← Chapters

အခန်း ၉

Vol. 1 Ch. 9

အခန်း ၉

Vol. 1 Ch. 9

အခန်း ၉ - အဆိပ်စွယ်ချိုင့်ဝှမ်း

အဆိပ်စွယ်ချိုင့်ဝှမ်းသည် အရှေ့ဘက်ဆိပ်ကမ်းမြို့တော်မှ မိုင်အနည်းငယ်ခန့်အကွာတွင် တည်ရှိသည်။ ၎င်းသည် သုံးမိုင်ခန့် နက်ရှိုင်းပြီး အရှေ့ဘက်ဆိပ်ကမ်းမြို့တော်တစ်ခုလုံးကိုပင် ၎င်း၏နယ်နိမိတ်အတွင်း ဆံ့ဝင်နိုင်လောက်အောင် ကျယ်ဝန်းလှသည်။ ချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံးနေရာများတွင် အန္တရာယ်များလှသော၊ အဆိပ်အတောက်ရှိသော သတ္တဝါများဖြင့် ပြည့်နှက်နေသည့် သစ်ပင်ပန်းမန်များ ထူထပ်စွာ ပေါက်ရောက်နေသည်။ အမှန်စင်စစ် ချိုင့်ဝှမ်းအတွင်းရှိ သတ္တဝါများသာ အဆိပ်ရှိသည်မဟုတ်၊ ချိုင့်ဝှမ်းရှိ အပင်များ၊ မြေဆီလွှာနှင့် လေထုမှာပင် အဆိပ်အတောက်များ ဖြစ်နေနိုင်သည်။

လူအများစုက အဆိပ်စွယ်ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်ခြင်းမှာ မိုက်မဲသော လုပ်ရပ်ဟု သတ်မှတ်ကြပြီး၊ သူတို့၏ အတွေးမှာလည်း မှားယွင်းသည်ဟု မဆိုနိုင်ပေ။ သို့သော်လည်း လူအများအပြားသည် အဆိပ်စွယ်ချိုင့်ဝှမ်းအတွင်းသို့ စွန့်စားဝင်ရောက်နေကြသည့် အကြောင်းရင်းတစ်ခု ရှိသည်။ ရှောင်ဂိုဏ်းနှင့် ယွန်းဂိုဏ်းတို့သည် ကျွမ်းကျင်သော အဆင့်မြင့်ကျင့်ကြံသူများပါဝင်သည့် အဖွဲ့များကို ချိုင့်ဝှမ်းအတွင်းသို့ ပုံမှန်စေလွှတ်နေကြသည့် အကြောင်းရင်းတစ်ခုလည်း ရှိသည်။

အဆိပ်စွယ်ချိုင့်ဝှမ်းရှိ အပင်များနှင့် သတ္တဝါတို့သည် ကျင့်ကြံခြင်းအတွက်နှင့် အခြားရည်ရွယ်ချက်များအတွက် တန်ဖိုးရှိသော အရင်းအမြစ်များ ဖြစ်ကြသည်။ လျူကျင်းနှင့် သူ၏အဖေတို့သည် ရှားပါးဆေးမြစ်များကို ရှာဖွေရန်အတွက် အဆိပ်စွယ်ချိုင့်ဝှမ်းသို့ မကြာခဏ သွားရောက်လေ့ရှိသည်။ ထိုနေရာတွင် အန္တရာယ်ရှိသော သားရဲများစွာ ရှိနေသည့်အတွက် ရှောင်ဂိုဏ်းအနေဖြင့် သူတို့နှင့်အတူ စောင့်ရှောက်သူ အစောင့်အချို့ကို ပုံမှန်အားဖြင့် စေလွှတ်ပေးလေ့ရှိသည်။

ယခုတစ်ကြိမ်တွင်မူ လျူကျင်းနှင့်အတူ လိုက်ပါလာသည့် ရှောင်ဂိုဏ်းဝင် မည်သူမျှ မရှိပေ။ သူသည် အဖေဖြစ်သူနှင့်အတူ လာရောက်ခြင်းလည်း မဟုတ်ချေ။

ယခုတစ်ကြိမ်တွင်မူ လျူကျင်းသည် အဘိုးအိုကျန်းနှင့်အတူ ချိုင့်ဝှမ်းအတွင်းသို့ လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။

အဘိုးအိုကျန်း၏ တပည့်ဖြစ်လာပြီးနောက်ပိုင်းတွင် ထိုဆရာသခင်ကြီးသည် လျူကျင်းအတွက် အဓိပ္ပာယ်မရှိသလို ဖြစ်နေသည့် တာဝန်အမျိုးမျိုးကို စေခိုင်းလေ့ရှိသည်။ အထူးသဖြင့် ကဗျာ စုစည်းမှုကျမ်းစာအုပ်တစ်ခုလုံးကို ကူးရေးခိုင်းခြင်းမှာ အဆိုးရွားဆုံးပင် ဖြစ်သည်။

သို့သော်လည်း လျူကျင်းမှာ ငြီးတွားခွင့်မရှိပေ။ အဘိုးအိုကျန်းသည် သာမန်စကားပြောဆိုခြင်း အကြားတွင် အခါအားလျော်စွာ ချပြလိုက်သော ဗဟုသုတအပိုင်းအစများမှာပင် ဆေးပညာရပ်ဆိုင်ရာတွင် သူ့အား အဆမတန် ကျယ်ပြန့်သွားစေရန် လုံလောက်နေသည်။ နောက်ဆုံးတွင် သူ၏ ဆရာသခင်မှာ မိမိ၏ အရှိန်အဟုန်အတိုင်းသာ အမြဲလုပ်ဆောင်လေ့ရှိသူ ဖြစ်သည်။ လျူကျင်းအနေဖြင့် လုပ်ဆောင်နိုင်သည်မှာ သူ့နောက်သို့ အလိုက်အထိုက် ပါသွားရန်သာ ရှိတော့သည်။

ထို့ကြောင့်ပင် အဘိုးအိုကျန်းက အဆိပ်စွယ်ချိုင့်ဝှမ်းသို့ သွားမည်ဟု ကြေညာလိုက်သည့်အခါ လျူကျင်းသည် မျက်တောင်တစ်ချက်ပင် မခတ်ခဲ့ချေ။ သူသည် မိမိ၏ ပစ္စည်းများကိုသာ ကောက်သိမ်းလိုက်ပြီးနောက် ဆရာသခင်နောက်သို့ လိုက်ပါသွားခဲ့သည်။

သူ၏ ဆရာသခင်သည် ရှောင်ဂိုဏ်းကို အသိပေးရန်ပင် အားထုတ်မနေခဲ့ပေ၊ ပုံမှန်အားဖြင့် လုပ်ဆောင်လေ့ရှိသည့်အတိုင်း အစောင့်များကို ခေါ်ဆောင်သွားရန်လည်း စိတ်ကူးမရှိခဲ့ပေ။ ဧကရာဇ်တစ်ပါး၏ တည်ရှိမှုသက်သက်ကပင် လိုအပ်သမျှ ကာကွယ်မှုအားလုံးကို ပေးစွမ်းနိုင်နေပြီ ဖြစ်သည်။ ၎င်းအဆင့်ကို ယှဉ်နိုင်မည့် ဝိညာဉ်သားရဲ မည်သည်မျှ ထိုနေရာတစ်ဝိုက်တွင် မရှိပေ။ အကယ်၍သာ ရှိနေခဲ့ပါလျှင် ရှောင်ဂိုဏ်းအပါအဝင် မည်သူမျှ ထိုချိုင့်ဝှမ်းအတွင်းသို့ ခြေချရဲကြမည်မဟုတ်ချေ။

ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်လိုက်သည့်အချိန်တွင် အဘိုးအိုကျန်းသည် သူ၏ ကျင့်စဉ်စွမ်းအင်များကို တစ်ကြိမ်သာ ထုတ်လွှတ်ပြလိုက်သည်။

လျူကျင်းသည်ယခု တစ်နာရီကျော်သည့်အချိန်အထိ သူတို့ထံသို့ ချဉ်းကပ်လာသည့် သတ္တဝါတစ်ကောင်ကိုမျှ မတွေ့မြင်ရသေးပေ။

ယခုမူ ဆရာနှင့်တပည့်တို့သည် ဘေးနှစ်ဖက်စလုံး၌ အန္တရာယ်ရှိသော အပင်များ ဝန်းရံထားသည့် ကျဉ်းမြောင်းသော လမ်းကလေးအတိုင်း လျှောက်လှမ်းနေကြသည်။ အဘိုးအိုကျန်းက ရှေ့မှဦးဆောင်နေပြီး လျူကျင်းက နောက်မှလိုက်ပါလာသည်။ လျူကျင်း၏ ကျောတွင်မူ ဆေးမြစ်များဖြင့် ပြည့်နှက်နေသော ခြင်းတောင်းကြီးတစ်ခုကို လွယ်ထားသည်။

ပြီးခဲ့သည့် တစ်နာရီအတွင်း အဘိုးအိုကျန်းသည် ဆေးမြစ်များကို ရှာဖွေစုဆောင်းကာ လျူကျင်းအား ပြသပြီး ၎င်းတို့၏ အမည်များကို မှတ်မိစေရန် မေးမြန်းနေခဲ့သည်။ အကယ်၍ လျူကျင်းက မသိရှိပါက အဘိုးအိုကျန်းသည် ၎င်းတို့၏ ဂုဏ်သတ္တိများနှင့် အသုံးပြုပုံများကို လျင်မြန်စွာ ရှင်းပြပေးပြီးနောက် ခြင်းတောင်းထဲသို့ ထည့်လိုက်လေ့ရှိသည်။

"ဒီအပင်က ဘာအပင်လဲ ပြောစမ်း..."

"ကလီစာကြေ အဆိပ်ဆေးခါးပင်ပါ ဆရာကြီး" ဟု လျူကျင်းက ချက်ချင်း ပြန်ဖြေလိုက်သည်။ ၎င်း၏ အရောင်ဖျော့ဖျော့ ဝါညစ်ညစ် အသွင်အပြင်ကို မှတ်သားရသည်မှာ သူ့အတွက် လက်ဖျောက်တစ်ချက်တီးသလောက် လွယ်ကူလှပေသည်။

"အင်း... ဟုတ်ပြီ၊ ဒါဆို သူ့ရဲ့ ဆေးစွမ်းသတ္တိတွေကကော..."

လျူကျင်း ထိုမေးခွန်းကို ခဏမျှ စဉ်းစားကြည့်သော်လည်း ခေါင်းထဲ၌ ဘာမျှ ပေါ်မလာချေ။

"ဒီအပင်မှာ ဆေးဖက်ဝင်တဲ့ အာနိသင်မျိုး ရှိတယ်လို့ ကျွန်တော် မကြားဖူးပါဘူး ဆရာကြီး..."

"အေး မှန်တယ် ဆေးဖက်ဝင်တယ်လို့ တရားဝင်ပြောထားတာမျိုး မရှိဘူး..." ဟု အဘိုးအိုကျန်းက ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။

"အနည်းဆုံးတော့ ပိုပြီး အသုံးများပြီး ဘေးကင်းတဲ့ တခြားဆေးဖက်ဝင်ပစ္စည်းတွေနဲ့ အစားထိုးလို့ မရနိုင်တဲ့ အစွမ်းမျိုးတော့ မရှိဘူးပေါ့။ ဒါပေမဲ့... အသက်သေစေနိုင်တဲ့ ဒီ အပင်' ကို အဆိပ်အမျိုးမျိုး ဖော်စပ်တဲ့နေရာမှာတော့ အသုံးပြုနိုင်တယ်။ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း အစိပ်စိပ်အမွှာမွှာ ပျက်စီးစေတဲ့ အဆိပ်ကအစ၊ သွေးအန်ပြီး ချက်ချင်း အသက်ပျောက်စေမယ့် အဆိပ်အထိ ဖော်စပ်လို့ရတယ်။ မင်း... အဲဒီအဆိပ်တွေ ဘယ်လိုဖော်စပ်ရမလဲဆိုတာကို သင်ယူရလိမ့်မယ်"

ထိုစကားကို ကြားလိုက်ရသောအခါ လျူကျင်းတစ်ယောက် စိတ်မသက်မသာဖြင့် မျက်မှောင်ကြုတ်လိုက်မိတော့သည်။

"ဆရာ... ကျွန်တော်က ဆရာ့ဆီကနေ လူနာတွေကို ကုသပေးမယ့် ဆေးပညာကိုပဲ သင်ယူရမှာလို့ ထင်ထားတာပါ..."

"လောကကြီးမှာရှိတဲ့ အဆိပ်အတောက်တွေနဲ့ ရောဂါဝေဒနာတွေအကြောင်းကို သမားတော်တစ်ယောက်ဟာ တခြားသူတွေထက် ပိုပြီး နှံ့နှံ့စပ်စပ် သိထားရမယ် လူလေးရဲ့ ၊ တကယ်လို့... ရောဂါဝေဒနာတစ်ခု ဒါမှမဟုတ် အဆိပ်တစ်ခုရဲ့ သဘာဝကို သေသေချာချာ မသိဘူးဆိုရင် သူတို့ကို ဘယ်လိုလုပ် ကုသပေးနိုင်ပါ့မလဲ။ ငါတို့ ဆေးခန်းကို ပြန်ရောက်ရင် မင်းကို အဆိပ်အခြေခံလေးတစ်ခု ဘယ်လိုဖော်စပ်ရမလဲဆိုတာ သင်ပေးမယ်။ ပြီးရင်... အဲဒီအဆိပ်ထဲမှာ ပါဝင်တဲ့ ဆေးဖက်ဝင်အပင်တွေရဲ့ ဂုဏ်သတ္တိကို ကြည့်ပြီး မင်းက ဖြေဆေးကို ကိုယ်တိုင် ပြန်ဖော်စပ်ရမယ်။ ဒါကိုတော့ မင်းအနေနဲ့ ပထမဆုံးအကြိမ်မှာတင် အောင်မြင်အောင် လုပ်ပြရမယ်ဆိုတာ ငါ အထူးပြောနေဖို့ မလိုတော့ဘူးမလား..."

ဆရာသခင်၏ အကျိုးအကြောင်းပြချက်များတွင် မည်သည့်အမှားအယွင်းမျှ ရှာမတွေ့နိုင်သဖြင့် လျူကျင်းလည်း စိုးရိမ်စိတ်များကို ဖယ်ရှားကာ အစွမ်းကုန် ကြိုးစားရန် ရင်ထဲ၌ ဆုံးဖြတ်လိုက်တော့သည်။

"ဟုတ်ကဲ့ပါ ဆရာကြီး..."

တပည့်ဖြစ်သူ၏ အဖြေကို ကျေနပ်သွားသော အဘိုးအိုကျန်းသည် အသက်သေစေနိုင်သည့် ထို အပင်' ကို လျူကျင်း လွယ်ထားသည့် ခြင်းတောင်းထဲသို့ ပစ်ထည့်လိုက်သည်။ ခြင်းတောင်းကြီးမှာ လျူကျင်း၏ ခန္ဓာကိုယ်တစ်ခုလုံးပင် ဆံ့ဝင်နိုင်လောက်အောင် ကြီးမားလှသော်လည်း ယခုအခါတွင်မူ ဆေးပင်ဆေးမြစ်မျိုးစုံဖြင့် လျှံထွက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

အမှန်တော့ အဘိုးအိုကျန်းအနေဖြင့် ထိုဆေးပင်များကို သိုလှောင်အိတ်ထဲသို့ အလွယ်တကူ ထည့်ထားနိုင်သော်လည်း ထိုသို့မလုပ်ဘဲ လျူကျင်းကိုသာ အားလုံး လွယ်ခိုင်းထားခြင်း ဖြစ်သည်။ ခြင်းတောင်းမှာ အတော်ပင် လေးလံနေပြီ ဖြစ်သော်လည်း လျူကျင်းသည် စိုးစဉ်းမျှ မညည်းညူဘဲ မိမိပင်ပန်းနေသည့် အရိပ်အယောင်ကို တစ်ချက်ကလေးမျှ မပြဘဲ ထိုအလေးချိန်ကို အသာတကြည်ပင် ကြံ့ကြံ့ခံ ထမ်းပိုးထားလေသည်။

"ငါ့ကို တစ်ခုလောက် ပြောပြစမ်းပါဦး လူလေး... ဒီတောတောင်ထဲမှာ ကျင်လည်ကျက်စားကြတဲ့ သားရဲသတ္တဝါတွေအကြောင်း မင်း ဘာတွေ သိထားသလဲ" ဟု သူတို့ ဆက်လက် လျှောက်လှမ်းနေစဉ်အတွင်း အဘိုးအိုကျန်းက မေးမြန်းလိုက်သည်။

"အဆိပ်စွယ်ချိုင့်ဝှမ်းက အန္တရာယ်ရှိတဲ့ အပင်တွေနဲ့ သားရဲတွေ အများကြီးရှိတဲ့နေရာပါ ဆရာကြီး။ ဒီမှာတင် အခြေချတဲ့ ဝိညာဉ်သားရဲတွေတင်မကဘူး၊ တခြားနေရာက အဆိပ်ရှိတဲ့ သတ္တဝါတွေပါ ဒီကို မကြာခဏ ရောက်လာတတ်ကြတယ်။ ချိုင့်ဝှမ်းထဲမှာ သားရဲတွေ အရမ်းများလာပြီဆိုရင်တော့ တချို့က မြို့ဘက်အထိ ဆင်းလာတတ်ကြတယ်လေ။ အဲဒီလိုအချိန်မျိုးဆို ရှောင်ဂိုဏ်းနဲ့ ယွန်းဂိုဏ်းက သူတို့လူတွေကို လွှတ်ပြီး သားရဲတွေကို လိုက်ရှင်းပစ်ကြတာ။ ဒီလိုနည်းနဲ့ ချိုင့်ဝှမ်းထဲက သားရဲဦးရေကို ထိန်းချုပ်ကြတယ်လို့ သိထားပါတယ်"

ထိုအခြေအနေမှာ ရှောင်ဂိုဏ်းနှင့် ယွန်းဂိုဏ်းသားများ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ကြသည့် နည်းပါးလှသော အခွင့်အရေးများထဲမှ တစ်ခုပင် ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့သော အချိန်မျိုး၌ပင် သူတို့သည် ဝိညာဉ်သားရဲများကို မည်သူက ပိုမိုသတ်ဖြတ်နိုင်သနည်းဟူ၍ အပြိုင်အဆိုင် လုပ်ဆောင်နေကြပြန်သည်။ အစွမ်းထက် ဝိညာဉ်သားရဲတို့၏ အမြုတေများသည် ကျင့်ကြံခြင်းအတွက် တန်ဖိုးဖြတ်မရသော အရင်းအမြစ်များ ဖြစ်ကြသဖြင့် ဂိုဏ်းနှစ်ခုစလုံးက တတ်နိုင်သမျှ များများ စုဆောင်းနိုင်ရန် အလုအယက် ကြိုးပမ်းကြခြင်း ဖြစ်သည်။

"ဟုတ်ပြီ... ဒါဆို ဒီနေရာကို အဆိပ်ရှိတဲ့ သတ္တဝါတွေ အများကြီး ဘာလို့ စုလာကြတာလဲ၊ အဲဒီအကြောင်းရင်းကိုကော မင်း သိလား"

လျူကျင်းတစ်ယောက် ခေါင်းခါပြလိုက်ရုံမှတစ်ပါး အခြားမလုပ်နိုင်ခဲ့ချေ။ သူ လူမှန်းသိတတ်စကတည်းက အဆိပ်ရှိသော သတ္တဝါများသည် အဆိပ်စွယ်ချိုင့်ဝှမ်းသို့ စုဝေးရောက်ရှိလာခြင်းမှာ သဘာဝတရားတစ်ခုလို ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေကျ လောကနိယာမတစ်ခုမျှသာ ဖြစ်၏။

"အေးကွ ..ဟိုးရှေ့ကိုလှမ်းကြည့်လိုက်စမ်း…၊ ဒီချိုင့်ဝှမ်းရဲ့ အလယ်ဗဟိုကနေ ထူးခြားတဲ့ စွမ်းအင်တစ်ခု ထွက်ပေါ်နေတာပဲကွ"

ဟု အဘိုးအိုကျန်းက ဆိုသည်။ သူသည် ရှေ့တည့်တည့်ဆီသို့ ငေးမောကြည့်ရှုရင်း မိမိ၏ မုတ်ဆိတ်ဖြူကြီးကို သာသာယာယာ ပွတ်သပ်လိုက်သည်။

"အဲဒီစွမ်းအင်ကပဲ အဆိပ်ရှိတဲ့ သတ္တဝါမျိုးစုံကို ဆွဲဆောင်နေတာ။ အဲဒီစွမ်းအင်ရဲ့ ရင်းမြစ်က ဘာဖြစ်မလဲဆိုတာကို ငါ ခန့်မှန်းမိပေမယ့် သေချာသွားအောင်တော့ ငါတို့ အဲဒီနေရာအထိ ကိုယ်တိုင် သွားကြည့်မှ ဖြစ်မယ်"

လျူကျင်းတစ်ယောက် အံ့အားသင့်သွားသဖြင့် မျက်လုံးအစုံ ပြူးကျယ်သွားရသည်။

"အလယ်ဗဟိုကို သွားရမှာလား... မဖြစ်နိုင်တာ ဆရာကြီးရယ်"

သူသည် ချိုင့်ဝှမ်း၏ အတွင်းပိုင်း နက်နဲရာအရပ်ဆီသို့ လက်ညှိုးထိုးပြလိုက်မိသည်။ ထိုနေရာမှာ လွန်စွာ ဝေးကွာလှပြီး ခရမ်းရောင် မြူခိုးထူထူများ အလိပ်လိပ် ဖုံးလွှမ်းလျက် ရှိနေချေသည်။

"အဲဒီနေရာက အဆိပ်က အရမ်းပြင်းတာ ဆရာကြီး .. အသက်ရှူလိုက်တဲ့ လေထုတင်နဲ့တင် လူတစ်ယောက်ရဲ့ အဆုတ်တွေကို ပုပ်သွားစေနိုင်တယ်။ ရှောင်ဂိုဏ်းက အဆင့်မြင့်သိုင်းပညာရှင်တွေတောင် အဲဒီအထဲကို မတိုးရဲကြဘူး"

အဆိပ်စွယ်ချိုင့်ဝှမ်းအတွင်းရှိ ရတနာအရင်းအမြစ်များကို အဘယ်ကြောင့် ယနေ့တိုင် တစ်ခါမျှ အကုန်အစင် မရယူနိုင်ခဲ့ကြသနည်းဟူ၍ ခိုင်လုံသော အကြောင်းရင်းတစ်ရပ် ရှိပေသည်။ ချိုင့်ဝှမ်း၏ အပြင်ဘက်အစွန်းပိုင်းများသည် ဘေးအန္တရာယ်များလှသည် ဆိုသော်ငြား အဆင့်မြင့် သိုင်းပညာရှင်တစ်ဦးအတွက်မူ မတတ်သာနိုင်သည့်အရာတော့ မဟုတ်ချေ။ သို့သော်လည်း ချိုင့်ဝှမ်း၏ အလယ်ဗဟိုဆီသို့ တိုးဝင်သွားလေလေ၊ အသက်အန္တရာယ်က ပိုမိုကြီးမားလာလေလေ ဖြစ်သည်။ နောက်ဆုံးတွင် လေထုကိုယ်တိုင်ကပင် သေမင်းတမျှ ကြောက်မက်ဖွယ်ကောင်းသော အဆိပ်အတောက်များအဖြစ် ပြောင်းလဲသွားတော့သည်။

အရှေ့ဘက်ဆိပ်ကမ်းမြို့တော်မှ နာမည်ကြီး တန်ခိုးရှင်အများအပြားသည် ချိုင့်ဝှမ်း၏ အလယ်ဗဟိုတွင် ပုန်းအောင်းနေမည့် လျှို့ဝှက်ဆန်းကြယ်သော ရှားပါးသားရဲများကို အလိုရှိသဖြင့် ထိုနေရာသို့ သွားရောက်ရန် စွန့်စားခဲ့ကြဖူးသည်။ ဉာဏ်ပညာရှိသူများမှာ အခြေအနေမဟန်မှန်းသိ၍ အချိန်မီ နောက်ပြန်လှည့်နိုင်ခဲ့သော်လည်း၊ လောဘဇောတိုက်ကာ ခေါင်းမာခဲ့ကြသူများမှာမူ ခန္ဓာကိုယ်တစ်ခုလုံး အဆိပ်သင့် ပုပ်သိုးပျက်စီးသွားသည်အထိ အသက်ပျောက်ခဲ့ကြရလေသည်။

အဘိုးအိုကျန်းက သဘောကျစွာဖြင့် ဟားဟားဟားဟား ရယ်မောလိုက်သည်။

"အိုး... ကောင်စုတ်လေး…မင်း ဘယ်သူနဲ့ စကားပြောနေလဲဆိုတာ မေ့သွားပြီလား..."

အရှေ့ဘက်ဆိပ်ကမ်းမြို့တော်တစ်ခုလုံးတွင် အဘိုးအိုကျန်းနှင့် ရင်ပေါင်တန်းရပ်တည်နိုင်သူဟူ၍ ရှောင်ဂိုဏ်းချုပ် ကြီး ရှောင်ကျန်းတစ်ဦးတည်းသာ ရှိပေသည်။ ချိုင့်ဝှမ်းအတွင်းပိုင်းထဲအထိ မတိုးဝင်နိုင်ကြသော အခြားသော သိုင်းပညာရှင်များနှင့် အဘိုးအိုကျန်းကို နှိုင်းယှဉ်ခြင်းမှာ ရယ်စရာကောင်းလှရုံသာမက သခင်ကြီးအား စော်ကားရာပင် ရောက်နေတော့သည်။

"ဆရာကြီး အတွက်တော့ အဲဒီလိုအဆိပ်မျိုးက ဘာမှမဟုတ်တာ အမှန်ပါပဲ။ ဒါပေမဲ့..."

လျူကျင်းက သူ့ကိုယ်သူ လက်ညှိုးထိုးပြရင်း စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

"ဒီတပည့်က အတွင်းပိုင်းကျင့်ကြံခြင်းအဆင့်ကိုတောင် မရောက်သေးတာလေ ဆရာကြီးရဲ့ အဲဒီအဆိပ်မြူတွေကြားထဲ ရောက်သွားရင် ကျွန်တော်တော့ သေချာပေါက် အသက်ပျောက်မှာပဲ..."

"အင်း... မင်းပြောတာလည်း ဟုတ်တာပဲ"

ဟု အဘိုးအိုကျန်းက ခေါင်းတညိတ်ညိတ်ဖြင့် လက်ခံသလို ပြောလိုက်သည်။

"ဒါပေမဲ့ အဲဒါက တစ်ဖက်သတ် စဉ်းစားတာပဲရှိသေးတယ်။ ငါက မင်းကို အဆိပ်မြူတွေကြားထဲမှာ အလွယ်လေး ကာကွယ်ပေးထားလို့ရပေမယ့် အဲဒီလိုလုပ်လိုက်ရင် မင်း ဘာမှ ပညာရမှာ မဟုတ်ဘူး။ ဒါကြောင့် မင်းကိုယ်တိုင် ဒီအဆိပ်မြူတွေကို ဘယ်လို ကြံ့ကြံ့ခံ ကျော်ဖြတ်ရမလဲဆိုတာကို သင်ယူရမယ်။ ငါတို့မှာ အချိန်အများကြီး မရှိဘူး၊ ဒါကြောင့် တစ်လအတွင်းမှာပဲ မင်း အောင်မြင်အောင် ကြိုးစားပေတော့"

"ဟင် ဒီအချိန်တိုလေးအတွင်းမှာလား..၊တကယ်ရော ဖြစ်နိုင်လို့လား ဆရာကြီး..."

ဤကမ်းလှမ်းချက်မှာ လွန်စွာ ယုတ္တိမရှိလွန်းသဖြင့် လျူကျင်းတစ်ယောက် အံ့ဩဆွံ့အကာ နားမလည်နိုင်အောင် ဖြစ်နေရသည်။ အကယ်၍ အဘိုးအိုကျန်းက သူ၏အစွမ်းများကို အသုံးပြု၍ အဆိပ်မြူခိုးများရန်မှ အကာအကွယ်ပေးမည်ဟု ပြောခဲ့ပါက လျူကျင်းတစ်ယောက် အကြွင်းမဲ့ ယုံကြည်မိပေလိမ့်မည်။ သို့သော်လည်း ထိုသေမင်းတမျှ ကြောက်မက်ဖွယ်ကောင်းသော အဆိပ်အတောက်များကို မိမိဘာသာ ရင်ဆိုင်ကျော်ဖြတ်ရမည်ဟု ဆိုသည်မှာကား အရှင်လတ်လတ် သေတွင်းထဲ ဆင်းခိုင်းသည်နှင့် မခြားပေ။ လုံးဝ... လုံးဝ မဖြစ်နိုင်သော ကိစ္စရပ်ပင် ဖြစ်ချေသည်။

တစ်နှစ်တာ ကာလအတွင်းတွင် သူသည် အခြေအနေ အကောင်းဆုံး ဖြစ်ထွန်းလျှင်ပင် အတွင်းပိုင်းကျင့်ကြံခြင်း အဆင့်သို့သာ ရောက်ရှိနိုင်ပေလိမ့်မည်။ သူ့ကဲ့သို့ သာမန် သမားတော်တစ်ဦး၏ သားအတွက်မူ ထိုအဆင့်သို့ ရောက်ရှိခြင်းမှာပင် ကြီးမားသော အောင်မြင်မှုကြီး တစ်ရပ်ဟု သတ်မှတ်၍ ရနိုင်ပေသည်။ သို့သော်လည်း ထိုကြောက်မက်ဖွယ်ကောင်းသော မြူခိုးများကို ရင်ဆိုင်ကျော်ဖြတ်ရန်အတွက်မူ မြို့တော်ရှိ အထူးချွန်ဆုံးသော ကျင့်ကြံသူကြီး နှစ်ဦးမှလွဲ၍ ကျန်ရှိသောသူ အားလုံးထက် ပိုမိုမြင့်မားသည့် ကျင့်ကြံခြင်းစွမ်းအားများ လိုအပ်ပေသည်။ ထို့ကြောင့် တစ်နှစ်အတွင်းတွင် ထိုပုဂ္ဂိုလ်ကြီးများနှင့် တန်းတူရည်တူ ရှိလာနိုင်မည်ဟု စိတ်ကူးကြည့်ခြင်းမှာကား ရယ်စရာပြက်လုံးတစ်ခု သက်သက်သာ ဖြစ်ချေသည်။

"စိတ်အေးအေးထားစမ်း ငါ့တပည့်... ရော့၊ ဒါလေး အရင်စားလိုက်ဦး၊ ပြီးမှ ငါ အေးအေးဆေးဆေး ရှင်းပြမယ်"

လျူကျင်းတစ်ယောက် စိတ်ရှုပ်ထွေး ဝေခွဲမရ ဖြစ်နေစဉ်မှာပင် အဘိုးအိုကျန်းသည် သူ၏ သိုလှောင်အိတ်ထဲမှ အရသာရှိပုံပေါ်သော အသီးငယ်လေး တစ်လုံးကို ထုတ်ယူလိုက်သည်။ ဆရာဖြစ်သူက ကမ်းပေးလာသဖြင့် လျူကျင်းလည်း မဆိုင်းမတွပင် လှမ်းယူလိုက်မိသည်။

ပထမဆုံး တစ်ကိုက် ကိုက်လိုက်သည်နှင့် လျှာဖျားသို့ စိမ့်ဝင်သွားသော ချိုမြိန်လတ်ဆတ်သည့် အရသာကြောင့် လျူကျင်းမှာ ဒုတိယအကိုက်နှင့် တတိယအကိုက်ကို ချက်ချင်းပင် တမြုံ့မြုံ့ လိုက်ပါကိုက်စားမိသွားတော့သည်။ လျူကျင်းတစ်ယောက် မိမိ၏ တစ်သက်တာအတွင်း ဤမျှ အရသာထူးကဲလှသော အရာမျိုးကို တစ်ခါမျှ မမြည်းစမ်းဖူးခဲ့ချေ။

"ဒီအသီးက ဘာအသီးလဲ ဆရာကြီး ..စားလို့ကောင်းလိုက်တာဗျ."

လျူကျင်းက ပါးစပ်ထဲမှ အရသာထူးကဲလှသော အသီးကို မြိန်ရေယှက်ရေ ဝါးစားရင်း မေးမြန်းလိုက်သည်။ ဤအရာသည် ထိုကြောက်မက်ဖွယ်ကောင်းသော အဆိပ်မြူခိုးများကို ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်း ပေးစွမ်းမည့် ရှားပါးလှသော ဒဏ္ဍာရီလာ နတ်ဆေးဖက်ဝင်ပစ္စည်းမျိုးများထဲမှ တစ်ခုလေရော့သလား။ ၎င်း၏ အရသာမှာကား အမှန်ပင် နတ်သုဓာကဲ့သို့ ထူးခြားဆန်းပြားလှပေသည်။

"ဒါက 'ဝိညာဉ်စုပ်သစ်ပင် ' ရဲ့ အသီးပဲ။ ဒါကြောင့်မို့လို့... ဒါဟာ တကယ့်ကို အဆိပ်အလွန်ပြင်းတဲ့ အသီးမျိုး ဖြစ်တယ်"

လျူကျင်းတစ်ယောက် လည်ပင်းနင်မတတ်ပင်ဖြစ်သွားသည် ။သူအလွန် အံ့အားသင့်သွားသဖြင့် မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်မိသည်။

"ဗျာ..."

"အို... စိတ်မပူပါနဲ့၊ မင်း ချက်ချင်း သေမသွားပါဘူး။ ဝိညာဥ် သစ်ပင်တွေက သူတို့ရဲ့ ချိုမြိန်လှတဲ့ အသီးတွေနဲ့ သားရဲတိရစ္ဆာန်တွေကို ဆွဲဆောင်လေ့ရှိတယ်။ အဲဒီအသီးထဲမှာ ခန္ဓာကိုယ်တစ်ခုလုံးကို ကြက်သေ သေသွားစေနိုင်တဲ့ အကြောသေအဆိပ်မျိုး ပါဝင်နေပြီး စားမိတဲ့သူက လှုပ်လို့မရတော့တဲ့အခါမှ သစ်ပင်က အဲဒီလူရဲ့ သွေးသားအနှစ်သာရတွေကို တဖြည်းဖြည်းချင်း စုပ်ယူပစ်တာပေါ့။ ဒါပေမဲ့... စိတ်အေးအေးထားပါ၊ ဒီနားတစ်ဝိုက်မှာတော့ အဲဒီသစ်ပင်မျိုး မရှိပါဘူး"

လျူကျင်းသည် မိမိ၏ ဆရာသခင်ကို နားမလည်နိုင်လောက်အောင် ကြောင်အမ်းအမ်းအကြည့်ဖြင့် ငေးမောကြည့်နေမိသည်။ သို့သော်လည်း တစ်ခဏအတွင်းမှာပင် မိမိ၏ လက်ခြေများ တဖြည်းဖြည်း လေးလံထုံကျဉ်လာသည်ကို သတိပြုမိလိုက်သည့်အခါ သူ၏ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်ခြင်းများ ကြီးစိုးသွားတော့သည်။

"ဘာ…ဘာလို့ ဒီလိုလုပ်ရတာလဲ ဆရာကြီးရာ ..."

"မင်းကို ပညာသင်ပေးဖို့ပေါ့ကွ။ စိတ်ကို လုံးဝမပြန့်လွင့်စေနဲ့။ မင်းရဲ့ခန္ဓာကိုယ်ထဲက အဆိပ်ကို ဘယ်လိုမောင်းထုတ်ရမလဲဆိုတာ အခုချက်ချင်း သင်ယူရမယ်၊ မဟုတ်ရင်တော့ မင်း နောက်ထပ် နာရီအနည်းငယ်လောက် ဒီနေရာမှာတင် ရုပ်တုလို တောင့်ခဲနေရလိမ့်မယ်"

"ကျွန်တော်... ကျွန်တော် ဘယ်လိုလုပ်ရမလဲ..."

လျူကျင်းက မပီမသဖြင့် လှမ်းမေးလိုက်သည်။ သူ အခြားစကားများ ထပ်မံပြောဆိုချင်သေးသော်လည်း ယခုအခါတွင်မူ သူ၏ နှုတ်ခမ်းနှင့် ပါးစပ်အစုံမှာ အာခေါင်ခြောက်ကာ ထုံကျဉ်အေးစက်လာပြီ ဖြစ်သည်။ မိမိပါးစပ် လှုပ်ရှားနေသည်ကိုပင် သူ မနည်းကြီး အားစိုက်၍ ခံစားနေရတော့သည်။

"ဟ …ကိုယ့်ဘာသာစဥ်းစားလေ ငတုံးရဲ့ ... မင်းရဲ့ ချီစွမ်းအင်တွေကို စုစည်းစမ်း။ ဆေးဖက်ဝင် ပစ္စည်းတွေကို သန့်စင်ဖို့အတွက် မင်းရဲ့ ချီစွမ်းအင်ကို ဘယ်လို ဟန်ချက်ညီညီ ထိန်းကျောင်းရမလဲဆိုတာ မင်း သင်ယူပြီးသားပဲ။ အခြေခံ သဘောတရားကတော့ အတူတူပဲ။ မင်း ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေ ဘယ်လိုပျံ့နှံ့နေလဲဆိုတာကို စိတ်နဲ့ အာရုံခံကြည့်။ အဲဒီအဆိပ်ရဲ့ အနှစ်သာရကို ဆုပ်ကိုင်ပြီး မင်းရဲ့ခန္ဓာကိုယ်ထဲကနေ အတင်းမောင်းထုတ်ပစ်လိုက်။ ကျင့်ကြံခြင်းရဲ့ အနှစ်သာရဆိုတာ ကိုယ်ခန္ဓာမှာရှိတဲ့ အညစ်အကြေးမှန်သမျှကို ဖယ်ရှားသန့်စင်ပစ်တာပဲ ရှိတာ..ဒီလောက်လွယ်လွယ်လေးကိုများ..”

အဘိုးအိုကျန်း၏ စကားများမှာ အကျိုးအကြောင်း ဆီလျော်လွန်းလှသဖြင့် လျူကျင်းတစ်ယောက် စိုးစဉ်းမျှ သံသယမဝင်မိချေ။ အဘယ်ကြောင့်ဆိုသော် ထိုပုဂ္ဂိုလ်ကြီးမှာ မိမိအဖေ၏ ဆရာသခင် စစ်စစ်ဖြစ်သောကြောင့်ပင်။ သို့သော်လည်း…

'အဲဒါဆိုလည်း အရင်ကတည်းက ကြိုပြောပြထားလို့ မရဘူးလား ဆရာကြီးရယ်...'

အစားမတော်တလုပ်ဆိုသည့်စကားပုံကို အူထဲအသည်းထဲမှ နားလည်သွားသော လျူကျင်းသည် ထိုအဘိုးအိုအား မကျေမနပ်ဖြင့် စူးစူးရဲရဲ စိုက်ကြည့်လိုက်ချင်သော်လည်း ယခုအခါတွင်မူ သူ၏ မျက်နှာကြွက်သားများကိုပင် စိတ်တိုင်းကျ လှုပ်ရှား၍ မရတော့ချေ။

ထို့ကြောင့် သူသည် အခြားအရာများကို ဘေးဖယ်ထားကာ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို မောင်းထုတ်ပစ်ရန်အတွက်သာ စိတ်အာရုံကို စုစည်းလိုက်တော့သည်။ သူသည် ထုံးစံအတိုင်း သမာဓိ တရားထိုင်ရန် သို့မဟုတ် မျက်စိမှိတ်ရန်ပင် မစွမ်းသာတော့သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော်ငြားလည်း... လျူကျင်းသည် မိမိ၏ ချီစွမ်းအင်များကို မီးကုန်ယမ်းကုန် စုစည်းလိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးလေကြော လမ်းကြောင်းများတစ်လျှောက် စီးဆင်းစေရန် အားစိုက်လိုက်တော့သည်။

ထိုအခါ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းနှင့် ချီစွမ်းအင်တို့ ပဲ့တင်ထပ်ကာ လှုပ်ရှားနေသည်ကို ထင်ထင်ရှားရှားကြီး ခံစားမိလာသည်။ ၎င်းမှာ သူ အကြိမ်ကြိမ် လုပ်ဆောင်ဖူးသည့် အလေ့အကျင့်တစ်ခု ဖြစ်သော်လည်း ယခုတစ်ကြိမ်မှာမူ တစ်စုံတစ်ခု လုံးဝထူးခြား ပြောင်းလဲနေသကဲ့သို့ ခံစားလိုက်ရလေသည်။

အဆိပ်... ၎င်းမှာ အဆိပ်အတောက်ပင် ဖြစ်ချေသည်။

ထိုအဆိပ်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မွှေနှောက်နှောင့်ယှက်နေပြီး ချီစွမ်းအင်များ ပုံမှန်စီးဆင်းမှုကိုပါ ဖျက်ဆီးပစ်နေသည်။ ထိုအခိုက်အတန့်တွင် လျူကျင်း ချက်ချင်း သဘောပေါက်လိုက်သည်မှာ... ၎င်းနှောင့်ယှက်မှုကိုပင် အသုံးချ၍ ခန္ဓာကိုယ်အတွင်း လှည့်ပတ်စီးဆင်းနေသော အဆိပ်အတောက်များကို ရှာဖွေကာ သီးသန့်ခွဲထုတ်နိုင်မည် ဖြစ်ကြောင်းပင်။ အခြေခံအားဖြင့်မူ လုပ်ငန်းစဉ်ကို ပြောင်းပြန်လှန်၍ လုပ်ဆောင်ခြင်းမျှသာ ဖြစ်၏။

လျူကျင်းသည် အသက်ရှူသွင်းလိုက်တိုင်း မိမိ၏ ချီစွမ်းအင်အားလုံးကို ခန္ဓာကိုယ်အတွင်းပိုင်း နက်နဲရာဆီသို့ စုစည်းလိုက်တော့သည်။

'ငါ လုပ်နိုင်တယ်... ငါ သေချာပေါက် လုပ်နိုင်တယ်...'

မိမိကိုယ်ကိုယ် လုပ်နိုင်စွမ်းရှိကြောင်းလည်း ရင်ထဲက အကြွင်းမဲ့ ယုံကြည်နေမိသည်။ အခြေခံ သဘောတရားအရ ကြည့်မည်ဆိုလျှင်မူ ဤသည်မှာ ဆေးမြစ်တစ်ခုကို မသန့်စင်မီ အပူအအေး ဟန်ချက်ညီအောင် ထိန်းညှိခြင်းနှင့် ကွာခြားမှု မရှိလှပေ။ သို့သော်လည်း... ယခုတစ်ကြိမ်တွင်မူ သူသည် ခန္ဓာကိုယ်ထဲက အဆိပ်ကို သန့်စင်ရန် ရည်ရွယ်ချက်မရှိဘဲ အပြင်သို့ မောင်းထုတ်ရန်သာ အဓိက ဦးတည်ထားလေသည်။

အဘိုးအိုကျန်း ပြောခဲ့သည့်အတိုင်းပင်... ယခုအခါ၌ သူ အစွမ်းကုန် သန့်စင်ရမည့်အရာမှာ အခြားမဟုတ်ဘဲ မိမိ၏ ကိုယ်ခန္ဓာကိုယ်တိုင်သာ ဖြစ်ချေတော့သည်။

လျူကျင်းအတွက်မူ ကာလရှည်ကြာလှသယောင် ထင်မှတ်ရသော အချိန်အတိုင်းအတာတစ်ခု ကုန်လွန်သွားပြီးနောက်တွင် ခန္ဓာကိုယ်အတွင်း လှည့်ပတ်မွှေနှောက်နေသည့် အဆိပ်အကြွင်းအကျန်များနှင့် သွေးလေကြောစနစ်အတွင်းရှိ အညစ်အကြေးမှန်သမျှကို နောက်ဆုံး၌ အာရုံခံ ရှာဖွေတွေ့ရှိသွားတော့သည်။

ထို့နောက် သူသည် အသက်ရှူသွင်းရှူထုတ်လိုက်တိုင်း ၎င်းအဆိပ်အတောက်များကို ခန္ဓာကိုယ်အပြင်သို့ စတင်မောင်းထုတ်လိုက်သည်။ အချက်အချာကျသော သွေးစွန်းမှတ်များမှတစ်ဆင့်... တရိပ်ရိပ် အသက်ရှူထုတ်လိုက်မှုမှတစ်ဆင့်...အစပိုင်းတွင် အလွန်သေးငယ်သော ပမာဏမျှသာ ထွက်ခွာသွားသော်လည်း၊ ကျင့်စဉ်ကို ပိုမိုကျွမ်းကျင်စွာ ထိန်းချုပ်လာနိုင်သည်နှင့်အမျှ ပိုမိုကြီးမားသော အဆိပ်ပမာဏကို အရှိန်အဟုန်ဖြင့် မောင်းထုတ်ပစ်နိုင်ခဲ့ရာ သူ၏ ခန္ဓာကိုယ်အရေပြားမှနေ၍ အဆိပ်သင့်စေသော စိမ်းဖျော့ဖျော့ မြူခိုးများ အလိပ်လိပ် ထွက်ပေါ်လာတော့သည်။

သူ၏ ခန္ဓာကိုယ်အတွင်းမှ အဆိပ်နောက်ဆုံးအစအန ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် လျူကျင်းတစ်ယောက် အသက်ကို လုရှူရင်း မြေပြင်ပေါ်သို့ ပုံရက်သား ပြိုလဲကျသွားတော့သည်။ သူသည် မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်ပြီး မိမိ၏ လက်ချောင်းများကို ဆုပ်လိုက်ဖြန့်လိုက် လုပ်ကြည့်မိသည်။ နောက်ဆုံးတွင် ခန္ဓာကိုယ်ကို စိတ်တိုင်းကျ ပြန်လည်လှုပ်ရှားနိုင်သွားပြီ ဖြစ်သောကြောင့်ပင်။ ထိုရိုးရှင်းလှသော လှုပ်ရှားမှုလေးများသည် ယခင်က ဤမျှအထိ ကျေနပ်စရာကောင်းလိမ့်မည်ဟု သူ တစ်ခါမျှ မထင်မှတ်ခဲ့ဖူးချေ။

ထို့နောက် သူသည် မိုးကောင်းကင်ကြီးကို အသာမော့ကြည့်လိုက်ရာ၊ မိမိ၏ အတွင်းစိတ်အာရုံထဲ၌ နစ်မြုပ်နေခဲ့လွန်းသဖြင့် မိုးချုပ်၍ ညဉ့်ဦးယံသို့ပင် ရောက်ရှိနေပြီ ဖြစ်ကြောင်းကို သတိပြုမိလိုက်တော့သည်။

“ကောင်စုတ်လေး..ဒါလေးလုပ်တာကို အချိန် တော်တော်ကြီး ယူလိုက်တာပဲ..."

ထိုစဥ် အဘိုးအိုကျန်း၏ ခပ်အေးအေး စကားသံကြောင့် လျူကျင်း၏ ရင်ထဲ၌ ဒေါသစိတ်များက ရုတ်ချည်း တဟုန်းဟုန်း ထကြွလာတော့သည်။

သူသည် ထိုအဘိုးအို ဆရာသခင်ရှိရာဆီသို့ ချက်ချင်းပင် လှည့်ကြည့်လိုက်တော့သည်။ လျူကျင်းတစ်ယောက် မည်သည့်စကားမျိုး ပြန်လည်တုံ့ပြန်ရမည်ကို မသိသော်ငြား၊ ရင်ထဲ၌ တောက်လောင်နေသော ဒေါသစိတ်ကြောင့် တစ်စုံတစ်ခုကိုတော့ အော်ဟစ်ပြောဆိုလိုက်ချင်မိသည်။ သို့သော်လည်း... စကားလုံးတို့မှာ လျူကျင်း၏ လည်ချောင်းဝတွင်တင် ဆွံ့အပိတ်မိနေပြီး မည်သို့ စတင်ပြောရမည်ကိုပင် ဆုံးဖြတ်ချက် မချနိုင်ခဲ့ချေ။

သူ့ကို ရုတ်ချည်း တုံ့ဆိုင်းအံ့အားသင့်သွားစေသည်မှာ အဘိုးအိုကျန်း၏ ကဲ့ရဲ့ရှုံ့ချလိုသော မျက်နှာအမူအရာကြောင့်ကား မဟုတ်ပါချေ။

ထိုအဘိုးအို၏ နောက်ကွယ်ရှိ မြေပြင်ပေါ်တွင် သွေးအိုင်ထဲ၌ လဲကျသေဆုံးနေသောဧရာမ နဂါးကြီးတစ်ကောင်ကြောင့်သာ ဖြစ်တော့သည်။

ထိုသတ္တဝါကြီးကား ၎င်း၏ ခြေသည်းတစ်ဖက်တည်းနှင့်ပင် လျူကျင်း၏ နေအိမ်တစ်ခုလုံးကို ဖိခြေချေမှုန်းပစ်နိုင်လောက်အောင် ကြီးမားထွားကျိုင်းလှပေသည်။ လမသာသော ညဉ့်နက်သန်းခေါင် အချိန်ဖြစ်သော်လည်း ၎င်း၏ အကြေးခွံများမှာကား မှောင်ရိပ်ထဲ၌ပင် တဖျတ်ဖျတ် တောက်ပနေဆဲ ရှိသေး၏။ ၎င်း၏ ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ မြေပြင်ပေါ်တွင်လည်း နီရဲသော သွေးများမှာ အိုင်ထွန်းနေချေပြီ။

မိမိ ခန္ဓာကိုယ်အတွင်းမှ အဆိပ်ကို မောင်းထုတ်သန့်စင်နေစဉ်အတွင်း သူ၏ ဆရာသခင်က ဤနဂါးကြီးနှင့် အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်းလော။

မဟုတ်နိုင်ပါချေ။ ပတ်ဝန်းကျင် အနေအထားကို လှည့်ပတ်ကြည့်ရှုလိုက်သည့်အခါ လျူကျင်း ချက်ချင်း သဘောပေါက်သွားတော့သည်။ ဘေးပတ်ဝန်းကျင်တွင် ကျိုးပဲ့ပျက်စီးနေသည့် သစ်ပင်သစ်ကိုင်းဟူ၍ မရှိသလောက်ပင် ဖြစ်နေသောကြောင့်ပင်။ ထို့အပြင်... အကယ်၍သာ ဤမျှ အစွမ်းထက်လှသော ဝိညာဉ်သားရဲကြီးတစ်ကောင်နှင့် တိုက်ခိုက်ကမ္ဘာပျက်နေခဲ့မည်ဆိုပါက သူ၏ အဆိပ်မောင်းထုတ်မှု အာရုံစူးစိုက်မှုမှာလည်း သေချာပေါက် ပျက်ပြားသွားရမည်မှာ အမှန်ပင် ဖြစ်သည်။

သို့ဖြစ်ရာ... ဤနေရာတွင် တိုက်ပွဲဟု ခေါ်ဆိုနိုင်လောက်သည့် မည်သည့်အရာမျှ ပြင်းပြင်းထန်ထန် ဖြစ်ပျက်ခဲ့ခြင်း မရှိသည်မှာ သေချာသလောက် ရှိပေတော့သည်။

"ဘာကြည့်နေတာလဲကွ ..ဒီအကောင်က အတွင်းပိုင်းချိုင့်ဝှမ်းဘက်ကနေ ထွက်လာတာ"

ဟု သူ၏ ဆရာသခင်က ခပ်အေးအေးပင် ဆိုသည်။

"သူက ငါ့ရဲ့ ချီစွမ်းအင်ကို လှမ်းအာရုံခံမိပြီး ငါ့ကို စိန်ခေါ်နိုင်လောက်အောင် အစွမ်းထက်တယ်လို့ မိုက်မိုက်ကန်းကန်း ထင်သွားပုံပဲ"

ဆရာသခင်၏ စကားလုံးများက လျူကျင်း၏ ရင်ထဲမှ သံသယကို အပြည့်အဝ အတည်ပြုပေးလိုက်ပြီ ဖြစ်သည်။ ထိုဧရာမ ဝိညာဉ်သားရဲကြီးသည် တိုက်ပွဲပင် မဖြစ်လိုက်ရဘဲ မျက်တောင်တစ်ခတ် အတွင်းမှာတင် အသက်ပျောက်သွားခဲ့ရခြင်း ဖြစ်ချေသည်။

"ကဲ... ဘာကို ကြောင်ကြည့်ပြီး ထိုင်စောင့်နေတာလဲ"

ဟု အဘိုးအိုကျန်းက သူ့အား လက်ယပ်ခေါ်လိုက်သည်။

"ဒီကို လာခဲ့... ဝိညာဉ်သားရဲရဲ့ အမြုတေကို ခန္ဓာကိုယ်ထဲကနေ ဘယ်လို ထုတ်ယူရမလဲဆိုတာ ငါ သင်ပေးမယ်"

ထိုစကားကို ကြားမှပင် လျူကျင်းတစ်ယောက် အံ့ဩမှင်သက်နေရာမှ အသိစိတ် ပြန်လည်ဝင်ရောက်လာတော့သည်။

"ဟုတ်ကဲ့ပါ ဆရာကြီး..."

"ဒီကောင်ရဲ့ အသား၊ သွေးနဲ့ အရိုးတွေကလည်း နောက်ပိုင်းကျရင် အများကြီး အသုံးဝင်ဦးမှာ။ အဲဒါတွေကို အသုံးချတဲ့ နည်းလမ်းမျိုးစုံကိုလည်း ငါ တစ်ဆင့်ချင်း သင်ပေးမယ်။ ပြီးတော့... မြို့ကို ပြန်ရောက်ရင် ငါ ပြောထားတဲ့ အဆိပ်ကို ဘယ်လိုဖော်စပ်ရမလဲဆိုတာ သင်ရဦးမယ်ဆိုတာ မမေ့နဲ့ဦး။ ကဲ... အခုတော့ မျက်တောင်မခတ်တမ်း သေချာကြည့်ထား"

ဆရာနှင့် တပည့်နှစ်ဦးစလုံးအတွက်မူ... ထိုထူးခြားဆန်းပြားလှသော ညဉ့်နက်သန်းခေါင်ယံအချိန်သည် ယခုမှပင် အစပျိုးစပြုတော့မည် ဖြစ်ချေတော့သည်။

All Chapters