အခန်း ၃
Vol. 1 Ch. 3
အခန်း ၃ - ထူးဆန်းသည့် အဖိုးအို
မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်နှစ်တာ အချိန်ကာလသည် ကုန်လွန်သွားခဲ့ပြီး၊ လျူကျင်း၏ ဘဝသည်လည်း ကြီးမားသော အပြောင်းအလဲများမရှိဘဲ ဆက်လက်လည်ပတ်နေခဲ့သည်။ ရှောင်ဂိုဏ်းတွင် သိုင်းပညာသင်ယူခွင့်ရခြင်းသည် သူ့အတွက် များစွာအကျိုးရှိခဲ့၏။ ယခုအခါတွင်မူ သူသည် မိမိနှင့် သက်တူရွယ်တူ အခြားကလေးငယ်များထက် ပိုမို၍ တည်ငြိမ်ထည်ဝါစွာ လျှောက်လှမ်းနိုင်နေပြီ ဖြစ်သည်။
ဂိုဏ်းဝင်တပည့်တစ်ဦးအနေဖြင့် သူသည် အထူးတလည် ထူးချွန်ပြောင်မြောက်နေခြင်းမျိုး မရှိသလို၊ ညံ့ဖျင်းနေခြင်းလည်း မရှိချေ။ သူ့ကို ပျှမ်းမျှအဆင့်ရှိသူတစ်ဦးဟု ခေါ်ဆိုလျှင် မှားမည်မဟုတ်ပေ။
သို့သော်ငြားလည်း အနိမ့်ဆုံးအဆင့်ရှိ တပည့်များထဲက ဖြစ်နေလျှင်ပင် ရှောင်ဂိုဏ်း၏ ပျှမ်းမျှအဆင့်ရှိ တပည့်တစ်ဦး ဖြစ်ရခြင်းသည်ပင် ကြီးမားသော အောင်မြင်မှုတစ်ခုဟု ဆိုနိုင်ပေသည်။ အစပိုင်းတွင်မူ သူသည် အခြားတပည့်များနှင့် အဆင်မပြေမှုအချို့ ရှိခဲ့သော်လည်း၊ နောက်ပိုင်းတွင်မူ သူတို့သည် သူ့အပေါ် တဖြည်းဖြည်းနှင့် နေသားကျသွားခဲ့ကြသည်။
ရှောင်နန်၏ တည်ရှိမှုကပင် မကောင်းသောအကြံအစည်ရှိသူများအတွက် ပြင်းထန်သော ဟန့်တားမှုတစ်ခု ဖြစ်စေခဲ့၏။
ထို့အပြင် လျူကျင်း ရောက်ရှိလာပြီး တစ်လအကြာတွင် နှာခေါင်းကြီး လီတစ်ယောက် အတွင်းစည်းတပည့်အဖြစ် ရာထူးတိုးမြှင့်ခံရခြင်းကလည်း အခြေအနေကို ပိုမိုကောင်းမွန်စေခဲ့သည်။ ထိုတပည့်အနေဖြင့် လျူကျင်းကဲ့သို့ နိမ့်ပါးသော အဆင့်အတန်းရှိသူတစ်ဦးကို အာရုံစိုက် နှောင့်ယှက်နေရန် အချိန်မရှိတော့ချေ။ ကျန်ရှိသော တပည့်များကို လှုံ့ဆော်မည့်သူ မရှိတော့သဖြင့် လျူကျင်းအပေါ် ထားရှိကြသော မကောင်းသော စိတ်ခံစားချက်များမှာ ပိုမို၍ လျော့ပါးသွားခဲ့တော့သည်။
သို့သော်လည်း ရှောင်ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်နေခြင်းသည်သာ လျူကျင်း ဘဝ၏ အလုံးစုံတော့ မဟုတ်ပေ။
အကြောင်းမူကား သူသည် အခြားသူများကဲ့သို့ ဂိုဏ်းအတွင်း၌ အချိန်ပြည့် နေထိုင်ရသော တပည့်တစ်ဦး မဟုတ်သောကြောင့် ဖြစ်၏။ သူသည် အဖေဖြစ်သူနှင့်အတူ ဆက်လက်နေထိုင်ဆဲ ဖြစ်သည်။ ၎င်းမှာ သူ၏အဖေနှင့် ရှောင်ကျန်းတို့အကြားရှိ ခိုင်မြဲသော သံယောဇဉ် ချစ်ကြည်ရေးကြောင့်သာ ရရှိနိုင်သော အထူးအခွင့်အရေး ဖြစ်ပေသည်။
လျူကျင်းသည် သူ၏ တစ်နေ့တာ တာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးနောက် ဆေးခန်းတွင် အဖေဖြစ်သူကို ကူညီပေးလေ့ရှိသည်။ အချို့သော ရက်များတွင်မူ သူသည် ရှောင်ဂိုဏ်းဝင်းသို့ လုံးဝ သွားရောက်ခြင်းမရှိဘဲ အဖေဖြစ်သူနှင့်အတူ နေထိုင်ကာ ဆေးပညာများကို သင်ယူရင်း ကူညီလုပ်ဆောင်ပေးတတ်သည်။
ယနေ့သည် ထိုကဲ့သို့သော ရက်မျိုးထဲမှ တစ်ရက် ဖြစ်ပေသည်။
"အာ... မြို့ပြင်က လေကတော့ လူကို တခါတည်း လန်းဆန်းသွားစေတာပဲကွာ " ဟု ရှောင်နန်က သူ၏ လက်မောင်းများကို ဦးခေါင်းထက်သို့ ဆန့်တန်းလျက် ပြောလိုက်သည်။
"အမှန်ပဲ အကိုကြီး ၊ မြို့ထဲကလို ပိတ်လှောင်တဲ့ခံစားချက်မျိုး မရှိဘူးဗျ" ဟု လျူကျင်းက ရှောင်နန်၏ စကားကို ပြန်လည် တုံ့ပြန်ပြောဆိုလိုက်၏။
သူတို့နှစ်ဦးသည် မြို့ပြင်သို့ ရောက်ရှိနေကြပြီဖြစ်ပြီး မြို့နှင့် ပိုမိုဝေးကွာသော နေရာသို့ လျှောက်လှမ်းနေကြခြင်း ဖြစ်သည်။ အဖေဖြစ်သူကို ကူညီခြင်းဆိုသည်မှာ များသောအားဖြင့် ဆေးခန်းအတွင်း၌သာ နေထိုင်ပြီး လူနာများကို ကုသပေးခြင်းကို ဆိုလိုသော်လည်း၊ ယခုကဲ့သို့သော ရက်မျိုးလည်း ရှိတတ်ပေသည်။ ထိုရက်များသည် လျူကျင်းအနေဖြင့် ဆေးဖက်ဝင်အပင်များကို ရှာဖွေစုဆောင်းရန်အတွက် မြို့ပြင်သို့ ထွက်ခွာခွင့်ရသည့် ရက်များ ဖြစ်ပေတော့သည်။
သူ့အဖေကဲ့သို့ ပြန်လည်ကုသ၍ မရနိုင်တော့လောက်အောင် သိုင်းပညာစီးဆင်းရာ သွေးကြောမျှင်များ ပျက်စီးနေသော သမားတော်တစ်ဦးအတွက်မူ ဆေးဖက်ဝင်အပင်များ ရှာဖွေစုဆောင်းခြင်းသည် အသက်သွေးကြောမျှပင် ဖြစ်၏။ လျူကျင်းသည် သူ မှတ်မိသည့် အချိန်ကတည်းက အဖေဖြစ်သူနှင့်အတူ ဆေးမြစ်ဆေးပင်များ ရှာဖွေရန် လိုက်ပါခဲ့ဖူးသည်။ လျူကျင်းသည် အသက်အရွယ် ငယ်ရွယ်သေးသော်လည်း အဖေဖြစ်သူ အသုံးပြုသည့် ဆေးဖက်ဝင်အပင်အများစုကို ကောင်းစွာ ခွဲခြားသိမြင်နေပြီ ဖြစ်သည်။
ထိုအကြောင်းရင်းကြောင့်ပင် လျူကျင်းအနေဖြင့် ရှောင်ဂိုဏ်းမှ အစောင့်အရှောက်တစ်ဦး လိုက်ပါလာမည်ဆိုပါက အဖေဖြစ်သူ မပါဘဲနှင့်ပင် မြို့ပြင်သို့ သွားရောက်ခွင့်ကို သူ့အဖေက စတင်ခွင့်ပြုခဲ့ခြင်း ဖြစ်ပေသည်။
ယခုတစ်ကြိမ်တွင်မူ အစောင့်အရှောက်အဖြစ် လိုက်ပါလာသူမှာ ရှောင်နန်ဖြစ်ပြီး၊ နောက်ပိုင်းတွင် သူတို့နှစ်ဦး တတွဲတွဲဖြစ်လာသည်။ လျူကျင်းတစ်ယောက် ရှောင်ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်လာကတည်းက ရှောင်နန်သည် သူတို့၏ ဆေးခန်းအနီးအနားသို့ ပိုမို၍ မကြာခဏ ရောက်ရှိလာတတ်သည်။
"ညီငယ်လေးရာ... မင်းကတော့ ဒီပုံတိုင်းဆို မဟုတ်သေးပါဘူး ကွာ " ဟု ရှောင်နန်က ရုတ်တရက် ပြောဆိုလိုက်ရာ လျူကျင်းတစ်ယောက် မျက်တောင်ခတ်လျက် အံ့အားသင့်သွားရသည်။
"ဘာကိုလဲခင်ဗျာ..."
"မင်းက အဲဒီလောက်အထိ စကားနည်းနေရင် မိန်းကလေးတွေကြားထဲမှာ ရေပန်းစားမှာ မဟုတ်ဘူးကွ"
ရှောင်နန်က သူ၏ အချက်ကို အလေးအနက်ထားပြသည့်အနေဖြင့် လက်ညှိုးတစ်ချောင်းကို ထောင်ပြရင်း ရှင်းပြသည်။
"ဒီမယ် မင်းက ငယ်သေးတယ်ဆိုတာကို ငါသိပါတယ်၊ ဒါပေမဲ့ ဒီလိုမျိုး ကိစ္စရပ်တွေဆိုတာ စောစောစီးစီး စဉ်းစားထားရင်လဲ ဘာမှမမှားဘူးကွ ..။ ကျင့်ကြံခြင်းက အရေးကြီးသလိုပဲ၊ မိန်းကလေးတွေကြားထဲမှာ ကိုယ့်ရဲ့ နာမည်ဂုဏ်သတင်းကို ကျင့်ကြံပျိုးထောင်ဖို့ကလည်း အရေးကြီးတယ်ကွ.."
လောကရှိ ကျင့်ကြံသူများ၏ တစ်ဝက်ကို သက်ပြင်းချစေပြီး ကျန်တစ်ဝက်ကို ပြုံးရယ်စေမည့် ထိုစကားလုံးများကို ကြားလိုက်ရသောအခါ လျူကျင်းအနေဖြင့် ထိုလူငယ်ကို ကြောင်တောင်တောင်နှင့် ငေးစိုက်ကြည့်နေရုံမှတစ်ပါး အခြားမတတ်နိုင်တော့ချေ။
"မိန်းကလေးတွေက တကယ်ပဲ အဲဒီလောက်အထိ အရေးကြီးလို့လားဟင်" ဟုလျူကျင်းက မေးမြန်းလိုက်သည်။
ရှောင်ဂိုဏ်းအတွင်း၌ မိန်းမငယ် တပည့်သားများ ရှိနေသော်လည်း လျူကျင်းအနေဖြင့် သူတို့နှင့် ကြီးကြီးမားမား ထိတွေ့ဆက်ဆံဖူးခြင်းမျိုး မမှတ်မိချေ။ အမှန်တကယ်တော့ သူ၏အဖေ ဆေးခန်းသို့ ပုံမှန်လာရောက်တတ်ကြသော အဘွားအိုကြီးများသာလျှင် သူ နေ့စဉ်နှင့်အမျှ ထိတွေ့ဆက်ဆံရသော အမျိုးသမီးများ ဖြစ်ကြသည်။
ရှောင်နန်က ခေါင်းကို ခပ်သွက်သွက် ညိတ်ပြလိုက်သည်။
"သေချာတာပေါ့ ညီငယ်လေးရဲ့။ ယောက်ျားတစ်ယောက် အတွက် ကြင်နာယုယတတ်တဲ့ မိန်းကလေးတွေက မရှိမဖြစ် လိုအပ်ချက်ပဲ။ ငါတို့ရဲ့ ဂိုဏ်းချုပ်ကြီးမှာတောင် ဇနီးသည် အများကြီး ရှိတယ်ဆိုတာ မင်းသိတယ်မလား။ အကို ကိုယ်တိုင်ကတော့သိပ်အများကြီး မမှန်းပါဘူး... အနည်းဆုံး နှစ်ယောက်လောက်တော့ ရည်မှန်းထားတာပေါ့"
အပြင်လူတစ်ဦးအတွက်မူ သူ၏စကားများသည် ဝါကြွားလွန်းသည်ဟု ထင်မှတ်ရပေလိမ့်မည်။ သို့သော်လည်း ရှောင်ဂိုဏ်း၏ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးအနေဖြင့်မူ ထိုပန်းတိုင်မှာ သူ၏လက်တစ်ကမ်းအတွင်း၌သာ ရှိနေပေသည်။ ရှောင်နန်သည် ရုပ်ရည်ချောမောရုံသာမက ချမ်းသာကြွယ်ဝသော အနွယ်ဝင်မိသားစုမှ အားကောင်းသည့် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည်။ ထို့အပြင် ဇနီးတစ်ယောက်ထက်မက ယူဆောင်ခြင်းအပေါ် တားမြစ်ထားသည့် စစ်မှန်သော ဥပဒေမျိုးလည်း မရှိချေ။
အကယ်၍ သင်သည် အိမ်ထောင်ဖက်တစ်ဦးထက်မကကို လုပ်ကျွေးပြုစုနိုင်လောက်အောင် ချမ်းသာကြွယ်ဝပါက အိမ်ထောင်ဖက် အများအပြား ရှိနိုင်ပေသည်။ ၎င်းမှာ ဤလောကကြီး လည်ပတ်နေသည့် ပုံစံပင် ဖြစ်၏။
"ဟင်.. အစ်ကိုကြီး လို လူကတောင် နှစ်ယောက်ပဲ ယူမယ်စိတ်ကူးထားတာလား .. ဟူး..ကျွန်တော့်အတွက်ကတော့ ဇနီးတစ်ယောက် ရှာတွေ့ဖို့တောင် အခွင့်အရေးရှိမယ် မထင်ပါဘူး ဗျာ…"
လျူကျင်းက မိမိ၏ ကောင်းကွက်များကို ရှောင်နန်နှင့် စိတ်ထဲတွင် နှိုင်းယှဉ်တွက်ချက်ကြည့်လိုက်ရာ အဘက်ဘက်က လိုအပ်ချက်များစွာ ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။ ရုပ်ရည်၊ အရည်အချင်း၊ စွမ်းအားနှင့် ချမ်းသာကြွယ်ဝမှု အပိုင်းတို့တွင် သူသည် မည်သို့မျှ နှိုင်းယှဉ်နိုင်စွမ်း မရှိချေ။
"ဟာကွာ ..ငါ့ ညီငယ်လေးက ကိုယ်ကိုယ့်ကို အထင်သေးပြန်ပြီ" ဟု ရှောင်နန်က သူ၏ လက်ညှိုးကို လှုပ်ခါရင်း ပြန်လည်တုံ့ပြန်သည်။
"မင်းမှာ နောင်တစ်ချိန်မှာ မိန်းကလေးတွေ သဘောကျနှစ်သက်လာမယ့် အရည်အသွေးကောင်းတွေ အများကြီး ရှိပါတယ်ကွာ"
"ဟမ် ဘာတွေလဲဟင်..." လျူကျင်းက သူ၏ခေါင်းကို ဘေးသို့ စောင်းလျက် မေးမြန်းလိုက်ပေတော့သတည်း။
"ပထမဆုံးအနေနဲ့ မင်းက သမားတော်တစ်ယောက်ရဲ့ သားဖြစ်နေလို့ပဲ ညီငယ်လေး" ဟု ရှောင်နန်က အချက်အလက်တစ်ခုကို လက်တွေ့ကျကျ ပြောပြသည့်နှိုင်းဖြင့် ဆိုသည်။
"ပြီးတော့ သာမန်သမားတော်လည်း မဟုတ်ဘူး။ အခြားသူတွေ ဘာပဲပြောပြော ဒီမြို့မှာ အတော်ဆုံး သမားတော်ရဲ့ သားလေ။ ဒါဟာ ဘယ်လိုမှ လျစ်လျူရှုထားလို့ရတဲ့ အရာမဟုတ်ဘူးကွ…"
"ဒါပေမယ့်ဗျာ ..ကျွန်တော့်အဖေရဲ့ အောင်မြင်မှုတွေက ကျွန်တော့်ရဲ့ အောင်မြင်မှုတွေ မဟုတ်ပါဘူး" လျူကျင်းက ပြန်လည်ဖြေကြားလိုက်သည်။
သို့သော်ငြားလည်း သူ၏မျက်နှာထက်တွင်မူ ကြီးမားသောအပြုံးတစ်ခု ဆင်မြန်းလျက် ရှိနေ၏။ သူသည် လူများက မိမိအဖေကို ချီးမွမ်းပြောဆိုကြလျှင် သဘောကျတတ်သည်။ ၎င်းမှာ ရှောင်နန်နှင့် ပေါင်းဖြစ်သည့် အချက်များထဲတွင် သူအနှစ်သက်ဆုံးအရာလည်း ဖြစ်ပေသည်။ အချို့သောသူများသည် မိမိအဖေနှင့် သမားတော်ဝူတို့အကြား မည်သူ့ဘက်မှ ရပ်တည်ရမည်ကို ဝေခွဲမရဖြစ်နေကြသော်လည်း၊ ရှောင်နန်ကမူ သူ၏ရပ်တည်ချက်ကို အခြားသူများအား အသိပေးရန် မည်သည့်အခါမျှ ဝန်လေးခဲ့ခြင်းမရှိချေ။
"အေး အခုလောလောဆယ်မှာတော့ မင်းပြောတာက သဘာဝကျတယ် ..ဒါပေမဲ့ ငါအထင်မမှားဘူးဆိုရင် ငါ့ညီက မင်းအဖေရဲ့ခြေရာကို လိုက်နင်းဖို့ စီစဉ်ထားတာ မဟုတ်လား။ အဲဒီလိုမဟုတ်ဘူးလား"
လျူကျင်း ခေါင်းညိတ်ပြလိုက်သည်။ သူသည် ထိုအချက်ကို မည်သည့်အခါမျှ လျှို့ဝှက်မထားခဲ့ဖူးချေ။ မိမိအဖေကဲ့သို့ သမားတော်တစ်ဦး ဖြစ်လာရေးမှာ သူ၏အကြီးမားဆုံးသော ဆန္ဒပင် ဖြစ်သည်။
"ကဲ…ကြည့်ပါလား မင်းအဖေလိုမျိုး တော်တဲ့ ထက်မြက်တဲ့ သမားကောင်းတယောက်လုံး ရှိနေတာပဲ၊ ညီငယ်လေးကိုယ်တိုင်လည်း အထင်ကရ သမားတော်ကြီးတစ်ယောက် ဖြစ်မလာဘဲ နေပါ့မလား" ဟု ရှောင်နန်က ဆိုသည်။
"ဒါက ဘယ်လိုမှ မဖြစ်လာစရာအကြောင်းမရှိတဲ့ ကိစ္စပဲကွ .. ကလေးတစ်ယောက်တောင် ဒါကို အလွယ်တကူ တွေးမိနိုင်တာပဲဥစ္စာ"
ရှောင်နန်၏ ဝေဖန်ပိုင်းခြားပြချက်နှင့် ရင်ဆိုင်လိုက်ရသောအခါ လျူကျင်းအနေဖြင့် ခေါင်းညိတ်ရန်သာ တတ်နိုင်တော့သည်။
"မင်းပဲ စဥ်းစားကြည့် အချိန်တွေ ဘယ်လောက်ပဲ ကုန်လွန်သွားပါစေ၊ လူတွေကတော့ အမြဲတမ်း ဖျားနာနေကြဦးမှာပဲ။ ဒါဟာ ဘယ်လိုမှ ရှောင်လွှဲလို့မရတဲ့ အမှန်တရားတစ်ခုပဲလေ။ ဒါကြောင့်မို့လို့ သမားတော်တွေဆိုတာ ဘယ်နေရာမှာမဆို အမြဲတမ်း ကြိုဆိုခြင်းခံကြရတယ်။ သမားတော်တစ်ယောက်နဲ့ လက်ထပ်ချင်ကြတဲ့ မိန်းမချောမိန်းမလှလေး တွေဆိုတာလည်း ဒုနဲ့ဒေးပဲကွ"
သူသည် ထိုသို့ပြောဆိုရင်း သူ့ကိုယ်သူ အပြည့်အဝ ထောက်ခံသည့်အနေဖြင့် ခေါင်းကို ညိတ်လိုက်သေးသည်။
"ဒါ့အပြင်..." ရှောင်နန်က ဆက်လက်ဖြည့်စွက်သည်။
"ငါမြင်ရသလောက်တော့ ညီငယ်လေးရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း အရှိန်အဟုန်နဲ့ တိုးတက်နေတာပဲဟာ၊ သန်မာတဲ့သူတွေက ရေပန်းစားတတ်ကြတာဟာ လောကရဲ့ ဓမ္မတာပဲလေ"
"အစ်ကိုကြီးရာ... ကျွန်တော်က အခြေခံအုတ်မြစ်အဆင့်မှာပဲ ရှိပါသေးတယ်ဗျာ" လျူကျင်းက ပြန်လည်ဖြေကြားသည်။
"ဒါက ရေးကြီးခွင်ကျယ် ပြောရမယ့် အဆင့်မဟုတ်ပါဘူးဗျာ…"
လောကရှိ လူသားအားလုံးသည် ကျင့်စဉ်စွမ်းအားကို အသုံးပြုနိုင်ကြသည်ဟု ဆိုစေဦးတော့၊ သူတို့အားလုံးသည် တူညီသော အဆင့်အတန်းတွင် ရှိနေကြသည်ဟု တွေးတောခြင်းမှာ အဓိပ္ပာယ်မဲ့လှပေသည်။ စင်စစ်မှာမူ မတူညီသော ကျင့်ကြံခြင်း နယ်ပယ်အဆင့်ဆင့် တည်ရှိနေခြင်းဖြစ်ပြီး၊ တစ်ဆင့်နှင့်တစ်ဆင့်အကြားတွင် စွမ်းအားကွာဟချက်မှာ နက်ရှိုင်းလှသော ချောက်ကံပါးကြီးသဖွယ် ရှိနေ၏။ ကျင့်ကြံခြင်း နယ်ပယ်အဆင့် တစ်ဆင့်မျှသာ ကွာခြားခြင်းသည်ပင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသည်ဟု ဆိုနိုင်ပေသည်။
ထို့အပြင် ကျင့်ကြံခြင်း နယ်ပယ်အဆင့်တစ်ခုစီ၌ အဆင့်ကိုးဆင့်စီ ရှိကြပြန်သဖြင့် ကျင့်ကြံသူနှစ်ဦးသည် တူညီသော နယ်ပယ်အဆင့်အတွင်း ရှိနေကြလျှင်ပင် သူတို့သည် တန်းတူညီမျှဖြစ်ရန် မလိုအပ်ချေ။ အမှန်စင်စစ်အားဖြင့် ကျင့်ကြံသူတစ်ဦးသည် ပိုမိုမြင့်မားသော ကျင့်ကြံခြင်း နယ်ပယ်အဆင့်များသို့ ရောက်ရှိလေလေ၊ ထိုအဆင့်များအကြားရှိ ကွာဟချက်မှာ ပိုမို၍ ကြီးမားလာလေလေ ဖြစ်သည်။
လျူကျင်း ရောက်ရှိနေသော အခြေခံအုတ်မြစ်အဆင့်မှာ ကျင့်ကြံခြင်း နယ်ပယ်အဆင့်အားလုံးတွင် အနိမ့်ဆုံးအဆင့် ဖြစ်၏။ သို့ဖြစ်ရာ အသက်ရှစ်နှစ်အရွယ်မျှသာ ရှိသေးသော လျူကျင်းအနေဖြင့် ထိုအဆင့်တွင် ရှိနေခြင်းမှာ သဘာဝကျလှပေသည်။
"အေး မှန်တယ်" ဟု ရှောင်နန်က ခေါင်းညိတ်လျက် ဆိုသည်။
"မင်းက နွေဦးရှစ်ခါပြောင်းတာကို မမြင်တွေ့ရခင်မှာတင် အခြေခံအုတ်မြစ်အဆင့်ကို ကျော်ဖြတ်နိုင်စွမ်းရှိတဲ့ ပါရမီရှင်မျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းက အခုကတည်းက အခြေတည်မှု ဆဋ္ဌမအဆင့်ကို ရောက်နေပြီလေ။ မင်း ဂိုဏ်းဝင်တပည့်ဖြစ်လာကတည်းက တိုးတက်လာမှုကတော့ အသိအမှတ်ပြုလောက်ပါတယ်။ တကယ်လို့ မင်း ဒီအတိုင်းသာ ဆက်လက်ကြိုးစားသွားမယ်ဆိုရင် အလွန်ဆုံး နှစ်နှစ်အတွင်းမှာပဲ အခြေခံအုတ်မြစ်အဆင့်ကို ကျော်ဖြတ်ပြီး အတွင်းအားစုစည်းခြင်း အဆင့်ကို ရောက်ရှိသွားလိမ့်မယ်"
"ဒါက တကယ်ပဲ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်မှာမို့လို့လားဟင်" လျူကျင်းက သူ၏ခေါင်းကို ဘေးသို့စောင်းလျက် မေးမြန်းလိုက်သည်။
"အသက်ဆယ်နှစ်မပြည့်ခင် မှာ အတွင်းအားစုစည်းခြင်း အဆင့်ကို ရောက်ရှိနိုင်တာဟာ ရှောင်ဂိုဏ်းထဲမှာတော့ ထူးဆန်းတဲ့အရာ မဟုတ်ပါဘူး"
အတွင်းအားစုစည်းခြင်း အဆင့် မှာ ဒုတိယမြောက် ကျင့်ကြံခြင်း နယ်ပယ်အဆင့် ဖြစ်သည်။ ၎င်းမှာ အောက်ခြေမှရေတွက်လျှင် ဒုတိယမြောက် အနိမ့်ဆုံးအဆင့်ဖြစ်သဖြင့် လူသားတို့အနေဖြင့် မိမိတို့၏ သက်တမ်းအတွင်း ထိုအဆင့်သို့ ရောက်ရှိရန်မှာ သာမန်မျှသာမက မျှော်မှန်းထားပြီးသားအရာလည်း ဖြစ်ပေသည်။ အမှန်တကယ်ပင် အတွင်းအားစုစည်းခြင်း အဆင့်သို့ မရောက်ရှိသေးသော အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦးသည် လှောင်ပြောင်ခြင်း ခံရရန်သာ ထိုက်တန်ပေလိမ့်မည်။
သို့သော်လည်း ရှောင်ဂိုဏ်း၏ စံနှုန်းများမှာ ထိုထက်မက ပိုမိုမြင့်မားလှ၏။ နွေဦးတစ်ဆယ့်နှစ်ခါကို မမြင်တွေ့ရခင်အထိ အတွင်းအားစုစည်းခြင်း အဆင့်သို့ မရောက်ရှိနိုင်သူတစ်ဦးသည် အညံ့ဖျင်းဆုံးသောသူများထဲက အညံ့ဖျင်းဆုံးသူ ဖြစ်ပေသည်။ လူအများစုမှာ အသက်ဆယ်နှစ်အရွယ်တွင် ထိုအဆင့်သို့ ရောက်ရှိကြသည်။
ရှောင်နန်အတွက်မူ သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အခြေခံအုတ်မြစ်အဆင့်နှင့် အတွင်းအားစုစည်းခြင်း အဆင့်တို့ကို ကျော်ဖြတ်ခဲ့ပြီးဖြစ်ကြောင်း ပြောနေရန်ပင် မလိုအပ်ချေ။
"ရှောင်ဂိုဏ်းဆိုတာ ရှောင်ဂိုဏ်းပဲလေ ..သူ့သတ်မှတ်ချက်နဲ့့သူ မင်းအဆင့်ကို သတ်မှတ်သွားမှာပဲ ..အဲ မြို့ထဲကလူတွေရဲ့ အမြင်ကျတော့ မတူတော့ဘူးလေ" ဟု ရှောင်နန်က ပြန်လည်ဖြေကြားသည်။
"တစ်နေရာမှာ သာမန်လို့ သတ်မှတ်ထားတဲ့အရာက အခြားတစ်နေရာမှာတော့ ထူးခြားပြောင်မြောက်တဲ့အရာ ဖြစ်သွားနိုင်တယ်။ ညီငယ်လေးရဲ့ အောင်မြင်မှုတွေက ရှောင်ဂိုဏ်းထဲမှာ သာမန်လို့ ထင်ရပေမဲ့၊ အရှေ့ဘက်ဆိပ်ကမ်းမြို့ရဲ့ သာမန်မြို့သူမြို့သားတွေရဲ့ စံနှုန်းနဲ့ တိုင်းတာမယ်ဆိုရင်တော့ သေချာပေါက် ချီးကျူးလောက်စရာ ဖြစ်နေပြီကွ"
တစ်စိမ်းတစ်ဦးအဖို့မူ ရှောင်နန်၏ စကားများသည် နောက်တစ်ကြိမ် ထပ်မံ၍ ဝါကြွားစော်ကားရာ ရောက်သည်ဟု ထင်မှတ်ရပေလိမ့်မည်။ သို့သော်လည်း ၎င်းမှာ ငြင်းပယ်၍မရသော ရိုးရှင်းလှသည့် အမှန်တရားသာ ဖြစ်၏။ ရှောင်ဂိုဏ်းသည် ဤမြို့အတွင်း၌ အင်အားအကြီးမားဆုံး ဂိုဏ်း ဖြစ်ပေသည်။ ထိုရှုထောင့်မှ ကြည့်မည်ဆိုပါက ရှောင်ဂိုဏ်းအတွင်းရှိ အနိမ့်ဆုံးအဆင့် တပည့်များ၏ စံနှုန်းကို မှီအောင် လိုက်နိုင်သော လျူကျင်းသည် သေချာပေါက် ချီးကျူးဂုဏ်ပြုခြင်း ခံရရန် ထိုက်တန်ပေသည်။
လျူကျင်းအနေဖြင့် ရှောင်နန်၏ စကားများထဲတွင် အပြစ်ရှာစရာ မတွေ့ရှိသော်လည်း၊ ယခုကဲ့သို့ အလွယ်တကူ ချီးမွမ်းခြင်း ခံလိုက်ရသဖြင့် စိတ်ထဲတွင် အနည်းငယ် အနေရခက်သလို ခံစားလိုက်ရသည်။ ထို့ကြောင့် ကလေးငယ်သည် ပြန်လည်တုံ့ပြန်ပြောဆိုခြင်းမှ ရှောင်လွှဲရန်အတွက် သူတို့ အမြဲတစေ ဆေးဖက်ဝင်အပင်များ ရှာဖွေနေကျ နေရာနှင့်လည်း နီးကပ်နေပြီဖြစ်ရာ အရှေ့တည့်တည့်သို့သာ အကြည့်ကို တည်ငြိမ်စွာ ပို့ထားလိုက်တော့သည်။
ရုတ်တရက် လျူကျင်း မျက်မှောင်ကုတ်သွား၏။
"အစ် အစ်ကိုကြီး... ဟို.ဟိုမှာ."
"အေး ငါလဲ မြင်တယ် ညီငယ်လေး" ဟု ရှောင်နန်က ပြန်လည်ဖြေကြားသည်။ လွန်ခဲ့သော ခဏက ရှိနေခဲ့သော သူ၏ ပေါ့ပေါ့ပါးပါး အမူအရာများမှာ ယခုအခါ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"မြန်မြန်... ငါ့နောက်က လိုက်ခဲ့"
ရှောင်နန်သည် အရှိန်အဟုန်ဖြင့် ပြေးထွက်သွားရာ လျူကျင်းသည်လည်း သူ၏နောက်ကွယ်မှ ထပ်ချပ်မကွာ လိုက်ပါသွားတော့သည်။ သူတို့နှင့် မီတာ ၅၀ ခန့်အကွာရှိ မြေပြင်ပေါ်တွင် အဖိုးအိုတစ်ဦးသတိလစ်မေ့မြောလျက် လဲကျနေသည်ကို တွေ့ရှိရ၏။ ရှောင်နန်သည် ထိုလူ၏ထံသို့ ပထမဆုံး ရောက်ရှိသွားသည်။ ထိုသူမှာ မှောက်လျက်သား လဲကျနေခြင်းဖြစ်သဖြင့် ရှောင်နန်က သူ့ကို ပက်လက်အနေအထားဖြစ်အောင် ဂရုတစိုက် လှန်ပေးလိုက်၏။ ထိုသူဝတ်ဆင်ထားသော ဝတ်ရုံများမှာ ညစ်ပေနေပြီး၊ သူ၏ ညာဘက်လက်သီးကိုမူ ခန္ဓာကိုယ်ဘေးတွင် တင်းကြပ်စွာ ဆုပ်ကိုင်ထားလျက် ရှိသည်။
လျူကျင်း အနားသို့ တိုးကပ်ကြည့်လိုက်သောအခါ ထိုသူသည် အလွန်အမင်း အသက်ကြီးရင့်နေသော အဖိုးအိုတစ်ဦး ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူ၏ဆံပင်များမှာ ဆွတ်ဆွတ်ဖြူနေပြီး ရှည်လျားကာ ပါးလွှာသော မုတ်ဆိတ်မွေးလည်း ရှိ၏။ သူ၏ အရေပြားမှာ သွေးဆုတ်ဖြူလျော်နေပြီး မျက်နှာတစ်ခုလုံးတွင်လည်း ချွေးစေးများ စီးကျနေသည်။ ဤအဖိုးအိုသည် ဆေးကုသမှု အရေးပေါ်လိုအပ်နေသည်မှာ လျူကျင်း၏ စိတ်ထဲတွင် သံသယဖြစ်ဖွယ် မရှိပေ။
"ဟေး ရပ်လိုက်စမ်း"
လျူကျင်းက ထိုအဖိုးအို၏ အသက်ရှူနှုန်းနှင့် သွေးခုန်နှုန်းတို့ကို စစ်ဆေးရန် အပြုတွင် ရှောင်နန်က အော်ဟစ်တားဆီးလိုက်သည်။ လျူကျင်းသည် ဇဝေဇဝါဖြစ်သွားကာ မျက်ဝန်းများ ပြူးကျယ်သွားရတော့၏။
"ညီငယ်လေး..."
ရှောင်နန်က လေးနက်တည်ကြည်သော လေသံဖြင့် ဆိုသည်။
"ဒီအဖိုးအိုကို ငါက အရင်ဆုံး သွားကိုင်လိုက်လို့ မင်းအနေနဲ့ အမြင်လွဲသွားတာဟာ သဘာဝကျပါတယ်။ ဒါပေမဲ့ မင်း သူ့ကို သေသေချာချာ စူးစိုက်ကြည့်စေချင်တယ်"
လျူကျင်းအနေဖြင့် မည်သည့်အရာကို ဆိုလိုသည်ကို နားမလည်သေးသော်လည်း၊ မျက်မှောင်ကို ကုတ်လျက် ရှောင်နန် ညွှန်ကြားသည့်အတိုင်း အဖိုးအိုကို သေသေချာချာ စူးစိုက်ကြည့်ရှုလိုက်လေသည်။
ယခုအခါ မိမိက တစ်စုံတစ်ခုကို ရှာဖွေကြည့်ရှုရမည်ကို သိရှိသွားပြီဖြစ်ရာ၊ လျူကျင်းသည် ထိုထူးဆန်းသော အချက်ကို ချက်ချင်းပင် သတိပြုမိသွားခဲ့တော့သည်။
အဖိုးအို၏ ခန္ဓာကိုယ်ထံမှ ဖျော့တော့သော ရေငွေ့တိမ်တိုက်တစ်ခုသည် အပေါ်သို့ လွင့်ပျံတက်နေ၏။ မဟုတ်သေးချေ၊ ထိုမျှတင်မကသေးပါ။ သူ လဲကျနေခဲ့သော မြေပြင်သည်ပင်လျှင် တစ်စိတ်တစ်ပိုင်း အရည်ပျော်လုနီးပါး ဖြစ်နေခဲ့သည်။ ယခုအခါ လျူကျင်းသည် သူ၏ အစဦး အံ့အားသင့်မှုကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်ရာ၊ မိမိတို့ပတ်ဝန်းကျင်ရှိ လေထုသည် ယခင်ကထက် မည်မျှအထိ ပူပြင်းနေသည်ကို ခံစားသိရှိလိုက်ရတော့သည်။
အမှန်တရားမှာ သူ၏ရှေ့မှောက်တွင် ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။ တစ်စုံတစ်ခုသော အကြောင်းအရင်းကြောင့် ထိုအဖိုးအို၏ ခန္ဓာကိုယ်သည် သဘာဝထက်လွန်ကဲစွာ ပူပြင်းနေခြင်း ဖြစ်၏။ ၎င်းမှာ သူ၏ခန္ဓာကိုယ်အတွင်း၌ မီးဖိုကြီးတစ်ခု တောက်လောင်နေသကဲ့သို့ပင် ရှိနေတော့သည်။
"ဟမ် …ဘယ်လိုဖြစ်လို့ပါလိမ့်..." သူ၏ဦးနှောက်က ရှေ့မှောက်ရှိ မြင်ကွင်းကို အပြည့်အဝ မတွက်ချက်နိုင်သေးမီမှာပင် ထိုစကားလုံးသည် လျူကျင်း၏ နှုတ်ဖျားမှ လွတ်ခနဲ ထွက်ပေါ်သွားခဲ့သည်။
"ငါကတော့ ညီငယ်လေး သိမှာပဲလို့ထင်လိုက်တာ " ဟု ရှောင်နန်က ဆိုသည်။
"ဒီလိုလေ ..သူ့ကို ထိလိုက်မိကတည်းက အကို ဒါကို သတိထားမိလိုက်တာ။ သူ့ ခန္ဓာကိုယ်အပူချိန်က အရမ်းကြီးမြင့်လွန်းနေတာယုတ္တိမကျဘူး .. သူ့ကို ပွေ့ချီထားရတာ အကို့အတွက်တောင် အဆင်မပြေချင်ဘူး။ အကို့ထက်ပိုပြီး အားနည်းတဲ့သူတစ်ယောက်သာဆိုရင် ဒီလူကို တို့ထိလိုက်ရုံနဲ့တင် မီးလောင်သွားလိမ့်မယ်"
"သတိပေးလို့ကျေးဇူးတင်ပါတယ် အကိုကြီးရာ " လျူကျင်းက ရှောင်နန်၏ လုပ်ဆောင်ချက်နောက်ကွယ်မှ အကြောင်းအရင်းကို ယခုအခါ နားလည်သွားပြီဖြစ်သဖြင့် ပြောဆိုလိုက်သည်။
"တကယ်လို့ အစ်ကိုကြီးသာ ကျွန်တော့်ကို ကြိုသတိမပေးရင် ကျွန်တော် သေချာပေါက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမှာ"
ထိုသို့ ပြောဆိုခြင်းသည်ပင် အခြေအနေကို လျှော့ပေါ့ပြောရာ ရောက်ပေသေးသည်။ ရှောင်နန်နှင့် လျူကျင်းအကြားရှိ စွမ်းအားကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှ၏။ အကယ်၍ လျူကျင်းသာ ထိုလူကို တို့ထိမိခဲ့ပါက၊ သူ၏ လက်ခြေအင်္ဂါတစ်ခုခု ဆုံးရှုံးရုံမျှဖြင့်တင် ကံကောင်းသည်ဟု ဆိုရပေလိမ့်မည်။
"ဒါပေမဲ့ ကျွန်တော် ဒီလိုမျိုး ပုံစံနဲ့ လူနာမျိုး တစ်ခါမှ မမြင်ဖူးဘူး ဗျ ..ထူးဆန်းလိုက်တာ"
သူ၏အဖေသည် သူ့ကို အရာများစွာ သင်ကြားပေးခဲ့ဖူးသည်။ သူ၏ အရွယ်ငယ်ရွယ်မှုနှင့် မလိုက်ဖက်အောင်ပင် လျူကျင်း၏ ဆေးပညာဗဟုသုတမှာ သေချာပေါက် သမားတော်တစ်ဦးထက်မကကို အံ့အားသင့်စေနိုင်သောအရာ ဖြစ်၏။ ယခုကတည်းက သူသည် ဆေးဖက်ဝင်အပင် အမျိုးအစားများစွာကို ခွဲခြားသိမြင်နိုင်နေပြီဖြစ်ပြီး ၎င်းတို့၏ အသုံးဝင်ပုံများကိုလည်း အလွတ်မှတ်မိနေခဲ့ပြီ ဖြစ်သည်။ သူ၏အဖေသည် သူ့ကို ဆေးလုံးများနှင့် ဆေးဝါးများ ဖော်စပ်ပုံကိုပင် သင်ကြားပြသပေးခဲ့ဖူးသေးသည်။
"လောကကြီးဆိုတာ မင်းရဲ့ စိတ်ကူးစိတ်သန်းတွေ နားလည်နိုင်စွမ်းထက် ပိုပြီးတော့ ကျယ်ပြောလှတယ် သားရဲ့"
ဟု သူ၏အဖေက တစ်ကြိမ်တွင် သူ့ကို ပြောဆိုခဲ့ဖူး၏။
"ဒါကတော့ သား ကြိုမျှော်လင့်ထားရမယ့် အရာပဲ။ မင်းက အရှေ့ဘက်ဆိပ်ကမ်းမြို့နဲ့ သူ့ရဲ့ ပတ်ဝန်းကျင်ဒေသတွေကိုပဲ သိရှိထားတာကိုး။ ဒါပေမဲ့ အပြင်လောကမှာ ဒီထက်မက အများကြီး ရှိပါသေးတယ်။ ဒီလောကကြီးထဲမှာ လူတွေကို ကျောက်တုံးအဖြစ် ပြောင်းလဲပစ်နိုင်တဲ့ ရောဂါဝေဒနာတွေနဲ့ သားရဲ့ ချီစွမ်းအင်ကိုပါ ခဲသွားစေနိုင်တဲ့ အဆိပ်အတောက်တွေ ရှိတတ်ကြတယ်။ အခု အဖေပြောမယ့်စကားက အတ္တဆန်တယ်လို့ ထင်ရပေမဲ့၊ သးအနေနဲ့ အဲဒီလို အရာမျိုးတွေနဲ့ ဘယ်တော့မှ မရင်ဆိုင်ရပါစေနဲ့လို့ အဖ ဆုတောင်းပါတယ်ကွာ"
ထိုစဉ်အခါကမူ သူသည် အဖေဖြစ်သူအနေဖြင့် အချက်တစ်ခုကို လေးနက်စေရန်အတွက် ပုံကြီးချဲ့ပြောဆိုနေခြင်းသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့မိသည်။ သို့သော်လည်း ယခုအခါ ခန္ဓာကိုယ်အတွင်းပိုင်းမှ ဆူပွက်တောက်လောင်နေပုံရသော အဖိုးအိုကို ကြည့်ရင်း၊ အဖေဖြစ်သူ၏ စကားများသည် အမှန်တရားမှတစ်ပါး အခြားမဟုတ်ကြောင်း လျူကျင်း သဘောပေါက်လိုက်ရတော့သည်။
"ဒီအတိုင်းကြီးကြည့်နေလို့တော့မရလောက်ဘူး ကွ … တစ်ခုခုမလုပ်ပေးရင် သူ ဘယ်လိုမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး" ဟု ရှောင်နန်က အဖိုးအိုကို ကြည့်ရင်း ဆိုသည်။
"ငါ သူ့ကို မြို့ထဲကို ပွေ့ချီခေါ်သွားဖို့ ကြိုးစားကြည့်လို့ရပေမဲ့၊ သူ့ လက်ရှိခန္ဓာကိုယ်အခြေအနေနဲ့ ခရီးဒဏ်ကို ခံနိုင်ရည်ရှိပါ့မလားဆိုတာ ငါမသေချာဘူး.."
လျူကျင်း၏ စိတ်ထဲတွင် အတွေးပေါင်းစုံ သောင်းကျန်းစွာ ဖြတ်သန်းပြေးလွှားနေခဲ့သည်။ သူတို့အနေဖြင့် ဤအဖိုးအိုအတွက် အသေအချာ တစ်စုံတစ်ခု လုပ်ဆောင်ပေးနိုင်သည်မဟုတ်လော။ သို့မဟုတ်ပါက အဖေဖြစ်သူကို ဤနေရာသို့ လာရောက်ခေါ်ဆောင်ပေးရန် ကြိုးစားသင့်သည် လော။
ရှောင်နန်၏ အရှိန်အဟုန်ဖြင့်ဆိုလျှင် ထိုသို့လုပ်ဆောင်ရန် သေချာပေါက် လုံလောက်မြန်ဆန်လှပေသည်၊ သို့မဟုတ်လျှင်လည်း...။
ထူးဆန်းသော အနံ့တစ်မျိုးက လျူကျင်း၏ နှာခေါင်းဝသို့ ပျံ့လွင့်ရောက်ရှိလာသဖြင့် သူ မျက်မှောင်ကုတ်သွားမိ၏။ သူ၏ စိတ်ကူးထဲတွင် အတွေးတခု စတင်ပုံဖော်လာခဲ့သည်။
"အစ်ကိုကြီး... ကျွန်တော့်ကို သူ့လက်သီးကို ဖြန့်ပြရ ပေးလို့ရမလားဟင်" ဟု သူက အဖိုးအို၏ ဆုပ်ကုံးထားသော လက်သီးကို ညွှန်ပြရင်း ရှောင်နန်ကို တောင်းဆိုလိုက်သည်။ ရှောင်နန်က သူ့ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သော်လည်း သူတောင်းဆိုသည့်အတိုင်း လုပ်ဆောင်ပေးခဲ့၏။
ထိုအခါ အဖိုးအို၏ လက်ဖဝါးအတွင်းမှ ပြာအချို့သည် မြေပြင်ပေါ်သို့ ကြွေလွင့်ကျဆင်းသွားခဲ့သည်။
ထိုပြာစများမှာ ထူးဆန်းစွာပင် နီရဲ ပူခြစ်နေသော သော ပြာမှုန့်စများ ဖြစ်သည်။
အမှန်စင်စစ်အားဖြင့် အဖိုးအို၏ ပတ်ဝန်းကျင်တွင် ရဲရဲနီနေသော ပြာမှုန်များစွာ ရှိနေခြင်း ဖြစ်သည်။
လျူကျင်းသည် အဖိုးအို၏ ခန္ဓာကိုယ်ပတ်ပတ်လည်ကို ကြည့်ရင်း မျက်တောင်ခတ်မိသွားသည်။ ထို့နောက် သူတို့နှင့် တစ်မီတာခန့်အကွာတွင် သူ ရှာဖွေနေသောအရာကို တွေ့ရှိသွားခဲ့တော့၏။
ထိုအရာမှာ အခြားမဟုတ် ။ နီရဲသော ဝိညာဉ်မြက်ပင်ဖြစ်သည် ။
၎င်း အပင်သည် သူ ယနေ့ ဤနေရာသို့ လာရောက်စုဆောင်းရမည့် ဆေးဖက်ဝင်အပင်များထဲမှ တစ်ခု ဖြစ်ပေသည်။ အဘက်ဘက်က သုံးသပ်ရလျှင် နီရဲသော ဝိညာဉ်မြက်ပင်ဆိုသည်မှာ အလွန်တရာ အတွေ့ရများသော ဆေးပင်တစ်မျိုး ဖြစ်၏။
အဘိုးအို အဘွားအိုများအကြားတွင်လည်း များစွာရေပန်းစားလှပေသည်၊ အကြောင်းမူကား ၎င်းကို ရေနွေးဖြင့် ကျိုချက်၍ သောက်သုံးပါက အဆစ်အမြစ် ကိုက်ခဲနာကျင်ခြင်းဝေဒနာများကို သက်သာပျောက်ကင်းစေနိုင်သည့် အထူးအဖျော်ယမကာတစ်မျိုးကို ရရှိနိုင်သောကြောင့် ဖြစ်သည်။
သို့သော်လည်း ၎င်း၏ အသုံးဝင်ပုံမှာ ထိုမျှတင်သာ မကသေးချေ။
နီရဲသော ဝိညာဉ်မြက်ပင်သည် ဆေးဖက်ဝင်အပင်များထဲတွင် ထူးခြားသော ဂုဏ်သတ္တိတစ်ခုကို ပိုင်ဆိုင်ထားပေသည်။ ၎င်းမှာ လူနည်းစုသာလျှင် သိရှိထားကြသောအချက် ဖြစ်ကြောင်း အဖေဖြစ်သူက သူ့ကို ပြောပြခဲ့ဖူး၏။ တစ်စုံတစ်ခုသော ရှားပါးဒြပ်စင်များနှင့် ထိတွေ့မိသောအခါ ၎င်းသည် ပြင်းထန်လှသော ဓာတ်ပြုမှုများကို ဖြစ်ပေါ်စေပြီး မိမိ၏ မူလဂုဏ်သတ္တိများကို လုံးဝဥဿုံ ပြောင်းလဲပစ်တတ်ပေသည်။
ဤအဖိုးအိုသည် နီရဲသော ဝိညာဉ်မြက်ပင်ကို ရရှိရန်အတွက် လှမ်းကိုင်ရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ လျူကျင်း ထိုအချက်ကို မြင်တွေ့လိုက်ရပြီ ဖြစ်၏။
သို့သော်လည်း သူသည် မြက်ပင်တစ်ပင်ကို ဆုပ်ကိုင်မိပြီးချင်းမှာပင် ချက်ချင်း သတိလစ်မေ့မြောသွားခဲ့ပုံရသည်။ သူ၏လက်ထဲရှိ နီရဲသော ဝိညာဉ်မြက်ပင်မှာ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး၊ သူ မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင်မူ သူ၏ ပတ်ဝန်းကျင်အနီးအနားရှိ နီရဲသော ဝိညာဉ်မြက်ပင်များအားလုံးကိုပါ လောင်ကျွမ်းပြာကျသွားစေခဲ့တော့သည်။
၎င်းသည် မတော်တဆဖြစ်ရပ်တစ်ခုလော၊ သို့မဟုတ် နောက်ဆုံးအချိန် အသည်းအသန် ကြိုးပမ်းအားထုတ်မှုတစ်ခုလော၊ သို့မဟုတ်ပါက ဤအဖိုးအိုသည် မိမိဘာလုပ်နေသည်ကို အမှန်တကယ်ပင် ကောင်းစွာသိရှိနေခဲ့ခြင်းလော ဆိုသည်ကတော့ မေးခွန်းထုတ်စရာဖြစ်နေသည်။
"အစ်ကိုကြီး... အားနာနာနဲ့ပဲ ထပ်တောင်းဆိုပါရစေ၊ ဒီအဖိုးအိုရဲ့ ကိုယ်ပေါ်မှာ အခြား ဆေးဖက်ဝင်အပင်တွေ ပါလာသေးလားဆိုတာကို ရှာဖွေစစ်ဆေးပေးလို့ ရမလားခင်ဗျာ"
"ဟေ..မင်း သူ့ကို ကုသဖို့ နည်းလမ်းတစ်ခုခု စဉ်းစားမိသွားလို့လား"
ထိုမေးခွန်း ထွက်ပေါ်လာစဉ်မှာပင် ရှောင်နန်သည် ပူပြင်းလှသော အပူရှိန်ကြောင့် ဖြစ်ပေါ်လာသည့် မည်သည့် မသက်မသာဖြစ်မှုကိုမျှ ဂရုမစိုက်ဘဲ အဖိုးအို၏ ဝတ်ရုံအတွင်း၌ အရေးကြီးသောအရာ တစ်စုံတစ်ခု ရှိမရှိကို စတင်ရှာဖွေနေခဲ့ပြီ ဖြစ်သည်။
"ဒါကတော့ ကျွန်တော် အသေအချာတော့ မပြောရဲသေးပါဘူး" ဟုလျူကျင်းက ခေါင်းခါယမ်းလျက် ပြန်လည်ဖြေကြားလိုက်၏။
“တခုတွေ့ဘီကွ ဒါဘာပါလိမ့်... ဟက်ဟက် တကယ်ကို စိတ်ဝင်စားဖို့ကောင်းလာပြီပဲ" ဟု ရှောင်နန်က ရိုးရှင်းသော အိတ်ငယ်တစ်လုံးကို မြှောက်ပြရင်း ဆိုသည်။
"ဟမ် ..အိတ်အသေးလေးလားဟင်..." ဟု လျူကျင်းက ဇဝေဇဝါဖြစ်စွာဖြင့် မေးမြန်းလိုက်၏။
၎င်းမှာ အထူးတလည် သတိပြုစရာ အရိပ်အယောင်မျိုး မရှိချေ။ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦး၏ လက်ဖဝါးအတွင်း၌ သက်တောင့်သက်သာ ထည့်သွင်းနိုင်သော ရိုးရှင်းသည့် သားရေအိတ်ငယ်လေးမျှသာ ဖြစ်သည်။ ကြည့်ရသည်မှာ ဟောင်းနွမ်းညစ်ပေနေခဲ့ပြီ ဖြစ်၏။
"ညီငယ်လေး အဲဒီလို ထင်တာ မဆန်းပါဘူးကွာ။ သိုလှောင်အိတ်လို ရှားပါးတဲ့ရတနာတစ်ခုဆိုတာ နေ့တိုင်း မြင်တွေ့နိုင်တဲ့အရာမျိုးမှ မဟုတ်ဘဲ"
ထိုစကားကို ကြားလိုက်ရသောအခါ လျူကျင်း၏ မျက်ဝန်းများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရတော့သည်။
သိုလှောင်အိတ်။
သူ၏အဖေသည် ထိုအရာများအကြောင်းကို တစ်ကြိမ်နှစ်ကြိမ်မျှ ပြောပြဖူးခဲ့သည်။ ၎င်းတို့သည် ရှားပါးပြီး အလွန်တရာ အဖိုးတန်လှသောအရာများ ဖြစ်ကြပြီး၊ ရိုးရိုးရှင်းရှင်း ပြောရလျှင် ၎င်းတို့၏ အပြင်ဘက် ပုံသဏ္ဌာန်ထက် အတွင်းပိုင်းအကျယ်အဝန်းက အဆပေါင်းများစွာ ပိုမိုကြီးမားနေခြင်း ဖြစ်၏။
လူတစ်ဦးအနေဖြင့် ထိုအရာအချို့၏ အတွင်း၌ အိမ်တစ်အိမ်လုံးကိုပင် ထည့်သွင်းသိုလှောင်ထားနိုင်ပြီး၊ ထိုသို့ ထည့်သွင်းပြီးလျှင်ပင် နေရာလွတ်များစွာ ကျန်ရှိနေဦးမည် ဖြစ်သည်။
လျူကျင်းတစ်ယောက် ထိုအချက်အလက်ကို စိတ်ထဲ၌ တွေးတောဆင်ခြင်နေဆဲမှာပင် ရှောင်နန်က အိတ်ငယ်ကို ဖွင့်လှစ်ကာ အတွင်းသို့ လက်လှမ်းနှိုက်လိုက်သည်။ ရှောင်နန်၏ လက်မောင်းတစ်ခုလုံး ထိုသေးငယ်လှသောအိတ်ငယ်အတွင်းသို့ ပျောက်ကွယ်သွားသည်ကို လျူကျင်းတစ်ယောက် အံ့ဩမှင်သက်စွာဖြင့် ငေးစိုက်ကြည့်နေမိတော့သည်။
"ဒီလောက်အထိ ကျယ်ပြောလှတဲ့ နေရာလွတ်ကြီးထဲမှာ သူ သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကို ဘယ်လိုမျိုး ရှာဖွေရတာလဲဟင်" လျူကျင်းက သိချင်ဇောဖြင့်မေးမြန်းလိုက်သည်။
"မင်း တွေးထားသလောက် မရှုပ်ထွေးပါဘူးကွာ။ ရှောင်ဂိုဏ်းမှာလည်း ဒီလိုမျိုး အရာတွေ တော်တော်များများ ရှိပါတယ်။ များသောအားဖြင့်တော့ ပစ္စည်းအမျိုးအမည် ၁၀ ခုကနေ ၁၀၀ အထိပဲ ဆံ့ကြတာများပါတယ်" ဟု ရှောင်နန်က ပြန်လည်ဖြေကြားသည်။
"မင်း သိမ်းဆည်းထားတဲ့ ပစ္စည်းကို စိတ်ထဲကနေ ရည်ရွယ်တွေးတောလိုက်ရုံနဲ့တင် ပြန်ထုတ်လို့ရပြီလေ။ ဒါကြောင့်မို့လို့ သူခိုးတွေအနေနဲ့ ပစ္စည်းတွေကို နှိုက်ယူဖို့ တော်တော်လေး ခက်ခဲကြတာပေါ့"
ရှောင်နန်သည် အိတ်ငယ်အတွင်းမှ မျိုးစေ့တစ်စေ့ကို ဆွဲထုတ်လိုက်ရင်း အသံပြုလိုက်၏။
"ဒါပေမဲ့ အခုလောလောဆယ်မှာတော့ ငါတို့အတွက်လည်း အဲဒီလိုပဲ ခက်ခဲနေတာပေါ့လေ" ဟု သူက ဆက်လက်ပြောဆိုရင်း ထိုမျိုးစေ့ကို လျူကျင်းအား ပြသလိုက်ရာ၊ လျူကျင်းက သူလဲမသိဘူး ဟူသော သဘောဖြင့် ခေါင်းကို အမြန်ခါယမ်းပြလိုက်သည်။
"ငါက စိတ်ထဲမှာ ဆေးဖက်ဝင်အပင်တွေနဲ့ သစ်ပင်ပန်းမန်တွေကိုပဲ အာရုံစိုက်နေတာ၊ ဒါက ဘာ အပင်ရဲ့မျိုးစေ့လဲငါလဲတွေးမရဘူး ဖြစ်နေတယ် .. ညီငယ်လေး... မင်း စိတ်ထဲမှာ သီးသန့်တွေးထားတဲ့ ဆေးပင်တစ်မျိုးမျိုး ရှိလား"
"ကျွန်တော်လဲမသိဘူးဖြစ်နေတယ် ကိုကြီးရာ ဒါပေမဲ့ ကျွန်တော် အဲဒီဆေးပင်ကို မြင်လိုက်ရရင်တော့ ချက်ချင်း သိမှာပါ" ဟု လျူကျင်းက အနည်းငယ် စိတ်မကောင်းစွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
"ဒါဆိုရင်တော့ ငါတို့ အဲဒါကို မကြာခင် ရှာတွေ့ဖို့ပဲ မျှော်လင့်ရတော့မှာပေါ့"
ထိုစကားနှင့်အတူ ရှောင်နန်သည် အိတ်အတွင်းသို့ ပြန်လည်ရှာဖွေတော့သည်။ သူသည် မျိုးစေ့များစွာနှင့် ဆေးဖက်ဝင်အပင်များစွာကို ဆွဲထုတ်ပြခဲ့ရာ၊ ၎င်းတို့အနက် အချို့ကို လျူကျင်း ခွဲခြားသိမြင်နိုင်သော်လည်း အချို့ကိုမူ မသိရှိချေ။
သူ သိရှိသော ဆေးပင်များက သူ၏အာရုံကို အဆွဲဆောင်နိုင်ဆုံး ဖြစ်နေခဲ့သည်။
နွေဦးကြေးနီပန်းပွင့်၏ အရွက်များ။
ထာဝရစိမ်းလန်းသော ကော့စတပ်စ်ဆေးမြစ်။
နှစ်ငါးရာသက်တမ်းရှိ ရွှေကမ္မေရီယာသစ်ပင်၏ ခရမ်းရောင်အနှစ်သား။
၎င်းတို့အားလုံးသည် ရှားပါးပြီး အလွန်တရာ တန်ဖိုးကြီးမားလှသော ဆေးဖက်ဝင်ပစ္စည်းများ ဖြစ်ကြသည်။ လျူကျင်း ဤအချက်ကို ကောင်းစွာသိရှိ၏။ လူတစ်ဦးအနေဖြင့် ထိုအရာတစ်ခုတည်းကိုတင် ရောင်းချခြင်းဖြင့် ကြီးမားသော အိမ်ကြီးတစ်လုံးကို ဝယ်ယူနိုင်ပေသည်။ ၎င်းက သူ့ကို သူ မသိရှိသော အခြားဆေးပင်များအကြောင်း ပိုမိုတွေးတောမိစေခဲ့သည်။
ထိုအရာများက ဤထက်ပင် ပိုမို၍ တန်ဖိုးကြီးမားနိုင်ပါသလား။
အကယ်၍ ထိုသို့ဆိုလျှင်၊ ဤအဖိုးအိုက အမှန်တကယ်ပဲ မည်သူနည်း။
သို့သော်လည်း ရှောင်နန်က အခြားသော ဆေးပင်တစ်ပင်ကို ဆွဲထုတ်လိုက်ချိန်တွင်မူ သူ၏ အတွေးစများ ချက်ချင်းပင် ပြတ်တောက်သွားခဲ့ရတော့သည်။ ၎င်းမှာ သူ၏အဖေ ပိုင်ဆိုင်သော စာအုပ်တစ်အုပ်အတွင်း၌သာ တစ်ခါဖူးမျှ မြင်တွေ့ခဲ့ဖူးသည့် ဆေးပင်တစ်မျိုး ဖြစ်နေသောကြောင့်တည်း။
၎င်းမှာ ခဲနေသော ခရမ်းရောင် မြေခွေးလက်အိတ်ပန်းပင် ဖြစ်ပေတော့သည်။
၎င်းသည် ဆီးနှင်းများ အလျှံပယ်ကျဆင်းရာ အလွန်တရာ အေးစက်လွန်းသော ဒေသများတွင်သာ ပေါက်ရောက်တတ်သည့် မြေခွေးလက်အိတ်ပန်းပင်၏ ထူးခြားသော မျိုးကွဲတစ်မျိုး ဖြစ်၏။ ခဲနေသော မြေခွေးလက်အိတ်ပန်းပင်သည် ပုံစံနှစ်မျိုးဖြင့်သာ ပွင့်လန်းနိုင်သည်။ အကယ်၍ ပန်းပွင့်၏ အရောင်မှာ အဖြူရောင်ဖြစ်ပါက သုံးစွဲရန် ဘေးကင်းသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ အဖြူရောင် ခဲနေသော မြေခွေးလက်အိတ်ပန်းပင်ကို ဆေးနည်းမြောက်မြားစွာတွင် အသုံးပြုနိုင်ပေသည်။
ခရမ်းရောင် ခဲနေသော မြေခွေးလက်အိတ်ပန်းပင်ကမူ သေစေနိုင်လောက်အောင် အဆိပ်ပြင်းလှ၏။
ခရမ်းရောင် ခဲနေသော မြေခွေးလက်အိတ်ပန်းပင်ကို စားသုံးမိသူသည် နှစ်ဆယ့်လေးနာရီအတွင်း သေဆုံးသွားပေလိမ့်မည်။
သို့သော်ငြားလည်း…
"ဒါ..ဒါပဲ" ဟု လျူကျင်းက ဆိုကာ ရှောင်နန်၏ လက်ထဲရှိ ခရမ်းရောင် ခဲနေသော မြေခွေးလက်အိတ်ပန်းပင်ကို လှမ်းယူရန် လက်ဆန့်တန်းလိုက်သည်။
"ဟေ…မင်း သေချာရဲ့လားကွာ... အေးလေ ဒီတစ်ကြိမ်တော့ ငါ မင်းရဲ့ ဆုံးဖြတ်ချက်ကိုပဲ ယုံကြည်လိုက်မယ် ညီငယ်လေး" ဟု ရှောင်နန်က ပြောဆိုရင်း ထိုပန်းပွင့်ကို သူ့ထံသို့ ကမ်းပေးလိုက်၏။
၎င်းသည် သံသယဖြစ်ဖွယ်မရှိဘဲ အဆိပ်ရှိသော ပန်းပွင့်တစ်ပွင့် ဖြစ်ပေသည်။ တစ်ကိုက်မျှ စားသုံးရုံဖြင့်တင် အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦးကို သေဆုံးစေရန် လုံလောက်လှ၏။ အကယ်၍သာ ရှောင်နန်အနေဖြင့် ၎င်း၏ ဂုဏ်သတ္တိများကို သိရှိထားခဲ့ပါက လျူကျင်းအား ထိုပန်းပွင့်ကို ပေးအပ်ရန် သေချာပေါက် ငြင်းဆန်ခဲ့ပေလိမ့်မည်။
လူတစ်ဦးကို ကုသရန်အတွက် ယခုကဲ့သို့ အထင်အရှား အဆိပ်အတောက်ဖြစ်စေသောအရာကို အသုံးပြုရန် ကြိုးစားခြင်းမှာ မိုက်မဲမှု၏ အထွတ်အထိပ်ပင် ဖြစ်ပေလိမ့်မည်။ လူအများစုမှာလည်း ထိုကဲ့သို့သာ တွေးတောကြမည်မှာ ဧကန်မလွဲ ဖြစ်၏။
သို့သော်လည်း အဆိပ်နှင့် ဆေးဝါးအကြားရှိ ကွာဟချက်မှာ ခြေတစ်လှမ်းမျှသာ ကွာခြားခြင်း ဖြစ်သည်။ သူ၏အဖေက သူ့ကို ထိုအချက်အား သင်ကြားပေးခဲ့ဖူး၏။
ယခုအခြေအနေတွင်မူ ထိုခြေတစ်လှမ်းမှာ နီရဲသော ဝိညာဉ်မြက်ပင်နှင့် သက်ဆိုင်နေပေသည်။
လျူကျင်းသည် လက်တစ်ဖက်ဖြင့် နီရဲသော ဝိညာဉ်မြက်ပင်၏ နီရဲသော ပြာစများကို အမြန်ဆုပ်ကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့်မူ ခရမ်းရောင် ခဲနေသော မြေခွေးလက်အိတ်ပန်းပင်ကို ကိုင်လိုက်သည်။ သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ ကျင့်စဉ်စွမ်းအား၏ စီးဆင်းမှုအပေါ် အာရုံစူးစိုက်လိုက်ကာ မိမိ၏ အသက်ရှူနှုန်းကိုလည်း ၎င်းနှင့် ကိုက်ညီအောင် ညှိယူရန် ကြိုးပမ်းလိုက်၏။
သူသည် ယခင်က လည်းဤသို့ လုပ်ဆောင်ဖူးခဲ့သည်။
သူ၏အဖေသည် ဤဖြစ်စဉ်ကို သူ့အား တစ်ကြိမ်ထက်မက ပြောပြပြသပေးခဲ့ဖူးပြီး အဆင့်နိမ့် ဒန်ဆေးလုံးအချို့ကို ဖော်စပ်ရာတွင်လည်း ကူညီပေးခဲ့ဖူးသည်။ မိမိအနေဖြင့် ဤအရာကို လုပ်ဆောင်နိုင်ကြောင်း လျူကျင်း သိရှိသည်။ သင့်တော်ကောင်းမွန်သော ဆေးဖော်စပ်သည့် ကိရိယာတန်ဆာပလာ တစ်စုံတစ်ရာမျှ ယူဆောင်လာခဲ့ခြင်း မရှိသော်လည်း၊ ၎င်းဆေးဖက်ဝင်ပစ္စည်းများကို စနစ်တကျ သန့်စင်ဖော်စပ်နိုင်ရန်အတွက် မိမိ၏ ချီစွမ်းအင်ကို ၎င်းတို့နှင့် ဟန်ချက်ညီအောင် ပေါင်းစပ်ပေးရန်သာ လိုအပ်ပေသည်။
နီရဲသော ဝိညာဉ်မြက်ပင်၏ ပြာစများသည် ချက်ချင်းပင် ဓာတ်ပြုလာခဲ့ပြီး သူ၏ လက်ဖဝါးအတွင်း၌ ဝဲကယက်သဖွယ် စတင်လည်ပတ်လာခဲ့သည်။ ၎င်းမှာ အလွယ်ကူဆုံး အပိုင်းဖြစ်၏။
ခရမ်းရောင် ခဲနေသော မြေခွေးလက်အိတ်ပန်းပင်ကမူ ပိုမိုကြီးမားသော စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း သက်သေပြနေခဲ့သည်။
၎င်းသည် သေချာပေါက် မြင့်မားသောအဆင့်ရှိ ဆေးဖက်ဝင်ပစ္စည်းတစ်ခုဖြစ်ပြီး သူ တစ်ခါမျှ အတွေ့အကြုံမရှိဖူးသောအရာလည်း ဖြစ်၏။ ၎င်းမှာ သူ ယခင်က လေ့လာဖူးခဲ့သော ဆေးနည်းတစ်ခု မဟုတ်ချေ။ လျူကျင်းအနေဖြင့် မိမိ၏ စိတ်ကူးအယူအဆသည် မှန်ကန်မှု ရှိမရှိကိုပင် မသိရှိချေ။ ယခုအချိန်တွင်မူ ၎င်းကို အယူအဆတစ်ခုဟု ခေါ်ဆိုရန်ပင်လျှင် လွန်ကဲလွန်းနေပေတော့သည်။
စင်စစ်မူ သူ၏ မသိစိတ်ထဲမှ အလိုအလျောက်ပေါ်လာသော ဗီဇစိတ်အာရုံသက်သက်သာ ဖြစ်၏။
သို့သော်လည်း အကယ်၍ သူ မအောင်မြင်ခဲ့ပါက ဤအဖိုးအိုသည် သေဆုံးသွားပေလိမ့်မည်။ အဖေဖြစ်သူ၏ ခြေရာကို လိုက်နင်းရန် ဆန္ဒရှိသောသူတစ်ဦးအနေဖြင့်မူ သူ ဤအရာကို လုံးဝ ခွင့်မပြုနိုင်ချေ။
သူသည် မိမိ၏ ချီစွမ်းအင်ကို ဆက်လက်အာရုံစိုက်နေစဉ် သူ၏နဖူးထက်၌ ချွေးစေးများ ထွက်ပေါ်လာခဲ့သည်။ တဖြည်းဖြည်းနှင့် ခရမ်းရောင် ခဲနေသော မြေခွေးလက်အိတ်ပန်းပင်သည် သူ၏စွမ်းအင်အပေါ် စတင်ဓာတ်ပြုလာခဲ့၏။ ထိုပန်းပွင့်၏ အဆီအနှစ်သည် မိမိ၏ ကျင့်စဉ်စွမ်းအားနှင့် တစ်ညီတစ်ညွတ်တည်း လှုပ်ခတ်နေသည်ကို သူ ခံစားသိရှိလိုက်ရသည်။
သူသည် မိမိ၏ လက်နှစ်ဖက်ကို ဖြည်းညှင်းစွာဖြင့် တစ်ခုထဲဖြစ်အောင် ပူးကပ်လိုက်တော့သည်။
ထိုဓာတ်ပြုမှုက သူ့ကို လွင့်စင်သွားလုနီးပါး ဖြစ်စေခဲ့၏။
ထို့နောက် ဆက်ဖြစ်လာသောအရာများသည် သူ ဖြစ်ပျက်လာလိမ့်မည်ဟု မျှော်လင့်ထားခဲ့သောအရာပင် ဖြစ်သည်။ နီရဲသော ဝိညာဉ်မြက်ပင်၏ ပြာစများသည် ခရမ်းရောင် ခဲနေသော မြေခွေးလက်အိတ်ပန်းပင်နှင့် ထိတွေ့မိသောအခါ ပြင်းထန်လှစွာ တုံ့ပြန်လာကြတော့သည်။ စွမ်းအင်နှစ်ခုလုံး တစ်ခုနှင့်တစ်ခု အပြန်အလှန် ရုန်းကန်နေကြသည်ကို သူ ခံစားလိုက်ရ၏။ မဟုတ်သေးချေ၊ ရုန်းကန်နေရုံမျှမကဘဲ တစ်ခုကိုတစ်ခု ဝါးမြိုခြေဖျက်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
မှန်ပေသည်၊ ၎င်းမှာ သူဖြစ်ပျက်လာမည်ဟု အတိအကျ ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်၏။ သို့သော်ငြားလည်း မိမိ၏ လက်နှစ်ဖက်ကို ကွဲကွာမသွားစေရန် ထိန်းသိမ်းထားရခြင်းမှာ သူ၏ ရှိသမျှအင်အားအားလုံးကို အသုံးချလိုက်ရပေသည်။ အကယ်၍ သူ လက်ကို ခွာလိုက်မိပါက၊ တစ်စက္ကန့်မျှ အချိန်အတွင်းမှာပင် ဆေးဖော်စပ်မှုဖြစ်စဉ်တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။
ထိုဖြစ်စဉ် ငြိမ်သက်သွားရန်အတွက် ဆယ်မိနစ်ခန့် အချိန်ယူခဲ့ရပြီး၊ ၎င်းပြီးဆုံးသွားချိန်တွင်မူ သူ၏စိတ်ထဲ၌ ထိုအရာကို တစ်မိနစ်အတွင်းနှင့် ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သင့်သည်ဟူသော အတွေးတစ်ခုသာ ရှိတော့သည်။
သို့သော်လည်း သူသည် နောက်ထပ်အဆင့်သို့ ချက်ချင်းပင် ကူးပြောင်းလိုက်၏။ ယခုအခါ ထိုဆေးအဆီအနှစ်နှစ်ခုမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့ပြီဖြစ်ရာ၊ သူသည် မိမိ၏ ချီစွမ်းအင်ကို အသုံးပြု၍ ၎င်းတို့ကို သေးငယ်သော ဆေးလုံးတစ်လုံးအဖြစ်သို့ ကျုံ့ဝင် စုစည်းလိုက်တော့သည်။
လျူကျင်းသည် သူ၏လက်ဖဝါးကို ဖွင့်လိုက်ချိန်တွင်မှ သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချနိုင်တော့သည်။ ယခုအခါ သူ၏လက်ထဲတွင် မှိုင်းညို့သော အနီရောင်ရှိသည့် ဒန်ဆေးလုံးအသေးလေးတစ်လုံး တည်ရှိနေပြီ ဖြစ်၏။ သူသည် ထိုဆေးလုံးလေးအား ခဏမျှ စစ်ဆေးကြည့်ရှုပြီးနောက် ရှောင်နန်ထံသို့ ပေးအပ်လိုက်သည်။
"အစ်ကိုကြီး... ကျေးဇူးပြုပြီး ဒီဆေးလုံးကို သူ့ကို တိုက်ပေးပါလားဗျာ" ဟု လျူကျင်းက မောပန်းနွမ်းနယ်စွာဖြင့် ဆိုသည်။ ဤမျှအထိ ကြိုးစားအားထုတ်လိုက်ရသဖြင့် သူ၏မျက်နှာမှာ အနည်းငယ် သွေးဆုတ်ဖြူလျော့နေခဲ့၏။ အခြေခံအုတ်မြစ်အဆင့်တွင်သာ ရှိသေးသော သူကဲ့သို့သူတစ်ဦးအဖို့မူ ဤဖြစ်စဉ်တစ်ခုလုံးသည် အလွန်အမင်း ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့သည်။ သူကဲ့သို့ အဆင့်နိမ့်ကျင့်ကြံသူပင် မဆိုထားဘိ အတွင်းအားစုစည်းခြင်း အဆင့်ရှိသူတစ်ဦးအတွက်ပင်လျှင် ၎င်းမှာ အလွန်ခက်ခဲလက်ဝင်လှသော ဖြစ်စဉ်တစ်ခု ဖြစ်ပေလိမ့်မည်။
ဤဆေးလုံးဖန်တီးခြင်း အဆင်ပြေချောမွေ့စွာ အောင်မြင်သွားခြင်းမှာ သူ၏အဖေဖြစ်သူ၏ သွန်သင်ဆုံးမမှုများနှင့် လျူကျင်းကိုယ်တိုင်၏ ကြိုးပမ်းအားထုတ်မှုတို့ကြောင့် ဖြစ်ကြောင်း သက်သေပြနေခဲ့သည်။
ရှောင်နန်သည် လျူကျင်း၏လက်ထဲမှ ဆေးလုံးကို ချက်ချင်းပင် လှမ်းယူလိုက်၏။ သူသည် လျူကျင်း မည်သည့်အရာကို လုပ်ဆောင်ခဲ့သည် သို့မဟုတ် ဤဆေးက သေချာပေါက် အလုပ်ဖြစ်ပါ့မလားဟူ၍ မေးခွန်းထုတ်မနေခဲ့ချေ။ သူသည် ထိုဆေးလုံးကို အဖိုးအို၏ပါးစပ်အတွင်းသို့ ရိုးရှင်းစွာပင် တိုက်ကျွေးလိုက်တော့သည်။ ထို့နောက်တွင်မူ ရှောင်နန်နှင့် လျူကျင်း နှစ်ဦးစလုံးသည် အဖိုးအိုကို တိတ်ဆိတ်စွာဖြင့် စောင့်ကြည့်နေမိကြတော့၏။
တစ်မိနစ်ခန့် အချိန်ကုန်လွန်သွားခဲ့သော်လည်း မည်သည့်အရာမျှ ပြောင်းလဲလာခြင်း မရှိသေး။
ငါးမိနစ်ခန့် ကုန်လွန်သွားသည်။ သူတို့နှစ်ဦး တယောက်မျက်နှာတယောက်ကြည့်လိုက်ကြသည်။
ဤသို့ဖြင့် ဆယ်မိနစ်ခန့် ကုန်လွန်သွားခဲ့သော်လည်း မည်သည့်အရာမျှ ပြောင်းလဲမလာခဲ့ပေ။
သို့သော်လည်း ဆယ့်ငါးမိနစ်အကြာတွင်မူ တစ်စုံတစ်ခု ဖြစ်ပျက်လာခဲ့သည်။ အစပိုင်းတွင်မူ ၎င်းမှာ အလွန်တရာ သိမ်မွေ့လှသဖြင့် အဖိုးအိုနှင့် အနီးကပ်ဆုံးနေရာတွင် ရှိနေသော ရှောင်နန်တစ်ဦးတည်းသာ သတိပြုမိလိုက်ခြင်းဖြစ်သော်လည်း၊ အဖိုးအို၏ ခန္ဓာကိုယ်အပူချိန်မှာ စတင်၍ ကျဆင်းလာခဲ့ချေပြီ။
နောက်ထပ် ငါးမိနစ်ခန့်အကြာတွင်မူ အဖိုးအို၏ ခန္ဓာကိုယ်ထံသို့ သွေးရောင်များ ပြန်လည်လွှမ်းမိုးလာခဲ့သည်။
နောက်ထပ် ဆယ်မိနစ်ခန့်အကြာတွင်မူ အဖိုးအို၏ ခန္ဓာကိုယ်အပူချိန်မှာ စိတ်ချလက်ချ တို့ထိနိုင်လောက်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့တော့သည်။
နောက်ထပ် တစ်ဆယ့်ငါးမိနစ်အကြာတွင်မူ သူ၏ ခန္ဓာကိုယ်မှ ချွေးစေးများ ထွက်ခြင်းမှာ လုံးဝဥဿုံ ရပ်တန့်သွားခဲ့လေပြီ။
"ညီ…ညီငယ်လေး..." ရှောင်နန်က အံ့ဩမှင်သက်စွာဖြင့် ဆိုသည်။
"မင်းကို ဘယ်မိန်းကလေးမှ စိတ်ဝင်စားမှာ မဟုတ်ဘူးလို့ နောက်တစ်ခါ ဘယ်တော့မှ မပြောနဲ့တော့ဟေ့…အကိုကတော့ မင်းတစ်နေ့မှာ ပျိုတိုင်းကြိုက်တဲ့ပါရမီရှင် သမားတော်ကြီးတစ်ဦး ဖြစ်လာလိမ့်မယ်ဆိုတာကို အခု ချက်ချင်းပဲ အကြွင်းမဲ့ ယုံကြည်သွားပြီငါ့ညီရေ.."
“ဟီး…ဒါပေမယ့်အစ်ကိုကြီး... ကျွန်တော်တို့မှာ ဒီထက်ပိုပြီး စိုးရိမ်ပူပန်ရမယ့် အရေးကြီးတဲ့ ကိစ္စရပ်တွေ ရှိနေသေးတယ်လို့ ထင်ပါတယ်ဗျာ"
လျူကျင်းက ထိုသို့ ပြောဆိုလိုက်သော်လည်း၊ အဖိုးအိုတစ်ယောက် သေဘေးမှ လွတ်မြောက်သွားခဲ့ပြီဖြစ်၍ စိတ်ထဲ၌ လွန်စွာဝမ်းမြောက်နေသဖြင့် သူ၏ အပြုံးကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။
"ငါသိပါတယ် ညီငယ်လေးရာ၊ ဒါဟာ အရေးအကြီးဆုံး ကိစ္စပဲဥစ္စာ" ဟု ရှောင်နန်က စနောက်လိုသော အပြုံးတစ်ခုဖြင့် ဆိုသည်။
"ဒါပေမဲ့ ဒီတစ်ကြိမ်လဲ ငါ မင်းရဲ့ စကားကို နားထောင်ပေးပါ့မယ်။ အခု ငါတို့ ဘာဆက်လုပ်ကြမလဲ။ ဒီအဖိုးအိုကို ဒီနေရာမှာပဲ ဒီအတိုင်း ပစ်ထားခဲ့လို့တော့ မရဘူးလေ။ သူ့ကို ရှောင်ဂိုဏ်းဝင်းဆီပဲ ငါ ပွေ့ချီခေါ်သွားရမလား"
လျူကျင်းက အမြန်ပင် ခေါင်းခါယမ်းလိုက်သည်။
"မလုပ်ပါနဲ့ဗျာ။ ကျွန်တော့်အဖေကို အရင်ဆုံး ကြည့်ရှုစစ်ဆေးခိုင်းတာက ပိုပြီးတော့ အဆင်ပြေလိမ့်မယ်ဗျ သူ့ ရောဂါလက္ခဏာတွေက နောက်တစ်ကြိမ် ပြန်မပေါ်လာတော့ဘူးလို့ အသေအချာ မပြောနိုင်သေးဘူးလေ။ အန္တရာယ်အကင်းဆုံးအရာကတော့ သူ့ကို ဆေးခန်းဆီပဲ ခေါ်သွားဖို့ပါပဲ။ ဟူး..စိတ်မကောင်းစရာကတော့ ကျွန်တော်တို့ ဆေးဖက်ဝင်အပင်တွေကို နောက်တစ်ခေါက်မှပဲ လာရှာရတော့မှာပေါ့ လေ"
"အေးပေါ့ ငါ့ညီရာ " ဟု ရှောင်နန်က ပြောဆိုရင်း အဖိုးအို၏ ခန္ဓာကိုယ်ကို သူ၏ လက်မောင်းများဖြင့် ပွေ့ချီလျက် မတ်တပ်ထရပ်လိုက်သည်။
"ကဲ …မင်းပြောတဲ့အတိုင်းပဲ ဒီလူကြီးကို ဆေးခန်းဆီပဲ ခေါ်သွားကြစို့"
ထိုသို့ဖြင့် သူတို့နှစ်ဦးသည် မြို့တွင်းသို့ ပြန်လည်ဦးတည်ကာ အပြန် ခရီးစတင်ခဲ့ကြတော့သည်။