← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆ - နာခံ သင်ယူခြင်း

အဆုံးတွင်တော့ လျူကျင်းတစ်ယောက် အပြင်ဘက်၌သာ နောက်တစ်ကြိမ် စောင့်ဆိုင်းနေရပြန်သည်။ ထိုညက သူ၏အဖေ၊ အဖိုးအိုကျန်းနှင့် ရှောင်ကျိန်းတို့ အခန်းထဲတွင် မည်သို့သော ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသနည်းဆိုသည်မှာ လျူကျင်းအတွက်တော့ အဖြေမရှိသော ပုစ္ဆာတစ်ပုဒ်လို လျှို့ဝှက်ချက်အဖြစ်သာ ကျန်ရစ်ခဲ့သည်။

သူ့စိတ်ထဲတွင်မူ တအုံ့နွေးနွေးနှင့် မကျေမနပ်ဖြစ် နေသည်။ လျူကျင်းသည် အဖေဖြစ်သူ၏ ဆုံးဖြတ်ချက်မှန်သမျှကို လေးစားသူပင်ဖြစ်သော်ငြား၊ ယခုတစ်ကြိမ်တွင်တော့ သူ၏ခံစားချက်ကို ဝန်ခံရပေလိမ့်မည်။ စောနက သူတို့သုံးဦး၏ စကားဝိုင်းသည် အချိန်အတော်ကြာမြင့်ခဲ့ပြီး အဆုံးသတ်တွင်လည်း သူ့အား အရေးတယူမရှိပဲ ပ ထုတ်ခဲ့ပြန်သည်။

ဂိုဏ်းချုပ်ရှောင်ကျန်းတစ်ယောက် ကျေနပ်အားရစွာဖြင့် မျက်နှာပြုံးဖြီးဖြီးနှင့် အခန်းထဲမှ ထွက်လာချိန်အထိ လျူကျင်းမှာ ဆေးခန်းအပြင်ဘက်တွင် တစ်နာရီကျော်တိုင်အောင် ငုတ်တုတ်ထိုင်စောင့်နေခဲ့ရသည်။ ရှောင်ဂိုဏ်းချုပ်သည် လျူကျင်းကို မြင်သည်နှင့် ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် သူ၏ဆံပင်များကို ဖွပွ၍ နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။

"ငါ့ရွေးချယ်မှုက သွေးထွက်အောင်မှန်မယ်ဆိုတာ ငါ ကောင်းကောင်းသိတာပေါ့…

ထိုထည်ဝါခန့်ညားလှသော ရုပ်အသွင်နှင့် ပုဂ္ဂိုလ်ကြီးက လှမ်းထွက်မသွားမီ ဤသို့ နောက်ဆုံးစကား ဆိုခဲ့လေသည်။

ထိုအဖြစ်အပျက် ပြီးဆုံးသွားသည်မှာ နှစ်ပတ်ကျော်မျှ အချိန်ကာလ ကုန်လွန်ခဲ့ပြီ ဖြစ်သော်လည်း၊ လျူကျင်းမှာမူ ထိုညက ဆွေးနွေးခဲ့သမျှသော အကြောင်းအရာတို့ကို စိတ်အာရုံတွင် တဖန်ပြန်လည် ပုံဖော်ရင်း ယခုထက်တိုင် အဖြေရှာမရဘဲ တနုံ့နုံ့ တွေးတောဆင်ခြင်နေမိဆဲ ဖြစ်၏။

သူတို့အကြား မည်မျှနက်ရှိုင်းသော လျှို့ဝှက်ချက်များကို မျှဝေခဲ့ကြပါသနည်း။

သူ အသက်အရွယ်ရင့်ကျက်လာချိန်ကျမှသာ အားလုံးကို ဖွင့်ဟပြောပြမည်ဟု အဖေဖြစ်သူက ကတိပြုခဲ့ဖူးသည်။ ၎င်းသည် အဖေဖြစ်သူ၏ နှုတ်ထွက်ကတိသစ္စာ ဖြစ်သောကြောင့် လျူကျင်းအနေဖြင့် ထိုစကားလုံးများကို အကြွင်းမဲ့ ယုံကြည်စိတ်ချနိုင်ကြောင်း ကောင်းစွာ နားလည်ထား၏။ သို့သော်ငြားလည်း...ဦးခေါင်းတစ်ခုလုံး၌ အဖြေမရှိသော မေးခွန်းပေါင်းများစွာ ရစ်ဝိုင်းပြည့်နှက်နေလျက်နှင့်... သူသည် ဤသာမန်ရက်စွဲများကို မည်ကဲ့သို့ စိတ်အေးလက်အေး ဆက်လက်ဖြတ်သန်းသွားနိုင်ပါတော့အံ့နည်း။

သူ မှတ်မိသမျှ ကာလပတ်လုံး... လျူကျင်းသည် အဖေဖြစ်သူအပေါ် ကွယ်ရာ၌ တိုးတိုးတိတ်တိတ် ကဲ့ရဲ့ရှုတ်ချကြသော လူအများ၏ စကားသံများကို အံကြိတ်သည်းခံရင်း၊ စိတ်ထဲတွင်မူ မိမိတို့၏ ကံကြမ္မာဆိုးကိုသာ အဖန်ဖန် ကျိန်ဆဲနေခဲ့မိသည်။

အကြောင်းမူကား သူ၏အဖေသည် ယခုအချိန်ထိ ဤလောကမြေပေါ်၌ သက်ရှိထင်ရှားရှိခဲ့သမျှသော လူသားအားလုံးထဲတွင် အမွန်မြတ်ဆုံးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သောကြောင့် ဖြစ်၏။ အသိပညာဗဟုသုတနှင့် သီလကျင့်ဝတ် သိက္ခာပိုင်းတွင် သူသည် အခြားသော လူသားအားလုံးထက် သာလွန်ထူးကဲလှသည်။ လျူကျင်းသည် ဤအချက်ကို သူ၏ နှလုံးသားအောက်ခြေမှ အရင်းခံ၍ အကြွင်းမဲ့ ယုံကြည်ထားခြင်း ဖြစ်၏။

ထို့ကြောင့်လည်း... ဤကျင့်ကြံခြင်းလောက၌ လူအများက အသက်ထက်တန်ဖိုးထားကြသော 'ကျင့်စဉ်စွမ်းအား' ဟူသည့်အရာ သူ၏အဖေ၌ ကင်းမဲ့နေခြင်းမှာ၊ ရက်စက်လှသော ကံကြမ္မာ၏ ပြက်လုံးတစ်ခုမှတစ်ပါး အခြားမရှိဟုသာ ထင်မှတ်ခဲ့မိသည်။

ထိုနာကျင်ဖွယ်အတွေးသည် သူ၏စိတ်အာရုံတွင်းသို့ မရေတွက်နိုင်အောင် အကြိမ်ကြိမ် ဖြတ်သန်းလှုပ်ခတ်ခဲ့ဖူးလေသည်။

ယခုအခါတွင်မူ... လျူကျင်းသည် ၎င်းတို့အားလုံးမှာ အမှန်တရားမဟုတ်ကြောင်း ကောင်းစွာ သိရှိသွားခဲ့ပြီ ဖြစ်သည်။သူ၏အဖေထံမှ ကျင့်စဉ်စွမ်းအားများကို လုယူဖျက်ဆီးသွားခဲ့ခြင်းမှာ ကံကြမ္မာ၏ စိတ်ကူးပေါက်ရက်စက်မှုကြောင့် မဟုတ်ချေ။

ထိုအစား... ၎င်းမှာ အဖေဖြစ်သူကိုယ်တိုင် မိမိကိုယ်ကိုယ် ပြစ်ဒဏ်ခတ်ကာ စွန့်လွှတ်ခဲ့ခြင်းသာ ဖြစ်နေခဲ့၏။ မိမိတို့ သားအဖနှစ်ဦး ကြုံတွေ့ခဲ့ရသမျှသော ဆင်းရဲဒုက္ခနှင့် ပြဿနာအဖြာဖြာတို့၏ အကြောင်းရင်းမြစ်မှာ... အဖေဖြစ်သူကိုယ်တိုင် ဖန်တီးခဲ့သော အကျိုးဆက်များ ဖြစ်နေခဲ့ချေပြီ။

အဘယ်ကြောင့်နည်း... မည်သည့်အရာက လူသားတစ်ဦးကို မိမိကိုယ်ကိုယ် ထိုမျှအထိ ရက်စက်သော အမှုမျိုးပြုရန် တွန်းအားပေးနိုင်ခဲ့သနည်း။သူ၏အဖေသည် မည်သို့သော အတိတ်သမိုင်းကြောင်းနှင့် အမှောင်ထုမျိုး ရှိခဲ့ဖူး၍... 'ဧကရာဇ်နယ်ပယ်အဆင့်' ရှိ မဟာပုဂ္ဂိုလ်ကြီးတစ်ဦးက သူ၏ ဆရာသခင် ဖြစ်နေခဲ့ရသနည်း။

၎င်းမှာ မည်သို့မျှ အဓိပ္ပာယ်မရှိနိုင်၊ ကောင်းကင်နှင့် မြေကြီး နေရာချင်း လဲလှယ်သွားခဲ့သကဲ့သို့ပင် အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းလှပေသည်။မိမိ၏ ကမ္ဘာကြီးသည် ဤမျှလောက်အထိ တိုတောင်းသော အချိန်ကာလအတွင်း အကြီးအကျယ် ပြောင်းလဲပြိုလဲသွားခဲ့ပြီးနောက်... မိမိအနေဖြင့် သာမန်နေ့စဉ်ဘဝကို မည်သို့ ဆက်လက်ရှင်သန်သွားရန် မျှော်လင့်ခံနေရသနည်းဆိုသည်ကို လျူကျင်း မည်သို့မျှ နားမလည်နိုင်တော့ချေ။

သူ့အနေဖြင့်သာမန်အတိုင်း ဟန်ဆောင်ကာ ဆက်လက်ရှင်သန်ရန်ကလွဲ၍ အခြားရွေးချယ်စရာ မရှိချေ။

သူ့အဖေဖြစ်သူမှာမူ ထုံးစံအတိုင်းပင် ဆေးခန်း၌ ဆေးဝါးကုသခြင်းအလုပ်ကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်၏။ လျူကျင်းသည်လည်း ထုံးစံအတိုင်း 'ရှောင်ဂိုဏ်း' ၏ အပြင်စည်းတပည့်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခြင်းနှင့်... အဖေ၏ဆေးခန်းတွင် ဝင်ရောက်ကူညီပေးခြင်းတို့အကြား မိမိ၏ အချိန်ကာလများကို ခွဲဝေအသုံးပြုနေဆဲ ဖြစ်သည်။

သို့သော်... အဖိုးအိုကျန်းနှင့် ပတ်သက်၍မူကား...။

"မင်း ကျင့်ကြံနေတာ မှားနေတယ်..."

ယခုအခါ နားထဲတွင် ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သော အဖိုးအိုကျန်း၏ လေးနက်လှသော စကားသံ ကြီး အခန်းတွင်း၌ ဟိန်းထွက်လာချိန်တွင်၊ လျူကျင်းသည် သူ၏မျက်လုံးများကိုပင် ဖွင့်မကြည့်ခဲ့မိချေ။

ရှေးနှစ်ပတ်ကဖြစ်ခဲ့သော ထူးခြားသော ဖြစ်စဉ်နေ့ကစ၍ အဖိုးအိုကျန်းသည် သူတို့အိမ်၏ အမြဲတမ်းဧည့်သည်တစ်ဦး ဖြစ်လာခဲ့သည်။ အဖေဖြစ်သူ၏ အဆိုအရ... ထိုအဖိုးအိုကြီး၏ ခန္ဓာကိုယ်တွင်းမှ ဒဏ်ရာဝေဒနာမှာ ယခုထက်တိုင် လုံးဝဥဿုံ မပျောက်ကင်းသေးချေ။

နောက်ထပ် ဆေးဝါးကုသမှုများစွာ လိုအပ်နေသေးပြီး၊ ၎င်းဝေဒနာကို ကုသဖြည့်ဆည်းပေးနိုင်သူမှာလည်း ဤလောကတွင် သူ၏အဖေတစ်ဦးတည်းသာ ရှိ၏။

ထို့ကြောင့်... အဖေဖြစ်သူ၏ 'မဟာဆရာသခင်ဟောင်းကြီး' သည် သူတို့နှင့်အတူ တစ်မိုးအောက်တည်း၌ လာရောက်မှီတင်းနေထိုင်ခြင်းမှာ၊ အလွန်ပင် သဘာဝကျလှသော အကြောင်းတရားတစ်ခု ဖြစ်ပေတော့သည်။

သို့သော်ငြားလည်း... လျူကျင်းအနေဖြင့် မိမိ၏ သည်းခံနိုင်စွမ်းကို စိန်ခေါ်စမ်းသပ်ခံနေရသကဲ့သို့ ပြင်းထန်စွာ ခံစားနေရ၏။

"ရိုသေလေးစားအပ်တဲ့ မဟာအရှင်မြတ်ခင်ဗျာ..."

လျူကျင်းက ဆက်လက်တိတ်ဆိတ်နေခြင်းမှာ ရိုင်းပျရာကျလိမ့်မည်ကို သိရှိသောကြောင့် အားနာဟန် စကားဆိုလိုက်သည်။

"ကျွန်တော့်ရဲ့ ရိုင်းပျမှုကို ခွင့်လွှတ်ပါ ဆရာသခင် ဧကရာဇ်ကြီး။ ဒါပေမဲ့... အခုအခိုက်အတန့်မှာ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းခရီးလမ်း တိုးတက်ဖို့အတွက်ပဲ စိတ်အာရုံ အကုန်ပုံအောထားရမယ့် အချိန်မို့လို့ပါ..."

၎င်းမှာ လိမ်ညာပြောဆိုခြင်း မဟုတ်ချေ။ လျူကျင်းအတွက် ဆေးခန်းတွင် ယခုကဲ့သို့သော အားလပ်ချိန် အဖိုးတန်ကို ရရှိရန်မှာ အလွန်ပင် မလွယ်ကူလှပါ။

ယခုအချိန်၌ သူ၏အဖေမှာ ဆေးဝါးများ သွားရောက်ပို့ဆောင်နေသဖြင့် အပြင်သို့ ရောက်ရှိနေသည်။ ယနေ့ ကျန်ရှိသော အချိန်များအတွက်လည်း လာရောက်ပြသရန် ချိန်းဆိုထားသည့် လူနာဟူ၍ မရှိတော့ချေ။ ၎င်းမှာ လွန်စွာ ရှားပါးလှသော အခွင့်အရေးကောင်းတစ်ခု ဖြစ်သဖြင့် လျူကျင်းသည် ကျင့်ကြံခြင်း အခြေခံအုတ်မြစ် လေ့ကျင့်ခန်းအချို့ကို ပြုလုပ်ရန် ဤအချိန်ကို အသုံးပြုနေခြင်း ဖြစ်၏။

ထိုလူငယ်လေးသည် သူ၏အခန်းတွင်း၌ တင်ပလ္လင်ခွေ ထိုင်နေခဲ့သည်။ သူသည် မိမိ၏ ကျင့်စဉ်သွေးကြောများ တစ်လျှောက် ကျင့်စဉ်စွမ်းအား ကို စွမ်းအားကုန် လှည့်ပတ်မောင်းနှင်နေစဉ်၊ သူ၏ခန္ဓာကိုယ်ထက်၌ ချွေးစေးများ အနည်းငယ် စိုရွှဲကျဆင်းနေခဲ့၏။

"အဟက်... မင်း တကယ်လိုအပ်နေတာက စိတ်အာရုံ စုစည်းတာမဟုတ်ဘူး၊ ကျင့်ကြံတဲ့ဟန်တွေကို ပြန်ပြီး ပြုပြင်တည့်မတ်ပေးဖို့ပဲ... လူလေးရဲ့..."

အဖိုးအိုကျန်းက အေးအေးလူလူပင် ပြန်လည်တုံ့ပြန်လိုက်ရာ၊ လျူကျင်းအနေဖြင့် သူ၏မျက်လုံးများကိုသာ ဖွင့်ကြည့်လိုက်မည်ဆိုပါက... ထိုအဖိုးအိုကြီး၏ သရော်ပြုံး ပြုံးနေသော မျက်နှာကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရလိမ့်မည် ဖြစ်ကြောင်း သေချာပေါက် သိနေသည်။

"မင်းအနေနဲ့ အစကတည်းက ကျင့်ကြံခြင်းလမ်းစဉ်ကို အမှားကြီး လျှောက်လှမ်းနေခဲ့တာဆိုရင်တော့... ဒီလောကမှာရှိတဲ့ ဘယ်လို စိတ်အာရုံ စုစည်းမှုမျိုးကမှ မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ မင်းကတော့ အခြားလူတွေထက် ပိုပြီးတော့ ကြည်လင်ပြတ်သားတဲ့ စိတ်အာရုံနဲ့ ဆက်ပြီး လမ်းမှားနေဦးမှာပဲ-- ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်... မင်း လျှောက်နေတဲ့ လမ်းကြောင်းက မှားယွင်းနေတယ်ဆိုတာကတော့ ငြင်းပယ်လို့မရတဲ့ အရှိတရားပဲပေါ့"

ယခုတစ်ကြိမ်တွင်မူ... လျူကျင်းသည် သူ၏မျက်လုံးများကို အမှန်တကယ်ပင် ဖွင့်ကြည့်လိုက်ပြီး၊ ထိုအဖိုးအိုကြီးအား သေသေချာချာ စိုက်ကြည့်လိုက်တော့သည်။

မျှော်လင့်ထားသည့်အတိုင်းပင်... အဖိုးအိုကျန်း၏ မျက်ဝန်းများသည် လျူကျင်း အထူးတလည် သဘောမကျလှသော မြော်မြင်တတ်သည့် သရော်ရိပ်အလင်းတစ်ခုဖြင့် တောက်ပနေခဲ့၏။

ထိုစူးရှသော မျက်ဝန်းများက သူ့အား မိမိကို အကြောင်းပြု၍ ပြက်လုံးတစ်ခုခု ဖန်တီးနေသကဲ့သို့ ခံစားရစေသည်။

သို့သော်လည်း... အဖိုးအိုကျန်းက သူ့အား မည်မျှပင် လူမိုက်တစ်ယောက်ကဲ့သို့ အောက်ကျနောက်ကျ ခံစားရအောင် ပြုလုပ်နိုင်ပါစေဦးတော့၊ ထိုမဟာဆရာသခင်ဟောင်းကြီးသည် 'ဧကရာဇ်နယ်ပယ်အဆင့်' ရှိ မဟာပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်ဟူသောအချက်ကိုမူကား မည်သို့မျှ ငြင်းပယ်၍ မရနိုင်ချေ။

ဆင်ခြင်တုံတရားအရ အေးအေးလူလူ တွေးတောကြည့်လျှင်... ထိုကဲ့သို့သော အထွတ်အထိပ်ပုဂ္ဂိုလ်၏ လမ်းညွှန်အကြံဉာဏ်ကို ရယူခြင်းက မိမိ၏ ကျင့်ကြံခြင်းလမ်းခရီးအတွက် မဟာကောင်းကျိုးများသာ ဖြစ်ထွန်းစေလိမ့်မည် ဖြစ်ကြောင်း လျူကျင်း ကောင်းစွာ သဘောပေါက်ထားသည်။

၎င်းအချက်ကို နှလုံးသွင်းသိရှိထားသော်ငြားလည်း... လျူကျင်းသည် ထိုသူ၏ 'တပည့်အဖြစ် ခံယူရန်' ကမ်းလှမ်းချက်ကို ယခုထက်တိုင် မာနဖြင့် တောင့်ခံလျက်၊ လက်မခံသေးဘဲ ရှိနေခဲ့သည်။

အမှန်တော့... အဖိုးအိုကျန်းက သူ့အား ဆေးပညာရပ်ဆိုင်ရာ တပည့်တစ်ဦးအဖြစ် ခံယူရန် ကမ်းလှမ်းခဲ့ဖူးခြင်း ဖြစ်သည်။

သူတို့ ဦးစွာ ဆုံတွေ့ခဲ့ကြသည့် ပထမဆုံးနေ့၌ပင် ဤလမ်းစကို အရိပ်အမြွက် ပြောကြားခဲ့ပြီး၊ နောက်တစ်နေ့တွင်မူ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ခြင်း ဖြစ်၏။ ထိုစဉ်က လျူကျင်းအနေဖြင့် မည်သို့ ပြန်လည်တုံ့ပြန်ရမည်ကို မသိရှိခဲ့ချေ။ အကြောင်းမူကား... သူ၏ဘဝတွင် အတတ်ပညာ သင်ယူလိုသော တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ သူ့အဖေသာ ဖြစ်နေခဲ့သောကြောင့် ဖြစ်သည်။

၎င်းမှာ အတ္တဆန်ပြီး ကလေးကလားဆန်သော ဆန္ဒတစ်ခုမျှသာ ဖြစ်ကြောင်းကို လျူကျင်းကိုယ်တိုင်လည်း ကောင်းစွာ သဘောပေါက်ပါသည်။ မိမိ၏အဖေအား သွန်သင်ပြသခဲ့ဖူးသော 'မဟာဆရာသခင်ကြီး' ထံမှ မိမိအနေဖြင့် မိုးနှင့်မြေကဲ့သို့ ကွာခြားလှသော အတတ်ပညာရပ်များကို သင်ယူစရာ ရှိလိမ့်မည်ဟူသောအချက်ကိုလည်း သူ သေချာပေါက် သိရှိထားသည်။

သို့သော်ငြားလည်း... သူ၏ နှလုံးသားထဲမှ ဇွတ်တရွတ်နိုင်လှသော စိတ်ခံစားချက်ကိုမူ... သူကိုယ်တိုင်လည်း အာဏာမစိုးမိုးနိုင်ခဲ့ချေ။

ထိုမိုက်ရူးရဲဆန်သော ခံစားချက်ကို ရိပ်မိ၍ ထင်သည်။... အဖိုးအိုကျန်းက နောက်ဆုံး ဆုံးဖြတ်ချက်မချမီ သေသေချာချာ စဉ်းစားတွေးတောရန် သူ့အား အချိန်ပေးကာ လမ်းညွှန်ပြောဆိုခဲ့ဖူးလေသည်။

လျူကျင်းက ဤအကြောင်းအရာကို ဖွင့်ဟပြောပြလိုက်ချိန်တွင်မူ... ရှောင်နန်မှာ ထိတ်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်ကာ မူးလဲလုနီးပါးပင် ဖြစ်သွားခဲ့ရ၏။

ထို့နောက် သူက လျူကျင်းအား ဘေးဘီသို့ အသည်းအသန် ဆွဲခေါ်သွားကာ... 'ဧကရာဇ်နယ်ပယ်အဆင့်' ရှိ အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးတစ်ဦး၏ မဟာကမ်းလှမ်းမှုကို ဤလောကမြေပေါ်၌ မည်သူတစ်ဦးတစ်ယောက်မျှ ငြင်းပယ်ဝံ့လေ့မရှိကြောင်း၊ သေဘေးနှင့် ရင်ဆိုင်နေရသကဲ့သို့ စိုးရိမ်တကြီးဖြင့် စိတ်ရှည်လက်ရှည် သေသေချာချာ ရှင်းပြခဲ့လေသည်။

ယခုအခါတွင်မူ... အဖိုးအိုကျန်းက မိမိအား ချက်ချင်းအဖြေတောင်းခြင်း မပြုဘဲ စဉ်းစားရန် အချိန်ကာလ ပေးထားခြင်းမှာ၊ အတိုင်းအဆမရှိ နက်ရှိုင်းလှသော ကရုဏာတရားတော် ဖြစ်ကြောင်း လျူကျင်း ကောင်းစွာ သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။

အကယ်၍... အခြားသော ဧကရာဇ်အဆင့် မဟာပုဂ္ဂိုလ်များသာ ဆိုပါက... သူ၏ တုံ့ဆိုင်းနေမှုနှင့် ဝေခွဲမရဖြစ်နေခြင်းကို မိမိတို့၏ အရှိန်အဝါအပေါ် ရိုသေမှုမရှိခြင်းဟု ကောက်ချက်ချကာ စိတ်ပျက်သွားကြလိမ့်မည်။ ဤကျင့်ကြံခြင်းလောက၌ ဧကရာဇ်တစ်ဦး၏ အမျက်ဒေါသကို ဆွဆွပေးကာ မရိုမသေ ပြုမူမိခြင်းဟူသည်မှာ... မိမိကိုယ်တိုင် သေမင်းထံသို့ တိုက်ရိုက် လျှောက်လှမ်းသွားခြင်းနှင့် အတူတူပင် ဖြစ်ပေတော့သည်။

"ဆုံးဖြတ်ချက် မပြတ်သားသေးဘဲ ဝေခွဲမရ ဖြစ်နေတဲ့သူတစ်ယောက်ကို... အခုလိုမျိုး အဖိုးတန်လှတဲ့ လမ်းညွှန်ချက်တွေ ပေးနေတာက မဟာအရှင်မြတ်အတွက်များ အဖိုးတန်အချိန်တွေကို ဖြုန်းတီးရာ ရောက်နေမလားဟင်..."

လျူကျင်းက စိတ်ထဲတွင် တုန့်ဆိုင်းစွာဖြင့် နောက်ဆုံး၌ မေးမြန်းလိုက်သည်။ နောက်ဆုံး ဆုံးဖြတ်ချက်မချရသေးဘဲ အဖိုးအိုကျန်း၏ လမ်းညွှန်မှုကို ကြိုတင်လက်ခံနေခြင်းမှာ၊ လျူကျင်း၏ ဖြောင့်မတ်သော စရိုက်အရ မိမိကိုယ်ကိုယ် လိမ်ညာလှည့်ဖြားနေသကဲ့သို့ အလွန်အမင်း ခံစားရစေသောကြောင့် ဖြစ်၏။

"အာ... ဟုတ်သားပဲ..."

အဖိုးအိုကျန်းက သူ၏ဖြူဖွေးလှသော မုတ်ဆိတ်မွေးများကို အေးအေးလူလူ ပွတ်သပ်ရင်း ဤသို့ ဆိုလိုက်သည်။

"အိမ်း..လောကက လူအများစုက ဒီလိုအခွင့်အရေးအတွက် အသက်တောင် စတေးဝံ့ကြတဲ့ အချိန်... မင်းကတော့ လက်ခံဖို့ တုံ့ဆိုင်းဝေခွဲမရ ဖြစ်နေခဲ့တာပဲ။ ဒါပေမဲ့လည်း... မင်း ဆရာတင်ဖို့ တွေဝေနေတာက ဆေးပညာရပ် ကျင့်စဉ် လေ၊ အခုဒါကတော့ ကျင့်ကြံခြင်းလမ်းစဉ်ဆို‌ တော့ ။ တစ်ခုနဲ့တစ်ခု ရောထွေးပတ်သက်နေဖို့ မလိုပါဘူး"

လျူကျင်းသည် ထိုနက်နဲလှသော စကားလုံးများကို ခဏမျှ တိတ်ဆိတ်စွာ တွေးတောဆင်ခြင်လိုက်၏။ ထို့နောက်…

"ကျွန်တော်... ဘာတွေများ မှားနေလို့လဲ အရှင်မြတ်...""မင်း လုပ်ဆောင်နေတဲ့ အရာတွေထဲကမှ 'မှန်တဲ့အရာ' ကိုပဲ ရွေးပြောရမယ်ဆိုရင်တော့... ဒီအဖိုးကြီးအတွက် အများကြီး ပိုလွယ်လိမ့်မယ်။ ဘာလို့လဲဆိုတော့... မင်းလုပ်သမျှ အားလုံးထဲမှာ မှန်တာဆိုလို့ အပ်ဖျားစွန်းလောက်ပဲ ရှိလို့ပဲလေ..."

အဖိုးအိုကျန်းက တွေးဆဆလေသံဖြင့် အကဲခတ်သကဲ့သို့ ဆိုလိုက်ရာ၊ လျူကျင်းတစ်ယောက် စိတ်ထဲမှ ခံပြင်းသွားသဖြင့် မျက်မှောင်ကြုတ်ချင်စိတ်ကို အားတင်း၍ မနည်းထိန်းချုပ်လိုက်ရလေသည်။

"မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ 'ဒန်တျန်' လို့ခေါ်တဲ့ စွမ်းအင်ဗဟိုချက် သုံးခု ရှိတယ်..."အ

ဘိုးအိုကျန်းက လျူကျင်း၏ ရှေ့တည့်တည့်သို့ အနီးကပ် တိုးဝင်လာရင်း လေးနက်တည်ကြည်သော လေသံဖြင့် မြွက်ဆိုလိုက်သည်။ သူက လျူကျင်း၏ ချက်အောက် သုံးသစ်ခန့်အကွာရှိ 'အောက်ဒန်တျန်' နေရာကိုလည်းကောင်း၊ ထို့နောက် ရင်ဘတ်အလယ်တည့်တည့်ရှိ 'အလယ်ဒန်တျန်' နေရာကိုလည်းကောင်း၊ နောက်ဆုံးတွင် မျက်ခုံးနှစ်ခုကြားရှိ 'အထက်ဒန်တျန်' နေရာကိုလည်းကောင်း မိမိ၏ လက်ညှိုးဖြင့် ခပ်ဖွဖွ ပုတ်ပြလိုက်၏။

"ကွဲပြားခြားနားတဲ့ နယ်ပယ်ဒေသတွေမှာတော့ ၎င်းတို့ကို မတူညီတဲ့ နာမည်အမျိုးမျိုးနဲ့ ခေါ်ဝေါ်ကြလိမ့်မယ်။ ဒါပေမဲ့... အဲဒါက အရေးမကြီးပါဘူး။ အရေးကြီးတာက အဲဒီမဟာဗဟိုချက် သုံးခုစလုံးဟာ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ အမှန်တကယ် တည်ရှိနေတယ်ဆိုတဲ့ အချက်ပဲ။ မင်းအနေနဲ့ အနည်းဆုံးတော့ အဲဒီလောက်အခြေခံအဆင့်အထိ သိထားလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်..."

ထိုအခါ လျူကျင်းက အလေးအနက်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

"အဆီအနှစ်မှသည် ဇီဝချီစွမ်းအားသို့... ဇီဝချီစွမ်းအားမှသည် စိတ်ဝိညာဉ်သို့... စိတ်ဝိညာဉ်မှသည် ဆိတ်သုဉ်းခြင်း တာအိုလမ်းစဉ်ဆီသို့..."

လျူကျင်းသည် ကျင့်ကြံခြင်းတန်ခိုးစွမ်းအား၏ လျှို့ဝှက်နက်နဲမှုနှင့် ပတ်သက်၍ မိမိ၏အဖေဖြစ်သူထံမှ ဦးစွာသွန်သင်နာယူခဲ့ဖူးသော အခြေခံအုတ်မြစ်တရားများကို စိတ်ထဲမှ အလွတ်ပြန်လည်ရွတ်ဆိုပြလိုက်ခြင်း ဖြစ်သည်။

"ကောင်းတယ်..."

အဖိုးအိုကျန်းက စိတ်ကျေနပ်သလို ခေါင်းညိတ်လိုက်ပြီးနောက်…

"ကဲ... အခု အဲဒီအချက်တွေအားလုံးကို ခေါင်းထဲကနေ လုံးဝမေ့ပစ်လိုက်စမ်း..."

ဟု အဘိုးအိုကျန်းက အမိန့်ဆန်ဆန် ဆိုလိုက်သည်။ လျူကျင်းတစ်ယောက် ဆွံ့အသွားကာ ပါးစပ်အဟောင်းသားဖြင့် မေးခွန်းထုတ်မိတော့သည်။

"ခင်ဗျာ... ဘာလို့လဲ အရှင်မြတ်..."

"ဂဏန်းသင်္ချာကိုတောင် သေသေချာချာ မရေတွက်တတ်သေးတဲ့သူတစ်ယောက်ကို... အဆင့်မြင့်သင်္ချာဘာသာရပ်ကြီး သွားသင်ပေးနေလို့ရော ဘာထူးမှာလဲကွ..."

အဖိုးအိုကျန်းက ခပ်ရင့်ရင့်ပင် ပြန်လည်မေးခွန်းထုတ်လိုက်၏။

"ပြည့်စုံကျယ်ပြန့်တဲ့ အသိဗဟုသုတ ရှိတာက မကောင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့... အချို့သောအခြေအနေတွေမှာတော့ အဲဒီအသိတွေကပဲ မင်းရဲ့တိုးတက်မှုကို ပိတ်ဆို့ထားတဲ့ ထောင်ချောက်တစ်ခု ဖြစ်လာတတ်တယ်။ ကဲ... အခု မင်းရဲ့ အာရုံစူးစိုက်မှုကို အောက်ခြေအဆင့်အထိပဲ ကျဉ်းမြောင်းလိုက်စမ်း လူလေးရ…မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ချီစွမ်းအင်ကို လှည့်ပတ်မောင်းနှင်တဲ့အခါ... အတွင်းအားဗဟိုချက် တစ်ခုတည်းအပေါ်မှာပဲ အခြေခံပြီး အာရုံစိုက်ရမယ့်အစား၊ မင်းက ဗဟိုချက် သုံးခုစလုံးအပေါ်ကို မလိုအပ်ဘဲ စွမ်းအားတွေ ခွဲဖြန့်ပြီး အာရုံစိုက်နေမိတယ်ကွ..."

လျူကျင်းတစ်ယောက် ဆွံ့အလျက် တိတ်ဆိတ်သွားခဲ့ပြီး... အဖိုးအိုကျန်း၏ စူးရှလှသော စကားလုံးများကို စိတ်အာရုံထဲ၌ သေသေချာချာ တနုံ့နုံ့ တွေးတောဆင်ခြင်နေမိတော့သည်။ ထို့နောက် သူသည် မိမိ၏ ခန္ဓာကိုယ်အောက်ပိုင်းသို့ ခဏမျှ ငုံ့ကြည့်လိုက်မိ၏။

"အောက်ဘက်က 'အောက်ဒန်တျန်' ဗဟိုချက်ကို ပြောတာလားဟင်..."

သူက အမှန်တရားကို စတင်မြင်စပြုလာသဖြင့် နောက်ဆုံးတွင် မေးမြန်းလိုက်ရာ... အဖိုးအိုကျန်းထံမှ သဘောကျနှစ်ခြိုက်လှသော ခေါင်းညိတ်ပြမှုတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

"ကောင်းတယ်... မှန်တာပေါ့။ 'အောက်ဒန်တျန်' ဗဟိုချက်ဟာ... အခုလောလောဆယ် မင်းရဲ့ ကြိုးပမ်းအားထုတ်မှုအားလုံးကို ပုံအောပြီး အာရုံစိုက်ရမယ့် တစ်ခုတည်းသော နေရာပဲ။ အဲဒါက မင်းရဲ့ ခန္ဓာကိုယ်အလေးချိန်ရဲ့ ဗဟိုချက်တည်ရာမှာ ရှိနေပြီး... နောက်ဆက်တွဲ ပေါ်ပေါက်လာမယ့် ကျင့်စဉ်အဆင့်ဆင့် တိုးတက်မှုအားလုံးအတွက် 'အမြစ်တွယ်ရာ အခြေခံအုတ်မြစ်' အဖြစ် လုပ်ဆောင်ပေးလိမ့်မယ်။ လုံလောက်အောင် ခိုင်မာတောင့်တင်းတဲ့ ကျင့်စဉ်အခြေတည်မှုကိုသာ တည်ဆောက်နိုင်မယ်ဆိုရင်တော့... လောကမှာ ဘယ်လိုအရာကမှ မင်းကို လဲပြို ပျက်စီးအောင် လုပ်နိုင်မှာ မဟုတ်တော့ဘူး..."

လျူကျင်းက အလေးအနက် ခေါင်းညိတ်လိုက်ပြီး... ၎င်းလမ်းညွှန်ချက်နှင့်အညီ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကျင့်စဉ်စွမ်းအား စီးဆင်းမှုကို ချက်ချင်းပင် လမ်းကြောင်းပြောင်းလဲ ညှိနှိုင်းလိုက်တော့၏။

"ဟုတ်ပီဟေ့.. ပိုပြီးတော့ ကောင်းလာဘီ..."

အဖိုးအိုကျန်းက လျူကျင်း၏ ခန္ဓာကိုယ်တွင်း စွမ်းအင်လှုပ်ရှားမှုများကို စူးရှစွာ သေသေချာချာ စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။

"ဒါပေမဲ့လည်း... ပိုပြီးတော့ အထွတ်အထိပ်သို့ တိုးတက်ကောင်းမွန်လာအောင် လုပ်ဖို့ နေရာလွတ်တွေ အများကြီး ရှိနေသေးတာပဲ။ ဒါဆိုရင်... ဒီလိုမျိုး ပြောင်းလုပ်ကြည့်ရင်ရော ဘယ်လိုလဲ..."

အဖိုးအိုကျန်းက ဆန်းကြယ်လှသော တစ်စုံတစ်ခုသော လက်ကွက်အမှုအရာကို ပြုလုပ်လိုက်ချိန်တွင်... လျူကျင်း၏ မျက်လုံးများမှာ အံ့ဩတုန်လှုပ်လွန်းသဖြင့် အလွန်အမင်း ပြူးကျယ်သွားခဲ့ရတော့သည်။

၎င်းမှာ မည်မျှအထိ နက်နဲသော အတတ်ပညာရပ်လဲဆိုသည်ကိုမူ သူ သေသေချာချာ မသိရှိချေ။ ထိုမဟာပုဂ္ဂိုလ်ကြီး လှုပ်ရှားသွားခြင်းကိုပင် သူ၏စိတ်အာရုံက အနည်းငယ်မျှပင် ဖမ်းဆွဲအာရုံမခံမိခဲ့သော်လည်း... တစ်စုံတစ်ခုသော အစီရင်ကို ပြုလုပ်လိုက်သည်ကတော့ အသေအချာပင် ဖြစ်၏။

လျူကျင်း သေသေချာချာ သိရှိလိုက်ရသည့် တစ်ခုတည်းသောအရာမှာ... သူ၏ ခန္ဓာကိုယ်တွင်း၌ ကျင့်စဉ်စွမ်းအား စီးဆင်းမှုနှုန်းမှာ ရုတ်တရက် အံ့ဩဖွယ်ရာ ပြောင်းလဲသွားခြင်း ဖြစ်ပေသည်။

၎င်းမှာ သူ၏ ကျင့်စဉ်သွေးကြောများ အတွင်း၌ နံရံတံတိုင်းများ ရုတ်တရက် ပေါ်ပေါက်လာပြီး စွမ်းအင်လမ်းကြောင်းဟောင်းကို ပိတ်ဆို့လိုက်သကဲ့သို့ ရှိနေသော်လည်း... တစ်ချိန်တည်းမှာပင် တစ်ခါမျှ တည်ရှိမှန်းမသိခဲ့သော 'လျှို့ဝှက်တံခါးချပ်များစွာ' လည်း ဝုန်းခနဲ ပွင့်ဟသွားခဲ့သကဲ့သို့ ခံစားလိုက်ရသည်။

ထိုတုန်လှုပ်ဖွယ် ပြောင်းလဲမှုမှာ မကောင်းသောအရာ လုံးဝမဟုတ်ချေ။ မကောင်းဖို့ရန် ဝေးစွ... ယခုအခါ သူ၏ ကျင့်စဉ်စွမ်းအားမှာ ခန္ဓာကိုယ်အနှံ့အပြား၌ သာမန်ထက် အဆပေါင်းများစွာ ပိုမို၍ သဘာဝကျကျ စီးဆင်းသွားခဲ့ချေပြီ။ သူသည် မိမိ၏ 'အောက်ဒန်တျန်' ဗဟိုချက်အတွင်း၌... ကျင့်စဉ်စွမ်းအားများကို ပိုမိုစင်ကြယ်သန့်စင်စွာ ထိန်းချုပ်စုစည်းရန်အတွက် အတိုင်းအဆမရှိ လွယ်ကူအဆင်ပြေသွားကြောင်း ကွက်ကွက်ကွင်းကွင်း သိမြင်လိုက်ရတော့သည်။

"ရိုသေလေးစားရတဲ့ မဟာအရှင်မြတ်ခင်ဗျာ..."

လျူကျင်းက သူ၏ စကားလုံးများကို သေသေချာချာ ရွေးချယ်ရန် ကြိုးစားရင်း၊ အားနာခန့်ညားစွာဖြင့် စကားစတင်လိုက်သည်။

"ခုနလေးတင်... ကျွန်တော့်ခန္ဓာကိုယ်ထဲမှာ ဘာတွေဖြစ်ပျက်သွားခဲ့သလဲဆိုတာကို သိခွင့်ပြုဖို့၊ နှိမ့်ချစွာဖြင့် မေးမြန်းပါရစေဦးဗျ..."

"မင်းမသိဘူးလား... ငါ မင်းရဲ့ ချီစွမ်းအား စီးဆင်းမှုကို ပြုပြင်ပြောင်းလဲပေးလိုက်တာလေ... လူလေးရဲ့..."

အဘိုးအိုကျန်းက ခေါင်းညိတ်ရင်း အေးဆေးစွာ ဆိုသည်။

"မင်းက ဒါကို သတိမထားမိလောက်အောင်အထိတော့ ထုံအတဲ့သူ မဟုတ်ပါဘူး။ ဘာဖြစ်သွားခဲ့လဲဆိုတာကို မင်းကိုယ်တိုင်လည်း အသိသားပဲဥစ္စာ။ မင်းအနေနဲ့ အမှန်တကယ် မေးသင့်တာက... အဲဒါက 'ဘယ်လိုနည်းလမ်းနဲ့ ဖြစ်ပျက်သွားခဲ့တာလဲ' ဆိုတာကိုပဲ ဖြစ်ရမယ်..."

အဖိုးအိုကျန်းသည် မိမိအား ၎င်းမေးခွန်းကိုသာ ထုတ်ဖော်မေးမြန်းစေလိုခြင်း ဖြစ်ကြောင်းကို လျူကျင်းတစ်ယောက် သဘောပေါက်နားလည်ရန်အတွက်... အသက်ရှူကြိမ် ဆယ်ကြိမ်စာခန့် အချိန်ကာလတစ်ခုအထိ တိတ်ဆိတ်စွာ စဉ်းစားလိုက်ရ၏။

ထို့နောက်…

"ဒီလိုမျိုး ဆန်းကြယ်လှတဲ့အရာက... ဘယ်လိုနည်းလမ်းနဲ့ ဖြစ်နိုင်တာလဲ အရှင်မြတ်..."

"ဒါက ရိုးရိုးလေးပဲကွ... ဒါပေမဲ့ လွယ်ကူဖို့တော့ အဝေးကြီးပေါ့လေ..."

အဖိုးအိုကျန်းက သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချရင်း လမ်းညွှန်လိုက်သည်။

"ငါက... မင်းရဲ့ ပိတ်ဆို့နေတဲ့ ကျင့်စဉ်သွေးကြော အချို့ကို ပွင့်သွားအောင် လုပ်ပေးပြီး၊ ပွင့်နေတဲ့ သွေးကြောအချို့ကိုတော့ ပြန်လည်ပိတ်ပစ်လိုက်ဖို့အတွက် ငါ့ရဲ့ 'ချီစွမ်းအင်' ကို အသုံးပြုလိုက်တာ သက်သက်ပါပဲ။ ဒါဟာ မင်းရဲ့ ခန္ဓာကိုယ်တွင်း ကျင့်စဉ်စွမ်းအားတွေကို 'အောက်ဒန်တျန်' ဗဟိုချက်ဆီသို့ ပိုမိုလွယ်ကူချောမွေ့စွာ စီးဆင်းရောက်ရှိသွားစေနိုင်လိမ့်မယ်။ ၎င်းက အကောင်းဆုံး အထွတ်အထိပ် စီးဆင်းမှုအဆင့်မျိုးတော့ မဟုတ်သေးပေမဲ့... အခုလောလောဆယ် မင်းရဲ့ လေ့ကျင့်မှုအခြေအနေအတွက်တော့ အသင့်တော်ဆုံးနဲ့ အကျန်းမာဆုံး စီးဆင်းမှုပုံစံပဲပေါ့..."

"မဟာအရှင်မြတ်က... ဒီလိုမျိုး ဆန်းကြယ်တဲ့ အတတ်ပညာကို ဒီလိုလွယ်လွယ်လေး လုပ်နိူင်တာပဲလားဗျာ…”

လျူကျင်းတစ်ယောက် အံ့အားသင့်လွန်းသဖြင့် စိတ်ထဲတွင် တုန်လှုပ်လျက် မေးမြန်းလိုက်မိသည်။

"သေချာတာပေါ့ လူလေးရ... အခုလိုအားနည်းနေတဲ့ အခြေအနေအောက်မှာတောင်မှ... ဒီအဖိုးကြီးကျန်း မလုပ်နိုင်တဲ့အရာဆိုတာ မရှိသလောက်ပဲကွ….”.

.ထိုအဖိုးအိုသည် မဟာအထွတ်အထိပ် ပုဂ္ဂိုလ်ကြီးတစ်ဦး၏ အရှိန်အဝါဖြင့် သူ့ကိုယ်သူ ရဲရဲဝံဝံ အခိုင်အမာ ဆိုလိုက်သည် ။ သို့ရာတွင် ထူးဆန်းသည်မှာ ... အဖိုးအို၏ လေးနက်လှသော စကားသံထဲတွင် သာမန်လူများကဲ့သို့ ကြွားဝါလိုသော အရိပ်အယောင် အနည်းငယ်မျှပင် မပါရှိဘဲ အမှန်တရားကိုသာ ဆိုနေခြင်း ဖြစ်ချေသည်"

“ဒါပေမဲ့ လူလေးရဲ့…ဒီသဘောတရားက ခန္ဓာကိုယ်တွင်း 'အကြောချက်' တွေကို အသုံးချတာနဲ့ သိပ်ပြီးတော့ မထူးခြားလှပါဘူး..အဲ ..အဲ့အကြောချက်တွေကို အပ်စိုက်မှတ်လို့လဲခေါ်တယ် ..မင်းအဖေက အဲ့ သဘောတရားအကြောင်းကို မင်းကို သေချာပေါက် ရှင်းပြဖူးမှာပါကွာ ..."

လျူကျင်းက အဖိုးအို၏ စေတနာစကားအား လေးနက်ကျိုးနွံစွာ ခေါင်းညိတ်ပြလိုက်မိသည်။

လူသားတို့၏ ခန္ဓာကိုယ်အတွင်း၌ မတူညီကွဲပြားသော ရလဒ်အဖုံဖုံကို ဖြစ်ပေါ်စေရန်အတွက်... ချီစွမ်းအင် စီးဆင်းမှုကို လှုံ့ဆော်ပေးနိုင်သည့် 'လျှို့ဝှက်အကြောချက်' အချို့ ရှိပေသည်။ သို့သော်လည်း... ထို အကြောချက်များကို လှုံ့ဆော်ခြင်းမှာမူ မည်သူမဆို လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်သော အရာမျိုးကား မဟုတ်ချေ။

ထိုအကြောချက်များကို တိကျစွာ လှုံ့ဆော်ရန်အတွက် အလွန် မြင့်မားလှသော ကျင့်စဉ်အတတ်ပညာနှင့် ကျွမ်းကျင်မှု အထူးလိုအပ်ပေသည်။အတွေ့အကြုံ ရင့်ကျက်လှသော ဝါရင့်သမားတော်ကြီးများပင်လျှင်... 'အပ်စိုက်ကုသနည်း' များကို အသုံးပြုကြရလေ့ရှိသည်၊

သို့ရာတွင် ၎င်း၏ ကုသမှုရလဒ်များမှာလည်း ချက်ချင်းလက်ငင်း ဝုန်းခနဲ ထွက်ပေါ်လာတတ်သည်မျိုး မဟုတ်ချေ။ အဖိုးအိုကျန်းသည် သူ့ခန္ဓာကိုယ်ကိုပင် လက်ဖျားဖြင့် တစ်ချက်မျှ ထိတွေ့ခဲ့ခြင်း မရှိ ပဲ လှုံ့ဆော်နိူင်ကြောင်း လျူကျင်း အသေအချာ သိရှိလိုက်ရသည် ။ သို့ဖြစ်ရာ မဟာသမားတော်ကြီးများနှင့် နှိုင်းယှဉ်ကြည့်လျှင်မူ... လေဟာနယ်ကို ဖြတ်သန်း၍ ချီစွမ်းအင်ဖြင့် သွေးကြောကို ထိန်းချုပ်နိုင်သော အဖိုးအို၏ ကျင့်စဥ်အတတ်ပညာအဆင့်အတန်းမှာကား... လုံးဝဥဿုံ မိုးနှင့်မြေကဲ့သို့ ကွာခြားလှသည့် အထွတ်အထိပ်အဆင့်တစ်ခုသို့ ရောက်ရှိနေခဲ့ချေပြီ။

"အဖေက ကျွန်တော့်ကို ဒီသဘောတရားအကြောင်း ရှင်းပြဖူးပါတယ်၊ ဒါပေမဲ့ သိပ်ပြီးတော့ အသေးစိတ်ကြီးတော့ မဟုတ်ဘူးပေါ့လေ"

ထိုစကားကြောင့် အဖိုးအိုကျန်းက မျက်မှောင်ကြုတ်လိုက်၏။

"ဒါကတော့ ဖြစ်လေ့ဖြစ်ထရှိတာမျိုးပဲကွ" ဟု အဖိုးအိုက ဆိုသည်။

"ဒီကောင့်ရဲ့ ကျင့်စဉ်သွေးကြောတွေ ပျက်စီးသွားတဲ့ လက်ရှိ အခြေအနေမျိုးမှာတော့ အကြမ်းဖျဥ်း လောက်သင်ပြနိူင်တာပဲ တော်တော်ကြီးကောင်းနေဘီ... အခြား အရာတော်တော်များများက ကျင့်စဉ်စွမ်းအား အနေအထားတခုထိရှိတဲ့သူတွေ လုပ်ဆောင်မှသာ အကောင်းဆုံး ဖြစ်ထွန်းတာမျိုးကွ"

ထိုစကားကြောင့် လျူကျင်းသည် အဖိုးအိုအား စိုက်ကြည့်လိုက်ရင်း

"ကျွန်တော့်အဖေက တကယ်တော်တဲ့ သမားတော်တစ်ယောက်ပါဗျာ " ဟု စောဒကတက်ကာ မဝံ့မရဲပြောလိုက်သည်။

"အမလေး ..ဟုတ်ပါတယ် ... သူက သမားတော်ကောင်းတစ်ယောက်မှန်း ငါသိပါတယ် လူလေးရဲ့.." ဟု အဖိုးအိုကျန်းက နှာခေါင်းရှုံ့လျက် ဆိုလိုက်သည် ။

"ဒီကောင်က သူ့ မျက်စိကို အဝတ်စည်းထားရင်တောင်မှ လူသားခန္ဓာကိုယ်ထဲမှာရှိတဲ့ အကြောချက်တိုင်းရဲ့ ပုံစံကားချပ်ကို အလွတ်ဆွဲပြနိုင်တဲ့သူပဲ။ ဒါကို ငါ ကောင်းကောင်းသိတာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအကြောချက်တစ်ခုချင်းစီတိုင်းကို သူ့ရဲ့ ဦးနှောက်ထဲ စွဲမြဲသွားအောင် ငါကိုယ်တိုင် ရိုက်နှက်ပြီး သင်ကြားပေးခဲ့တာမို့လို့ပဲ။ ဒါပေမဲ့လည်း ကျင့်စဉ်စွမ်းအား ရှိတဲ့ သမားတော်တွေ လုပ်ဆောင်နိုင်ပြီး ကျင့်စဉ်စွမ်းအား မရှိတဲ့သူတွေ မလုပ်ဆောင်နိုင်တဲ့ အရာအချို့တော့ ရှိနေသေးတာပဲကွ။ မင်းက ဒါကို မသိလောက်အောင်အထိ မိုက်မဲတဲ့သူ မဟုတ်ပါဘူး..ငါပြောတာ မင်းလက်ခံတယ်မလား.."

လျူကျင်းအနေဖြင့် ထိုစကားလုံးများ၏ အမှန်တရားကို မငြင်းပယ်နိုင်ခဲ့ချေ။ ထို့ကြောင့် သူသည် အဖိုးအိုကျန်း ပြောဆိုခဲ့သော အခြားအကြောင်းအရာတစ်ခုအပေါ်သို့သာ အာရုံပြောင်းလဲလိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။

"အရှင်မြတ်ခင်ဗျ... ကျွန်တော့်ရဲ့ ကျင့်စဉ်သွေးကြောအချို့က ပိတ်ဆို့နေတယ်လို့ ပြောခဲ့တယ်နော်"

"အေးလေ .. သေချာပေါက် ပိတ်နေတာပဲဟာ" ဟု အဖိုးအိုကျန်းက သူ့အမေးကို ပြန်ဖြေရင်း အကျယ်တဝံ့ထပ်ရှင်းပြသည် ။

"ဒါကလဲ ဆန်းပြားတဲ့ ကိစ္စရပ်တစ်ခု မဟုတ်ပါဘူးကွာ .. ချီစွမ်းအင်ဆိုတာ ကိုယ်ခန္ဓာရဲ့ သွေးကြောတွေတစ်လျှောက် စီးဆင်းသွားတယ်ဆိုတာကို လူတိုင်း သိကြပါတယ်။ ဒါပေမဲ့လည်း တကယ်တမ်းတော့ အဲဒီလောက်အထိ ရိုးရှင်းမနေဘူးကွ…ပြောရရင်ကွာ လူသားတွေဟာ မွေးဖွားလာကတည်းက သူတို့ရဲ့ ကျင့်စဉ်သွေးကြောအချို့၊ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် လုံးဝဥဿုံ ပိတ်ဆို့နေတတ်တာမျိုးက မရှားပါဘူး…မင်းလဲ ဒီလိုမျိုး ကျင့်စဥ်သေွးကြောပိတ်တာ က ထူးဆန်းမနေပါဘူး …ဒါသဘာဝပဲ ... ငါက အဲဒီ သွေးကြောအချို့ကို ပွင့်သွားအောင် လုပ်ပေးလိုက်ရုံသက်သက်ပါပဲ"

"ဟင် ..ဒါဆို ကျွန်တော်က မွေးကတည်းက ကျင့်စဉ်သွေးကြောအချို့ ပိတ်ဆို့ပြီး မွေးဖွားလာခဲ့တာပေါ့..." ဟု လျူကျင်းက မိမိကိုယ်ကိုယ် ရေရွတ်သကဲ့သို့ ဆိုလိုက်သည်။

လွန်ခဲ့သော နှစ်ပတ်ခန့်ကသာဆိုလျှင် ဤအမှန်တရားသည် သူ့အား အဖေဖြစ်သူကြုံတွေ့နေရသည်နှင့် ပိုမိုနီးကပ်သွားသကဲ့သို့ ခံစားရစေမည် ဖြစ်သည်။ ယခုအခါတွင်မူ ၎င်းနှင့်ပတ်သက်၍ မည်သို့ခံစားရမည်ကို သူ သေသေချာချာ မသိတော့ချေ။

သို့သော်ငြားလည်း သူ၏ တိုးညှင်းလှသော စကားသံများအား အဖိုးအိုကျန်း၏ နားသည် ကြားဖြစ်အောင်ကြားသွားလေသည် ။

"ဟဲ့ လူလေးရဲ့ လူအများစုက ဒီလိုပဲ မွေးဖွားလာကြတာလို့ ငါပြောပီးဘီပဲ... အထူးအဆန်းမဟုတ်ပါဘူးကွာ.." ဟု သူ့အဖေ ဆရာသခင်ဟောင်းကြီးက အားပေးဟန်ဖြင့်ဆိုသည်။

"တကယ်တော့ အဲ့ဒါနဲ့ဆန့်ကျင်ဘက် အခြေအနေမျိုးကမှသာ တကယ် ရှားတာကွ .. မွေးကတည်းက ကိုယ့် ကျင့်စဉ်သွေးကြော အကုန်လုံးကို အပြည့်အဝ အသုံးပြုနိုင်တဲ့သူမျိုးဆိုရင်တော့ စကားလုံးတွေနဲ့ ဖော်ပြလို့မရနိုင်လောက်အောင်အထိ အရမ်း ရှားပါးတယ်ကွာ …ပြောရရင် ၊ နှစ်ပေါင်းတစ်ထောင်မှာ တစ်ယောက်သာ ပေါ်ထွက်လာတတ်တဲ့ အနှိုင်းမဲ့ ပါရမီရှင်မျိုး ဖြစ်လိမ့်မပေါ့... ဒါပေမဲ့လည်း လူလေး... မင်း အထင်မစောနဲ့ဦး ..မင်းကြည့်ရတာ မွေးရာပါ ကျင့်စဉ်သွေးကြောအချို့ ပိတ်ဆို့နေခဲ့ရုံတင် မကသေးဘူး။ နှစ်တွေ ကြာမြင့်လာတာနဲ့အမျှ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ နောက်ထပ် ပိတ်ဆို့မှုအသစ်တွေလည်း တော်တော်များများ ထပ်ဖြစ်ခဲ့သေးတဲ့ပုံပဲကွ …"

လျူကျင်း၏ မျက်နှာထက်တွင် သူကြားခဲ့သည်ကို မယုံနိူင်သလို အံ့ဩတုန်လှုပ်မှုများ ထင်ဟပ်လာခဲ့သည်။

"ဟင် ..ဒါက ဘာလို့များ ဖြစ်တာလဲဗျာ အရှင်မြတ်"

"အေး…ကျင့်စဉ်သွေးကြောတွေ ပိတ်ဆို့သွားရတဲ့ နောက်ကွယ်မှာ အကြောင်းအရင်း အများကြီး ရှိတယ် လူလေးရဲ့" ဟု အဖိုးအိုကျန်းက သူ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ရှင်းပြသည်။

"ဥပမာအားဖြင့် စိတ်ပိုင်းဆိုင်ရာနဲ့ ရင်တွင်းခံစားချက်ဆိုင်ရာ ပြဿနာတွေပေါ့။ အဲဒါက မင်းရဲ့ တိုတောင်းလှတဲ့ ဘဝသက်တမ်းအတွင်းမှာ တိုးပွားဖြစ်ပေါ်လာခဲ့တဲ့ ပိတ်ဆို့မှုမျိုးပဲ။ ဒါတွေ ဘယ်လိုကြောင့် ဖြစ်ပေါ်လာရသလဲဆိုတာကို မင်း သဘောပေါက်ရဲ့လား"

လျူကျင်း သည် စကားပင်မဆိုနိူင်လောက်အောင် တိတ်ဆိတ်သွားသည် ။

အဖိုးအိုကျန်းက သူ့အား အကဲခတ်ကာ အလိုမကျဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

"ဟေးဟေး…မသိချင်ယောင်ဆောင်နေတာက မင်းနဲ့ မလိုက်ဖက်ပါဘူး လူလေးရ... မင်းရဲ့စိတ်ထဲမှာမျိုသိပ်ထားရတဲ့ ဒေါသတွေ၊ နေ့စဉ်နဲ့အမျှ မင်းခံစားနေရတဲ့ နာကျည်းချက်တွေကို မသိကျိုးကျွန် လုပ်ပီး ငါ့စကားကို ငြင်းချင်နေတာလား…"

လျူကျင်း သူ့အခြေအနေကို ကာကွယ်ပြောဆိုရန် ပါးစပ်ဟမည်ပြင်လိုက်သော်လည်း အဖိုးအိုကျန်းမှ သူ့အား စိုက်ကြည့်လိုက်ရုံမျှဖြင့် ထိုစကားလုံးများသည် သူ၏ လည်ချောင်းဝတွင်တင် ပျောက်ကွယ်သွားခဲ့ရတော့သည်။

"ဒီမယ် လူလေး …ငါက မင်းကို အပြစ်တင်နေတာမဟုတ်ဘူး ... ပီးတော့ မင်းကိုအမုန်းတရားတွေတိုးလာအောင် ပြောနေတာလဲမဟုတ်ဘူး .. ဒါက‌ လောကဓံပဲလေ ၊ လူတိုင်း ကြုံတွေ့ရမယ်သဘာဝပဲကွ။ မင်းအနေနဲ့ အရာရာကို ပြီးပြီးရော လက်ခံတတ်တဲ့ အမူအရာအောက်မှာ ခါးသီးတဲ့ခံစားချက်တွေကို ဖုံးကွယ်ထားဖို့ သင်ယူခဲ့ဖူးရင်တောင်မှ၊ မသိစိတ်ထဲမှာ ခံစားချက်တွေကတော့ ကျန်နေမှာပဲကွ ... မင်းအဖေရဲ့ အခြေအနေကို ကဲ့ရဲ့လှောင်ပြောင်ကြတဲ့ လူတွေကို မင်း နာကျည်းတယ်။ မလိုသူတွေ မင်းအပေါ် ဆက်ဆံကြတဲ့ အပြုအမူတွေကိုလည်း မင်း နာကျည်းတယ်... ပြီးတော့ အတိုင်းအတာတစ်ခုအထိ မင်းအဖေအပေါ်မှာလည်း မင်း နာကျည်းမှု ရှိနေမှာပဲ …အဲ့တော့ဘာဖြစ်လဲ ..ဒါက သဘာဝကျတယ်လေ .. အေး တခုပဲ ၊ အဲဒီလို သဘာဝကျကျ ဖြစ်လာတဲ့ ခံစားချက်တွေက တစ်ခါတစ်ရံမှာ ကိုယ့်အတွက် အန္တရာယ်လည်း ဖြစ်လာတတ်တယ်ကွ .. ခုပဲကြည့်လေ .. မင်းရဲ့ အဲဒီခံစားချက်တွေက ချီစွမ်းအင် စီးဆင်းမှုကို အခုကတည်းက နှောင့်ယှက်နေပြီကွ။ ငါက လောလောဆယ် မင်းရဲ့ ကျင့်စဉ်စွမ်းအား စီးဆင်းမှုကို ပြောင်းလဲပေးထားတယ်ဆိုပေမဲ့လည်း၊ မင်းရဲ့ စိတ်ခံစားချက်တွေက နောက်ဆုံးမှာ ထိုပိတ်ဆို့မှုတွေကိုပဲ ထပ်မံဖန်တီးလာဦးမှာပဲ…။ အဲဒါတင်မကဘူး မင်း ကျင့်စဥ်အဆင့်တက်လာလေလေ အဲဒီခံစားချက်တွေက မင်းရဲ့ ခန္ဓာကိုယ်ကို အတွင်းပိုင်းကနေ ဖျက်ဆီးပစ်မယ့် စိတ်မိစ္ဆာတွေတောင် ဖြစ်လာနိုင်တယ်ကွ..မင်းသိရဲ့လား …"

လျူကျင်း အဖိုးအို၏ စကားအား မည်သို့ ပြန်လည်တုံ့ပြန်ရမည်ကို မသိတော့ချေ။ သူသည် အရာရာကို ထိုးထွင်းသိမြင်နေသော အဖိုးအိုကျန်း၏ မျက်ဝန်းများကို ရှောင်လွှဲလိုသော်လည်း သူ့ကိုယ်သူတော့လွှဲဖယ်နိုင်စွမ်း မရှိသည်ကို တွေ့ရှိလိုက်ရသည်။

"ဒါဆို... ကျွန်တော် ဘာလုပ်သင့်သလဲဟင်" ဟု လျူကျင်းက နောက်ဆုံးတွင်ဗြောင်ကျကျပင် မေးခွန်းထုတ်လိုက်သည် ။

"အေး …ဘာမှ လုပ်စရာမလိုဘူးကွ …"

ထိုပြန်လည်ဖြေကြားချက်မှာ လွန်စွာ မြန်ဆန်လွန်းလှပြီး မျှော်လင့်မထားသောအဖြေ ဖြစ်သောကြောင့် သူ့ကို ဆွံ့အမှင်တက်သွားစေခဲ့တော့သည် ။

"ဘာတွေ အံ့သြနေတာလဲကွ …ကိုယ့် စိတ်ခံစားချက်တွေကို ဖြေဖျောက်ဖို့အတွက် လွယ်ကူတဲ့ နည်း ရယ်လို့ မရှိပါဘူးကွာ။ တကယ်လို့သာ ရှိခဲ့မယ်ဆိုရင် ဒီလောကကြီးက အခုထက်မက အများကြီး ပိုပြီးတော့ ရိုးရှင်းနေလိမ့်မယ်…ပီးတော့လဲ မင်းက အရာရာကို ရင့်ကျက်တဲ့အတွေးအခေါ်နဲ့ ဆုံးဖြတ်နိုင်တဲ့ လူကြီးတစ်ယောက် မှ မဟုတ်သေးတာ ၊ ခုမှ ကလေးတစ်ယောက်ပဲ ရှိသေးတာပဲ။

ဒီတော့ ဆက်ပြီးတော့သာ ရှင်သန်နေထိုင်စမ်းပါ…

ဆက်ပြီး သင်ယူစမ်းပါ…

ဆက်ပြီးတော့ ရုန်းကန်လှုပ်ရှားစမ်းပါ…

မင်းအနေနဲ့ ရင်တွင်းငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိရင်လည်း တွေ့ရှိလိမ့်မယ်၊ မတွေ့ရှိရင်လည်း မတွေ့ရှိဘူးပေါ့..ဘာတွေများ ခက်နေလို့လဲ ရိုးရိုးလေးပဲဥစ္စာ …"

“ဟား..ဟား..”

အဖိုးအို၏အပြောကို သဘောကျလှသဖြင့် လျူကျင်းတယောက် အော်ဟစ်ရယ်မောလိုက်မိသည်။ ထိုရယ်မောသံမှာ တိုတောင်းလှပြီး ခပ်ပြတ်ပြတ်ဖြစ်သော်လည်း သူသည် မရီမိအောင် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခဲ့ချေ။ ထိုမျှလောက်အထိ သူ စိတ်လွတ်လက်လွတ် ဖြစ်သွားခဲ့ရခြင်း ဖြစ်သည်။

အဖိုးအို၏ ပြန်လည်ဖြေကြားချက်မှာ သူမည်သို့မျှ မျှော်လင့်မထားသောအဖြေ ဖြစ်လွန်းသဖြင့် ခဏမျှ အချိန်အတွင်း၌ သူ၏ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းမှာ ကွယ်ပျောက်သွားခဲ့ရသည်။

"အရှင်မြတ်က တကယ်ပွင့်ပွင့်လင်းလင်းပြောတတ်တာပဲဗျာ …" ဟု လျူကျင်းက ဆိုလိုက်သော်လည်း သူ ပြုံးမိနေသည်ကို သူ့ကိုယ်သူ သတိပြုလိုက်မိသည်။

သူ ပြုံးမိရခြင်းအကြောင်းမှာ အဖိုးအိုကျန်း၏ စကားလုံးများသည် ပြတ်သားလှသော်လည်း ၎င်းတို့ထဲ၌ ဒေါသမာန်ဟုန် တစ်စုံတစ်ရာ ပါရှိမနေသောကြောင့် ဖြစ်၏။ အဖိုးအိုကျန်း၏ စကားလုံးများသည် လက်ရှိဖြစ်တည်နေသော အမှန်တရားသက်သက်သာ ဖြစ်ပေသည်။

သူသည် မိမိ၏ ရင်တွင်း၌ ရှိနေသော ခံစားချက်များကို ရင်ဆိုင်ဖြေရှင်းနိုင်လျှင်လည်း ဖြေရှင်းနိုင်လိမ့်မည်၊ မဖြေရှင်းနိုင်လျှင်လည်း မဖြေရှင်းနိုင်ဘဲ နေလိမ့်မည်။ ထိုနေ့ရက် ရောက်ရှိမလာမီအထိမူ သူသည် ဆက်လက်၍သာ ရုန်းကန်လှုပ်ရှားသွားရပေလိမ့်မည်။

ယခုလောလောဆယ်တွင်မူ လျူကျင်းသည် ထိုဆရာသခင်ဟောင်းကြီး၏ စူးစိုက်ကြည့်ရှုမှုအောက်၌ တရားထိုင်ခြင်းအလုပ်သို့သာ ပြန်လည်ဦးတည်လိုက်တော့သည်။ အကြောင်းမူ သူ တည်ဆောက်ရမည့် ခိုင်မာတောင့်တင်းသော အခြေခံအုတ်မြစ်တစ်ခု ရှိနေခဲ့ချေပြီ ဖြစ်သည် ။

All Chapters