အခန်း ၁၁
Vol. 2 Ch. 11
အခန်း ၁၁။ အဆိပ်စွယ်ချိုင့်ဝှမ်း၏ လျှို့ဝှက်ချက်။
အဆိပ်စွယ်ချိုင့်ဝှမ်းကြီးသည် ယမန် တစ်နှစ်ကအတိုင်း မည်သို့မျှ ပြောင်းလဲသွားပုံမပေါ်ပေ။
“အော် အချိန်သာတနှစ်ကြာသွားတယ် ဒီလျှိူမြောင်ကတော့ အရင်အတိုင်းပါပဲလား”
လွန်ခဲ့တဲ့တစ်နှစ်ကဆိုပါက လွတ်လွတ်ကျွတ်ကျွတ် သူ့ခေါင်းထက်ကျော်သွားနိုင်မည့်သစ်ကိုင်းတစ်ကိုင်းကို ခုမှ ခေါင်းငုံ့ရှောင်လိုက်ရင်း လျူကျင်း တစ်ယောက် စိတ်ထဲက ရေရွတ်လိုက်မိသည်။ ဖွင့်ပြောရန်ရှက်စရာကောင်းလှသော်လည်း သူ စိတ်မသက်မသာအဖြစ်ရဆုံးအချက်ကတော့ ခုထိ သူ ရှောင်ဖန်းလောက် အရပ်မရှည်သေးတာပဲဖြစ်သည်။ သို့သော်လည်း ဒီတစ်နှစ်တာအတွင်း လျူကျင်း ကိုယ်ခန္ဓာက သိသိသာသာ ထွားကျိုင်း အရပ်ရှည်လာခဲ့သည်။
နေ့စဉ်ရက်ဆက် အဆိပ်တွေသောက်နေရသော်လည်း သူ့ခန္ဓာကိုယ်အပေါ် တစ်စုံတစ်ရာ ထိခိုက်ပျက်စီးခြင်း မရှိခဲ့ပေ။ ပြောရလျှင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို အမြဲမပြတ် သန့်စင်ဖယ်ရှားနေခဲ့ရ၍ လွန်ခဲ့သောတစ်နှစ်ကထက်ပင် ပိုမိုကျန်းမာသန်စွမ်းပြီး အသွင်အပြင်က သွေးသားစိုပြည်လာသေးသည်။
သို့သော် အဆိပ်စွယ်ချိုင့်ဝှမ်းကြီးကတော့ ထူးမခြားနားအတိုင်းပင်။ လျူကျင်းသည် ငယ်စဉ်ကလေးဘဝကတည်းက နှစ်လတစ်ကြိမ် ဤနေရာသို့ လာနေကျမို့ လျိုမြောင်ကြီး၏ တည်ငြိမ်မြဲမြံမှုကို အသိဆုံးဖြစ်သည်။ သူ မမွေးဖွားခင် ရာစုနှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့သော ဤလျှိုမြောင်ကြီးသည် သူ၏ကလေးဘဝတစ်လျှောက်လုံးတွင်လည်း ယခုအတိုင်းပင် ရှိနေခဲ့သည်။ အဆိပ်စွယ်ချိုင့်ဝှမ်းကြီး တည်ရှိလာခဲ့သည်မှာ အနည်းဆုံး နှစ်ပေါင်းတစ်ထောင်မကတော့ကြောင်း ရှောင်နန် က သူ့ကို ပြောဖူးသည်။
သို့သော်ငြားလည်း ထိုနှစ်ပေါင်းတစ်ထောင်တာကာလပတ်လုံး ဤလျှိုမြောင်ကြီး၏ အနက်ရှိုင်းဆုံး အသည်းနှလုံး အလယ်ဗဟိုဆီသို့ မည်သည့်လူသားတစ်ဦးတစ်ယောက်မျှ ခြေချနိုင်ခဲ့ခြင်းမရှိကြောင်းကိုမူ လျူကျင်း အကြွင်းမဲ့ ယုံကြည်ထားသည်။
"ကိုင်း အဆင်သင့်ဖြစ်ပြီလား"
ဆရာဖြစ်သူ၏ မေးခွန်းက ထွက်ပေါ်လာသည်။ သူတို့ဆရာတပည့်နှစ်ယောက်လုံး လျိုမြောင်ကြီး၏ အပြင်ဘက်ပိုင်း အနက်ရှိုင်းဆုံးနေရာအထိ ရောက်ရှိနေကြပြီဖြစ်သည်။ ကိုက်အနည်းငယ်မျှအကွာတွင်မူ လျိုမြောင်ကြီးအတွင်းပိုင်း၏ အဆိပ်ငွေ့မြူထုကြီးက စောင့်ကြိုနေလေသည်။ ဤသည်ကပင် ဤလျှိုမြောင်ကြီး၏ ဆန်းကြယ်လှသော သဘာဝထူးခြားချက်တစ်ခု ဖြစ်၏။
အချိန်တွေ မည်မျှပင် ကုန်လွန်သွားပါစေ အဆိပ်မြူထုကြီးက တစ်ချက်ကလေးမျှ လွင့်ပြယ်မသွားသလို၊ လျိုမြောင်၏ အပြင်ဘက်အပိုင်းများဆီသို့လည်း ထိုးဖောက်ပျံ့လွင့်လာခြင်း မရှိချေ။ ၎င်းတို့သည် ဤနေရာ၌တင် အစဉ်အမြဲ စိုင်ခဲပိတ်ဆို့နေပြီး ဝင်ရောက်လိုသူ အပေါင်း၏ လမ်းခရီးကို အခိုင်အမာ တားဆီးထားကြသည်။
လျူကျင်းထက် ကျင့်စဉ်အဆင့်မြင့်မားလှသော ကျင့်ကြံသူပေါင်းများစွာပင် ဤမြူထုကို ဖြတ်သန်းရန် ကြိုးစားရင်း အသက်ပျောက်ခဲ့ကြရသည်။ ဤအချက်ကမူ မြေကြီးလက်ခတ်မလွဲ ဧကန်မုချပင် ဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သော တစ်နှစ်တာအတွင်း လျူကျင်းတစ်ယောက် ပြင်းထန်လှသော အဆိပ်အမျိုးမျိုးကို ရင်ဆိုင်ကျော်ဖြတ်လာခဲ့ပြီး ဖြစ်သည်။ ဤအချက်တစ်ခုတွင်တော့ သူကိုယ်သူ ဂုဏ်ယူဝံ့ကြွားမိရန် အနည်းငယ် ခွင့်ပြုလိုက်မိသည်။
"အဆင်သင့် ဖြစ်ပါပြီ ဆရာကြီး"
ခဏမျှ စဉ်းစားတွေးတောပြီးနောက် လျူကျင်းက ပြတ်သားစွာ ပြန်လည်ဖြေကြားလိုက်သည်။ အဖိုး ကျန်း ကမူ ဘာတစ်ခွန်းမှ ပြန်မပြောဘဲ အဆိပ်မြူထုထဲသို့ ခပ်အေးအေးပင် လှမ်းဝင်သွားလေတော့သည်။
သို့ဖြစ်လေရာ လျူကျင်းလည်း ဆရာ့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့သည်။
အဆိပ်မြူထုထဲ ခြေတစ်လှမ်း စလှမ်းလိုက်သည်နှင့် ပြင်းထန်လှသော အဆိပ်ရှိန်က သူ့ထံသို့ ရိုက်ခတ်လာတော့သည်။ နှာခေါင်းဝမှတစ်ဆင့် ရှူရှိုက်မိရုံတင်မကဘဲ တစ်ကိုယ်လုံးရှိ ချွေးပေါက်ငယ်များထဲအထိ အဆိပ်ငွေ့များ ထိုးဖောက်ဝင်ရောက်လာသည်ကို လျူကျင်း အတိုင်းသား ခံစားလိုက်ရ၏။
လွန်ခဲ့သောတစ်နှစ်ကသာဆိုလျှင် ဤနေရာတွင် ငါးလှမ်းမျှပင် လှမ်းနိုင်မည်မဟုတ်ဘဲ ဧကန်မုချ အသက်ပျောက်သွားပေလိမ့်မည်။ မဟုတ်သေးပါ၊ ဤသို့တွေးခြင်းကပင် မိမိကိုယ်ကိုယ် အထင်ကြီးလွန်းရာ ရောက်နေသေးသည်။ အမှန်ဆိုလျှင် ပထမဦးဆုံးခြေလှမ်းမှာတင် သေလူဖြစ်သွားလောက်ပြီ ဖြစ်သည်။
သို့သော် ယခု လျူကျင်းသည် လွန်ခဲ့သောတစ်နှစ်က ကောင်ငယ်လေး မဟုတ်တော့ချေ။ အဆိပ်ငွေ့များ တိုးဝင်လာသည်နှင့် သူ ဘာလုပ်ရမည်ကို အတိအကျ သိနေသည်။ အသက်တစ်ချက် ရှူသွင်းလိုက်တိုင်း ခန္ဓာကိုယ်ထဲသို့ အဆိပ်များ စီးဝင်သွားပြီး အသက်တစ်ချက် ပြန်ရှူထုတ်လိုက်တိုင်း ထိုအဆိပ်များကို လွယ်လွယ်ကူကူပင် ပြန်လည်မောင်းထုတ်ပစ်လိုက်နိုင်သည်။
ခြေတစ်လှမ်း။
အဆိပ်ကို ရှူသွင်းသည်။
အဆိပ်ကို ပြန်မောင်းထုတ်သည်။
နောက်ခြေတစ်လှမ်း။
ဆရာဖြစ်သူ၏ ဘေးတွင် ယှဉ်တွဲလျှောက်လှမ်းရင်း လျူကျင်းသည် ဤဖြစ်စဉ်ကိုပင် အထပ်ထပ်အခါခါ ပြုလုပ်နေမိသည်။ ခြေလှမ်းတိုင်းတွင် သူ၏ကျွမ်းကျင်မှုက ပိုမိုရင့်သန်လာ၏။ ဆယ်လှမ်းမြောက်သို့ ရောက်သောအခါ ဤအဆိပ်ဖြေစနစ်အတွက် သူ၏အာရုံစိုက်မှုကို ငါးဆယ်ရာခိုင်နှုန်းမျှသာ အသုံးပြုရန် လိုအပ်တော့သည်။
အလှမ်းငါးဆယ်မြောက်သို့ ရောက်ရှိချိန်တွင်မူ အာရုံစိုက်မှု ဆယ်ရာခိုင်နှုန်းခန့်ဖြင့်တင် အဆိပ်ကို လုံးဝထိန်းချုပ်နိုင်သွားပြီး ဘေးပတ်ဝန်းကျင် ရှုခင်းများကိုပင် အေးအေးလူလူ လှည့်ပတ်ကြည့်ရှုနိုင်သည့်အထိ စိတ်အခြေအနေက လွတ်လပ်ပေါ့ပါးသွားခဲ့လေတော့သည်။
ပိတ်ဆို့နေသော အဆိပ်မြူထုကြီးက ပုလင်းကွဲသဖွယ် ထူထပ်လှသော်လည်း ပတ်ဝန်းကျင်ရှိ ထူးဆန်းဆန်းပြားလှသော သစ်ပင်ပန်းမန်မျိုးစုံကို လျူကျင်း ကောင်းကောင်းမြင်နိုင်ပါသေးသည်။ ၎င်းတို့အားလုံးသည် လျိုမြောင်၏ အပြင်ဘက်ပိုင်းတွင် ဘယ်သောအခါမှ ပေါက်ရောက်လေ့မရှိသည့် ဆေးဖက်ဝင်အပင်ဆန်းများ ဖြစ်ကြ၏။
လျူကျင်း စိတ်ထဲတွင် ဆေးမြစ်ဆေးပင်များ ခူးဆွတ်ရန် ဤနေရာ၌ ခဏမျှ ဆက်နေချင်စိတ် ပေါ်လာမိသည်။ သို့သော်လည်း ဆရာဖြစ်သူက သူ့ကို ဆေးပင်ခူးရန် ဤနေရာသို့ ခေါ်လာခဲ့ခြင်း မဟုတ်သည်ကိုမူ သူ အသိဆုံးဖြစ်ပေသည်။
လမ်းခရီးတစ်လျှောက်တွင် မည်သည့် ဝိညာဉ်သားရဲ တစ်ကောင်နှင့်မျှ တိုးမိခြင်း မရှိခဲ့ချေ။ ဤသည်ကလည်း ဖြစ်သင့်ဖြစ်ထိုက်ပေသည်။ ဆရာအိုကြီး ကျန်းသည် လျိုမြောင်ကြီးအတွင်းသို့ စတင်ခြေချစဉ်က တစ်ကြိမ်၊ ယခု အဆိပ်မြူထုထဲသို့ ဝင်ရောက်လာစဉ်က တစ်ကြိမ် သူ၏ ကျင့်စဉ်စွမ်းအားအရှိန်အဝါကို ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်သည်။
လွန်ခဲ့သောတစ်ကြိမ်က ကြုံတွေ့ခဲ့ရသည့် 'မြေကမ္ဘာစွမ်းအားရှင်အဆင့် နဂါးသားရဲ' ဆိုသည်မှာ ဖြစ်တောင့်ဖြစ်ခဲ မတော်တဆ ကြုံကြိုက်မှုတစ်ခုသာ ဖြစ်ပြီး အစဉ်အမြဲ ကြုံတွေ့ရမည့်အရာ မဟုတ်ချေ။ ဧကရာဇ်အဆင့် ရှိသော ကျင့်ကြံသူတစ်ဦးကို ရင်ဆိုင်ရဲသည့် ဝိညာဉ်သားရဲဟူ၍ ဤလောကတွင် အနည်းငယ်မျှသာ ရှိပေလိမ့်မည်။
သို့သော်ငြားလည်း..။
လျူကျင်းတစ်ယောက် စိတ်ထဲက ထိုသို့ပင် တွေးတောရုံရှိသေး၊ သစ်ပင်တောအုပ်ကြီးကို တိုးဝှေ့ဖြတ်သန်းကာ ဝိညာဉ်သားရဲတစ်ကောင် ဗုန်းခနဲ ဝုန်းခနဲ ရှေ့သို့ ခုန်ထွက်လာလေတော့သည်။
ပထမဦးဆုံး စက္ကန့်ပိုင်းတွင် ဘာတွေဖြစ်ပျက်သွားသည်ကို လျူကျင်း ကောင်းကောင်း သဘောမပေါက်လိုက်မိချေ။ သစ်ပင်ကြီးများ ကျိုးပြတ်လဲပြိုသွားသည့် အသံကြီးက နားစည်သို့ ရိုက်ခတ်လာပြီးနောက် ရုတ်ချည်းဆိုသလို ဘေးနားရှိ ဆရာအိုကြီး ကျန်းက ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်ကျမှပင် လျူကျင်း မျက်စိရှေ့က မြင်ကွင်းကို သဲသဲကွဲကွဲ မြင်လိုက်ရတော့၏။
၎င်းမြင်ကွင်းမှာမူ အိမ်တစ်လုံးနီးပါး ခန္ဓာကိုယ်ထွားကျိုင်းလှပြီး တစ်ကိုယ်လုံး အကြေးခွံများ ဖုံးလွှမ်းနေသည့် ဆီးနှင်းကဲ့သို့ ဖြူဆွတ်သော ခြင်္သေ့ကြီးတစ်ကောင် ဖြစ်သည်။ ၎င်း၏ ဟိန်းဟောက်သံတစ်ချက်တည်းနှင့်တင် လျူကျင်းမှာ လန့်ဖျန့်ကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိရသည်။ ခြင်္သေ့ကြီး၏ အစွယ်များက လျူကျင်း၏ ဦးခေါင်းထက်ပင် ပိုမိုကြီးမားနေပြီး အသက်ရှူသွင်း ရှူထုတ်လိုက်တိုင်း ၎င်း၏ ပါးစပ်တွင်းမှ သွေးနီရောင် အဆိပ်ငွေ့များ တလိမ့်လိမ့် ထွက်ပေါ်နေလေတော့သည်။
ခဏမျှအကြာတွင်ဖြစ်သည်။
ထို့နောက်တွင်တော့ ထိုသားရဲကြီးသည် အသက်မဲ့သွားခဲ့လေပြီ။ ဆရာကြီး ကျန်းသည် လဲကျသေဆုံးသွားသော သားရဲကောင်ကြီး၏အလောင်းပေါ်တွင် ခံ့ညားစွာ မတ်တတ်ရပ်နေ၏။
လျူကျင်းတစ်ယောက် ပါးစပ်ပင် ဟစပြုရုံရှိသေး၊ ထိုအလောင်းကြီးက မျက်စိရှေ့မှတင် ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။
"ဟမ် ဘယ်ကို..."
လျူကျင်း မေးခွန်းကို ဆုံးအောင်ပင် မမေးနိုင်သေးခင်မှာပဲ ဆရာဖြစ်သူက ဖြတ်၍ ပြန်လည်ဖြေကြားလိုက်သည်။
"ငါ သိမ်းလိုက်တာကွ"
ဆရာကြီး ကျန်းက သူ၏ ဝိညာဉ်သိုလှောင်အိတ် ကို မြှောက်ပြရင်း ပြောလိုက်သည်။
"ဒီကောင်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဆေးဖက်ဝင်ပစ္စည်းအဖြစ် ပြောင်းဖို့က နောက်မှ အေးအေးဆေးဆေး လုပ်လို့ရတယ်။ အခု ငါတို့မှာ ဒီထက်ပိုပြီး အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာရှိသေးတယ်ကွ"
လျူကျင်းတစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွားရင်း ဆရာ့နောက်သို့ တွေဝေစွာဖြင့် ထပ်ကြပ်မကွာ လိုက်ပါသွားမိတော့သည်။
အရာအားလုံးက မျက်တောင်တစ်ခတ်အတွင်းမှာတင် ပြီးဆုံးသွားခဲ့ခြင်း ဖြစ်၏။ ဤအဖြစ်အပျက်က လျူကျင်းအတွက်တော့ မိမိဆရာ၏ စွမ်းအားကြီးမားပုံနှင့် မိမိကိုယ်တိုင်၏ အားနည်းချက်ကို အရိုးထဲအသည်းထဲအထိ ရိုက်ခတ်သွားစေသည့် သတိပေးချက်တစ်ခု ဖြစ်ခဲ့ရသည်။
မိမိ၏ ရည်မှန်းချက်ပန်းတိုင်သည် မဟာစစ်သည်တော်ကြီးတစ်ဦး ဖြစ်လာရန်မဟုတ်ဘဲ ကျော်ကြားလှသော သမားတော်ကြီးတစ်ဦး ဖြစ်လာရန်သာ ဖြစ်သည်ဟု လျူကျင်း မိမိကိုယ်ကိုယ် ပြန်လည်သတိပေးနေရသည်။ ထိုသို့ တွေးတောနေမိသော်လည်း မိမိ၏ မပြည့်စုံမှုနှင့် မစွမ်းသာမှုအပေါ် စိတ်ပျက်အားမလိုအားမရဖြစ်မှုများကတော့ စိတ်အစဉ်တွင် ဖျောက်ဖျက်မရဘဲ အရိပ်မည်းတစ်ခုလို ဆက်လက်တွယ်ကပ်နေတော့သည်။
လွန်ခဲ့သောတစ်နှစ်က ယွန်းဟန်၏ ရှေ့မှောက်တွင် သူသည် မည်သို့မျှ ချေပရန် မတတ်နိုင်ဘဲ ဖြစ်ခဲ့ရသည်။ ယခုအခါတွင် သူ၏ကျင့်စဉ်စွမ်းအားများ တိုးတက်လာခဲ့သည်ဆိုသော်ငြားလည်း လျူကျင်းတစ်ယောက် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ်ကူးယဉ် နေ၍မဖြစ်သေးပေ။ အကယ်၍သာ ယွန်ဟန်နှင့် ထပ်မံဆုံတွေ့ကြဦးမည်ဆိုလျှင် သူ့ကို အလွယ်တကူပင် သတ်ပစ်နိုင်ဆဲ ဖြစ်ပေလိမ့်မည်။
သန်မာသူက မိမိအလိုရှိရာကို ပြုလုပ်နိုင်ပြီး အားနည်းသူမှာမူ ငုံ့ခံရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိချေ။ ဤသည်ကပင် လောက၏ ဓမ္မတာ မဟုတ်ပါလား။
"ဟိတ်ကောင် အတွေးလွန်မနေနဲ့ အာရုံစိုက်ထားကွ.."
ဆရာဖြစ်သူ၏ လေးနက်လှသောအသံကြောင့် လျူကျင်း၏ အတွေးကမ္ဘာ အမှောင်ဘက်သို့ ကူးပြောင်းမသွားဘဲ ရုတ်ချည်းရပ်တန့်သွားခဲ့ရသည်။
"မင်းဟာ ငါ့တပည့်တစ်ယောက်ဖြစ်တဲ့အတွက် ဒီနေရာမှာ မင်းလုပ်ဆောင်ရမယ့် အရေးကြီးတဲ့ တာဝန်တစ်ခုရှိတယ်။ အခုအချိန်မှာ စိတ်အာရုံကို အပြည့်အဝ စုစည်းထားစမ်း"
"ဟုတ်ကဲ့ပါ ဆရာကြီး"
လျူကျင်းသည် စိတ်ကို ညှိုးငယ်စေသော ထိုစိတ်ပျက်စရာအတွေးပေါင်းစုံကို စိတ်ကွယ်ရာသို့ အတင်းအဓမ္မ မောင်းထုတ်ပစ်လိုက်သည်။ မှန်ပေသည်။ ထိုကိစ္စများကို နောက်မှ အေးအေးဆေးဆေး တွေးတောပူပန်လို့ ရသေးသည်။ ယခုလောလောဆယ်တွင်မူ လျူကျင်းတစ်ယောက် သူ့ဆရာ့ကို စိတ်ပျက်အားမလိုအားမရ မဖြစ်စေရဟု ဆုံးဖြတ်လိုက်မိတော့သည်။
ဆရာကြီး ကျန်းနှင့် လျူကျင်းတို့သည် အဆိပ်စွယ်ချိုင့်ဝှမ်းကြီး၏ အတွင်းပိုင်းဆီသို့ တရွေ့ရွေ့နှင့် ပိုမိုနက်ရှိုင်းစွာ ဆက်လက်လျှောက်လှမ်းလာခဲ့ကြသည်။ လမ်းခရီးတစ်လျှောက်တွင် ဆရာကြီး ကျန်း၏ အရှိန်အဝါကို မမှုဘဲ မိုက်ရူးရဲဆန်စွာ ဝင်ရောက်တိုက်ခိုက်လာသည့် ဝိညာဉ်သားရဲ သုံးကောင်နှင့် ထပ်မံတိုးမိသေးသည်။ ထိုသားရဲအားလုံးသည် မြေကမ္ဘာစွမ်းအားရှင် အဆင့်ရှိ သားရဲများဖြစ်ကြသော်လည်း မည်သည့်ကောင်မျှ စက္ကန့်ပိုင်းထက်ပို၍ အသက်မဆက်နိုင်ခဲ့ကြချေ။
လျူကျင်းတစ်ယောက် တိုက်ပွဲကို သဲသဲကွဲကွဲပင် မမြင်လိုက်ရခင်မှာတင် ပွဲသိမ်းသွားရသည်အထိ ဆရာဖြစ်သူ၏ စွမ်းပကားက ကောင်းကင်ယံအထိ ထိုးဖောက်မတတ် ပြင်းထန်လွန်းလှသည်။ မြေကမ္ဘာစွမ်းအားရှင်အဆင့် ရှိ ဝိညာဉ်သားရဲများမှာ ဆရာကြီး ကျန်းအတွက်တော့ လက်တစ်ချက်လှုပ်ရုံမျှနှင့်တင် အမှုန့်ခြေပစ်နိုင်သည့် သာမန်သတ္တဝါလေးများသာ ဖြစ်ချေသည်။
ခရီးခပ်ဝေးဝေး ရောက်လာသည်နှင့်အမျှ အဆိပ်မြူထုကြီးက ပိုမိုပြင်းထန်လာသော်လည်း လျူကျင်းအတွက်မူ အေးအေးလူလူ ရင်ဆိုင်နိုင်သည့် အခြေအနေတွင်သာ ရှိပါသေးသည်။
ခြုံငုံ၍ ပြောရလျှင် သူတို့၏ ခရီးစဉ်သည် မထင်ထားလောက်အောင် တည်ငြိမ်အေးချမ်းလွန်းနေခဲ့သည်။
"ငါတို့ ရောက်ပြီကွ"
ဂူတစ်ခု၏ ရှေ့မှောက်သို့ ရောက်ရှိသွားချိန်တွင် ဆရာဖြစ်သူက လှမ်းပြောလိုက်သည်။ ထိုဂူဝသည် တော်တော်လေး ကျဉ်းမြောင်းလှပြီး အတွင်းပိုင်းတွင်မူ မှောင်အတိကျနေသဖြင့် လျူကျင်းအဖို့ ဘာကိုမျှ မြင်တွေ့နိုင်ခြင်း မရှိချေ။ အကယ်၍သာ ဆရာဖြစ်သူက ခြေလှမ်းရပ်ရန် အချက်မပြခဲ့ပါက ဤနေရာကို လျူကျင်းတစ်ယောက် သတိမမူမိဘဲ ကျော်ဖြတ်သွားမိမှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင်မူ ဤဂူကြီး ဤနေရာ၌ ရှိနေကြောင်း သိရှိသွားပြီဖြစ်၍ လျူကျင်းတစ်ယောက် ဂူအတွင်းမှ လှိုင်းတံပိုးပမာ တလိမ့်လိမ့် တိုးဝှေ့ထွက်ပေါ်လာသော အေးစက်စက် အငြိုးအတေး အရှိန်အဝါများကို အတိုင်းသား ခံစားလိုက်ရတော့သည်။
ဂူထဲတွင် အလွန်တရာ အစွမ်းထက်လှသော အရာတစ်ခု ရှိနေသည်မှာ ဧကန်မုချပင်။ ထိုစွမ်းအားစုကြီးက မည်မျှအထိ နက်ရှိုင်းထူထပ်သနည်းဆိုလျှင် လျူကျင်းအနေဖြင့် စက္ကန့်ပိုင်းမျှ သတိလက်လွတ်ဖြစ်သွားသည်နှင့် တစ်ကိုယ်လုံး ဝါးမြိုဖျက်ဆီးခြင်း ခံရမည်ကဲ့သို့ပင် ဖြစ်၏။
"ကဲ မင်းခုချိန်နောက်ဆုတ်ချင်ရင် ဆုတ်လို့ရသေးတယ် လူလေး ၊ ဒါဟာ မင်းနောက်ဆုတ်ဖို့ နောက်ဆုံးအခွင့်အရေးပဲ။"
ဆရာကြီး ကျန်းက လှမ်းပြောလိုက်သည်။ သူ၏မျက်နှာထားမှာ လျူကျင်းတစ်သက်တွင် တစ်ခါမျှမမြင်ဖူးလောက်အောင် တည်ကြည်လေးနက်နေလျက်ရှိသည်။
"ငါတို့ မြို့ကို အခုပဲ ပြန်လှည့်လို့ရတယ်။ မင်းလည်း မင်းရဲ့ကျန်ရှိတဲ့ သက်တမ်းတစ်လျှောက်လုံးမှာ အေးအေးချမ်းချမ်း နေထိုင်သွားလို့ရတာပေါ့။ မင်းအဖေ တစ်ချိန်က ရောက်ခဲ့တဲ့ အဆင့်မြင့် အထွတ်အထိပ် ကျင့်စဉ်အဆင့်မျိုးဆီ မင်းဘယ်တော့မှ ရောက်နိုင်မှာမဟုတ်ပေမဲ့ ဒုက္ခဆင်းရဲဒဏ်တွေကိုတော့ အများကြီး သက်သာသွားလိမ့်မယ်။ ဒါဟာ ဆိုးဝါးတဲ့ ကံကြမ္မာတော့ မဟုတ်ပါဘူး။ မင်းအဖေ ကိုယ်တိုင်လည်း မင်းကို ဒီလိုပဲ အေးအေးချမ်းချမ်း ရှိစေချင်မှာ ပါပဲ။"
"အကယ်၍ ကျွန်တော် အထဲကို ဝင်သွားရင်ကော... အဲဒီမှာ ဘာတွေစောင့်ကြိုနေမှာလဲ ဆရာကြီး "
မှောင်အတိကျနေသော ဂူနက်ကြီး၏ အမှောင်ထုကို စိုက်ကြည့်ရင်း လျူကျင်းက သူ့ဆရာကြီးအားလှမ်း၍ မေးခွန်းထုတ်လိုက်မိတော့သည်။
"ဒီဂူထဲမှာ အတိအကျ ဘာရှိနေသလဲဆိုတာ ငါကိုယ်တိုင်လည်း သေသေချာချာ မသိဘူးကွ ၊ ဒါပေမဲ့ ငါ့ရဲ့ နှစ်ပေါင်းများစွာဖြတ်သန်းမှု အတွေ့အကြုံအရ အကြမ်းဖျင်းတော့ ခန့်မှန်းလို့ရတယ်။ အထဲကို ဝင်သွားရင် မင်း စမ်းသပ်မှုတစ်ခုနဲ့ မဖြစ်မနေရင်ဆိုင်ရလိမ့်မယ်။ မင်းက ငါ့ တပည့်ဖြစ်သလို အဖေတူသား ဖြစ်တဲ့အတွက် ဒီစမ်းသပ်မှုကို မင်း ဧကန်မုချ အောင်မြင်လိမ့်မယ်ဆိုတာ ငါယုံကြည်တယ် ဒါပေမယ့် အောင်မြင်မှုတိုင်းမှာ ပေးဆပ်မှုဆိုတာ ရှိစမြဲပဲကွ၊ ထူးချွန်ပြောင်မြောက်တဲ့ လူတွေရဲ့ ကျင့်ကြံလမ်းခရီးဆိုတာ ဝင်ဖို့သာလွယ်ပြီး စိတ်အလိုရှိတိုင်း အလွယ်တကူ စွန့်ခွာလို့ရတဲ့ အရာမျိုးမဟုတ်ဘူး။ အထဲကို ဝင်သွားရင် မင်း ဒုက္ခဆင်းရဲဒဏ်တွေကို အလူးအလဲ ခံရလိမ့်မယ်။ ဒါကိုတော့ ငါ ရဲရဲကြီး အာမခံဝံ့တယ်"
လျူကျင်းသည် ရှေ့မှောက်ရှိ အဆုံးမဲ့အမှောင်ထုကြီးကို စိုက်ကြည့်နေမိသည်။ ဆရာကြီး ကျန်း၏ စကားလုံးများက သူ၏ဦးနှောက်ထဲတွင် အထပ်ထပ်အခါခါ ပဲ့တင်ထပ်နေ၏။ ဆရာကြီး ကျန်း ပြောနေသည့်အရာသည် သာမန်သမားတော်ကောင်းတစ်ဦး ဖြစ်လာရုံတင်မကဘဲ ထိုထက်မက ပိုမိုနက်ရှိုင်းသည့် အခြေအနေတစ်ခု ဖြစ်ကြောင်း လျူကျင်း ကောင်းကောင်း သဘောပေါက်လိုက်သည်။
အကယ်၍သာ သူ ဤဂူကြီးထဲသို့ ခြေချမိလိုက်လျှင် ယခင်က ဘယ်လိုမှ မမှန်းဆနိုင်ခဲ့သော ကံကြမ္မာလမ်းကြောင်းအသစ်တစ်ခုပေါ်သို့ လျှောက်လှမ်းမိရတော့မည် ဖြစ်သည်။
သူသည် လူအကြားကျော်ကြားရေပန်းစားသည့် မဟာသူရဲကောင်းကြီးတစ်ဦး ဖြစ်မလာချင်ပါ။ ယခုအချိန်အထိလည်း ဤဆန္ဒက ပြောင်းလဲမသွားသေးချေ။
သို့သော်ငြားလည်း... လျူကျင်းတစ်ယောက် သာမန်ကာလျှံကာ လူဖျင်းလူအတစ်ဦးအဖြစ်နှင့်တော့ ဘဝကို အဆုံးသတ်မပစ်ချင်ပါ။
ဆရာကြီး ကျန်း ပြောသည်က မှန်ပါသည်။ သူသာ သမားတော်ကောင်းတစ်ဦးအဖြစ် အေးအေးချမ်းချမ်း နေထိုင်သွားမည်ဆိုပါက သူ့ဖခင် စိတ်အေးရပေလိမ့်မည်။ သို့သော်လည်း လျူကျင်းအနေဖြင့် ဖခင်ဖြစ်သူအား ထိုကဲ့သို့သော စိတ်အေးချမ်းမှုကို မပေးစွမ်းနိုင်ချေ။ လျူကျင်း သူ့ကျင့်စဉ်ခရီးလမ်းကို ဤမျှအထိတော့ မသစ္စာဖောက်နိုင်ပါ။ ဖခင်ဖြစ်သူ လျှောက်လှမ်းခဲ့သော လမ်းခရီးအတိုင်း သူ ဆက်လက်လျှောက်လှမ်းချင်သည်။ ဖခင်ဖြစ်သူ ရောက်ရှိခဲ့သော ထိုမြင့်မားလှသည့် အထွတ်အထိပ်အဆင့်ဆီသို့ သူလည်းပဲ တက်လှမ်းချင်မိသည်။
"ဆရာကြီး... ကျွန်တော်က အစကတည်းက နောက်မဆုတ်ဖို့ ဆုံးဖြတ်ပီးသားပါဗျ..ဒီထဲဝင်လာကတည်းက အဆုံးထိလျှောက်ဖို့ ရွေးချယ်ပီးသားပါ ဆရာကြီး..”
လျူကျင်းသည် ဂူအတွင်းသို့ ပြတ်သားစွာဖြင့် ခြေတစ်လှမ်း လှမ်းဝင်လိုက်သည်။ ထိုခဏမှာပင် သူ၏ ပတ်ဝန်းကျင် ကမ္ဘာလောကကြီးတစ်ခုလုံး ရုတ်ချည်း ပြောင်းလဲသွားခဲ့လေတော့သည်။
ပတ်ဝန်းကျင် တစ်ခုလုံးတွင် မှောင်အတိ ကျနေတော့သည်။
လျူကျင်းတစ်ယောက် မည်သည်က အထက်၊ မည်သည်က အောက်ဟူ၍ပင် မခွဲခြားနိုင်တော့ချေ။ ဂူဝကိုပင် ပြန်လည်မမြင်တွေ့နိုင်တော့ဘဲ မိမိနှာခေါင်းဖျားထက် ကျော်လွန်သော နေရာများကိုပင် သဲသဲကွဲကွဲ မမြင်ရတော့ပေ။ ဤအခြေအနေကို ကြည့်ခြင်းအားဖြင့် သာမန်လူတစ်ဦးဆိုလျှင် ဂူ၏ အနက်ရှိုင်းဆုံးနေရာအထိ ရောက်ရှိသွားပြီဟု ထင်မှတ်မှားစရာ ရှိသော်လည်း အမှန်တကယ်တွင်မူ ထိုသို့မဟုတ်ချေ။
လျူကျင်းအနေဖြင့် ဂူထဲသို့ နှစ်လှမ်းထက်ပို၍ပင် မလှမ်းရသေးပါ။
ဂူဝသည် သူ၏မျက်စိ ရှေ့တွင် ရှိနေရဦးမည်ဖြစ်ပြီး အလင်းရောင် ဤမျှလောက်အထိ ကွယ်ပျောက်သွားစရာ အကြောင်းအရင်း လုံးဝမရှိချေ။ သို့သော်လည်း လက်တွေ့တွင်မူ မှောင်အတိကျနေသည်။
ဤအချက်ကြောင့်ပင် လျူကျင်းတစ်ယောက် အလွန်အရေးကြီးသော အမှန်တရားတစ်ခုကို ရိပ်မိနားလည်သွားခဲ့ရသည်။ မည်မျှပင် မဖြစ်နိုင်သယောင် ထူးဆန်းအံ့သြဖွယ် ကောင်းနေပါစေ... ယခုအခါတွင် သူသည် မူလရှနေခဲ့သော အဆိပ်စွယ်ချိုင့်ဝှမ်းကြီးအတွင်း၌ ရှိမနေတော့သည်မှာ အသေအချာပင် ဖြစ်တော့သည်။
"ဒါ ဘယ်လိုနေရာကြီးလဲဟ"
"ဒါကို ဖောက်ထွက်ရပ်ဝန်း လို့ ခေါ်တယ်ကွ "
ဆရာဖြစ်သူ၏ အသံက ဘေးနားမှ ထွက်ပေါ်လာသည်။ ထိုအချိန်ကျမှပင် လျူကျင်းတစ်ယောက် ဆရာကြီး ကျန်းသည် သူ့ဘေးတွင် ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်ကို သတိပြုမိတော့သည်။
"ဒါဟာ စကြာဝဠာထဲက အခြား ကမ္ဘာ တစ်ခုကွ၊ ဒီနေရာတစ်ခုလုံးက မင်းသိထားတဲ့ လက်တွေ့ကမ္ဘာကြီးရဲ့ အပြင်ဘက်ကို ရောက်နေတာ။ လောကဓာတ်ရဲ့ တည်ဆောက်ပုံကို ဒီလောက်အထိ နက်နက်နဲနဲ နားလည်ပြီး ဒီလိုရပ်ဝန်းတစ်ခုကို ရောက်နိုင်တဲ့သူဆိုတာ လက်ချိုးရေလို့ရတယ်။ သာမန်လူတွေဆိုရင် တစ်သက်နဲ့တစ်ကိုယ် ဒီလိုနေရာမျိုးကို မြင်ခွင့်ရဖို့ နေနေသာသာ၊ ကြားဖူးဖို့တောင် မလွယ်ဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကံကောင်းတယ်လို့သာ မှတ်လိုက်စမ်း လူလေး.."
ဆရာဖြစ်သူ ပြောလိုက်သည့် စကားလုံး တစ်လုံးချင်းစီကို လျူကျင်း နားလည်နိုင်သော်လည်း ယင်း၏ နောက်ကွယ်က နက်နဲလှသော အဓိပ္ပာယ်ကိုမူ အပြည့်အဝ သဘောမပေါက်နိုင်သေးချေ။
သူ့လို ကလေးငယ်တစ်ဦးအတွက်တော့ ဤအရာက လွန်စွာ ခက်ခဲရှုပ်ထွေးလွန်းလှသည်။ ရေကန်ငယ်လေးများကိုသာ မြင်ဖူးသည့် သူတစ်ဦးအား အဆုံးအစမရှိသည့် မဟာသမုဒ္ဒရာကြီး၏ ရှေ့မှောက်သို့ ရုတ်ချည်း ပို့ဆောင်လိုက်သကဲ့သို့ပင် ဖြစ်၏။ သူ၏ ဦးနှောက်ထဲတွင် သိချင်စိတ်ပြင်းပြလှသော မေးခွန်းပေါင်းများစွာက တစ်ခုပြီးတစ်ခု တိုးဝှေ့ထွက်ပေါ်လာတော့သည်။
ဤ အခြား လောက ကြီးကို မည်သူမှ ဖန်ဆင်းခဲ့လေသနည်း။
ကိုယ်ပိုင်ရပ်ဝန်းကမ္ဘာတစ်ခုကိုပင် ဖန်တီးနိုင်လောက်သည်အထိ အစွမ်းထက်သည့်သူမှာ မည်သူနည်း...၊
ထို့အပြင် အဘယ်ကြောင့် ဤကဲ့သို့ နေရာမျိုးကို ဖန်တီးခဲ့ရသနည်း...။
ရုတ်တရက်…။
"ငါအိပ်ပျော်နေတာကို ဘယ်ကောင်လာနှိုးတာလဲဟေ့..၊ ... ဒီအဆိပ်မြူတွေကို ဖြတ်ကျော်ပြီး အသက်ရှင်လျက်နဲ့ ငါ့ရှေ့ထိ ရောက်လာရဲတယ်ပေါ့.. လွန်ခဲ့တဲ့ နှစ်ပေါင်းလေးထောင်အတွင်းမှာ ပထမဆုံး ကျူးကျော်လာတာပဲ။ ပြောစမ်းကွ... ဘယ်သူလဲ..”
ထိုရပ်ဝန်းတစ်ခုလုံးတွင် ဟိန်းထွက်ကာ ပဲ့တင်ထပ်သွားသော ထိုအသံမှာ ဆရာဖြစ်သူ၏ အသံမဟုတ်သည်ကတော့ ဧကန်မုချပင်။ ထိုအသံတွင် အလွန်တရာ ပြင်းထန်လှသော စွမ်းပကားအရှိန်အဝါများ ကိန်းအောင်းနေသည်။ အသံကို ကြားလိုက်ရုံမျှဖြင့်တင် လျူကျင်းတစ်ယောက် ကြီးမားလှသော ဖိအားဒဏ်ကို အလူးအလဲ ခံစားလိုက်ရ၏။
ဤဖိအားသည် ဆရာကြီး ကျန်း မိမိဖခင်၏ ဆေးခန်းတွင် ပထမဦးဆုံး နိုးထလာစဉ်က ထုတ်ဖော်ခဲ့သည့် ဖိအားမျိုးနှင့် ဆင်တူသော်လည်း လုံးဝဥဿုံ ကွဲပြားခြားနားနေသည်။ ၎င်းက ပိုမိုအစွမ်းထက်လှပြီး မည်မျှပင် ဝေးကွာလွန်းလှသော အရပ်ဆီမှ ထွက်ပေါ်လာသည်ဟု ခန့်မှန်း၍မရနိုင်လောက်အောင်ပင် ထူးဆန်းဆန်းပြားလှ၏။
လျူကျင်းသည် အသံဗလံထွက်ပေါ်ရာ နေရာကို ရှာဖွေရန် ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှုသော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရချေ။
မှောင်မိုက်နေသော အမှောင်ထုကြီးသာ စိုးမိုးထားသည်။
"ဟိတ်ကောင်... အပေါ်ကို မော့ကြည့်ကွ ငါ့တပည့်ရ"
ဆရာဖြစ်သူက ဘေးနားမှ တိုးတိုးလေး ကပ်၍ သတိပေးလိုက်သည်။ လျူကျင်းလည်း ဇဝေဇဝါဖြစ်သွားရင်း ဆရာ့စကားအတိုင်း လိုက်နာကာ အပေါ်သို့ မော့ကြည့်လိုက်မိသည်။
ထိုအပေါ်အမြင့် အထက် နေရာဆီသို့...။
ထို အထက်တနေရာထက် ပို၍ မြင့်မားသော နေရာသို့...။
“အား…”
"ပြောစမ်းဟေ့.. ငါ့လို ကိုးခေါင်းနဂါးမြွေနတ်ဘုရားရဲ့ ရှေ့မှောက်မှာ မတ်တတ်ရပ်နေရဲတာ ဘယ်သူလဲ.."
ထိုအသံကြားလိုက်သည်နှင့် သူ့ဆရာဖြစ်သူက အသံပိုင်ရှင်အား ရိုသေစွာ ဦးညွှတ်လိုက်သည်။ ထိုနှင့် တစ်ပြိုင်နက် လျူကျင်းလည်း ဒူးထောက်လျက်သား လဲကျသွားတော့သည်။ လျူကျင်းအနေဖြင့် ဤသို့ပြုလုပ်မိခြင်းမှာ ရိုသေလေးစားစိတ်ကြောင့် မဟုတ်ချေ။ သူ၏ခြေထောက်နှစ်ဖက်က ခန္ဓာကိုယ်အလေးချိန်ကို မည်သို့ထန်းထားရမည်ဆိုသည်ကို မေ့လျော့သွား၍သာ ဖြစ်သည်။
မိမိကိုယ်ကိုယ် ရှောင်ဖန်း၊ ယွန်းဟန်တို့နှင့် နှိုင်းယှဉ်ပူပန်နေခဲ့သည့် အတွေးစများမှာ ယခုအခါတွင်မူ အလွန်တရာ ဝေးကွာလှပြီး သေးနုပ်သိမ်ဖျင်းလွန်းလှသည်ဟု ခံစားလိုက်ရသည်။ သူ မှားသွားခဲ့ချေပြီ။ ဤဂူထဲသို့ စတင်ခြေချလိုက်သည့် မိနစ်ပိုင်းကတည်းက သူ အကြီးအကျယ် လွဲမှားခဲ့ခြင်း ဖြစ်သည်။ ဤနေရာကြီးက မှောင်မိုက်နေသည်မဟုတ်သလို၊ လုံးဝ ဂူကြီးတစ်ဂူလည်း မဟုတ်ချေ။
သူသည် ထိုသက်ရှိအရှင်သခင်ကြီး၏ အရိပ်မည်းကြီးအောက်တွင် မတ်တတ်ရပ်နေခဲ့မိခြင်းသာ ဖြစ်တော့သည်။
ဤမျှလောက်သော အချိန်ပတ်လုံး...။
လျူကျင်းသည် ဤမျှလောက်ကြီးမားထွားကျိုင်းလှသော မဟာနတ်ဘုရားသားရဲကြီး၏ ရှေ့မှောက်တွင် ရပ်နေခဲ့မိပါလျက်နှင့် အစောပိုင်းက စိုးစဉ်းမျှ သတိမမူမိခဲ့ချေ။
ဤကိုးခေါင်းနဂါးမြွေနတ်ဘုရားကြီး၏ ရှေ့မှောက်သို့ ရောက်ရှိနေချိန်တွင်မှ လျူကျင်းတစ်ယောက် သူ၏တစ်သက်တာတွင် တစ်ခါမျှမကြုံဖူးသေးသည့် သွေးပျက်ထိတ်လန့်ခြင်း အရသာကို ပထမဦးဆုံးအကြိမ်အဖြစ် အသည်းခိုက်အောင် ခံစားလိုက်ရတော့သည်။