းရှေ့ရှိ ကျောက်ခုံတန်းတစ်ခုပေါ်တွင် ထိုင်နေရင်း ညာဘက်လက်ညှိုးဖြင့် ဓားရိုးကို ခပ်ဆတ်ဆတ် ပုတ်နေသည်။ သူ၏ မျက်နှာတွင် စိတ်မရှည်သည့် အရိပ်အယောင်များ တဖြည်းဖြည်း ပေါ်လွင်လာတော့သည်။ သူ၏ ရှေ့တွင်မူ လူလတ်ပိုင်း ဖုန်းစားခေါင်းဆောင်မှာ အသက်ကို အောင့်ထားရင်း ရပ်နေရသည်။ မျက်နှာမှာ ဖူးရောင်နေပြီး အသက်ကိုပင် ပြင်းပြင်းမရှူရဲဘဲ ရင်တထိတ်ထိတ် ဖြစ်နေလေသည်။
ရန်ရှင်းကျိုး၏ လုပ်ရပ်များမှာ အလွန်ပင် ရက်စက်လှသည်။ သူသည် မဆိုင်းမတွပင် ပြတ်သားထိရောက်စွာ လုပ်ဆောင်ပြီး အပိုစကားများကိုလည်း နားမထောင်ချေ။ ဤကဲ့သို့သော ရက်စက်သည့် နည်းလမ်းမျိုးကို ဖုန်းစားခေါင်းဆောင် တစ်ခါမှပင် မကြုံဖူးခဲ့ပေ။ သို့သော် လောကအတွေ့အကြုံအရ ဤသို့သော လူစားမျိုးမှာ အန္တရာယ် အရှိဆုံး ဖြစ်ကြောင်း သူ သိထားသည်။ အကယ်၍ သူသာ အနည်းငယ်မျှ ရန်စမိပါက အပြာရောင်ဝတ်စုံနှင့် ထိုလူသည် သူ့ကို မျက်တောင်မခတ်ဘဲ သတ်ပစ်လိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။
"အချိန်ကုန်နေပြီ...."
ရန်ရှင်းကျိုးက ဓားကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "သတင်း မရသေးဘူးဆိုရင်တော့ မင်းရဲ့ ခြေထောက်ကို ထုတ်စမ်း။ ဘယ်ခြေချောင်းကို အရင်ဖြတ်ပေးရမလဲ... ခြေမလား၊ ခြေသန်းလား... ပြော"
ဖုန်းစားခေါင်းဆောင်မှာ တစ်ကိုယ်လုံး တုန်တက်သွားပြီး "အဘိုးကြီး... အဘိုးကြီး... စိတ်မလောပါနဲ့ဦးဗျာ နာရီဝက်တောင် မပြည့်သေးပါဘူး ကျွန်တော်တို့ကို အချိန်နည်းနည်းတော့ ပေးပါဦး။ သတင်း အပြန်အလှန် ပို့ရတာတင် နာရီဝက်နီးပါး ကြာပါတယ်ဗျာ"
"ငါ ဂရုမစိုက်ဘူး ငါက လူကိုပဲ လိုချင်တာ ရှာမတွေ့ရင် မင်းမှာ တာဝန်ရှိတယ်"
ဖုန်းစားခေါင်းဆောင်သည် ကျိုးကြောင်းမဆင်ခြင်သော လူမျိုးကို မတွေ့ဖူးသော်လည်း ရန်ရှင်းကျိုးကို မချေပရဲပဲ ချွေးဒီးဒီးကျလျက် "အဘိုးကြီး... လူရှာဖို့က အချိန်တော့ ယူရမှာပါ" ဟု အသဲအသန် ပြောနေမိသည်။
ရန်ရှင်းကျိုးက ဓားဖျားဖြင့် ဖုန်းစားခေါင်းဆောင်၏ ရင်ဘတ်ကို ဖြည်းဖြည်းချင်း ချိန်ရွယ်လိုက်သည်။ ဖုန်းစားမှာ ချက်ချင်း နှုတ်ဆိတ်သွားသော်လည်း သူ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ပို၍ ထင်ဟပ်လာသည်။ ဒီလောက် မောက်မာရက်စက်သော လူတစ်ယောက်ကို သူ တစ်ခါမျှ မတွေ့ဖူးပေ။ ရန်ရှင်းကျိုး၏ လှုပ်ရှားမှုတိုင်းတွင် အေးစက်ပြီး ကရုဏာ ကင်းမဲ့သော အရှိန်အဝါများ ထွက်ပေါ်နေသဖြင့် သူ၏ ရင်ထဲမှာ တုန်လှုပ်နေမိတော့သည်။
ထိုအချိန်တွင် ဖုန်းစားအချို့ ခြံဝင်းအတွင်းသို့ ရောက်ရှိလာကြသည်။ သူတို့မှာ ဖုန်းစားခေါင်းဆောင်၏ လက်အောက်ငယ်သားများ ဖြစ်ကြပြီး မနီးမဝေးတွင် ရပ်လျက် ရန်ရှင်းကျိုးကို ကြောက်ရွံ့စိတ်၊ စပ်စုလိုစိတ်တို့ဖြင့် ဝိုင်းကြည့်နေကြသည်။
"ခေါင်းဆောင်ရှဲ့... ခေါင်းဆောင်ရှဲ့... သတင်းရပြီဗျ!"
ရန်ရှင်းကျိုး နားဖြတ်လိုက်သော ဖုန်းစားလူငယ်မှာ အပြင်မှ ပြေးဝင်လာရင်း ဟစ်အော်လိုက်သည်။ "ဝူနွေလမ်း က ကတုံးက ဝါရောင်ဝတ်ရုံဝတ် ကိုယ်တော်ဆိုးတစ်ပါး အိတ်တစ်လုံး ထမ်းပြီး မြို့ပြင်က တောင်ဘက်ဘုရားကျောင်းအိုထဲကို ဝင်သွားတာ မြင်လိုက်တယ်တဲ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်တို့ ညီအစ်ကိုတစ်ယောက် အဲဒီဘုရားကျောင်းထဲမှာ အိပ်နေတာကို အဲဒီကိုယ်တော်က ရိုက်ထုတ်လိုက်တယ်လို့ ပြောပါတယ်။ အဲဒီလူက ဘယ်သူလဲဆိုတာ ပြန်ကြည့်တော့ နောက်ထပ် ကိုယ်တော်နှစ်ပါး ထပ်ဝင်သွားတာကို တွေ့ခဲ့ရတယ်၊ သူတို့ရဲ့ ပေါ့ပါးခြင်းအတတ်က တော်တော်လေး အစွမ်းထက်တယ်လို့ ပြောပါတယ်။ သူ ကြောက်ပြီး မြို့ထဲကို ပြန်ပြေးလာတာပါ"
ရန်ရှင်းကျိုးက ဖုန်းစားလူငယ်ကို အနားသို့ ခေါ်လိုက်ပြီး "တကယ်လား" ဟု မေးလိုက်သည်။
ဖုန်းစားလူငယ်က အရိုအသေပေးလျက် "မမှားစေရပါဘူး အဘိုးကြီး လုံးဝ မမှားစေရပါဘူး ခင်ဗျား ဖြတ်လိုက်တဲ့ ကျွန်တော့်နားကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်၊ ကျွန်တော် လုံးဝ မလိမ်ပါဘူး"
ရန်ရှင်းကျိုးက ခပ်တိုးတိုး ရယ်မောလိုက်ပြီး ဖုန်းစား၏ မျက်နှာကို ခပ်ဆတ်ဆတ် ပုတ်ကာ၊ ဘေးရှိ ဖုန်းစားခေါင်းဆောင်ထံသို့ လင်းလက်သော ပုလဲရတနာကို ပစ်ပေးလိုက်သည်။ ထို့နောက် ဖုန်းစားလူငယ်ထံသို့လည်း ရွှေတုံးတစ်တုံးကို ပစ်ပေးလိုက်၏။
"ကောင်းပြီ... ဒါကို ယူထားလိုက်"
နှစ်ယောက်လုံးမှာ အလွန်အမင်း ဝမ်းသာသွားကြပြီး ရန်ရှင်းကျိုးကို တတွတ်တွတ် ကျေးဇူးတင်နေကြတော့သည်။ တည်နေရာအတိအကျကို သိရပြီးနောက် ရန်ရှင်းကျိုးက ဓားကို အိမ်ထဲသို့ ပြန်ထည့်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်။
"ငါ မြို့ပြင်က ဘုရားကျောင်းအိုကို သွားကြည့်မယ်။ မင်းတို့ပြောတာ မှန်တယ်ဆိုရင် ငါ လူကယ်ပြီးတာနဲ့ ဆုလာဘ် ထပ်ပေးမယ်။ အကယ်၍ သတင်းက အမှားသာ ဖြစ်နေရင်တော့... ဟဲဟဲ...ဘာဖြစ်မလဲဆိုတာ မင်းတို့ အချိန်တန်ရင် သိရမှာပေါ့"
ရန်ရှင်းကျိုး ထွက်ခွာရန် ပြင်နေစဉ် ဖုန်းစားခေါင်းဆောင်က သတိထား၍ မေးလိုက်သည်။
"အဘိုးကြီး... အဘိုးကြီးရဲ့ ဘွဲ့နာမည်လေး သိပါရစေလားခင်ဗျာ"
"ဘာလဲ... နောက်ကျရင် ငါ့ကို လက်စားချေမလို့လား"
ဖုန်းစားခေါင်းဆောင်မှာ ကြောက်လန့်တကြား ခေါင်းခါလျက် "မလုပ်ရဲပါဘူး မလုပ်ရဲပါဘူး နောင်ကျရင် ကျွန်တော့် တပည့်တွေ မျက်စိမကန်းဘဲ အဘိုးကြီးကို မစော်ကားမိအောင်လို့ အဘိုးကြီးရဲ့ ဂုဏ်သတင်းကို မှတ်ထားချင်လို့ပါ"
ရန်ရှင်းကျိုးက အော်ရယ်လိုက်ပြီး ပြင်ပသို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားတော့သည်။
"ဒါဆို မှတ်ထားလိုက် ငါက ရန်ရှင်းကျိုး ပဲ"
ခြံဝင်းအတွင်းရှိ ဖုန်းစားနှစ်ဦးမှာ ထိတ်လန့်သွားကာ မျက်နှာများ ဖြူလျော့သွားတော့သည်။
"ရန်ရှင်းကျိုးလား? မြို့ဝန်လင်ကို သတ်ခဲ့တဲ့ အရူး ရန်ရှင်းကျိုးလား"
ကျင့်ကျိုးမြို့တွင် မကြာသေးမီက အကျော်ကြားဆုံး သတင်းမှာ နေ့ခင်းကြောင်တောင် အစိုးရရုံးကို ဝင်ပြီး မြို့ဝန်လင်ထွေးစိကို သတ်ခဲ့သော သတင်းပင် ဖြစ်သည်။ ဤကိစ္စမှာ တစ်ကမ္ဘာလုံးကို လှုပ်ခတ်စေခဲ့ပြီး ကျင့်ကျိုးမြို့သားတိုင်း သိထားကြသည်။ ဒင်ဒီယန်၏ ရတနာသတင်းကိုမူ လူအနည်းငယ်သာ သိကြသော်လည်း အရာရှိကို သတ်သည့်သတင်းကိုမူ လူတိုင်း သိကြသည်။
ထိုသို့ ရဲရဲဝံ့ဝံ့ သတ်ဖြတ်ခဲ့သူမှာ ရန်ရှင်းကျိုးပင် ဖြစ်သည်။
သူတို့ရှေ့မှ ရက်စက်လှသော လူမှာ ရန်ရှင်းကျိုးဖြစ်ကြောင်း သိလိုက်ရသောအခါ ဖုန်းစားနှစ်ဦးလုံးမှာ ချောက်ချားသွားကြတော့သည်။ ရန်ရှင်းကျိုး ထွက်သွားပြီးနောက် ဖုန်းစားခေါင်းဆောင်က တုန်ရီနေသော အသံဖြင့်
"သူက မြို့ဝန်ကိုတောင် သတ်ရဲတဲ့ ရန်ရှင်းကျိုးပဲ ငါတို့ သူ့လက်ထဲကနေ အသက်ရှင် လွတ်လာခဲ့တာပဲ"
"တော်သေးတာပေါ့... တော်သေးလို့ ငါက နားပဲ ပြတ်တာ၊ မြို့ဝန်လိုမျိုး ခေါင်းပြတ်သွားတာ မဟုတ်လို့ ကံကောင်းလှပြီ"
ရန်ရှင်းကျိုး၏ အမည်ကို မသိခင်က သူတို့သည် မကျေမနပ်ဖြစ်ကာ လက်စားချေရန် ကြံစည်ခဲ့ကြသော်လည်း အမည်ကို သိလိုက်ရချိန်တွင်မူ လက်စားချေလိုစိတ်များ ချက်ချင်း ပျောက်ကွယ်သွားပြီး ရန်ရှင်းကျိုး၏ လက်ထဲမှ အသက်ရှင် လွတ်မြောက်ခဲ့ခြင်းကိုပင် ကျေးဇူးတင်နေကြတော့သည်။
ရန်ရှင်းကျိုးမှာမူ ထိုသူနှစ်ဦး၏ အတွေးကို မသိနိုင်ချေ။ ယခုအခါ သူသည် ရွှေတိုက်သင်ပေးထားသော မှော်ဒေါ့နင်း ရေပေါ်ပြေးအတတ် ကို အသုံးပြုကာ လမ်းကြားများမှတစ်ဆင့် မြို့တောင်ဘက်ရှိ ဘုရားကျောင်းအိုဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်။
သူသည် ရှေ့သို့ ပြေးနေရင်း တစ်ချက် တွေးလိုက်မိသည်။ [ဖုန်းစားပြောပုံအရဆိုရင် အဲဒီဘုရားကျောင်းထဲမှာ ဝါရောင်ဝတ်ရုံဝတ် ကိုယ်တော် တစ်ပါးမက ရှိနေတာပဲ။ အကယ်၍ အဲဒီကိုယ်တော်တွေက သွေးဓားဘိုးဘေးရဲ့ တပည့်တွေသာ ဖြစ်နေရင် ငါတစ်ယောက်တည်းနဲ့ သူတို့အားလုံးကို အနိုင်ရဖို့ မသေချာဘူး။ သူတို့ရဲ့ အစွမ်းကို ကြိုပြီး အားနည်းသွားအောင် လုပ်ဖို့ နည်းလမ်းတစ်ခုခု ရှာရမယ်၊ မဟုတ်ရင်တော့ ငါ့အတွက် ခက်လိမ့်မယ်]
သူ ခဏစဉ်းစားလိုက်ပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသည်။
"အင်း... ငါ အောင်နိုင်ဖို့ဆိုရင် ဒီအရာကို ငါရမှ ဖြစ်မယ်"
***