အခန်း ၁၂
Vol. 2 Ch. 12
အခန်း (၁၂) - ကိုးခေါင်းနဂါးမြွေနတ်ဘုရား
"အရှင်မြတ်ရဲ့ စက်တော်ခေါ်မှုကို နှောင့်ယှက်မိတာ ကျွန်တော်မျိုးတို့ပါပဲ အရှင်"
ဆရာကြီး ကျန်းက တည်ငြိမ်ရင့်ကျက်စွာပင် ပြန်လည်လျှောက်တင်လိုက်သည်။ တစ်ကိုယ်လုံးဖြင့် နေမင်းကြီး၏အလင်းကို ကွယ်ပိတ်ကာ သူတို့အပေါ် ထာဝရအမှောင်ထု ချပြထား လေရာ သက်ရှိတစ်ပါးနှင့် စကားပြောနေရသည်ဟုပင် မထင်မှတ်ရချေ။
"ကျွန်တော်မျိုးတို့မြေးအဖိုးနှစ်ယောက် အပြင်ဘက်က ပြင်းထန်လှတဲ့ အဆိပ်မြူထုတွေနဲ့ သားရဲဘေးအန္တရာယ်မျိုးစုံကို ရင်ဆိုင်ကျော်ဖြတ်ပြီး အရှင်မြတ်ရဲ့ ရှေ့မှောက်ဆီကို ရောက်ရှိလာခဲ့ကြတာပါ"
"အဟက် ကလေးတစ်ယောက်ရယ်... သေခါနီး ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ရယ်ပေါ့ ဟုတ်လား"
ကိုးခေါင်းနဂါးမြွေနတ်ဘုရား၏ စကားလုံးများတွင် အမှောင်ယှက်သန်းနေသော လှောင်ပြုံးရိပ်များ စွက်ဖက်နေသည်။
"အော် နှစ်ပေါင်းလေးထောင်တောင် ကုန်လွန်သွားခဲ့ပါလား... မင်းတို့က ငါ့ရှေ့မှောက်ကို ဒီအတောအတွင်းပထမဦးဆုံး ရောက်လာတဲ့သူတွေပဲ။ အပြင်က ကမ္ဘာလောကကြီးကတော့ တကယ့်ကို သနားစရာကောင်းလောက်အောင် ပျက်စီးယိုယွင်းနေပြီ ထင်ပါရဲ့"
နှစ်ပေါင်းလေးထောင်...။
ဤသက်တမ်းသည် ရှောင်နန် ခန့်မှန်းခဲ့သည့် နှစ်ပေါင်းတစ်ထောင်ထက် သုံးထောင်မျှ ပိုမိုများပြားနေသည်။ ယခုကြုံတွေ့နေရသည့် အခြေအနေများနှင့် ယှဉ်လျှင် ဤအချက်က ဘာမှအရေးမပါလှသော်လည်း လျူကျင်းကမူ ထိုအချက်ကိုသာ စိတ်ထဲတွင် အသည်းအသန် ဆုပ်ကိုင်ထားမိသည်။ အဘယ်ကြောင့်ဆိုသော် ဤအရာမှတစ်ပါး အခြားသောအရာတစ်ခုခုအပေါ် စိတ်အာရုံ စုစည်းမိလိုက်သည်နှင့် သူ၏စိတ်အစဉ်မှာ ချက်ချင်းပင် လက်လွတ်စုတ်ပြတ်သွားမည်ကို သိနေ၍ ဖြစ်၏။
"အရှင်မြတ် မိန့်ကြားတာ မှန်လှပါတယ်ဘုရား။ အခု ကမ္ဘာလောကကြီးက အရှင်မြတ် သက်တော်ထင်ရှားရှိစဉ်တုန်းက အခြေအနေမျိုး မဟုတ်တော့ပါဘူး"
“သက်တော်ထင်ရှား …”
ထိုစကားလုံးတစ်လုံးတည်းက လျူကျင်း၏ စိတ်အစဉ်ကို အကြီးအကျယ် ဇဝေဇဝါဖြစ်သွားစေသဖြင့် သူ၏သွေးပျက်ထိတ်လန့်မှုအချို့ပင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားရသည်။
"နိုင်ငံအများအပြား ပျက်သုဉ်းသွားခဲ့ပါပီ ဂိုဏ်းကြီးတွေနဲ့မျိုးနွယ်စုကြီးအများအပြားလည်း ဘာမှမကျန်တော့ဘဲ အစအနဖျောက် ပျက်စီးသွားခဲ့ကြရပါတယ်။ အခုခေတ် ကျင့်ကြံသူတွေရဲ့ အဆင့်အတန်းကလည်း အတိတ်က ကျင့်ကြံသူတွေနဲ့ ယှဉ်ရင် ဘာမှအရာမသွင်းလောက်တော့တဲ့ အခြေအနေပါပဲ အရှင်မြတ်.."
"ဟက်ဟက်…သနားစရာကောင်းလှပေမဲ့ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ သဘောပါပဲ"
မဟာအရှင်သခင်ကြီးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း လှောင်ပြောင်လိုက်သည်။
"ငါ မကွယ်လွန်ခင် ကတည်းက ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြီးကြောင့် ဒီ လောကကြီးက အကြီးအကျယ် ပျက်စီးနှင့်နေပီပဲဟာ၊ ငါ့ ဂမ္ဘီရကျင့်စဉ်အမွေအနှစ်ကို လာဆက်ခံမယ့်သူကို ဒီနေရာမှာ ငါ စောင့်နေခဲ့တာ၊ အဟက် စောင့်ရတာ တော်တော်လေးတောင် ကြာ နေခဲ့ဘီ ဒါပေမယ့်လဲ..."
ကြယ်တာရာများအလား တောက်လောင်နေသည့် မျက်လုံးတစ်ဆယ့်ရှစ်လုံးမှာ ရုတ်ချည်း စူးစိုက်ကျဉ်းမြောင်းသွားတော့သည်။ ထိုစူးစိုက်ကြည့်မှုက လျူကျင်းထံသို့ မဟုတ်ဘဲ ဆရာကြီး ကျန်းထံသို့သာ ဦးတည်နေ၍သာ လျူကျင်းတစ်ယောက် သတိမလွတ်ဘဲ ရှိနေနိုင်ခြင်း ဖြစ်သည်၊ မဟုတ်ပါက ကြောက်သေး ကြောက်ချေးများထွက်ကျ လာမိူင်သဖြင့် သူ့အဝတ်အစားများ ညစ်ပတ်သွားနူိင်သည်။
သူ့ဆီသို့ တိုက်ရိုက်မကြည့်သောကြောင့်သာ ယခုထိ သူ မပေရေဘဲ သန့်ရှင်းနေခြင်း ဖြစ်၏။
"ငါ့မျက်လုံးတွေက မင်းရဲ့ ဝိညာဉ်ကို ထိုးဖောက်မြင်နိုင်တယ်ဆိုတာ သိတယ်မလား... သေခါနီး ကျင့်ကြံသူ …အင်း မင်းဝိညာဉ်ကို တစ်စစ တိုက်စားဖျက်ဆီးနေတဲ့ အဆိပ်အတောက် အရိပ်မည်းကြီးကို တောင် ငါ ကောင်းကောင်းမြင်နေရတယ် ကျွတ်ကျွတ် မင်းစွမ်းပကားတွေ ဘယ်လောက်တောင် ဆုတ်ယုတ်ကျဆင်းသွားခဲ့ရပြီလဲ…
ကဲပါလေ၊ ဘာပဲဖြစ်ဖြစ် မင်း ခံစားနေရတဲ့ ဒီဝေဒနာက အလွယ်တကူ ကုသပျောက်ကင်းနိုင်တဲ့အရာမျိုး မဟုတ်ဘူး။ ဒီတော့ မင်းလိုလူမျိုးဟာ ငါ့ရဲ့ ဂမ္ဘီရကျင့်စဉ်အမွေအနှစ်ကို ဆက်ခံဖို့ မထိုက်တန်ဘူး နားလည်လား.."
ဤသည်က ကိုးခေါင်းနဂါးမြွေနတ်ဘုရားကြီးမှ သူ့ဆရာဖြစ်သူ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ဒုတိယအကြိမ်မြောက် ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ဧကရာဇ်အဆင့် အထိ အထွတ်အထိပ် ရောက်ရှိထားသော ဆရာဖြစ်သူက အဘယ်ကြောင့် သေလုမျောပါး ဖြစ်နေရပါသနည်း။
သူတို့ စတင်ဆုံတွေ့စဉ်က ဆရာဖြစ်သူမှာ သေလုနီးပါး ဖြစ်နေခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။ သို့သော် ထိုစဉ်က လျူကျင်းကိုယ်တိုင် အသည်းအသန် ကယ်တင်ပေးခဲ့ကာ ပုံမှန်အတိုင်းသတိပြန်လည်နေခဲ့သည် မဟုတ်ပါလား။ ထို့ပြင် သူ့ဆရာဖြစ်သူသည် အပတ်စဉ်တိုင်း သူ၏ဖခင်ထံမှ ဆေးဝါးများနှင့် ကုသမှုများကို ပုံမှန်ခံယူနေခဲ့သည်ဖြစ်ရာ လျူကျင်း တယောက် ဘာကိုမျှ နားမလည်နိူင်တော့ပေ။
သူ့ဆရာကြီးသည် အဘယ်ကြောင့် သေလုမျောပါး အခြေအနေ ဖြစ်နေရသနည်း...။
"အရှင်မြတ် မိန့်ကြားချက်က မှန်ကန်လှပါတယ်ဘုရား။ ဒီအဖိုးကြီးဟာ အရှင်မြတ်ရဲ့ ကောင်းချီးအမွေအနှစ်ကို ဆက်ခံဖို့ မထိုက်တန်ပါဘူး။ အမှန်တော့ ကျွန်တော်မျိုးဟာ ကိုယ်တိုင်ဆက်ခံဖို့ မျှော်လင့်ချက်နဲ့ လာခဲ့တာမဟုတ်ဘဲ ကျွန်တော်မျိုးရဲ့ တပည့်ဖြစ်သူကို အရှင်မြတ်ရဲ့ ရှေ့မှောက် ဆက်သဖို့ လာခဲ့တာပါ။ သူကတော့ အရှင်မြတ်ရဲ့ ဂမ္ဘီရကျင့်စဉ်အမွေအနှစ်ကို ဆက်ခံဖို့ ထိုက်တန်တဲ့သူ ဖြစ်ပါတယ်"
ဆရာဖြစ်သူက သူ့ထံသို့ လက်ဟန်ခြေဟန်ဖြင့် အချက်ပြလိုက်သည်။ ထိုခဏမှာပင် ကြယ်တာရာပမာ တောက်လောင်နေသော မျက်လုံးတစ်ဆယ့်ရှစ်လုံးနှင့် ခေါင်းကိုးလုံးလုံးက လျူကျင်းထံသို့ ဝုန်းခနဲ လှည့်ပြောင်းစူးစိုက်လာကြရာ ကြောက်စိတ်ကြောင့် လျူကျင်းတစ်ကိုယ်လုံး ကျောက်ရုပ်ပမာ အေးခဲသွားရတော့သည်။
"ဒီကောင်လေးလား..."
ထို့နောက်တွင်တော့ ကိုးခေါင်းနဂါးမြွေနတ်ဘုရားကြီးသည် လျူကျင်းတစ်ယောက် ဘယ်လိုမှ ထင်မှတ်မထားသော အပြုအမူတစ်ခုကို ပြုလုပ်လိုက်လေသည်။
“ဟားးးး ဟားးးး ဟားးးး”
အလွန်တရာ ရီစရာ ဟာသတစ်ခုကိုကြားလိုက်ရသည့်အလား ဟားတိုက်၍ လှောင်ပြောင်ရယ်မော သံကြီး ထွက်လာသ ည်။
"အတွင်းအားစုစည်းခြင်း အဆင့် အဆင့်သာ ရှိသေးတဲ့ သူငယ်နှပ်စား လေးကများ... ငါ့ကျင့်စဉ်အမွေအနှစ်ကို ဆက်ခံမယ် ဟုတ်လား ဟားးးဟားး"
ခေါင်းကိုးလုံးလုံး မြွေနတ်ဘုရား၏ ဟားတိုက်ရယ်မောလိုက်သံကြီးသည် ဖောက်ထွက်ရပ်ဝန်းတစ်ခုလုံး ဟိန်းခနဲ ပဲ့တင်ထပ်သွားတော့သည်။
ကိုးခေါင်းနဂါးမြွေနတ်ဘုရားကြီးအတွက်မူ ဧကရာဇ်အဆင့် ရှိသော ကျင့်ကြံသူပင်လျှင် အရာသွင်းလောက်စရာ သိပ်မဟုတ်ချေ။ သို့ဖြစ်လေရာအတွင်းအားစုစည်းခြင်း အဆင့် အဆင့်မျှသာ ရှိသေးသော လျူကျင်းဆိုသည်မှာမူ မျက်စိထဲထည့်ရန်ပင်မတန်အောင် သေးနုပ်လွန်းလှသည့် မရှိပမာ သတ္တဝါငယ်လေးတစ်ခုသာ ဖြစ်ပေသည်။
"ငါ ကိုးခေါင်းနဂါးမြွေနတ်ဘုရား ဖြစ်လာကတည်းက ဒီလောက်ရယ်ရတဲ့ ပြက်လုံးမျိုး တစ်ခါမှမကြားဖူးဘူး။ ဒီပြက်လုံးတစ်ခုတည်းနဲ့တင် ငါ အိပ်ရေးပျက်ရကျိုး နပ်သွားပြီ ဟေ့ "
နတ်ဘုရားသားရဲကြီး၏ လှောင်ပြောင်မှုနှင့် ရိုက်ခတ်မှုများအပေါ် ဆရာကြီး ကျန်းတစ်ယောက် စိုးစဉ်းမျှ တုန်လှုပ်ခြောက်ခြားသွားပုံမရချေ။ ထိုမဟာသတ္တဝါကြီး၏ ရယ်မောသံလှိုင်းများကြောင့် သူတို့ပတ်ဝန်းကျင်ရှိ ရပ်ဝန်းထုကြီးတစ်ခုလုံး တရုန်းရုန်း လှုပ်ခတ်နေသော်လည်း ဆရာကြီး ကျန်းကမူ မမှိတ်မသုန် ပြတ်သားစွာဖြင့် ဆက်လက်လျှောက်တင်လိုက်သည်။
"ဒါပေမဲ့ အရှင်မြတ်... ဒီကလေးက အပြင်ဘက်က ပြင်းထန်လှတဲ့ အဆိပ်မြူထုတွေကိုတောင် သူ့ကိုယ်ပိုင်စွမ်းအားနဲ့ ရဲရဲဝံ့ဝံ့ ဖြတ်သန်းလာခဲ့တာကတော့ ငြင်းပယ်လို့မရတဲ့ အမှန်တရားပါပဲ..အရှင်မြတ်ကြည့်ပါ၊ အခုအချိန်မှာတောင်မှ ဒီရပ်ဝန်းထဲက အဆိပ်ငွေ့တွေကို ဘယ်သူ့အကူအညီမှမပါဘဲ ကိုယ့်အစွမ်းနဲ့ကိုယ် တောင့်ခံရင်ဆိုင်နိုင်ဆဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ... သူ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သက်သေပြခွင့်ရမယ့် အခွင့်အရေးလေးတစ်ခုတော့ ရထိုက်တယ်မဟုတ်ပါလား အရှင်…”
" ဟေ …မင်း သူ့ကို ကူညီမပေးပဲ သူ့ဘာသူ အဆိပ်မြူကိုတောင့်ခံနိူင်တာပေါ့လေ ဟုတ်လား"
ကိုးခေါင်းနဂါးမြွေနတ်ဘုရားကြီးသည် ယခုအကြိမ်တွင်မူ လျူကျင်းကို ပိုမိုစေ့စေ့စပ်စပ် စိုက်ကြည့်လိုက်တော့သည်။ ကနဦးကမူ ဤအဖိုးကြီးကပဲ အဆိပ်မြူထုကြားတွင် ကောင်ငယ်လေး မသေမပျောက်စေရန် အစွမ်းထုတ်၍ ကာကွယ်ပေးထားခြင်းဖြစ်မည်ဟု သူ ထင်မှတ်ခဲ့ခြင်း ဖြစ်၏။
သို့သော် ယခုအခါတွင်မူ ထိုကလေးငယ်သည် မိမိ၏ခန္ဓာကိုယ်ထဲမှ အဆိပ်အတောက်များကို ကိုယ်ပိုင်အသိစိတ်ဖြင့် အမြဲမပြတ် သန့်စင်မောင်းထုတ်နေသည်ကို နတ်ဘုရားကြီး ကွင်းကွင်းကွက်ကွက် မြင်လိုက်ရပြီဖြစ်သည်။
"ကူညီပေးဖို့ မလိုခဲ့ပါဘူးဘုရား။ ဒီကလေးက အတွင်းအားစုစည်းခြင်း အဆင့် အဆင့်မျှသာ ရှိသေးတဲ့ ကျင့်ကြံသူတစ်ဦး ဖြစ်ပေမဲ့ ဒီလောက်အဆင့်ရှိတဲ့ အဆိပ်မျိုးကိုတော့ သူ့အစွမ်းနဲ့သူ ကောင်းကောင်းကြီး တောင့်ခံကိုင်တွယ်နိုင်စွမ်း ရှိပါတယ်"
လက်ရှိ သူတို့ပတ်ဝန်းကျင်တွင် အလိပ်လိုက်အလိပ်လိုက် စုဆုံနေသော အဆိပ်ငွေ့များကို ဖြေဖျောက်ရခြင်းမှာ လျူကျင်းအတွက်တော့ အသေးအဖွဲ ကိစ္စတစ်ခုသာ ဖြစ်သည်ဟူသော လေသံမျိုးဖြင့် ဆရာကြီး ကျန်းက လျှောက်တင်လိုက်ခြင်း ဖြစ်သည်။
အတွင်းအားစုစည်းခြင်း အဆင့်အဆင့်မျှသာ ရှိသေးပြီး အားနွဲ့လှသော ကလေးငယ်တစ်ဦးအဆင့်နှင့်ပင် ဤမျှပြင်းထန်လှသော အဆိပ်မျိုးကို အေးအေးလူလူ ရင်ဆိုင်နိုင်နေလျှင်... နောင်တစ်ချိန် ကျင့်စဉ်အဆင့်တွေ ပိုမိုမြင့်မားလာသည့်အခါ သူ၏ အဆိပ်ဖြေစွမ်းရည်က မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းအောင် တိုးတက်ရင့်သန်လာဦးမည်နည်း။
ဆရာကြီး ကျန်းသည် ဤစကားလုံးများဖြင့် ကိုးခေါင်းနဂါးမြွေနတ်ဘုရားကြီး၏ စိတ်အစဉ်ကို လှုံ့ဆော်ကာ လျူကျင်း၏ အနာဂတ်အလားအလာကို သွယ်ဝိုက်၍ ပြသလိုက်ခြင်းပင် ဖြစ်တော့သည်။
"အမ်မာ... ဒီလိုကျ ဘယ်ဆိုးလို့လဲ၊ မင်းဆရာ ပြောတာလည်း ဟုတ်တုတ်တုတ်ပဲ ကောင်လေး၊ မင်း ငါ့ စမ်းသပ်မှုကို ခံယူခွင့်ရှိပါတယ်။ ဒါပေမဲ့ ဒီစမ်းသပ်မှုကို မင်း အသက်ဘေးက လွတ်အောင် ဖြတ်သန်းနိုင်လိမ့်မယ်လို့တော့ ငါ အာမမခံနိုင်ဘူး။ ငါထင်တာ ပြောရရင် မင်း ချက်ချင်းအသက်ပျောက်သွားဖို့က ရာခိုင်နှုန်း ပိုများတယ်။ ဒီလိုဆိုရင်တောင်... မင်း ဒီစမ်းသပ်မှုကို ခံယူချင်သေးရဲ့လား"
လျူကျင်းတစ်ယောက် ဘာကိုမျှ သဲသဲကွဲကွဲ နားမလည်နိုင်တော့ချေ။
ဂမ္ဘီရကျင့်စဉ်အမွေအနှစ်တွေ၊ စမ်းသပ်မှုတွေ ဆိုသည့် ပြောစကားများကို လျူကျင်းတစ်ယောက် နားမလည်နိုင်အောင် ဖြစ်ရသည်။ ကိုးခေါင်းနဂါးမြွေနတ်ဘုရားကြီး ကဲ့သို့သော မဟာသတ္တဝါကြီးတစ်ကောင် လောကတွင် မည်သို့တည်ရှိနေနိုင်သနည်းဆိုသည်ကို မဆိုထားနှင့်၊ ကွယ်လွန်ပြီးသား ဖြစ်နေသည်ဆိုခြင်းကိုပင် သူ ဘယ်လိုမှ တွေးမရချေ။
ထို့ပြင် မိမိ၏ဆရာက သေခါနီး ဖြစ်နေသည်ဟူသော အချက်ကိုလည်း သူ လုံးဝ သဘောမပေါက်နိုင်ပါ။ အရာရာတိုင်းက ရှုပ်ထွေးလွန်းလှသဖြင့် ငိုရခက်၊ ရယ်ရခက်နှင့် ဘာမျှမတွေးနိူင်တော့ချေ။
သို့သော်လည်း... ဆရာဖြစ်သူက သူ့ကို တစ်စုံတစ်ရာသော ရည်ရွယ်ချက်အကြောင်းရင်းကြောင့် ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်ကိုမူ လျူကျင်း အသေအချာ သိရှိနားလည်ထားသည်။ သူ ဤဂူကြီးထဲသို့ ခြေချမိလိုက်ကတည်းက မိမိ၏ ကံကြမ္မာကို ကိုယ်တိုင်ရွေးချယ်ခဲ့ပြီးသား ဖြစ်သည်။
မဟုတ်သေးပေ။.. ထိုထက်ပင် စောပါသေးသည်။ စင်စစ်ပြောရလျှင် ဆရာကြီး ကျန်း၏ တပည့်တစ်ဦးအဖြစ် ခံယူရန် ဆုံးဖြတ်ခဲ့သည့် အချိန်ကတည်းက လျူကျင်းတစ်ယောက် ဤ နက်နဲလှသည့် လမ်းခရီးကို လျှောက်လှမ်းရန် ရွေးချယ်ပြီးသား ဖြစ်နေခဲ့ချေပြီ။
လျူကျင်းသည် ထိုပြတ်သားသော သန္နိဋ္ဌာန်ကိုသာ စိတ်ထဲတွင် အသည်းအသန် ဆုပ်ကိုင်ထားမိတော့သည်။ ထိုသို့မှ မဟုတ်လျှင် ပတ်ဝန်းကျင်ရှိ ဖိအားကြီးကြောင့် သူ၏စိတ်အစဉ်မှာ ချက်ချင်းပင် စုတ်ပြတ်ကာ အဆုံးမဲ့ သောကပင်လယ်ထဲသို့ နစ်မြုပ်သွားပေလိမ့်မည်။
"ဒီစမ်းသပ်မှုကို ခံယူရမှာ ကျွန်တော်မျိုးအတွက်တော့အင်မတန် ဂုဏ်ယူစရာပါပဲ အရှင်"
လျူကျင်းသည် ဤစကားလုံးများကို ထွက်ပေါ်လာစေရန် သူ၏ခန္ဓာကိုယ်ထဲရှိ ကျန်ရှိသမျှသော သတ္တိဗျတ္တိ အစအနအားလုံးကို အတင်းအဓမ္မ ညှစ်ထုတ်လိုက်ရသည်။ သူကိုယ်သူ ဂုဏ်ယူထိုက်သည်မှာ တစ်ကိုယ်လုံး ချွေးစီးများ တရွှဲရွှဲထွက်နေကာ သွေးပျက်နေကြောင်း အထင်အရှား ပြသနေသော်လည်း ထွက်ပေါ်လာသော အသံမှာမူ အနည်းငယ်မျှသာ တုန်ယင်နေခဲ့ခြင်း ဖြစ်၏။
"ကောင်းပြီ ကောင်လေး... ဒါ မင်း ကိုယ်တိုင် ရွေးချယ်ခဲ့တာပဲ။ မင်း ငါ့ရဲ့ စမ်းသပ်မှုကို ခံယူရမယ်။ နောင် သုံးနှစ်တာ ကာလပတ်လုံး... မင်း ငါ့ရဲ့ နတ်ဘုရားတံဆိပ်တော် ကို ရင်ဝယ်ပိုက်ပြီး အသက်ဆက်ရလိမ့်မယ်။ တကယ်လို့ အဲ့အချိန်ထိ မင်း အသက်ရှင်ကျန်ရစ်ခဲ့မယ်ဆိုရင်တော့ ငါ့ ဂမ္ဘီရကျင့်စဉ်အမွေအနှစ်အားလုံးကို မင်း စိတ်ကြိုက် ယူပေတော့"
“အမလေး သုံးနှစ်... ဟုတ်လား”
လျူကျင်းအနေဖြင့် စိတ်ထဲမှ မေးလိုက်သော်လည်း အံ့ဩမှုကြောင့်ထိုမေးခွန်းသည် ပါးစပ်မှ ထွက်မလာတော့ချေ။ သို့ဖြစ်ရာ သူ ဘာတစ်ခုမျှ ပြန်လည်မေးမြန်းခွင့် မရလိုက်ချေ။ ထိုအချက်အလက်ကို ဦးနှောက်က ကောင်းကောင်း သဘောမပေါက်နိုင်သေးခင်မှာပင် သူ၏ ဝမ်းဗိုက်အတွင်းပိုင်း၌ ရုတ်ချည်းဆိုသလို ပြင်းထန်လှသော ဝေဒနာဆိုးကြီးက ပွင့်အံထွက်ပေါ်လာတော့သည်။
ကင်းပူတိုက်ထားသော သံပူတုံးကြီးဖြင့် သူ၏ဝမ်းဗိုက်အတွင်းပိုင်း အူကမ္ဘာတစ်ခုလုံးကို အပိုင်းပိုင်းအစစ မီးဟုန်းဟုန်းတောက် ကလီစာတိုက်စား ဖြတ်တောက်နေသကဲ့သို့ပင် ခံစားလိုက်ရ၏။ ဤသည်က သူ့ တစ်သက်တာတွင် တစ်ခါမျှ မကြုံဖူးသေးသည့် အဆိုးဝါးဆုံးသော နာကျင်ခြင်း ဝေဒနာကြီး ဖြစ်သည်။
လျူကျင်းသည် မခံမရပ်နိူင်လွန်းသဖြင့် အသံဗြဲကြီးဖြင့် ဟစ်အော်ငိုကြွေးမိတော့သည်။ ထိုပြင်းထန်လှသော နာကျင်မှုဒဏ်ကြောင့် အာရုံများ လွင့်ပြယ်နေသဖြင့် သူ၏ရှေ့မှောက်သို့ ပိုမိုကြီးမားသော ဘေးအန္တရာယ်ကြီးတစ်ခု ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာနေသည်ကိုပင် သူ သတိမထားမိတော့ချေ။
အဆိပ်...။
၎င်းက ယခင်က သူကြုံတွေ့ခံစားဖူးသမျှ အဆိပ်အားလုံးထက် ပိုမိုပြင်းထန်လှပြီး အာနိသင် ထက်မြက်လွန်းလှသည်။ ဂူအပြင်ဘက်က အဆိပ်မြူထုကြီးဆိုသည်မှာ ယခု သူ့ခန္ဓာကိုယ်ထဲတွင် သောင်းကျန်းပုန်ကန်နေသည့် အဆိပ်ဆိုးကြီးနှင့် ယှဉ်လျှင် ကလေးကစားစရာမျှသာ ရှိတော့သည်။
ဆိုးဝါးလှသော ဝေဒနာကြောင့် လျူကျင်းတစ်ယောက် မြေပြင်ပေါ်သို့ ခွေခနဲ လဲကျသွားရင်း ပါးစပ်တွင်းမှ သွေးမည်းများ ပန်းထွက်လာခဲ့ရ၏။ သူ ဤအဆိပ်ကို ဘယ်လိုမှ တားဆီးဆန့်ကျင်၍ မရနိုင်တော့ချေ။ အဆိပ်ရည်များက ခြေဖျားမှသည် ဦးခေါင်းထိပ်အထိ ခန္ဓာကိုယ်အနှံ့အပြားသို့ စိမ့်ဝင်ပျံ့နှံ့သွားခဲ့လေပြီ။
သူ၏ ကလီစာ အစိတ်အပိုင်းတိုင်းသည် ရေနွေးပူပူတွင် ပြုတ်ခြင်းခံနေရသကဲ့သို့ တဆတ်ဆတ်တုန်ကာ တစ်စစီ စုတ်ပြဲရင်းကွဲကွဲအပြားပြား ဖြစ်နေသည်ဟု ခံစားနေရတော့သည်။
"မဖြစ်ဘူး...ငါ.. ငါ မသေရဘူး..."
လျူကျင်းသည် သူ၏ သေးငယ်သော လက်သီးဆုပ်လေးဖြင့် မြေပြင်ကို အသားကုန် ရိုက်ချလိုက်သည်။ သူ ဤနေရာတွင် အလဟဿ အသက်မပျောက်နိုင်ပါ။ ဤလို ပုံစံမျိုးနှင့်တော့ လုံးဝ အရှုံးမပေးနိုင်ချေ။ အကယ်၍သာ သူ ယခု သေဆုံးသွားခဲ့မည်ဆိုလျှင် ယခင်က သူ ကြိုးစားအားထုတ်ခဲ့သမျှ အရာအားလုံးက ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။
လွန်ခဲ့သော တစ်နှစ်တာပတ်လုံး ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ခါးစည်းခံပြီး သန့်စင်ဖယ်ရှားခဲ့ရတာတွေကကော အဘယ်အတွက်နည်း...။ ဆရာကြီး ကျန်းအနေဖြင့်လည်း သူ့ကို အောင်မြင်နိုင်စွမ်း ရှိလိမ့်မည်ဟု မယုံကြည်ပါက ဤကြောက်မက်ဖွယ်ကောင်းသော နေရာသို့ ဘယ်သောအခါမှ ခေါ်ဆောင်လာခဲ့မည် မဟုတ်ချေ။
လျူကျင်းသည် မခံမရပ်နိုင်လောက်အောင် ပြင်းထန်လှသော နာကျင်ခြင်း ဝေဒနာဆိုးကြီးကို အံတုအံကြိတ်ရင်း ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို မောင်းထုတ်ပစ်ရန် သူ၏စိတ်အာရုံကို နှစ်ဆတိုး၍ အပြင်းအထန် စုစည်းလိုက်တော့သည်။
သို့သော်လည်း... သိပ်မကြာခင်မှာပဲ သူ၏ အသက်ရှင်သန်ရေးလမ်းခရီးတွင် အကြီးမားဆုံးဖြစ်လာမည့် အဟန့်အတား အတားအဆီးကြီးတစ်ခုကို သူ ရိပ်မိသွားခဲ့လေတော့သည်။
အဆိပ် များသည်သူ့ ကျင့်စဉ်အရှိန်အဝါ ချီစွမ်းအင် များထဲအထိ စီးဝင်နှောယှက်သွားခဲ့ခြင်း ဖြစ်သည်။
အဆိပ်သည် ခန္ဓာကိုယ်အတွင်းရှိ သွေးကြောကွန်ရက် များမှတစ်ဆင့် ခန္ဓာကိုယ်အစိတ်အပိုင်း ကလီစာအားလုံးဆီသို့ တစ်ပြိုင်နက်တည်း ထိုးဖောက်ပျံ့နှံ့သွားတော့သည်။ လျူကျင်းအနေဖြင့် ခန္ဓာကိုယ်ထဲက အဆိပ်အမြောက်အမြားကို အသည်းအသန် မောင်းထုတ်ပစ်နေသော်လည်း အခြေအနေက ဘာမှထူးခြားမလာချေ။
ပိုမိုပြင်းထန်လှသော အဆိပ်ရည်အသစ်များက သူ့ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် တိုးဝင်ထိုးစိုက်နေဆဲ ဖြစ်သည်။ ဤအဆိပ်ရည်များကို သူ ဘယ်လိုမှ သန့်စင်ဖယ်ရှား၍ မရနိုင်တော့ပါ၊
အဘယ်ကြောင့်ဆိုသော် ထိုအဆိပ်များ ထွက်ပေါ်လာသည့် အရင်းအမြစ်ကို သူ အတိုင်းသားသိနေသည်။
ထိုအဆိပ်ရည်ဆိုးကြီးသည် အခြားနေရာမှ ထွက်လာခြင်းမဟုတ်၊ သူ့ဝမ်းဗိုက်အတွင်းပိုင်းထဲမှ ဒလဟော ထွက်ပေါ်နေခြင်း ဖြစ်သည်။
သူ၏ လက်ချောင်းများဖြင့် ဝမ်းဗိုက်သားကို စမ်းသပ်ကြည့်လိုက်သည်။ အပြင်ပန်းတွင် ဘာမှမရှိသော်လည်း မီးဟုန်းဟုန်းတောက်သလို ပူလောင်လှသော ခံစားချက်ကြီးကို လျူကျင်း အတိုင်းသား ခံစားနေရဆဲပင် ဖြစ်သည်။
အကြောင်းအရင်းကား က အခြားမဟုတ်၊ ကိုးခေါင်းနဂါးမြွေနတ်ဘုရားကြီး ခတ်နှိပ်လိုက်သည့် နတ်ဘုရားတံဆိပ်တော် ကြောင့်ပင် ဖြစ်တော့သည်။
ထိုတံဆိပ်တော်ကပင် သူ့ခန္ဓာကိုယ်ထဲသို့ အဆိပ်ရည်များကို အဆက်မပြတ် သွေးထဲသားထဲအထိ ထိုးသွင်းမောင်းနှင်နေခြင်း ဖြစ်၏။ ထို့ကြောင့် လျူကျင်းအနေဖြင့် ခန္ဓာကိုယ်ထဲက အဆိပ်ကို မည်မျှပင် မောင်းထုတ်ပစ်ပါစေ အကျိုးမထူးလှချေ။
အဘယ်ကြောင့်ဆိုသော် တံဆိပ်တော်က သူ့အတွင်းပိုင်းတွင် အဆိပ်သစ်များကို ပိုမိုမြန်ဆန်စွာ ထပ်မံဖန်တီးပေးနေ၍ ဖြစ်သည်။ ဤဘေးအန္တရာယ်ဆိုးကြီးကို ကျော်လွှားနိုင်ရန်အတွက် လျူကျင်းအနေဖြင့် ထိုတံဆိပ်တော်က တစ်စက္ကန့်အတွင်း ထုတ်လုပ်ပေးနေသည့် အဆိပ်ပမာဏထက် ပိုမိုများပြားသော အဆိပ်များကို ခန္ဓာကိုယ်ထဲကနေ အဆမတန် ပိုမိုမြန်ဆန်စွာ မောင်းထုတ်ပစ်နိုင်စွမ်း ရှိရပေလိမ့်မည်။
သူ မလုပ်နိုင်ချေ။
ထိုအေးစက်လှသော လက်တွေ့အမှန်တရားကြောင့် သူ တစ်ချက်မျှ စိတ်ဓာတ်ကျ သွေးပျက်သွားရသည်။ ဤမျှလောက် များပြားလှသော အဆိပ်ပမာဏကို အဆက်မပြတ် နှင်ထုတ်ပစ်ရန် သူ၏စွမ်းဆောင်ရည်က မမီနိုင်ပါ။
အမှန်ပြောရလျှင် လျူကျင်းသည် အသက်တစ်ချက် ရှူသွင်းလိုက်တိုင်း အခြေအနေက ပိုမိုဆိုးဝါးလာပြီး အဆိပ်ရှိန်အောက်တွင် တဖြည်းဖြည်း နစ်မွန်းလာရုံသာ ရှိသည်။ နတ်ဘုရားတံဆိပ်တော်က အားယုတ်လျော့သွားမည့် အရိပ်အယောင် စိုးစဉ်းမျှမရှိသော်လည်း လျူကျင်း၏ ကိုယ်ခန္ဓာကမူ တစ်ချိန်ချိန်တွင် အားအင်ကုန်ခမ်း သွားရပေလိမ့်မည်။
ထိုအချိန်ကျလျှင်တော့ သူ ဧကန်မုချ သေလူဖြစ်ရတော့မည်။
“ငါ ဒီအဆိပ်စီးကြောင်းကိုသာ ပိတ်ထားလိုက်နိူင်ရင် နည်းနည်းသက်သာမယ်ထင်တယ်..သောက်ကျိုးနည်းအဆိပ်တွေကွာ…”
လျူကျင်းသည် ထိုအဆိပ်ရည်ဆိုးကြီးကို စိတ်ထဲကနေ ကျိန်ဆဲနေမိသည်။ အကယ်၍သာ ဤအဆိပ်က သွေးကြောထဲ စီးဝင်နေခြင်းမျိုးဆိုလျှင် သွေးလွှတ်ကြော တစ်ခုခုကို ဓားဖြင့်လှီးဖြတ်ကာ တစ်ကိုယ်လုံးက သွေးတွေကို ကုန်စင်လုနီးပါး ထုတ်ပစ်လိုက်ပြီး သူ့ ချီစွမ်းအင် အားကိုးဖြင့် ခန္ဓာကိုယ်ကို ဆက်လက်အသက်ဆက်ထား၍ ရနိုင်သေးသည်။
သို့သော်လည်း လက်တွေ့တွင်မူ ဤအဆိပ်ရည်ဆိုးကြီးက သူ၏ ချီစွမ်းအင် များထဲအထိ စီးဝင်နှောယှက်နေခြင်း ကြောင့် အခက်တွေ့နေရသည်။..
ထိုခဏမှာပဲ... လျူကျင်း၏ ဦးနှောက်ထဲတွင် ဉာဏ်အလင်းတစ်ချက် လျှပ်စီးလက်သကဲ့သို့ လက်ခနဲ ပေါ်လာခဲ့သည်။
သူ့လက်များသည် သူ့ ဆရာဖြစ်သူ ပေးသနားခဲ့သည့် လက်ဆောင်မွန်ဖြစ်သော အပ်စိုက်အပ် များဆီသို့ ချက်ချင်းပင် လှမ်းကိုင်လိုက်မိတော့သည်။ သူ၏ ဦးနှောက်ထဲတွင် နည်းလမ်းတစ်ခုက ပုံဖော်လာခဲ့ပြီ ဖြစ်၏။
ဤအစီအစဉ်၏ အောင်မြင်နိုင်ခြေမှာ အလွန်ဆုံးရှိလှ ခုနစ်ရာခိုင်နှုန်းမျှသာ ရှိပေလိမ့်မည်။ မဟုတ်သေးပါ... ဤသို့ တွေးခြင်းကပင် အကောင်းမြင်လွန်းရာ ရောက်နေသေးသည်။ သို့သော်လည်း ယခုအချိန်တွင် လျူကျင်း၌ ဤနည်းလမ်းတစ်ခုတည်းသာ ရှိတော့သည်။ အခြားသော နည်းလမ်းကို ရွေးချယ်မည်ဆိုပါက ဆိုးဝါးလှသော ဝေဒနာနှင့်အတူ သေခြင်းတရားကို လက်ခံလိုက်ရုံမျှသာ ရှိပေတော့မည်။
လျူကျင်းသည် ယခင်က ဤကဲ့သို့သောအရာမျိုးကို တစ်ခါမျှ မလုပ်ဖူးခဲ့သော်လည်း ယင်း၏ သဘောတရားအယူအဆ ကိုမူ ကောင်းကောင်းကြီး နားလည်ထားပြီး ဖြစ်သည်။ ယခုအချိန်သည် ဆရာကြီး ကျန်း သင်ကြားပြသပေးခဲ့သော သင်ခန်းစာများကို လက်တွေ့အကောင်အထည်ဖော်ရမည့် အချိန်ပင် ဖြစ်တော့သည်။
လျူကျင်းသည် တုန်ယင်ခြင်းမရှိဘဲ တည်ငြိမ်လှသော လက်အစုံဖြင့် အပ်တစ်ချောင်းကို မိမိကိုယ်ကိုယ် ထိုးစိုက်လိုက်သည်။ ထို့နောက် နောက်ထပ်တစ်ချောင်း၊ ပြီးတော့ နောက်ထပ်တစ်ချောင်း...။ အပ်တစ်ချောင်းချင်းစီ ခန္ဓာကိုယ် အရေပြားပေါ်သို့ မထိကပ်မီတိုင်း လျူကျင်းသည် မိမိ၏ ယိုင်နဲ့နဲ့ ချီစွမ်းအင်ဖြင့် အပ်ကို အရင်ဦးဆုံး အုပ်မိုးမွမ်းမံလိုက်သေးသည်။ အခြေအနေအရ ကြည့်မည်ဆိုလျှင် ဤသို့ပြုလုပ်ခြင်းက မလိုအပ်လှချေ။
အဘယ်ကြောင့်ဆိုသော် ဤအပ်များကို မြေကမ္ဘာစွမ်းအားရှင်အဆင့် အဆင့်ရှိ နဂါးသားရဲတစ်ကောင်၏ အရိုးဖြင့် ပြုလုပ်ထားခြင်းကြောင့် ဖြစ်သည်။ လျူကျင်း၏ ချီစွမ်းအင်မှ ဖြည့်စွက်ပေးနိုင်မည့် အကျိုးအာနိသင်ဟူ၍ ရှိခဲ့လျှင်ပင် နဂါးရိုးအပ်၏ စွမ်းပကားနှင့်ယှဉ်ပါက အလွန်တရာ သေးနုပ်လွန်းလှပေသည်။
သို့သော်ငြားလည်း ယခုကဲ့သို့သော အသက်လုပွဲတွင် ရေနစ်သူ ကောက်ရိုးတမျှင်လှမ်းဆွဲသကဲ့သို့ ပင်ဖြစ်သည်။ ဤအပြုအမူက အောင်မြင်နိုင်ခြေကို တစ်ထောင်ပုံ တစ်ပုံရာခိုင်နှုန်းမျှ ပိုမိုတိုးတက်စေမည်ဆိုလျှင်ပင် လျူကျင်းအနေဖြင့် မဖြစ်မနေ ပြုလုပ်သွားမည်သာ ဖြစ်သည်။
လျူကျင်းသည် အပ်တစ်ချောင်းကို စတင်အသုံးပြုလိုက် သည်။
ထို့နောက် ကိုးချောင်း...
ထို့နောက် ဆယ့်ရှစ်ချောင်း...။
အဆုံးသတ်တွင်မူ လျူကျင်း၏ ခန္ဓာကိုယ်ပေါ်၌ စိုက်ထူထားသော အပ်စိုက်မှတ် ပေါင်း နှစ်ဆယ့်ခုနစ်ချောင်းအထိ ရှိသွားခဲ့လေပြီ။
ခပ်မှိန်မှိန် အပြုံးတစ်ခုက လျူကျင်း၏ မျက်နှာပေါ်တွင် တရွေ့ရွေ့ ပုံဖော်လာတော့သည်။ သူ၏ ခန္ဓာကိုယ်နှင့် အသက်ဓာတ် ချီစွမ်းအား အတွင်း၌ အကောင်းဘက်သို့ဖြစ်ပေါ်လာသော အလှည့်အပြောင်းကို သူ အတိုင်းသား ခံစားလိုက်ရပြီ ဖြစ်၏။
အဆိပ်ရည်များက သူ၏ ချီစွမ်းအင်မှတစ်ဆင့် ပျံ့နှံ့နေခြင်းဖြစ်ရာ လျူကျင်း လုပ်ဆောင်ရန် လိုအပ်သည်မှာ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအား စီးဆင်းလှည့်ပတ်ပုံ လမ်းကြောင်းကို ပြောင်းလဲပစ်ရန်သာ ဖြစ်တော့သည်။
လျူကျင်းတစ်ယောက် ဆရာကြီး ကျန်း၏ တပည့်မဖြစ်လာမီ၊ ရက်သတ္တပတ်ကတည်းက သူ့ဆရာဖြစ်သူသည် လျူကျင်း၏ သွေးကြောကွန်ရက် အချို့ကို ဖွင့်လှစ်ခြင်း၊ ပိတ်ဆို့ခြင်းများ ပြုလုပ်ကာ သူ၏ ချီ စီးဆင်းမှုကို ပြောင်းလဲပေးခဲ့ဖူးသည်။
သို့သော်လည်း လျူကျင်းအနေဖြင့် ဤမျှလောက်အထိ ကြီးမားဆန်းကြယ်လှသော အတတ်ပညာမျိုးကို လုပ်ဆောင်နိုင်ရန် ကျွမ်းကျင်မှုပိုင်း လိုအပ်နေသေးဆဲ ဖြစ်၏။
သူတစ်ပါး၏ သွေးကြောကွန်ရက် များကို စိတ်အလိုရှိတိုင်း ဖွင့်လှစ်ပိတ်ဆို့နိုင်ခြင်း ဆိုသည်မှာ ယခုလက်ရှိ လျူကျင်း၏ စွမ်းဆောင်ရည်ထက် အဆမတန် ကျော်လွန်လွန်းနေသေးသည်။
သို့သော်ငြားလည်း သူ့ ကိုယ်ပိုင်ခန္ဓာကိုယ်တွင် ပြုလုပ်ခြင်းဖြစ်ပါက အခြေအနေက တစ်မျိုးတစ်ဖုံ ကွဲပြားခြားနားသွားပေလိမ့်မည်။
လျူကျင်းသည် သူ့ ခန္ဓာကိုယ်အကြောင်းကို ကောင်းကောင်းသိသည်။ ချီ စွမ်းအင်များ မည်သို့စီးဆင်းလှည့်ပတ်နေသည်ကိုလည်း ကွင်းကွင်းကွက်ကွက် နားလည်ထားသည်။
မိမိ၏ သွေးကြောကွန်ရက် များကို သူအလိုရှိသလို အကြော ဖွင့်သည်အထိ သူ စွမ်းဆောင်နိုင်ခြင်း မရှိသေးသော်လည်း ၎င်းတို့ကို ပိတ်ဆို့တားဆီးရန်မှာမူ ထိုမျှလောက်အထိ ခက်ခဲလွန်းလှသည်မဟုတ်ချေ။
အထူးသဖြင့် ဤနဂါးရိုးအပ်များကို အသုံးပြု၍ ပိတ်ဆို့ခြင်းဖြစ်ပါက ပို၍ပင် လွယ်ကူလှပေသေးသည်။ သွေးကြောကွန်ရက် အချို့ကို ပိတ်ဆို့လိုက်ခြင်းဖြင့် လျူကျင်းသည် ခန္ဓာကိုယ်အတွင်းရှိ ချီ စီးဆင်းလှည့်ပတ်ပုံ လမ်းကြောင်းကို အောင်မြင်စွာ ပြောင်းလဲပစ်လိုက်နိုင်သည်။
ချီ စီးဆင်းပုံလမ်းကြောင်း ပြောင်းလဲသွားသည်နှင့်အမျှ ၎င်းနှင့်အတူ ကပ်ပါလာသော အဆိပ်ရည်များ၏ စီးဆင်းမှုလမ်းကြောင်းသည်လည်း လိုက်ပါပြောင်းလဲသွားခဲ့ရတော့သည်။
ဤနည်းလမ်းဖြင့် လျူကျင်းသည် ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေသော အဆိပ်ရည်အများစုကို ခန္ဓာကိုယ်၏ တိကျသော နေရာတခုသို့ ဦးတည်စီးဆင်းသွားစေရန် လမ်းကြောင်းလွှဲလိုက်ပြီး ထိုအဆိပ်များ အခြားနေရာများသို့ ထပ်မံမပျံ့နှံ့နိုင်မီမှာတင် တစ်ပါတည်း သန့်စင်မောင်းထုတ်ပစ်လိုက်နိုင်တော့သည်။
"ဟူး…...ရှင်ဘီ "
လျူကျင်းသည် တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။ မြေပြင်ပေါ်တွင် ဒူးထောက်ခွေလိပ်လဲကျနေသော သူ၏ ပုံစံမှာ သနားစရာကောင်းလောက်အောင်ပင် စုတ်ပြတ်သတ်နေခဲ့ပြီ ဖြစ်၏။
အဝတ်အစားများမှာလည်း ဖရိုဖရဲနှင့် ပျက်စီးနေခဲ့ပြီဖြစ်သလို တစ်ကိုယ်လုံးရှိ ကြွက်သားများကလည်း နာကျင်လွန်းလှသဖြင့် အော်ဟစ်ညည်းတွားနေကြရသည်။
အသက်တစ်ချက် ရှူသွင်းလိုက်တိုင်းပင် အသည်းခိုက်အောင် နာကျင်နေရပြီး ပါးစပ်တွင်း၌လည်း ညှီစို့စို့ ကြေးနီနံ့များ ဖြင့် ပြည့်နှံနေခဲ့ပြီ ဖြစ်သည်။
သို့သော်ငြားလည်း သူ၏ မျက်နှာထက်တွင်မူ အောင်နိုင်သူတစ်ဦး၏ ပြုံးယောင်သန်းမှုတစ်ခုက ထင်ဟပ်လျက် ရှိနေတော့သည်။
သေချာပေါက် အဆိပ်ရည်များကတော့ ခန္ဓာကိုယ်ထဲတွင် ရှိနေဆဲပင်ဖြစ်သည်။ နတ်ဘုရားတံဆိပ်တော် ကလည်း အဆိပ်များကို အဆက်မပြတ် ထုတ်လွှတ်နေဆဲ ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင်မူ အသက်ဘေးအန္တရာယ်ကို ကောင်းကောင်းကြီး တားဆီးထိန်းချုပ်နိုင်သော အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
လျူကျင်းအနေဖြင့် ထိုတံဆိပ်တော်၏ စွမ်းပကားများ ကုန်ဆုံးသွားသည့်တိုင်အောင် ယခုအတိုင်းသာ ဆက်လက်ထိန်းထားရန် လိုအပ်တော့သည်။
"အမ်မာ ဘယ်ဆိုးလို့လဲ..."
ကိုးခေါင်းနဂါးမြွေနတ်ဘုရားကြီးက မမျှော်လင့်ထားဟန် ချီးကျူးစကား ဆိုလိုက်သည်။
"အတွင်းအားစုစည်းခြင်း အဆင့် အဆင့်ပဲ ရှိသေးတဲ့ သာမန်ကလေးတစ်ယောက်က ငါ့ တံဆိပ်တော်ကို ခံယူပြီးတာတောင် ချက်ချင်းမသေပဲ တစ်နာရီလောက်ထိ တောင့်ခံနိုင်တယ်ဆိုတော့...အဟက် မင်း ငါ့ရှေ့မှောက်ကို ရောက်လာနိုင်တာ ကံသက်သက်ကြောင့်တော့ မဟုတ်ဘူးပဲ။ တော်တယ်ကွာ၊ သွားတော့ဟေ့ နောင်သုံးနှစ်တာ ကာလပတ်လုံး အသက်ရှင်အောင် ရုန်းကန်ပြီး ငါ့ရှေ့မှောက်ကို တစ်ခေါက်ပြန်လာခဲ့စမ်း ၊ကြားလား ကောင်လေး"
ထိုစကားလုံးများက လျူကျင်း၏ မျက်နှာပေါ်က အပြုံးရိပ်များကို ရုတ်ချည်း ရိုက်ချဖျက်ဆီးပစ်လိုက်သကဲ့သို့ ရှိတော့သည်။
မှန်ပေသည်။
ကိုးခေါင်းနဂါးမြွေနတ်ဘုရားကြီးသည် ကနဦးကတည်းက ပင် ဤသို့ မိန့်ကြားခဲ့ဖူးသည်မဟုတ်ပါလား။
သုံးနှစ်တာ ကာလပတ်လုံး... တဲ့။
ယခုအချိန်တွင် အသက်တစ်ချက် ရှူသွင်းရှူထုတ်လိုက်တိုင်းပင် အဆမတန် နာကျင်နေရဆဲ ဖြစ်သည်။ လျူကျင်းအနေဖြင့် အဆိပ်ရည်ဆိုးကြီးကို ထိန်းချုပ် နိုင်ခဲ့ပြီ ဆိုသော်ငြားလည်း စက္ကန့်ပိုင်းမျှ သတိလက်လွတ်ဖြစ်သွားသည်နှင့် တစ်ပါတည်း အသက်ပျောက်သွားနိုင်ချေ ရှိသည်။ လက်ရှိ လျူကျင်း၏ အခြေအနေအရဆိုလျှင် အိပ်စက်အနားယူခြင်းကပင် အသက်အန္တရာယ်နှင့် လောင်းကြေးထပ်ရလောက်အောင် ကြီးမားလွန်းလှသည့် စွန့်စားမှုတစ်ခု ဖြစ်နေပေတော့မည်။
ရုတ်တရက် …။
“ဝုန်းးး…”
လျူကျင်းတစ်ယောက် ဝမ်းနည်းရမလို၊ ဝမ်းသာရမလိုနှင့် ငိုအားထက်ရယ်အားသန် ဖြစ်နေစဉ်မှာပဲ သူနှင့် သူ့ဆရာဖြစ်သူတို့သည် ရုတ်ချည်းဆိုသလို ဂူကြီး၏ အပြင်ဘက်သို့ ပြန်လည်ရောက်ရှိသွားခဲ့ကြရသည်။
ကိုးခေါင်းနဂါးမြွေနတ်ဘုရားကြီးသည် သုံးနှစ်တာကာလ မပြည့်မချင်း နောက်ထပ်တစ်ကြိမ် ပြန်မလာရန် သူတို့ဆရာတပည့်နှစ်ယောက်ကို သူ့ ကိုယ်ပိုင်ကမ္ဘာပြင်ပရပ်ဝန်း ထဲမှ နှင်ထုတ်ပစ်လိုက်ခြင်းပင် ဖြစ်တော့သည်။
သုံးနှစ်...။
သူသည် ဤကဲ့သို့သော ငရဲဆိုးကြီးထဲတွင် သုံးနှစ်တိုင်တိုင် အသက်ရှင်အောင် ရုန်းကန်သွားရပေဦးမည်။