← Chapters

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅

Vol. 2 Ch. 15

အခန်း (၁၅) - ရှောင်နန်၏ အကြံအစည်

"ညီလေး... မင်းကြည့်ရတာ... သိပ်ပြီး နေကောင်းပုံမပေါ်ဘူးနော်"

လျူကျင်း စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း ထွက်ပေါ်လာသည်က သမ်းဝေသံကြီးတစ်ခုသာ ဖြစ်သည် ။ လျူကျင်း ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး သူ၏ ပါးစပ်ကို လက်ဖြင့် အလျင်အမြန်ပင် ပိတ်လိုက်ရတော့သည်။

"အားနာလိုက်တာ အစ်ကိုကြီးရာ "

လျူကျင်းက ရှောင်နန် ကို ကြည့်ကာ အားနာဟန် ဆိုလိုက်သည်။

သူတို့နှစ်ဦးသည် မြို့ပြင်ဘက်တွင် ဆေးမြစ်ဆေးပင်များ လာရောက်ခူးဆွတ်နေကြခြင်း ဖြစ်၏။ တိတိကျကျ ပြောရလျှင် လျူကျင်းက ဆေးပင်ခူးနေခြင်းဖြစ်ပြီး၊ ရှောင်နန်ကမူ မြို့ပြင်သို့ ရောက်ရှိနေစဉ်အတွင်း လျူကျင်းထံသို့ မည်သည့်ဘေးအန္တရာယ်မျှ ကျရောက်မလာစေရန် အနီးကပ် စောင့်ရှောက်ပေးနေခြင်း ဖြစ်သည်။ ရှောင်နန်အနေဖြင့် ရှောင်မျိုးနွယ်စုဂိုဏ်း အတွင်းရှိ သူ၏ ကျင့်ကြံမှုအဆင့် အရဆိုလျှင် ဤကဲ့သို့သော သာမန်အသေးအဖွဲ ကိစ္စရပ်များကို လိုက်လံလုပ်ဆောင်နေရန် လုံးဝမလိုအပ်ပါချေ။

ရှောင်ဂိုဏ်း၏ ထူးချွန်ပြောင်မြောက်လှသော လူတိုင်း၏ပါးစပ်ဖျားတွင်ရေပန်းစားနေသော ပါရမီရှင် တစ်ဦးက သူ၏တန်ဖိုးရှိလှသော အချိန်များကို အသုံးချပြီး သာမန် မြို့တွင်းသမားတော်တစ်ဦး၏ သားဖြစ်သူကို လိုက်လံစောင့်ရှောက်ပေးနေသည် ။ ထိုအချက်မှာ စဉ်းစား၍မရနိုင်လောက်အောင်ပင် အဓိပ္ပာယ်မရှိလှ ပါချေ။ သို့သော်ငြားလည်း ဤသည်က ရှောင်နန်ကိုယ်တိုင် လှိုက်လှိုက်လှဲလှဲနှင့် လိုလိုလားလား တာဝန်ယူခဲ့သည့် အလုပ်တစ်ခု ဖြစ်နေခဲ့ခြင်း ဖြစ်တော့သည်။

အကြောင်းအမျိုးမျိုးကြောင့် သူတို့နှစ်ဦး အတူတူ မတွေ့ဖြစ်သည်မှာ တော်တော်လေး ကြာမြင့်သွားခဲ့ပြီဖြစ်ရာ ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ်အဖြစ် ပြန်လည်ဆုံတွေ့ကြခြင်း ဖြစ်သည်။

“ဆရာက ကျွန်တော့်ရဲ့ ပတ်ဝန်းကျင် အာရုံခံနိုင်စွမ်းကို လေ့ကျင့်ပေးနေလို့ပါ အစ်ကိုကြီး” လျူကျင်းက ရှင်းပြလိုက်သည်။

“ဆရာကြီးပြောတာတော့ ကျွန်တော်က အိပ်ပျော်နေရင် သတိလက်လွတ် ဖြစ်လွန်းတယ်တဲ့။ အဲဒါကို ပြင်ပေးဖို့ ဆရာကြီးက ကြိုးစားနေတာပါ”

လျူကျင်း နောက်တစ်ကြိမ် သမ်းဝေလိုက်ပြန်သည်။ ဒါပေမဲ့ ဒီတစ်ခါတော့ သူက ခေါင်းကို ဘေးလွှဲပြီး ပါးစပ်ကို အချိန်မီ အုပ်လိုက်နိုင်၏။

“ဒါက... တကယ်ကို ပင်ပန်းလွန်းတယ်ဗျာ”

လျူကျင်း၏ ပြောစကားက တစ်ဝက်မျှသာ မှန်၏။ ဆရာကြီးကျန်းက သူ၏ အာရုံခံစွမ်းရည်ကို အပြင်းအထန် စမ်းသပ်နေသည်မှာ အမှန်ပင် ဖြစ်သော်လည်း၊ လျူကျင်းကိုယ်တိုင်ကလည်း ပညာရပ်အားလုံးကို ကုန်စင်အောင် သင်ယူနိုင်ရန် မိမိကိုယ်ကိုယ် အစွမ်းကုန် တွန်းအားပေးနေခြင်းကြောင့်လည်း ဖြစ်သည်။

ယခင်ကမူ လျူကျင်းတွင် အနည်းငယ်မျှသော အားလပ်ချိန် ရှိခဲ့ဖူးသော်လည်း ယခုတော့ မဟုတ်တော့ချေ။ လျူကျင်းသည် နိုးထနေသည့် စက္ကန့်တိုင်းကို ပညာရပ်မျိုးစုံ သင်ယူရန်အတွက်သာ အသုံးချနေတော့သည်။ သူသည် ကျမ်းစာမျိုးစုံကို တစ်အုပ်ပြီးတစ်အုပ် အငမ်းမရ ဖတ်ရှုလေ့လာနေခဲ့သလို... ဆရာဖြစ်သူ ပြသပေးသမျှ အတတ်ပညာအားလုံးကိုလည်း အကြိမ်ပေါင်းရာချီ၍ ကျင့်သားရအောင် မနားမနေ လေ့ကျင့်နေခဲ့သည်။

ပညာရပ်များကို ဤထက်လျော့၍ သင်ယူနေမိပါက အလွန်ပင် မိုက်မဲရာ ရောက်ပေလိမ့်မည်။ ဤသည်က လျူကျင်း အခိုင်အမာ ယုံကြည်ထားသည့် အချက်ပင် ဖြစ်၏။ အဆုံးစွန်၌မူ မိမိ၏ ဆရာကြီးသည် မည်သည့်အချိန်တွင် အသက်ဓာတ်ချုပ်ငြိမ်းသွားမည်ကို လျူကျင်း မသိနိုင်ချေ။ သို့သော်... တစ်ခုခုများ ဖြစ်ခဲ့လျှင်... အကယ်၍သာ မိမိအနေဖြင့် တတ်နိုင်သမျှ ပညာအားလုံးကို အကုန်အစင် သင်ယူထားနိုင်ခဲ့မည်ဆိုပါက...။

မဖြစ်နိုင်တာ။ လျူကျင်းသည် သူ၏ခေါင်းကို ခါယမ်းပစ်လိုက်မိသည်။ ထိုကဲ့သို့သော မျှော်လင့်ချက်မျိုးကို သူ စိတ်ထဲကပင် မတွေးဝံ့ပါချေ။

“အင်း...”

ရှောင်နန် က မေးစေ့ကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။

“ကြားရတာ တော်တော်လေး အသုံးဝင်မယ့် နည်းလမ်းပဲ။ ငါလည်း ရှောင်ဖန်း ကို ဒီလိုမျိုး စမ်းသပ်ကြည့်ရမယ်။ သူက အိပ်ပျော်ရင် အမြဲ သတိလက်လွတ် ဖြစ်လွန်းတယ်လို့ ငါ အမြဲပြောခဲ့တာ။ ရှောင်ဂိုဏ်း ရဲ့ အမွေဆက်ခံသူအဖြစ် ကြီးပြင်းလာရတော့ သူ့ဘဝက ဘေးကင်းလုံခြုံလွန်းနေခဲ့တာကိုး။ ဘယ်သူ့ရဲ့ ခြိမ်းခြောက်မှုကိုမှ မခံရဖူးဘဲ နေသားကျနေတာ”

“ဟုတ်ကဲ့ပါ... အစ်ကိုကြီးအနေနဲ့ ရှောင်ဖန်ကို အစွမ်းကုန် ကူညီပေးလိုက်ပါဦးဗျာ။ သူလည်း ကျွန်တော့်လိုပဲ အစ်ကိုကြီးရဲ့ကျေးဇူးကို အများကြီး တန်ဖိုးထားပါလိမ့်မယ်”

လျူကျင်းက သူ၏ အတွင်းစိတ်ခံစားချက်ကို ဖုံးကွယ်ရင်း သာမန်လေသံမျှဖြင့်သာ ပြန်လည်ပြောကြားလိုက်သည်။ သို့သော်လည်း သူ၏ ရင်ထဲတွင်မူ... အကယ်၍ အခြားတစ်ဦးဦးသာ မိမိနှင့်အတူ ဤကဲ့သို့သော အဝီစိငရဲဒဏ်ကို အတူတကွ ခံစားနေရသည်ဟု သိရှိရပါက မိမိခံစားနေရသော ဝေဒနာများမှာ အနည်းငယ်မျှ ပိုမိုသက်သာ ပေါ့ပါးသွားပေလိမ့်မည်ဟု ကလေးပီပီ ကောက်ကျစ်စွာ တွေးတောနေမိသည်။

အထူးသဖြင့် ထိုသူက ရှောင်ဖန်း သာ ဆိုလျှင် ပို၍ပင် ဝမ်းသာမိဦးမည်။

ရှောင်နန်က ခပ်တိုးတိုး ရယ်မောလိုက်ရင်း

“မင်းနဲ့ ရှောင်ဖန်ကြားက ရင်းနှီးမှုက အရင်အတိုင်းပဲလားကွ..၊ အင်း... ရင်းနှီးမှုလို့ ခေါ်လို့တောင်မရလောက်ဘူး..” ဟု ဆိုသည်။

လျူကျင်း က ခေါင်းညိတ်ရုံသာ တုံ့ပြန်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ရှောင်နန် ပြောသည်က မမှားပါချေ။

ယခင်ကဆိုလျှင် ရှောင်ဖန်သည် လျူကျင်းကို မြင်သည်နှင့် အမြဲတမ်း နှိမ့်ချစော်ကားမည့် စကားလုံးများကို အသင့်ပြင်ထားတတ်စမြဲ ဖြစ်၏။ လျူကျင်းသည်လည်း ရှောင်ဖန်နှင့် ဆုံတွေ့ရတိုင်း ဒေါသကို အံကြိတ်အောင့်အည်းကာ လျှာကို ကိုက်ထားခဲ့ရတတ်သည်။ သူတို့နှစ်ဦး၏ ကောင်းကင်နှင့်မြေကြီးပမာ ကွဲပြားခြားနားလှသော လူမှုအဆင့်အတန်းကြောင့် သူတို့ကြားတွင် မပြတ်တမ်း တင်းမာမှုနှင့် ပွတ်တိုက်မှုများ ဖြစ်ပွားခဲ့ရသည်။

သို့သော်လည်း ထိုနေ့ရက်များက အတိတ်မှာ ကျန်ရစ်ခဲ့ချေပြီ။ ယခုအခါတွင်မူ သူတို့နှစ်ဦးကြား အပြန်အလှန် ဆက်ဆံမှုဟူ၍ မရှိသလောက်ပင် ဖြစ်သွားခဲ့ရသည်။ အကောင်းဆုံးအခြေအနေဆိုလျှင်ပင် လျူကျင်းအနေဖြင့် ရှောင်ဂိုဏ်း ၏ ဝင်းကြီးထဲသို့ သွားရောက်သည့် အခါမျိုး၌သာ သူ့ကို ရံဖန်ရံခါ မြင်တွေ့ရတတ်ခြင်း ဖြစ်၏။ သို့သော်ငြားလည်း သူတို့နှစ်ဦး ရန်လိုသည့် လေသံဖြင့်ဖြစ်စေ၊ အခြားပုံစံဖြင့်ဖြစ်စေ စကားတစ်ခွန်းတစ်ပါဒမျှ အပြန်အလှန် မပြောဖြစ်ကြသည်မှာ အတော်လေး ကြာမြင့်သွားခဲ့ပြီ ဖြစ်တော့သည်။

သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦးအတွက် မည်သူမည်ဝါမှန်း မသိသည့် လူစိမ်းများပမာ ဖြစ်သွားခဲ့ကြပြီဟုပင် ပြော၍ရတော့သည်။

“ဒါနဲ့...”

ရှောင်နန်က စကားစလိုက်ရင်း “ဟို တခြားကိစ္စနဲ့ ပတ်သက်လို့ကော...” ဟု ဆိုကာ စကားကို ဖြတ်လိုက်သည်။

ထိုလူငယ် စကားအဆက်မပြတ်ဘဲ ရပ်တန့်သွားခြင်းမှာ ထုတ်ဖော်ပြောဆိုရန် ဝန်လေးနေ၍ မဟုတ်ဘဲ၊ ထိုသို့ ပွင့်ပွင့်လင်းလင်း ပြောစရာမလိုကြောင်း ကောင်းကောင်းကြီး သိထား၍ ဖြစ်၏။ လျူကျင်းတစ်ယောက် ရှောင်နန် ဘာကို ဆိုလိုသည်ဆိုခြင်းကို အတိအကျ နားလည်လိုက်သည်။

ကောင်ငယ်လေးသည် သူ၏ မျက်လုံးများကို အသာအယာ မှိတ်လိုက်ရင်း...

“အဲဒီအခြေအနေက ခုထက်ထိ ဘာမှပြောင်းလဲမသွားသေးဘူး အစ်ကိုကြီး” ဟု တိုးညှင်းစွာ ဆိုလိုက်သည်။

“အင်း... အကိုနားလည်ပါတယ်ကွာ...”

ရှောင်နန်က သက်ပြင်းတစ်ချက် ချလိုက်ရင်း ဆိုလိုက်သည်။ သူသည် လျူကျင်း ခံစားနေရသော ငရဲဆိုးအခြေအနေ ကို အပြည့်အဝ နားလည်ပေးနိုင်သည့် လက်ချိုးရေလို့ရသော လူအနည်းငယ်ထဲက တစ်ဦး ဖြစ်ပေသည်။

“တကယ် စိတ်မကောင်းပါဘူး ညီလေးရာ ..”

ကိုးခေါင်းနဂါးမြွေနတ်ဘုရားကြီးသည် လျူကျင်း၏ ခန္ဓာကိုယ်ပေါ်တွင် နတ်ဘုရားတံဆိပ်တော်ကို ခတ်နှိပ်ခဲ့သည်မှာ တစ်နှစ်ကျော်မျှ ကာလကုန်လွန်သွားခဲ့ပြီ ဖြစ်၏။ လျူကျင်းအနေဖြင့် မိမိကိုယ်တွင်းရှိ အဆိပ်ရည်ဆိုးကြီးကို အောင်အောင်မြင်မြင် အာရုံစိုက် ထိန်းချုပ်နိုင်ခဲ့သည်မှာလည်း တစ်နှစ်ကျော်သွားခဲ့ပြီ ဖြစ်သည်။ ဧကန်မုချပင် ယခုကဲ့သို့သော ဆိုးဝါးလှသည့် ဝေဒနာဆိုးကို ကြုံတွေ့နေရပါလျက်နှင့် ယခုအချိန်အထိ အသက်ရှင်သန်နေနိုင်ဆဲ ဖြစ်ခြင်းမှာ တကယ့်ကို အံ့ချီးထိုက်လှသော ကိစ္စပင် ဖြစ်၏။

ယခုအခါ လျူကျင်းသည် အဆိပ်ဒဏ်ကြောင့် စိုးစဉ်းမျှ အဟန့်အတားမဖြစ်ဘဲ လမ်းလျှောက်နိုင်ခြင်း၊ အစာစားနိုင်ခြင်းနှင့် အိပ်စက်အနားယူနိုင်ခြင်းတို့မှာ သူ၏ ထူးချွန်ပြောင်မြောက်လှသော ဝိညာဉ်အပ်စိုက်အတတ်ပညာ စွမ်းဆောင်ရည်ကို သက်သေပြနေခြင်းပင် ဖြစ်တော့သည်။ ကိုးခေါင်းနဂါးမြွေနတ်ဘုရားကြီး၏ စမ်းသပ်မှုကို သူ မလွဲမသွေ အောင်မြင်ကျော်ဖြတ်နိုင်လိမ့်မည်ဟူသော အချက်ကိုလည်း လျူကျင်း အကြွင်းမဲ့ ယုံကြည်ထားဆဲ ဖြစ်၏။ သူသည် ဤသုံးနှစ်တာ ကာလကို အသက်ရှင်လျက် ဆက်လက်ရုန်းကန် ကျော်ဖြတ်နိုင်မည်သာ ဖြစ်သည်။

သို့သော်ငြားလည်း... ဤမျှလောက်သော အချိန်ကာလပတ်လုံး လျူကျင်းသည် ကျင့်စဉ်အဆင့်အတန်း တွင်မူ ရှေ့သို့ ခြေတစ်လှမ်းမျှပင် တိုးတက်အောင် မစွမ်းဆောင်နိုင်ခဲ့ပါချေ။

ဤအခြေအနေက ဆရာဖြစ်သူ ကြိုတင်ဟောကိန်းထုတ်ခဲ့သည့်အတိုင်း၊ လျူကျင်းကိုယ်တိုင်လည်း အလွန်အမင်း စိုးရိမ်ပူပန်ခဲ့သည့်အတိုင်း ကွင်းကွင်းကွက်ကွက် ဖြစ်လာခဲ့ချေပြီ။ တစ်နှစ်ခွဲခန့်မျှပင် အချိန်ကာလ ကုန်လွန်သွားခဲ့ပြီဖြစ်သော်လည်း လျူကျင်းသည် အတွင်းအားစုစည်းခြင်း အဆင့် ၏ ပထမအဆင့်မှာတင် တန့်နေဆဲ ဖြစ်၏။ သူ၏ခန္ဓာကိုယ်အတွင်းရှိ နဂါးရိုးအပ် အဆိပ်ကို ထိန်းချုပ်ထားနိုင်ရန်အတွက် ထူးခြားဆန်းပြားလှသော ချီ စီးဆင်းမှုလမ်းကြောင်းကို ပံ့ပိုးပေးထားသည်မှာ အမှန်ပင်။ သို့သော်ငြားလည်း ထိုစီးဆင်းမှုလမ်းကြောင်းကြောင့်ပင် သူ၏ ကျင့်စဉ်တိုးတက်မှုနှုန်းမှာ အကြီးအကျယ် ထိခိုက်နှောင့်နှေးနေခဲ့ရတော့သည်။

လျူကျင်းသည် အသက်အရွယ်အားဖြင့် ငယ်ရွယ်နုနယ်သေးဆဲဖြစ်ကြောင်းကိုမူ ထည့်သွင်းစဉ်းစားရန် လိုအပ်ပေလိမ့်မည်။ သူ့အနေဖြင့် ယခုအချိန်အထိ အတွင်းအားစုစည်းခြင်း အဆင့်အဆင့်မှာပဲ ရှိနေသေးခြင်းက လက်ခံနိုင်ဖွယ်ရာ အခြေအနေတွင် ရှိပါသေး၏။ ရှောင်ဂိုဏ်း ၏ စံနှုန်းသတ်မှတ်ချက်များနှင့် တိုင်းတာမည်ဆိုလျှင်ပင် လျူကျင်း၏ လက်ရှိကျင့်စဉ်အဆင့်က အထာကျကျ အောင်မှတ်ရနိုင်စွမ်း ရှိသေးသည်ဟု ပြော၍ရသည်။

အဓိက ပြဿနာအရင်းအမြစ်သည် လျူကျင်း၏ ကျင့်စဉ်အဆင့်အတန်း နိမ့်ကျခြင်းကြောင့်မဟုတ်ပေ။ ထိုကျင့်စဥ်အဆင့်နိမ့်ကျသည်ထက်ဆိုးသော ကျင့်စဥ် တိုးတက်နှုန်း လုံးဝဥဿုံ ကွယ်ပျောက်သုဉ်းသွားခဲ့ခြင်း ဖြစ်သည်။ ဤအချက်ကို အရှေ့ဘက်ဆိပ်ကမ်းမြို့မှ လူများ သည်လည်း သတိမမူမိဘဲ ကျော်ဖြတ်မသွားခဲ့ကြချေ။

သူ့နောက်ကွယ်မှ အတင်းအဖျင်း တိုးတိုးတိတ်တိတ် ပြောဆိုသံများကတော့ တစတစ ကျယ်လာပြီဖြစ်သည်။

"အဲ့ကလေးကသနားစရာပဲကွာ ..."

“အော် ..တစ်ခါတလေကျရင်လည်း ဒီလိုပဲ ဖြစ်တတ်တာပါပဲ။ တချို့လူတွေကျတော့ ကျင့်စဉ် အတားအဆီးနဲ့ စောစောစီးစီး ရင်ဆိုင်ရပြီး ဘယ်တော့မှ ကျော်ဖြတ်မသွားနိုင်တော့ဘူးလေ”

“အင်း... ဒါကတော့ ဖြစ်မြဲဓမ္မတာပါပဲ။ သူ့အဖေရဲ့ လက်ရှိကျင့်စဉ်အဆင့်အရဆိုရင် သူ ဒီအဆင့်အထိ ရောက်လာတာကိုတင်ပဲ ကောင်းကင်ဘုံက ပေးတဲ့ဆုလို့ ကျေးဇူးတင်သင့်လှဘီ”

“ဟုတ်ပါ့... အနည်းဆုံးတော့ ဒီလိုဖြစ်သွားတာက သူ့ဘာအဆင့်လဲဆိုတာ ကောင်းကောင်းကြီး နားလည်သွားစေတာပေါ့။ ရှောင်ဂိုဏ်း က သူတို့ကို နည်းနည်းပါးပါး မျက်နှာသာပေးလိုက်တာနဲ့တင် အဲဒီသားအဖက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေကြတာကွ”

လျူကျင်း မြို့ထဲသို့ လမ်းလျှောက်ဖြတ်သန်းသွားတိုင်း ဤကဲ့သို့သော အတင်းအဖျင်း တိုးတိုးတိတ်တိတ် ပြောဆိုသံမျိုးစုံကို အမြဲမပြတ် ကြားနေခဲ့ရသည်။ သူ့ဘဝတွင် ဤကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်ဖြေရှင်းရသည်မှာ ယခုအကြိမ်သည် ပထမဦးဆုံးတော့ မဟုတ်ခဲ့ချေ။ လူများသည် ယခုအချိန်အထိပင် သူ့အဖေအကြောင်းကို ဟိုတစ်စ ဒီတစ်စ တီးတိုးအတင်းပြောနေကြဆဲ ဖြစ်၏။ လျူကျင်းအနေဖြင့် ထိုအခြေအနေကို ဘည်သို့ ရင်ဆိုင်ကျော်ဖြတ်ရမည်ဆိုသည်ကို ဟိုးကတည်းက သင်ယူကျင့်သားရခဲ့ပြီး ဖြစ်သည်။ ထိုစကားလုံးများမှာ မိမိ၏ဖခင်သည် မည်မျှအထိ အံ့သြချီးကျူးဖွယ်ကောင်းသော လူသားတစ်ဦးဖြစ်ကြောင်းကို စိုးစဉ်းမျှ သဘောမပေါက်နိုင်ကြသည့် လူအလူဖျင်းများ၏ အဓိပ္ပာယ်မဲ့ ပြောစကားများသာ ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့ကို စိတ်ထဲထား၍ အာရုံစိုက်နေရန် အကြောင်းရင်း လုံးဝမရှိပါချေ။ လျူကျင်းသည် ယခုကြားနေရသည့် အတင်းပြောသံများကိုလည်း ယခင်အတိုင်းပင် လျစ်လျူရှုထားနိုင်လိမ့်မည်ဖြစ်ကြောင်း ကောင်းကောင်းကြီး သိရှိထားသည်။ ဤလူများမှာ သူ အသက်ရှင်သန်ရေးအတွက် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော အဝီစိငရဲဆိုးကြီးကို ရုန်းကန်ကျော်ဖြတ်နေရသည်ကို စိုးစဉ်းမျှ မသိရှိကြသည့် လူအလူဖျင်းများသာ ဖြစ်ကြ၏။

သို့သော်ငြားလည်း... သူ၏ လက်သီးနှစ်ဖက်လုံးမှာမူ ဒေါသကြောင့် တင်းတင်းကြပ်ကြပ် ဆုပ်မိသွားခဲ့ရလေတော့သည်။

ဟုတ်ပေသည်၊ လျူကျင်းအနေဖြင့် ထိုအတင်းအဖျင်းစကားများကို လျစ်လျူရှုရန် သင်ယူနိုင်ပါလိမ့်မည်။ သို့သော် အချိန်တစ်ခုတော့ ပေးရပေဦးမည်။

“ညီလေး... ငါ့စိတ်ထင်တော့ ပတ်ဝန်းကျင်သစ်တစ်ခုခုနဲ့ ကြုံတွေ့လိုက်ရရင် မင်းအတွက် ပိုပြီး နေလို့ထိုင်လို့ ကောင်းသွားလိမ့်မယ် ထင်တယ်” ဟု ရှောင်နန်က ခပ်ပြတ်ပြတ်ပင် ဆိုလိုက်သည်။

“ငါနဲ့အတူ မြို့ပြင်ကို ရက်အနည်းငယ်လောက် ခရီးထွက်ကြည့်မလား”

“မြို့ပြင်ကို ခရီးထွက်မယ် ဟုတ်လား”

လျူကျင်း မျက်တောင်တခတ်ခတ်နှင့် ကြောင်သွားရ၏။ သူ ရှောင်နန်၏ မျက်နှာကို စိုက်ကြည့်လိုက်သော်လည်း တည်ကြည်လေးနက်မှုကလွဲ၍ အခြားဘာကိုမျှ မတွေ့ရချေ။ ရှောင်နန်သည် သူ့အားအတည်ပေါက်ခေါ်နေခြင်းဖြစ်သည် ။ ထိုလူငယ်သည် လျူကျင်းအား သူ၏တစ်သက်တာတွင် ပထမဦးဆုံးအကြိမ်အဖြစ် အရှေ့ဘက်ဆိပ်ကမ်းမြို့ ၏ ပြင်ပလောကကြီးကို သွားရောက်မြင်တွေ့နိုင်မည့် အခွင့်အရေးကို လမ်းဖွင့်ပေးနေခဲ့ခြင်း ဖြစ်သည်။

“ဦးလေး ရှောင်ကျန်းက ငါ့ကို 'လဆန်းမြို့ငယ်' မှာရှိတဲ့ တာဝန်တချို့ လုပ်ခိုင်းထားလို့ကွ ” ဟု ရှောင်နန်က ဆက်ပြောသည်။

“ငါ အဲဒီမှာရှိတဲ့ ရှောင်ဂိုဏ်း ရဲ့ ဂိုဏ်းခွဲဆီကို သွားပြီး ဦးလေးရဲ့ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရမှာ။ အဲလိုဆိုတော့ ထုံးစံအတိုင်း ဘယ်သူ့ကို ခေါ်သွားရမလဲဆိုတာ ငါ့သဘောအတိုင်း ရွေးချယ်ခွင့်ရှိတယ်။ ညီလေး... မင်းဟာလည်း ရှောင်ဂိုဏ်းရဲ့ အဖွဲ့ဝင်တပည့်တစ်ဦးပဲဥစ္စာ။ မင်းကို ငါနဲ့အတူ တစ်ပါတည်း ခေါ်သွားဖို့က ဘာပြဿနာမှ မရှိဘူး”

ရှောင်ဂိုဏ်း၏ အာဏာစက်စွမ်းပကားမှာ အရှေ့ဘက်ဆိပ်ကမ်းမြို့အတွင်း၌တင် ကန့်သတ်ထားခြင်း မဟုတ်ပါချေ။ ရှောင်ဂိုဏ်း၏ မဟာဗဟိုချက်မဂိုဏ်းချုပ်ကြီးမှာ အရှေ့ဘက်ဆိပ်ကမ်းမြို့တွင် တည်ရှိနေသည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ ဧကရာဇ်နိူင်ငံအတွင်းရှိ အခြားသော မြို့ပြများတွင်လည်း ဂိုဏ်းခွဲငယ် အမြောက်အမြားကို အခြေစိုက်ထားရှိသေးသည်။ ဤသည်မှာ ထူးခြားသောအချက်မဟုတ်ပေ။ ယွန်း မျိုးနွယ်စုသည်လဲ ထိုသို့ အတူတူပင် ဖြစ်သည်။ ထို့ကြောင့် ရှောင်နန်အနေဖြင့် ရှောင်ဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခုဆီသို့ သွားရောက်ရန် တာဝန်ပေးအပ်ခြင်း ခံရသည်ဆိုခြင်းမှာ ဖြစ်မြဲဓမ္မတာတစ်ခုသာ ဖြစ်ပေသည်။

သို့သော်ငြားလည်း ရှောင်နန်တစ်ယောက် ဤအစီအစဉ်ကို စကားဦးသန်းလာပုံမှာ သဘာဝကျလွန်းလှသဖြင့် သူသည် ကနဦးကတည်းက ဤကိစ္စကို ကြိုတင်စီမံတွက်ချက်ထားခြင်း ပေလော ဟူသည့်သံသယကိုမူ လျူကျင်း မတွေးတတ်အောင် ဖြစ်ရတော့သည်။

“အစ်ကိုကြီးရဲ့ ကမ်းလှမ်းချက်က ကျွန်တော့်အပေါ် တကယ်ပဲ စေတနာရှေ့ထားလွန်းပါတယ်”

လျူကျင်းက ဤခရီးစဉ်ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်မယ့် အကျိုးသက်ရောက်မှုတွေကို တွေးတောဆင်ခြင်ရင်း ဆိုလိုက်သည်။ ရှောင်နန်အနေဖြင့် သူ့ကို နောက်ကနေ တစ်ပါတည်း တကောက်ကောက် ခေါ်သွားမည်ဆိုပါက ထိုအပြုအမူကြောင့် ရှောင်ဂိုဏ်း ၏ ပါးစပ်ဖျားက ပါရမီရှင်တစ်ဦးအဖို့ အနည်းနှင့်အများဆိုသလို ဝေဖန်ကန့်ကွက်မှုအချို့ကို ရင်ဆိုင်ရပေလိမ့်မည်။ မိမိကို မြို့ပြ၏ ဖိအားဒဏ်များကြားမှ ခဏတာမျှ ရုန်းထွက်ခွင့်ရစေရန်အတွက် ရှောင်နန်က ထိုအရာများကိုပါ လိုလိုလားလား ရင်ဆိုင်ဝံ့သည်ဟူသော အချက်က လျူကျင်း၏ ရင်ထဲကို ကျေးဇူးတရားများဖြင့် ပြည့်နှံသွားစေသည်။

“ဒါပေမဲ့ ဒါက ကျွန်တော်တစ်ယောက်တည်း သဘောနဲ့ ချက်ချင်းဆုံးဖြတ်လို့ရတဲ့ ကိစ္စတော့ မဟုတ်ပါဘူး အစ်ကိုကြီး။ အဖေနဲ့ ဆရာကြီးဆီကနေ အရင်ဦးဆုံး ခွင့်ပြုချက် တောင်းရပါလိမ့်ဦးမယ်”

“အဲဒါအတွက် ဘာမှ စိတ်ပူနေစရာမလိုပါဘူး ညီလေးရယ်။ ငါ သူတို့နှစ်ယောက်လုံးနဲ့ ကြိုပြီး စကားပြောထားပြီးသားပါ”

“ဗျာ... ဘာပြောတယ်”

*****

“ဟုတ်တယ် သား ...အရင် ရက်ပိုင်းကပဲ သူ ဒီကိုလာပြီး အဲ့ဒီအကြောင်း လာပြောသွားတာ ”

ဟု သူ့ဖခင်ဖြစ်သူက ဆိုလိုက်သည်။ ယခုအချိန်တွင် ညဉ့်နက်သန်းခေါင်ယံအချိန်သို့ ရောက်ရှိနေပြီဖြစ်၍ ဆေးပင်ခူးသည့် တာဝန်ဝတ္တရားများ ပြီးဆုံးသွားခဲ့သည်ဖြစ်သည်။ အဆုံးသတ်တွင်မူ လျူကျင်းအနေဖြင့် မည်သည့်အရာကိုမဆို သဘောမတူမီ ဆရာဖြစ်သူနှင့် အရင်ဦးဆုံး တိုင်ပင်ရန် လိုအပ်ကြောင်း ရှောင်နန်ကို ပြောခဲ့ရာ ဆရာအစ်ကိုကြီးကလည်း ဤအချက်ကို လွယ်လွယ်ကူကူပင် လက်ခံပေးခဲ့ခြင်း ဖြစ်၏။

“သူက ဆရာကြီးနဲ့ တိုက်ရိုက်မတွေ့ဘဲ ဒီကိစ္စကို ဆရာကြီးဆီ တစ်ဆင့်ပြောပေးဖို့ အဖေ့ကိုပဲ တောင်းဆိုခဲ့တာ” လျူကျင်း၏ ဖခင်က စဉ်းစားတွေးတောနေသည့် အမူအရာဖြင့် ဆက်ပြောသည်။

“သူက ဆရာကြီးကို ရှောင်ကွင်းတဲ့နေရာမှာ တော်တော်လေး ပါးနပ်တယ်လို့ ပြောရမယ်။ သူတို့ ပထမဦးဆုံး စတင်ဆုံတွေ့ခဲ့ကြတဲ့ အချိန်ကလွဲရင် အဲ့ဒီနှစ်ယောက် တစ်ခန်းတည်းမှာ အတူတူရှိနေတာမျိုး အဖေ တစ်ခါမှ မမြင်ဖူးသေးဘူး”

ဆရာကြီးကျန်းက ဟားတိုက်၍ ရယ်မောလိုက်ရင်း “ဒါကတော့ အဲ့ဒီကောင်လေးမှာ အခြေအနေကို သိတတ်တဲ့ အမြော်အမြင် ရှိလို့ပေါ့ကွ” ဟု ဆိုကာ လျူကျင်းကို စိုက်ကြည့်လိုက်သည်။ “ဒါဟာ မင်းလည်း သူ့ဆီကနေ အတုယူ သင်ယူသင့်တဲ့ အချက်ပဲ”

ဤညသည် ဆေးခန်းအတွင်း၌ အလွန်ပင် တိတ်ဆိတ်အေးချမ်းလှသော ညတစ်ည ဖြစ်၏။ ဖခင်ဖြစ်သူသည် ဆရာကြီးကျန်းအတွက် ဆေးဝါးများကို ပြင်ဆင်ပေးနေခြင်း ဖြစ်သည်။ ယခုနောက်ပိုင်းတွင် ဆရာဖြစ်သူ ခံယူနေရသည့် ဆေးဝါးကုသမှု အကြိမ်အရေအတွက်မှာ ပိုမိုစိပ်လာကြောင်းကို လျူကျင်းတစ်ယောက် မချင့်မရဲနှင့် သတိပြုမိနေခဲ့ရသည်။

“ဒါဆို... ရှောင်နန် ပြောခဲ့တာတွေက အမှန်တရားပေါ့နော်” လျူကျင်းက လှမ်း၍ မေးလိုက်သည်။ သူ ရှောင်နန်အပေါ် သံသယဝင်နေ၍တော့ မဟုတ်ပါချေ။ ထိုလူငယ်သည် ဤကဲ့သို့သော လိမ်ညာလှည့်ဖြားမှုမျိုးကို ဘယ်သောအခါမှ ပြုလုပ်မည့်သူ မဟုတ်သည်ကို သိနေ၍ ဖြစ်၏။ “အဖေနဲ့ ဆရာကြီးက ကျွန်တော် မြို့ပြင်ကို ခရီးထွက်ဖို့ တကယ်ပဲ ခွင့်ပြုပေးကြတာလား ဟင်”

ဖခင်ဖြစ်သူက ခေါင်းညိတ်ပြလိုက်ရင်း

“သား က အခုတလော ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း ဖိအားပေး တွန်းအားပေးနေခဲ့တာလေ။ ကျင့်စဉ်သင်ယူမှုတွေနဲ့ ခဏတာ ဝေးကွာသွားတာက မင်းအတွက် ကောင်းကျိုး ဖြစ်မှာပါ ..၊စိတ်ပြေလက်ပျောက်လိုက်သွားပါ ” ဟု ဆိုသည်။

“အေး ကွ ..၊ မင်းလဲ မျက်စိပွင့်နားပွင့်အတွေ့အကြုံကောင်းကောင်းရတာပေါ့ကွာ ” ဟု သူ့ ဆရာကြီး ကျန်း ကလည်း ဝင်ပြောလေသည်။

“ဒီအသက်ဒီအရွယ်အထ မင်းရဲ့ တခြားမြို့တစ်မြို့ကိုတောင် မမြင်ဖူးသေးဘူးဆိုတာ ရှက်ဖို့ကောင်းတယ်ကွ ”

“တကယ်ပဲ သွားလို့ အဆင်ပြေပါ့မလား ဆရာကြီး” လျူကျင်းက မချင့်မရဲနှင့် ထပ်မံမေးမြန်းလိုက်မိတော့သည်။ “ကျွန်တော့်မှာ သင်ယူစရာတွေ အများကြီး ကျန်သေးတယ်၊ ပြီးတော့...”

“...ပြီးတော့ ငါ ဘယ်အချိန်မှာ ရုတ်ချည်း ဆုံးသွားမလဲ မသိနိုင်ဘူး... အဲဒါကို မင်းစိုးရိမ်နေတာမလားကွ ...”

ဆရာကြီးကျန်းက သူ့အားအကဲခတ်သလို မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း “အော် ဒီလိုထင်နေတာကိုး ” ဟုပြောလိုက်သည် ။

လျူကျင်း ခေါင်းငုံ့ချလိုက်မိသည်။ သူဆိတ်ဆိတ်နေသည်ကပင် ဝန်ခံရာရောက်နေသည်မဟုတ်ပါလား။

ဆရာကြီးကျန်းက သက်ပြင်းတစ်ချက် ချလိုက်ရင်း... လျူကျင်း၏ နဖူးကို ခပ်ဖွဖွလေး ခေါက်လိုက်လေတော့သည်။

“ငါ မကွယ်လွန်ခင် ငါ့ဆီက ပညာအားလုံး အကုန်သင်ယူနိုင်ဖို့အတွက် ဒီခရီးတိုကြာတာလောက်လေးကို မင်း နှမြောနေရင်တော့ ...အင်း မင်းက တော်တော် မတွေးတတ်မခေါ်တတ်တဲ့ ငတုံးကောင်ဖြစ်နေပီကွ ..”

ဆရာဖြစ်သူ၏ စကားလုံးများထဲတွင် ဒေါသတရား အရိပ်အယောင် စိုးစဉ်းမျှ မပါရှိချေ။ အမှန်တရားကို ခပ်အေးအေးပင် ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်၏။ ဖခင်ဖြစ်သူသည် ဆေးဝါးများကို ဖော်စပ်ပြင်ဆင်ပြီးသွားသဖြင့် ဆရာကြီးကျန်းထံသို့ အသာအယာ ကမ်းပေးလိုက်ရာ ဆရာကြီးက အငွေ့တထောင်းထောင်း ထွက်နေသော ဆေးခွက်ကို သူ၏ နှုတ်ခမ်းဝဆီသို့ တေ့၍ သောက်သုံးလိုက်တော့သည်။

ဖခင်ဖြစ်သူကလည်း ဝင်ရောက်၍ ဖေးမစကား ဆို၏။

“တစ်နေ့နေ့မှာတော့ ဆရာကြီး ကွယ်လွန်သွားရမှာပဲ။ ဒါက သူကိုယ်တိုင်တောင် ဘာမှမတတ်နိုင်တဲ့ ကိစ္စမဟုတ်သလို၊ ရှင်းရှင်းပြောရရင် မင်းနဲ့အဖေလည်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူး။ ဒါကို လက်ခံဖို့ ခက်ခဲလိမ့်မယ်ဆိုပေမဲ့ ဒီအမှန်တရားကို ဘယ်တော့မှ မျက်ကွယ်မပြုလိုက်နဲ့။ ဒါပေမဲ့ ဒီအချက်က မှန်နေတယ်ဆိုရုံနဲ့ မင်းရဲ့ စိတ်ရောကိုယ်ပါ နှစ်ရပ်လုံးအပေါ်မှာ မလိုအပ်ဘဲ အရမ်းကြီး ဖိအားတွေ ပေးနေစရာ မလိုပါဘူးကွာ”

မိမိ၏ဆရာက သေလုမျောပါး ဖြစ်နေသဖြင့် ထိုကျန်ရှိသော အချိန်အတောအတွင်းမှာတင် ဆရာ့ထံမှ ပညာရပ်အားလုံးကို တတ်နိုင်သမျှ ကုန်စင်အောင် သင်ယူရပေလိမ့်မည်။ ဤသည်က လွန်ခဲ့သော လပေါင်းများစွာကတည်းက လျူကျင်း စိတ်ထဲတွင် တစ်ထစ်ချ တည်ရှိနေခဲ့သော အတွေးအမြင် ဓမ္မတာ ဖြစ်၏။ လျူကျင်းသည် ဤအတွေးစကို ရင်ဝယ်ပိုက်ပြီး နေ့ရောညပါ မိမိကိုယ်ကိုယ် အစွမ်းကုန် တွန်းအားပေး နှိပ်စက်နေခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင်မူ ဖခင်ဖြစ်သူက ထိုသို့တွေးတောခြင်းမှာ မရှိသင့်မရှိထိုက်သော မှားယွင်းသည့် စိတ်နေသဘောထားတစ်ခုဖြစ်ကြောင်း သူ့ကို စနစ်တကျ လမ်းညွှန်ပြသပေးလိုက်ခြင်းပင် ဖြစ်တော့သည်။

“ကျွန်တော်... သဘောပေါက်ပါပြီ အဖေ”

“မဟုတ်ဘူးကွ ”

ဖခင်ဖြစ်သူ၏ ပြတ်သားလှသော အသံကြောင့် လျူကျင်းတစ်ယောက် အံ့အားသင့်သွားရ၏။

“မင်း တကယ်နားမလည်သေးဘူး သား။ မင်း စိတ်ထဲမှာ ဒီလက်တွေ့အမှန်တရားကို တွန်းကန်ချင်နေပြီး ကိုယ်ထိန်းချုပ်လို့မရတဲ့ အရာတခုပေါ်မှာ မျှော်လင့်ချက်တွေ အတင်းဆုပ်ကိုင်ထားတုန်းပဲ။ ဒါက သဘာဝကျပါတယ်... မင်းကို ဒီလိုမတွေးနဲ့လို့ တားရုံနဲ့လည်း မင်းစိတ်က ချက်ချင်းပြောင်းလဲသွားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ရှောင်လွှဲလို့မရတဲ့ အခြေအနေဆိုး တကယ်ဆိုက်ရောက်လာဘီထား ..၊ အခုလိုတွေးထားတာက မင်းကို ပိုပြီးတော့ပဲ ရင်ကျိုးရအောင် နာကျင်စေလိမ့်မယ်ကွ မင်းသဘောပေါက်လား..”

“ဟဲဟဲ...”

ဆရာကြီးကျန်းက မေးစေ့ကို ပုတ်ရင်း ရေရွတ်လိုက်သည်။

“အမ်မာ ..ထူးထူးဆန်းဆန်း သူ့သားသူ ဆူလို့ပါလား ..၊ ဒါနဲ့တောင် မင်းကများ ငါ့ကို ရက်စက်တဲ့ ဆရာလို့ ပြောရဲသေးတယ်”

“ဒါကမတူဘူးလေ ..၊ ကျွန်တော်က ကိုယ့်သားကိုယ် ဖခင်တစ်ယောက်ရဲ့ မေတ္တာအစစ်နဲ့ လမ်းမှန်ပြရုံ သက်သက်ပဲဗျ”

လျူကျန့်ကော်၏စကားကြောင့် ဆရာကြီးကျန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးမှ လျူကျင်းဘက်သို့ လှည့်လာခဲ့လေသည်။

“တပည့်ရေ... သေသေချာချာ နားထောင်စမ်း။ အမှန်အတိုင်းပြောရရင် မင်းရဲ့ ကျင့်စဉ်တိုးတက်မှုနှုန်းက အားရစရာကောင်းတဲ့ အခြေအနေထက်ကို ပိုနေပါသေးတယ်။ ဒါပေမဲ့ မင်းရဲ့ လက်ရှိကျန်းမာရေးအရ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးတွန်းအားနိုင်တဲ့နေရာမှာတော့ ကန့်သတ်ချက် ရှိတယ်ကွ။ ငါက မင်းကို ဘယ်လိုသင်ပေးရမလဲဆိုတာ မင်းဘက်က ဝင်စွက်ဖက်ခွင့် မရှိဘူး။ ဒါကြောင့် 'လဆန်းမြို့ငယ်' ကိုသာ အေးအေးဆေးဆေး ခရီးထွက်လိုက်စမ်းပါ။ အဲ့ဒီခရီးစဉ်က မင်းအတွက် အတွေးအမြင်အာရုံသစ်တွေကို ပေးလိမ့်မယ်။ အခုလောလောဆယ်တော့ အဲ့ဒီခရီးစဉ်ကိုပဲ မင်းရဲ့ ကျင့်စဉ်တစ်ခုလို့ သတ်မှတ်လိုက်တော့”

ဖခင်ဖြစ်သူ၏ ပြတ်သားသော သတိပေးဆုံးမမှုနှင့် ဆရာဖြစ်သူ၏ အမိန့်တော်ကြောင့် လျူကျင်းအနေဖြင့် ငြင်းဆန်ရန် အခွင့်အရေးမရှိတော့ဘဲ နာခံရန်သာ ရှိတော့၏။

“ကျွန်တော်... သဘောပေါက်ပါပြီ။” လျူကျင်းက ရိုသေစွာ ခေါင်းညိတ်လိုက်သည်။

“အဖေနဲ့ ဆရာကြီးတို့ရဲ့ ဆုံးဖြတ်ချက်အတိုင်းကျွန်တော် နာခံပါ့မယ်”

အော်...”

ဆရာကြီးကျန်းက တစ်စုံတစ်ရာကို ရုတ်ချည်း သတိရသွားသည့်အလား ရေရွတ်လိုက်သည်။ သို့သော်လည်း မိမိ၏ဆရာသည် အရေးကြီးသောအရာများကို မေ့လျော့တတ်သည့် လူစားမျိုးမဟုတ်ကြောင်း လျူကျင်း အသိဆုံးဖြစ်၏။

“မင်းကို အမြဲမပြတ် လေ့ကျင့်နေစေချင်တဲ့ အရာတစ်ခုတော့ ရှိသေးတယ်ကွ။ ငါ ဘာကို ဆိုလိုတာလဲဆိုတာ မင်း ကောင်းကောင်း သဘောပေါက်တယ် မဟုတ်လား”

လျူကျင်းအနေဖြင့် အချိန်ပေးပြီး အသည်းအသန် တွေးတောနေရန်မလိုပါ။ ဤသည်က လွန်ခဲ့သော ခြောက်လတာကာလပတ်လုံး ဆရာဖြစ်သူက သူ့ကို မနားမနေ ဇွတ်အတင်း လေ့ကျင့်ခိုင်းနေခဲ့သည့် အရာတစ်ခု ဖြစ်နေ၍ ဖြစ်၏။

“ဟုတ်ကဲ့... နားလည်ပါတယ် ဆရာကြီး”

“မင်း ခရီးက ပြန်ရောက်တဲ့ အချိန်ကျရင်တော့ အနည်းဆုံးတော့ အဲ့ဒီပညာရပ်ရဲ့ ပထမအဆင့်ကို အပိုင်ကျွမ်းကျင်လာလိမ့်မယ်လို့ ငါ မျှော်လင့်တယ်”

ဆရာကြီးကျန်းသည် ဤသို့ဖြင့် လျူကျင်းထံသို့ လာမည့် ရက်သတ္တပတ်များအတွင်း မဖြစ်မနေ အကောင်အထည်ဖော်ရမည့် ပန်းတိုင်အသစ်တစ်ခုကို ချမှတ်ပေးလိုက်ခြင်း ဖြစ်၏။ ယခုအချိန်အထိ သူ၏ ကျင့်စဉ်တိုးတက်မှုနှုန်းနှင့် ယှဉ်ကြည့်မည်ဆိုလျှင်မူ ဤတောင်းဆိုချက်သည် ဆရာတစ်ဦး၏ ကရုဏာတရား ဖြစ်နိုင်သလို... တစ်ဖက်ကကြည့်လျှင်လည်း ဘယ်လိုမှ မဖြစ်နိုင်လောက်အောင် ရက်စက်လွန်းလှသည့် တောင်းဆိုချက်တစ်ခုလည်း ဖြစ်နေပေတော့သည်။

“ဆရာကြီး မျှော်လင့်ချက်အတိုင်း ဖြစ်စေရပါ့မယ် စိတ်ချပါ”

ထိုသို့ဖြင့် ကိစ္စရပ်အားလုံးမှာ အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပြီး၊ သူတို့၏ စကားဝိုင်းသည်လည်း အခြားသော အကြောင်းအရာများဆီသို့ လှည့်ပြောင်းသွားခဲ့လေတော့သည်။

မည်သို့ပင် ဆိုစေကာမူ လျူကျင်းတစ်ယောက် သူ၏ တစ်သက်တာတွင် ပထမဦးဆုံးအကြိမ်အဖြစ် လျူကျင်းတစ်ယောက် အရှေ့ဘက်ဆိပ်ကမ်းမြို့ကြီး၏ အပြင်ဘက်သို့ ခြေချ ခရီးထွက်ရတော့မည် ဖြစ်ပေသည်။

All Chapters