အခန်း ၁၃
Vol. 2 Ch. 13
အခန်း ၁၃။ ခရီးကြမ်း၏ ခြေလှမ်းအစ..။
ခြေလှမ်းတိုင်းသည် နာကျင်မှု..။
အသက်ရှူချက်တိုင်းသည် ဝေဒနာတစ်ခု…။
စက္ကန့်တိုင်းသည် ငရဲဆိုးအသစ်တစ်ခု…။
လျူကျင်းတစ်ယောက် သူ့ကိုယ်သူ မည်သည့်အရပ်ဒေသသို့ ရောက်ရှိနေသည်ကိုပင် ကောင်းကောင်း သတိမမူမိတော့ချေ။ သူသည် အဆိပ်စွယ်ချိုင့်ဝှမ်းကြီး ထဲတွင်ပဲ ရှိနေသေးသည် လော။ သို့မဟုတ် သူနေထိုင်ရာအရှေ့ဘက်ဆိပ်ကမ်းမြို့ နှင့် နီးကပ်နေပြီလော သူ ဘာကိုမျှ မခွဲခြားနိုင်တော့ပေ။
ယခုအချိန်တွင် သူ ကောင်းကောင်းကြီး မြင်တွေ့နေရသည့် တစ်ခုတည်းသောအရာမှာသူ့အ ရှေ့မှ လျှောက်လှမ်းနေသော ဆရာဖြစ်သူ၏ ကျောပြင်ကြီးသာ ဖြစ်သည်။
ထိုကျောပြင်ကြီးနောက်သို့သာ ထပ်ကြပ်မကွာ လိုက်ပါသွားနိုင်လျှင် အရာအားလုံး အဆင်ပြေသွားလိမ့်မည်ဟု သူ ယုံကြည်နေမိသည်။
ဤသို့မှမဟုတ်ဘဲ ခြေလှမ်း တလှမ်း သတိလက်လွတ်ဖြစ်သွားပါက သေခြင်းတရားကသာ စောင့်ကြိုနေမည်ဖြစ်သည်။ဤကဲ့သို့ သေဆုံးသွားဖို့ရာမူ သူ လုံးဝအဖြစ်မခံနိုင်ချေ။
လျူကျင်းသည် ဤလောကကြီးထဲတွင် နွေဦးကိုးကြိမ် မျှသာ မြင်တွေ့ဖူးသေးသည့် ကိုးနှစ်အရွယ်ကောင်ငယ်လေးသာ ဖြစ်သည်။ နောင်အနာဂတ်တွင်လည်း ထိုထက်မကသော နွေဦးပေါင်းများစွာကို ဆက်လက်မြင်တွေ့ချင်သေးသည်။ ထို့ကြောင့်ပင် သူသည် ဆရာဖြစ်သူ၏ နောက်မှ သတိကပ်ကာ တရွေ့ရွေ့ လိုက်ပါနေမိတော့သည်။
ခြေတစ်လှမ်းချင်းစီ...။
အသက်ရှူချက်တစ်ချက်ချင်းစီ...။
စက္ကန့်တစ်ချက်ချင်းစီ...။
ထိုသို့ ခက်ခဲပင်ပန်းစွာ လျှောက်လှမ်းနေရင်းဖြင့်ပင် သူ၏ တည်ရှိမှုတစ်ခုလုံးကို ပိုမိုအရေးကြီးလှသည့် တာဝန်တစ်ရပ်ပေါ်သို့သာ အပြည့်အဝ အာရုံစိုက်ထားမိသည်။ ၎င်းက အခြားမဟုတ်၊ မိမိခန္ဓာကိုယ်ထဲက အဆိပ်ရည်ဆိုးကြီးကို ဘောင်ကျော်မလာစေရန် အစဉ်အမြဲ ထိန်းချုပ်ပတ်သက်ထားခြင်းပင် ဖြစ်တော့သည်။
ကိုးခေါင်းနဂါးမြွေနတ်ဘုရားကြီးသည် သူ့ခန္ဓာကိုယ်ကို မည်သို့မည်ပုံ လုပ်လိုက်သည် ဆိုသည်ကို လျူကျင်းတစ်ယောက် သေသေချာချာ ရှင်းမပြတတ်တော့ချေ။ သို့သော်လည်း ဖြစ်ပေါ်လာသည့် ရလဒ်ကမူ ဗူးပေါ်သလို ထင်ရှားလွန်းလှသည်။
ယခုအခါတွင် သူ၏ခန္ဓာကိုယ်သည် အဆုံးအစမရှိသယောင် ပြင်းထန်လှသော အဆိပ်ဆိုးကြီးကို အဆက်မပြတ် ထုတ်လုပ်နေတော့သည်။ ထိုအဆိပ်ရည်ဆိုးကြီးသည် သူ၏ကိုယ်ပိုင် ဇီဝသက်စောင့်အားအင်ဖြစ်သော ချီစွမ်းအင်ဓာတ် ကို အသုံးချပြီး ခန္ဓာကိုယ်အနှံ့သို့ စီးဝင်နှောယှက်နေခြင်း ဖြစ်၏။
တစ်နည်းအားဖြင့် ပြောရလျှင် ဤသည်မှာ ခန္ဓာကိုယ်တစ်ခု၏ အမြင့်ဆုံးသော သစ္စာဖောက်ဖျက်မှုကြီးပင် ဖြစ်တော့သည်။ မိမိအား အသက်ဓာတ်ထောက်ပံ့ပေးနေသော ကိုယ်ပိုင်စွမ်းအင်စုကြီးက မိမိကို ပြန်လည်၍ အန္တရာယ်ပြု ရန်မူနေခဲ့သည် မဟုတ်ပါလား။
အကယ်၍သာ ဆရာဖြစ်သူ ပေးသနားခဲ့သည့် နဂါးရိုးအပ် များသာ မရှိခဲ့လျှင် လျူကျင်းတစ်ယောက် အခုအချိန်၌ သေလူဖြစ်နေ မည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်သည်။ အဆိပ်များကို တစ်နေရာတည်းတွင် သီးခြားခွဲထုတ် ပြီး ခန္ဓာကိုယ်ပြင်ပသို့ မောင်းထုတ်ပစ်နိုင်ရန်အတွက် မိမိ၏ ချီ စီးဆင်းမှုလမ်းကြောင်းကို လမ်းလွှဲပစ်ရမည်ဟူသော နည်းလမ်းကိုသာ ဉာဏ်မပွင့်ခဲ့လျှင် သူဆက်မတွေးဝံ့ပေ...။
ထိုထွက်ပေါက်နည်းသာမရပါက ယခုအချိန်တွင် ဤအဆိပ်ဆိုးကြီးကြောင့် သူ၏ခန္ဓာကိုယ်မှာ ပုပ်စပ်ဆိုးဝါးလှသော ရုပ်အလောင်းခွံအဖြစ်သို့ ဧကန်မုချ ပြောင်းလဲသွားခဲ့ရပေလိမ့်မည်။
ဤအဆိပ်ဆိုးကြီးက သူ့ခန္ဓာကိုယ်ကို ပုပ်စပ်ဆိုးဝါးသွားအောင် ဖျက်ဆီးပစ်လိမ့်မည်...၊
ထို့အပြင်... မိမိ၏ဆရာကလည်း ဤအခြေအနေမျိုး ဖြစ်ပျက်လာအောင် မကူညီဘဲ ဒီအတိုင်း ပစ်ထားလိမ့်မည်ဆိုသောအချက်ကို လျူကျင်း ရုတ်ချည်း ရိပ်မိသွားခဲ့ရတော့သည်။
သူ့ဖခင်ဖြစ်သူက သူ့ကို ကြိုတင်သတိပေးခဲ့ဖူးသည်။
ဆရာကြီး ကျန်းဆိုသည်မှာ အလွန်တရာ စည်းကမ်းကြီးပြီး ရက်စက်တတ်လှသော ဆရာတစ်ဦး ဖြစ်ကြောင်းကို ဆရာကြီး ကျန်း ကိုယ်တိုင်လည်း သူ့ကို သတိပေးခဲ့ဖူးသလို... နောက်ဆုတ်သွားရန်အတွက် အခွင့်အရေးပေါင်းများစွာကိုလည်း ပေးခဲ့ဖူးသည်မဟုတ်ပါလား။
ထိုစဉ်ကမူ လျူကျင်းသည် ထိုသတိပေးချက်အားလုံးကို မိမိကောင်းကောင်းကြီး နားလည်သဘောပေါက်ထားသည်ဟု ထင်မှတ်ခဲ့မိသည်။ မိမိ မည်သို့သော ဘေးအန္တရာယ် ငရဲတွင်းထဲသို့ ခြေစုံပစ်ဝင်နေသည်ကိုလည်းကောင်း၊ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော စိန်ခေါ်မှုကို ရင်ဆိုင်ရန် သဘောတူခဲ့သည်ကိုလည်းကောင်း အားလုံးကို အတိအကျ သိရှိထားသည်ဟု တစ်ထစ်ချ ယုံကြည်ခဲ့မိခြင်း ဖြစ်၏။
ယခုအခါတွင်မှ... ဤအဆိပ်ရည်ဆိုးကြီးက သူ့ခန္ဓာကိုယ်ကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်နေသည့် အချိန်ကျမှသာ မိမိသည် မည်မျှအထိ ရိုးအ နုံချာ ခဲ့ကြောင်း လျူကျင်းတစ်ယောက် အရိုးထဲအသည်းထဲအထိ သိမြင်နားလည်သွားခဲ့ရတော့သည်။
ထိုသို့ ရိပ်မိလိုက်သည့် ခဏတာအတွင်းမှာပင် သူ၏ စိတ်အာရုံစုစည်းမှုက စက္ကန့်ပိုင်းမျှ လက်လွတ် သွားခဲ့ရ၏။ ထိုအခိုက်အတန့်လေးအတွင်းမှာပဲ အဆိပ်ရည်များက ခန္ဓာကိုယ်အနှံ့သို့ ဝုန်းခနဲ ထိုးစိုက်ပျံ့နှံ့သွားပြီး လျူကျင်း၏ ကိုယ်ခန္ဓာဆီသို့ မကြုံစဖူးသော နာကျင်ခြင်း ဝေဒနာဆိုးအသစ်များကို တစ်ပြိုင်နက်တည်း သယ်ဆောင်လာတော့သည်။
သူ အံကြိတ်ကာ လျှာကိုအတင်းကိုက်ထားမိသည်။ ပါးစပ်တွင်း၌ ညှီစို့စို့ ကြေးနီနံ့များဖြင့် ပြည့်နှံသွားသော်လည်း ထိုနာကျင်မှုသည် သူ၏ ကျန်ရှိသော ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလုံး ခံစားနေရသည့် ဒုက္ခဆင်းရဲဒဏ်များနှင့်ယှဉ်လျှင် ဘာမှအရာမသွင်းလောက်ချေ။ လျူကျင်းအနေဖြင့် သူ၏ခန္ဓာကိုယ်အတွင်းပိုင်းတစ်ခုလုံး မီးဟုန်းဟုန်းတောက်လောင်နေသကဲ့သို့ ခံစားနေရသည်ဟုဆိုရမည်။
ထိုတစ်စက္ကန့်မျှ အတွင်း လျူကျင်းသည် ထိုအဆိပ်ရည်ဆိုးကြီးကို ၎င်း၏မူလ စီးဆင်းရာလမ်းကြောင်းဆီသို့ အတင်းအဓမ္မ ပြန်လည်မောင်းနှင်လိုက်ရတော့သည်။ နဂါးရိုးအပ် များက သူ့ခန္ဓာကိုယ်အတွင်း၌ တဆတ်ဆတ် တုန်ခါနေသောကြောင့် ကိုယ်ခန္ဓာထဲမှ လွတ်ထွက်မသွားစေရန် သူ၏စိတ်စွမ်းအားဖြင့် အားတင်းထိန်းချုပ်ထားမိသည်။
"လူလေး...ငါတို့ ရောက်ခါနီးပြီ။ အားတင်းပြီး ဆက်လျှောက်စမ်း"
သူ့ဆရာဖြစ်သူက လှမ်းပြောလိုက်ခြင်း ဖြစ်သည်။ လျူကျင်းအနေဖြင့် ထိုစကားလုံးများကို ဝေဝါးဝါးမျှသာ ကြားလိုက်ရသော်လည်း သူ၏ဦးနှောက်ကမူ ယင်းကို အဓိပ္ပာယ်ဖော်နိုင်စွမ်း မရှိတော့ချေ။ ဆရာဖြစ်သူ၏ ကျောပြင်နောက်သို့ ခြေလှမ်းမှန်မှန်လိုက်ပါရန် ကြိုးစားနေရခြင်းကတင် သူ့အတွက် အလွန်ပင် ပင်ပန်းနွမ်းနယ်လွန်းလှပြီ ဖြစ်၏။ သူ၏ စိတ်အာရုံစုစည်းမှု စွမ်းအားအများစုကိုမူ ယခုလက်ရှိနေရာမှာတင် ချက်ချင်းအသက်ပျောက်မသွားစေရန် အဆိပ်နှင့် ခန္ဓာကိုယ်ကြားက နုနယ်လှသော ဟန်ချက်ညီမျှမှုကို အသည်းအသန် ထိန်းသိမ်းရမည့် တာဝန်ပေါ်၌သာ အပြည့်အဝ မြှုပ်နှံထားရသည်။
နောက်ထပ် ဘယ်လိုတွက်ချက်မှုအလွဲမျိုး ၊ ဘယ်လိုအမှားအယွင်းမျိုးမှ ထပ်ပြီး အဖြစ်မခံနိုင်တော့ချေ။ လျူကျင်းအနေဖြင့် ဤဖြစ်စဉ်အတိုင်း နောင်သုံးနှစ်တာ ကာလပတ်လုံး တစ်ချက်ကလေးမျှ မလွဲချော်စေဘဲ ပြီးပြည့်စုံစွာ အထပ်ထပ်အခါခါ ပြုလုပ်သွားရပေဦးမည်။ ဤအဆိပ်ဖြေစနစ်သည် အသက်ရှူရသကဲ့သို့ပင် သဘာဝအတိုင်း အလိုအလျောက် ဖြစ်ပေါ်လာသည့် အဆင့်သို့ ရောက်ရှိသွားသည့်တိုင်အောင် သူ ဆက်လက်ရုန်းကန်ရမည် ဖြစ်၏။ လျူကျင်းတစ်ယောက် ထိုအခြေအနေသို့ မရောက်ရှိသေးသရွေ့... သူ အစာစား၍ ရမည်မဟုတ်ချေ။ အိပ်စက်အနားယူ၍ ရမည်မဟုတ်ချေ။ စိတ်အေးလက်အေးနှင့် အနားယူခွင့် လုံးဝရှိတော့မည် မဟုတ်ချေ။
ထိုအခြေအနေတွင် အသားကျ ရန် အချိန်မည်မျှ ကြာမြင့်ဦးမည်နည်း။
ရက်သတ္တပတ်ပေါင်းများစွာ ကြာလိမ့်မည်ဖြစ်ကြောင်း လျူကျင်းတစ်ယောက် ရိပ်မိလိုက်သည်။ အနည်းဆုံးအားဖြင့် သူ၏ ကိုယ်ခန္ဓာက ဤအဆိပ်ဖြေစနစ်ကို အလိုအလျောက် အထပ်ထပ်အခါခါ ပြုလုပ်နိုင်ရန် ရက်သတ္တပတ်ပေါင်းများစွာ ကျင့်သားရအောင် လုပ်ယူရမည်ဖြစ်သည်။ ထိုသို့ မဖြစ်မချင်း အခြားသော အရာများကို သူ ဘာမှလုပ်နိုင်ဦးမည်မဟုတ်ချေ။ ထိုအချိန်အထိ သူ၏ ချီစွမ်းအင်ဓာတ်က ခန္ဓာကိုယ်ကို ဆက်လက်အသက်ဆက်ပေးနိုင်မည်လော တွေးပူနေမိသည် ။ ကျင့်စဉ်အဆင့်မြင့် များသို့ ရောက်ရှိထားသည့် ကျင့်ကြံသူများသည် အစာမစား၊ အနားမယူဘဲ အချိန်ကာလ ကြာမြင့်စွာ တောင့်ခံထားနိုင်ကြသည်။ တစ်ခါက သူ့အား ရှောင်နန်မှ သူသာ အလိုရှိပါက အစာမစားဘဲ တစ်နှစ်ထက်မကပင် နေထိုင်နိုင်ကြောင်း ပြောဖူးသည်။
သို့သော်လည်း လျူကျင်းသည် ရှောင်နန် မဟုတ်ချေ။ လျူကျင်းဆိုသည်မှာ ကျင့်စဉ်အဆင့်၏ ဒုတိယမြောက် နယ်ပယ်ဖြစ်သော အတွင်းအားစုစည်းခြင်း အဆင့်မျှသာ ရှိသေးသည့် ကလေးငယ်တစ်ဦးမျှသာ ဖြစ်၏။ ယခုအချိန်တွင် သူ့ကို ကျင့်ကြံသူစစ်စစ်တစ်ဦးဟု ခေါ်ဆိုရန်ပင်လျှင် အလွန်တရာ အလှမ်းဝေးလွန်းနေသေးသည်။ ထိုသို့သော အခြေအနေတွင် သူ၏ ချီစွမ်းအင်ဓာတ်က သူ ကိုယ်တိုင် အစာပြန်စားနိုင်သည့် အချိန်အထိ ခန္ဓာကိုယ်ကို အသက်ရှင်အောင် ဆွဲထားပေးနိုင်မည်လော။
ဤအချက်ကိုမူ လျူကျင်းတစ်ယောက် ဝေခွဲမရဘဲ မရေမရာ ဖြစ်နေမိတော့သည်။
ထိုသို့ သိမြင်လိုက်ရခြင်းက သူ၏ရင်ထဲကို ဗလောင်ဆူသွားစေသော်လည်း သူ၏စိတ်အာရုံကိုမူ ယိုင်နဲ့မသွားစေရန် အားတင်းထိန်းချုပ်ထားလိုက်သည်။ မည်သို့ပင်ဖြစ်စေ... ရှေ့ဆက်ရမည့် လမ်းကြောင်းသည် ရှင်းလင်းပြတ်သားနေခဲ့ပြီ ဖြစ်၏။ သူ၏ ချီစွမ်းအင်ဓာတ်သည် သူရှင်သန်ရန် မဖြစ်ဖြစ်အောင် တောင့်ခံထားနိုင်ရပေလိမ့်မည်။ ဤအချက်မှတစ်ပါး အခြားမရှိချေ။ ဤသို့မှမဟုတ်ပါက သေခြင်းတရားသာ ရှိတော့ပြီး ထိုအရာကိုတော့ သူ ထပ်မံတွေးတောပူပန်မနေချင်တော့ပါချေ။
"ရောက်ပီဟေ့.."
ဆရာဖြစ်သူ၏ စကားလုံးများက သူ၏ ဝေဝါးနေသော အသိစိတ်အာရုံ ဆီသို့ သီသီလေး တိုးဝင်လာခဲ့သည်။
“ဒီနေရာက ဘယ်နေရာလဲ..."
"နောက်ဆုံးတော့... ငါ အိမ်ပြန်ရောက်ပြီလား..."
"အဆိပ်စွယ်ချိုင့်ဝှမ်းကြီးထဲကနေ ဒီနေရာအထိ... ငါ တကယ်ပဲ လမ်းလျှောက်ပြန်လာနိုင်ခဲ့တာလား..."
လျူကျင်းသည် မိမိ၏ ခန္ဓာကိုယ်ကြီး ခုတင်တစ်ခုပေါ်သို့ အသာအယာ ချထားခြင်းခံလိုက်ရသည်ကို ဝေဝါးစွာ ခံစားလိုက်ရသည်။
ထို့နောက်... သူ၏ လည်ပင်းဆီတွင် တစ်စုံတစ်ရာသော အရာတစ်ခုက ကပ်ငြိလာသည်ကို ခံစားလိုက်ရတော့သည်။
"မင်း တကယ်တော်တယ် တပည့်ရေ၊ ကဲ... အခုတော့ စိတ်အေးလက်အေး နားလိုက်တော့ "
ဆရာဖြစ်သူ၏ စကားလုံးများက ယခုအကြိမ်တွင်မူ သူ၏အသိစိတ်ဆီသို့ ပြတ်သားစွာ တိုးဝင်လာခဲ့သည်။ မိမိကိုယ်ကိုယ် ဘေးကင်းလုံခြုံသော အရပ်ဒေသသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိသွားသည့်အတွက် လျူကျင်းသည် သူ၏ စိတ်အာရုံတစ်ခုလုံးကို ခန္ဓာကိုယ်အတွင်းပိုင်း ဆီသို့သာ အပြည့်အဝ လှည့်ပြောင်းစုစည်းလိုက်တော့သည်။
ထိုခဏမှာပင် ပြင်ပလောကကြီးတစ်ခုလုံးသည် သူ၏ အာရုံခံစားမှုများထဲမှနေ၍ အစအနဖျောက် ကွယ်ပျောက်သွားခဲ့လေတော့သည်။
အချိန်များသည် တရွေ့ရွေ့ ကုန်လွန်နေခဲ့သည်။ လျူကျင်းသည် မိမိ၏ စိတ်အာရုံ အနက်ရှိုင်းဆုံးနေရာတွင်သာ နစ်မြုပ်နေခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာမူ တစ်ချက်ကလေးမျှ မလှုပ်ရှားတော့ဘဲ အသက်ရှူသံ ခပ်မျှင်းမျှင်းသာ ရှိတော့သော်လည်း ရှင်သန်နေဆဲပင် ဖြစ်၏။
တစ်ခါတစ်ရံတွင်မူ လျူကျင်းသည် တစ်စုံတစ်ဦးက သူ၏ လည်ချောင်းထဲသို့ အရည်တစ်မျိုးမျိုး လောင်းထည့်ပေးနေသည်ကို ခံစားမိတတ်သည်။ ထိုသူသည် သူ၏ ခန္ဓာကိုယ် ရေဓာတ်မခမ်းခြောက်စေရန် အသည်းအသန် ကြိုးစားပေးနေခြင်း ဖြစ်ပေလိမ့်မည်။ ထိုတစုံတဦးသည် မိမိ၏ ဆရာကြီးပေလော. သို့မဟုတ် မိမိ၏ ဖခင်ပေလော သူသေချာမသိပေ။
မည်သို့ပင်ဖြစ်စေ ထိုအခိုက်အတန့်များမှာ အဆုံးအစမဲ့လှသော အချိန်ကာလကြီးများကြားတွင် ဟိုတစ်စ ဒီတစ်စ ကြုံတွေ့ရသည့် အခိုက်အတန့်လေးများသာ ဖြစ်ပြီး သူ၏ အမြင်တွင်မူ အလွန်ပင် ဖြစ်တောင့်ဖြစ်ခဲနိုင်လွန်းလှသဖြင့် ထိုအရာများကို မိမိဘာသာ စိတ်ကူးယဉ်နေခြင်းများသာ ဖြစ်မလားဟုပင် လျူကျင်း သံသယဝင်မိတော့သည်။
"အခုဆို... အချိန်တွေ ဘယ်လောက်တောင် ကုန်သွားပြီလဲမသိဘူး..."
"လတွေပဲ ကြာသွားပြီလား... ရက်သတ္တပတ်တွေပဲ ကုန်သွားပြီလား..."
"ဒါမှမဟုတ်... ရက်ပိုင်းလေးတင် ရှိသေးတာလား..."
ဖြစ်နိုင်သည်မှာ တစ်နာရီပင် ပြည့်ချင်မှ ပြည့်ဦးမည် ဖြစ်၏။ အချိန်နှင့် ပတ်သက်သည့် အာရုံခံစားမှု ဆိုသည်မှာလည်း လျူကျင်းတစ်ယောက် စွန့်ပစ်လိုက်ရသည့် အရာများထဲမှ တစ်ခုပင် ဖြစ်တော့သည်။ လက်ရှိ လုပ်ဆောင်နေရမည့် တာဝန်နှင့် ယှဉ်လျှင် အချိန်ဆိုသည်မှာ ဘာမှအရေးမပါလှချေ။ ယခုလက်ရှိ သူ၏ အခြေအနေအရ မြင်ကွင်းများ၊ အနံ့အာရုံများနှင့် အသံဗလံများ ဆိုသည်မှာလည်း သူ၏ ကမ္ဘာတွင် တည်ရှိမနေတော့ပေ။
သူ၏ ခန္ဓာကိုယ်အတွင်း၌ စီးဆင်းလှည့်ပတ်နေသော ချီစွမ်းအင်ဓာတ်နှင့် ထိုအဆိပ်ရည်ဆိုးကြီးက ပေးစွမ်းနေသည့် နာကျင်ခြင်း ဝေဒနာများသာ ရှိတော့သည်။
ရှင်းရှင်းဆိုရလျှင် သူ၏ အသက်ဆက်ရန် အဆိပ်တည်ရှိမှုတစ်ခုလုံးကို တရွေ့ရွေ့နှင့် သန့်စင်ဖယ်ရှားနေရသည့် အဆိပ်ဖြေဖြစ်စဉ်တစ်ခုတည်းသာ သူ၏ ကမ္ဘာတွင် ကျန်ရှိပါတော့သည်။
လျူကျင်းသည် ခန္ဓာကိုယ်အတွင်းမှ အဆိပ်ရည်ဆိုးကြီးကို အဆုံးအစမရှိ အဆက်မပြတ် မောင်းထုတ်နေမိသည်။ အဆိပ်ဖြေသည့် ဖြစ်စဉ်တစ်ခုချင်းစီတိုင်းကို ပိုမိုမြန်ဆန်လာစေရန်၊ ပိုမိုထိရောက်လာစေရန်နှင့် ပိုမိုလွယ်ကူသက်သာလာစေရန်အတွက် တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုစိတ်ကြိုက်မွမ်းမံပြင်ဆင် နိုင်ဖို့ သူ အသည်းအသန် ကြိုးစားနေသည် ။
အဆိပ်ဖြေရန် ကြိုးစားမှု လွဲချော်သွားသည့် အကြိမ်တိုင်းတွင် ပြင်းထန်လှသော ဝေဒနာဆိုးကြီးက သူ့ထံသို့ ရိုက်ခတ်လာတတ်ပြီး အောင်မြင်သွားသည့် အကြိမ်တိုင်းတွင်မူ ခန္ဓာကိုယ်၏ ဝန်ထုပ်ဝန်ပိုးကြီးက အနည်းငယ်မျှ သက်သာလျော့ပါးသွားတတ်သည်။
သို့သော်လည်း လျူကျင်းတစ်ယောက် အကြိမ်ပေါင်းများစွာ လွဲချော်ခဲ့ရသည်။
သူသည် အချိန်ကာလကို တစ်နည်းနည်းဖြင့် မှတ်သားနိုင်ရန်အတွက် မိမိ၏ လွဲချော်မှုအကြိမ်ရေကို စိတ်ထဲကနေ လိုက်လံရေတွက်နေမိသည်။ ထိုသို့ ရေတွက်ခြင်းကို ဂဏန်းလေးလုံးအဆင့် ရောက်သည်အထိ သူ လုပ်ဆောင်နိုင်ခဲ့သော်လည်း ထိုထက်ကျော်လွန်သွားသည့် အခါတွင်မူ အကြိမ်ရေများလွန်းလှသဖြင့် စာရင်းပျောက်ကွယ်သွားခဲ့ရတော့သည်။ အောင်မြင်သည့် အကြိမ်အရေအတွက်မှာမူ အလွန်ပင် နည်းပါးလှသော်လည်း အောင်မြင်မှုတစ်ခု ရရှိလိုက်တိုင်း လျူကျင်းသည် ဤအဆိပ်ဖြေဖြစ်စဉ်ကြီးကို စိတ်တိုင်းကျ ပြီးပြည့်စုံအောင် မွမ်းမံပြင်ဆင်နိုင်မည့် အခြေအနေဆီသို့ တရွေ့ရွေ့ ပိုမိုနီးကပ်လာခဲ့သည်။
သို့သော် အောင်မြင်မှု တိုးတက်နှုန်းမှာ သူ ထင်သလောက် မများလှချေ။ ဆယ်ရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်း သို့မဟုတ် တစ်ရာခိုင်နှုန်းမျှပင် တိုးတက်ပြောင်းလဲသွားခြင်း မရှိပါချေ။
သူ၏ ရုန်းကန်နေရပုံမှာ မြင့်မားလှသော မဟာတောင်ကြီးတစ်လုံးကို မလျှော့သောဇွဲဖြင့် တက်လှမ်းရန် ကြိုးစားနေသည့် ပုရွက်ဆိတ်ငယ်လေးတစ်ကောင်နှယ်ပင် ဖြစ်တော့သည်။
သို့သော်ငြားလည်း... လျူကျင်းသည် တစ်ချက်ကလေးမျှ ခြေလှမ်းရပ်တန့်မသွားခဲ့ပေ။
အောင်မြင်မှုအကြိမ်ရေ ၅၂၃ ကြိမ်သို့ ရောက်ရှိသောအခါ လျူကျင်းသည် သူ့ခန္ဓာကိုယ်၏ ခြောက် ရာခိုင်နှုန်းကို ပြန်လည်ထိန်းချုပ်နိုင်လာခဲ့သည်။
အောင်မြင်မှုအကြိမ်ရေ ၁၃၅၅ ကြိမ်သို့ ရောက်ရှိသောအခါ ခန္ဓာကိုယ်၏ ၃၁ ရာခိုင်နှုန်းအထိ ပြန်လည်စိုးမိုးလာနိုင်သည်။
နောက်ဆုံးတွင်မူ အောင်မြင်မှုအကြိမ်ရေ ၈၇၅၃ ကြိမ်မြောက်သို့ ရောက်ရှိချိန်၌ လျူကျင်းတစ်ယောက် သူ၏မျက်လုံးများကို ပြန်လည်ဖွင့်ဟနိုင်ခဲ့လေတော့သည်။
မျက်စိပွင့်လာသည်နှင့် လျူကျင်းကို ဆီးကြိုလိုက်သည်မှာ ရင်းနှီးကျွမ်းဝင်လှသော ဖခင်ဖြစ်သူ၏ ဆေးခန်းမျက်နှာကြက်ကြီးပင် ဖြစ်သည် ။
ဤမျက်နှာကြက်ကို သူ အကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့သော်လည်း လူနာတစ်ဦးအဖြစ်နှင့် နိုးထလာခဲ့ရခြင်းမှာမူ ယခုအကြိမ်သည် ပထမဦးဆုံးပင် ဖြစ်တော့သည်။ သူ ထထိုင်ရန် ကြိုးစားလိုက်သော်လည်း ခန္ဓာကိုယ်တစ်ခုလုံးက အားအင်ကုန်ခမ်း လုံးဝမလှုပ်ရှားနိုင်လောက်အောင် အားနည်းနေသည်ကိုသာ တွေ့လိုက်ရသည်။
"မလှုပ်နဲ့ဦး... မင်းရဲ့ ခန္ဓာကိုယ်က အခုထိ အားအင်ချည်းနဲ့နေတုန်းပဲ..."
ထိုအသံမှာ သူ့အဖေ၏ အသံပင် ဖြစ်သည် ။ လျူကျင်းသည် ထိုအသံကို ကြားလိုက်ရုံမျှဖြင့် စိတ်နှလုံးထဲတွင် ချက်ချင်းပင် လုံခြုံနွေးထွေးသွားရတော့သည်။ သို့သော်လည်း ထိုသို့ စိတ်အေးလက်အေးဖြစ်မှုက အခိုက်အတန့်မျှသာ ခံလိုက်ပြီး၊ စက္ကန့်ပိုင်းအတွင်းမှာပဲ တစ်ကိုယ်လုံး သွေးပျက်ထိတ်လန့်မှု တွေဖြင့် ပြန်လည်လွှမ်းမိုးသွားခဲ့ရသည်။
အဆိပ်... အဆိပ်ရည်ဆိုးကြီး။
"အ... အဖေ..."
သူ၏ အသံမှာ ခြောက်ကပ်ပြီး အက်ကွဲ နေခဲ့ပြီ ဖြစ်သည်။
"အ... အဆိပ်... အဆိပ်ငွေ့...အဖေ့ကိုထိမယ်..."
"အဆိပ်အတွက် ဘာမှ စိတ်မပူနဲ့ သား"
သူအဖေက အလျင်အမြန်ပင် ပြောဆိုလိုက်သည်။
"မင်း ခန္ဓာကိုယ်ထဲက အဆိပ်တွေကိုပဲ အဆက်မပြတ် မောင်းထုတ်နေဖို့ မမေ့နဲ့။ မင်းရဲ့ဆရာက ကြိုတင်ကာကွယ်မှုတွေ အားလုံး လုပ်ဆောင်ပေးထားပြီးသားပဲ။ အဖေ့ကို ယုံစမ်းပါ သားရယ်။ မင်း အရင်က လုပ်ခဲ့သလိုပဲ စိတ်အာရုံစိုက်ပြီး ဆက်လုပ်နေရုံပဲ။"
လျူကျင်းတစ်ယောက် နောက်ထပ် စကားတစ်ခွန်းပင် မဟနိုင်သေးခင်မှာပဲ သူ့မျက်ရှေ့သို့ အငွေ့တထောင်းထောင်းထွက်နေသည့် ဆေးခွက်တစ်ခွက် ရောက်ရှိလာခဲ့တော့သည်။
"ဒါ သောက်လိုက် "
သူ့အဖေသည် ခပ်ပြတ်ပြတ်ပင် အမိန့်ပေးလိုက်ရင်း ဆေးခွက်ကို လျူကျင်း၏ နှုတ်ခမ်းဝဆီသို့ တေ့ပေးလိုက်လေသည်။ လျူကျင်းအနေဖြင့်လည်း ငြင်းဆန်ရန် အခွင့်အရေးမရှိဘဲ ဖခင်ဖြစ်သူ၏ စကားအတိုင်း လိုက်နာရန်သာ ရှိတော့သည်။ ပူနွေးလှသော ဆေးရည်များက သူ၏ လည်ချောင်းထဲသို့ တရွေ့ရွေ့နှင့် စီးဝင်သွားခဲ့၏။ ဆေးရည်၏ အရသာမှာ အလွန်တရာ ဆိုးဝါးလှသော်လည်း လွန်ခဲ့သော တစ်နှစ်တာအတွင်း ဆရာကြီး ကျန်း သူ့ကို အတင်းအဓမ္မ သောက်ခိုင်းခဲ့ဖူးသည့် ပြင်းထန်လှသော အဆိပ်ရည်အချို့နှင့်ယှဉ်လျှင်မူ ဤသည်က ဘာမှအရာမသွင်းလောက်သည့် သာမန်အရသာမျှသာ ဖြစ်တော့သည်။
"မင်း ဆေးသောက်နေတုန်း အဖေ ရှင်းပြမယ်။ ဆရာကြီးက မင်းရဲ့လည်ပင်းမှာ ထူးခြားတဲ့ ဆွဲကြိုးတစ်ကုန်း ဆွဲပေးထားတယ် "
လျူကျင်း ဆေးသောက်နေစဉ် လျူကျန့်ကော် က ဝင်ရောက်ရှင်းပြလိုက်သည်။ သူ့အဖေက သူ့ရင်ဘတ်ပေါ်ရှိ နေရာတစ်ခုကို ခပ်ဖွဖွလေး ပုတ်ပြလိုက်မှသာ လျူကျင်းတစ်ယောက် မိမိ၏ကိုယ်ပေါ်တွင် ထူးဆန်းသော အဆောင်အယောင်သစ်တစ်ခု ရှိနေကြောင်း သတိပြုမိတော့၏။ သေးမျှင်ပြီး သတ္တုဖြင့် ပြုလုပ်ထားသော ထိုဆွဲကြိုးသည် အဝတ်အစားများအောက်တွင် လုံခြုံစွာ ဖုံးကွယ်နေခဲ့ခြင်း ဖြစ်သည်။
"မင်း ဒီဆွဲကြိုးကို ဆွဲထားသရွေ့တော့ သူများဆီကို အဆိပ်တွေ ပျံ့သွားမှာ စိုးရိမ်စရာ မလိုတော့ဘူး။ ဒီဆွဲကြိုးက မင်းခန္ဓာကိုယ်ကနေ နှင်ထုတ်ပစ်လိုက်တဲ့ အဆိပ်ငွေ့တွေကို အလိုအလျောက် စုပ်ယူပေးသွားလိမ့်မယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဒါကို လုံးဝ ဖြုတ်မပစ်ရဘူး... ကြားလား။"
လျူကျင်းသည် အားတင်းကာ ခေါင်းညိတ်ပြလိုက်မိသည်။ မိမိခန္ဓာကိုယ်က ထွက်ပေါ်လာမည့် အဆိပ်များမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းအောင် အန္တရာယ်ကြီးမားလှသည်ကို သူကိုယ်တိုင်လည်း အဆိပ်အတတ်ပညာအကြောင်း ကောင်းကောင်းကြီး နားလည်ထားပြီး ဖြစ်၏။ ဆေးရည်များကို ကုန်စင်အောင် သောက်သုံးပြီးသည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံးရှိ ခြေလက်အင်္ဂါများဆီသို့ ထူးဆန်းသော နွေးထေွးမှုတစ်ခု ပျံ့နှံ့သွားပြီး ခန္ဓာကိုယ်ထဲသို့ အားအင်များ ပြန်လည်ဝင်ရောက်လာသည်ကို လျူကျင်း ခံစားလိုက်ရတော့သည်။
"ကျေး... ကျေးဇူးတင်ပါတယ် အဖေ"
လျူကျင်းသည် ချောင်းတစ်ချက် ချက်လိုက်ရင်း တိုးညှင်းစွာ ပြောလိုက်သည်။ ဖခင်ဖြစ်သူက ကုန်စင်သွားသော ဆေးခွက်ကို နောက်သို့ ပြန်လည်ရုတ်သိမ်းလိုက်၏။
"ဒါ... ဒါ ဘာဆေးလဲဟင်။ ခံစားရတာ တစ်မျိုးကြီးပဲ... ရင်းနှီးနေသလိုလိုနဲ့"
"ရင်းနှီးရမှာပေါ့..."
သူ့အဖေက ပြုံးရင်း ပြန်ပြောလိုက်သည် ။
"အရင် တစ်လလုံးလုံး... တစ်ပတ်ကို တစ်ကြိမ် မင်းကို တိုက်နေကျ ဆေးပဲဟာ..."
“ဗျာ ...တစ်လ ..၊ တလလုံးလုံးကြာသွားခဲ့တာလား..”
လျူကျင်းတစ်ယောက် အံ့အားသင့်သွားသည်။ သူတစ်လကျော်မျှ သတိမေ့မြော နေခဲ့စဉ်အတွင်း သူ့အဖေ သည် အာဟာရဖြည့်ပေးခဲ့ခြင်းဖြစ်သည်။ လျူကျင်းသည် မျက်တောင်တခတ်ခတ်နှင့် လက်အစုံကို ပြန်လည်အသုံးပြုတတ်အောင် အသစ်တစ်ဖန် သင်ယူနေရသကဲ့သို့ တရွေ့ရွေ့ လှုပ်ရှားကြည့်မိတော့သည်။ သူ၏ ကြွက်သားများသည် ထင်ထားသည်ထက် ပိုမိုကျန်းမာသန်စွမ်းသော အခြေအနေတွင် ရှိနေသည်။ တလကြာသည်အထိ ကုန်လွန်သွားခဲ့သည်ဟု မထင်မှတ်ရသော်လည်း လျူကျင်းအနေဖြင့် ဖခင်ဖြစ်သူ၏ စကားကို သံသယမဝင်ဝံ့ပေ။ သူ့အဖေသည် စကားတခွန်းပြောပြီဆိုလျှင် ထိုစကားသည် မြေကြီးလက်ခတ်မလွဲ ဧကန်မုချ အမှန်တရားသာ ဖြစ်ပေလိမ့်မည်။
"အဲဒီဆေးကို 'ရက်လေးရာခရီးစဉ် ဝိညာဉ်ဆေးရည်' လို့ ခေါ်တယ်..."
ဖခင်ဖြစ်သူက ဆက်လက်ရှင်းပြသည်။
"ဒီဆေးကို ဖော်စပ်ခဲ့တဲ့သူက ဘာလို့ ဒီလိုအမည်ပေးခဲ့သလဲဆိုရင်... ဘယ်သူပဲဖြစ်ဖြစ် ဒီဆေးကို သောက်သုံးလိုက်တာနဲ့ အစာမစား၊ အနားမယူဘဲ ရက်ပေါင်းလေးရာတိုင်တိုင် နေနိုင်တယ်လို့ ကြွားဝါခဲ့ဖူးလို့ပဲ။ တကယ်တော့ သူ့ရဲ့ ဆေးညွှန်းချက်တွေက ပိုလွန်းအားကြီးပါတယ်...။ ဒါပေမဲ့ မင်း ဘာမှမလုပ်နိုင်ဘဲ ငြိမ်နေခဲ့တဲ့အချိန်အတွင်းမှာတော့ ဒီဆေးက မင်းရဲ့ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းနေအောင် တကယ်ပဲ ထိန်းသိမ်းပေးနိုင်ခဲ့တယ်..သား."
လျူကျင်းသည် ကြားလိုက်ရသော အချက်အလက်များကို စိတ်ထဲကနေ အသေအချာ ပြန်လည်သုံးသပ်ရင်း တိတ်ဆိတ်နေမိသည်။ ထို့နောက် စကားလုံးများကို သေချာရွေးချယ်ပြီးမှ တိုးညှင်းစွာ မေးခွန်းထုတ်လိုက်၏။
"တကယ်လို့... အဖေသာ ကျွန်တော့်ကို ဒီဆေး တိုက်မကျွေးခဲ့ဘူးဆိုရင်... ကျွန်တော် အသက်ရှင်နိုင်ပါ့မလား ဟင်"
ဖခင်ဖြစ်သူက မျက်ခုံးတစ်ချက် ပင့်လိုက်သည်။ လျူကျင်းတစ်ယောက် ကိုယ့်မေးခွန်းကိုယ် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး မျက်နှာကိုသာ ရေပုံးထဲနှစ်ထားချင်စိတ် ပေါ်လာမိတော့သည်။
"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတာ မင်းနဲ့ မလိုက်ဖက်ပါဘူး သားရယ်"
လျူကျန့်ကော်က သက်ပြင်းတစ်ချက် ချလိုက်ရင်း ဆက်ပြောသည်။
"အဖေ ပွင့်ပွင့်လင်းလင်း ပြောမယ်... ဒီဆေးမရှိလည်း မင်း အသက်မသေပါဘူး။ ဒါပေမဲ့... ဒီဆေးသာ မရှိရင် အခုလို လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ဖို့ မပြောနဲ့၊ လှုပ်တောင် လှုပ်နိုင်မှာ မဟုတ်ဘူး။ ဒီဝိညာဉ်ဆေးရည်က မင်းရဲ့ ကြွက်သားတွေကို တောက်လျှောက် လှုံ့ဆော်ပေးနေခဲ့လို့သာ လွန်ခဲ့တဲ့ တစ်လလုံးလုံး ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေ ပုံမှန်အတိုင်း ထိန်းထားနိုင်ခဲ့တာ”
ထို့ကြောင့်ပင် သူ၏ခန္ဓာကိုယ်မှာ ထင်ထားသည်ထက် ပိုမိုသက်သာ ပေါ့ပါးနေခြင်း ဖြစ်ပေသည်။ အကယ်၍သာ ဖခင်ဖြစ်သူက ဤဆေးကို အတင်း တိုက်ကျွေးမထားခဲ့ပါက ယခုအချိန်တွင် သူ ခုတင်ပေါ်ကနေ ထထိုင်နိုင်ရန် ဘယ်လိုမှ မဖြစ်နိုင်ချေ။ ခန္ဓာကိုယ်တစ်ခုလုံး ပုံမှန်အတိုင်း လှည့်ပတ်လှုပ်ရှား နိုင်စွမ်းရှိလာရန် ရက်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။ ယခုအခြေအနေအရဆိုလျှင်မူ ခန္ဓာကိုယ်ကို ပြန်လည်ကျင့်သားရရန် တစ်နာရီခန့်မျှသာ အချိန်ပေးရုံနှင့်တင် လုံလောက်ပေတော့မည်။
"ကျေးဇူးတင်ပါတယ် အဖေ"
လျူကျင်းသည် ပြောပြောဆိုဆိုဖြင့် အားစိုက်ကာ ခုတင်ပေါ်တွင် အသာအယာ ထထိုင်လိုက်သည်။ သူ၏ ခါးရိုးဆီမှ တဂျွတ်ဂျွတ်နှင့် မြည်သံအချို့ ထွက်ပေါ်လာသော်လည်း ဤသည်ကတော့ ဖြစ်လေ့ဖြစ်ထရှိသည့် သဘာဝပင် ဖြစ်သည်။
လျူကျန့်ကော်က သူ၏မျက်လုံးများကို မှိတ်လိုက်ရင်း “ဒါဟာ အဖေ မင်းအတွက် အနည်းဆုံး လုပ်ပေးနိုင်တဲ့အရာပါပဲ” ဟု ဆိုသည်။
ဖခင်ဖြစ်သူ၏ အသံထဲတွင် ဟန်ဆောင်ပန်ဆောင် နှိမ့်ချလိုသည့် အရိပ်အယောင် စိုးစဉ်းမျှ မပါရှိချေ။ လျူကျင်းလည်း သူ့ဖခင် ဆိုလိုသည့် အဓိပ္ပာယ်ကို ကောင်းကောင်းကြီး နားလည်လိုက်သည်။
ဤသည်က သူ့အဖေလုပ်ပေးနိူင်သည့် အတိုင်းအတာ ပင် ဖြစ်သည် ။
စင်စစ်မူ သူ့အဖေ အလိုရှိပါက ဤအဆိပ်ရည်ဆိုးကြီး၏ အာနိသင်ကို ပြန်လည်တုံ့ပြန် ချေဖျက်ပေးနိုင်မည့် ဆေးဝါးမျိုးကို ဖော်စပ်ပေးပြီး သူ၏ ဝန်ထုပ်ဝန်ပိုးကို ပေါ့ပါးအောင် ကူညီပေးနိုင်ခဲ့လောက်သည်။ သို့မဟုတ်ပါကလည်း သူ့ဆရာဖြစ်သူကသာ ဆန္ဒရှိပါက ခန္ဓာကိုယ်ထဲက အဆိပ်ကို မည်သည့်နည်းလမ်းဖြင့် အပြည့်အဝ သန့်စင်မောင်းထုတ်ရမည်ဆိုသည်ကို စနစ်တကျ သင်ကြားပြသပေးခဲ့လောက်သည်။ သို့ဆိုပါက သူ တစ်လတိုင်တိုင် ဒုက္ခခံပြီး ကိုယ်တိုင်ဉာဏ်မပွင့်ပွင့်အောင် ဒုက္ခခံနေစရာမလိုပေ။ သူတို့နှစ်ဦးလုံးအနေဖြင့် သူ့ကို ကူညီပံ့ပိုးပေးနိုင်မည့် အခွင့်အရေးနှင့် နည်းလမ်းပေါင်း ကုဋေကုဋာ ရှိနေခဲ့ပါလျက်နှင့် မည်သည့်နည်းမျှလုပ်မပေးခဲ့ကြချေ။
ဤသည်မှာလည်း လုံလောက်သောအကြောင်းရင်း ရှိသည် ။
အဘယ်ကြောင့်ဆိုသော် ဤသည်က သူကိုယ်တိုင် ကျော်ဖြတ်ရမည့် မြွေနတ်ဘုရား၏ စမ်းသပ်မှု ဖြစ်နေ၍သာ ဖြစ်သည်။
လျူကျင်းသည် သူကိုယ်တိုင် ရွေးချယ်မှုတစ်ခု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ သူတို့ကလည်း ထိုရွေးချယ်မှု၏ အကျိုးဆက်များကို အပြည့်အဝ ခံစားသိရှိခွင့် ပေးခဲ့ကြသည်။ သူ၏ ပြောစကားအပေါ် လေးစားတန်ဖိုးထားပြီး မိမိကိုယ်ကိုယ် သက်သေပြနိုင်မည့် အခွင့်အရေးကို လမ်းဖွင့်ပေးခဲ့ကြခြင်း ဖြစ်၏။
"ကျေးဇူးတင်ပါတယ် အဖေ"
လျူကျင်းသည် ဦးညွှတ်လိုက်ရင်း နောက်တစ်ကြိမ် ထပ်မံပြောကြားလိုက်သည်။
"ဒီအတွက်... ကျွန်တော် တကယ်ကို ရင်ထဲကလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။"
ဖခင်ဖြစ်သူ၏ မျက်နှာတွင် စကားတစ်ခွန်းခု ပြောချင်နေသည့် အရိပ်အယောင် ပေါ်လာသော်လည်း လျူကျင်းကပဲ လက်ဦးမှုယူ၍ ဆက်ပြောလိုက်သည်။
"အဖေလည်း ကျွန်တော့်ကို ကြိုတင်သတိပေးခဲ့တယ်။ ဆရာလည်း သတိပေးခဲ့တာပဲ။ အဲဒီတုန်းကတော့ အဖေတို့ ဆိုလိုတဲ့အဓိပ္ပာယ်ကို ကျွန်တော် ကောင်းကောင်းကြီး နားလည်တယ်လို့ ထင်ခဲ့မိတာ။ ဒါပေမဲ့ တကယ်တမ်းကျတော့... ကျွန်တော် ဘာမှမသိခဲ့ပါဘူး။ ကျွန်တော် ဘယ်လောက်တောင် နုံအပီး အူကြောင်ကြောင်နိုင်ခဲ့သလဲဆိုတာ အခုမှပဲ ကောင်းကောင်းကြီး သဘောပေါက်တော့တယ်။ ဒါတောင်မှ... အဖေတို့က ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို အလေးအနက်ထားပြီး အခွင့်အရေး ပေးခဲ့ကြလို့... ဒီအတွက် ကျွန်တော် တကယ်ကို ရင်ထဲကလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် အဖေ။"
" မလိုပါဘူး သားရယ်။ အဲဒီဂူဗိမာန်ထဲမှာ မင်းကို ဘာတွေစောင့်ကြိုနေမလဲဆိုတာ မင်း ဘယ်လိုလုပ် ကြိုသိနိုင်မှာလဲ..၊ ကြိုသိဖို့နေနေသာသာ... ဆရာကြီးက မင်းကို ကျဆုံးသွားတဲ့ နတ်ဘုရားတစ်ပါးရဲ့ ရှေ့မှောက်အထိ ခေါ်သွားပြီး စမ်းသပ်လိမ့်မယ်လို့ အဖေကိုယ်တိုင်တောင် အိပ်မက်ထဲ ထည့်မမက်ခဲ့ဖူးဘူး။ အဖေဆိုရင် ဆရာကြီးရဲ့ လက်အောက်မှာ ငါးနှစ်တိုင်တိုင် ကျင့်ကြံပညာသင်ယူခဲ့ပြီးမှသာ ဒီလိုမျိုး အဆင့်မြင့်တဲ့ စမ်းသပ်မှုတွေကို စတင်ရင်ဆိုင်ခဲ့ရတာ။ အခုလို မင်းကို ချက်ချင်း စမ်းသပ်လိုက်တယ်ဆိုကတည်းက... ဆရာကြီးအနေနဲ့ သက်တမ်း သိပ်မကျန်တော့လို့ပဲ ဖြစ်ရမယ်။ မကွယ်လွန်ခင်မှာ သူ့ရဲ့ ကျင့်စဉ်ပညာအားလုံးကို မင်းဆီ အမြန်ဆုံး လက်ဆင့်ကမ်းပေးချင်လို့ စိတ်စောနေတာနေမှာပါ။"
လျူကျင်း ခေါင်းမော့လိုက်ပြီး “ဒါနဲ့ အဖေ... အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အဲဒီ နတ်ဘုရား သားရဲကြီးကလည်း တစ်ခုခု မှာခဲ့သေးတယ်။”ဟု တိုးညှင်းစွာ ဆိုလိုက်သည်။
“ဆရာက တကယ်ပဲ...”
“ဒါကတော့ မင်းကိုယ်တိုင် ဆရာ့ကို မေးမြန်းရမယ့် ကိစ္စပဲ”
ဖခင်ဖြစ်သူက သူ၏ မေးခွန်းကို ပြတ်သားစွာပင် ဖြတ်တောက်လိုက်သော်လည်း ဤသည်ကပင် လျူကျင်းအတွက် လုံလောက်သော အတည်ပြုချက် ဖြစ်သွားခဲ့ရသည်။ သို့သော်လည်း သူ့ဖခင်ပြောသည်က မှန်ပါသည်။ သူ ဆရာကြီး ကျန်း နှင့် သေသေချာချာ တွေ့ဆုံစကားပြောရပေဦးမည်။
“ဆရာ အခု ဘယ်မှာလဲဟင်”
လျူကျင်းက ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်ရှုရင်း မေးမြန်းလိုက်၏။
“မင်း ဒီနေ့ သတိရလာလိမ့်မယ်ဆိုတာ ဆရာကြီးက ကြိုတင်ရိပ်မိနေခဲ့ပုံရတယ်” ဖခင်ဖြစ်သူက ဆက်ပြောသည်။
“သူက မင်းကို ဆိပ်ကမ်းမှာ စောင့်နေမယ်လို့ အဖေ့ကို မှာသွားတယ်။ အကယ်၍ မင်းသာ အဲဒီနေရာအထိ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်ပြီး လမ်းလျှောက်မလာနိုင်ဘူးဆိုရင်တော့... မင်းနဲ့သူ့ကြားက ဆရာတပည့် ရေစက်က အလိုလို ပျက်ပြယ်သွားပြီလို့ပဲ မှတ်ယူလိုက်တော့တဲ့။”
ထိုစကားကို သူ့ဦးနှောက်ထဲတွင် သေချာ သုံးသပ် နေမိစဉ်တွင်မှာပင် ဆေးခန်းအတွင်း၌ ခဏကြာ တိတ်ဆိတ် သွားပြန်သည်။
“ဆရာကြီးဆိုတာက ကောင်းစေချင်လွန်းလို့ ရက်စက်ပြတတ်တဲ့ လူစားမျိုးကွ။ ဒါကို ကောင်းကောင်းကြီး နားလည်သဘောပေါက်ဖို့ အဖေ့မှာ အချိန်အတော်ကြာအောင် သင်ယူခဲ့ရတယ်”
လျူကျန့်ကော် က လေးနက်စွာ ဆိုလိုက်သည်။
“ဒါဟာ မင်းကို လက်လျှော့နောက်ဆုတ်ဖို့ နောက်ဆုံးအခွင့်အရေး တစ်ကြိမ် ထပ်ပေးလိုက်တဲ့ သူ့ရဲ့နည်းလမ်းပဲ။ မင်း သူ့ရဲ့တပည့်အဖြစ် စတင်ခံယူတုန်းက... ရှေ့မှာ ကြုံရမယ့် ဘေးအန္တရာယ်တွေကို မင်း ကောင်းကောင်း သဘောမပေါက်နိုင်ခဲ့ဘူး။ အဲဒီတုန်းကတော့ မသိလို့လုပ်ခဲ့တာမို့ မင်းမှာ အပြစ်မရှိပါဘူး။ ဒါပေမဲ့ အခုကတော့ အခြေအနေချင်း လုံးဝ မတူတော့ဘူး။ အခု မင်းရဲ့ ရွေးချယ်မှုက ဘာဖြစ်မလဲ သားရယ်။”
လျူကျန့်ကော်သည် မိမိ၏ သားဖြစ်သူကို မမှိတ်မသုန် စိုက်ကြည့်လိုက်မိသည်။
လျူကျင်းကလည်း ပြတ်သားလှသော ဆုံးဖြတ်ချက်များကြောင့် အရောင်တောက်နေသည့် မျက်ဝန်းအစုံ ဖြင့် သူ့ဖခင်ဖြစ်သူကို စူးစိုက်၍ ပြန်လည်ကြည့်ရှုလိုက်တော့၏။
ထိုအခါမှ လျူကျန့်ကော်သည် သက်ပြင်းတစ်ချက် ချလိုက်ရင်း... “အဖေ ထင်တဲ့အတိုင်းပါပဲလား။ ဆရာကြီးကိုလည်း အဖေ ဒီလိုပဲ ဖြစ်လာလိမ့်မယ်လို့ ကြိုပြောထားပြီးသားပါ။”
ဟု ခပ်တိုးတိုး ရေရွတ်လိုက်မိတော့သည်။
"အဖေ့ကို အားနာပါတယ်ဗျာ ..."
လျူကျင်းက တောင်းပန်စကား ဆိုလိုက်သည်။
"ကျွန်တော်ကတော့ အဖေ့ကို အမြဲတမ်း စိတ်ပူအောင် လုပ်မိနေဦးမှာပဲ ထင်တယ်"
"တောင်းပန်နေဖို့ မလိုပါဘူး သားရယ်"
လျူကျန့်ကော်သည် သူ့သား၏ စကားလုံးများကို လက်ကာပြရင်း ပြောလိုက်သည်။
"အဖေတစ်ယောက် ဖြစ်လာတဲ့အခါမှာတော့... ကိုယ့်သားသမီးအပေါ် ဂုဏ်ယူဝံ့ကြွားစိတ်နဲ့ စိတ်ပူပန်ရမှုဆိုတာတွေက ဘယ်လိုမှ ခွဲခြားလို့မရအောင် ဒွန်တွဲနေတတ်တယ်ဆိုတာ အဖေ ကောင်းကောင်းသိတယ် ...၊ ကဲပါ.. အခုတော့ မင်းခြေထောက်တွေကို အရင်ဦးဆုံး အကြောအခြင်လျှော့ပြီး ကျင့်သားရအောင် အမြန်လုပ်လိုက်ဦး.. ဒီနေရာကနေ ဆိပ်ကမ်းအထိက တော်တော်လေး လှမ်းတာကွ..."