အခန်း ၇
Vol. 1 Ch. 7
အခန်း ၇ - ရန်ငြိုး နှင့် ရန်ကြွေး …
ဤသို့ဖြင့် နောက်ထပ် ရက်သတ္တပတ်တစ်ပတ် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည် ။
တစ်ချိန်က ထူးခြားဆန်းပြားသည်ဟု ထင်မိသည့် အဖြစ်အပျက်များမှာ ယခုအခါတွင်မူ နေ့စဉ်ဘဝ၏ သာမန်အခြေအနေတစ်ခု ဖြစ်လာခဲ့ချေပြီ။ ဧကရာဇ်နယ်ပယ်အဆင့်တွင် ရပ်တည်နေသော အဖိုးအိုကျန်းသည် ယခုအခါ လျူကျင်း၏အိမ်၌ နေထိုင်လျက်ရှိသည် ။
အစဦးပိုင်းတွင် သူ့တို့အိမ်၌ အဖိုးအိုတယောက် ရုတ်တရက် ပေါ်လာမှု ကြောင့် ပတ်ဝန်းကျင်မှလူများ၏ သူစိမ်းဆန်သော စူးစမ်းစပ်စု လိုသည့် အကြည့်အချို့ကို ရင်ဆိုင်ခဲ့ရသည် ။ သို့ရာတွင် မကြာမီမှာပင် ပျောက်ကွယ်သွားခဲ့သည်။ အခြားသူများ မြင်တွေ့နိုင်သမျှ အတိုင်းအတာအရမူ အဖိုးအိုကျန်းသည် အခြားသော သာမန်အဖိုးအိုများနည်းတူ ထူးမခြားနားလှသည့် သာမန်လူအိုတစ်ဦးမျှသာ ဖြစ်ပေသည်။
လျူကျင်းအနေဖြင့် ထိုအကြောင်းကို ပြန်လည်တွေးတောမိသည့်အခါတိုင်း၊ အဖိုးအိုကျန်းအနေဖြင့် မိမိ၏ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသော ချီစွမ်းအင် အရှိန်အဝါကို ဤမျှလောက်အထိ ပြီးပြည့်စုံစွာ ဖုံးကွယ်ထားနိုင်ခြင်းမှာ အလွန်ပင် တုန်လှုပ်ခြောက်ခြားဖွယ်ရာ ကောင်းလှသည်ဟု ဆိုရပေလိမ့်မည်။
သူ အရှေ့ဘက်ဆိပ်ကမ်းမြို့တော်မှ လူများနှင့် အတူတကွ ပေါင်းသင်းဆက်ဆံနေသည်ကို စောင်းငဲ့ကြည့်ရခြင်းမှာ အခြေအနေအရပ်ရပ်ကို မသိနားမလည်ကြသော ယုန်သူငယ်များကြားတွင် ကျားတစ်ကောင် ရောက်ရှိနေသည်ကို စောင့်ကြည့်နေရသကဲ့သို့ပင် ရှိတော့သည်။ ထိုလူများသည် သူ့ထံမှ ဝေးရာသို့ ထွက်ပြေးကြရမည် ဖြစ်သော်လည်း အန္တရာယ်ရှိနေသည်ကိုမူ လုံးဝ သတိပြုမိခြင်း မရှိကြချေ။
သို့သော်ငြားလည်း ဤအခြေအနေသည်ပင် ယခုအခါ သူ၏ နေ့စဥ်ဘဝ ကဲ့သို့ ဖြစ်နေခဲ့ချေပြီဖြစ်ရာ လျူကျင်းအနေဖြင့်လည်း အတိုင်းအတာတစ်ခုအထိ လက်ခံနားလည်လာခဲ့ပြီ ဖြစ်သည်။ သူ၏ တာဝန်ဝတ္တရားများနှင့် လုပ်ဆောင်စရာများမှာ များသောအားဖြင့် ယခင်အတိုင်း မပြောင်းလဲဘဲ ရှိနေခြင်းကလည်း သူ့အား များစွာ အထောက်အကူပြုစေခဲ့၏။
ဥပမာအားဖြင့် သူတို့၏ လူနာများထံသို့ ဆေးသွားရောက်ပို့ဆောင်ပေးရသည့် အလုပ်မျိုးကဲ့သို့ ဖြစ်ပေသည်။
"ကျေးဇူးအများကြီးတင်ပါတယ် မြေးလေးရယ် "
သူ လူနာတဦး၏အိမ်သို့ သူ့အဖေ ပို့ခိုင်းလိုက်သော ဆေးသွားရောက်ပို့ဆောင်ပေးပြီးနောက် အဘွားအိုတစ်ဦးက ကျေးဇူးတင်ဟန်ဖြင့် လှမ်း၍ ဆိုလိုက်သည်။
"မင်းကို ဒီအဝေးကြီးအထိ လာခိုင်းမိတာ အားနာစရာကြီးကွယ်၊ ဒါပေမဲ့ ဒီအဖိုးကြီးရဲ့ အရိုးအဆစ်တွေက အရင်တုန်းကလို မသန်စွမ်းတော့ဘူးလေ"
"ဘာမှ အားနာစရာမလိုပါဘူး အဘွားရဲ့…"
လျူကျင်းက အဘွားအိုကောင်းအား အပြုံးဖြင့် ပြန်လည်ပြောဆိုလိုက်သည်။ အဘွားသည် လျူကျင်း မှတ်မိသမျှ ကာလပတ်လုံး သူတို့၏ ဆေးခန်းသို့ ပုံမှန်လာရောက်ပြသနေကျ လူနာဟောင်းတစ်ဦး ဖြစ်၏။ အတိတ်ကာလတုန်းကမူ သူမသည် ဆေးခန်းသို့ ကိုယ်တိုင်လာရောက်နိုင်လောက်အောင်အထိ ကျန်းမာသန်စွမ်းနေသေးသည်။ သို့သော်လည်း အချိန်ကာလများ ကုန်ဆုံးလာသည်နှင့်အမျှ အသက်အရွယ် ကြီးရင့်မှုဒဏ်က သူမကို နှိပ်စက်လာခဲ့တော့သည်။
ယခုရက်ပိုင်းတွင်မူ သူမသည် ကုတင်ပေါ်မှပင် မနည်းထွက်ခွာနိုင်ရှာတော့ချေ။
"ကျွန်တော်တို့က ဒီလို ကူညီပေးခွင့်ရတာနဲ့တင် ဝမ်းသာနေပါဘီ အဘွားရယ် …"
"အို... ငါ့ရဲ့ အသုံးမကျတဲ့ သားကို သာ မြင်စေ့ချင်တယ် ... လူလေးရဲ့ စိတ်နေသဘောထားမျိုး တစ်ဝက်လောက်ပဲ ရှိရင်တောင် အဘွား စိတ်အေးလက်အေးနဲ့ ညဘက်အိပ်လို့ရလောက်တယ် …"
စင်စစ်မူ အဘွားအိုကောင်းသည် မုဆိုးမတစ်ဦး ဖြစ်၏။ ပုံမှန်အားဖြင့် သူမ၏ သားဖြစ်သူက ဆေးခန်းသို့ လာရောက်၍ သူမအတွက် ဆေးထုတ်ပေးလေ့ရှိသည်။ သို့သော်လည်း ယနေ့တွင်မူ သူ အလွန်အမင်း အလုပ်ရှုပ်နေသဖြင့် ဆေးလာမထုတ်နိုင်ကြောင်း ဆေးခန်းသို့ ကြိုတင်အကြောင်းကြားထားခဲ့သည်။ ၎င်းမှာလည်း ဖြစ်ပျက်ရမည့် သဘာဝပင် ဖြစ်၏။ အရှေ့ဘက်ဆိပ်ကမ်းမြို့တော် သိုင်းပြိုင်ပွဲကြီး နီးကပ်လာသည်နှင့်အမျှ မြို့ကြီးတစ်မြို့လုံးသည် အမြဲတမ်း ပိုမို၍ စည်ကားရုန်းကန်လာရလေ့ ရှိသောကြောင့် ဖြစ်သည်။
လျူကျင်း၏ အမြင်အရမူ ၎င်းပြိုင်ပွဲကြီးသည် နှစ်နှစ်မှတစ်ကြိမ်သာ ကျင်းပခြင်းက ကံကောင်းခြင်းတစ်ရပ်ပင် ဖြစ်ပေသည်။
"အော် ..မဟုတ်တာ အဘွားရယ် ၊ သူလည်း မဖြစ်သာ လို့နေမှာပါ .. ဒီနေ့ ဆေးခန်းကို ကိုယ်တိုင်လာချင်မှာ သေချာပါတယ် အဘွားရယ်" ဟု လျူကျင်းက အခြေအနေအရပ်ရပ်ကို ညှိနှိုင်းသည့်အနေဖြင့် လိမ္မာပါးနပ်စွာ ပြန်လည်ဖြေကြားလိုက်ပြီးနောက် စကားလမ်းကြောင်းကို ပြောင်းလိုက်တော့သည်။
"ဒါနဲ့အဖွား ... အဖေက ဒီတစ်ခေါက် ဆေးအချိုးအစားကို အနည်းငယ် ပိုပြီးတော့ ပြင်းအောင် ဖော်စပ်ပေးလိုက်တယ်ဗျ… တစ်နေ့ကို တစ်လုံးသောက်ရုံနဲ့တင် ရဘီနော် .. ဆေးကိုသာရက်မှန်မှန်သောက် အဘွားကောင်းအနေနဲ့ ကျန်ရှိတဲ့ နေ့ရက်တွေမှာ ဝေဒနာမခံစားရဘဲ လှုပ်ရှားသွားလာနိုင်ပါလိမ့်မယ်ဗျာ"
ထိုဆေးလုံးများသည် သူမ၏ ရောဂါဝေဒနာကို အပြီးတိုင် ပျောက်ကင်းစေနိုင်မည်တော့ မဟုတ်ချေ။ အသက်အရွယ် ကြီးရင့်မှုဒဏ်ဟူသည် ယခုကဲ့သို့ လွယ်လွယ်ကူကူ ကုသ၍ ရနိုင်သောအရာမျိုး မဟုတ်ပေ။ သို့သော်ငြားလည်း ဤဆေးဝါးသည် သူမအား ဘဝ၏ နောက်ဆုံးကာလများကို ဝေဒနာကင်းဝေးစွာ ဖြတ်သန်းသွားနိုင်ရန် အထောက်အကူ ပြုနိုင်လိမ့်မည် ဖြစ်၏။ သူတို့သားအဖ၏ အကူအညီမှာ မပြောပလောက်သော်လည်း ဤသည်ကပင် သူတို့ သားအဖ လုပ်ဆောင်ပေးနိုင်သည့် တစ်ခုတည်းသော အရာလည်း ဖြစ်ပေသည်။
သူတို့ပေးသော အကူအညီသည် အလွန်နည်းလှသည် ဟု သူတို့ ခံစားနေရပါစေဦးတော့။အဖွားအတွက်တော့ အတိုင်းအတာတခုအထိ အဆင်ပြေစေပေလိမ့်မည်။
သူ့စကားကြောင့် အဘွားအိုကောင်း၏ သက်တမ်းတလျှောက် လောကဓံကို ရင်ဆိုင် ရုန်းကန်ခဲ့ရသော မျက်နှာအရေးအကြောင်းများထက်တွင် အပြုံးဟု ခေါ်ဆိုနိုင်မည့် အမူအရာတစ်ခု ထင်ဟပ်လာခဲ့သည်။
"လူလေးရယ် ... မင်းကတော့ ဒီအဖွားအိုအပေါ်ကို တကယ်ပဲ ကြင်နာလွန်းလှပါတယ်ကွယ်။ ကဲ... သွားပါတော့။ အဘွားကြောင့်နဲ့ အချိန်မပုပ်ပါစေနဲ့။ အဘွားကတော့ ဘဝကို အပြည့်အဝ ရှင်သန်ခဲ့ပြီးပြီမို့လို့ ကျေနပ်နေပါပြီ။ မင်းလည်း မင်းရဲ့ဘဝကို အကောင်းဆုံး ရှင်သန်လိုက်စမ်းပါဦး၊ ဒါမှ မင်း အဘွားအရွယ် ရောက်တဲ့အခါမှာ ဘာနောင်တမှ ရှိမနေမှာပေါ့"
လျူကျင်း တစ်ယောက် အဖွားအို၏ ပြောစကားကြောင့် မျက်နှာမထားတတ်အောင် ရှက်သလိုလိုဖြစ်သွားသည်
သူ့ စိတ်တွင်းကို ယခုကဲ့သို့ ပြီးပြည့်စုံစွာ အထိုးထွင်းသိမြင်ခံလိုက်ရခြင်းမှာ အလွန်ပင် ရှက်ရွံ့ဖွယ်ရာ ကောင်းလှပေသည်။ လျူကျင်းသည် ထိုသို့သောအကဲခတ်မှုမျိုးကို အဖိုးအိုကျန်းကဲ့သို့သော သူမျိုးသာ လုပ်ဆောင်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ ယခုအခါတွင်မူ ထိုသို့ထိုးထွင်းအကဲခတ်နိူင်မှုမျိုးသည် ဧကရာဇ်နယ်ပယ်အဆင့်ရှိ စွမ်းအားများနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိကြောင်း သဘောပေါက်သွားခဲ့ရသည်။
၎င်းသည် အသက်အရွယ် ကြီးရင့်သူတို့သာ ပိုင်ဆိုင်ခွင့်ရှိသည့် အခွင့်ထူးတစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။
၎င်းမှာ လျူကျင်းတစ်ယောက် တစ်ခါမျှ အလေးအနက် တွေးတောမကြည့်ဖူးခဲ့သော အရာတစ်ခု ဖြစ်သော်လည်း၊ ယခုအခါတွင်မူ ထိုအကြောင်းအရာက သူ၏ စိတ်အာရုံထဲမှ လုံးဝ ထွက်ခွာမသွားတော့ချေ။ သူတို့အနေဖြင့် မည်မျှပင် ကြိုးစားအားထုတ်ပါစေဦးတော့၊ မည်မျှပင် အစွမ်းကုန် ရုန်းကန်လှုပ်ရှားပါစေဦးတော့၊ ထိပ်ဆုံးသို့ ရောက်ရှိရန်ဟူသည် လူအများစုအတွက်တော့ လက်လှမ်းမမီနိုင်သော အိပ်မက်တစ်ခုမျှသာ ဖြစ်ပေသည်။
ထို့ကြောင့်လဲ ဖြစ်ပေလိမ့်မည်။ သေခြင်းတရားကို ရှောင်လွှဲနိုင်မည့် နည်းလမ်း ရှိနေခြင်းသည် မိမိ ကိုယ်တိုင် ထို ရှောင်လွှဲနိူင်သည့် အဆင့်သို့ ရောက်ရှိခြင်း မရောက်ရှိခြင်း နှင့် မသက်ဆိုင်ပေ။ ဖြတ်သန်းခဲ့သော ဘဝခရီးလမ်း၏ တစ်နေရာရာတွင်မူ လူအများစုမှာ ဤအမှန်တရားကိုသာ လက်ခံလိုက်ကြပြီး၊ မိမိတို့၏ သေဆုံးခြင်းကို ရှောင်လွှဲမရနိုင်သောအရာအဖြစ်သာ မှတ်ယူလိုက်ကြပုံရသည်။
"အိုး... ဘယ်သူများလဲလို့ ကြည့်နေတာ ... ရမ်းကု သမားတော်ရဲ့ သား ဖြစ်နေပါလား"
သူအား မိုက်ရိုင်းစော်ကားလိုက်သော စကားသံတစ်ခုက လျူကျင်း၏ တွေးတောဆင်ခြင်မှုများကို တိခနဲ ဖြတ်တောက်သွားသည် ။ ထို စကားလုံးများ၏ အဓိပ္ပာယ်သာ ဆိုးရွားမနေခဲ့ပါလျှင် သူအား အတွေးစပြတ်အောင်လုပ်နိူင်သည့်အတွက် ထိုသို့ နှောင့်ယှက်ခံရခြင်းကိုပင် ကျေးဇူးတင်မိမည်ပင် ဖြစ်သည်။ လျူကျင်းတစ်ယောက် ဆတ်ခနဲ ဒေါသထွက်သွားကာ သူ၏ ဂုတ်ပိုးမှ ဆံပင်များ ထောင်ထလာသည်ကို ခံစားလိုက်ရသည် ။
"မင်း ဘာလိုချင်လို့လဲ ဝူရန်" ဟု လျူကျင်းက ခပ်ပြတ်ပြတ် ပြန်လည်အော်ဟစ်လိုက်သည်။
သူ၏ လက်သီး များကိုလည်း ကျစ်ကျစ်ပါအောင် စုပ်ထားလိုက်သည် ။ စင်စစ်မူ ဝူရန်နှင့် မဆုံတွေ့ရသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ရာ၊ လွန်ခဲ့သော တစ်နှစ်တာပတ်လုံး ရှောင်ဂိုဏ်းထံမှ မိမိသင်ယူတတ်မြောက်ခဲ့သော အတတ်ပညာများကို အသုံးပြုရန် အခွင့်အရေးရလိမ့်မည်ဟု သူ၏စိတ်ထဲတွင် တစ်စိတ်တစ်ပိုင်း မျှော်လင့်မိနေသည်။
"ဟားဟား …ရီရတယ်ဟေ့ ..မင်းလိုကောင်မျိုးဆီကနေ ငါက တစ်ခုခု လိုချင်စရာ ရှိမယ်လို့ ထင်နေတာလား" ဝူရန်လှောင်ပြောင်ရယ်မောလိုက်သည်။
သူ၏ နောက်ကွယ်တွင် အခြားသော ကောင်လေးအချို့ ရှိနေသော်လည်း၊ လျူကျင်းမှာမူ ဝူရန်တစ်ဦးတည်းအပေါ်၌သာ အာရုံစိုက်ထားခဲ့၏။
"မင်းမှာ ဘာပေးစရာရှိလို့လဲကွာ… စဥ်းစဥ်း စားစားလဲ ဖြစ်နိူင်တာကို မေးစမ်းပါ …"
ဝူရန်သည် မြို့တော်အတွင်း၌ အချမ်းသာဆုံး သမားတော်ကြီးဖြစ်ပြီး လျူကျင်း၏ အဖေနှင့်ပတ်သက်၍ မကောင်းသတင်းများ ထွက်ပေါ်စေသည့် အဓိက အရင်းအမြစ်ဖြစ်သော သမားတော်ဝူ၏ သားဖြစ်၏။ မိဘကျေးဇူးသိတတ်သော သားကောင်းလေးတစ်ဦးပီပီ၊ ဝူရန်သည် အဖေဖြစ်သူ၏ စကားလုံးများကို အရပ်ရပ်သို့ ဖြန့်ဝေရန် အမြဲတမ်း အစွမ်းကုန် ကြိုးစားလေ့ရှိရာ၊ ၎င်းသည် လျူကျင်းနှင့် အကြိမ်ကြိမ် ပဋိပက္ခဖြစ်ပွားခြင်းသို့ ဦးတည်စေခဲ့သည်။ အတိတ်ကာလတုန်းကမူ လျူကျင်းသည် လေ့ကျင့်မှုပိုင်းနှင့် အသက်အရွယ်ပိုင်း နှစ်ခုစလုံးတွင် ယှဥ်မရခဲသဖြင့် ထိုရန်ပွဲများတွင် အမြဲတမ်း ရှုံးနိမ့်ခဲ့ရဖူးသည်။
လျူကျင်းသည် ယခုထက်တိုင် အသက်အရွယ်ပိုင်းတွင် သူတို့ထက် ငယ်ရွယ်နေဆဲ ဖြစ်၏။ ထိုအချက်အတွက် မည်သို့မျှ ပြောင်းလဲမရနိုင်သော်လည်း၊ လေ့ကျင့်မှုပိုင်းတွင်မူ သူသည် ယှဥ်နိူင်သည်အထိ လုံလောက်စွာ သင်ယူလေ့ကျင့် ထားပြီး ဖြစ်ပေသည်။
"ဒီမယ် မင်း ငါ့ကို တန်းတူလိုလာမဆက်ဆံနဲ့ မင်းနဲ့ငါ မတူဘူးကွ .. ဘာမတူတာလဲဆိုတော့ ငါဟာ တကယ် တော် ပီး အရည်အချင်းရှိတဲ့ သမားတော်တစ်ယောက်ရဲ့ သား၊ ရမ်းကုသားမဟုတ်ဘူး " ဟူ၍ ဝူရန်က ဆက်လက်၍ စော်ကားပြောဆိုသည်။
"အေး ..ငါ မင်းကို လှမ်းခေါ်လိုက်တယ်ဆိုတာကလည်း မင်းလိုကောင်မျိုးက လူအများရှေ့မှာ မျက်နှာပြရဲတဲ့ သတ္တိရှိနေတာကို အံ့ဩလွန်းလို့ပဲကွ။ ငါသာ မင်းနေရာမှာဆိုရင်တော့ ငါ့အဖေက လူလိမ်သမားတော်တစ်ယောက်ဆိုတာ သိသိကြီးနဲ့ အပြင်တောင် ထွက်ရဲမှာ မဟုတ်ဘူး။ ကဲ အဲဒါသာကြည့် ဒါက သိက္ခာရှိတဲ့သူနဲ့ သိက္ခာမရှိတဲ့သူကြားက ကွာခြားချက်ပဲပေါ့ကွ.."
"အော် အဲဒီလိုလား..." သူ၏ စကားသံက တိုးညှင်းလှသော်လည်း တင်းမာသွားသော မျက်နှာအမူအရာက လျူကျင်း၏ ရင်တွင်းခံစားချက်အမှန်ကို ဖော်ပြနေခဲ့သည်။
"ငါ့အဖေက နှစ်တွေအများကြီး လူနာပေါင်းများစွာကို ကုသပေးခဲ့တာကွ…။ အဲဒါကို မင်းက ဘယ်လိုနည်းနဲ့ လူလိမ်လို့ ပြောနိုင်ရတာလဲ။ မင်းအဖေဆီမှာ ပြသနေတဲ့ လူနာအချို့တောင် မင်းအဖေနဲ့ဆက်မကုပဲ ငါ့အဖေဆီ လာပြကြတာကွ .. အခုဆိုရင် ငါ့အဖေရဲ့ ကုသစွမ်းကို မချီးကျူးဘဲ မနေနိုင်ကြတော့ဘူး။ အဲ့တော့မင်းပြောကြည့်စမ်း .. ဒါဆိုရင်လူနာတွေက မင်းအဖေသူတို့ကို ကုတာ တော်တော်ညံ့လို့ သူ့ထက်ရမ်းကုသမားတော်ဆီကို လာကြတဲ့သဘောလား…”
လျူကျင်းထံမှ မထင်မှတ်ထားသော တုံ့ပြန်စကားကြောင့် စကားအဆုံးသတ်လိုက်ချိန်တွင် ပတ်ဝန်းကျင်ရှိ လူအများထံမှ အံ့အားသင့်ကာ အသက်ရှူမှားသွားသံများ ထွက်ပေါ်လာခဲ့သည် ။ ဝူရန်၏ဘက်တော်သား အုပ်စုထဲမှပင် တိုးတိုးတိတ်တိတ်လှောင်ပြောင် ရယ်မောသံအချို့ ထွက်ပေါ်လာခဲ့သည်။ ထို့စကားနှင့်အတူ ဝူရန်၏ မျက်နှာ တစ်ခုလုံး ဒေါသအရှိန်ဖြင့် နီမြန်းသွားသည်။ လက်ရှိတွင် အံကြိတ်လျက်နှင့် သူ၏ရှေ့မှ ကောင်လေးကို စိုက်ကြည့်နေရသူမှာ ဝူရန်ကိုယ်တိုင်ပင် ဖြစ်နေခဲ့သည်။
"အောင်မာ….မင်း..မင်းကများ ဘယ်လိုတောင် ရဲတင်း"
"မဟုတ်သေးဘူးလေ " လျူကျင်းက သူ၏ အသံကို မြှင့်တင်ခြင်းမရှိဘဲ ဝူရန်စကားမဆုံးခင် ဖြတ်ပြောလိုက်သည်။
လျူကျင်း၏ ကျင့်စဉ်စွမ်းအားသည် သူ့ထက် အသက်ကြီးသောဝူရန်ကို ဆွံ့အမှင်တက်သွားစေနိုင်လောက်သည့် အရှိန်အဝါဖြင့် ရုတ်တရက် ဟိန်းထွက်လာသည် ။
"မင်းကသာ အရင်မိုက်ရိုင်းတာလေ…ဒီမှာ ငါ မင်းစော်ကားတဲ့ စကားလုံးတွေကို အကြိမ်ကြိမ်အဖန်ဖန် သည်းခံခဲ့ရပြီးပြီ။ မင်းက ငါ့အဖေကို ဒုက္ခိတတစ်ယောက်ဆိုပြီး လှောင်ပြောင်တယ်၊ ပြီးတော့ ယုတ်ညံ့တဲ့ ကောလာဟလတွေကို လျှောက်ဖြန့်တယ်..ဘာ ငါ့အဖေက ရမ်းကု သမားတော် ဟုတ်လား။ နေပါဦး မင်းအဖေက ရှောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးအတွက် ဘာမှမကုပေးနိုင်ဘဲ လက်မှိုင်ချနေခဲ့ရတုန်းက၊ ဂိုဏ်းချုပ်ကို သက်သာအောင် ကုသပေးခဲ့တာ ဘယ်သူများပါလိမ့်…အော် ငါ့အဖေပဲကိုး…"
ထိုစကား အဆုံးတွင်မူ ဝူရန်၏ မျက်နှာမှာ နီရဲရုံတင်မကဘဲ ခရမ်းရောင်သန်းသည့်အဆင့်သို့ပင် ရောက်ရှိသွားခဲ့ချေပြီ။ အချိန်တခဏလေးမှာပင် တင်းမာမှုများ အရှိန်အဟုတ်ဖြင့် မြင့်တက်လာနေပြီဖြစ်သည် ။ အစကတည်းကပင် ဤဖြစ်ရပ်သည် အကြမ်းဖက်မှုဖြင့်သာ အဆုံးသတ်နိုင်မည့် လမ်းစ ဖြစ်ခဲ့၏။ အတိတ်ကာလကလည်း ဝူရန်နှင့် လျူကျင်းတို့အကြားတွင် အမြဲတမ်း ရန်ပွဲနှင့် သာ အဆုံးသတ်ခဲ့ဖူးသည်။
သို့ရာတွင် ယခုတစ်ကြိမ်တွင် ကွာခြားသွားမည့် တစ်ခုတည်းသောအချက်မှာ မည်သူက ပထမဆုံး လက်သီးကို စတင်ပစ်လွှတ်မည်နည်းဟူသည့် အချက်နှင့် မည်သူက အောင်နိုင်သူအဖြစ် ပေါ်ထွက်လာမည်နည်းဟူသည့် အချက်သာ ဖြစ်ပေလိမ့်မည်။
လျူကျင်းသည် မဲ့ပြုံးတချက် ရွဲ့ပြုံးလိုက်ကာ ဝူရန်၏ ဒေါသအလိပ်လိပ်တက်နေသည့် မျက်ခွက်ကြီးအား တည့်တည့်စိုက်ကြည့်ရင်း ဆက်ပြောလိုက်သည် ။
"ဒါနဲ့ ငါ့အဖေက တစ်ရက်အတွင်း ကုသပေးတဲ့ လူနာအရေအတွက်က မင်းအဖေ တစ်နှစ်လုံး ကုသပေးတာထက် ပိုများသေးတယ်ကွ .. ဒါကလဲ နားလည်ပါတယ်လေ မင်းအဖေကတော့ လူနာတွေကို ကုသပေးဖို့ထက် သူ့ရဲ့ ပိုက်ဆံတွေကို ရေတွက်ဖို့အတွက်ပဲ အလုပ်ရှုပ်နေတာကိုး၊ ဒါကိုလဲ တစ်မြို့လုံးက လူတွေ အသိသားပဲဥစ္စာ။ မင်းကတော့ မင်းအဖေဆီကနေ ပိုက်ဆံရေတွက်နည်းကလွဲလို့ ဘာမှမသင်ယူခဲ့ရဘဲနဲ့၊ ငါ့အဖေလို အရည်အချင်းရှိတဲ့ သမားတော်တစ်ယောက်ကို လာလှောင်ပြောင်နေတာဟာ မင်းမို့မရှက်တာကွာ ... တော်တော် ရယ်စရာကောင်းတဲ့ ဟာသပဲဟေ့ .."
"လျူ…..ကျင်း..."
ဝူရန်သည် အံတကြိတ်ကြိတ်နှင့် ဒေါသငယ်ထိပ်ဆောင့်ကာ အကျယ်ကြီး အော်ဟစ်လိုက်တော့သည်။ ဤမျှလောက်ဆိုလျှင် လုံလောက်လှပြီ ဖြစ်၏။ သူ၏ မာနတရားမှာ ဆက်သည်းခံရန်မဖြစ်တော့ပဲ အရှိုးရာ ထင်သွားသကဲ့သို့ မာနထိသွားပြီဖြစ်သည် ။ ထို့ထက်ပိုသော အရှက်ခွဲမှုမျိုးကို သူ မည်သည့် နည်းနဲ့မျှ ဆက်လက်သည်းခံတော့မည် မဟုတ်ချေ။
လျူကျင်းကလည်း နောက်ဆက်တွဲ ရောက်ရှိလာမည့် တိုက်ပွဲကို ဝမ်းမြောက်စွာ ကြိုဆိုနေခဲ့သည်။ ဝူရန်သည် သူ၏ လက်သီးများကို မြှောက်လျက် သူ့ထံသို့ အရှိန်အဟုန်ဖြင့် တိုးကပ်လာခဲ့၏။
ထို့နောက်... ရုတ်တရက် ရပ်တန့်သွားခဲ့တော့သည်။
ဝူရန်၏ ပုခုံးထက်သို့ ကျရောက်လာသော လက်တစ်ဖက်။ ထိုမျှလေးတင် ထိုသူ၏ ဒေါသမာန်ဟုန်ကို တားဆီးရန် လုံလောက်သွားခဲ့သည်
အတိအကျ ပြောရပါက ဝူရန်သည် ဒေါသထွက်နေဆဲပင် ဖြစ်၏။ ထိုသို့ဒေါသထွက်နေခြင်းကိုလည်း သူ၏ မျက်နှာထက်တွင် အထင်အရှား မြင်တွေ့နိုင်ပေသည်။ သို့သော်ငြားလည်း အဘယ်ကြောင့် ဝူရန် ရပ်တန့်သွားသနည်း။ အကြောင်းမူ သူ၏ နောက်ကွယ်တွင် ရှိနေသော ပုဂ္ဂိုလ်သည် မည်သူမည်ဝါဖြစ်ကြောင်း ဝူရန်တယောက် ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်လေသည် ။
"မင်းက ငါ့သူငယ်ချင်းကို ဒုက္ခပေးနေပုံပဲနော် "
ဝူရန်ကို တားဆီးလိုက်သော ပုဂ္ဂိုလ်သည် ရှေ့သို့ လှမ်းတက်လာရင်း ဆိုလိုက်သည်။ ထိုကောင်လေးမှာ ဝူရန်ထက် အရပ်ပိုမို မြင့်မားပြီး၊ ငယ်ရွယ်သော အသက်အရွယ် ဖြစ်လင့်ကစား သူ၏ ရုပ်ရည်သွင်ပြင်မှာ သိသိသာသာပင် စူးရှထက်မြက်လှသည်။ လျူကျင်းအနေဖြင့် ထိုကောင်လေးအား ကံမကောင်းစွာဖြင့်ပင် မှတ်မိသွားခဲ့၏။
သူသည် ပုံမှန်အားဖြင့် ဝူရန်၏ ဘေးပတ်လည်တွင် ဝိုင်းရံနေကျ ကလေးများထဲမှ တစ်ယောက် မဟုတ်ချေ။ ထိုသို့မဟုတ်သည့်အပြင် အခြေအနေက ထိုထက်မက အဆိုးရွားဆုံးအဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်ပေသည်။
သူသည်ကား ယွန်းဟန် ပင် ဖြစ်လေသည် ။
ဤအရှေ့ဘက်ဆိပ်ကမ်းမြို့တော်အတွင်း၌၊ ရှောင်ဂိုဏ်းသည် အင်အားအကြီးဆုံးဖြစ်ကြောင်း မည်သူမျှ သံသယမဖြစ်ကြချေ။
ထိုအချက်နှင့်အတူပင် ဤအရှေ့ဘက်ဆိပ်ကမ်းမြို့တော်အတွင်း၌၊ ယွန်းဂိုဏ်းသည် ဒုတိယအင်အားအကြီးဆုံးဖြစ်ကြောင်းကိုလည်း မည်သူမျှ သံသယမဖြစ်ကြချေ။
နှစ်နှစ်လျှင် တစ်ကြိမ်၊ ဤမြို့တော်၌ အရှေ့ဘက်ဆိပ်ကမ်းမြို့တော် သိုင်းပြိုင်ပွဲကြီးကို ကျင်းပလေ့ရှိသည်။ ၎င်းပြိုင်ပွဲကြီးကို အသက် တစ်ဆယ့်ကိုးနှစ်အောက် ရှိသော လူငယ်သိုင်းပညာရှင် အားလုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိကြ၏။ နှစ်နှစ်လျှင် တစ်ကြိမ်၊ ရှောင်ဂိုဏ်းမှ လူငယ်တစ်ဦးက ပထမဆုကို အမြဲတမ်း ဆွတ်ခူးရရှိလေ့ရှိပြီး၊ ယွန်းဂိုဏ်းမှ လူငယ်တစ်ဦးကမူ ဒုတိယဆုကို ဆွတ်ခူးရရှိလေ့ရှိသည်။
အခြားသော မိသားစုစုစုများက ထူးချွန်ထက်မြက်စွာဖြင့် ပေါ်ထွက်လာနိုင်ခဲ့သည့် ခြွင်းချက်အချို့ ရှိခဲ့ဖူးသော်လည်း၊ ၎င်းတို့ကို လက်တစ်ဖက်စာမျှသာ ရေတွက်နိုင်ပေလိမ့်မည်။ ရှောင်ဂိုဏ်းလောက် အင်အားမကြီးမားဟု ဆိုသော်ငြားလည်း၊ ယွန်းဂိုဏ်းသည် အာဏာစွမ်း ပကား၊ ဩဇာတိက္ကမနှင့် ဂုဏ်သရေတို့ကို ပိုင်ဆိုင်ထားဆဲပင် ဖြစ်၏။
လျူကျင်းကဲ့သို့သော သူမျိုးအတွက်မူ ယွန်းဂိုဏ်းဟူသည် အလွန်အမင်း အင်အားကြီးမားလှသော တည်ရှိမှုတစ်ခု ဖြစ်သောကြောင့် ဤသို့ ဆုံတွေ့ရခြင်းမှာ အလွန်ပင် ကံဆိုးမိုးမှောင်ကျလှပေသည်။ ထို့ထက် ပိုမိုဆိုးရွားသည်မှာ၊ ယွန်းဟန်သည် ယွန်းဂိုဏ်း၏ သာမန်ဂိုဏ်းသားတစ်ဦးမျှသာ မဟုတ်ချေ။
ယွန်းဟန်သည် တစ်နေ့သောအခါ၌ ထိုဂိုဏ်း၏ နောက်ထပ် ဂိုဏ်းချုပ်အဖြစ် ဆက်ခံမည့် ယွန်းဂိုဏ်း၏ သခင်လေး ဖြစ်ပေသည်။
ဝူရန်နှင့် ရန်ညှိုးဖွဲ့ခြင်းက တစ်ကဏ္ဍ ဖြစ်၏။ သူ့အဖေသည် မြို့တော်အတွင်း၌ အချမ်းသာဆုံး သမားတော်ကြီး ဖြစ်သောကြောင့် ဩဇာအာဏာ ရှိသည်ဆိုသော်လည်း၊ လျူကျင်း၏ အဖေမှာမူ ရှောင်ဂိုဏ်း၏ အကာအကွယ်အောက်တွင် ရှိနေသည်။ သို့သော်လည်း ယွန်းဟန်နှင့် ရန်ညှိုးဖွဲ့ရခြင်းမှာမူ လုံးဝဥဿုံ အခြားသော ကိစ္စရပ်တစ်ခု ဖြစ်ပေလိမ့်မည်။ ရှောင်ဂိုဏ်းအနေဖြင့် သူ့ကို သဘောကျကောင်း သဘောကျနိုင်သော်လည်း၊ သူ့အတွက်ကြောင့်နှင့် ယွန်းဂိုဏ်းနှင့် ပြဿနာတက်ရလောက်သည်အထိတော့ မဟုတ်ချေ။ ထိုကဲ့သို့သော ပဋိပက္ခမျိုးမှာ အလွန်အမင်း အကျိုးမဲ့လွန်းလှပေသည်။
လျူကျင်းအနေဖြင့် ဤအခြေအနေဆိုးမှ ရုန်းထွက်နိုင်မည့် နည်းလမ်းတစ်ခုကို မဖြစ်မနေ ရှာဖွေရပေတော့မည်။
"ကျွန်တော်တို့ ဒီတိုင်း လမ်းကြုံလို့ စကားပြောနေတာပါဗျာ .."
လျူကျင်းက ထိုသို့ဆိုလိုက်ရင်း တိုက်ပွဲဆင်နွှဲရန် အလုအယက် တောင်းဆိုနေခဲ့သော သူ၏ ကျင့်စဉ်စွမ်းအားကို ပြန်လည်ထိန်းချုပ်ရင်း ဆိုလိုက်သည်။
"ဒီကိစ္စကို အခုလိုမျိုး အကျယ်တဝံ့ဖြစ်စေလိုတဲ့ ရည်ရွယ်ချက် မရှိပါဘူးဗျ"
၎င်းမှာ လိမ်ညာပြောဆိုခြင်းဖြစ်ပြီး ထိုသို့ပြောရခြင်းက သူ့အား အလွန်အမင်း စိတ်ပျက်အားမလိုအားမရ ဖြစ်စေသည်။ သို့သော်ငြားလည်း သူ ပြောရပေလိမ့်မည်။ ၎င်းမှာ ယွန်းဟန်နှင့် သူ၏အကြားရှိ ဂုဏ်ဒြပ်အဆင့်အတန်း ကွာခြားချက်ကြောင့် ဖြစ်ပေါ်လာရသော သဘာဝကျလှသည့် နောက်ဆက်တွဲ ရလဒ်သက်သက်သာ ဖြစ်ပေသည်။
"အော် ဟုတ်လား... စကားပြောနေကြတာပေါ့လေ …" ဟု ယွန်းဟန်က ရွဲ့သလိုလို ပြန်လည်တုံ့ပြန်သည်။
"ငါလဲ မင်းပြောတဲ့စကားတွေကို ကြားလိုက်ပါတယ်နော် .. နားထောင်ကြည့်ရသလောက် မင်းက ငါ့သူငယ်ချင်းနဲ့ သူ့အဖေအပေါ်မှာ ပြောစရာ စကားတွေ တော်တော်လေး များနေခဲ့တာပဲနော်"
"ကျွန်တော်ကလည်း သူစပြောတဲ့စကားကို ပြန်တုံ့ပြန် ပြောဖို့ ကြိုးစားရုံသက်သက်ပါ။ သူကလဲ ကျွန်တော့်တို့ သားအဖ အပေါ်မှာ ပြောစရာ စကားတွေ အများကြီး ရှိနေခဲ့တာပဲလေ" ဟု လျူကျင်း သူစိတ်သူ မတားဆီးနိုင်မီ စကားနာ ထိုးရင်း ပြန်ပြောလိုက်မိသည်။
"အော် …ဒီလိုလား …" ယွန်းဟန်က သဘောတူသည့်ဟန်ဖြင့် ဆိုလိုက်ပြီး၊ ကံကောင်းထောက်မစွာဖြင့်ပင် သူ၏စကားလုံးများအပေါ် အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်သွားသည့် ပုံစံမျိုး မပြခဲ့ချေ။
"ဒါပေမဲ့လည်း သမားတော်ဝူက ယွန်းဂိုဏ်းရဲ့ မိတ်ဆွေတစ်ယောက်ဖြစ်သလို၊ သူ့ရဲ့ သားကလည်း ငါ့ သူငယ်ချင်းတစ်ယောက် ဖြစ်နေတယ်။ ငါ့အနေနဲ့ မင်းလိုကောင်မျိုးက ငါ့ရှေ့မှောက်မှာ ဒီလိုမျိုးစကားတွေကို အကြောင်းမဲ့ ပြောဆိုနေတာမျိုးတော့ ဘယ်လိုနည်းနဲ့မျှ ခွင့်မပြုနိုင်ဘူး။ မင်း နားလည်ပါတယ်နော်၊ ဟုတ်တယ်မလား"
လျူကျင်းသည် ယွန်းဟန်၏ ချီစွမ်းအင် အရှိန်အဝါ ပိုမိုစူးရှထက်မြက်လာသည်ကို ခံစားလိုက်ရသည်။ အင်အားချင်း ကွာခြားချက်မှာ သူ့အတွက် ချက်ချင်းပင် ထင်ရှားပြတ်သားသွားခဲ့ချေပြီ။ အကယ်၍သာ သူ ဝူရန်နှင့် တိုက်ခိုက်ခဲ့မည်ဆိုပါက သူ အောင်နိုင်လိမ့်မည် ဖြစ်၏။ ဝူရန်အနေဖြင့် သူ့လောက်အင်အားရှိသော အခြားသူနှစ်ဦး၏ အကူအညီကို ရရှိခဲ့လျှင်ပင် သူ ထိုသူတို့ကို အပြတ်အသတ် အနိုင်ယူနိုင်လိမ့်မည် ဖြစ်ကြောင်း လျူကျင်း အသေအချာ ယုံကြည်ထားသည်။
သို့သော်လည်း ယခုအခါ၌ သူ၏ရှေ့တွင် ရှိနေသော ပုဂ္ဂိုလ်ကိုမူ သူ ဘယ်လိုနည်းနဲ့မျှ အနိုင်ယူနိုင်စွမ်း မရှိကြောင်း သူအတတ်သိသည် ။
“အိုး…သနားစရာကောင်းလိုက်တာ... တကယ်သနားလို့ ငိုပါငိုချင်လာဘီကွာ "
ထူးဆန်းသော စကားသံတစ်ခုသည် သူတို့အကြား တင်းမာလှသော အခြေအနေကို ဖြတ်တောက်လျက် ထွက်ပေါ်လာခဲ့သည်။ ယွန်းဟန်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး၊ လျူကျင်းလည်း မယုံကြည်နိုင်လောက်အောင် ဖြစ်ရသဖြင့် လှည့်ကြည့်လိုက်မိတော့သည်။ သူ ထိုစကားသံကို ကောင်းစွာ သိရှိထားသော်လည်း ၎င်းမှာ မဖြစ်နိုင်သောအရာပင် ဖြစ်၏။
သို့သော်ငြားလည်း ထိုမဖြစ်နိူင်သော အရာမှာ သူ့မျက်စိရှေ့တွင် အမှန်တကယ် ဖြစ်နေလေသည် ။
ရှောင်ဖန်သည် မာနဝင့်ဝါလွန်းလှသော ခြေလှမ်းများဖြင့် သူတို့ထံသို့ လျှောက်လှမ်းလာခဲ့သည်။ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ သူ့အတွက် ချက်ချင်းပင် လမ်းဖယ်ပေးခဲ့ကြ၏။ နှာခေါင်းကြီးလီသည် သစ္စာရှိသော ခွေးတစ်ကောင်ကဲ့သို့ သူ၏နောက်ကွယ်မှ ကပ်လျက် လိုက်ပါလာခဲ့သည်။ ရှောင်ဂိုဏ်း၏ အမွေခံသားကြီးသည် လျူကျင်းအား တစ်ချက်မျှပင် စောင်းငဲ့ကြည့်ခြင်း မရှိခဲ့ချေ။ သူသည် လျူကျင်း၏ ဘေးမှ ဖြတ်သန်းသွားခဲ့ပြီး ယွန်းဟန်၏ ရှေ့တည့်တည့်တွင် ရပ်တန့်ကာ အခိုင်အမာ နေရာယူလိုက်တော့သည် ။
"ဘာလဲကွ ... ငါ့ကို ဘာကိစ္စ ကြည့်နေတာလဲ .. နေစမ်းပါဦး .. ဒီမြို့ရဲ့ ဒုတိယနေရာ ကို အမြဲလိုလို ရထားတဲ့ကောင်က ပထမနေရာယူထားတဲ့ကောင်ကို ဘာများ ပြောစရာ ရှိလို့လဲကွ။ အမှန်အတိုင်း ပြောရရင်တော့ ပြီးခဲ့တဲ့ အရှေ့ဘက်ဆိပ်ကမ်းမြို့တော် သိုင်းပြိုင်ပွဲကြီးတုန်းက ငါ့ရဲ့ဝမ်းကွဲ ညီအစ်ကို ရှောင်နန်က သူနဲ့ဆုံခဲ့တဲ့ ယွန်းဂိုဏ်းသား မှန်သမျှအားလုံးကို အပြတ်အသတ် အနိုင်ယူထားတာမလား.. ဒါတောင် ယွန်းဂိုဏ်းက လူတစ်ယောက်က ငါ့ကို တည့်တည့်ကြည့်ပီး ရင်ဆိုင်ဖို့ သတ္တိရှိနေသေးတာကိုပဲ ငါ အံ့ဩမိတယ်ကွာ... မင်းသိလား ယွန်းဂိုဏ်းသားတွေကို ငါတို့ ဘယ်လောက်တောင် အထိနာအောင် ရိုက်နှက်ခဲ့သလဲဆိုရင်၊ အခုနှစ် ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့တောင် အားလုံးက ဖင်တုန်အောင် ကြောက်နေကြတာဆို .. ငါ ကြားထားတာမှန်လား ဟေ့ကောင်ရဲ့"
ယခုတစ်ကြိမ်တွင်မူ လူအုပ်ကြီးထဲမှ ရယ်မောသံများ အထင်အရှား ထွက်ပေါ်လာခဲ့ချေပြီ။ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် ရှောင်နန်နှင့် သူ၏ စွမ်းဆောင်ရည်များအကြောင်းကို ကောင်းစွာ သိရှိထားကြသည်။ လူပေါင်းများစွာသည် ပြီးခဲ့သော အရှေ့ဘက်ဆိပ်ကမ်းမြို့တော် သိုင်းပြိုင်ပွဲအတွင်း သူ၏ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိလှသော ကစားကွက်များကို ယခုထက်တိုင် မှတ်မိနေကြဆဲ ဖြစ်၏။
ယွန်းဂိုဏ်းသည် မြို့တော်အတွင်း၌ ဒုတိယအင်အားအကြီးဆုံး ဖြစ်နိုင်သော်လည်း၊ ထိုပြိုင်ပွဲအတွင်း၌ မည်သူမျှ ရှောင်နန်၏ ပြိုင်ဘက် မဖြစ်ခဲ့ချေ။ ရှောင်ဖန်၏ စကားလုံးများသည် ရဲတင်းလွန်းလှပြီး စော်ကားရာရောက်သည်ဟု ဆိုနိုင်သော်လည်း၊ ၎င်းတို့မှာ ငြင်းပယ်၍မရသော အမှန်တရားများပင် ဖြစ်ပေသည်။
"လက်စနဲ့ ငါ့ဝမ်းကွဲ ညီအစ်ကိုက မင်းတို့ဂိုဏ်းသားတွေကို သိုင်းပြိုင်ပွဲကြီးကျရင် ဘယ်လိုမျိုး ပညာပေးမလဲဆိုတာကို ဒီက လူအုပ်ကြီးအတွက် ကြိုတင်အမြည်း ပြသလိုက်ရင်ရော ဘယ်လိုလဲ" ဟု ရှောင်ဖန်က ဆိုလိုက်သည်။
သူ၏ ကျင့်စဉ်စွမ်းအား ရုတ်တရက် ဟိန်းထွက်လာခဲ့ရာ၊ လျူကျင်းအနေဖြင့် သူ့ကို သဘောမကျဟု ဆိုစေဦးတော့၊ သူ၏ ချီစွမ်အင်အရှိန်အဝါ၏ အင်အားကြီးမားမှုကိုမူ ငြင်းပယ်၍ မရနိုင်ချေ။ ၎င်းမှာ လွန်စွာ အားကောင်းလှပေသည်။ သူ့တွင်ရှိသည့် ချီစွမ်းအင်ထက် အပုံကြီးသာပေသည် ။
ထိုမျှမကသေး ၊ သူ့ရှေ့ရှိ စောနက ထောင်လွှားနေသော ယွန်းဟန်ထက်ပင် ပိုမို၍ အားကောင်းလှပေသည်။
ထိုအခိုက်အတန့်တွင် ယွန်းဟန်၏ မျက်နှာထက်၌ မတူညီကွဲပြားသော ခံစားချက်များစွာ ဖြတ်သန်းသွားခဲ့ပြီး၊ ၎င်းတို့အနက် ဒေါသမာန်ဟုန်နှင့် နာကျည်းမုန်းတီးမှုတို့မှာ အထင်ရှားဆုံး ဖြစ်နေခဲ့သည်။ ရှောင်ဖန်အနေဖြင့် တစ်ဘဝလုံးစာအတွက် ရန်သူတစ်ယောက်ကို ဖန်တီးလိုက်ပြီဖြစ်ကြောင်း လျူကျင်း၏ စိတ်ထဲတွင် မည်သည့်သံသယမျှ ရှိမနေခဲ့ချေ။
"ရပါတယ် …သိုင်းပြိုင်ပွဲကြီးကျမှ တွေ့ကြတာပေါ့ကွာ ..." ဟု ယွန်းဟန်က နောက်ဆုံးတွင် အံကြိတ်ရင်း ပြော လိုက်သည်။
"ဟမ်..ဘာပြောတာ မကြားရဘူးကွ ကျယ်ကျယ်ပြောစမ်း..."
"အေး ..မင်းပြောတာ မှန်ကောင်းမှန်လိမ့်မယ်။ မင်းရဲ့ဝမ်းကွဲ ညီအစ်ကိုက သိုင်းပြိုင်ပွဲကြီးမှာ နောက်ထပ်တစ်ကြိမ် ထပ်ပြီးတော့ အနိူင်ရသွားချင်လဲ ရသွားနိူင်တယ် ဒါပေမဲ့လည်း သူက ဒီသိုင်းပြိုင်ပွဲကြီးမှာ တသက်လုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူးကွာ။ တစ်နေ့နေ့ အဲဒီ ပြိုင်ပွဲ ကို ငါဝင်ပြိုင်တဲ့ အလှည့် ရောက်လာမှာပဲ။ ဒီမှာ ရှောင်ဖန်... ငါ မင်းကို ဒီနေရာမှာ ကျိန်ပြောလိုက်မယ် .. အဲဒီနေ့ ရောက်လာတဲ့အခါ မင်း ဒီနေ့ ဒီနေရာမှာ ပြောခဲ့တဲ့စကားကို မင်း လုံးဝမမေ့နဲ့ .. အဲဒီနေ့ကျရင်တော့ ငါတို့ ယွန်းဂိုဏ်းကသာ အဆုံးသတ်ကျ အောင်နိုင်သူ ဖြစ်ရလိမ့်မယ်..မင်းမြဲမြဲမှတ်ထားလိုက်ကွ.."
မုန်းတီးရွံရှာဖွယ် အဆိပ်အတောက်များ စိုရွှဲနေသော ထိုစကားလုံးများကို ချန်ရစ်ခဲ့ရင်း ယွန်းဟန်သည် နောက်သို့လှည့်ကာ ထွက်ခွာသွားခဲ့သည်။ သူဖြတ်သန်းသွားသည်နှင့်အမျှ လူအုပ်ကြီးမှာ သူ့အတွက် လမ်းဖယ်ပေးခဲ့ကြ၏။ ဝူရန်နှင့် သူ၏ သူငယ်ချင်းများမှာလည်း အလျင်အမြန်ပင် နောက်မှ လိုက်ပါသွားကြသည်။
ခြိမ်းခြောက်ခံလိုက်ရသည်ဟူ၍ မခံစားရသည့်အလား၊ ရှောင်ဖန်သည် သူထွက်ခွာသွားသည်ကို စိတ်မသက်မသာ ဖြစ်ဟန်ဖြင့် ငေးကြည့်နေခဲ့သည်။
"ဘာတွေ လေကျယ်သွားတာလဲ .. မဖြစ်နိူင်တာတွေကို စကားကြီးစကားကျယ်လျှောက်ပြောသွားတယ် .."
ထိုစကားအား ရှောင်ဖန်သည် လျူကျင်း၏ ဘေးမှ ဖြတ်သွားချိန်၌ တိုးတိုးလေး ရေရွတ်လိုက်သည်။
လူအုပ်ကြီးသည် ယွန်းဟန်အတွက် လမ်းဖယ်ပေးခဲ့သကဲ့သို့ပင် သူ၏ရှေ့မှ လမ်းဖယ်ပေးခဲ့ကြသည်။ ဂိုဏ်း၏ အမွေခံသားကြီးနှစ်ဦးစလုံး မရှိတော့သည့်နောက်တွင် လူအုပ်ကြီးမှာလည်း မကြာမီပင် ကွဲလွင့်သွားခဲ့ပြီး၊ လျူကျင်းကိုသာ တစ်ယောက်တည်း အထီးကျန်ဆန်စွာ ဝေခွဲမရသည့် အခြေအနေမျိုးဖြင့် ချန်ရစ်ခဲ့တော့သည်။
ထိုအခိုက်အတန့်တွင် လျူကျင်းသည် သူ့ကိုယ်သူ မြက်ခင်းပြင်ကျယ်ကြီးထဲမှ ပုရွက်ဆိတ်ငယ်လေးတကောင်ပမာ အလွန်အမင်း သေးငယ်လှသည်ဟု ခံစားလိုက်ရပေတော့သည်။
ကြားဖြတ်အခန်း - ဝမ်းကွဲညီအစ်ကိုများ
ညနေစောင်းအချိန်သို့ ရောက်ရှိလာသောအခါ... ရှောင်နန်သည် ရှောင်ဂိုဏ်း၏ ပင်မမျိုးနွယ်စုဝင်များသာ နေထိုင်ရာ အိမ်တော်ဝင်းအတွင်းသို့ ခံ့ညားစွာ လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။
ရှောင်ဂိုဏ်း၏ အဆောက်အအုံဝင်းကြီးမှာ လွန်စွာပင် ကျယ်ဝန်းထွားကျိုင်းလှပြီး၊ ဂိုဏ်းပြင်ပမှ သာမန်လူအများစုမှာ ၎င်း၏ အလယ်ဗဟိုချက်မကျလှသော အချက်အချာကျသည့် အရပ်ဒေသများသို့ ခြေချခွင့် နေနေသာသာ... လှမ်းမျှော်ကြည့်ရှုခွင့်ပင် မရှိကြပါချေ။ အမှန်စင်စစ်... လျူကျင်းကဲ့သို့သော ပြင်ပဂိုဏ်းသားအဆင့်မျှသာ ရှိသူတစ်ဦးအနေဖြင့် ဤပင်မအိမ်တော်ကြီးအတွင်းသို့ ဝင်ရောက်ခွင့်ရရှိရန်မှာကား မည်သည့်အခါမျှ ဖြစ်နိုင်မည်မဟုတ်သော စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ချေတော့သည်။
အကယ်၍သာ ဂိုဏ်းချုပ်ကြီးသည် ထိုအချိန်က ပြင်းထန်စွာ ဖျားနာနေခြင်းမျိုး မဟုတ်ခဲ့ပါက၊ လျူကျန့်ကော်ကဲ့သို့သော သူစိမ်းတစ်ယောက်ကို မည်သည့်အခါမျှ ဖိတ်ကြားမည်မဟုတ်ပေ။
သို့သော်လည်း ရှောင်နန်မှာမူ သူစိမ်းတစ်ယောက်လည်း မဟုတ်သလို၊ သာမန်ပြင်ပဂိုဏ်းသားတစ်ဦးလည်း မဟုတ်ချေ။ သူသည် အဓိကဂိုဏ်းသားတစ်ဦးဖြစ်ပြီး ရှောင်ဂိုဏ်း၏ ထွန်းတောက်လာမည့် ကြယ်ပွင့်တစ်ဦး ဖြစ်၏။ သူလျှောက်လှမ်းရာ လမ်းတစ်လျှောက်ရှိ ဂိုဏ်းသားများနှင့် အစေခံများမှာ လမ်းဖယ်ပေးကာ ဦးညွှတ်အရိုအသေပြုကြရသည်။
“ဟေ့ ..ရှောင်ဖန်းရော သူ ဘယ်ရောက်နေလဲ" ဟု သူက အစေခံတစ်ဦးကို မေးမြန်းလိုက်သည်။
စင်စစ်မှာမူ ရှောင်နန်သည် မလိုအပ်ပဲ တမင် မေးခွန်းထုတ်လိုက် ခြင်းမျှသာ ဖြစ်သည် ။ အကြောင်းမူ သူသည် ရှောင်ဖန်၏ ကျင့်စဉ်စွမ်းအားကို အလွန်ရှင်းလင်းစွာ ခံစားသိရှိနေရသောကြောင့် သူ၏ ဝမ်းကွဲညီအစ်ကို မည်သည့်နေရာတွင် ရှိနေသည်ကို အတိအကျ သိရှိထားပြီး ဖြစ်၏။
"သခင်လေးက တရားကျင့်ကြံတဲ့ အခန်းထဲမှာ ရှိနေပါတယ်" ဟု အစေခံက သူ့ကို ဦးညွှတ်ရင်း ပြန်လည်ဖြေကြားသည်။
ထိုအစေခံက မော့ကြည့်ရဲသည့် အချိန်ရောက်သောအခါ၌ ရှောင်နန်မှာ သူ့အနားမှ ထွက်ခွာသွားနှင့်ပြီ ဖြစ်သည်။
ရှောင်နန်အနေဖြင့် တရားထိုင်ခန်းသို့ ရောက်ရှိရန် အချိန်အကြာကြီး မယူလိုက်ရပေ။ ၎င်းမှာ မြေအောက်အနက်ပိုင်းတွင် တည်ရှိသော အထူးအခန်းတစ်ခုဖြစ်ပြီး၊ ပြင်ပကမ္ဘာ၏ နှောင့်ယှက်မှုမရှိဘဲ တရားကျင့်ကြံနိုင်သည့် နေရာတစ်ခု ဖြစ်သည်။
ရှောင်ဖန်အနေဖြင့် ရှောင်ဂိုဏ်း၏ အမွေခံသားတစ်ဦးပီပီ ထိုနေရာတွင် ကြိုးစားပမ်းစား ကျင့်ကြံနေသည်မှာ သေချာလှပေသည်။ အကောင်းဆုံးသော ရလဒ်များ ရရှိစေရန်အတွက် သူသည် လက်ရှိအချိန်တွင် တည်ငြိမ်အေးချမ်းမှု လိုအပ်နေပုံရသည်။
ရှောင်နန်သည် မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ တရားထိုင်ခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ရှောင်ဖန်က သူ ရောက်ရှိလာသည်ကို သတိမပြုမိခဲ့ချေ။ သူ၏ ဝမ်းကွဲညီအစ်ကိုမှာ တရားဆောက်တည်ခြင်း၌ နက်ရှိုင်းစွာ နစ်မြုပ်နေသည်။ ရှောင်နန်သည် သူ၏ညီအစ်ကိုမှာ ဤမျှနက်ရှိုင်းစွာ အာရုံစူးစိုက်နိုင်သည့်အတွက် ဂုဏ်ယူမိသလို၊ တစ်ဖက်တွင်လည်း သူ၏ သတိပြုနိုင်စွမ်း အားနည်းနေခြင်းအတွက် စိတ်မကောင်းဖြစ်မိသည်။
ပင်မအိမ်တော်သည် အရှေ့ဘက်ဆိပ်ကမ်းမြို့တော်တွင် အလုံခြုံဆုံးနေရာ ဖြစ်သည်ဆိုသော်ငြားလည်း၊ မည်သူမဆို မိမိ၏ သတိကို လျော့ပေါ့၍ မဖြစ်ပေ။ ဤနေရာအထိ ရောက်ရှိလာနိုင်လောက်အောင် ကျွမ်းကျင်သော သို့မဟုတ် ကံကောင်းသော လုပ်ကြံသူ မည်သူမဆိုသာ ရှိခဲ့ပါက၊ သူ၏ ဝမ်းကွဲညီအစ်ကိုမှာ အလွယ်တကူ ပစ်မှတ်ဖြစ်သွားနိုင်ပေသည်။
ရှောင်နန်က သူ့ညီ ၏တရားကျင့်ကြံချိန်ပြီးဆုံးသည်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ညီအစ်ကို တရားကျင့်ကြံမှုကို နှောင့်ယှက်ရန် မလိုအပ်ပေ၊ အထူးသဖြင့် အရာရာ ချောမွေ့နေပုံရသည့် အချိန်မျိုးတွင် ဖြစ်သည်။ဤသို့ဖြင့် သူသည် ရှောင်ဖန်၏ ရှေ့တွင် ထိုင်ချလိုက်ပြီး စောင့်ဆိုင်းနေတော့သည်။
အသက်ရှူကြိမ် ငါးဆယ်ခန့် ကုန်လွန်သွားခဲ့သော်လည်း ရှောင်ဖန်မှာ ရပ်တန့်မည့် အရိပ်အယောင်မျှပင် မပြသေးသလို ရှောင်နန် ရောက်ရှိနေသည်ကိုပင် သတိပြုမိဟန် မရှိချေ။ အသက်ရှူကြိမ် ငါးရာခန့် ကုန်လွန်သွားပြန်ရာ ရှောင်နန်မှာ သည်းခံစွာဖြင့် စောင့်ဆိုင်းနေဆဲပင် ဖြစ်၏။ အသက်ရှူကြိမ် ငါးထောင်ခန့် ကုန်လွန်သွားသည့်တိုင်အောင် ရှောင်နန်မှာ စောင့်ဆိုင်းနေဆဲပင်။ မိုးကောင်းကင်မှာ မှောင်မိုက်စပြုလာခဲ့ပြီ ဖြစ်သော်လည်း ရှောင်နန်မှာ မကြာမီ ဖြစ်ပျက်လာတော့မည့် အရာကို သိရှိထားပြီးဖြစ်၍ စောင့်ဆိုင်းနေခဲ့သည်။ ဟုတ်ပေသည်၊ သူထင်ထားသည့်အရာသည် မည်သည့်အချိန်တွင်မဆို ဖြစ်ပျက်လာတော့မည် ဖြစ်၏။
“အေး…ဒါပဲကွ ဟုတ်ပီ ..”
မိမိ၏ ဝမ်းကွဲညီအစ်ကို၏ ကျင့်စဉ်စွမ်းအားများ ရုတ်တရက် မြင့်တက်လာပြီး ဖောင်းပွလာချိန်တွင် ရှောင်နန်၏ မျက်ဝန်းများမှာ တောက်ပသွားခဲ့သည်။ ၎င်းမှာ ကျင့်စဥ် အဆင့်တက်ခြင်းပင် ဖြစ်၏ ရှောင်ဖန်မှာ အဆင့်တက်ရန် အစွန်းရောက်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုအခါတွင်မူ အောင်မြင်စွာဖြင့် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့ချေပြီ။
အသက်ဆယ်နှစ်ပင် မပြည့်သေးခင်မှာပင် ရှောင်ဖန်သည် အတွင်းအားစုစည်းခြင်း အဆင့်အဆင့် ၇ သို့ ခြေချနိုင်ခဲ့ပြီ ဖြစ်သည်။ ရှောင်ဂိုဏ်းအတွင်း၌ပင် ၎င်းမှာ မှတ်တမ်းတင်လောက်သော အောင်မြင်မှုတစ်ခုဖြစ်ပြီး၊ တစ်နေ့သောအခါ၌ ဂိုဏ်းကို ဦးဆောင်မည့်သူနှင့် လိုက်ဖက်လှပေသည်။ လက်ရှိနှုန်းအတိုင်းဆိုလျှင် သူ၏ ဝမ်းကွဲညီအစ်ကိုသည် အရှေ့ဘက်ဆိပ်ကမ်းမြို့တော် သိုင်းပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည့်အချိန် မတိုင်မီမှာပင် နာမ်ဝိညာဉ်သန္ဓေတည်အဆင့် သို့ ရောက်ရှိသွားမည်မှာ အသေအချာပင် ဖြစ်သည်။ နောက်ထပ် ဆယ်စုနှစ်အနည်းငယ်အတွင်းမှာပင် ရှောင်ဖန်သည် သူ၏အဖေကဲ့သို့ပင် ဧကရာဇ်နယ်ပယ်အဆင့်သို့ ဝင်ရောက်နိုင်ဖွယ် ရှိနေသည်။
ရှောင်နန် ပြုံးလိုက်မိသည်။ ရှောင်ဂိုဏ်း၏ အနာဂတ်မှာ ပိုမို လုံခြုံစိတ်ချရပြီ ဟု သူခံစားလိုက်ရပြီ ဖြစ်သည်။
ရှောင်ဖန်သည် သူ၏ အဆင့်သစ်တွင် ကိုယ်အတွင်းတိုးပွားလာသော ချီစွမ်းအင်များကို ထိန်းချုပ်နိုင်ရန်အတွက် ဖြည်းဖြည်းနှင့် သေသေချာချာ ကြိုးစားနေသည်။ ၎င်းမှာ အန္တရာယ်များလှသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ ကျင့်ကြံသူတစ်ဦးသည် အဆင့်တက်ပြီးခါစအချိန်တွင် အားအနည်းဆုံး ဖြစ်တတ်သည်။
ရှောင်နန်အနေဖြင့်လည်း ပါရမီရှင်ဟု ဆိုနိုင်သော သူများမှာ မိမိတို့၏ ခန္ဓာကိုယ်အတွင်း၌ တိုးပွားလာသော စွမ်းအားသစ်များကို မထိန်းချုပ်နိုင်သဖြင့် မတော်တဆ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးမိသွားသည်ကို မြင်ဖူးခဲ့သည်။ သို့သော်လည်း ရှောင်ဖန်မှာမူ ထိုသူတို့ထက် သာလွန်သူ ဖြစ်သည့်အလျောက် အသက်ရှူကြိမ် သုံးဆယ်အတွင်းမှာပင် မိမိ၏ ကျင့်စဉ်စွမ်းအားများကို ထိန်းချုပ်နိုင်သွားခဲ့သည်။
“ဟင် အကိုရောက်နေတာလား..." ရှောင်ဖန်သည် မျက်လုံးများကို ဖွင့်လိုက်ရင်း ဆိုလိုက်သည်။
"အစ်ကို ရောက်လာတာတောင် ကျွန်တော် မသိလိုက်ဘူး။ အရမ်းအကြာကြီးတော့ မစောင့်လိုက်ရဘူးမလား …”
"မကြာပါဘူးကွာ ... ငါ့ညီလေး ကျင့်ကြံနေတာကို မနှောင့်ယှက်ချင်လို့ တိတ်တိတ်လေး စောင့်နေတာ ... ကိုင်း..ကိုင်း ဂုဏ်ပြု စကားပြောရမယ့်အချိန်ရောက်ပီ ထင်တယ်နော် …”
"အော် ကျွန်တော့်ကို ချီးကျူးစကားတွေ ပြောနေစရာ မလိုပါဘူး အကိုရယ် .. ကျွန်တော့်အရွယ်တုန်းက အကို လုပ်ပြနိုင်ခဲ့တဲ့ အရာတွေနဲ့ ယှဉ်ရင် ဒီအဆင့်တက်တာလောက်က ဘာမှ မဟုတ်ပါဘူး"
ရှောင်ဖန်က သူ့ကိုယ်သူ နှိမ့်ချပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သူတို့နှစ်ဦးစလုံး ကောင်းစွာ သိရှိကြသည်။ သို့ရာတွင် ရှောင်နန် သူ့အရွယ်တုန်းကဆိုလျှင် အတွင်းအားစုစည်းခြင်း အဆင့်အဆင့်ကိုပင် ကျော်လွန်အောင် ကျင့်ကြံနိုင်ခဲ့သည်မှာလည်းအမှန်ပင်ဖြစ်သည်။
"ဒါနဲ့ မေးပါရစေဦး ... အစ်ကို ကျွန်တော့်ကိုလာရှာတာ ထွေထွေထူးထူးကိစ္စများရှိလို့လားဗျာ .. "
"အော် ... ဘာရယ်တော့မဟုတ်ပါဘူးကွာ .. မင်းကို ငါ ကျေးဇူးတင်ကြောင်း ပြောမလို့ လာခဲ့တာပါ ညီလေးရာ" ဟု ရှောင်နန်က ဆိုလိုက်ရာ ရှောင်ဖန်၏ မျက်နှာထက်တွင် အံ့ဩရိပ်များ ထင်ဟပ်သွားခဲ့သည်။
"အရမ်းစိတ်ဝင်စားဖို့ကောင်းတာတခု မနေ့က ဖြစ်သွားတာ အကို ပြန်သိလိုက်ရလို့လေ .. အကိုခင်ရတဲ့ ညီတယောက်ရဲ့ အသက်ဘေးကို မင်းရဲ့ စကားလုံးတွေနဲ့ လုပ်ရပ်တွေ ကကယ်တင်လိုက်တယ်ဆိုတာလေ.. မင်းသိလား ... အဲဒီအကြောင်းကို သိလိုက်ရတဲ့အချိန်မှာ အကို ဘယ်လောက်တောင် အံ့ဩသွားသလဲဆိုတာ မင်း ခန့်မှန်းလို့တောင် ရမှာမဟုတ်ဘူး .. ဘာဖြစ်လို့လဲဆိုတော့ လျူကျင်းနဲ့ မင်းရဲ့ ဆက်ဆံရေးက တစ်ခါမှ မကောင်းခဲ့ဖူးဘူးဆိုတာကို အကို ကောင်းကောင်းကြီး သိထားလို့ပဲ …"
ရှောင်ဖန်သည် လျူကျင်း၏ အသက်သခင်ကျေးဇူးရှင်ဖြစ်သည်ဟု ရှောင်နန် ဆိုလိုက်ခြင်းမှာ လုံးဝ အပိုအလွန် လုပ်ပြောခြင်း မဟုတ်ပေ။ ထိုအချိန်က လျူကျင်းမှာ အသက်ဆုံးရှုံးသွားနိုင်သည့် အခြေအနေ ဖြစ်သည်။ အင်အားကြီးမားသူတို့သာ စိုးမိုးထားသော ဤကမ္ဘာလောကကြီးတွင် အင်အားမရှိသူများမှာ အင်အားကြီးမားသူတို့၏ လက်အောက်၌သာ အသက်ရှင်နေကြရသည်။
ယွန်းဂိုဏ်း၏ သခင်လေးအနေဖြင့် သမားတော်တစ်ဦး၏ သားအတွက် ထွေထွေထူးထူး ဂရုစိုက်နေစရာ မလိုပေ။ ယွန်းဟန်အနေဖြင့် လျူကျင်းကို သတ်ဖြတ်လိုက်ပါကလည်း သူ့တွင် အပြည့်အဝ အခွင့်အရေး ရှိနေပေလိမ့်မည်။ ၎င်းမှာ ဖြစ်ပျက်နေကျ လောကဓမ္မတာပင် ဖြစ်သည် ။
ယွန်းဂိုဏ်းသည် အင်အားကြီးမားပြီး၊ အင်အားကြီးသူတို့သည် မိမိတို့ ဖြစ်ချင်ရာကို လုပ်ဆောင်ကြမြဲ ဖြစ်သည်။
"အကိုပြောတာအမှန်ပါပဲ .. ကျွန်တော် လျူကျင်းကို တခါမှကြည့်မရဖူးဘူး …" ရှောင်ဖန်က ငြင်းဆိုရန်ပင် ကြိုးစားမနေခဲ့ချေ။ သူ ငြင်းဆိုနေဖို့လည်း အကြောင်းမရှိပေ။ လျူမိသားစုကို သူ မနှစ်သက်ကြောင်းမှာ ဂိုဏ်းအတွင်း၌ လူတိုင်း သိရှိထားပြီး ဖြစ်သည်။
"ဒါပေမဲ့လည်း ကျွန်တော်တို့ ဂိုဏ်း သားတစ်ယောက်ကို ကြက်ကလေး ငှက်ကလေးလို သတ်ဖြတ်လို့တော့ဘယ်ရမလဲ .. ယွန်းဂိုဏ်းက ဘာမှ အပြစ်မရှိသလို လွတ်မြောက်သွားနိုင်တယ်လို့ ယုံကြည်နေတာကိုတော့ ကျွန်တော် ဘယ်လက်ခံနိူင်မလဲဗျာ …"
"အဟက် ညီလေးရာ ... မင်းအကြောင်းကို မင်းငယ်ငယ်လေးထဲက ငါ သိပီးသားပါ …ငါ့ကို မလိမ်ချင်ပါနဲ့ကွာ " ဟု ရှောင်နန်က ဆိုလိုက်သည်။
ရှောင်နန်၏ တည်ငြိမ်လှသော အပြုံးမှာ မျက်နှာပေါ်တွင် ရှိနေဆဲ ဖြစ်သော်လည်း အခန်းအတွင်း၌မူ ငြင်းဆို၍မရနိုင်လောက်အောင် တင်းမာသော လေထုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"လျူကျင်းက ရှောင်ဂိုဏ်းရဲ့ တရားဝင် ဂိုဏ်းသားတစ်ဦး မဟုတ်သလို၊ ဂိုဏ်းပြင်ပမှာ ငါတို့ဂိုဏ်းရဲ့ ဝတ်ရုံတွေကို ဝတ်ဆင်ခွင့် မရှိဘူးဆိုတာကို မင်း ကောင်းကောင်းသိပါတယ်။ သူ့ကို ဆုံးရှုံးလိုက်ရတာဟာ နှမြောစရာတော့ ကောင်းပေမယ့်၊ ငါတို့ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ ကိုင်း အကိုပဲ ဆက်ပြောရဦးမလား၊ ဒါမှမဟုတ် မင်း စိတ်ထဲက တကယ့် အမှန်တရားအတိုင်းပဲ ဖြေပေးမလား…"
ရှောင်ဖန်က သူ့အား တိတ်ဆိတ်စွာဖြင့် စိုက်ကြည့်လိုက်သည်။
"ဟိုကိစ္စက တကယ်ပဲလား အကို " ဟု ရှောင်ဖန်က နောက်ဆုံးတွင် မေးမြန်းလိုက်သည်။
"ဟမ် ..ဘာကိစ္စလဲကွ.."
"အဲဒီအဘိုးအိုလေ အခု သူတို့ဆေးခန်းမှာ နေ နေတယ်ဆိုတဲ့ အဘိုးအို။ အကိုနဲ့ ကျွန်တော့်အဖေ အဲဒီအဘိုးအိုအကြောင်း ပြောဆိုနေကြတာကို ကျွန်တော် ကြားလိုက်ရတယ်။ အဲဒါ တကယ်ပဲလားဗျ… သူက တကယ်ပဲ..."
ရှောင်ဖန် စကားကို ဆက်မပြောတော့ဘဲ ရပ်တန့်လိုက်သည်။ ထိုစကားကို အဆုံးထိပြောလိုက်ခြင်းထက် တဝက်တွင်ရပ်တန့်လိုက်ခြင်းက ပို၍သင့်လျော်ကြောင်း သူ သိရှိထားသောကြောင့် ဖြစ်သည်။ ထိုအချက်အတွက် ရှောင်နန် သူ့ကို အသိအမှတ်ပြုပေးရပေမည်။ အချို့သောအရာများသည် မပြောခြင်းကသာ ပို၍ကောင်းသည်။ သို့သော်လည်း ယခုအခါတွင်မူ ရှောင်ဖန်အဘယ်ကြောင့် လျူကျင်းအား ဝင်ကယ်လိုက်သည်ကို သူ ကောင်းစွာ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
"အော …ဒါကြောင့်မို့လို့ မင်းက လျူကျင်းကို ကယ်ခဲ့တာပဲ…"
"ဒီအချက်ကလွဲလို့ ဒီကောင့်ကို ကယ်စရာအကြောင်းဘာရှိဦးမှာလဲဗျာ .. ဒါကြောင့်ပေါ့" ဟု ရှောင်ဖန်က ခပ်ပြတ်ပြတ်ပင် ပြန်လည်ဖြေကြားသည်။
သူ့ဝမ်းကွဲအကို ရှောင်နန်က ထိုသို့မေးခွန်းထုတ်ရန် လိုအပ်သည်ဟု ယူဆနေသည့်အတွက် သူ့ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေဟန်ရှိသည်။
"သူ့တို့ ဆေးခန်းက အဘိုးအိုက တကယ်သာ ဟိုလိုမျိုး. ဆိုရင် ဟိုနေ့က လျူကျင်း အသတ်ခံရတယ်ပဲထား ... ဒီကောင်သေတာရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေဟာ ပြောပြလို့မရနိုင်တဲ့အထိ ဆိုးရွားသွားလိမ့်မယ်..အကိုကလဲ အသိသားနဲ့ဗျာ"
သာမန် အင်အားမရှိသော သမားတော်တစ်ဦး၏ သားကို သတ်ဖြတ်ခြင်းမှာ တစ်ကဏ္ဍ ဖြစ်သည် ။ သို့ရာတွင် ဧကရာဇ်နယ်ပယ်အဆင့်သို့ ရောက်ရှိနေသူတစ်ဦးကို ဒေါသထွက်အောင် ရဲတင်းစွာ လုပ်ဆောင်ခြင်းမှာမူ မိုက်မဲခြင်း၏ အထွတ်အထိပ်ပင် ဖြစ်သည်။ လျူကျင်း သေဆုံးသွားခဲ့လျှင် အဘိုးအိုကျန်း ဒေါသထွက်ကာ ရမ်းကားလာနိုင်သည့်အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်ပေသည်။
ယွန်းဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးသည် အင်အားကြီးမားလှသော်လည်း သူ အစွမ်းကုန် ကြိုးစားနေသည့်တိုင် ဧကရာဇ်နယ်ပယ်အဆင့်သို့ မရောက်ရှိသေးပေ။ ထိုအချက်သည်လည်း ရှောင်ဂိုဏ်းက ယွန်းဂိုဏ်းအပေါ် ပိုမိုသာလွန်နေရခြင်း ကို အတည်ပြုပေးနေသည့် အချက်များထဲမှ တစ်ချက် ဖြစ်သည်။ အကယ်၍သာ အဘိုးအိုကျန်းအနေဖြင့် ယွန်းဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပစ်လိုသည်ဟု ဆိုပါက၊ ဂိုဏ်းချုပ်ကြီးအနေဖြင့် သူ့တစ်ဦးတည်းဖြင့် တားဆီးနိုင်မည် မဟုတ်ချေ။
ယွန်းဂိုဏ်း ပျက်စီးသွားခြင်းမှာ ရှောင်ဂိုဏ်းအတွက် အဆိုးမြင်ရမည့် ရလဒ်မျိုး မဟုတ်သည်မှာ ထင်ရှားလှပေသည်။ ရှောင်ဖန်၏ ဝင်ရောက်စွက်ဖက်မှုမှာ စေတနာမေတ္တာကဲ့သို့သော ခံစားချက်မျိုးဖြင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။
ကြောက်ရွံ့ခြင်းကသာ ရှောင်ဖန်ကို ထိုသို့လုပ်ဆောင်ရန် တွန်းအားပေးခဲ့ခြင်း ဖြစ်သည်။
ဒေါသထွက်နေသော ဧကရာဇ်တစ်ပါး၏ အမျက်ဒေါသမှာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ အကယ်၍သာ အဘိုးအိုကျန်းသည် လျူကျင်း၏ သေဆုံးခြင်းကြောင့် ဒေါသထွက်ခဲ့မည်ဆိုပါက၊ သူ၏ ရမ်းကားမှုကြောင့် ဖြစ်ပေါ်လာမည့် ပျက်စီးဆုံးရှုံးမှုများသည် ပတ်ဝန်းကျင်သို့ပါ ကူးစက်သွားနိုင်ပေသည်။ ဧကရာဇ်တစ်ပါး၏ စွမ်းအားများသည် အရှေ့ဘက်ဆိပ်ကမ်းမြို့တော်တစ်ခုလုံးကို အလွယ်တကူပင် ဖျက်ဆီးပစ်နိုင်ပေသည်။
အကယ်၍ ထိုကဲ့သို့သော ရလဒ်မျိုး ဖြစ်ပေါ်လာမည့် အခြေအနေရှိခဲ့ပါက၊ ရှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးအနေဖြင့် သည်အတိုင်းနေပါက မိမိတို့ဂိုဏ်းပါ ရောယောင်ပြီး ပျက်စီးသွားမည့်အရေးနှင့် ကြုံလာရနိူင်သည် ။ သို့ဖြစ်ပါက ပဲလှော်ကြားဆားညှပ်အဖြစ်ကဲ့သို့ သူတို့ရှောင်ဂိုဏ်းပါ ထိုတိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်ရမည့် အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။
ဧကရာဇ်နယ်ပယ်အဆင့်ရှိသူ နှစ်ဦးအကြား တိုက်ပွဲဟူသည်မှာ ကြောက်မက်ဖွယ်ကောင်းလှသော မုန်တိုင်းကြီးသဖွယ် ဖြစ်သည်။
ရှောင်ဖန်သည် ထိုအချက်ကို နားလည်သဘောပေါက်ပြီး ထိုကဲ့သို့သော ရလဒ်မျိုး မဖြစ်ပေါ်လာစေရန်အတွက် လျူကျင်းအား ကာကွယ်ပေးခဲ့ခြင်း ဖြစ်သည်။
“ဟ ..ငါ့ညီက ဘယ်ဆိုးလို့လဲ .." ရှောင်နန်က ဆိုလိုက်သည်။
"မင်းရဲ့ အတွေးအခေါ်က တော်တော်အမြော်အမြင်ရှိတယ်ပြောရမယ်ကွ ..ဒါပေမဲ့ မင်း အရေးကြီးတဲ့ အချက်တစ်ခုကို လျစ်လျူရှုထားမိတယ်လို့ ငါ ထင်တယ်"
"ဟင်..ဘာကိုလဲ အကိုရဲ့ .."
"ငါ့ရဲ့ တုံ့ပြန်မှုလေ"
ရှောင်နန်က သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်သည်။
"ငါ့ရဲ့ ညီငယ်လေးသာ အဲ့နေ့က သေဆုံးသွားခဲ့မယ်ဆိုရင် ငါ ဘာမှလုပ်မှာမဟုတ်ဘူးလို့ မင်း ထင်နေတာလား"
"ဟမ် အကိုဘာတွေပြောနေတာလဲ ..လျူကျင်းကို အကိုက ဒီလောက်တောင် ခင်တာလား .."
"အမှန်ပဲကွ .. ယွန်းဟန်သာ လျူကျင်းကို သတ်လိုက်မယ်ဆိုရင် ငါ သူ့လည်ချောင်းကို ဆွဲဖြဲပစ်လိုက်မှာ"
ရှောင်နန်၏ မျက်နှာပေါ်တွင် အပြုံးအရိပ်မျှပင် မရှိတော့ချေ။ သူ၏ အသံမှာ အလွန်အမင်း အေးစက်လှသဖြင့် ရှောင်ဖန်ပင် တုန်ယင်သွားခဲ့သည်။
"ယွန်းဂိုဏ်းဝင်းထဲအထိ တန်းဝင်သွားပီး အဲဒီ ကိုယွန်းဟန် ဆိုတဲ့ကောင်ကို မြေလှန်ရှာပီး သတ်ပစ်လိုက်မှာပဲ"
ရှောင်ဖန်သည် သူ့တွက်ကိန်းနှင့် သူ ရန်ပွဲကို ဝင်ထိန်း ခဲ့ခြင်းဖြစ်သည်။ အကယ်၍ မထိန်းခဲ့ပဲ လျူကျင်း အသတ်ခံရပါက သူ့အဖေ ရှောင်ဂိုဏ်းချုပ်အနေဖြင့် မည်သို့တုံ့ပြန်မည်နည်းဟူသည်ကိုမူ တွေးတောခဲ့ပုံမပေါ်ပေ။ ထိုအချက်ကို ရှောင်နန်က တွေးလိုက်မိသော်လည်း ရှောင်ဖန်အားထုတ်မပြောရန် ဆုံးဖြတ်လိုက်သည် ။
"အေးကွာ ...ဘာပဲပြောပြော နောက်ဆုံးမှာတော့ ဘယ်သူမှ လက်လွန်ခြေလွန်မဖြစ်ခဲ့ဘူးလေ.. ၊ အဲဒါတွေအားလုံးက မင်း ကျေးဇူးကြောင့်ပါ ညီလေးရယ်"
ထိုသို့ပြောလိုက်သည်နှင့် တင်းမာနေသော လေထုမှာ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ရုတ်တရက် ရှောင်နန် မတ်တတ်ထရပ်လိုက်ပြီး သူ့ညီဝမ်းကွဲဘေးမှ ထွက်ခွာသွားခဲ့သည်။ ရှောင်ဖန်မှာ နှုတ်ဆက်ခြင်း သို့မဟုတ် စကားတစ်ခွန်းမျှ ပြောဆိုခြင်း မရှိခဲ့ပေ။ သူ၏ ဝမ်းကွဲညီအစ်ကိုမှာ ရှောင်နန်၏ စကားလုံးများကြောင့် အံ့ဩမှင်တက်နေဆဲပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ၊ ဖြစ်ပျက်ခဲ့သည့် အခြေအနေများအပေါ် ရှောင်နန် ကျေနပ်မိသည်။ ရှောင်ဖန်၏ ဆုံးဖြတ်ချက်ချနိုင်စွမ်းမှာ မညံ့ဖျင်းကြောင်း သိလိုက်ရခြင်းကပင် အတော်အခြေအနေကောင်းနေပြီဖြစ်သည်။
ရှောင်ဖန်သာ ဧကရာဇ်နယ်ပယ်အဆင့်သို့ ရောက်ရှိသွားပြီး နောက်ထပ်ဂိုဏ်းချုပ်ဖြစ်လာပါက ဂိုဏ်း၏ အနာဂတ်မှာ စိတ်ချရပြီ ဖြစ်သည်။ ထိုအချိန်သို့ ရောက်ရှိလာသောအခါ ရှောင်ဂိုဏ်းသည် ဧကရာဇ်နယ်ပယ်အဆင့် ကျင့်ကြံသူ လေးဦး ပိုင်ဆိုင်လာမည်မှာ အသေအချာပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရှောင်နန်သည် သူကိုယ်တိုင် ထိုအဆင့်သို့ နောက်ဆုံးတွင် ရောက်ရှိနိုင်မည်ဟု တထစ်ချ ယူဆထားခြင်းကြောင့် ဖြစ်သည်
ထိုအချိန်၌ ယွန်းဂိုဏ်းတွင်မူ မည်သူမျှ ရှိတော့မည် မဟုတ်ချေ။ မှန်ပေသည်၊ ရှောင်ဂိုဏ်း၏ အနာဂတ်မှာ ယွန်းဂိုဏ်းထက်စာပါက ပိုမိုဖြောင့်ဖြူးခိုင်မာနေပြီ ဖြစ်၏။
အရှေ့ဘက်ဆိပ်ကမ်းမြို့တော်အတွက်တော့ ဤမျှပင် ဖြစ်ပေသည်။
အင်ပါယာဟူသည် ကြီးမားကျယ်ပြန့်သော နေရာတစ်ခု ဖြစ်သည်။ မြို့တော်ရှိ ပါရမီရှင်များ၏ အဆင့်အတန်းကို ရှောင်နန်သည် သူ၏ မျက်စိဖြင့် ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ရှောင်ဂိုဏ်းအနေဖြင့် တစ်နေ့သောအခါတွင် ဤလောကမြေပေါ်မှ အကြီးမားဆုံးသော မျိုးနွယ်စု ကြီးများနှင့် ဂိုဏ်းကြီးများ၏ အဆင့်အတန်း၌ ရပ်တည်နိုင်စေရန် နောက်ထပ် ခြေလှမ်းတစ်ခု လိုအပ်နေပေသေးသည်။
ထိုခြေလှမ်းအတွက်မူ လျူကျင်းသည် လုံးဝ မရှိမဖြစ် လိုအပ်သူတစ်ဦး ဖြစ်ပေသည်။ တစ်နေ့သောအခါတွင် ရှောင်ဖန်သည် ထိုအချက်ကို နားလည်သဘောပေါက်လာရလိမ့်မည်။