အခန်း ၄
Vol. 1 Ch. 4
အခန်း ၄ - အထင်ကရ ပုဂ္ဂိုလ်ကြီးနှင့် ဆုံတွေ့ရခြင်း
ဆေးဖက်ဝင်အပင်များ ရှာဖွေစုဆောင်းသည့် လုပ်ငန်းကိုမူ လက်လွှတ်လိုက်ရချေပြီ။ ထိုအလုပ်အတွက် နောက်ပိုင်းတွင် အချိန်များစွာ ရှိပါသေးသည်။ ယခုအချိန်တွင်မူ လျူကျင်းနှင့် ရှောင်နန်တို့၌ ကူညီစောင့်ရှောက်ပေးရမည့် အဖိုးအိုတစ်ဦး ရှိနေပေသည်။
သူတို့နှစ်ဦးသည် အဖိုးအို၏ ရောဂါအခြေအနေကို သေသေချာချာ နားမလည်သေးသဖြင့် သူ့ကို လျူကျင်း၏ အိမ်သို့သာ ခေါ်ဆောင်လာခဲ့ကြသည်။ အကြောင်းမူကား ဤမြို့အတွင်း၌ လျူကျင်း၏ အဖေထက် ပိုမိုတော်မွန်သော သမားတော်ဟူ၍ မရှိသောကြောင့် ဖြစ်၏။ ရှောင်ဂိုဏ်း၏ ဆေးပညာရှင်များပင်လျှင် လျူကျန့်ကော်ကို မမှီနိုင်ကြချေ။ ၎င်းမှာ ငြင်းပယ်၍မရသော အမှန်တရားတစ်ခု ဖြစ်ပေသည်။
သူတို့နှစ်ဦး မြို့တွင်းသို့ ပြန်လည်ဦးတည်လာကြစဉ် ရှောင်နန်က အဖိုးအိုကို ပွေ့ချီထားခဲ့သည်။ အဖိုးအိုအား ထိခိုက်ဒဏ်ရာရရှိသွားမည်ကို စိုးရိမ်သဖြင့် အရှိန်အဟုန်ဖြင့် မသွားဝံ့ကြသောကြောင့် အပြန်ခရီးသည် ကြာမြင့် နှေးကွေးလွန်းလှသည်။ သူတို့ မြို့ထဲသို့ ဝင်ရောက်လာသောအခါ သတိလစ်မေ့မြောနေသော လူတစ်ဦးကို ပွေ့ချီလာကြသဖြင့် အချို့သူများ၏ စူးစိုက်ကြည့်ရှုခြင်းကို ခံခဲ့ရသော်လည်း၊ မကြာမီမှာပင် ထိုလူများမှာ စိတ်ဝင်စားမှု လျော့ပါးသွားခဲ့ကြသည်။ လျူကျင်း၏ အဖေမှာ သမားတော်တစ်ဦးဖြစ်ကြောင်း သူတို့ သိရှိထားကြသဖြင့်၊ သူသည် လူနာများကို အဖေဖြစ်သူ၏ ဆေးခန်းသို့ လမ်းပြခေါ်ဆောင်လာခြင်းမှာ ဆန်းကြယ်သောအရာ မဟုတ်ပေ။
"ဟင် …သမားတော်ကြီး မရှိဘူးပဲ" သူတို့ ဆေးခန်းသို့ ရောက်ရှိလာသောအခါ ရှောင်နန်က သတိပြုမိစွာဖြင့် ဆိုသည်။
"ဒုက္ခပါပဲဗျာ …အဖေက လူနာအိမ်ကို သွားကြည့်နေတာ ထင်တယ်" ဟု လျူကျင်းက စိတ်ပူဟန်ဖြင့် ပြောဆိုလိုက်၏။
သူ၏အဖေထံ လာရောက်ပြသသော လူနာအများစုမှာ အလွန်တရာ အသက်ကြီးရင့်သူများ ဖြစ်ကြသည်။ သို့ဖြစ်ရာ သူတို့သည် ဆေးခန်းသို့ ကိုယ်တိုင်လာရောက်ရန် အမြဲတမ်း မတတ်နိုင်ကြချေ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင်မူ သူ၏အဖေကိုယ်တိုင်က သူတို့ထံသို့ သွားရောက်ကုသပေးလေ့ရှိသည်။
"အဖေ သွားတာသိပ်မကြာလောက်ပါဘူး အကိုကြီး… မကြာခင် ပြန်ရောက်လာမှာပါ"
"အေး လေ ဘယ်တတ်နိူင်ပါ့မလဲ ... ဒါဆိုလည်း " ဟု ရှောင်နန်က ဆိုသည်။
"ကိုင်း ..ဒီ အဖိုးအိုကို ဘယ်နေရာမှာ ထားရမလဲ"
"ဒီဘက်ကို ကြွပါ အကိုကြီး " ဟု လျူကျင်းက ခုတင်တစ်ခုဆီသို့ ညွှန်ပြလျက် အမူအရာ ပြုလိုက်သည်။
ဤအိမ်၏ ပထမထပ်တစ်ခုလုံးကို အဖေဖြစ်သူ၏ ဆေးခန်းအဖြစ် အသုံးပြုထားခြင်း ဖြစ်၏။ သို့ဖြစ်ရာ အဖေဖြစ်သူက စစ်ဆေးကုသပေးနေစဉ်အတွင်း လူနာများ လဲလျောင်းနေနိုင်ရန်အတွက် ခုတင်များ ပြင်ဆင်ထားရှိသည်။ ထို့အပြင်... အဖေနှင့်သား နှစ်ဦးစလုံးသည် ထိုခုတင်များကို နေ့စဉ်နှင့်အမျှ သန့်ရှင်းရေး ပြုလုပ်ကြသည်။ သန့်ရှင်းသပ်ရပ်မှု အပိုင်းတွင်မူ သူတို့၏အိမ်သည် ရှောင်ဂိုဏ်း၏ သားနားထည်ဝါလှသော ဝင်းကြီးကိုပင် ရှုံးနိမ့်လိမ့်မည် မဟုတ်ချေ။
ရှောင်နန်က အဖိုးအိုကို ခုတင်ထက်သို့ ဂရုတစိုက် ချထားပေးလိုက်သည် ။
ထို့နောက် လျူကျင်းက ချွေးစို့နေသည် ရှောင်နန်အား "အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီး" ဟု ပြောဆိုလိုက်သည်။
လျူကျင်းသည် ရေစိုဝတ်တစ်ခုကို ခပ်မြန်မြန်သွားယူလိုက်ကာ အဖိုးအို၏ နဖူးထက်သို့ တင်ပေးလိုက်၏။ ဆေးလုံးကို တိုက်ကျွေးပြီးကတည်းက သူ၏ ခန္ဓာကိုယ်အပူချိန်မှာ သိသိသာသာ လျော့ကျသွားခဲ့ပြီ ဖြစ်သော်လည်း၊ သာမန်ထက်မူ အဆမတန် ပူပြင်းနေဆဲပင် ရှိသေးသည်။ ထိုစဥ် ရှောင်နန် အား မြင်ကာ ရုတ်တရက်အားနာမိသွားသည် ။
"အော် ..ဒါနဲ့အစ်ကိုကြီး ရှောင်ဂိုဏ်းဝင်းဆီကို ပြန်ပီးနားချင်နားတော့လေ "
ရှောင်နန်အနေဖြင့် ဤနေရာတွင် ဆက်လက်နေထိုင်ရန် မလိုအပ်တော့ပေ။ အကြောင်းမူ လျူကျင်းသည်လည်း လောလောဆယ်တွင် ဆေးမြစ်ဆေးပင်များ ထပ်မံစုဆောင်းရန် သွားတော့မည်မဟုတ်သလို၊ အဖိုးအိုကို ဆေးခန်းသို့ ပို့ဆောင်ပြီးပြီဖြစ်၍ နောက်ဆက်တွဲ လူနာစောင့်ကြည့်ရေးသည် ရှောင်နန်၏ တာဝန်မဟုတ်တော့ချေ။ သို့ဖြစ်ရာ ရှောင်နန်အနေဖြင့် မိမိကိုယ်ကိုယ် ဆက်လက်၍ အလုပ်ရှုပ်ခံနေရန် အကြောင်းရင်း မရှိတော့ပေ။
"ဒီလိုတော့လဲ မဖြစ်သေးဘူးလေ ညီငယ်လေးရဲ့" ဟု ရှောင်နန်က ခေါင်းခါယမ်းလျက် ဆိုသည်။
"ဒီအဖိုးအို သတိပြန်မရလာခင်အထိ ငါ ဒီမှာ ဆက်နေတာက ပိုကောင်းလိမ့်မယ်ကွ၊ သတိရလာတဲ့အချိန်မှာ သူ့ရဲ့ စိတ်အခြေအနေက ဘယ်လိုရှိနေမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ လူတွေက စိတ်အာရုံဝေဝါးထွေပြားနေချိန်မှာ အန္တရာယ်ရှိတဲ့အရာတွေကို လုပ်မိတတ်ကြတယ်ကွ။ မိမိကိုယ်ကိုယ်ရော အခြားသူတွေကိုပါ ထိခိုက်စေနိုင်တာမျိုးပေါ့"
လျူကျင်းက သူ၏ခေါင်းကို ဘေးသို့စောင်းလျက် အဖိုးအိုကို စိုက်ကြည့်လိုက်သည်။
"သူက အန္တရာယ်ရှိနိုင်တယ်လို့ အစ်ကိုကြီး ထင်လို့လားဟင်"
သူအကဲခတ် ကြည့်ရသလောက်တော့ အဖိုးအို၏ သွင်ပြင်သည် ရန်ပြုမည့် အရိပ်အယောင်မျိုး လုံးဝမရှိချေ။
"ညီလေးရာ မင်းငယ်ပါသေးတယ် ..လောကကြီးမှာ ဘယ်သူမဆို အန္တရာယ်ရှိနိုင်တာချည်းပဲကွ" ဟု ရှောင်နန်က သူ၏အချက်ကို လေးနက်စေရန် လက်ညှိုးတစ်ချောင်းထောင်ပြရင်း ပြောသည်။
"ဒါကို ဘယ်တော့မှ မေ့မပစ်လိုက်နဲ့။ ဘယ်သူပဲဖြစ်ဖြစ် ရန်ပြုဖို့ သင့်တော်တဲ့ အခြေအနေနဲ့ အချိန်အခါမျိုး မှာ ရှိသမျှအားနဲ့ ရန်ပြုလာနိူင်တယ်ကွ ဥပမာပြောရရင် ငါကိုယ်တိုင်လည်း မကြာခဏဆိုသလို လူအများအပြားကို အန္တရာယ်ရှိတဲ့သူတွေဖြစ်အောင် ဖန်တီးခဲ့ဖူးတယ်လေ၊ များသောအားဖြင့်တော့ အဲဒီအန္တရာယ်က ငါ့ရဲ့ ကိုယ်ခန္ဓာဆီကိုပဲ ဦးတည်လာတာပေါ့။ အဲဒီတော့ အကိုကြီးပြောတာမှတ်ထား.. အကို နဖူးတွေ့ ဒူးတွေ့ ကြုံထားဖူးလို့ သင်ခန်းစာယူစရာ အတွေ့အကြုံကောင်းတွေ တော်တော်ရပီးဘီ ..အကုန်အမှန်တွေကွ ငါ အာမခံရဲပါတယ်ကွာ"
ထိုသို့ ပြောဆိုနေစဉ်အတွင်း ရှောင်နန်၏ မျက်နှာထက်တွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ထင်ဟပ်လာခဲ့သည်။
"ဒါ့အပြင်..." သူက ဆက်လက်ဖြည့်စွက်သည်။
"လူတွေကို သူတို့ရဲ့ အပြင်ပန်းသွင်ပြင်ကိုကြည့်ပြီး ဆုံးဖြတ်ဖို့ မကောင်းဘူးကွ။ ဒီလူလိုမျိုး သက်တမ်းအရှည်ကြီး နေထိုင်လာခဲ့ရတဲ့သူတစ်ယောက်ဟာ သေချာပေါက် မင်းထက်ပိုပြီး မြင့်မားတဲ့ ကျင့်ကြံခြင်းနယ်ပယ်အဆင့်ကို ရောက်ရှိထားပြီးသားပဲ ဖြစ်ရမယ်။ အဖိုးအိုတစ်ယောက်က ဘယ်လောက်ပဲ ဖျားနာနေပါစေဦးတော့၊ သူ့ကို ပေါ့ပေါ့တန်တန် သဘောထားလို့မရဘူး ညီငယ်လေး"
ရှောင်နန် ပြောသည်မှာ မမှားပေ။ မိမိ၏ သက်တမ်းတစ်လျှောက်လုံးတွင် အတွင်းအားစုစည်းခြင်း အဆင့်ကိုပင် ကျော်ဖြတ်နိုင်ခြင်းမရှိသောသူဟူ၍ လောက၌ အလွန်တရာ ရှားပါးလှပေသည်။ ထိုကဲ့သို့ ပါရမီပါးလျမှုမျိုးမှာ သဘာဝကျသောအရာဟု မဆိုနိုင်ချေ။ ကျင့်ကြံခြင်းအပေါ် အလေးအနက်မရှိသောသူတစ်ဦးပင်လျှင် များသောအားဖြင့် နွေဦးအကြိမ်နှစ်ဆယ်ကို မမြင်တွေ့ရမီမှာပင် ထိုအဆင့်သို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်ကြစမြဲ ဖြစ်သည်။
"ကဲ... ငါတို့အဖိုးကြီးက လက်ရှိအခြေအနေမှာတော့ ပြင်းပြင်းထန်ထန် ဖျားနာနေပုံပဲကွ .. ကြည့်စမ်း သူ့ရဲ့ ချီစွမ်းအင်ကို အာရုံခံဖို့တောင် ခက်ခဲလွန်းနေတယ်" ဟု ရှောင်နန်က ဝန်ခံပြောဆိုသည်။
"ငါ သူ့ကို ဒီကို ပွေ့ချီလာတုန်းက စစ်ဆေးကြည့်ဖို့ ကြိုးစားခဲ့သေးတယ်၊ ဒါပေမဲ့ မရခဲ့ဘူး။ ငါ ထင်တာတော့ သူ့ရဲ့ စွမ်းအင်အများစုက ဒီရောဂါဝေဒနာကို တိုက်ဖျက်ဖို့အတွက် အားထုတ်နေရလို့ ထင်ပါရဲ့"
လျူကျင်း မျက်တောင်ခတ်မိသွားသည်။
"အဲဒီလိုမျိုးလည်း ဖြစ်နိုင်လို့လားဟင်"
"ဖြစ်နိုင်တာပေါ့ ညီငယ်လေးရဲ့" ရှောင်နန်က ပြန်လည်ဖြေကြားသည်။
"လုံလောက်အောင် သန်မာတဲ့ ကျင့်ကြံသူတစ်ယောက်ဟာ သူ့ခန္ဓာကိုယ်အတွင်းထဲက မသန့်တဲ့ ဓာတ်တွေ အညစ်အကြေးတွေ အားလုံးကို မောင်းထုတ်ပစ်နိုင်စွမ်း ရှိတယ်။ တခုတော့ရှိတာပေါ့ ... အဲ့လို လုပ်ဆောင်နိုင်စွမ်းရှိခြင်း ရှိမရှိဆိုတာကတော့ ကျင့်ကြံသူရဲ့ စွမ်းအားနဲ့ ရောဂါဝေဒနာရဲ့ ပြင်းထန်မှုအပေါ်မှာ မူတည်တာပေါ့လေ။ အကို့ ဦးလေးကိုပဲကြည့် ..သူက ဒီမြို့မှာ အင်အားအကြီးဆုံး ကျင့်ကြံသူပဲ။ ဒါပေမဲ့လည်း မင်းအဖေရဲ့ အကူအညီသာ မရှိခဲ့ရင် သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သေသွားလောက်ပီ ..အေးလေ..သူ ခံစားခဲ့ရတဲ့ ရောဂါဝေဒနာက သေရာပါလောက်အောင် ပြင်းထန်ခဲ့တာကိုး။ အင်း …ဒီအဖိုးအိုရဲ့ အခြေအနေမှာတော့ ငါထင်တာ-"
ရှောင်နန်သည် သူ၏ စကားစုကို ဆုံးခန်းတိုင်အောင် မပြောဖြစ်ခဲ့ချေ။
ထိုအစား သူ၏ စကားသံများမှာ တန့်သွားခဲ့ပြီး မျက်ဝန်းများ ပြူးကျယ်သွားခဲ့ရတော့သည်။
လျူကျင်းက သူ့ကို အဘယ်ကြောင့်နည်းဟု မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် သူကိုယ်တိုင်လည်း ၎င်းထူးဆန်းသော အရာကို ခံစားသိရှိလိုက်ရတော့သည်။ မဟုတ်သေးချေ၊ သူ ခံစားသိရှိရုံမျှတင်မကဘဲ ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရခြင်း ဖြစ်ပေသည်။
ထိုအဖိုးအိုသည် နိုးလျက် သတိပြန်လည်လာခဲ့ချေပြီ။
သူ၏ မျက်ဝန်းများ ပွင့်လန်းလျက်ရှိပြီး၊ ၎င်းမျက်ဝန်းအစုံ၏ အရောင်မှာကား ထူးခြားဆန်းပြားလှသော အပြာရောင် ဖြစ်နေခဲ့သည်။ သူတို့နှစ်ဦး မရိပ်မိလိုက်မီမှာပင် ထိုအဖိုးအိုသည် နိုးထလာခဲ့ရုံမျှမက ခုတင်ထက်တွင် မတ်မတ်ထိုင်လျက် အနေအထားသို့ ရောက်ရှိနေခဲ့ချေပြီ။
လျူကျင်းအနေဖြင့် ထိုအဖိုးအိုအား အတင်းအကျပ် အားမသုံးမိစေရန် ပြောကြားလိုသည်။ ထိုအဖိုးအိုအား ခုတင်ထက်၌သာ ဆက်လက်လဲလျောင်း၍ အနားယူသင့်ကြောင်း ပြောပြလို၏။ မှန်ပေသည်၊ သူ ထိုစကားလုံးများကို သေချာပေါက် ပြောဆိုချင်မိသည်။
သို့သော် သူ မပြောနိုင်ခဲ့ချေ။
အဘယ်ကြောင့်ဆိုသည်ကို သူ သေသေချာချာ မသိသော်လည်း သူ၏ နှုတ်ခမ်းများမှာ ကောင်းစွာ လှုပ်ရှား၍ မရတော့ပေ။
ရှောင်နန်သည် သူ၏ဘေးတွင် ရုတ်တရက် ဒူးထောက်လျက်သား လဲကျသွားခဲ့ရာ၊ လျူကျင်းအနေဖြင့် အဘယ်ကြောင့် ထိုသို့ဖြစ်ပျက်ရသည်ကို နားမလည်နိုင်အောင် ရှိတော့သည်။ ရှောင်နန် ရှိရာနေရာသို့ အဘယ်ကြောင့် သွားရောက်၍ မကူညီနိုင်ရသနည်းဆိုသည်ကိုလည်း သူ နားမလည်နိုင်တော့ချေ။
မိမိကိုယ်တိုင်လည်း ကြမ်းပြင်ပေါ်သို့ အဘယ်ကြောင့် ရောက်ရှိ ဒူးထောက်နေရပြီလဲဆိုသည်ကို သူ နားမလည်နိုင်တော့ပေ။
"အိုးဟိုးဟိုး... ကြည့်ရတာ ငါ အသက်ရှင်နေသေးတာပဲ" ဟု အဖိုးအိုက ပထမဆုံးအကြိမ်အဖြစ် စကားစတင် ပြောဆိုလိုက်သည်။
သူ၏ အသံမှာ လျှို့ဝှက်ဆန်းကြယ်ပြီး ဉာဏ်ပညာကြီးမားလှသော အသံမျိုး ဖြစ်၏။ ၎င်းမှာ လျူကျင်း၏ စိတ်ထဲတွင် ပထမဆုံး တွေးတောမိသော အချက်ပင် ဖြစ်သည်။ ထိုအသံကို ကြားရရုံမျှဖြင့်တင် မိမိ၏ မိုက်မဲမှုနှင့် လိုအပ်ချက်များကို မိမိကိုယ်တိုင် ပြန်လည်သိရှိသွားစေသည့် အသံမျိုး ဖြစ်ပေသည်။
၎င်းအသံက ပေးစွမ်းသော ခံစားချက်မှာ မိမိ၏အဖေ ဆေးပညာအကြောင်း ပြောပြသည်ကို နားထောင်ရသည်နှင့် မခြားနားသော်လည်း၊ အဖေ၏အသံကဲ့သို့ နွေးထွေးမှု သို့မဟုတ် နှစ်သိမ့်မှုမျိုးမူ အနည်းငယ်မျှပင် မပါရှိချေ။
"နေစမ်းပါဦး …တစ်ယောက်ယောက်က အဆိပ်ဖြေဆေးကို ဘယ်လိုဖော်စပ်ရမလဲဆိုတာကို သိသွားခဲ့တာလား။ ထူးဆန်းလိုက်တာဟေ့ ….တကယ်ထူးဆန်းတယ်" ဟု အဖိုးအိုက သူ့ကိုယ်သူ ရေရွတ်နေသည်။
သူသည် သူ၏ တည်ရှိမှုစွမ်းအားတစ်ခုတည်းနှင့်တင် လှုပ်ရှား၍မရဘဲ ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေရသော လူငယ်နှစ်ဦးကို အသိအမှတ်ပြုရန်ပင် ဂရုမစိုက်ချေ။ အဖိုးအိုသည် လေထုကို တစ်ချက်မျှ ရှူရှိုက်လိုက်ပြီးနောက် အတွေးကမ္ဘာထဲ၌ နစ်မြုပ်လျက် သူ၏ မုတ်ဆိတ်မွေးကို တခုခုကိုသုံးသပ်သလို ပွတ်သပ်နေခဲ့သည်။
"အိုး…ဆေးဖက်ဝင်အပင်တွေ ရဲ့အနံ့တွေ ပဲ...။ ဒီလိုမျိုး နေရာအနှံ့မှာ ပျံ့နေပုံထောက်တော့ ဒီနေရာမှာ တော်တော်လေး အရည်အချင်းရှိတဲ့ သမားတော်တစ်ယောက် ရှိနေခဲ့တာပဲ"
နောက်ဆုံးတွင်မူ သူ၏ အကြည့်သည် လှုပ်ရှားနိုင်စွမ်း ကင်းမဲ့နေသော လူငယ်နှစ်ဦးထံသို့ ဦးတည်လာခဲ့၏။
"ဟေ့ သူငယ်လေးတွေ... ငါ့ကို ဖြေစမ်း။ ဒီဝိညာဉ်အဖိုးအို ကျန်းကို ကုသပေးခဲ့တဲ့ သမားတော်က ဘယ်မှာလဲ"
သို့ရာတွင် အဖိုးအိုအမေးအား သူတို့နှစ်ဦးစလုံးမှာ ပြန်လည်ဖြေကြားနိုင်စွမ်း မရှိကြချေ။ ထိုအခါ အဖိုးအိုက မျက်မှောင်ကုတ်လိုက်သည်။
"ဟဲ့ ဒီခေတ် လူငယ်တွေက ဒီလိုပဲလား။ မတ်တပ်ရပ်ဖို့ ခြေထောက်လည်း မရှိကြဘူး၊ စကားပြောဖို့ နှုတ်ခမ်းလည်း မရှိကြဘူးလား။ ကျွတ်ကျွတ် ..တော်တော် သနားစရာကောင်းလိုက်တာ။ ကောင်းပြီလေ... ဒီဝိညာဉ်အဖိုးအို ကျန်းက ကရုဏာတရား ကင်းမဲ့သူတစ်ဦးလို့ လူတွေ မပြောစေရဘူး။ ကိုင်း ငါ့ရဲ့ ရှေ့မှောက်မှာ မင်းတို့ကို စကားပြောခွင့် ပြုလိုက်မယ်..ပြောလေရော့ဟယ် …"
ထိုသို့ ပြောဆိုလိုက်သည်နှင့်တပြိုင်နက် လျူကျင်းသည် သူ၏ လျှာကို ပြန်လည်လှုပ်ရှားနိုင်ပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ သို့သော်လည်း ရှောင်နန်ကသာ ဦးစွာ စတင်ပြောဆိုခဲ့၏။
"ဧ... ဧ..." သူ၏ မျက်ဝန်းများမှာ ပြူးကျယ်နေခဲ့သည်။ သူ၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်နေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း တုန်ရီနေခဲ့သည်။ သူ့ကို သိကျွမ်းသော မည်သူမဆို သူ့ကို ယခုကဲ့သို့သော အခြေအနေမျိုးတွင် မြင်တွေ့ရပါက ယုံကြည်နိုင်စွမ်းရှိကြမည်မဟုတ်ဘဲ အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားကြပေလိမ့်မည်။
အမှန်စင်စစ်အားဖြင့် လျူကျင်းကိုယ်တိုင်ပင်လျှင် ဤသူသည် မိမိကောင်းစွာသိကျွမ်းသော ရှောင်နန်ဖြစ်သည်ဟု မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့ရသည်။
သို့သော်လည်း ထိုကဲ့သို့သော ကြောက်ရွံ့တုန်လှုပ်မှုနောက်ကွယ်မှ အကြောင်းအရင်းမှာ ရှောင်နန်၏ နှုတ်ဖျားမှ မကြာမီ ထွက်ပေါ်လာခဲ့ချေပြီ။ ထိုအကြောင်းရင်းမှာ လေးနက်လှသော အဓိပ္ပာယ်များစွာ ပါဝင်နေသည့် စကားလုံးတစ်လုံး၊ တစ်လုံးတည်းသော စကားလုံးမျှသာ ဖြစ်ပေတော့သတည်း။
"ဧ…ဧကရာဇ်..."
လျူကျင်း၏ မျက်ဝန်းများမှာ ဘဝတွင် တစ်ခါမျှ မဖြစ်ဖူးလောက်အောင် ပြူးကျယ်သွားခဲ့ရတော့သည်။ ရှောင်နန် ထိုစကားကို ပြောလိုက်သည့် ကနဦးအချိန်၌ပင် သူ အရာအားလုံးကို နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။ ဤအဖိုးအို၏ ခွင့်ပြုချက်မရှိဘဲ မိမိသည် အဘယ်ကြောင့် မတ်တပ်ရပ်ရန် သို့မဟုတ် စကားပြောရန်ပင် မစွမ်းသာခဲ့ရသနည်းဟူသော အကြောင်းရင်းကို သူ နားလည်သွားခဲ့ချေပြီ။
ထိုအရာများကို မလုပ်နိုင်အောင် တားဆီးထားသည်မှာ အဖိုးအို၏ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ကောင်းလှသော တည်ရှိမှုစွမ်းအားသက်သက်ကြောင့်သာ ဖြစ်ပြီး၊ ၎င်းဖြစ်ရပ်မှာ ဤအဖိုးအို၏ ချီစွမ်းအင်သည် မိမိတို့နှင့် ကောင်းကင်နှင့်မြေကြီးကဲ့သို့ နယ်ပယ်အဆင့်အတန်း အဆမတန် ကွာခြားလွန်းနေမှသာလျှင် ဖြစ်နိုင်ချေရှိသောအရာ ဖြစ်ပေသည်။ ယုံကြည်ရခက်ခဲလှသည်ဟု ထင်မှတ်ရသော်လည်း သူ၏စိတ်ထဲ၌မူ လက်ခံရန်မှတစ်ပါး အခြားမရှိတော့ချေ။
ဤအဖိုးအိုသည်ကား အထွတ်အထိပ် ဧကရာဇ်နယ်ပယ်အဆင့်သို့ ဆိုက်ရောက်ထားသည့် အနှိုင်းမဲ့ကျင့်ကြံသူတစ်ဦးပင် ဖြစ်တော့သည်။
အခြေခံအုတ်မြစ်အဆင့်ကို ကျော်ဖြတ်ကာအတွင်းအားစုစည်းခြင်း အဆင့်င့်သို့ တက်လှမ်းနိုင်ခြင်းမှာ သာမန်အားဖြင့် မျှော်လင့်ထားနိုင်သောအရာ ဖြစ်၏။ အမှန်စင်စစ်အားဖြင့် မိမိ၏ သက်တမ်းတစ်လျှောက်လုံးတွင် အတွင်းအားစုစည်းခြင်း အဆင့်နှင့် ထိုထက်မြင့်မားသော နယ်ပယ်အဆင့်ကိုပင် မကျော်ဖြတ်နိုင်သောသူဟူ၍ ရှိခဲ့ပါက ၎င်းမှာ လှောင်ပြောင်ဖွယ်ရာ အချက်တစ်ခုပင် ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ထိုနယ်ပယ်အဆင့်များနှင့် အထွတ်အထိပ် ဧကရာဇ်အဆင့်တို့အကြားရှိ ကွာဟချက်မှာမူ နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကြီးမားလွန်းလှသည်။ ၎င်းကို ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသည်ဟု ဆိုရုံမျှဖြင့်တင် လုံလောက်မှု မရှိနိုင်ချေ။
အရှေ့ဘက်ဆိပ်ကမ်းမြို့တော်အတွင်း၌ ဧကရာဇ်နယ်ပယ်အဆင့်သို့ ရောက်ရှိထားသူဟူ၍ ရှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးတည်းသာ ရှိပေသည်။ ရှောင်ဂိုဏ်းသည် ဤမြို့အတွင်း၌ အင်အားအကြီးဆုံးဂိုဏ်း ဖြစ်နေရခြင်း၏ အကြောင်းရင်း ထက်ဝက်ခန့်မှာ သူ၏ ကြီးမားလှသော စွမ်းပကားကြောင့်ပင် ဖြစ်သည်ဟု ဆိုနိုင်သည်။ တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် ကြည့်မည်ဆိုလျှင်ပင် ဧကရာဇ်နယ်ပယ်အဆင့်သို့ ရောက်ရှိထားသော လူဦးရေမှာ တစ်ရာထက် မပိုလှချေ။
သို့သော်လည်း ယခု သူတို့၏ ရှေ့မှောက်တွင် ရှိနေသော အဖိုးအို၊ ဤဝိညာဉ်အဖိုးအို ကျန်းမှာကား သေချာပေါက် ဧကရာဇ်နယ်ပယ်အဆင့်တွင် ရှိနေသည့် ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်နေခဲ့ချေပြီ။
"မှန်းစမ်း..." အဖိုးအိုကျန်းက သူ၏ မုတ်ဆိတ်မွေးကို သုံးသပ်သလို ပွတ်သပ်ရင်း ဆိုလိုက်သည်။ သူ၏ မျက်ဝန်းများက ရှောင်နန်ကို သေချာစွာ စူးစိုက်ကြည့်ရှုနေခဲ့၏။
" အောက်ခြေအဆင့်မှာပဲ ရှိနေသေးတာတောင် ငါ့အဆင့်ကို အကဲခတ်နိုင်တာပဲ။ မဆိုးပါဘူး ကောင်စုတ်လေး... တကယ့်ကို မဆိုးဘူးပဲ။ ဒါပေမဲ့လည်း အဖိုးကြီးတစ်ယောက်ကို အကြာကြီး စောင့်ခိုင်းထားတာက ရိုင်းရာကျတယ်ကွ။ ငါ မေးခွန်းတစ်ခု မေးထားတယ်လေ။ ပြောစမ်း…ငါ့ကို ကုသပေးခဲ့တဲ့ သမားတော်က ဘယ်မှာလဲ"
သူတို့နှစ်ဦးစလုံး အခန်းတွင်းရှိ ဖိအားများ ရုတ်တရက် အဆမတန် မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။ ဤအဖိုး၏မေးခွန်းကို ပြန်လည်မဖြေကြားဘဲနေရန်မှာ မည်သို့မျှ မဖြစ်နိုင်သောအရာပင်။ သူ့ကို အနည်းငယ်မျှ စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်မိခြင်းသည်ပင် သေမင်းကို ဖိတ်ခေါ်နေခြင်းနှင့် တူပေသည်။
"ကျွန်…ကျွန်တော် ပါ" လျူကျင်းက ဆိုလိုက်သည်။
"ဟို..ဟိုလေ ..အဖိုးကို တိုက်တဲ့ဆေးကို ကျွန်တော်ကိုယ်တိုင် ဖော်စပ်လိုက်တာပါခင်ဗျ…"
သူ၏ဦးခေါင်းထက်တွင် ကျဆင်းလာရန် စောင့်ဆိုင်းနေသော သန်လျက်ကြီးတစ်စင်းကဲ့သို့ လေးလံလှသောအရာတစ်ခုက လွှမ်းမိုးသွားခဲ့ရာ၊ မိမိအနေဖြင့် စကားမှားသွားခဲ့ပြီဖြစ်ကြောင်း လျူကျင်း သိရှိလိုက်ရတော့သည်။
"ဟေ….မင်းလားကွ… " ဟု အဖိုးအိုက အံ့အားသင့်ဟန်ဖြင့် ဆိုသည်။
သူ ကြည့်လိုက်သော အကြည့်ကြောင့် လျူကျင်းအနေဖြင့် မိမိကိုယ်ကိုယ် လေထဲတွင် လွင့်ပါးနေသော ဖုန်မှုန့်တစ်စေ့မျှသာရှိသည်ဟု ခံစားလိုက်ရ၏။
"ဟေ့ လာနောက်မနေနဲ့ကွ ...ငါ့မှာ ပြက်လုံးတွေ နားထောင်နေဖို့ အချိန်မရှိဘူး ကောင်လေး…အခု ချက်ချင်းပြောစမ်း၊ ငါ့ကို ဘယ်သူ ကုသပေးခဲ့တာလဲ"
"ကျွန်တော် ကုခဲ့တာပါခင်ဗျာ.." ဟု လျူကျင်းက ထပ်မံ၍ အခိုင်အမာ ပြောဆိုလိုက်သည်။
"ကျွန်တော် ကျိန်ဆိုရဲပါတယ်ဗျာ"
"ဒါ အမှန်တရားပါပဲ အရှင်မြတ် " ဟု ရှောင်နန်ကလည်း ဝင်ရောက်ထောက်ခံကာပြောလိုက်သည်။
"သူ အရှင်မြတ်ကို တိုက်မယ့် ဆေးဖက်ဝင်ပစ္စည်းတွေကို သေချာလေး သန့်စင်ဖော်စပ်နေတာကို ကျွန်တော်မျိုး ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့တာပါဗျာ .."
"အံမာ ….မင်းတို့က ငါ့ကို..." ဟု အဖိုးအိုကျန်းက မယုံနိူင်ဟန်ဖြင့် ဆိုသည်။
"ကောင်းပြီလေ... အကယ်၍များ မင်းတို့က ဇာတ်လမ်းထွင်ပီး မဟုတ်မမှန် လိမ်ညာ ပြောဆိုနေတယ်ဆိုရင်တော့ ငါ့အကြောင့်သိမယ်နော် …ကိုင်း ငါမေးမယ် ဖြေစမ်း မင်း အဲဒီဆေးကို ဘယ်လိုမျိုး ပြင်ဆင်ဖော်စပ်ခဲ့တာလဲ"
"ကျွန်တော်မျိုး တို့ ဆေးဖက်ဝင်အပင်တွေ သွားရောက်စုဆောင်းရင်းနဲ့ အရှင်မြတ်ကို တွေ့ရှိခဲ့တာပါ"
လျူကျင်းက ရှောင်နန်၏ ခေါ်ဝေါ်သုံးနှုန်းပုံအတိုင်း လိုက်လံပြောဆိုလိုက်သည်။
"အရှင်မြတ်ရဲ့ ရောဂါအခြေအနေက ကျွန်တော်မျိုး တစ်ခါမှ မမြင်ဖူးတဲ့ အခြေအနေမျိုး ဖြစ်နေခဲ့တာပါ။ မြို့ထဲကို ပြန်ခေါ်သွားမယ့် ခရီးစဉ်အတွင်းမှာတင် အသက်ရှင်နိုင်ပါ့မလားဆိုတာ ကျွန်တော်မျိုးတို့ မသေချာခဲ့ပါဘူး။ အပြစ်ရှိတယ်ဆိုရင်လည်း ခွင့်လွှတ်ပေးပါဗျာ၊ အရှင်မြတ်ကို ကုသပေးနိုင်မယ့် အရာတစ်ခုခု ရှိမလားဆိုပြီး အဝတ်အစားတွေထဲမှာ ရှာဖွေကြည့်ဖို့ကလွဲလို့ အခြားရွေးချယ်စရာ မရှိခဲ့ပါဘူး။ အဲဒီလိုနဲ့ပဲ သိုလှောင်အိတ်ထဲမှာ ခဲနေတဲ့ ခရမ်းရောင် မြေခွေးလက်အိတ်ပန်းပင်ကို ရှာတွေ့ခဲ့တာပါ"
"ဟေ....မင်းကဘယ်လိုလုပ် ဒီနာမည်ကို …" အဖိုးအိုကျန်းက တွေးတောဆင်ခြင်နေသော အကြည့်ဖြင့် သူ့ကို စူးစိုက်ကြည့်ရင်း ဆိုသည်။
"မှန်မှန်ပြောစမ်း မင်းက အဲဒီအပင်ရဲ့ နာမည်ကို ဘယ်လိုဖြစ်လို့ သိနေရတာလဲ"
"ကျွန်တော်မျိုးရဲ့ အဖေက သမားတော်တစ်ယောက်ပါ အရှင်မြတ်" ဟု လျူကျင်းက သူ၏ဦးခေါင်းကို အောက်သို့ နှိမ့်ချထားလျက် ဆက်လက်ပြောကြားသည်။
"သူ့ဆီကနေတစ်ဆင့် မတူညီတဲ့ ဆေးမြစ်ဆေးပင်မျိုးစုံရဲ့ နာမည်တွေကို ကျွန်တော်မျိုး သင်ယူခဲ့ရတာပါ။ ခဲနေတဲ့ ခရမ်းရောင် မြေခွေးလက်အိတ်ပန်းပင်ကို ဒီနေ့မတိုင်ခင်အထိ တစ်ခါမှ မမြင်ဖူးခဲ့ပေမဲ့၊ ကျွန်တော်မျိုး အဖေရဲ့ ဆေးပညာကျမ်းစာအုပ်တစ်အုပ်ထဲက သရုပ်ဖော်ပုံကို ကြည့်ပြီး မှတ်မိသွားခဲ့တာပါ"
"အဲဒီတော့... မင်းက ဒီဝိညာဉ်အဖိုးအို ကျန်းကို ကုသပေးဖို့အတွက် အဆိပ်ရှိတဲ့ အပင်တစ်ပင်ကို အသုံးပြုဖို့ စဉ်းစားခဲ့တယ်ပေါ့ ဟုတ်စ.."
"ဟို..ဟို ကျွန်တော်မျိုးကို အဲဒီလို လုပ်ဝံ့ဖို့အထိ သတ္တိပေးခဲ့တာက ဝိညာဉ်မြက်နီပင်ကြောင့်ပါ အရှင်မြတ်" ဟု လျူကျင်းက ဝန်ခံပြောဆိုသည်။
"ကျွန်တော်မျိုးတို့ အရှင်မြတ်ကို စတင်တွေ့ရှိချိန်မှာ အဲ့မြက်ပင်က ပြာအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဖြစ်ပေမဲ့ အရှင်မြတ်လက်ထဲမှာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာတွေ့ခဲ့ရပါတယ် ။ ဝိညာဉ်မြက်နီပင်ဟာ သာမန်ဆေးပင်တစ်မျိုးလို့ ထင်ရပေမဲ့ ပြင်းထန်တဲ့ ဓာတ်ပြုမှု ဂုဏ်သတ္တိတွေ ရှိပါတယ်။ ဒါကြောင့် အရှင်မြတ်အနေနဲ့ ရောဂါဝေဒနာကို ဒဏ်မခံနိူင်ဖြစ်ပီး မလဲကျသွားခင်မှာ မိမိကိုယ်ကိုယ် ကုသဖို့ ကြိုးစားနေခဲ့တာ ဖြစ်လိမ့်မယ်လို့ ကျွန်တော်မျိုး တွေးမိခဲ့ပါတယ်။ တကယ်လို့အဲဒီလိုသာဆိုရင် အရှင်မြတ်ရဲ့ ကိုယ်ပေါ်မှာ ကုသဖို့ လိုအပ်တဲ့ အခြားဆေးဖက်ဝင်ပစ္စည်းတွေလည်း သေချာပေါက် ပါလာနိုင်တယ်လို့ ယူဆခဲ့တာပါဗျာ"
"အော …ဒါဆို မင်းက ဒီဝိညာဉ်အဖိုးအို ကျန်းရဲ့ အသက်နဲ့ မင်းယူဆချက်ကို လောင်းကြေးထပ်ခဲ့တာပေါ့ ဟုတ်စလား။ ငါ့ကို သေခါနီး မြက်ပင်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် အစားအစာတစ်ခုခုကို စားသုံးဖို့ ကြိုးစားနေတဲ့ သေလုမျောပါး လူနာတစ်ယောက်လို့ မတွေးဘဲ၊ ဆေးပညာဗဟုသုတ ရှိတဲ့သူတစ်ယောက်လို့ မင်းက ကိုယ်တိုင် ယူဆလိုက်တာပေါ့လေ…"
"မှန်ပါတယ် အရှင်မြတ်" ဟု လျူကျင်းက တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်လည်ဖြေကြားလိုက် သည်။
"ကျွန်တော် အရှင်မြတ်ရဲ့ အသက်နဲ့ လောင်းကြေးထပ်ခဲ့မိတာမို့လို့ အဲဒီ မိုက်ရူးရဲဆုံးဖြတ်ချက်အတွက် ဘယ်လိုနည်းနဲ့မှ တောင်းပန်လို့ မကျေနိူင်တော့ပါဘူးဗျာ ..ဒါပေမဲ့လဲ ဒီလို သေလုမျောပါး လူတယောက်ကို မြင်ရတဲ့အချိန် ဒီလိုမျိုးအထိ စွန့်စားလုပ်ဆောင်ဖို့ ကျွန်တော်မျိုး ကို သတ္တိပေးခဲ့တဲ့ အချက်တစ်ချက်တော့ ရှိခဲ့ပါတယ်"
"အံမယ် ...ရာရာစစ လေလုံးထွားချက်ကတော့ .၊ ပြောစမ်း အဲဒါက ဘာလဲ ကောင်စုတ်လေး.." ဟု အဖိုးအိုကျန်းက စိန်ခေါ်လိုသော အမူအရာဖြင့် မေးမြန်းလိုက်၏။
သူသည် အသက်ကြီးရင့်ပြီး ခုတင်ထက်၌ ထိုင်နေဆဲ ဖြစ်သော်လည်း၊ လျူကျင်းအဖို့မူ သူသည် မိမိထက် များစွာ မြင့်မားထည်ဝါနေသကဲ့သို့ ခံစားနေရသည်။ သို့သော်ငြားလည်း သူသည် စိတ်ကို တည်ငြိမ်အောင် မွေးမြူလျက် ဆက်လက်ပြောကြားခဲ့၏။
"အရှင်မြတ်ဆီက ရတဲ့ အနံ့က ကျွန်တော်မျိုး အဖေဆီက ရတဲ့အနံ့နဲ့ဆင်တူနေလို့ပါ " ဟု လျူကျင်းက ရုတ်တရက် ဆိုလိုက်သည်။
"ကျွန်တော်မျိုး အဖေက တစ်နေ့ကုန် ဆေးဖက်ဝင်အပင်တွေနဲ့ အလုပ်လုပ်ရသူမို့လို့ အဲဒီဆေးနံ့တွေက သူ့ကိုယ်မှာ စွဲကျန်နေတတ်ပါတယ်။ အရှင်မြတ်ရဲ့ ခန္ဓာကိုယ်က ပြင်းထန်စွာ တောက်လောင်ပူပြင်းနေခဲ့ပေမဲ့၊ အရှင်မြတ်ဆီမှာ ဆေးဝါးတွေနဲ့ အမြဲထိတွေ့ကိုင်တွယ်နေတဲ့သူတစ်ယောက်ရဲ့ အနံ့အသက်က ရှိနေဆဲ ဖြစ်ပါတယ်။ အရှင်မြတ် အိတ်ထဲက ပစ္စည်းတွေကို မြင်တွေ့လိုက်ရတဲ့အချိန်မှာတော့ အဲဒီ့အတွေးက ပိုပြီးတော့ ခိုင်မာသွားခဲ့တာပါဗျာ"
"အော် အော် ..သည်လိုကိုး... ချီးကျူးလောက်ပါပေတယ်" အဖိုးအိုကျန်းက ကျေနပ်ဟန်ဖြင့် ဆိုလိုက်၏။ ထိုစကားတစ်ခွန်းကြောင့်ပင် အခန်းတွင်းရှိ ဖိအားများ ရုတ်တရက် လျော့ပါးသွားသည်ကို လျူကျင်း ခံစားလိုက်ရသည်။
"ဒါနဲ့...နေပါဦး ဆေးကိုကော မင်း ဘယ်လိုမျိုး ပြင်ဆင်ဖော်စပ်ခဲ့တာလဲ"
"ကျွန်တော်မျိုးမှာ ဆေးဖော်စပ်ဖို့ လိုအပ်တဲ့ ကိရိယာတန်ဆာပလာတွေ မရှိခဲ့ပါဘူး" ဟု လျူကျင်းက ဟုတ်တိုင်းမှန်ရာအတိုင်း ဝန်ခံလိုက်သည်။
"အဲ့အချိန်မှာ ကျွန်တော်မျိုးအတွက် တစ်ခုတည်းသော ရွေးချယ်စရာကတော့ ဆေးဖက်ဝင်ပစ္စည်းတွေကို မိမိရဲ့ ကျင့်စဉ်စွမ်းအားနဲ့ပဲ သန့်စင်ဖော်စပ်ဖို့ပါပဲ"
“ဟား..ဟား..ဟား…”
အဖိုးအိုကျန်းက အော်ဟစ်ရယ်မောလိုက်သံကြောင့် သူတို့နှစ်ဦး မျက်လုံး ပင်ပြူးမတတ် လန့်သွားသည် ။
"မင်းက ဆေးကျိုအိုး ဒါမှမဟုတ် မီးဖို တစ်ခုခုမှမရှိဘဲနဲ့ ခဲနေတဲ့ ခရမ်းရောင် မြေခွေးလက်အိတ်ပန်းပင်ကို သန့်စင်နိုင်ခဲ့တယ်လို့ ငါ့ကို ယုံကြည်စေချင်တာလား။ မင်းရဲ့ ကိုယ်ပိုင်ကျင့်စဉ်စွမ်းအားသက်သက်နဲ့တင်ပေါ့။ မင်းကလား...။ အတွင်းအားစုစည်းခြင်း အဆင့်ကိုတောင် မရောက်သေးတဲ့ ကလေးငယ်တစ်ယောက်ကလား"
"မှန်ပါတယ်ဗျာ …ဒါ အမှန်တရားပါပဲ အရှင်မြတ်" ဟု ရှောင်နန်က ဦးခေါင်းကို နှိမ့်ချလျက် ပြောဆိုလိုက်သည်။
"ကျွန်တော်မျိုး ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့တာပါ"
"ငါ့နှယ် ... ဒီကလေးတွေရဲ့ ရယ်စရာကောင်းတဲ့ ပုံပြင်တစ်ပုဒ်ကို နားထောင်နေရပါလား.." ဟု အဖိုးအိုကျန်းက သူ့ကိုယ်သူ ရီချင်နေဟန်ဖြင့် ဆို၏။ ထို့အတူ အဖိုးအို၏ မျက်နှာထက်တွင် အပြုံးတစ်ခုဟု ဆိုနိုင်သောအရာတစ်ခု ထင်ဟပ်လာခဲ့သည်။
"ဒါပေမဲ့လည်း မင်းတို့ပြောတာက အမှန်တရားနဲ့ နီးစပ်နေသလိုပဲ။ပီးတော့ မင်းတို့မျက်နှာတွေက လိမ်ညာမယ့်သူတွေရဲ့ မျက်နှာမျိုး မဟုတ်ကြဘူး။ကိုင်း … ပြောစမ်းပါဦး ကလေးရဲ့... မင်းလိုမျိုး အရည်အချင်းရှိတဲ့သူတစ်ယောက်ကို ပြုစုပျိုးထောင်ပေးနိုင်တဲ့ မင်းရဲ့အဖေက ဘယ်သူလဲ"
"အဲဒါ ကျွန်တော်ပါပဲဗျာ .."
ထိုသို့ ပြောဆိုလိုက်သူမှာ ရှောင်နန် မဟုတ်ချေ။ လျူကျင်း သို့မဟုတ် အဖိုးအိုကျန်းလည်း မဟုတ်ပေ။
လျူကျင်းသည် အဖိုးအိုကျန်း၏ ပြင်းထန်လှသော တည်ရှိမှုစွမ်းအားအပေါ်တွင်သာ အာရုံစူးစိုက်နေခဲ့သဖြင့် သူတို့ စကားပြောဆိုနေစဉ်အတွင်း ဆေးခန်းထဲသို့ တစ်စုံတစ်ဦး ဝင်ရောက်လာခဲ့သည်ကို သတိမပြုမိခဲ့ချေ။
သူ့အဖေ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
လျူကျင်း၏ မျက်နှာ ဖြူလျော်သွားခဲ့ရတော့၏။ အကယ်၍ အဖိုးအိုကျန်း၏ ရှေ့မှောက်တွင် စကားပြောဆိုရန်ပင် မိမိနှင့် ရှောင်နန်တို့အတွက် ဤမျှအထိ ခက်ခဲနေခဲ့မည်ဆိုပါက၊ ကျင့်စဉ်သွေးကြောများ ပျက်စီးနေခဲ့ပြီဖြစ်သော မိမိ၏အဖေအဖို့မူ ဤလူနှင့် အနီးကပ်ဆုံးနေရာသို့ လုံးဝဥဿုံ မတိုးကပ်သင့်ပေ။
"အဖေ...ဒီ..ဒီကို မလာနဲ့" ဟု လျူကျင်းသည် သူ့အဖေအတွက် စိတ်ပူသွားကာ လှမ်းအော်ရင်းတားလိုက်မိသည် ။
"အဆင်ပြေပါတယ် သားရဲ့" ဟု သူ၏အဖေက ဆိုကာ၊ မည်သည့် မသက်မသာဖြစ်မှုမျိုးမျှမရှိဘဲ သူတို့ထံသို့ တည်ငြိမ်စွာ လျှောက်လှမ်းလာခဲ့သည်။
ထို့နောက် အဖိုးအိုကျန်း၏ ရှေ့မှောက်တွင် ရပ်တန့်လိုက်ပြီး ဦးညွှတ်ဂါရဝပြုလိုက်ရင်း သူတို့နှစ်ဦး မထင်မှတ်ထားသော စကားတခွန်းကို ဆိုလိုက်တော့သည်။
"ဆရာသခင်... မတွေ့ရတာ ကြာပါပြီခင်ဗျာ"