← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂ - ရှောင်ဂိုဏ်းတော်တွင် ပညာသင်ယူခြင်း

အရှေ့ဘက်ဆိပ်ကမ်းမြို့တွင် နေထိုင်ကြသော ရာသောင်းချီသည့် လူဦးရေထဲတွင် 'ရှောင်ဂိုဏ်း' အကြောင်းကို မသိသောသူဟူ၍ တစ်ဦးမျှမရှိချေ။ မြို့အတွင်းရှိ များပြားလှစွာသော မိသားစုမျိုးနွယ်စုများနှင့် ဂိုဏ်းဂဏများအကြားတွင် ရှောင်ဂိုဏ်းသည် အင်အားအကောင်းဆုံးနှင့် အချမ်းသာဆုံး ဖြစ်ပေသည်။

အရှေ့ဘက်ဆိပ်ကမ်းမြို့တွင် နေထိုင်ကြသော ရာသောင်းချီသည့် လူဦးရေထဲတွင် 'ရှောင်ဂိုဏ်း' အကြောင်းကို မသိသောသူဟူ၍ တစ်ဦးမျှမရှိချေ။ မြို့အတွင်းရှိ များပြားလှစွာသော မိသားစုမျိုးနွယ်စုများနှင့် ဂိုဏ်းဂဏများအကြားတွင် ရှောင်ဂိုဏ်းသည် အင်အားအကောင်းဆုံးနှင့် အချမ်းသာဆုံး ဖြစ်ပေသည်။

သာမန်အခြေအနေမျိုးတွင်မူ လျူကျင်းကဲ့သို့သော သူမျိုးသည် ထိုဂိုဏ်းကို လှမ်းကြည့်ပိုင်ခွင့်ပင် ရှိမည်မဟုတ်ပါ။ သူ၏မိသားစုသည် ဆင်းရဲမွဲတေခြင်းမရှိသော်လည်း ရှောင်ဂိုဏ်းနှင့်ယှဉ်လျှင်မူ သူသည် သူတောင်းစားတစ်ဦးနှင့် မခြားနားလှပေ။

သမားတော်ဝူကဲ့သို့သော ကြွယ်ဝချမ်းသာသူတစ်ဦးပင်လျှင် လမ်းမပေါ်တွင် ရှောင်ဂိုဏ်းသားများ ဖြတ်သန်းသွားသည်ကို မြင်တွေ့ရပါက ဦးညွှတ်အရိုအသေပေးရမည် ဖြစ်သည်။

သို့သော်လည်း ယနေ့နံနက်ခင်းတွင်မူ လျူကျင်းသည် ရှောင်ဂိုဏ်း၏ တံခါးဝသို့ ရဲရဲဝံ့ဝံ့ ချဉ်းကပ်လာခဲ့လေသည်။

၎င်းသည် သူ၏အိမ်ထက်ပင် ပိုမိုမြင့်မားကာ ပိုမိုကျယ်ဝန်းလှသော ဧရာမတံခါးကြီးတစ်ချပ် ဖြစ်၏။ လျူကျင်းသည် အသက် ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦးမျှသာ ရှိသေးသော်လည်း ထိုတံခါးမကြီး၏ ရှေ့တွင် ရပ်တန့်နေသည့် အခိုက်အတန့်တိုင်း၌ အဆင့်အတန်း ကွာဟချက်ကို အထင်အရှား ခံစားသိရှိနေရပေသည်။

ထိုကဲ့သို့သော ကွာဟချက်များ ရှိနေသော်ငြားလည်း ကာကွယ်ရေးတပ်သားများက သူ့ကို ပြုံးရွှင်စွာဖြင့် ဆီးကြိုနှုတ်ဆက်ကြသည်။

“ဟေး..အစောကြီးပါလားကွ"

ဟု အသက်အငယ်ဆုံး တပ်သားက ဆိုသည်။ လျူကျင်းသည် သူ့ကို မှတ်မိ၏။

သူ၏အမည်မှာ 'ရှောင်နန်' ဖြစ်ပြီး လျူကျင်း၏အဖေ မြို့ပြင်သို့ ဆေးဖက်ဝင်အပင်များ သွားရောက်ရှာဖွေ စုဆောင်းရသည့် အခါတိုင်းတွင် အမြဲတစေ လိုက်ပါစောင့်ရှောက်ပေးလေ့ရှိသူ ဖြစ်သည်။

"ဂိုဏ်းချုပ်ကြီးက မင်း ဒီနေ့ ဒီကို လာလိမ့်မယ်လို့ ငါတို့ကို ပြောထားပြီးသားကွ"

"ဟုတ်ကဲ့ပါဗျ.. ကျွန်တော် လျူကျင်း သိုင်းပညာသင်ယူဖို့ ရောက်လာတာပါ ခင်ဗျာ" ဟု သူက လက်နှစ်ဖက်ကို ဆုပ်လျက် အရိုအသေပြုရင်း ပြောလိုက်သည်။

"အော်... ဒီလိုကိုး" ဟု ရှောင်နန်က ဆိုသည်။

"ဒါဆိုရင် နောက်နောင်ကျရင် မင်းကို ညီငယ်လေးလို့ပဲ ခေါ်ရတော့မှာပေါ့။ လာကွာ.၊.ဟေး…တံခါးမကြီးကို ဖွင့်လိုက်ကြစမ်း"

သူ၏အမိန့်သံနှင့်အတူ တံခါးစောင့်များသည် လျူကျင်းကို ကြိုဆိုရန်အတွက် ဧရာမတံခါးကြီးကို လျင်မြန်စွာ တွန်းဖွင့်ပေးလိုက်ကြသည်။ လျူကျင်းကဲ့သို့သော ကောင်ငယ်လေးတစ်ယောက်အတွက် ယခုကဲ့သို့သော ကြိုဆိုမှုမျိုးကို ရရှိရန်မှာ စိတ်ကူး၍ပင် ရနိုင်သောအရာမဟုတ်ပေ။ အနည်းဆုံးတော့ ပြင်ပလူတစ်ဦးက ထိုသို့ပင် ထင်မြင်မိပေလိမ့်မည်။ သို့သော် အမှန်တရားမှာ သူ၏အဖေနှင့် ရှောင်ဂိုဏ်း၏ဂိုဏ်းချုပ်တို့အကြားတွင် ရှိနေသော သံယောဇဉ်အဆက်အသွယ်မှာ အလွန်တရာ ခိုင်မြဲလှခြင်းပင် ဖြစ်သည်။

ဤကိစ္စရပ်အားလုံးသည် လျူကျင်း ကလေးငယ်ဘဝကတည်းက ဖြစ်သည်။ အမှန်ဆိုရလျှင် သူ၏အဖေ အရှေ့ဘက်ဆိပ်ကမ်းမြို့သို့ ပထမဆုံး စတင်ရောက်ရှိလာပြီး တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့်အကြာတွင် စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ရှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးဖြစ်သော 'ရှောင်ကျန်း' တွင် ပြင်းထန်ဆိုးရွားလှသော ရောဂါဝေဒနာတစ်ခု စွဲကပ်ခဲ့ဖူးသည်။ မြို့အတွင်းရှိ နာမည်ကြီး သမားတော်ကြီးများအားလုံးက သူ့ကို ကုသရန် ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြချေ။ သမားတော်ကြီးဝူပင်လျှင် လက်မှိုင်ချခဲ့ရသည်။

သို့သော်လည်း သူ၏အဖေဖြစ်သူ လျူကျန့်ကော်ကမူ ကုသနိုင်ခဲ့ပေသည်။

ရှောင်ဂိုဏ်းဝင်များအနက် မည်သူတစ်ဦးတစ်ယောက်မျှ လျူကျန့်ကော်က လာရောက်ကုသပေးရန် ကမ်းလှမ်းလာစဉ်က သူ့အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား မထားခဲ့ကြပေ။ ဂိုဏ်းချုပ်ကြီးအနေဖြင့် သူ့ကို ကုသခွင့်ပြုခဲ့ခြင်းမှာလည်း ဆုံးရှုံးစရာ ဘာမျှမရှိတော့သည့် အခြေအနေသို့ ရောက်ရှိနေသောကြောင့်သာ ဖြစ်၏။ သူ့ကို လာရောက်ကြည့်ရှုခဲ့ကြသော သမားတော်ကြီးများအားလုံးက သူ၏သက်တမ်းသည် အလွန်ဆုံးရှိလှမှ သုံးနှစ်သာ ကျန်တော့သည်ဟု ခန့်မှန်းခဲ့ကြသည်။ ရှောင်ကျန်းသည် သူကွယ်လွန်သွားပါက ရှောင်ဂိုဏ်းကို မည်သို့ပြင်ဆင်ရမည်ဆိုသည့် အစီအစဉ်များကိုပင် ကြိုတင်ရေးဆွဲနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း သူသည် သေဆုံးမသွားခဲ့ပေ။

မည်သူမျှ မသိရှိကြသော သမားတော်ငယ်လေး လျူကျန့်ကော်သည် ထိုကုသ၍မရနိုင်ဟု သတ်မှတ်ထားသော ရောဂါဆိုးကြီးကို အမြစ်ပြတ် ပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့လေသည်။

ထိုအချိန်မှစ၍ ရှောင်ကျန်းသည် လျူကျန့်ကော်အပေါ် တစ်သက်တာ မမေ့နိုင်သော ကျေးဇူးတရားဖြင့် အစဉ်အမြဲ ကျေးဇူးတင်ရှိနေခဲ့တော့သည်။

ထိုအချိန်မှစ၍ ရှောင်ကျန်းသည် လျူကျန့်ကော်နှင့် သူ၏ဆေးခန်းလုပ်ငန်းကို အကာအကွယ်ပေးခဲ့၏။ ဥပမာအားဖြင့် လျူကျင်းနှင့် သူ၏အဖေ ဆေးဘက်ဝင်အပင်များ စုဆောင်းရန် မြို့ပြင်သို့ ထွက်ခွာသည့် အခါတိုင်းတွင် သူတို့ကို အကာအကွယ်ပေးရန် ရှောင်ဂိုဏ်းဝင်တစ်ဦးကို အမြဲတစေ ထည့်သွင်းစေလွှတ်ပေးခဲ့သည်။

စင်စစ်မှာမူ သမားတော်ဝူကဲ့သို့သော ကြွယ်ဝချမ်းသာပြီး အာဏာရှိသူတစ်ဦးသည် လျူကျန့်ကော်ကဲ့သို့သော နှိမ့်ချစွာနေထိုင်သည့် သမားတော်တစ်ဦးကို တိုက်ခိုက်ရန်အတွက် ကောလာဟလများကိုသာ အားကိုးနေရခြင်းမှာ ရှောင်ကျန်းကြောင့်ပင် ဖြစ်ပေသည်။ သမားတော်ဝူသည် ရှောင်ဂိုဏ်းကို အမျက်ဒေါသထွက်စေမည်ကို စိုးရိမ်သောကြောင့် လျူကျန့်ကော်ကို တိုက်ရိုက်တိုက်ခိုက်ရန် မဝံ့မရဲ ဖြစ်နေခဲ့ရခြင်း ဖြစ်၏။

"ကိုင်း ..ကိုယ်တော်လေး…အခု ဝင်သွားလို့ရပါပြီဗျာ" ဟုတံခါးမကြီးများ အပြည့်အဝ ပွင့်သွားသောအခါ ရှောင်နန်က ပြောလိုက်သည်။

"သခင်လေးက အရှေ့ဘက်ဝင်းထဲမှာ မင်းကို စောင့်နေလိမ့်မယ်..သွား အဲအတိုင်းတန်းတန်းသာ သွားလိုက်"

ထိုစကားကြောင့် လျူကျင်းသည် မျက်မှောင်ကုတ်မိသွားသော်လည်း အထဲသို့ ဆက်လက်လှမ်းဝင်ခဲ့လေသည်။

မှန်ပေသည်၊ ရှောင်ဂိုဏ်းသည် သူတို့မိသားစုအတွက် အလွန်တရာ အဖိုးတန်လှသော မဟာမိတ်များ ဖြစ်သည်မှာ အသေအချာပင် ဖြစ်သည်။ လျူကျင်းနှင့် သူ၏အဖေ 'အဆိပ်စွယ်ချောက်ကမ်းပါး' သို့ ဆေးဖက်ဝင်အပင်များ သွားရောက်စုဆောင်းစဉ်က ရှောင်ဂိုဏ်းသားများက သူတို့ကို ဝိညာဉ်သားရဲများ၏ ဘေးအန္တရာယ်မှ ဘယ်နှစ်ကြိမ်တိုင်တိုင် ကာကွယ်ပေးခဲ့သည်ကို လျူကျင်း ကိုယ်တိုင်ပင် ရေတွက်၍ မရနိုင်တော့ပေ။

သို့သော်လည်း... ထိုအချက်နှင့် ရှောင်ဖန်းက ခပ်တုံးတုံးကောင် ဖြစ်နေသည်ဟူသော ကိစ္စမှာမူ လုံးဝ သီးခြားစီ ဖြစ်နေပေတော့သည်။

"ဟေ့ ..မြန်မြန်လာ မင်း နောက်ကျနေပြီ"

၎င်းသည် ရှောင်ဖန်းက သူ့ကို ပထမဆုံး ပြောလိုက်သည့် စကားဖြစ်ပြီး လျူကျင်းသည် ငယ်ရွယ်သေးသော်လည်း ထိုစကားလုံးများကပင် ယနေ့တစ်နေ့တာလုံး၏ အခြေအနေကို သတ်မှတ်ပေးတော့မည်ဆိုသည်ကို နားလည်လိုက်လေသည်။

ရှောင်ဖန်းသည် လျူကျင်းထက် တစ်နှစ် ပိုကြီးပြီး အရပ်မှာလည်း အနည်းဆုံး ခေါင်းတစ်လုံးစာမျှ ပိုမြင့်သည်။ သူ၌ ရှောင်မျိုးနွယ်စု၏ အမှတ်အသားဖြစ်သော အညိုရောင်ဆံပင်နှင့် မိုးပြာရောင် မျက်ဝန်းများ ရှိ၏။ သူ၏ လက်ရှိအသက်အရွယ်တွင်ပင် သူ ကြီးပြင်းလာပါက ခန့်ညားထည်ဝါသော အမျိုးသားတစ်ဦး ဖြစ်လာလိမ့်မည်ဆိုသည်ကို မည်သူမျှ သံသယမရှိကြချေ။

"ကျွန်တော် နောက်ကျသွားလို့ တောင်းပန်ပါတယ်ဗျ"

ဟုလျူကျင်းက အနည်းငယ် ဦးညွှတ်လျက် ပြောလိုက်သည်။ သူတို့နှစ်ဦးအကြား အသက်ကွာဟချက်မှာ တစ်နှစ်မျှသာ ရှိသည်။ အသက်အရွယ်အရ ဆိုလျှင်မူ သူသည် ရှောင်ဖန်းအပေါ် ယခုမျှအထိ ရိုသေကျိုးနွံနေရန် မလိုအပ်ပေ။ သို့သော်လည်း ရှောင်ဖန်းသည် ရှောင်ဂိုဏ်း၏ အရေးပါသူတဦးဖြစ်ပြီး၊ သူကမူ သာမန်သမားတော်တစ်ဦး၏ သားမျှသာ ဖြစ်သည်။ အဆင့်အတန်း ကွာဟချက်မှာ ယခုထက် ပိုမိုထင်ရှား၍ မရနိုင်တော့ချေ။

ထို့အပြင် လျူကျင်းအနေဖြင့် ဝန်ခံရန် ခက်ခဲသော်လည်း ရှောင်ဖန်း ပြောသည်မှာ မမှားပေ။

သူ တကယ်ပင် နောက်ကျနေခဲ့သည်။

သူသည် ရှောင်ဂိုဏ်းဝင်း၏ တံခါးမကြီးထံသို့ အချိန်မှန် ရောက်ရှိခဲ့သော်လည်း၊ တံခါးမကြီးမှ အရှေ့ဘက်ဝင်းသို့ ရောက်ရှိရန် မည်မျှ အချိန်ယူရမည်ဆိုသည်ကို သူ လျှော့တွက်မိခဲ့ခြင်း ဖြစ်သည်။ ထိုနေရာသို့ ရောက်ရန် သူ့မှာ မိနစ်နှစ်ဆယ်ကျော်မျှ အချိန်ယူခဲ့ရသည်။

အမှန်တကယ်ပင် ရှောင်ဂိုဏ်း၏ အရှိန်အဝါ ကြီးမားပုံမှာ ယခုထက် ပို၍ ထင်ရှားစရာ မရှိတော့ချေ။

"တံခါးဝကနေ ဒီနေရာကို ရောက်ဖို့ ဘယ်လောက် အချိန်ပေးရမလဲဆိုတာ ကျွန်တော် မှားတွက်မိသွားလို့ပါ" ဟု လျူကျင်းက ထပ်လောင်းပြောဆိုလိုက်သည်။

"အင်းလေ... တဲအိမ်အသေးလေးထဲမှာပဲ နေသားကျနေတဲ့သူတစ်ယောက်က ဒီလို အိမ်ကြီးအိမ်ကောင်းတစ်လုံးကို လာတဲ့အခါ အကုန်အဆင်ချောနေလိမ့်မယ်လို့ မျှော်လင့်လို့မရတာတော့အမှန်ပဲပေါ့"

ဟု ရှောင်ဖန်းက သူ၏မေးစေ့ကို ပွတ်ရင်း ပြောလိုက်သည်။

ထိုစကားလုံးများကို သာမန်အတိုင်း ပေါ့ပေါ့ပါးပါး ပြောဆိုသွားသည့် ပုံစံကြောင့် လျူကျင်းတစ်ယောက် မခံချင်စိတ်ကြောင့် အံကြိတ်မိသွားရသည်။

"ကောင်းပြီလေ... ဒီတစ်ကြိမ်တော့ ငါ မင်းကို ခွင့်လွှတ်ပေးလိုက်မယ်၊ ဒါပေမဲ့ နောက်တစ်ခါ ထပ်မဖြစ်စေနဲ့"

"စိတ်ချပါဗျာ နောက်မဖြစ်စေရပါဘူး…ကျွန်တော် ကတိပေးပါတယ်" ဟု လျူကျင်းက ဆိုလိုက်သည်။

ရှောင်ဖန်းကမူ သူ့ကို မယုံကြည်သည့် အကြည့်ဖြင့်သာ စိုက်ကြည့်လိုက်၏။

"ကဲ…ဒီမှာ ဘယ်လို ဘယ်ပုံနေရထိုင်ရမယ်ဆိုတာ ငါ မင်းကို ရှင်းပြမယ်" ရှောင်ဖန်းက လက်ပိုက်လျက် ပြောလိုက်သည်။

" အေးပေါ့လေ မင်းလိုကောင်ကတော့ ... သေချာပေါက် ငါ့အဖေသနားလို့သာ ဒီဝင်းထဲ ခြေချခွင့်ရတဲ့ကောင်မျိုး..၊ ငါ့အဖေရဲ့ သနားကမား ကောင်တွေကို စာနာမေတ္တာထားတဲ့စိတ်ကြောင့်သာ မင်း ဒီမှာ သိုင်းပညာသင်ယူခွင့် ရတာပဲ ..."

ရှောင်ဖန်း ထိုသို့ပြောဆိုနေစဉ် လျူကျင်းအား စိုက်ကြည့်နေသည့် အကြည့်များအရ ဤ သိုင်းပညာသင်ယူခြင်းကိစ္စတွင် ရှောင်ဖန်းသာ ဆုံးဖြတ်ပိုင်ခွင့်ရှိခဲ့လျှင် လျူကျင်းတစ်ယောက် ယခုရပ်နေသည့် နေရာ၌ ရှိနေခွင့်ရလိမ့်မည်မဟုတ်ကြောင်း ထင်ရှားလှပေသည်။

"မင်းကို အပြင်စည်းတပည့်တွေနဲ့အတူ သင်ကြားပြသပေးလိမ့်မယ်။ ဒါပေမဲ့ တစ်ခုတော့ မြဲမြဲမှတ်ထား.. ငါတို့အထဲက အနိမ့်ဆုံးအဆင့်ရှိတဲ့သူတောင်မှ ဒီတံတိုင်းတွေရဲ့အပြင်က မင်းတွေ့ရမယ့် အရောရောအနှောနှော လူပြိန်းတွေထက်အများကြီးသာတယ် "

ရှောင်ဖန်းက စကားပြောရင်း ဥဒေါင်းတစ်ကောင်ကဲ့သို့ သူ၏ရင်ဘတ်ကို မာန်ပါပါ ပင့်မြှောက်လိုက်၏။

"ဒါပေမဲ့ ဒီလိုပြောလိုက်လို့လဲ နားထင်သွေးရောက်မနေနဲ့ဦး.."

ရှောင်ဖန်းက သူ့ကို ခြိမ်းခြောက်အနိုင်ယူရန် ကြိုးစားသည့်အနေဖြင့် အရပ်ကို အတတ်နိုင်ဆုံး ဆန့်တန်းလျက် ပြောလိုက်သည်။

"မင်းက ငါတို့ထဲကတစ်ယောက် မဟုတ်ဘူး၊ တကယ်လည်း မဟုတ်ဘူး။ မင်းက ငါတို့ရဲ့ ဂိုဏ်းတူ ညီနောင်မဟုတ်ဘူး။ မင်း ဘယ်လောက်ပဲ တိုးတက်လာပါစေ အပြင်စည်းတပည့်အဆင့်မှာပဲ ရှိနေဦးမှာ။ ဒါကြောင့် မင်း ကျင့်ကြံထောက်ကူ ဆေးလုံးတွေကို ရခဲ့တောင် နဲနဲပဲ ရလိမ့်မယ်။ ပြီးတော့ မင်း တကယ်ပဲ ကျင့်ကြံနိုင်တဲ့အထိ တိုးတက်လာခဲ့ရင်တောင်မှ ငါတို့ဂိုဏ်းရဲ့ သိုင်းပညာကျင့်စဉ်တွေကို မင်းလက်ထဲ အလွယ်တကူ ထည့်ပေးလိမ့်မယ်လို့ မမျှော်လင့်နဲ့။ အခြားအပြင်စည်းတပည့်တွေလိုပဲ နေ့စဉ်ဝေယျာဝစ္စ အလုပ်ကြမ်းတွေကိုလည်း မင်း ကူညီ ရမယ် .. နားလည်လား"

ရှောင်ဖန်းအနေဖြင့် လျူကျင်းက ထိုစည်းကမ်းချက်များကို ငြင်းပယ်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော် လျူကျင်း၏ ခေါင်းငြိမ့်ပြမှုကြောင့် သူ ချက်ချင်းပင် စိတ်ပျက်သွားရတော့သည်။

"သေချာပေါက်နားလည်ပါတယ်ဗျာ ... ဒီလိုသေချာ သွန်သင်ပေးလို့ ကျွန်တော်လိုကောင်ကသာ ကျေးဇူးတင်ရမှာပါ"

လျူကျင်းသည် စိတ်ကို အတန်တန်ထိန်းကာ ယဥ်ကျေးစွာ အတတ်နိူင်ဆုံးပြောလိုက်သော်လည်း ရှောင်ဖန်း ထပ် မတန်မဆ ပြောလာခဲ့လျှင်မူ သူ့စိတ်သူ အစိုးရနိူင်၊မရနိူင် သူသေချာမသိနိူင်တော့ပေ။ ထိုအခါ သူနှင့် ရန်ဖြစ်ရင်း တခါတည်း အပြင်ရောက်သည်အထိ ကန်ထုတ်ခံရနိူင်သည် ။

သို့ရာတွင် ထိုအဖြစ်မျိုး ဖြစ်မလာခဲ့ပေ။ အကြောင်းမူကား ရှောင်ဖန်းသည် နောက်တစ်ကြိမ် ထပ်မံ၍ မပြောတော့သောကြောင့် ဖြစ်သည် ။

စင်စစ်မူ လျူကျင်း ဤနေရာသို့ ရောက်ရှိနေခြင်းမှာ သူ့အဖေဖြစ်သူ၏ စိုးရိမ်ပူပန်မှုများကို လျှော့ချပေးနိုင်ရန်အတွက် သူ ပိုမိုအင်အားကြီးမားလာဖို့ လိုအပ်သောကြောင့်သာ ဖြစ်သည်။ ထိုအချက်ကလွဲ၍ အခြားမရှိချေ။ ထို့အပြင် ရှောင်ဂိုဏ်းဂိုဏ်းချုပ်ကြီး၏ ကရုဏာတော်ကြောင့်သာ သူသည် ယခုကဲ့သို့ တံတိုင်းများအတွင်း၌ လမ်းလျှောက်ခွင့် ရရှိနေခြင်း ဖြစ်သည်။ မြို့အတွင်းရှိ လူအများအပြားမှာ ယခုကဲ့သို့သော အခွင့်အရေးမျိုး ရရှိရန်အတွက်ဆိုလျှင် သူတို့၏ ညာဘက်လက်မောင်းကိုပင် ဖြတ်တောက်ရန် ဝံ့ရဲကြလိမ့်မည်။ လျူကျင်းသည် ထိုအရာကို နားလည်သည်။ သူ လက်ခံသည်။

သူသည် ထိုစည်းကမ်းချက်များအပေါ် ဒေါသထွက်ခြင်း သို့မဟုတ် စော်ကားခံရသည်ဟု ခံစားရခြင်း မရှိပေ။

ဤကဲ့သို့သော အခွင့်အရေး ရရှိခဲ့သည့်အတွက် သူ ကျေးဇူးတင်မိပါသည်။

လျူကျင်းက ယခုကဲ့သို့ အလွယ်တကူ လက်ခံလိမ့်မည်ဟု မျှော်လင့်မထားခဲ့သဖြင့် ရှောင်ဖန်း မျက်မှောင်ကုတ်သွား ပုံကိုကြည့်ကာ လျူကျင်း အနည်းငယ် ကျေနပ်ပျော်ရွှင်သွားမိ သော်လည်း သူ မပြုံးမိစေရန် သေချာစွာ ထိန်းချုပ်ထားလိုက်၏။

"အေး မင်း ငါ့ဆီကရမယ့် တစ်ခုတည်းသော လမ်းညွှန်မှုကတော့ အပြင်စည်းတပည့်တွေ သိုင်းကျင့်တဲ့နေရာကို လိုက်ပြပေးတာပဲ ဖြစ်လိမ့်မယ်။ ငါတို့က ဂိုဏ်းတူညီနောင်တွေ ဖြစ်လာလိမ့်မယ်လို့ ယောင်ပီးတောင် မတွေးလိုက်နဲ့။ မင်းက ဆင်းရဲတဲ့ သမားတော်တစ်ယောက်ရဲ့ သားပဲ"

လျူကျင်း စိတ်ထိန်းရင်း သူ့လျှာသူ အသာကိုက်ထားလိုက်မိသည်။ တခဏ ကြာမှသာ သူ ပြန်လည်ဖြေကြားလိုက်၏။

"ဟုတ်ကဲ့ပါဗျာ" ဟု သူက သူ၏လေသံကို တည်ငြိမ်အောင် ထိန်းထားလျက် ပြောလိုက်သည်။

ရှောင်ဖန်းက သူ၏နှုတ်ခမ်းကို မကျေမနပ် တကျစ်ကျစ်နှင့် စုပ်သပ်လိုက်၏။ သူသည် လျူကျင်းထံမှ ယခုထက် ပိုမိုပြင်းထန်သော တုံ့ပြန်မှုကို မျှော်လင့်ထားခဲ့သည်မှာ ထင်ရှားလှပေသည်။

"ကောင်းပြီလေ... ငါ့နောက်က လိုက်ခဲ့"

သူ၏ အဖြေကိုပင် စောင့်ဆိုင်းခြင်းမရှိဘဲ ရှောင်ဖန်းသည် ရှေ့မှ လှည့်ထွက်ကာ လျှောက်လှမ်းသွားတော့သည်။ လျူကျင်းသည်လည်း သူ၏နောက်ကွယ်မှ ထပ်ချပ်မကွာ လိုက်ပါခဲ့၏။ ရှောင်ဖန်းသည် လမ်းပြပေးနေသည့် တစ်လျှောက်လုံးတွင် သူ့ကို မသိကျိုးကျွံပြုရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့သည်။

လျူကျင်းကမူ ထိုအချက်ကိုပင် ကျေးဇူးတင်မိနေတော့သည်။

ထို့နောက်ရှောင်ဖန်းသည် လျူကျင်းအား ဝတ်စုံတစ်စုံ ထုတ်ပေးခဲ့သည်။ ၎င်းသည် ရှောင်ဂိုဏ်း၏ တပည့်များအားလုံး ဝတ်ဆင်ကြရသော စံပြ တူညီဝတ်စုံ ဖြစ်၏။ သူရရှိသော ဝတ်စုံတွင်မူ သူ၏အဆင့်အတန်းမှာ အပြင်စည်းတပည့်တစ်ဦး ဖြစ်ကြောင်း ဖော်ပြနေသည့် ရိုးရှင်းသော အပြာရောင် လက်မောင်းပတ်တစ်ခု ပါရှိသည်။ အတွင်းစည်းတပည့်များတွင် အနီရောင် လက်မောင်းပတ် ရှိကြပြီး၊ အမာခံတပည့်များတွင်မူ အဝါရောင် လက်မောင်းပတ် ရှိကြပေသည်။

၎င်းသည် ယခုအချိန်အထိ သူ ပိုင်ဆိုင်ဖူးသမျှထဲတွင် အကောင်းမွန်ဆုံးသော အဝတ်အစား ပင် ဖြစ်တော့သည်။

ရှောင်ဖန်း ပြောခဲ့သကဲ့သို့ သူ၏အဖေမှာ ဆင်းရဲမွဲတေနေခြင်းမျိုးတော့ မဟုတ်ပေ။ သူတို့၏ ကြွယ်ဝချမ်းသာမှုမှာ ရှောင်ဂိုဏ်းနှင့် မည်သို့မျှ နှိုင်းယှဉ်၍မရနိုင်သော်လည်း မိမိဘာသာ ရပ်တည်နိုင်လောက်အောင်တော့ ပြည့်စုံလှပါသည်။ လျူကျင်းအနေဖြင့် သူသည် တစ်ခါဖူးမျှ ဗိုက်ဆာလျက် အိပ်ရာဝင်ခဲ့ရခြင်း မရှိသလို၊ ညသန်းခေါင်ယံအချိန်တွင် အအေးမိ၍ နိုးထခဲ့ရခြင်းမျိုးလည်း မရှိခဲ့ဖူးကြောင်း အပြည့်အဝ အာမခံနိုင်ပေသည်။

သို့သော်လည်း ထိုဝတ်စုံ၏ အရည်အသွေးမှာမူ တပည့်တိုင်းကို ထုတ်ပေးထားသည့် အရာဖြစ်နေလျှင်ပင် အလွန်တရာ ကောင်းမွန်လွန်းနေခြင်း ဖြစ်၏။

၎င်း၏ အထိအတွေ့မှာ ပိုးသားနှင့် ဆင်တူသော်လည်း ပိုးသားမဟုတ်ကြောင်း သူသိသည်။ လျူကျင်းသည် ထိုဝတ်စုံကို ဝတ်ဆင်လျက် တစ်နေ့ကုန် လှုပ်ရှားသွားလာခဲ့ပြီး တောက်ပသော နေရောင်အောက်တွင် သိုင်းကျင့်ခဲ့သော်လည်း ဝတ်စုံမှာ ညစ်ပေခြင်း သို့မဟုတ် ချွေးစိုခြင်း မရှိခဲ့ချေ။ သူ ပထမဆုံး စတင်ဝတ်ဆင်ခဲ့စဉ်ကကဲ့သို့ပင် သန့်ရှင်းလတ်ဆတ်နေဆဲ ဖြစ်သည်။ ၎င်းကို ရှားပါးသော ဝိညာဉ်သားရဲတစ်ကောင်ကောင်၏ အစိတ်အပိုင်းကို အသုံးပြု၍ ချုပ်လုပ်ထားခြင်း ဖြစ်မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

ကလေးငယ် သဘာဝအတိုင်းပင် လျူကျင်းသည် ယခုကဲ့သို့ ကောင်းမွန်သောအရာကို ပိုင်ဆိုင်လိုက်ရသဖြင့် အလွန်တရာ စိတ်လှုပ်ရှားနေမိသည်။ သူ၏ စိတ်ကူးထဲတွင် ဤဝတ်စုံကို အတတ်နိုင်ဆုံး ရေရှည်ဝတ်ဆင်ထားချင်စိတ်များ ဖြစ်ပေါ်နေမိ၏။ သို့သော်လည်း စိတ်မကောင်းစရာမှာ သူသည် ထိုဝတ်စုံကို ရှောင်ဂိုဏ်းဝင်းအတွင်း၌သာ ဝတ်ဆင်ရမည်ဟု ရှောင်ဖန်း၏ အမိန့်ပေးခြင်းကို ခံထားရပြီး ဖြစ်သည်။ အကြောင်းမူကား သူသည် စစ်မှန်သော ဂိုဏ်းဝင်တပည့်တစ်ဦး မဟုတ်သောကြောင့်ဟု ဆိုလေသည် ။

ဤတံတိုင်းများ၏ ပြင်ပတွင် ထိုဝတ်စုံကို ဝတ်ဆင်ခြင်းသည် မိမိကိုယ်ကိုယ် ရှောင်ဂိုဏ်း၏ တပည့်တစ်ဦးဖြစ်ပါသည်ဟု လူတိုင်းကို လိုက်လံပြောဆိုနေခြင်းနှင့် အတူတူပင် ဖြစ်လိမ့်မည်။ အမှန်တကယ်တွင်မူ သူက ထိုသို့တရားဝင်တပည့်မဟုတ်သဖြင့် အပြင်တွင်ဝတ်ခွင့်မရနိူင်ပေ။

လျူကျင်းသည် ဤအချက်ကို လက်ခံလိုက်ရလေသည်... ထိုအချက်က သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်ကိုတော့ သူဝန်ခံရပေမည်။

သို့သော်လည်း သူသည် သင်ခန်းစာများအတွင်း၌ မိမိ၏ စွမ်းဆောင်ရည်ကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားအားထုတ်ခဲ့ပေသည်။ သူသည် လေ့ကျင့်ခန်းတိုင်းကို မပျက်မကွက် ပြီးမြောက်အောင် လုပ်ဆောင်ခဲ့၏။ သူ၏ ခန္ဓာကိုယ်သည် နည်းပြပြသပေးသော သိုင်းကွက်ပုံစံများအတိုင်း လိုက်လံလှုပ်ရှားနေခဲ့ပြီး၊ ပထမတွင် အဆင်မပြေဘဲ ထောက်ကန့်နေခဲ့သော်လည်း နောက်ပိုင်းတွင်မူ ပိုမိုယုံကြည်မှု ရှိလာခဲ့လေသည်။

သင်ကြားမှုအားလုံး အဆုံးသတ်သွားချိန်တွင်မူ သူသည် တစ်ကိုယ်လုံး ချွေးရွှဲလျက် မောပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း သူ၏ တစ်နေ့တာသည် ကုန်ဆုံးသွားခြင်း မရှိသေးပေ။ သူသည် အခြားသော အပြင်စည်းတပည့်များကဲ့သို့ပင် နေ့စဉ် လုပ်ဆောင်ရမည့် ဝေယျာဝစ္စ အလုပ်ကြမ်းများကို ကူညီလုပ်ဆောင်ပေးရဦးမည် ဖြစ်သည်။

"ဟေ့... လူသစ်ကောင်လေး... ဒီကိုလာပြီး ငါတို့ကို သစ်လုံးတွေ သယ်ဖို့ ကူဦး"

မှန်ပေသည်။ သူ၏ တစ်နေ့တာသည် သိုင်းသင်ကြားပြီးရုံနှင့် မပြီးဆုံးသေးချေ။

လျူကျင်းသည် သူ့ကို လှမ်းခေါ်လိုက်သော အဖွဲ့ဆီသို့ လှမ်းကြည့်လိုက်သည်။ သူတို့သည် သူ့ထက် အသက်အနည်းငယ် ပိုကြီးကြသော်လည်း အပြင်စည်းတပည့်များသာ ဖြစ်ကြ၏။ သူ ရောက်ရှိလာပြီးကတည်းက ထိုသူများက သူ့ဘက်သို့ တစ်ကြိမ်ထက်မက လှမ်းကြည့်နေခဲ့သည်ကို သူ သတိပြုမိခဲ့သည်။ သူသည် အချိန်နောက်ကျမှ ရောက်ရှိလာသည့်အပြင် ဂိုဏ်း၏ သခင်လေးကိုယ်တိုင် လိုက်ပါပို့ဆောင်ပေးခြင်းကို ခံခဲ့ရသဖြင့် ၎င်းမှာ ဆန်းကြယ်သောအရာတော့ မဟုတ်ပေ။

သို့သော်ငြားလည်း လျူကျင်းသည် သူတို့ ခိုင်းစေသည့်အတိုင်း လုပ်ဆောင်ခဲ့သည်။ သူသည် အသစ်စက်စက် ရောက်ရှိလာသော တပည့်တစ်ဦးဖြစ်သဖြင့် မည်သည့် ပြဿနာမျှ မဖြစ်ပွားလိုပေ။

"အေး ဟုတ်ပီ" ဟု ထိုအဖွဲ့၏ အရှေ့ဆုံးတွင် ရှိနေသောသူက ဆိုသည်။ လျူကျင်းအနေဖြင့် ထိုသူ၏ နှာခေါင်းမှာ သူ၏ မျက်နှာအချိုးအစားနှင့်ယှဉ်လျှင် အနည်းငယ် ကြီးမားလွန်းနေသည်ကို မသိစိတ်မှ သတိပြုမိလိုက်၏။

"မင်းက လူသစ်ဖြစ်နေတဲ့အတွက်၊ ဒီ အစ်ကိုကြီးက မင်းကို အခြေခံလုပ်ငန်းခွင်အကြောင်း အသေးစိတ် လမ်းညွှန်ပြသပေးမယ်။ ငါက သဘောကောင်းပါတယ်ကွ..ဟားဟား.. မယုံရင် ဒီကောင်တွေမေးကြည့်..ဟေ့ မဟုတ်ဖူးလား ဟေ့ကောင်တွေ"

သူသည် စကားပြောရင်း ရယ်မောလျက် မိမိရင်ဘတ်ကို ပုတ်လိုက်သည်။ သူ၏ အပေါင်းအဖော်များကလည်း အတူတကွ လိုက်လံရယ်မောကြသော်လည်း လျူကျင်းကမူ မရယ်မောခဲ့ချေ။

"ဟေ့ကောင်"

ဟု ထိုတပည့်က မျက်မှောင်ကုတ် စိုက်ကြည့်ရင်း ဆိုသည်။

"မင်းက အလာကြီးပါလား .. အကြီးနဲ့အငယ် ဆက်ဆံရမယ့် အစဥ်အလာတွေ သင်မထားဘူးလား .. အခြေခံယဉ်ကျေးမှုက ဘယ်ရောက်သွားတာလဲ။ မင်းက သခင်လေးနဲ့အတူ ဝင်လာရရုံနဲ့ မင်းလို အတွေ့အကြုံမရှိတဲ့ အညတရက ယဉ်ကျေးမှုကို မေ့လျော့လို့ရပြီလို့ ထင်နေတာလား"

"အာ…အဲလို လုံးဝ မဟုတ်ရပါဘူး"

လျူကျင်း ခေါင်းခါယမ်းလိုက်သည်။

" ကျွန်တော့်လို ငတုံးငအလေးက အစ်ကိုကြီးရဲ့ လမ်းညွှန်မှုအတွက် အရမ်းကျေးဇူးတင်ပါတယ်ဗျာ"

သူ၏ မသိစိတ်ထဲတွင်မူ ရှောင်ဖန်းက သူ့ကို ကိုယ်တိုင်လိုက်ပါ ပို့ဆောင်ပေးခဲ့ခြင်းမှာ ယခုကဲ့သို့သော တုံ့ပြန်မှုမျိုး ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်မလားဟု ပင် တွေးတောမိနေတော့သည်။

"အေး ..ကောင်းပြီ။ ငါက မင်းအပေါ် ဒီလောက် သဘောကောင်းနေတာကို အခွင့်ကောင်းယူပြီး ဘဝင်မြင့်မသွားစေနဲ့"

ဟု ထိုတပည့်က ဆိုသည်။ လျူကျင်းသည် သူ၏စိတ်ထဲတွင် ထိုသူကို လောလောဆယ်တွင် 'နှာခေါင်းကြီး' ဟု အမည်ပေးလိုက်၏။

"ဟုတ်ကဲ့ သေချာတာပေါ့ဗျာ .."

လျူကျင်းက ထိုသို့ပြန်လည်ဖြေကြားလိုက်ရာ သူ၏ အပြုံးမှာ ကြာလေကြာလေ ပိုမို၍ ဟန်ဆောင်မှုဆန်လာခဲ့သည်။ ရှောင်ဖန်း၏ ရှေ့မှောက်တွင် ဟန်ဆောင်ရခြင်းမှာ တစ်ပိုင်းဖြစ်ပြီး သူသည် ထိုအရာကို နေသားကျနေပြီ ဖြစ်သည်။ သူတို့အကြားရှိ အဆင့်အတန်း ကွာဟချက်ကိုလည်းကောင်း၊ ရှောင်ဂိုဏ်းက သူတို့အပေါ် မည်မျှအထိ ကျေးဇူးပြုထားသည်ကိုလည်းကောင်း သူ ကောင်းစွာနားလည်သည်။ ထိုအခြေအနေကို သူ အပျက်စီးမခံနိုင်ပေ။ ရှောင်ဖန်းအနေဖြင့် မိမိအဖေကို စော်ကားပြောဆိုခြင်း မပြုသရွေ့ သူသည် မည်မျှပင် မကျေမနပ်ဖြစ်ပါစေ မိမိ၏ မာနကို မြိုသိပ်ထားနိုင်ပေသည်။

သို့သော်လည်း ယခုလူကမူ...။

မဟုတ်သေးချေ၊ သူ ဤအခြေအနေကို လုံးဝ သဘောမကျပါ။

သို့သော်ငြားလည်း လျူကျင်းသည် အံကို ကြိတ်လျက် အကြည့်ကိုသာ အောက်သို့ ငုံ့ထားလိုက်မိသည်။

အကယ်၍ သူ ဤနေရာတွင် ပြဿနာရှာမိပါက ဂိုဏ်းမှ မောင်းထုတ်ခံရနိုင်ပေသည်။

၎င်း ပြဿနာက မိမိအဖေနှင့် ရှောင်ဂိုဏ်းအကြားရှိ ဆက်ဆံရေးကို ပျက်ပြားသွားစေနိုင်သည့် အလားအလာ ရှိနေသည်။ ရှောင်ဂိုဏ်း၏ အကူအညီမပါဘဲနှင့်မူ သူတို့သည် အဆိပ်စွယ်ချောက်ကမ်းပါးသို့ သွားရောက်ကာ ဆေးဖက်ဝင်အပင်များ စုဆောင်းနိုင်ကြတော့မည် မဟုတ်ချေ။ အဖေဖြစ်သူ၏ စွမ်းအင်စီးဆင်းရာ သွေးကြောမျှင်များ ပျက်စီးနေသဖြင့် မြို့ပြင်သို့ ထွက်ခွာခြင်းကပင် အန္တရာယ်ကြီးမားလှပေသည်။ ထိုသို့ဆိုလျှင် မကြာမီအချိန်အတွင်း အခြားသော သမားတော်များထံသို့ မိမိတို့၏ လူနာများ ပါရှိသွားပေလိမ့်မည်။

"ကိုင်း အခု သေချာနားထောင်စမ်း" ဟု နှာခေါင်းကြီးက ဆိုသည်။

"ငါတို့ တပည့်တွေက ဂိုဏ်းဝင်းအတွင်းက အမျိုးမျိုးသော အလုပ်ဝေယျာဝစ္စတွေကို ကူညီလုပ်ဆောင်ပေးကြရတယ်။ အဲဒီအထဲက တချို့အလုပ်တွေက သိုင်းကျင့်တာနဲ့ပါ တစ်ပါတည်း အကျုံးဝင်တယ်။ ဒီနေ့တော့ ငါတို့ သစ်လုံးတွေကို ဂိုဒေါင်ထဲ သယ်ရမယ်။ မင်းအတွက် ကံကောင်းတာကတော့ ငါတို့က မင်းရဲ့ဝေစုကို သီးသန့်ဖယ်ထားပေးပြီးသားပဲ"

၎င်းသည် အမှန်တရားပင် ဖြစ်သည်။ သူတို့သည် တပည့်တစ်ဦးချင်းစီအတွက် သစ်လုံးများကို ပုံစုအလိုက် ခွဲခြားထားပြီး ဖြစ်သော်လည်း...သူ့အတွက် သစ်ပုံကိုမြင်သောအခါ သူချက်ချင်းပင် စောဒကတက်လိုက်မိသည် ။

" အစ်ကိုကြီးရာ ..." လျူကျင်းက စကားစလိုက်သည်။ "ကျွန်တော့်ရဲ့ သစ်လုံးပုံက အခြားသူတွေထက် ပိုပြီး ကြီးမနေဘူးလားဗျာ ..တချက်လောက် ကြည့်ပေးပါဦး .."

မှန်ပေသည်၊ လျူကျင်းအတွက် သီးသန့်ဖယ်ထားသော သစ်လုံးအရေအတွက်မှာ အခြားတပည့်များ၏ ဝေစုထက် အနည်းဆုံး နှစ်ဆမျှ ပိုမိုများပြားနေခြင်း ဖြစ်၏။

"အင်းလေ... အဲ့တော့ ဘာဖြစ်လဲ" ဟု နှာခေါင်းကြီးက မည်သည့် ရှက်ရွံ့ခြင်း အရိပ်အယောင်မျှမရှိဘဲ ပြန်လည်ဖြေကြားသည်။

"မင်းက အခြားသူတွေထက် နှစ်ဆပိုပြီး ကြိုးစားအားထုတ်မှု မလုပ်ဘူးဆိုရင် ငါတို့အားလုံးကို ဘယ်လိုလုပ်ပြီး အမီလိုက်နိုင်မှာလဲ။ တကယ်တော့ မင်းက ငါ့လိုမျိုး ကြင်နာတတ်တဲ့ အကြီး တစ်ယောက်ကို ရထားတဲ့အတွက် တောင် ကျေးဇူးတင်ရမှာ။ ဟေ့ကောင်တွေ .. ဟုတ်တယ်မဟုတ်လား"

"မှန်တယ် ကိုကြီး.. သေချာတာပေါ့"

"ငါတို့ကိုကြီးက စိတ်သဘောထားကောင်းပြီး ရက်ရောတတ်သူပဲကွ ..မင်းအာမချောင်နဲ့"

"ညီလေးကျင်းက အခုလိုမျိုး စောဒကတက်နေတော့ ကျေးဇူးကန်းရာ ရောက်နေဘီနော်…"

နှာခေါင်းကြီး၏ တဖြည်းဖြည်း သွားကြီးဖြီးလာလေလေ လျူကျင်း၏ မျက်နှာတစ်ခုလုံး ဒေါသကြောင့် နီမြန်းလာစဉ်မှာပင် အသံအသစ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဟေး …ဘာတွေပြောနေကြတာလဲ စိတ်သဘောထားကောင်းတယ် ဟုတ်လား။ အခု ငါမြင်နေတဲ့မြင်ကွင်းက အဲဒီ့ပုံ‌ပေါက်နေတာလာ.."

နှာခေါင်းကြီးသည် ရောက်ရှိလာသူအသစ်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏မျက်နှာတစ်ခုလုံး ချက်ချင်းပင် ဖြူလျော့သွားတော့သည်။ လျူကျင်းသည်လည်း သူ၏အကြည့်အတိုင်း လိုက်လံကြည့်ရှုလိုက်ရာ ရှောင်နန်သည် သူတို့ထံသို့ ပေါ့ပေါ့ပါးပါး လျှောက်လှမ်းလာနေသည်ကို တွေ့ရှိလိုက်ရ၏။

"ငါ မင်းကို မေးခွန်းမေးနေတယ်လေ၊ ပြန်ဖြေလေကွ" ဟု ရှောင်နန်က သူတို့ရှေ့တွင် ရပ်တန့်ရင်း ပြောလိုက်သည်။

"ဘာလဲ.. မင်းနားတွေက ကန်းကုန်လို့လား"

"မ... မဟုတ်ရပါဘူး။ လုံးဝမဟုတ်ရပါဘူး၊ အစ်ကိုကြီး"

နှာခေါင်းကြီးက ခေါင်းငုံ့ဦးညွှတ်လျက် ပြောဆိုလိုက်သည်။ အခြားသူများနှင့်မတူဘဲ ရှောင်နန်သည် သာမန်အပြင်စည်းတပည့်တစ်ဦး မဟုတ်ဘဲ အမာခံတပည့်တစ်ဦး ဖြစ်ပေသည်။ နှာခေါင်းကြီးအနေဖြင့် လျူကျင်းကို အနိုင်ကျင့်ခဲ့သကဲ့သို့ သူ့ကို အနိုင်ကျင့်ရန် မည်သို့မျှ မျှော်လင့်နိုင်မည်မဟုတ်ချေ။

"ကျွန်တော်က လူသစ်စက်စက် လေးဆိုတော့ ဒီတိုင်း နဲနဲပါးပါးသင်ပြ ပေးနေတာပါဗျာ"

"သင်ပြတာ ဟုတ်လား"

ရှောင်နန်က ထပ်ဆင့်ရေရွတ်လိုက်သည်။

"ညီလေးလီ လုပ်နေတာက တကယ်ပဲ သင်ပြနေတာလား ဟိတ်ကောင်တွေပြောစမ်း.."

ချက်ချင်းပင် သူ၏နောက်ကွယ်မှ တပည့်များက ခေါင်းညိတ်ပြကြသည်။

"သူ လိမ်ပြောနေတာ မဟုတ်ပါဘူး" ဟု လျူကျင်းက သူ၏စိတ်ထဲတွင် ခဏမျှ ဝေခွဲမရဖြစ်ပြီးနောက် ဝင်ရောက်ပြောဆိုလိုက်သည်။

"အစ်ကိုကြီးလီက ကျွန်တော် သယ်ဖို့အတွက် အကြီးမားဆုံး သစ်လုံးပုံကိုတောင် သီးသန့်ဖယ်ထားပေးပါသေးတယ်။ ကျွန်တော့်လို လူသစ်တစ်ယောက်အပေါ် ထားရှိတဲ့ သူ့ရဲ့ ကြင်နာမှုကတော့ တကယ်ကို အတိုင်းအဆမရှိ ကြီးမားလှပါတယ်ဗျာ"

"အော်... ဒီလိုကိုး... ဟက် ဒါဆိုလည်း ကောင်းဘီလေ"

ဟု ရှောင်နန်က ပြုံးလျက် ဆိုသည်။ သူက နှာခေါင်းကြီး လီဘက်သို့ လှည့်လိုက်၏။

"ငါ သဘောပေါက်ပီ မင်း သင်ပြလိုတဲ့ စိတ်ကောင်းစေတနာကို ငါ အပြစ်မတင်လိုပါဘူး၊ ဒါပေမဲ့ မင်း သင်ပြတဲ့ပုံစံကိုတော့ ငါ သိပ်ဘဝင်မကျဘူး "

"ဗျာ …အစ်ကိုကြီး...ဘာ..ဘာကို"

"ဟောဒီ ငါ့ညီငယ်လေးကို စိတ်အားထက်သန်လာအောင် လုပ်ချင်တဲ့ မင်းရဲ့ဆန္ဒကိုတော့ ငါနားလည်ပါတယ်" ဟု ရှောင်နန်က လက်ပိုက်ရင်း ဆိုသည်။

"ဒါပေမဲ့ ညီလေးလီတစ်ယောက်တည်းနဲ့ အဲဒီသစ်လုံးတွေအကုန်လုံးကို သယ်ပိုးပြတာကို ကြည့်ရရင် ငါ့ညီငယ်လေးအတွက် ပိုပြီးတော့ စိတ်အားတက်ကြွစရာ မဖြစ်စေဘူးလား"

ထိုစကားလုံးများကို ကြားလိုက်ရသောအခါ နှာခေါင်းကြီး လီ၏မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားတော့သည်။

"ဘယ်လိုလဲဟေ့... အားလုံးကကော ဘာပြောချင်လဲ"

"ကောင်း..ကောင်းပါတယ်ဗျ"

"ဟုတ်..ဟုတ်တယ် ဒါက တကယ်ကို အဓိပ္ပာယ်ရှိတယ်။ အားလုံးထဲမှာ အစ်ကိုကြီးလီက အသန်မာဆုံးပဲဥစ္စာ။ ငါတို့ရဲ့ ညီငယ်လေးသစ်ကို လက်တွေ့ပြသဖို့ သူကလွဲရင် ဘယ်သူရှိဦးမှာလဲ"

"မှန်ပါတယ်၊ အစ်ကိုကြီးရဲ့ အမြော်အမြင်ကို ကျွန်တော်တို့ ဘယ်လိုမှ မငြင်းဆန်ဝံ့ပါဘူး။ အစ်ကိုကြီးက တကယ်တွေးတတ်ပီး အမြော်အမြင်ကြီးတယ်ဗျာ …ကျွန်တော်တို့ထက် အဆပေါင်းများစွာ သာလွန်မြင့်မားပါတယ်ဗျာ"

လွန်ခဲ့သော ခဏကတင် နှာခေါင်းကြီး လီ၏နောက်ကွယ်၌ ယုံကြည်ချက်အပြည့်ရှိနေခဲ့ကြသော တပည့်များသည် ယခုအခါ မိမိတို့ကိုယ်လွတ်ရုန်းရန်အတွက် သူ့ကို ဝိုင်းဝန်းသစ္စာဖောက်လိုက်ကြတော့သည်။ သူတို့၏ တညီတညွတ်တည်း ထောက်ခံမှုနှင့်အတူ ရှောင်နန်၏ ပြုံးရွှင်နေသော မျက်နှာကို ရင်ဆိုင်လိုက်ရသဖြင့် နှာခေါင်းကြီး လီအနေဖြင့် သဘောတူရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

"ဟုတ်ကဲ့ ကောင်းပါဘီ အစ်ကိုကြီး" ဟု နှာခေါင်းကြီးက မျက်နှာအပျက်ပျက်နှင့် ဆိုသည်။

"ကျွန်တော် ဘာတွေတွေးမိသွားလဲ မသိပါဘူးဗျာ။ အစ်ကိုကြီး ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်"

ထိုသို့ဖြင့် သစ်လုံးသယ်သည့် အရေးကိစ္စအားလုံး ပြီးဆုံးသွားခဲ့လေသည်။ နှာခေါင်းကြီး လီသည် အလေးလံဆုံးသော ဝေစုကို မိမိဘာသာ သယ်ပိုးရတော့ပြီး၊ ကျန်ရှိသောသူများမှာလည်း ရှောင်နန်၏ သတိပြုမိခြင်းကို မခံရစေရန်အတွက် အသံတိတ်လျက် မိမိတို့အလုပ်ကိုသာ ဆက်လက်လုပ်ဆောင်ကြတော့သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

လျူကျင်းက အနည်းငယ် ဦးညွှတ်လျက် ပြောဆိုလိုက်ရာ ရှောင်နန်က ပြုံးပြသည်။

"ငါ့ကို ကျေးဇူးတင်နေဖို့ မလိုပါဘူး။ ကိုယ့် ညီငယ်လေးကို စောင့်ရှောက်ဖို့ဆိုတာ အစ်ကိုကြီးတစ်ယောက်ရဲ့ တာဝန်ပဲလေ။ ဒါပါပဲ" ဟု ရှောင်နန်က အရေးမကြီးဟန်ဖြင့် ဆိုသည်။

"အမှန်အတိုင်း ပြောရရင် ဒီလိုမျိုး ကိစ္စတစ်ခုခု ဖြစ်လာလိမ့်မယ်လို့ ငါ စိတ်ထဲက ထင်နေတာနဲ့ ဒီကို လာခဲ့တာ။ သေချာတာပေါ့... ဒါဟာ ရှောင်ဖန်းရဲ့ နောက်ကွယ်က ကြိုးကိုင်မှု တစ်ခုခုကြောင့်ပဲ ဖြစ်ရမယ်"

"ကျွန်တော့်အနေနဲ့ အဲဒီလို ကိစ္စရပ်တွေကို ဝေဖန်ပိုင်းခြားဖို့ မတတ်နိုင်ပါဘူး" လျူကျင်းက ဆိုသည်။

"ဒါပေမဲ့ တကယ်လို ရှောင်ဖန်းက ဒီလိုဖြစ်စေချင်တာဆိုရင် အစ်ကိုကြီးက ကျွန်တော့်ကို အခုလို ကူညီပေးနေတာဟာ တကယ်ပဲ အဆင်ပြေရဲ့လားဟင်"

"ညီငယ်လေးရာ ... ငါက ငါ့ရဲ့ ဝမ်းကွဲညီဆီကနေ အမိန့်နာခံရမယ့် နေ့ရက်ဆိုတာမျိုးက အဝေးကြီး လိုပါသေးတယ်ကွာ" ဟု ရှောင်နန်က လွယ်ကူသော ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုလိုက်ရာ၊ လျူကျင်းတစ်ယောက် အံ့အားသင့်စွာ မျက်ခုံးပင့်မိသွားတော့သည်။

သူသည် ရှောင်နန်က အရေးပါသောသူတစ်ဦး ဖြစ်ကြောင်း သိရှိထားသော်လည်း၊ ယခုအချိန်အထိ သူနှင့် ရှောင်ဖန်းတို့အကြားရှိ တော်စပ်ပုံ ဆက်ဆံရေးကိုမူ လုံးဝ သဘောမပေါက်ခဲ့ချေ။

ထိုသို့ဆိုလျှင်ပင်…

"ရှောင်ဖန်း ပြောတာလည်း... မမှားပါဘူး" လျူကျင်းက ထိုသို့ပြောလိုက်ရာ ရှောင်နန်က သူ့ကို စူးစမ်းလိုသော အကြည့်ဖြင့် စိုက်ကြည့်လာ၏။

"ကျွန်တော်က ရှောင်ဂိုဏ်းရဲ့ စစ်မှန်တဲ့ ဂိုဏ်းဝင်တစ်ဦး မဟုတ်ဘူး။ တရားဝင် တပည့်လည်း မဟုတ်ပါဘူး။ ကျွန်တော်က ကိုယ်တိုင် ကြိုးစားအားထုတ်မှုမရှိပဲ ကရုဏာတော်ကို ခံစားနေရတဲ့သူတစ်ယောက်ပဲ။ လူတွေက အဲဒီအချက်အပေါ် မကျေမနပ်ဖြစ်ကြတာဟာ သဘာဝကျပါတယ်ဗျာ"

"ဟား... ငါ့ညီငယ်လေးက ဒီလိုမျိုး စကားတွေကိုလည်း ပြောတတ်တာပဲပေါ့" ဟု ရှောင်နန်က သူ၏နှုတ်ခမ်းထက်တွင် ထူးဆန်းသော အပြုံးတစ်ခုကို ဆင်မြန်းလျက် ရေရွတ်လိုက်သည်။

"ကောင်းတယ်။ ဒီလိုစကားတတ်တာ တကယ်ကောင်းတယ်။ ဒါဆိုရင်တော့ ငါ့အနေနဲ့ မင်းကို ကူညီခဲ့တာကို လုံးဝ နောင်တရစရာ အကြောင်းမရှိတော့ဘူး"

လျူကျင်း မျက်တောင်ခတ်မိသွားရှာသည်။

"အကိုကြီးဘာကိုဆိုလိုတာလဲဗျ..ကျွန်တော် နားမလည်ဘူး"

"အခုလောလောဆယ်မှာတော့ နားမလည်တာကပဲ အကောင်းဆုံးပါပဲ။ ညီငယ်လေးက ငယ်ရွယ်လွန်းသေးတာပဲဥစ္စာ။ မင်း သင်ယူရမယ့်အရာတွေ အများကြီး ကျန်ပါသေးတယ်"

ထိုသို့ဖြင့် ရှောင်ဂိုဏ်းအတွင်းရှိ လျူကျင်း၏ သိုင်းပညာသင်ကြားခြင်းခရီးစဥ် စတင်ခဲ့လေတော့သည်။

All Chapters