← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁ - လျူကျင်း ဟူသော ကလေးငယ်

ဤကျင့်ကြံလောကသည် မရေမတွက်နိူင်သော သူရဲကောင်းများနှင့် မကုန်ခမ်းနိုင်သော ဒဏ္ဍာရီများ တည်ရှိရာ အရပ် ဖြစ်ပေသည်။

လက်ရှိ တွင် ဧကရာဇ် ဘုရင်မင်းမြတ် သည်နန်းစံသက် ငါးရာ့ခြောက် ခုနှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ ပတ္တမြားတိမ်တိုက် အင်ပါယာ ကြီးသည် ငြိမ်းချမ်းသာယာခြင်းနှင့် အတူ ကောင်းချီး မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံနေသည်။

အင်ပါယာ ကြီးသည် အင်အားတောင့်တင်းပြီး နယ်စပ်ဒေသများလည်း အေးချမ်းသာယာနေသည်။

ပြည်သူလူထုမှာလည်း ပျော်ရွှင်ချမ်းမြေ့ကာ ကြွယ်ဝချမ်းသာကြလျက်ရှိသည် ။

ခပ်သိမ်းသော အရာများနှင့် အခြေအနေအားလုံးသည် ကောင်းမွန် တည်ငြိမ်လျက်ရှိသည်။

အင်ပါယာအတွင်းရှိ ရေတွက်၍မရနိုင်သော မြို့ပြများထဲတွင် 'အရှေ့ဘက်ဆိပ်ကမ်းမြို့' သည် အကြီးဆုံးမြို့ မဟုတ်သလို အသေးဆုံးမြို့ဟုလည်း သတ်မှတ်၍မရနိူင်ပေ။ သက်တမ်းအရင့်ဆုံးမြို့ မဟုတ်သလို သက်တမ်းအငယ်ဆုံးမြို့လည်း မဟုတ်ချေ။ တိုင်းပြည်၏ မြောက်ဘက်နယ်စပ်နှင့် နီးကပ်စွာ တည်ရှိသော ကမ်းရိုးတန်းမြို့လေးတစ်မြို့ ဖြစ်ပြီး အခြားသော မြို့အများစုကဲ့သို့ပင် ရိုးရှင်းလှသည်။

ကျွန်ုပ်တို့၏ ဇာတ်လမ်းသည် ထိုမြို့၏ လမ်းမများပေါ်မှ ကလေးငယ်များ၏ ရန်ပွဲလေးတစ်ခုနှင့် စတင်ခဲ့လေသည်။

"ဟိတ်ကောင် …မင်းပြောတဲ့စကားကို ခုချက်ချင်း ပြန်ရုပ်သိမ်းစမ်းကွ"

ကလေးငယ်တစ်ယောက်က အော်ဟစ်သံ ခပ်စူးစူးသည် မြို့၏လမ်း‌ ပေါ်တစ်နေရာမှ ရုတ်တရက်ထွက်‌ေပါ်လာသည်။

ထိုကလေးသည် လူကောင် သေးငယ်လှ၏။ သူသည် ဤလောကထဲတွင် သက်တမ်း ၇ နှစ်မျှသာ ရှိသေးပြီး အခြားမြို့တစ်မြို့ကိုမျှ တစ်ခါဖူးမျှ မမြင်ဖူးသေးချေ။ သူ၏ ဆံပင်များမှာ အနက်ရောင်ဖြစ်ပြီး ၎င်းဆံပင်အရောင် သည် အရှေ့ဘက်ဆိပ်ကမ်းမြို့တွင် ဆန်းပြားသောအရာ မဟုတ်ပေ။ သို့သော်လည်း သူ၏ မျက်လုံးများမှာမူ ပတ္တမြားသွေးကဲ့သို့ နီရဲနေပြီး၊ ထို ထူးခြားချက်ကပင် လူအများ၏ စူးစိုက်ကြည့်ရှုခြင်းကို အမြဲတစေ ခံရစေခဲ့သည်။

သူ၏အမည်မှာ 'လျူကျင်း' ဖြစ်ပြီး၊ ယခုအချိန်တွင် သူသည် ဒေါသချောင်းချောင်း ထွက်နေသည်။

"မင်းပြောတာ ပြန်ရုပ်သိမ်းလို့ ငါပြောနေတယ်ကွ"

လျူကျင်းက သူ၏ လက်သေးသေးလေးများကို လက်သီးဆုပ်လျက် ထပ်မံ ပြောဆိုလိုက်သည်။

"အောင်မာ ငါက ဘာလို့ ပြန်ရုပ်သိမ်းရမှာလဲ"

အခြားကလေးတစ်ယောက်ကလဲ လေသံမာမာဖြင့် ပြန်လည်အော်ငေါက်လိုက်သည်။ ထိုကလေး၏ဘေးတွင် နောက်ထပ် ကလေးတစ်ယောက်ရှိပြီး နှစ်ယောက်စလုံးမှာ လျူကျင်းထက် အရပ်ရှည်ကာ အသက်ကြီးကြသည်။

"ဟေ့..,ငါက လိမ်ပြောတာမဟုတ်ဘူးကွ၊ မင်းအဖေက အသုံးမကျတဲ့ လူမစွမ်းမသန် ဒုက္ခိတကြီးကွ။ တစ်မြို့လုံးက လူတွေ အကုန်သိတယ်"

"ဘာ..ငါ့အဖေက ဒုက္ခိတမဟုတ်ဘူးကွ"

လျူကျင်းက ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းလျက် အော်ဟစ်လိုက်ပြီး သူ၏ ကျစ်ကျစ်ပါအောင်ဆုပ်ထားသော လက်သီးများမှာလည်း တုန်ရင်နေသည်။ သို့သော်လည်း ထိုကလေးနှစ်ယောက်ကမူ သူ၏ဒေါသကို ဂရုမစိုက်ဘဲ လှောင်ပြောင်ရယ်မောလိုက်ကြသည်။

"ဟားဟား ဘာတွေဆတ်ဆတ်ထိမခံဖြစ်နေတာလဲကွ လုပ်မနေနဲ့၊ မင်းအဖေက ဒုက္ခိတပဲကွ" ဟု

ကျန် သော ကလေးတစ်ယောက်က ဝင်ပြော ပြန်သည်။

"အမှန်ပဲဟေ့ ငါလည်း ငါ့အဖေ ပြောနေတာ ကြားတယ်။ သူက ပြောတယ်၊ မင်းအဖေက ရှောင်ဂိုဏ်းရဲ့ နောက်ကွယ်မှာ ပုန်းနေဖို့ပဲ တတ်တာတဲ့။ မဟုတ်ရင် ဘယ်သူကမှ သူ့ရဲ့ ဆေးအတုတွေကို အဖက်လုပ်မှာ မဟုတ်ဘူးတဲ့"

"ငါ့အဖေလည်း အဲဒီအတိုင်း ပြောတာပဲ။ မင်းက အသုံးမကျတဲ့ ဒုက္ခိတရဲ့ သားပဲ။ မင်းအဖေက ရှောင်ဂိုဏ်းအတွက် လူတွေဆီက ပိုက်ဆံ ဘယ်လိုလိမ်ရမလဲဆိုတာ မင်းကို ခုတည်းက သင်ပေးနေပြီ ထင်တယ် ဟားဟား"

ထိုစကားလုံးများသည် အသက် ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ယောက် တောင့်ခံနိုင်သည့် အတိုင်းအတာထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ မိမိအဖေကို ချစ်မြတ်နိုးသော မည်သည့်ကလေးမျှ အခြားသူများက အဖေဖြစ်သူအား မကောင်းပြော စော်ကားနေသည်ကို ဒီအတိုင်း ကြည့်မနေနိုင်ပေ။ လျူကျင်း၏ လက်သီးငယ်လေးသည် လေထဲသို့ ဝေ့ဝိုက်၍ ပျံသန်းသွားတော့သည်။

၎င်းလက်သီးသည် စနစ်တကျမရှိသော အားနည်းသည့် လက်သီးချက်တစ်ခုမျှသာ ဖြစ်သည်။ နှေးကွေးလွန်းပြီး၊ မတွက်ချက်တတ်သေးကာ၊ အားအင် ကင်းမဲ့လှသည်။

သူ၏ လက်သီးဆုပ်သည့်ပုံစံကပင် လွဲမှားနေသေးသည်။

သို့သော်လည်း အခြားကလေးတစ်ယောက်နှင့် ယှဉ်လျှင်မူ ဤမျှနှင့် လုံလောက်ပေသည်။ ထိုလက်သီးချက်သည် သူနှင့် အနီးဆုံးရှိ ကလေး၏ မျက်နှာတည့်တည့်သို့ ထိမှန်သွားပြီး ထိုကလေးကို နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းထိုး ဆုတ်ခွာသွားစေသည်။

“ခွပ်”

"မှတ်ထား..ငါ့အဖေက လူလိမ်မဟုတ်ဘူး"

လျူကျင်းက နောက်ထပ် လက်သီးတစ်ချက် ထပ်မံ မထိုးမီ ထိုစကားကို အော်ဟစ်လိုက်သည်။

"ပြီးတော့ သူက အသုံးမကျတဲ့ ဒုက္ခိတလည်း မဟုတ်ဘူး"

“ခွပ်”

ဤအကြိမ်တွင်မူ သူသည် အခြားကလေးတစ်ယောက်ကို ထိုးနှက်လိုက်ခြင်း ဖြစ်သည်။ ထိုကလေးသည် လျူကျင်း၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် အံ့အားသင့်သွားပြီး ရှောင်တိမ်းရန် အချိန်မရဘဲ လက်သီးချက်ကို အမိအရ ခံလိုက်ရလေသည်။

"မင်း ..မင်းငါ့ကို လုပ်ရဲတယ်ပေါ့လေ.. တောက် ဒုက္ခိတရဲ့ သားကများ"

ပထမဆုံး လက်သီးချက် ခံလိုက်ရသည့် ကလေးက သူ၏ လက်သီးကို အသင့်ပြင်လျက် လျူကျင်းထံသို့ တိုးကပ်လာရင်း ပြောဆိုလိုက်သည်။

"အေးလေ" ဟု အခြားတစ်ယောက်ကလည်း ဆိုသည်။

"မင်းလို‌ကောင်စားမျိုးကတော့ မင်းအဖေလိုမျိုး ဒုက္ခိတအဖြစ်နဲ့ပဲ အဆုံးသတ်သွားဖို့သာပြင်ထားပေတော့.."

ဤသို့ဖြင့် နှစ်ယောက်တစ်ယောက် ရန်ပွဲဖြစ်ပြီး နှစ်ယောက်စလုံးက သူ့ထက် အရွယ်အစား ပိုကြီးမားကြသော်လည်း လျူကျင်းသည် ထွက်မပြေးခဲ့ပေ။ သူ အလွန် ဒေါသထွက်နေပြီး ထိုကလေးနှစ်ယောက်ကို ဆက်တိုက် ထိုးနှက်ချင်စိတ်သာ ရှိတော့သည်။ သူ့အဖေအား မကောင်းပြော စော်ကားခဲ့သည့်အတွက် ထိုသူများကို နောင်တရသွားအောင် လုပ်ဆောင်လိုနေသည်။

ထိုသို့ဖြင့် ကလေးငယ်များအကြား ရိုးရှင်းသော ရန်ပွဲလေးတစ်ခု စတင်ဖြစ်ပွားခဲ့လေသည်။

အထူးတလည် ပြောနေရန်မလိုဘဲ လျူကျင်းတစ်ယောက် ရန်ပွဲတွင် ရှုံးနိမ့်သွားခဲ့ရပေသည်။

" သား မင်း ရန်ဖြစ်လာပြန်ဘီလား"

ဟု လျူကျင်း၏အဖေ 'လျူကျန့်ကော်' က သူ့သားကိုကြည့်ရင်း ပြောလိုက်သည်။

ယခုအချိန်တွင် ညဉ့်နက်နေပြီ ဖြစ်သည်။ အဖေဖြစ်သူက သူ့ကို စားပွဲပေါ်တွင် ထိုင်စေပြီး ညိုမည်းဒဏ်ရာများပေါ်သို့ ဆေးဆီ လိမ်းပေးနေ၏။ လျူကျင်းမှာမူ အဖေ၏ မနှစ်မြို့သော အကြည့်များကို အတတ်နိုင်ဆုံး ရှောင်လွှဲရန် ကြိုးစားနေရှာသည်။

သို့သော်လည်း အဖေဖြစ်သူကမူ သူ့အကြည့်ကို လွှဲမသွားခဲ့ပေ။

"သားရဲ့ ဒဏ်ရာတွေကို အဖေဆေးထည့်ပေးနေရတာ ဒါပထမဆုံးအကြိမ် မဟုတ်တော့ဘူးနော်" ဟု သူ့အဖေက ဆိုသည်။

"မကြာသေးခင်ကပဲ သားနဲ့ ရှောင်ဖန်းတို့ အချင်းချင်း အဆင်မပြေဖြစ်နေကြတယ်လို့ အဖေကြားမိတယ်"

ထိုအမည်ကို ကြားလိုက်ရုံနှင့် လျူကျင်းသည် မျက်မှောင်ကြီးကို ကုတ်လိုက်မိသည်။ သူက ငယ်ရွယ်လွန်းသေးသဖြင့် ထိုအမူအရာမှာ မည်သည့် ခြိမ်းခြောက်မှု အရှိန်အဝါမျှ မရှိပေ။ အမှန်အတိုင်းဆိုရလျှင် ထိုပုံစံက သူ့ကို ပို၍ပင် ချစ်စဖွယ် ကောင်းနေစေသည်။ ကလေးချစ်တတ်သူ အိမ်ရှင်မတစ်ဦးသာ မြင်လျှင်မူ သူ့ပါးလေးကို ဆွဲဖျစ်ချင်စိတ်ကို အသေအချာ တားဆီးနိုင်မည် မဟုတ်ချေ။

"ရှောင်ဖန်းက အလကားကောင်ပါ အဖေရာ" ဟုလျူကျင်းက လက်ပိုက်လျက် ပြောလိုက်သည်။

"အခု ဒဏ်ရာတွေက သူ့ကြောင့် ရလာတာလား" ဟု အဖေဖြစ်သူက တည်ငြိမ်လွန်းသော လေသံဖြင့် မေးမြန်းလိုက်သည်။

လျူကျင်းကမူ ထိုလေသံ၏ အနက်အဓိပ္ပာယ်ကို သဘောမပေါက်ဘဲ ခေါင်းကိုသာ ခါယမ်းလိုက်၏။

"မဟုတ်ဘူး အဖေ" သူက ပြန်လည်ဖြေကြားသည်။

"ဟိုကောင် ဝူရန်... ပြီးတော့ သူ့သူငယ်ချင်းတွေကြောင့်"

လျူကျင်းသည် နောက်ဆုံးအပိုင်းကို တမင်ထည့်ပြောလိုက်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိမိက လူတစ်ယောက်တည်းကို ရှုံးနိမ့်ခဲ့သည်ဟု အဖေအား မထင်စေချင်သောကြောင့် ဖြစ်၏။

"ကျွန်တော် ကတစ်ယောက်ထဲရယ် သူတို့ဘက် က လူတွေကအများကြီးပဲဗျ" ဟု သူက ထပ်လောင်းပြောသည်။

"အဖေသိလား ကျွန်တော် မလဲကျခင် သူတို့ထဲက ခုနစ်ယောက်ကို အလဲထိုးခဲ့သေးတယ်"

ထိုသို့ပြောလိုက်ရင်း သူ့လေသံမှာ ပို မိုတက်ကြွလာသည်။ သူ့စကားနှင့်သူနားထောင်ရ ပို၍ အဆင်ပြေသွားတော့သည်။

"အော်... ဟုတ်လား" ဟု သူ့အဖေက ခပ်အေးအေး ဆိုသည်။ သူက ဆေးဆီလိမ်းပေးခြင်းကို အဆုံးသတ်လိုက်ပြီး စားပွဲပေါ်မှ ဆင်းရန် အချက်ပြလိုက်၏။

"ဒါနဲ့...ဝူရန်ဆိုတဲ့နာမည်ပေးထားတာဆိုတော့ အဲဒီကလေးက သမားတော်ဝူနဲ့ တခုခုများတော်တာလား ... "

သမားတော် 'ဝူကု'...။ အရှေ့ဘက်ဆိပ်ကမ်းမြို့တစ်ခုလုံးတွင် ထိုအမည်ကို မသိသောသူ ဟူ၍ တစ်ယောက်မျှ မရှိပေ။ သူ၏ လက်ချောင်းများဖြင့် တစ်ချက်မျှ တို့ထိရုံမျှဖြင့် သေအံဆဲဆဲ လူတစ်ယောက်ကိုပင် အပြည့်အဝ ကျန်းမာလာစေနိုင်သည်ဟု ပြောစမှတ်ပြုကြသည်။ သို့သော်လည်း သူ၏ ကုသခမှာ အဆမတန် မြင့်မားလှသဖြင့် မြို့အတွင်းရှိ ချမ်းသာကြွယ်ဝသူများနှင့် အာဏာရှိသူများသာ သူ့ထံတွင် ကုသနိုင်ကြ၏။

လျူကျင်းသည် အဖေဖြစ်သူကို မကြည့်မိစေရန် ပိုမိုသတိထားလျက် ပြန်လည်ဖြေကြားလိုက်သည်။

"ဟို‌.. ဟိုသူက သမားတော်ဝူရဲ့ သားပါ အဖေ"

"အော်... ဟုတ်လား" ဟု အဖေက ဆိုသည်။

"ဒါဆို ဒီကိစ္စက သမားတော်ဝူ အဖေ့အပေါ် လျှောက်ဖြန့်နေတဲ့ ကောလာဟလတွေနဲ့ ပတ်သက်နေတာပေါ့"

"ဟုတ်မှာပေါ့ အဖေ ..အဲဒါတွေက တမင်လိမ်ပြောနေတာတွေဗျ"

လျူကျင်းသည် သူ၏ ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ ထုတ်ဖော်မိသွားသည်။ သူက စားပွဲကို လက်သီးဖြင့် ဒုန်းခနဲထုလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် ဒေါသမီးလျှံများ တောက်လောင်နေသည်။

"သူက အဖေ့ရဲ့ အရည်အချင်းကို မနာလိုဖြစ်နေတာ သက်သက်ပဲ"

စင်စစ်မူ ပြဿနာသည် လွန်ခဲ့သော တစ်နှစ်ခန့်က စတင်ခဲ့ခြင်း ဖြစ်သည်။ သူ့အဖေဖြစ်သူ အရှေ့ဘက်ဆိပ်ကမ်းမြို့သို့ ပထမဆုံး ရောက်ရှိလာစဉ်က သမားတော်ဝူသည် သူ့ကို အရေးတယူ မလုပ်ခဲ့ပေ။ အကြောင်းမူကား လျူကျန့်ကော်သည် မြို့အတွင်းရှိ များပြားလှသော သမားတော်ငယ်လေးများထဲမှ တစ်ဦးမျှသာ ဖြစ်သောကြောင့်တည်း။ သို့သော်လည်း နှစ်များကုန်လွန်လာသည်နှင့်အမျှ အဖေဖြစ်သူ၏ ကျော်ကြားမှုသည် တိုးပွားလာခဲ့သည်။ သူ၏ ဆေးခန်းလေးသို့ လာရောက်သော လူနာများမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာခဲ့၏။

အဖေဖြစ်သူ တောင်းခံသော ဆေးကုသခမှာ သမားတော်ဝူထက် များစွာ သက်သာသဖြင့် သမားတော်ဝူ၏ လူနာအချို့သည် သမားတော်ဝူထံ မသွားတော့ဘဲ အဖေဖြစ်သူထံသို့ ပြောင်းလဲလာရောက်ကြတော့သည်။ ၎င်းက သမားတော်ဝူကို အလွန်အမင်း ဒေါသထွက်စေခဲ့၏။ အဖေဖြစ်သူ၏ တိုးတက်မှုကို ဟန့်တားရန်အတွက် ထိုသမားတော်သည် သူ၏ လူနာများအကြားတွင် လျူကျန့်ကော်နှင့် ပတ်သက်၍ အမျိုးမျိုးသော ကောလာဟလများကို စတင်ဖြန့်ဝေခဲ့တော့သည်။ ထို့အပြင် သူ၏ တပည့်များကိုလည်း မြို့သူမြို့သားများအကြားတွင် ဂုဏ်သိက္ခာညှိုးနွမ်းစေမည့် သတင်းအမှားများကို ဖြန့်ဝေခိုင်းခဲ့သည်။

လျူကျန့်ကော်သည် စစ်မှန်သော သမားတော်တစ်ဦး မဟုတ်ကြောင်း ၊လျူကျန့်ကော်၏ ဆေးခန်းသို့ သွားရောက်သော လူနာများသည် များသောအားဖြင့် တစ်နှစ်အတွင်း သေဆုံးတတ်ကြကြောင်း၊

သူသည် ဆေးအတုများဖြင့် သူတစ်ပါးကို လှည့်စားနေသော ရမ်းကုဆရာတစ်ဦးသာ ဖြစ်ကြောင်း အစရှိသည်ဖြင့် မဟုတ်မမှန်သော အကြောင်းများကို ဇာတ်လမ်းလုပ်စေကာ လူ များ အကြား ဖြန့်ခဲ့သည်။

ထို့အပြင်... အားလုံးထဲတွင် အထိခိုက်ဆုံးဖြစ်စေသည့် ကောလာဟလတစ်ခုလည်း ရှိသေးသည်။

"‌အော် ငါ့သားရယ် …သူက အဲလို သူများ အကြောင်းကို မဟုတ်မဟတ်လုပ်ကြံပြောတတ်တဲ့လူမျိုးပဲလေ" ဟု လျူကျန့်ကော်က ပြောလိုက်သည်။ မိမိသားဖြစ်သူ၏ တောက်လောင်နေသော ဒေါသမီးလျှံများနှင့် နှိုင်းယှဉ်လျှင်မူ သူ၏ ပုံစံမှာ နွေဦးရာသီ၏ အေးချမ်းသာယာသော ရေကန်တစ်ခုကဲ့သို့ပင် တည်ငြိမ်လျက်ရှိသည်။

"သူက သူ့ရဲ့ လူနာတွေ အဖေ့ဆီ ပါကုန်မှာကို ကြောက်နေတာ၊ အဲဒါကြောင့် အဖေ့ရဲ့ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးဖို့ မျှော်လင့်နေတာပေါ့"

"ဒါပေမယ့် အဖေရာ .. လူတိုင်းက အဲဒီ အလိမ်အညာတွေကိုပဲ ထပ်ခါတလဲလဲ ပြောနေကြတာ" လျူကျင်းက ဆိုသည်။

"သူတို့ အဖေ့ကို အဲလို စော်ကားပြောဆိုနေတာကို ကျွန်တော်ဒီအတိုင်း ကြည့်မနေနိုင်ဘူး"

"ဒီမယ် ငါ့သား.."

လျူကျန့်ကော်က သူ၏ မေးစေ့ကို လက်တစ်ဖက်ဖြင့် သပ်ရင်း ပြောလိုက်သည်။

"သမားတော်ဝူ အဖေ့ နဲ့ပတ်သက်ပီး ဖြန့်နေတဲ့ ကောလာဟလ အများစုက သတင်းအမှားတွေဆိုပေမယ့်၊ အမှန်ဖြစ်နေတဲ့ အချက်တစ်ခုရှိတယ်ဆိုတာ သားသိပါတယ်နော်။ အဖေ ဒါကို သားကို ဘယ်တုန်းကမှ မဖုံးကွယ်ခဲ့ဘူး။ သူပြောသလို အဖေက ဒုက္ခိတတစ်ယောက်ပဲ"

အဖေဖြစ်သူက ထိုသို့ပြောလိုက်သောအခါ လျူကျင်းသည် ကြမ်းပြင်သို့သာ ငုံ့ကြည့်လိုက်မိသည်။ မိမိအဖေက မိမိကိုယ်ကိုယ် ထိုကဲ့သို့ ညွှန်းဆိုသုံးနှုန်းသည်ကို သူ နားနှင့် ဆတ်ဆတ် မကြားချင်ပေ။

၎င်းသည် ငြင်းပယ်၍မရသော အမှန်တရား ဖြစ်နေလျှင်ပင် သူ့အဖေနှုတ်မှ ပြောသည်ကို သူသေချာပေါက်မကြားချင်ဆုံးဖြစ်သည်...။

သူ့အဖေ လျူကျန့်ကော်တွင် လက်မောင်းနှစ်ဖက်၊ လက်နှစ်ဖက်နှင့် မျက်လုံးနှစ်လုံး ရှိသည်။ သူသည် အခြားလူသားများကဲ့သို့ပင် လမ်းလျှောက်နိုင်၊ အပြေးနိုင်၏။ ပစ္စည်းပစ္စယများကို ကိုင်တွယ်နိုင်ပြီး အလုပ်လည်း လုပ်နိုင်သည်။ သူ၏မျက်နှာမှာ ခန့်ညားထည်ဝါပြီး သူ၏ခန္ဓာကိုယ်ကို တစ်ချက်မျှ ကြည့်ရုံမျှဖြင့် အမာရွတ်အချို့မှလွဲ၍ မည်သည့် ကိုယ်အင်္ဂါချို့ယွင်းချက်ကိုမျှ ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ချေ။

သို့သော်လည်း လျူကျန့်ကော်သည် ဒုက္ခိတတစ်ဦး ဖြစ်ပေသည်။

သူသည် ထိုသို့ဖြစ်နေခဲ့သည်မှာ အလွန်ရိုးရှင်းသော အကြောင်းပြချက်တစ်ခုကြောင့် အတော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အကြောင်းမူ လျူကျန့်ကော်၏ စွမ်းအင်စီးဆင်းရာ သွေးကြောမျှင်များ မှာ ပြုပြင်၍မရနိုင်လောက်အောင် ပျက်စီးနေခဲ့သောကြောင့် ဖြစ်၏။

"လူတစ်ယောက် မွေးဖွားလာတဲ့အချိန်ကစပြီး၊ ချီစွမ်းအင်ဟာ သူ့ရဲ့ သွေးကြောမျှင်တွေထဲမှာ စီးဆင်းနေတာ သားရဲ့"

ဟု လျူကျန့်ကော်က သူ၏သားဖြစ်သူကို ပြောပြသည်။

၎င်းသည် လျူကျင်း သိရှိပြီးသားအရာတစ်ခု ဖြစ်၏။ လူတိုင်း သိရှိထားသောအရာလည်း ဖြစ်သည်။ ချီစွမ်းအင်သည် ခန္ဓာကိုယ်ကို အင်အားကြီးမားစေသည်။ ခန္ဓာကိုယ်ကို အာဟာရကျွေးမွေးပြီး ရှင်သန်လန်းဆန်းစေ၏။

"လူတွေ ကြီးပြင်းလာတာနဲ့အမျှ၊ သူတို့က ချီစွမ်းအင်ကို ကျင့်ကြံကြတယ်၊ အဲဒါက သူတို့ကို ပိုမိုမြင့်မားတဲ့ ကျင့်စဉ်အဆင့်အတန်းတွေဆီ ရောက်ရှိစေတာပေါ့။ ဒါက လူတိုင်းအတွက် မှန်ကန်တဲ့ အမှန်တရားပဲ"

အရှေ့ဘက်ဆိပ်ကမ်းမြို့တစ်ခုလုံးတွင် ချီစွမ်းအင်ကို မသုံးစွဲနိုင်သောသူဟူ၍ တစ်ယောက်တည်းသာ ရှိသည်။

"အဟက် ..အဲ့ဒီလူတိုင်းဆိုတဲ့အထဲမှာ တော့အဖေမပါဘူးပေါ့ကွာ ... အဖေကလွဲလို့ပေါ့"

ဟု လျူကျန့်ကော်က ပြုံလျက် ဆိုသည်။

"အဖေ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ကျင့်ကြံခြင်းကို မလုပ်နိုင်ဘူး။ အဖေ့ရဲ့ သွေးကြောမျှင်တွေက အရမ်း ပျက်စီးနေပြီ။ စွမ်းအင်တွေက အဖေ့ခန္ဓာကိုယ်ထဲမှာ စနစ်တကျ မစီးဆင်းနိုင်ဘူး။ အဲ့တော့ အဖေ သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ အဖေဟာ ဒုက္ခိတတစ်ယောက်ဆိုတာကို ငြင်းပယ်လို့မရဘူး"

သူ့အဖေသည် ထိုစကားအားလုံးကို အကြွင်းမဲ့ တည်ငြိမ်မှုဖြင့် ပြောဆိုနေခြင်း ဖြစ်သည်။ ရှက်ရွံ့ခြင်း သို့မဟုတ် ဝမ်းနည်းခြင်း အရိပ်အယောင်မျှ မရှိချေ။ ခါးသီးနာကျင်မှုလည်း မျက်နှာပေါ်တွင်မတွေ့ရပေ။

၎င်းသည် ရိုးရှင်းလှသော လက်ရှိဖြစ်တည်မှုမျှသာ ဖြစ်ကြောင်းတည်ငြိမ်စွာလက်ခံထားဟန်ရှိသည်။

"အဖေ အဲဒါက တကယ်ပဲ အဲ့လောက်ထိ ဆိုးရွားတာလားဟင်" ဟု လျူကျင်းက မေးမြန်းလိုက်သည်။

သူသည် အဖေဖြစ်သူ၏ မျက်ဝန်းများကို စိုက်ကြည့်နိုင်ရန် အားယူလိုက်ရ၏။

"ဟိုလေ…. ချီစွမ်းအင်ကို မသုံးနိုင်တာက တကယ်ပဲ အဲဒီလောက်ထိ ဆိုးဝါးတဲ့အရာလား ကျွန်တော်သိချင်လို့ "

"သေချာတာပေါ့ကွာ၊ သိပ်ဆိုးတာပေါ့"

ဟု လျူကျန့်ကော်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်လည်ဖြေကြားသည်။

"သားမှာ ချီစွမ်းအင်ကို အသုံးချနိူင်တဲ့အင်အားမရှိဘူးလို့ပဲ တွေးကြည့်... အင်း အင်အားမရှိဘဲနဲ့ သားလုပ်နိုင်တဲ့ အရာတွေ အများကြီးရှိတာပေါ့။ ဒါပေမဲ့လဲ အင်အားမရှိလို့ သားမလုပ်နိုင်တဲ့အရာတွေက ပိုပြီးတော့ များတယ်ကွ။ ..အဖေ့မှာသာ အင်အားရှိခဲ့ရင်၊ အဲဒီကောလာဟလတွေကို အဲ့ကတည်းက အပြီးတိုင် နှိပ်ကွပ်ပစ်ခဲ့မှာ။ အခုတော့ အဖေ့ရဲ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ကြိုးစားရင်း ရလာတဲ့ ငါ့သားရဲ့ ညိုမည်းဒဏ်ရာတွေကိုပဲ ဆေးထည့်ပေးနေရုံပဲ တတ်နိုင်တော့တယ်"

ထိုစကားလုံးများကြောင့် လျူကျင်း တုန်လှုပ်သွားရသည်။

"ကျွန်တော်…ကျွန်တော် တောင်းပန်ပါတယ် အဖေ" ဟုကျင်းက ခေါင်းငိုက်စိုက်ချလျက် ဆိုသည်။

"ဒါပေမယ့်လေ..ကျွန်တော့်အတွက်တော့ ဘယ်သူတွေ ဘာပဲပြောပြော အဖေက အတော်ဆုံးပါပဲ.."

သူ မည်မျှပင် ညိုမည်းဒဏ်ရာများ ရပါစေ၊ သူ့အဖေဖြစ်သူသည် ပျောက်ကင်းအောင် လုပ်ပေးနိုင်သည်။ သူ မည်မျှပင် ဖျားနာပါစေ၊ သူ့အဖေဖြစ်သူသည် ပျောက်ကင်းအောင် ကုသပေးမည်သာ ဖြစ်သည်။ နေ့စဉ်ရက်ဆက် ဆိုသလိုင် လျူကျင်းသည် အဖေဖြစ်သူက တစ်စုံတစ်ယောက်ကို ကူညီကုသပေးနေသည်ကို မြင်တွေ့ရသည်။

ထိုသူမှာ မည်မျှပင် ပြင်းထန်စွာ ဖျားနာနေပါစေ၊ အဖေဖြစ်သူက သက်သာပျောက်ကင်းစေ ရန် ကုသပေးနိူင်သည်။ ဆေးခန်းသို့ မည်သူ့ကိုပင် ခေါ်ဆောင်လာခဲ့ပါစေ၊ သူ့အဖေက ထိုသူတို့ကို ပိုမိုကောင်းမွန်လာအောင် ကုသပေးတတ်ပြီး၊ တစ်ခါတစ်ရံတွင် အခမဲ့ပင် ကုသပေးတတ်သေးသည်။

ထိုအရာထက် မည်သည့်အရာက မည်သို့လျှင် အံ့ဩစရာ မကောင်းဘဲ ရှိအံ့နည်း။

လူတွေ ဘာပဲပြောပြော၊ သူ၏အဖေက အတော်ဆုံး ဖြစ်သည်။ လျူကျင်းသည် ထိုအရာကို သူ၏နှလုံးသားအောက်ခြေမှ အကြွင်းမဲ့ ယုံကြည်ထား၏။

အဖေဖြစ်သူကဲ့သို့ လူသားများကို ကုသပေးနိုင်ရန်မှာ လျူကျင်း၏ အကြီးမားဆုံးသော ဆန္ဒ ဖြစ်သည်မှာ အသေအချာပင်ဖြစ်သည် ။

"အဲဒါကြောင့်မို့လို့လဲ... သူတို့တွေ အဖေ့ကို အဲလိုပြောနေတာ ကြားရတဲ့အချိန်မှာ ကျွန်တော် မခံနိူင်ပဲ ရန်ဖြစ်မိတာပါ…"

မိမိအလေးစားရဆုံးသော လူသား၏ နာမည်ဂုဏ်သတင်းကို သူတို့က နင်းချေနေသည်ကို သူ မည်သို့လျှင် ဒီအတိုင်း ကြည့်နေနိုင်မည်နည်း။ ခေါင်းငုံခံကာ ရှောင်တိမ်းရန်မှာ မဖြစ်နိုင်သောအရာဖြစ်ကြောင်း သူ့ကိုယ်သူ အတတ်သိသည်။ အဖေဖြစ်သူက မည်သို့ပင်ပြောပြော၊ သူ ပြောင်းလဲနိုင်မည်မဟုတ်ပေ။ လျူကျင်းသည် အဖေ၏ ဆူပူကြိမ်းမောင်းမှုကိုသာ အဆင်သင့် စောင့်ဆိုင်းနေလိုက်တော့သည်။

သို့သော်လည်း၊ သူထင်ထားသကဲ့သို့ သူ့အဖေမှ သူ့အား ဆူပူကြိမ်းမောင်းသည့်အခြေအနေသို့ ရောက်ရှိမလာခဲ့ပေ။

လျူကျင်းသည် သူ၏ဦးခေါင်းပေါ်သို့ အဖေဖြစ်သူ၏ လက်ဖဝါး ခပ်ဖွဖွလေး ကျလာသည်ကို ခံစားလိုက်ရသဖြင့် အံ့အားသင့်စွာ မျက်တောင်ခတ်မိသွားသည်။

"အေးကွာ...ဒီကောင်ဆိုးလေးနဲ့တော့ အဖေဘာလုပ်ရမှန်းတောင်မသိတော့ဘူး …" ဟု အဖေဖြစ်သူက ဆိုသည်။ လျူကျင်း မော့ကြည့်လိုက်သောအခါ အဖေဖြစ်သူ၏ မျက်နှာပေါ်တွင် သူ့အပေါ်ကြင်နာနားလည်မှု အပြည့်ပါနေသော အပြုံး စတစ်ခုကို တွေ့ရှိလိုက်ရ၏။

"ဟင် ..ဘာကိုလဲ အဖေ"

" အဖေတစ်ယောက်အနေနဲ့ သားကို ပြောရမယ် ဆုံးမသင့်တာကိုတော့ဆုံးမရမယ် .. ဒီမယ် ငါ့သား... ခုချိန်ကစပီး အဖေ့ကိုကာကွယ်ဖို့ပဲ ဖြစ်ဖြစ် အဖေ့ကို လှောင်‌ပြောင်တာတွေကို သည်းမခံနိူင်လို့ပဲဖြစ်ဖြစ် ရန်ပွဲတွေထဲ ဝင်မပါနဲ့တော့ ကြားလား... အထူးသဖြင့် အဖေ့ရဲ့သိက္ခာကို ကာကွယ်ဖို့ဆိုရင် ပိုတောင် မလုပ်ရဘူး။ အဖေ့သားက အဖေ့အတွက် တိုက်ပွဲဝင်ပေးနေဖို့ မလိုလားဘူး"

လျူကျင်း နှုတ်ခမ်းကို ဟလိုက်သော်လည်း အဖေဖြစ်သူ၏ အကြည့်တစ်ချက်က သူ့ကို တိတ်ဆိတ်သွားစေသည်။

"ဒါပေမဲ့၊ အခုလုပ်လာတဲ့ သားရဲ့လုပ်ရပ်ကို အဖေ အပြစ်မတင်ရက်ပါဘူး သားရယ်" ဟု ကြင်နာစွာပြောလိုက်ရင်း လျူကျန့်ကော်၏ မျက်နှာထက်မှ အပြုံးမှာ ပိုအသက်ဝင်လာသည်။

"အင်း…သားရဲ့ စိတ်မထိန်းနိူင်တဲ့အပြုအမူတွေ၊ ဆုံးဖြတ်ချက်တွေကတော့ ပြုပြင်ဖို့ လိုသေးတာပေါ့၊ ဒါပေမဲ့ အခုအချိန်မှာ သားရဲ့ မဟုတ်မခံစိတ်ဓာတ်မျိုးကို အဖေက နှိပ်ကွပ်ပစ်လိုက်မယ်ဆိုရင် ဒါက နောက်လူကြီးဖြစ်တဲ့အခါ သတ္တိကြောင်တဲ့သူဖြစ်အောင် လုပ်ရာ ရောက်လိမ့်မယ်။ သားဘက်ကကြည့်ရင် သားအတွက် အရေးကြီးတဲ့ အရာတစ်ခုကို ကာကွယ်ချင်ခဲ့တာပဲ။ အဲဒီလို လုပ်ဆောင်တာက မှားယွင်းတယ်လို့ ပြောမယ်ဆိုရင် အဖေက အဖေကောင်းဘယ်ဟုတ်တော့မှာလဲ..”

လျူကျင်းသည် သူ၏အဖေစကားကြောင့် ဇဝေဇဝါဖြစ်သွားသော်လည်း ဝမ်းသာပီတိဖြစ်မိသွားသည်။

"ဟဲ …ဒါဆိုရင်...အဖေသားကို အပြစ်မတင်ဘူးပေါ့နော် .."

"နေဦး .. ဒါက ဒီတခေါက်အတွက်ပဲ ၊နောက်နောင်ကျရင် သားရဲ့ဒဏ်ရာတွေကို အဖေ ထိုင်ဆေးထည့်ပေးမနေချင်တော့ဘူး၊ အဲဒါကြောင့် နောက်ဒီလိုမဖြစ်အောင် အဖေစီစဉ်ပေးတာ အကောင်းဆုံးဖြစ်လိမ့်မယ်။ နည်းနည်းတော့ စောသေးတယ်လို့ ပြောလို့ရပေမဲ့... မနက်ဖြန်ကျရင် အဖေရှောင်ကျန်းနဲ့ စကားပြောကြည့်လိုက်မယ်"

လျူကျင်း၏ မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခု ပွင့်လန်းသွားတော့သည်။

"ဟုတ်ကဲ့ပါ အဖေ" ဟု သူက ဦးညွှတ်လျက် ပြောလိုက်သည်။

သို့သော်လည်း သူ ဦးညွှတ်ပြီးမှသာ ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို သူ အပြည့်အဝ သဘောပေါက်သွားတော့သည်။

"ဟင်.. ရှောင်ဂိုဏ်းလား ...ကျွန်တော့်ကို ရှောင်ဂိုဏ်းထဲ သွားခိုင်းမလို့လားဟင်..." သူက အကြည့်ကို အနည်းငယ် မော့လျက် မေးမြန်းလိုက်၏။

"ဟားဟား အဲဒါမဟုတ်ရင် ဘာရှိဦးမှာလဲ" ဟု အဖေဖြစ်သူက ပြန်လည်ဖြေကြား ရင်း သူ့အဖေ အပြုံးတွင် စနောက်လိုသော အရိပ်အယောင်များပေါ်နေသည် ။

လျူကျင်းအနေဖြင့် ရှောင်ဂိုဏ်းအပေါ် မည်သည့် အငြိုးအတေးမျှ မရှိပေ။ သူတို့သည် မိမိအဖေကို ကူညီကြပြီး၊ ရှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးသည်လည်း သူ့အပေါ် အမြဲတစေ ကြင်နာတတ်သူ ဖြစ်သည်။

သို့ရာတွင် တခုတော့ ရှိသည် ။

ထိုအရာမှာ အခြားမဟုတ် ၊ရှောင်ဂိုဏ်းမှ ရှောင်ဖန်းသည် အီးပေါလောကောင် ဖြစ်နေခြင်း ကြောင့်ပင် ဖြစ်သည်။

All Chapters