← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀ - တစ်နှစ်တာ

နေ့ရက် အချိန်ကာလများ တရွေ့ရွေ့ ကုန်လွန်သွားခဲ့လေပြီ။

အရှေ့ဘက်ဆိပ်ကမ်းမြို့တော်၏ သိုင်းပြိုင်ပွဲကြီးမှာလည်း ပြီးဆုံးခြင်းတိုင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ လူအများ တွေးထင်ထားသည့်အတိုင်းပင်... ရှောင်နန်၏ အရာရာကို လွှမ်းမိုးချုပ်ကိုင်နိုင်သော အစွမ်းအစများကြောင့် ရှောင်ဂိုဏ်း၏ ဂုဏ်သတင်းမှာ မြို့တော်အတွင်း အင်အားအကြီးဆုံးအဖြစ် တစ်ဖန် ပြန်လည်ဦးမော့ လာခဲ့တော့သည်။ လူအပေါင်းက ရှောင်နန်ကို အရှေ့ဘက်ဆိပ်ကမ်းမြို့တော်၏ 'နံပါတ်တစ် ပါရမီရှင်' ဟု တစ်ခဲနက် ချီးမွမ်းခေါ်ဆိုကြလေသည်။ ပြိုင်ပွဲတစ်ခုလုံးတွင် ပြိုင်ဘက်ကင်း အောင်ပွဲဆင်ပြီးနောက်တွင်မူ ထိုဘွဲ့နာမကို မည်သူမျှ ငြင်းဆန်ပယ်ချနိုင်မည် မဟုတ်တော့ချေ။

ရှောင်နန်သည် အောင်ပွဲခံပြီး နောက်တစ်ရက်၌ပင် လျူကျင်းထံသို့ သွားရောက်လည်ပတ်ကာ အတူတကွ သောက်စားပျော်ပါးရန် စီစဉ်ခဲ့သည်။ သို့သော်လည်း... ပါရမီရှင်ကြီး ရှောင်နန်တစ်ယောက် လျူကျင်းအား စိတ်အပန်းဖြေစေရန်နှင့် အရက်သောက်လာစေရန် စည်းရုံးတိုက်တွန်းရခြင်းမှာ သိုင်းပြိုင်ပွဲတွင် ဗိုလ်စွဲအောင်နိုင်ရသည်ထက်ပင် ပိုမိုခက်ခဲသော ခဲရာခဲဆစ် တာဝန်ကြီးတစ်ခု ဖြစ်နေမှန်းကိုတော့ ယခုမှပင် ရိပ်မိသွားတော့သည်။

လျူကျင်းအတွက်မူ... သူ၏နေ့စဉ်ဘဝမှာ အရင်အတိုင်းပင် ပုံမှန်လည်ပတ်လျက် ရှိနေသည်။ သူသည် ရှောင်ဖန်းကို သွားရောက်တွေ့ဆုံရန် မဝံ့မရဲ ဖြစ်နေသလို၊ ရှောင်ဖန်းကိုယ်တိုင်ကလည်း သူ့ထံ လာရောက်ရန် စိတ်ဝင်စားသည့် အရိပ်အယောင်မျိုး မပြခဲ့ချေ။ ထို့ကြောင့်... သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အပေါ်ယံကြည့်လျှင် မပြောင်းလဲဘဲ နဂိုအတိုင်း ရှိနေသည်ဟု ထင်ရသော်လည်း၊ လျူကျင်း၏ရင်ထဲ၌မူ ထိုဆက်ဆံရေးမှာ ထူးဆန်းဆန်းပြားပြီး စကားလုံးဖြင့် ဖော်ပြရန်ခက်ခဲသော နည်းလမ်းတစ်ခုဖြင့် ပြောင်းလဲသွားခဲ့ပြီဟု ခံစားနေရသည်။

၎င်းမှာ စိတ်ကို တစ်မြုံ့မြုံ့ အနှောင့်အယှက်ပေးနေသော ခံစားချက်မျိုး ဖြစ်သော်ငြား သူ ထိုအရာအတွက် အချိန်ပေး၍ တွေးတောနေရန် အချိန်မရှိပါချေ။ လူငယ်လေးသည် ရှောင်ဂိုဏ်း၏ ဝတ္တရားများ၊ ဆေးခန်းလုပ်ငန်းများနှင့် ဆရာသခင် ပေးအပ်ထားသော လေ့ကျင့်ခန်း ကိစ္စရပ်များကြောင့် တစ်နေ့တစ်နေ့ အသက်ရှူပင် မအားလောက်အောင် အလွန်ပင် အလုပ်များလျက် ရှိနေသောကြောင့် ဖြစ်သည်။

အဘိုးအိုကျန်းတွင် သွန်သင်ပြသစရာ ပညာရပ်များ လွန်စွာများပြားလှပြီး လျူကျင်းကိုယ်တိုင်ကလည်း ထိုအတတ်ပညာမှန်သမျှကို ရေမြှုပ်တစ်ခုကဲ့သို့ အငမ်းမရ စုပ်ယူရန် တောင့်တနေမိသည်။ လျူကျင်းသည် မိမိ၏ ဆရာသခင်ထံမှ အဆိပ်အတောက်အမျိုးမျိုးနှင့် ၎င်းတို့ကို ပယ်ဖျက်နိုင်သည့် ဖြေဆေးများအကြောင်းကို တစ်စိုက်မတ်မတ် သင်ယူခဲ့ရသည်။

သူသည် မိမိ၏ အဆိုးရွားဆုံးသော အိပ်မက်ဆိုးများထက်ပင် ကျော်လွန်၍ ကြောက်မက်ဖွယ်ကောင်းလှသော ရောဂါဝေဒနာဆိုးများအကြောင်းနှင့် လောက၌ အမှန်တကယ် ရှိနိုင်လိမ့်မည်ဟု မယုံကြည်နိုင်လောက်အောင် ထူးခြားဆန်းပြားလှသည့် နတ်ဆေးမြစ်များအကြောင်းကိုလည်း ကောင်းစွာ သိရှိနားလည်လာခဲ့သည်။

ထို့ပြင် ခန္ဓာကိုယ်အတွင်းရှိ သွေးလေကြော လမ်းကြောင်းများနှင့် ၎င်းတို့နှင့် ဆက်စပ်နေသော အချက်အချာကျသည့် သွေးစွန်းမှတ် အားလုံးကိုလည်း သူ၏ အာရုံထဲ၌ အပိုင်တွက်ချက် လေ့လာနိုင်ခဲ့လေသည်။

သို့သော်လည်း... ထိုအရာများထက် ပို၍ ထိတ်လန့်စရာကောင်းသည့် အချက်မှာကား လျူကျင်းတစ်ယောက် နေ့စဉ်နှင့်အမျှ အဆိပ်အမျိုးမျိုး သင့်လျက် ရှိနေရခြင်းပင် ဖြစ်တော့သည်။

အစပိုင်းတွင် အဘိုးအိုကျန်းသည် သူ့အား အဆိပ်ပမာဏ အနည်းငယ်မျှသာ တိုက်ကျွေးပြီး ခန္ဓာကိုယ်အတွင်းမှ ပြန်လည်မောင်းထုတ်ရန် ညွှန်ကြားခဲ့သည်။ လျူကျင်း၏ ချီစွမ်းအင် ထိန်းချုပ်မှု စွမ်းရည်မှာ ပိုမိုတိုးတက် မြင့်မားလာသည်နှင့်အမျှ သူ ရင်ဆိုင်ကျော်ဖြတ်ရသည့် အဆိပ်အတောက်များမှာလည်း ပိုမိုပြင်းထန်လာခဲ့တော့သည်။

နောက်ဆုံးတွင် လျူကျင်းအနေဖြင့် လူနာများကို ဆေးကုသပေးခြင်း သို့မဟုတ် စာပေကျမ်းဂန်များ ဖတ်ရှုခြင်းစသည့် နေ့စဉ်လုပ်ငန်းဆောင်တာများကို မပျက်မကွက် လုပ်ဆောင်နေရင်းနှင့်ပင် တစ်ပြိုင်နက်တည်း မိမိခန္ဓာကိုယ်ထဲမှ အဆိပ်ကို သတိမမူမိစေဘဲ မောင်းထုတ်နိုင်သည့်အဆင့်သို့ ရောက်ရှိလာခဲ့သည်။

ထိုအခါ၌မူ... အဘိုးအိုကျန်းသည် လျူကျင်း၏ နေ့စဉ်စားသောက်ဖွယ်ရာများနှင့် ရေနွေးကြမ်းထဲအထိ အဆိပ်များကို အချိန်အခါမရွေး တိတ်တဆိတ် ခိုးထည့်လာတော့သည်။ လျူကျင်းအတွက်မူ မည်သည့်ကြိုတင် သတိပေးချက်မျှ ရရှိနိုင်မည့် အခွင့်အရေး မရှိတော့ပါချေ။ မိမိကိုယ်ကိုယ် အဆိပ်သင့်နေပြီ ဖြစ်ကြောင်းကို သာမန်အချိန်၌ပင် ချက်ချင်း အာရုံခံသိရှိအောင် ကြိုးစားရမည် ဖြစ်ပြီး၊ မိမိ၏ ပတ်ဝန်းကျင်ရှိ သာမန်လူများကို စိုးစဉ်းမျှ မရိပ်မိစေဘဲ၊ မထိခိုက်စေဘဲ အဆိပ်အတောက်များကို ဘေးကင်းစွာ မောင်းထုတ်ပစ်ရန်မှာ သူ၏ တစ်ဦးတည်းသော တာဝန်ကြီး ဖြစ်လာခဲ့တော့သည်။

သို့ဖြစ်ရာ... လျူကျင်း၏ နိုးကြားနေသမျှ အချိန်တိုင်းသည် ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်များကို မောင်းထုတ်သန့်စင်ခြင်းဖြင့်သာ ကုန်ဆုံးနေရသည်မှာကား အထူးပြောနေရန်ပင် မလိုတော့ချေ။ နေ့ရက်များ ကြာမြင့်လာသည့်အခါ၌မူ လျူကျင်းသည် သတိလစ်မေ့မျောကာ အိပ်ပျော်နေသည့် အချိန်အတွင်း၌ပင် ခန္ဓာကိုယ်၏ ပင်ကိုယ်အသိစိတ်ဖြင့် အဆိပ်မောင်းထုတ်နိုင်အောင်အထိ အသည်းအသန် ကြိုးစားအားထုတ်ခဲ့ရသည်။ အဘိုးအိုကျန်း တိုက်ကျွေးလေ့ရှိသော အဆိပ်များ၏ ပြင်းအားနှင့် ရက်စက်မှုမှာ ထိုမျှလောက်အထိပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

လျူကျင်းသည် မိမိကြုံတွေ့နေရသော ဤအခြေအနေဆိုးများနှင့် ပတ်သက်၍ သူ၏အဖေအား တစ်ကြိမ်သာ ရင်ဖွင့်ပြောပြဖူးခဲ့သည်။ အဖေဖြစ်သူမှာမူ စကားကို အရှည်မဆက်ဘဲ သာယာစွာ ပြုံးရုံသာပြုံးပြီး... အဘိုးအိုကျန်းက သူ့အပေါ် အလွန်သဘောကျ အားကိုးနေ၍သာ ယခုကဲ့သို့ စာနာသက်ညှာပေးနေခြင်း ဖြစ်ကြောင်း ပြန်လည်ပြောပြခဲ့သည်။ မိမိကိုယ်တိုင် ငယ်စဉ်က ခံယူခဲ့ရသော လေ့ကျင့်မှုများမှာမူ ဤထက် အဆပေါင်းများစွာ ပိုမိုရက်စက်ကြမ်းတမ်းခဲ့သေးကြောင်းလည်း ဆိုသည်။

ထိုစကားများကို ကြားသိရပြီးနောက်တွင်မူ လျူကျင်း၏ရင်ထဲ၌ ညည်းတွားလိုသော စိတ်ဆန္ဒမှန်သမျှ ရုတ်ချည်း အရည်ပျော် ပျောက်ကွယ်သွားတော့သည်။ တစ်နည်းအားဖြင့်ဆိုရသော်... သူသည် မည်မျှပင် ခက်ခဲပါစေ ဆရာသခင်၏ မျှော်လင့်ချက်အတိုင်း အောင်မြင်အောင် လုပ်ဆောင်ပြမည်ဟူ၍ ရင်ထဲ၌ ပိုမိုခိုင်မာပြတ်သားစွာ သန္နိဋ္ဌာန်ချလိုက်မိတော့သည်။

ထိုသို့ဖြင့် နေ့ရက်အချိန်ကာလများသည် တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လဖြင့် တရွေ့ရွေ့ ကုန်လွန်လာခဲ့ရာ... အဆိပ်တစ်ခုပြီးတစ်ခုကို ရင်ဆိုင်ကျော်ဖြတ်ရင်း အချိန်ကာလအားဖြင့် တစ်နှစ်တိတိ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

“လူလေးရေ …ခုနက ငါ မင်းရဲ့လက်ဖက်ရည်ခွက်ထဲ ခိုးထည့်လိုက်တဲ့အဆိပ်က အရင်တစ်ခေါက်ကထက် အဆင့်သုံးဆင့်လောက် ပိုမြင့်တယ်"

ဟု အဘိုးအိုကျန်းက မိမိကိုယ်တိုင်အတွက် လက်ဖက်ရည်တစ်ခွက်ကို အသာအယာ ငှဲ့ရင်း ရှင်းပြလိုက်သည်။ သူတို့ဆရာတပည့်နှစ်ဦးသည် လျူကျင်းအဖေ၏ ဆေးခန်းအပေါ်ထပ်ရှိ အခန်းကျဉ်းလေးတစ်ခုတွင် မျက်နှာချင်းဆိုင် ထိုင်နေကြခြင်း ဖြစ်၏။

"ဒီအဆိပ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းလေးထောင်လောက်ကတည်းက မုန်တိုင်းနဂါးဧကရာဇ်နိူင်ငံကြီးမှာ စတင်ဖော်စပ်ခဲ့တာ။ အဆိပ်ဖြေဆေးက ဖော်စပ်ရတာ လွယ်သလို... သမားတော်လို့ ကိုယ့်ကိုယ်ကိုယ် သမုတ်ထားတဲ့သူတိုင်း သိထားရမယ့် အခြေခံအသိပညာတစ်ခုပဲ။ ဒါပေမဲ့... ဒီအဆိပ်နဲ့ ပတ်သက်လာရင်တော့ အဲဒီဖြေဆေးဆိုတာတွေက အရေးမပါတော့ဘူး။ ဘာလို့လဲဆိုတာ မင်း သိလား..."

လျူကျင်းအနေဖြင့် ထိုအဖြေအတွက် အကြာကြီး စဉ်းစားနေစရာ မလိုခဲ့ပေ။ မိမိ၏ ခန္ဓာကိုယ်အတွင်း၌ ပူလောင်ပြင်းပြလာနေသည့် အရှိန်အဝါကို အာရုံခံစားမိနေသောကြောင့် ဖြစ်သည်။

"အဲဒါက အဆိပ်အာနိသင် ပြန့်တာ မြန်လွန်းလို့ပါ ဆရာကြီး ..."

"မှန်တယ်..."

ဟု အဘိုးအိုကျန်းက ခေါင်းညိတ်ရင်း ဆိုသည်။

"ဒီအဆိပ်က ပြင်းလွန်းလို့ လူတစ်ယောက်ကို ခုနစ်စက္ကန့်အတွင်းမှာပဲ အသက်ပျောက်စေနိုင်တယ်။ ပထမဆုံး စက္ကန့်မှာတင် ခန္ဓာကိုယ်တစ်ခုလုံး လေဖြတ်သွားမယ်။ စတုတ္ထစက္ကန့် ရောက်တဲ့အခါမှာတော့ ကိုယ်တွင်းအင်္ဂါ အားလုံးက တစ်ပြိုင်နက်တည်း ပုပ်ပွပျက်စီးသွားလိမ့်မယ်။

ခုနစ်စက္ကန့်မြောက်မှာတော့ ဒန်တျန် သုံးခုစလုံး မှေးမှိန်ပျောက်ကွယ်သွားရလိမ့်မယ်။

အဆိပ်သင့်နေမှန်း သိသွားရင်တောင်မှ အများစုက အဆိပ်ဖြေဆေးကို ဖော်စပ်ဖို့ နေနေသာသာ... သောက်ဖို့တောင် အချိန်မရကြဘူး။ အတိတ်ကာလတုန်းကတော့ ဒီအဆိပ်ကို နန်းတွင်းမင်းမျိုးမင်းနွယ်တွေကို လုပ်ကြံသတ်ဖြတ်တဲ့ နေရာမှာ အဓိက သုံးခဲ့ကြတာပေါ့"

လျူကျင်းတစ်ယောက် ထိုလက်ဖက်ရည်ကို သောက်ပြီးသည်မှာကား ခုနစ်စက္ကန့်ထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။ သို့သော်လည်း... သူ သေဆုံးမသွားသေးခြင်းမှာ မိမိ၏ တစ်နှစ်တာအတွင်း ကြိုးပမ်းအားထုတ်ခဲ့သည့် တိုးတက်မှုရလဒ်ကြောင့်ပင် ဖြစ်ချေတော့သည်။ ပထမဆုံး စက္ကန့်မကုန်ဆုံးမီမှာပင် သူသည် မိမိခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်ကို ချက်ချင်းအာရုံခံမိပြီး သီးသန့်ခွဲထုတ်ပစ်နိုင်ခဲ့သည်။

"ဒီအဆိပ်က အရမ်းအန္တရာယ် များတယ်ကွ ..၊ ဒီအခန်းကို ဘာအဆိပ်မြူမှ အပြင်မထွက်အောင် ဆရာ သေချာ အလုံပိတ်ထားတယ်။ ဒါကြောင့်... နောက်မကျစေနဲ့၊ မင်းရဲ့ ခန္ဓာကိုယ်ထဲကနေ အဆိပ်တွေကို အမြန်ဆုံး မောင်းထုတ်ပစ်လိုက်"

ဟု အဘိုးအိုကျန်းက ဖြည့်စွက်၍ သတိပေးလိုက်သည်။

"အောက်ထပ်က လူတွေကို မတော်တဆ အဆိပ်သင့်သွားမလားဆိုပြီးတော့လည်း စိုးရိမ်မနေနဲ့ဦး။ ပြီးတော့... ငါ့ကျင့်ကြံခြင်း စွမ်းအားအဆင့်အတန်းနဲ့ဆိုရင် ဒီလိုအဆိပ်မျိုးကို ကြောက်စရာမလိုဘူးဆိုတာ မင်းလည်း သိပြီးသားပဲမလား..."

အဘိုးအိုကျန်း၏ စကားပင် မဆုံးသေး... လျူကျင်း၏ ခန္ဓာကိုယ်အရေပြားမှနေ၍ ထူထပ်လှသော ခရမ်းရောင် အဆိပ်မြူခိုးများ အလိပ်လိပ် စတင်ထွက်ပေါ်လာတော့သည်။ သို့သော်လည်း... အဆိပ်မောင်းထုတ်ခြင်း လုပ်ငန်းစဉ် စတင်ပြီး မကြာမီမှာပင် စိုးရိမ်စရာ အတွေးတစ်ခုက လျူကျင်း၏ စိတ်ထဲသို့ လျှပ်စီးလက်သလို ဝင်ရောက်လာခဲ့သည်။

"ဆရာ... ဒီအဆိပ်က လေထဲမှာ ဒီအတိုင်း ဆက်ပြီး ပျံ့နေမှာ မဟုတ်ဘူးလားဟင်"

"အဲဒီလိုတော့ ဖြစ်မလာပါဘူး..."

ဟု အဘိုးအိုကျန်းက ခေါင်းခါရင်း ပြန်ဖြေသည်။

"ဒီအဆိပ်က လေထုထဲ ရောက်သွားရင် အချိန်ခဏလေးအတွင်းမှာတင် သူ့ရဲ့ အဆိပ်အာနိသင်တွေ အလိုလို ပျယ်သွားတတ်တာမျိုး။ အရည်ပုံစံနဲ့ သိမ်းထားရင်တောင်မှ ရက်အနည်းငယ် ကြာသွားရင် သူ့အလိုလို အာနိသင် ပျောက်ဆုံးသွားလိမ့်မယ်။ ဒါကြောင့်လည်း ဖော်စပ်ပြီးတာနဲ့ ချက်ချင်း သုံးပစ်ဖို့ လိုတာပေါ့။ ကဲ... ဒါဆို အဲဒီလို အားနည်းချက် ကန့်သတ်ချက်မျိုးကို ကျော်လွှားနိုင်မယ့် နည်းလမ်းတစ်ခုခုကို မင်း ဦးနှောက်သုံးပြီး စဉ်းစားကြည့်စမ်း..."

ထိုမေးခွန်းကား မိမိ၏ အဆိပ်ဗဟုသုတကို စမ်းသပ်ရန်သက်သက်သာ မေးမြန်းခြင်း မဟုတ်ပေ။ အဘိုးအိုကျန်းသည် တပည့်ဖြစ်သူ၏ စိတ်ပညာစွမ်းရည်ကိုပါ တစ်ပြိုင်နက်တည်း စမ်းသပ်စစ်ဆေးနေခြင်း ဖြစ်သည်။ ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်များကို အသည်းအသန် မောင်းထုတ်နေရသည့် အခိုက်အတန့်တွင် လျူကျင်းကို စကားပြောခိုင်းခြင်းအားဖြင့် ဆရာသခင်သည် ထိုကျင့်စဉ်အပေါ် တပည့်ဖြစ်သူ၏ အာရုံစူးစိုက်မှုနှင့် ထိန်းချုပ်နိုင်စွမ်း မည်မျှအထိ ကြံ့ခိုင်နက်ရှိုင်းသည်ကို စမ်းသပ်နေခြင်းသာ ဖြစ်တော့သည်။

"ဆရာကြီးရဲ့ ဝိညာဥ်သိုလှောင်အိတ်လိုမျိုး ရတနာပစ္စည်းတွေကို သုံးပြီးတော့ပေါ့... အဲဒီလိုပစ္စည်းတွေက အတွင်းထဲက အရာဝတ္ထုတွေကို သာမန်အချိန်စီးဆင်းမှုရဲ့ အပြင်ဘက်မှာ ဖယ်ထုတ်ထားပေးနိုင်စွမ်း ရှိပါတယ်။ အဲဒီတော့... အိတ်ထဲမှာရှိတဲ့ အဆိပ်တွေက အစကတည်းက သိမ်းဆည်းလိုက်တဲ့ အခြေအနေအတိုင်းပဲ မပြောင်းလဲဘဲ တည်ရှိနေပါလိမ့်မယ်။ ဒါမှမဟုတ်... အာနိသင် ပျက်စီးလွယ်တဲ့ အဆိပ်တွေကို ရေရှည်ထိန်းသိမ်းဖို့အတွက် 'အချိန်ကာလ ထိန်းချုပ်တဲ့ အဆောင်လက်ဖွဲ့' တွေကို အသုံးပြုပြီးတော့လည်း ဖန်တီးလို့ ရနိုင်ပါတယ် ဆရာကြီး"

အဘိုးအိုကျန်းက စိတ်ကျေနပ်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပြီ... ဒါပေမဲ့ သိုလှောင်တဲ့ ရတနာပစ္စည်းတိုင်းက သူတို့ထဲမှာ ထည့်ထားတဲ့အရာတွေကို အပြည့်အဝ ထိန်းသိမ်းပေးနိုင်တာတော့ မဟုတ်ဘူး။ ဆရာပိုင်တဲ့ စကြာဝဠာသိုလှောင် အိတ်က အထူးသဖြင့် အရည်အသွေးမြင့်မားတဲ့ ထိပ်တန်းအဆင့်မျိုး ကွ ..၊ မင်း တနိူင်ငံလုံးပိုက်စိပ်တိုက် ရှာရင်တောင်မှ ဒါမျိုးကို နောက်ထပ် ရှာတွေ့မှာ မဟုတ်ဘူး။ အဲဒီအချက်ကိုတော့ သေချာ မှတ်ထားပါ"

"ဟုတ်ကဲ့ပါ ဆရာကြီး..."

"မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ အဲဒီအဆိပ် ပျံ့နှံ့နေတာ အချိန်အတော်ကြာပြီ။ ကဲ... သူ့ရဲ့ ဆေးဖက်ဝင် ဖွဲ့စည်းပုံကို ခွဲခြားနိုင်ဖို့ မင်း စိတ်နဲ့ အာရုံခံ ကြိုးစားကြည့်ပြီးပြီလား"

လျူကျင်းတစ်ယောက် အဆိပ်၏ ဖွဲ့စည်းပုံကို သေသေချာချာ ခွဲခြားနိုင်ခြင်း မရှိသေးပေ။ အဘိုးအိုကျန်းသည်လည်း တပည့်ဖြစ်သူ ထိုအဆင့်အထိ မတတ်စွမ်းနိုင်သေးသည်ကို အခြေအနေကြည့်ရုံမျှဖြင့် ကောင်းစွာ သိရှိနေသည်။ သို့သော်လည်း... ပို၍ အရေးကြီးသည်မှာ ဆရာဖြစ်သူက ထိုသို့ သိနေကြောင်းကို လျူကျင်းကိုယ်တိုင်ကလည်း ရင်ထဲက ရိပ်မိသိရှိနေခြင်းပင် ဖြစ်တော့သည်။

"ဆရာကြီး..."

လျူကျင်းက စိတ်မသက်မသာဖြင့် မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

"ဒီတပည့်အနေနဲ့ ခန္ဓာကိုယ်ထဲမှာ ပျံ့နှံ့နေတဲ့ အဆိပ်ကို အခြေခံပစ္စည်းတွေအထိ ကွဲကွဲပြားပြား မခွဲခြားနိုင်သေးပါဘူး ဆရာကြီး"

လျူကျင်းသည် မိမိကိုယ်ကိုယ် မာနခဲကြီးတစ်ဦးဟု မယူဆမိသော်ငြား၊ ဆေးပညာနယ်ပယ်နှင့် ပတ်သက်လာလျှင်မူ မိမိမစွမ်းသာသော အရာတစ်ခုခု ရှိနေသည်ဟု ဝန်ခံရခြင်းကို လုံးဝမုန်းတီးလှပေ။ သူသည် သမားတော်ကြီးဖြစ်သူ အဖေ၏ သွန်သင်မှုကို စနစ်တကျ ခံယူခဲ့ရသူဖြစ်ပြီး ယခုလည်း အဖေ၏ ဆရာသခင်ထံတွင် ပညာအမွေကို ဆက်လက်ဆည်းပူးနေရသူ ဖြစ်သည်။

အကယ်၍သာ သူ မလုပ်နိုင်သေးသည့် အရာတစ်ခုခု ရှိနေခဲ့လျှင် ၎င်းမှာ ဆရာသမားများ၏ သင်ကြားမှုကြောင့် မဟုတ်သည်ကား သေချာလှသည်။ အဘယ်ကြောင့်ဆိုသော် မိမိအဖေ၏ ဆေးပညာအသိဉာဏ် ရင်းမြစ်မှာ မည်သို့မျှ မှားယွင်းနိုင်စရာ အကြောင်းမရှိသောကြောင့်ပင်။ သို့ဖြစ်ရာ... ဤသို့ မစွမ်းသာခြင်းမှာ တပည့်တစ်ယောက်အနေဖြင့် မိမိ၏ အရည်အချင်း မပြည့်ဝသေးမှုကြောင့်သာ ဖြစ်သည်ဟု ခံယူကာ ရင်ထဲ၌ မခံချင်စိတ်များ တဖွားဖွား တိုးဝှေ့လာတော့သည်။

မိမိခန္ဓာကိုယ်အတွင်းရှိ မလိုလားအပ်သော အညစ်အကြေးများနှင့် အဆိပ်အတောက်များကို မောင်းထုတ်ရာတွင် အဆင့်ဆင့်ရှိကြောင်း ဆရာသခင်က တစ်ချိန်က သေသေချာချာ ရှင်းပြခဲ့ဖူးသည်။ အစောပိုင်း အဆင့်များတွင်မူ ခန္ဓာကိုယ်ထဲမှ အဆိပ်ကို ချီစွမ်းအင်ဖြင့် အတင်းအဓမ္မ မောင်းထုတ်ပစ်ခြင်းမျှသာ ဖြစ်၏။

သို့သော်လည်း... ကျင့်စဉ်ကျွမ်းကျင်မှု တိုးတက်မြင့်မားလာသည်နှင့်အမျှ ထိုအဆိပ်ကို အပြည့်အဝ စိတ်တိုင်းကျ ထိန်းချုပ်နိုင်လာပြီး ၎င်းကို ဖော်စပ်ရာတွင် အသုံးပြုထားသည့် အခြေခံ ဆေးဖက်ဝင် အစိတ်အပိုင်းများအထိပင် တစ်ခုချင်းစီ ခွဲထုတ်နိုင်စွမ်း ရှိလာမည် ဖြစ်သည်။

လျူကျင်းမှာမူကား ထိုကဲ့သို့သော ပါရမီရှင်အဆင့်မျိုးသို့ ရောက်ရှိရန် ဝေးစွ... ထိုအဆင့်နှင့် နီးစပ်အောင်ပင် မစွမ်းသာသေးချေ။

"မင်း ပြောတာလည်း ဟုတ်ပါတယ်၊ ဒါပေမဲ့ မင်းရဲ့ နားရွက်နှစ်ဖက်ကြားထဲမှာ ဦးနှောက်ဆိုတာ ပါတယ်လေ ငါ့တပည့်ရဲ့။ ငါက မင်းကို အဲဒီဦးနှောက်ကို သုံးစေချင်တာ..."

ထိုစကားကြောင့် လျူကျင်းတစ်ယောက် ဘာစကားမျှ ပြန်မပြောနိုင်ဘဲ ဆွံ့အသွားရသည်။ အမှန်တော့ သူသည် ထိုအဆိပ်၏ အစွမ်းသတ္တိများကို ကောင်းစွာ သိရှိထားပြီး ဖြစ်၏။

ဆရာသခင်ကိုယ်တိုင်ကလည်း သူ့အား အစအဆုံး သေသေချာချာ ရှင်းပြထားခဲ့ပြီး ဖြစ်ရာ မိမိ၌ရှိသော ထိုအဆိပ်ဗဟုသုတကို အသုံးချကာ ၎င်းကို ဖော်စပ်ရာတွင် ပါဝင်မည့် ဆေးဖက်ဝင်ပစ္စည်းများကို ဦးနှောက်သုံး၍ ဆင်ခြင်တွေးခေါ်နိုင်လိမ့်မည်ဟု အဘိုးအိုကျန်းက မျှော်လင့်ထားခြင်းမှာ သံသယဖြစ်ဖွယ် မရှိပေ။

လျူကျင်းသည် မျက်လုံးအစုံကို ဖြည်းညှင်းစွာ မှိတ်လိုက်ရင်း အလေးအနက် စဉ်းစားခန်း ဝင်လိုက်တော့သည်။

ဤအဆိပ်၏ အထင်ရှားဆုံးသော သဘာဝမှာကား ၎င်း၏ အလွန်တရာ လျင်မြန်လှသည့် အဆိပ်အာနိသင်ပင် ဖြစ်ရမည်။ လျူကျင်း သောက်သုံးလိုက်သည့် အခိုက်အတန့်ကပင် သူ့ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်သော မီးတောက်မီးလျှံတစ်ခုကဲ့သို့ ပူလောင်မြိုက်ဆန်းမှုကို ခံစားခဲ့ရသည်။ ထို့နောက်တွင်မူ... အချိန်ကြာရှည် သိုလှောင်ထားနိုင်စွမ်း မရှိသည့် အချက်ကိုလည်း ထည့်သွင်းစဉ်းစားရပေမည်။ ထိုမျှလောက်အထိ အလွန်အမင်း မတည်မငြိမ် ဖြစ်နေသည့် သဘာဝမျိုးဆိုလျှင်... ဖြစ်နိုင်ခြေ ရှိသည်မှာ…

“ဟုတ်ပြီ၊ အဲဒါပဲ ဖြစ်ရမယ်”ဟု သူ့စိတ်ထဲက တထစ်ချတွေးလိုက်သည် ။

"ဒီအဆိပ်ထဲမှာ... 'နဂါးသွေး' ပါဝင်နေတာ သေချာပါတယ် ဆရာကြီး"

ဝိညာဉ်သားရဲမျိုးနွယ်စုများ အကြားတွင်ပင် နဂါးတို့ကား အစွမ်းအစ အထက်မြက်ဆုံးနှင့် မာနအတုပမဲ့ဆုံးသော သတ္တဝါများ ဖြစ်ကြသည်။ ထိုဗီဇမာနတရားမှာ သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းတွင် စိမ့်ဝင်လျက် ရှိနေချေ၏။

အကယ်၍သာ သင်သည် နဂါးအရိုးကို အမှုန့်ကြိတ်ဖျက်ဆီးလိုက်မည်ဆိုပါက ထိုအမှုန့်စိုင်တို့သည် နဂိုမူလအတိုင်း ပြန်လည်ပေါင်းစည်းပြီး မာကျောလာစေရန် အတင်းအဓမ္မ ကြိုးစားကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် နဂါးအရိုးတို့သည် နဂါးအရိုးမဟုတ်သော အခြားနိမ့်ပါးသည့် အရာတစ်ခုအဖြစ် လောက၌ တည်ရှိနေခြင်းကို စိုးစဉ်းမျှ ခွင့်မလွှတ်နိုင်သောကြောင့်ပင်ဖြစ်သည်။

အကယ်၍ သင်သည် နဂါးအသားကို စားသုံးမိပါက သင်၏ အစာအိမ်မှာ လွန်စွာ ခဲရာခဲဆစ်ဖြင့်သာ မနည်းချေဖျက်ရလိမ့်မည်။ ထိုနဂါးအသားတို့သည်လည်း နဂါးအသားမဟုတ်သော အညစ်အကြေးတစ်ခုအဖြစ် ပြောင်းလဲသွားခြင်းကို လုံးဝ လက်မခံနိုင်သောကြောင့် ဖြစ်သည်။

အကယ်၍ သင်သည် နဂါးသွေးကို အခြားသော အရည်တစ်ခုခုနှင့် ရောနှောလိုက်မည်ဆိုပါက ထိုအရည်မှာ ခဏအတွင်းမှာပင် ပြန်လည်ကွဲထွက်သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မာနကြီးလှသော နဂါးသွေးတို့သည် နဂါးသွေးမဟုတ်သော အရာတစ်ခုအဖြစ် အသွင်ပြောင်းလဲ၍ ရောယှက်တည်ရှိနေရခြင်းကို ရိုးအုံ့လှိုက်ဘဲ သည်းခံနိုင်စွမ်း မရှိကြသောကြောင့်ပင် ဖြစ်တော့သည်။

ဤအဆိပ်၏ လျင်မြန်ဆန်းပြားပြီး ပြင်းထန်လှသော အာနိသင်မှာ နဂါးသွေးအတွင်း ကိန်းအောင်းနေသည့် အရာရာကို ဝါးမြိုစားသုံးလိုသော သောင်းကျန်းသည့် စွမ်းအင်ကြောင့်သာ ဖြစ်ရပေမည်။ သိုလှောင်ထားနိုင်စွမ်း သက်တမ်း လွန်စွာတိုတောင်းရခြင်းမှာလည်း နဂါးသွေးသည် အခြားသော ဆေးဖက်ဝင်ပစ္စည်းများနှင့် ရောနှောလျက် ကြာရှည်စွာ အတူမတည်ရှိနိုင်သည့် ဗီဇကြောင့်ပင်။ လောက၌... အမှန်တကယ် စွမ်းအားကြီးမားလှသော တန်ခိုးရှင်ကြီးများ သာလျှင် နဂါး၏ တန်ခိုးစွမ်းအားကို မိမိ၏ ခန္ဓာကိုယ်အတွင်းသို့ အပြည့်အဝ စုပ်ယူကျင့်ကြံနိုင်ကြပေသည်။

"ပါဝင်တဲ့ ကုန်ကြမ်းအမယ် အားလုံးကိုပါ ကွက်တိ ခန့်မှန်းနိုင်ရင်တော့ ပိုကောင်းတာပေါ့ကွာ၊ အခုလိုမျိုး တစ်ခုတည်းကိုပဲ သိတာထက်စာရင်ပေါ့။ ဒါပေမဲ့... မင်းပြောတာ မှန်ပါတယ်။ နဂါးသွေးဆိုတာ ဒီအဆိပ်ရဲ့ အသက်သွေးကြော အဓိက အစိတ်အပိုင်းတစ်ခုပဲ။ ပြီးတော့... ဒီအဆိပ်ကို ဖော်စပ်တဲ့နေရာမှာ သုံးတဲ့ နဂါးသွေးက ကိုယ်လုပ်ကြံမယ့် ပစ်မှတ်ရဲ့ ကျင့်ကြံခြင်းအဆင့်အတန်းနဲ့ အဆင့်တူညီတဲ့ နဂါးတစ်ကောင်ဆီကနေ ရထားတဲ့ သွေးမျိုး ဖြစ်ရင် ပိုပြီး အာနိသင် ထိရောက်တာ။ ဒါကြောင့်လည်း ဒီအဆိပ်က တကယ့်လက်တွေ့မှာ အသုံးချဖို့ လုံးဝ လက်မဆန်ရခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်နေရတာပေါ့"

စင်စစ်မူ... အကယ်၍သာ မိမိသတ်ဖြတ်လိုသော သိုင်းပညာရှင်၏ ကျင့်ကြံခြင်းအဆင့်နှင့် ရင်ပေါင်တန်းနိုင်သည့် နဂါးတစ်ကောင်ကိုပင် အနိုင်သတ်နိုင်စွမ်း ရှိနေမည်ဆိုပါက၊ ထိုပစ်မှတ်ကို အဆိပ်အတောက်များ အသုံးပြုနေစရာပင် မလိုဘဲ လက်တစ်ချက်တီးအတွင်း သတ်ဖြတ်နိုင်လောက်အောင် အစွမ်းထက်နေပြီဖြစ်မှာ မြေကြီးလက်ခတ်မလွဲ အမှန်ပင်ဖြစ်သည် ။

အဘိုးအိုကျန်း ထောက်ပြလိုသည့် နက်နဲသော အဓိပ္ပာယ်မှာလည်း ထိုအချက်ပင် ဖြစ်ချေသည်။

ထို့အပြင်... ဧရာမနဂါးတစ်ကောင်ကို အပိုင်းပိုင်းပြတ်အောင် သတ်ဖြတ်နိုင်သော အစွမ်းသတ္တိရှိခြင်းနှင့် ထိုကဲ့သို့သော ဆန်းပြားသည့် အဆိပ်မျိုးကို စနစ်တကျ ဖော်စပ်နိုင်သော ဆေးပညာအသိဉာဏ်၊ ကျွမ်းကျင်မှုရှိခြင်းတို့မှာ လောက၌ လုံးဝ ဥဿုံ ဆန့်ကျင်ကွဲပြားခြားနားသော ကိစ္စရပ်နှစ်ခုသာ ဖြစ်တော့သည်။

ဒါဆိုရင်တော့...'

ဟု လျူကျင်းက စိတ်ထဲမှ ရေရွတ်ရင်း ဆက်လက် စဉ်းစားခန်းဝင်လိုက်သည်။ အကယ်၍သာ မိမိတွင် ရွှေဒင်္ဂါးနှင့် ငွေကြေးအလုံအလောက် ရှိမည်ဆိုပါက ကုန်သည်ကြီးများထံမှ နဂါးသွေးကို ရအောင် ဝယ်ယူနိုင်စရာ အကြောင်းတော့ ရှိပေသည်။ သို့သော်လည်း... နဂါးသွေးဆိုသည်မှာ လောက၌ လွန်စွာ ရှားပါးလှရုံမျှမက ကောင်းကင်ဘုံတမျှ ဈေးနှုန်းကြီးမားလှသော ရတနာမျိုး ဖြစ်သည်။

ထို့ပြင် ၎င်းနဂါးသွေးကို ကျင့်ကြံခြင်းနယ်ပယ်၌ အစွမ်းထက်သော ဆေးစွမ်းအင် မြှင့်တင်ရန်အတွက် အသုံးပြုနိုင်သည့်အတွက်ကြောင့် အင်အားကြီးဂိုဏ်းများနှင့် မျိုးနွယ်စုကြီးများသည် နဂါးနှင့်ပတ်သက်သော အစိတ်အပိုင်းမှန်သမျှကို ငွေကြေးအမြောက်အမြား ပေးလျော်လျှင်ပင် လွယ်လွယ်ကူကူ စွန့်လွှတ်ပေးလိုလေ့ မရှိကြသည်မှာ အမှန်ပင် ဖြစ်ချေသည်။

"ဒါနဲ့... စကားမစပ် ပြောရဦးမယ်"

ဟု အဘိုးအိုကျန်းက မိမိ၏ မုတ်ဆိတ်ဖြူကြီးကို သာသာယာယာ ပွတ်သပ်ရင်း ဆိုသည်။

"ဒီအဆိပ်ကို ဖော်စပ်ဖို့ ငါ သုံးလိုက်တဲ့ နဂါးသွေးက အရင်နှစ်က ငါ ကိုယ်တိုင် သတ်ခဲ့တဲ့ မြေကမ္ဘာစွမ်းအားရှင်အဆင့် ' နဂါးကြီးဆီက ရခဲ့တာ။ တကယ်လို့... မင်းသာ ဒီအဆိပ်ကို အခြေခံ ဆေးဖက်ဝင်ပစ္စည်းတွေအထိ အတင်းခွဲထုတ်ဖို့ ကြိုးစားခဲ့မယ်ဆိုရင် အဲဒီနဂါးကြီးရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားအရှိန်အဝါက မင်းရဲ့ခန္ဓာကိုယ်ကို စုတ်ပြတ်သတ်သွားစေပြီး သေချာပေါက် အသက်ပျောက်သွားစေမှာ။ ဒါကတော့ အထူးပြောနေစရာတောင် မလိုတော့ဘူးမလား..."

ထိုစကားကို ကြားရသောအခါ လျူကျင်းတစ်ယောက် စိတ်မသက်မသာဖြင့် မျက်မှောင်ကြုတ်လိုက်မိတော့သည်။ အမှန်ပင် ဖြစ်ချေသည်။ ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း သူသည် 'အ‌ခြေခံအုတ်မြစ်အဆင့်' ကို ကျော်လွန်ကာ အတွင်းအားစုစည်းခြင်း အဆင့်' သို့ ရောက်ရှိလာခဲ့သော်လည်း ထိုကျင့်ကြံခြင်းအဆင့်မှာ လောကအလယ်တွင် အံ့ဩမှင်သက်စရာကောင်းလောက်အောင် ထူးခြားလှသည်တော့ မဟုတ်ပေ။

အကြောင်းမူ ထို အတွင်းအားစုစည်းခြင်း အဆင့်၏ အထက်တွင် နာမ်ဝိညာဉ်သန္ဓေတည်အဆင့် ရှိပြီး၊ ထိုအထက်တွင်မူ ပိုမိုမြင့်မားလှသော နာမ်ဝိညာဉ်အလင်းပွင့် ခြင်း အဆင့် ကဲ့သို့သော တန်ခိုးရှင်အဆင့်များစွာ ရှိနေသေးသောကြောင့် ဖြစ်သည်။

မြေကမ္ဘာစွမ်းအားရှင်အဆင့် ' ဆိုသည်မှာကား ယခုအချိန်တွင် သူနှင့် ကောင်းကင်နှင့် မြေကြီးတမျှ အလွန်ပင် ဝေးကွာလွန်းနေသေးသည့် အခြေအနေ ဖြစ်သည်။

အရှိကိုအရှိတိုင်း ရိုးရိုးရှင်းရှင်း ပြောရလျှင်မူ... 'အတွင်းအားစုစည်းခြင်း အဆင့်သာ ရှိသေးသော လျူကျင်းနှင့် 'မြေကမ္ဘာစွမ်းအားရှင်အဆင့် ရှိ နဂါးကြီးတို့၏ ကျင့်ကြံခြင်း စွမ်းအားကွာဟချက်မှာကား ကမ်းကူမရနိုင်လောက်အောင် အလွန်ပင် ကြီးမားလှပေသည်။

အကယ်၍သာ လျူကျင်းက မိုက်မဲစွာဖြင့် ထိုအဆိပ်ကို အတင်းအဓမ္မ ခွဲထုတ်နိုင်ခဲ့ပါက သူ၏ ခန္ဓာကိုယ်သည် နဂါးသွေးအတွင်းရှိ တန်ခိုးစွမ်းအားများကို စွမ်းအင်အရင်းအမြစ်တစ်ခုအဖြစ် ပင်ကိုယ်ဗီဇအတိုင်း မှတ်သားမိသွားမည်ဖြစ်ပြီး၊ လောဘဇောတိုက်ကာ စုပ်ယူရန် ကြိုးစားမိပေလိမ့်မည်။ ထိုသို့သာ ဖြစ်ပွားခဲ့လျှင်... သူ၏ သွေးကြောများ ပေါက်ကွဲကာ အသက်ပျောက်ရမည်မှာ မြေကြီးလက်ခတ်မလွဲ အမှန်ပင် ဖြစ်ချေသည်။

သို့ဆိုလျှင်... အဓိပ္ပာယ်မှာကား သူသည် ဤအဆိပ်ကို အစအဆုံး အောင်မြင်စွာ ခွဲထုတ်နိုင်လိမ့်မည်ဟူ၍ ဆရာသခင်က ဘယ်သောအခါမျှ တွေးထင်မျှော်လင့်ထားခြင်း မရှိခဲ့ခြင်း ဖြစ်ပေတော့သည်။

ထိုအသိတရားကား သူ၏ ရင်ထဲ၌ ခါးသီးလှသော အရသာတစ်ရပ်ကိုသာ ကျန်ရစ်စေခဲ့တော့သည်။

"မဆိုးပါဘူး..."

လျူကျင်းတစ်ယောက် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်အားလုံးကို အကုန်အစင် မောင်းထုတ်ပစ်ပြီးချိန်တွင် အဘိုးအိုကျန်းက ခပ်အေးအေးပင် ဆိုလိုက်သည်။

"ခြုံကြည့်ရမယ်ဆိုရင်တော့... ငါ မျှော်လင့်ထားတဲ့ စံနှုန်းထက် နည်းနည်း လျော့နေသေးတယ် ဆိုပေမဲ့၊ မင်းကို ဒီစမ်းသပ်ချက်မှာ အအောင်ပေးလိုက်ပါမယ်လေ…”

ထိုဆုံးဖြတ်ချက် ဝေဖန်ချက်မှာ လျူကျင်း သိထားသည်ထက် ပိုမိုလေးနက် လေးလံလှပေသည်။ စင်စစ်မူ... သူ၏ လက်ရှိ ဆေးပညာဗဟုသုတနှင့် ချီစွမ်းအင် ကျွမ်းကျင်မှုအရဆိုလျှင် လျူကျင်းသည် ဤတိုင်းပြည်အတွင်းရှိ မည်သည့်မြို့ကြီး ပြည်နယ်ကြီး သို့မဟုတ် မြို့ငယ်လေးတွင်မဆို ထိပ်တန်း အကောင်းဆုံး သမားတော်ကြီးတစ်ဦးအဖြစ် လျင်မြန်စွာ နေရာရလာနိုင်စွမ်း ရှိပေသည်။

သို့သော်ငြားလည်း... ထိုအချက်ကို သိရှိထားခြင်းက လျူကျင်း မိမိကိုယ်ကိုယ် တင်းကြပ်စွာ သတ်မှတ်ထားသော မြင့်မားသည့် စံနှုန်းများကို လျှော့ချ ပြောင်းလဲသွားစေမည် မဟုတ်ပါချေ။ သူသည် သာမန်မြို့ငယ်လေးတစ်ခု၏ 'နံပါတ်တစ် သမားတော်' ဆိုသည့် ဘွဲ့နာမမျိုးနှင့် မိမိကိုယ်ကိုယ် နှိုင်းယှဉ်ရန် စိုးစဉ်းမျှ စိတ်မဝင်စားပေ။ သူ အလေးအနက် ဂရုစိုက်သည့် တစ်ခုတည်းသော တိုင်းတာချက်စံနှုန်းမှာ... သူ့အဖေနှင့် ဆက်စပ်နေသည့် ဂုဏ်ဒြပ် အဆင့်အတန်းမျိုးသာ ဖြစ်တော့သည်။

"ဘာပဲဖြစ်ဖြစ်... မင်းရဲ့ နောက်တစ်ဆင့် လေ့ကျင့်မှုအတွက် မင်း အဆင်သင့် ဖြစ်နေပြီ။ ဒီအခိုက်အတန့်အတွက် ငါ လက်ဆောင်တစ်ခု ပြင်ဆင်ပေးထားတယ်"

အဘိုးအိုကျန်းသည် ဘေးနားမှ အနီရောင် ကတ္တီပါအဝတ်စတစ်ခုကို ထုတ်ယူကာ လျူကျင်း၏ ရှေ့မှောက်တွင် အသာအယာ ဖြန့်ခင်းလိုက်သည်။ ထိုအဝတ်စပေါ်တွင် ပုံစံအမျိုးမျိုးနှင့် အရွယ်အစား မျိုးစုံရှိသော ခွဲစိတ်ဓားငယ်များနှင့် ငွေအပ်လိပ်များ စီရီစွာ ရှိနေချေသည်။ ၎င်းတို့သည် ဖြူစင်ဝင်းပလွန်းလှပြီး ထက်မြက်လှသော အရှိန်အဝါကြောင့် ကောင်းကင်ယံမှ ကြယ်ပွင့်များအလား တောက်ပနေသယောင် ထင်မှတ်ရသည်။

"ဒါတွေကို ငါ မြေကမ္ဘာစွမ်းအားရှင်အဆင့် နဂါးရဲ့ ခြေသည်းတွေ၊ အရိုးတွေကနေ သေချာ သွန်းလုပ်ဖန်တီးထားတာ။ နောင်တစ်ချိန် မင်း သိုင်းလောကထဲ ရောက်ရင် တကယ့်ကို အသုံးဝင်မယ့် လက်နက်ကောင်းတွေပေါ့။ တစ်ခုတော့ အထူးသတိထားပါ... သူတို့ကို တစ်ခုနဲ့တစ်ခု အရမ်းနီးကပ်အောင် သွားမထားမိစေနဲ့၊ မဟုတ်ရင် နဂါးဗီဇအရိုးတွေက နဂိုအတိုင်း ပြန်လည်ပေါင်းစည်းဖို့ အတင်းကြိုးစားလိမ့်မယ်ကွ"

လျူကျင်းသည် ဆရာဖြစ်သူ၏ ရှေ့မှောက်၌ ရိုသေခန့်ညားစွာ ဦးညွှတ်ဂါရဝပြုလိုက်တော့သည်။ ဤမျှ တန်ဖိုးဖြတ်မရနိုင်လောက်အောင် ထူးခြားကောင်းမွန်သော လက်ဆောင်မွန်ကို လက်ခံရရှိပြီးနောက် တပည့်တစ်ယောက်အနေဖြင့် ဤသို့ ဂါရဝပြုခြင်းမှတစ်ပါး အခြားအဘယ်အရာကို လုပ်ဆောင်နိုင်ဦးမည်နည်း။

"ကျေးဇူးတင်ပါတယ် ဆရာကြီး... ဒီလက်ဆောင်နဲ့ ထိုက်တန်တဲ့ တပည့်ကောင်းတစ်ယောက် ဖြစ်အောင် ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်"

သိုင်းလောကသားများသည် နဂါး၏ ခန္ဓာကိုယ်အစိတ်အပိုင်းဖြင့် ပြုလုပ်ထားသော ရတနာလက်နက်တစ်ခုအတွက် ရွှေဒင်္ဂါးအမြောက်အမြားကို ပုံအောပေးချေကြလိမ့်မည် ဖြစ်သော်လည်း၊ မိမိ၏ ဆရာသခင်မှာမူ ထိုကဲ့သို့သော တန်ဖိုးကြီးပစ္စည်းများကို လျူကျင်း၏ ဆေးကုသရေးကိရိယာများအဖြစ်သာ သုံးစွဲရန် သင့်လျော်သည်ဟု ရက်ရက်ရောရော သတ်မှတ်ပေးခဲ့သည်။ ထိုအခိုက်အတန့်တွင် လျူကျင်း၏ ရင်ထဲ၌ အဘိုးအိုကျန်းအပေါ် အတိုင်းအဆမရှိလှသော ကျေးဇူးတရားများနှင့် ကြည်ညိုလေးစားစိတ်များ တဟုန်းဟုန်း တိုးဝှေ့ခံစားလိုက်ရတော့သည်။

"ဒါနဲ့ ဆရာကြီး..."

တစ်စုံတစ်ခုသော အရေးကြီးကိစ္စကို ရုတ်ချည်း သတိရသွားသဖြင့် လျူကျင်းက မေးခွန်းထုတ်ရန် စကားစလိုက်သည်။

"နောက်တစ်ဆင့်ဆိုတာ... ဆရာဆိုလိုချင်တာက..."

"အေးကွ ..."

အဘိုးအိုကျန်းက နေရာမှ ကြွ၍ ထရပ်လိုက်ရင်း ဆိုသည်။

"ဒီအဆိပ်ကို ခန္ဓာကိုယ်ထဲကနေ အောင်အောင်မြင်မြင် မောင်းထုတ်သန့်စင်နိုင်ခဲ့ခြင်းအားဖြင့်... မင်းဟာ ငါ့အနိမ့်ဆုံး သတ်မှတ်ချက် စံနှုန်းတွေကို ကျော်ဖြတ်ပြီးသွားပြီ။ ဒါကြောင့်... မနက်ဖြန်ကျရင် ငါတို့ အဆိပ်စွယ်ချိုင့်ဝှမ်းဆီကို ခရီးထွက်ကြမယ်။ ဒီတစ်ခေါက် သွားရမယ့်ခရီးစဥ် ကတော့... မင်းအတွက် အရင်က ကြုံဖူးသမျှ အတွေ့အကြုံတွေနဲ့ လုံးဝ ဥဿုံ ခြားနားသွားလိမ့်မယ်ဆိုတာ ကိုယ်တိုင် မြင်တွေ့ရလိမ့်မယ်"

All Chapters