← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆ ။ ခရီးလမ်း အစ။

“လဆန်းမြို့ငယ်ကို ရောက်ဖို့ ဘယ်လောက်တောင် လိုသေးလဲ အစ်ကိုကြီး။”

လျူကျင်းက ရှောင်နန်ကို လှမ်းမေးလိုက်သည်။

ယခုဆိုလျှင် ခရီးစဉ်၏ ဒုတိယမြောက်နေ့သို့ပင် ရောက်ရှိခဲ့ချေပြီ။ မွန်းတည့်ခေါင်မိုး နေမင်းက ကောင်းကင်ယံထက်တွင် ပြင်းထန်စွာ တောက်ပနေဆဲ ဖြစ်၏။ အရှေ့ဘက်ဆိပ်ကမ်းမြို့ကြီးမှာမူ ဝေးကွာလှသော နောက်ကွယ်တွင် ကျန်ရစ်ခဲ့သဖြင့် ရိပ်ရိပ်မျှပင် မမြင်ရတော့ချေ။ မျှော်လင့်မဆုံးနိုင်သော ကုန်းမြင့်ကုန်းလျော တောင်ကုန်းအနိမ့်အမြင့်များသာ မျက်စိတစ်ဆုံး တည်ရှိနေတော့သည်။ သူတို့ရှေ့က မြေသားလမ်းမကြီးမှာမူ အဆုံးအစမဲ့စွာ ရှည်လျားစွာ ဆန့်တန်းနေသည်။

“ငါတစ်ယောက်တည်းသာ သွားမယ်ဆိုရင်တော့ တစ်ရက်တည်းနဲ့ ရောက်နိုင်လိမ့်မယ် ထင်တယ်” ရှောင်နန်က မေးစေ့ကို ပွတ်သပ်ရင်း ပြန်ဖြေသည်။

“ဒါပေမဲ့ အခုလို ညီလေးနဲ့အတူ သွားနေတာဆိုတော့ ဒီအရှိန်အတိုင်းသာ ဆက်သွားရင် ငါးရက်လောက်တော့ ကြာလိမ့်မယ် ထင်ပါရဲ့”

ရှောင်နန်၏ စကားလုံးများထဲတွင် မကျေနပ်သော အရိပ်အယောင် စိုးစဉ်းမျှ မပါရှိကြောင်း လျူကျင်း ကောင်းစွာသိရှိထားသည်။ သူတို့နှစ်ဦးကြားက ကျင့်စဉ်စွမ်းရည် ကွာခြားချက်မှာ ဤမျှအထိ ကြီးမားလွန်းလှသဖြင့် ဟန်ဆောင်နေရန် အကြောင်းမရှိပါချေ။ ရှောင်နန်အနေဖြင့် လဆန်းမြို့ငယ်သို့ နာရီပိုင်းအတွင်း ရောက်ရှိနိုင်ပါလျက်နှင့် ယခုကဲ့သို့ နှိမ့်ချကာ ပြောဆိုနေခြင်း ဖြစ်သည်ဆိုလျှင်ပင် လျူကျင်းတစ်ယောက် အံ့သြမိမည် မဟုတ်တော့ပေ။

“ကျွန်တော်တို့ အရှိန်မြှင့်ပြီး သွားမယ်ဆိုရင် အချိန်ကို တစ်ဝက်လောက် လျှော့ချနိုင်လိမ့်မယ် ထင်တယ် အစ်ကိုကြီး။” ဟု လျူကျင်းက အလျင်စလို အကြံပြုလိုက်သည်။

သူသည် ရှောင်နန်၏ အရည်အချင်းကို မမီနိုင်သော်လည်း ကျင့်ကြံသူတစ်ဦး ဖြစ်သည်မှာ မှန်ပေ၏။ အတွင်းအားစုစည်းခြင်း အဆင့် အဆင့်သည် ကျင့်ကြံခြင်းနယ်ပယ်အားလုံးတွင် အနိမ့်ဆုံးမှ ရေတွက်လျှင် ဒုတိယမြောက်အဆင့်သာ ဖြစ်သော်လည်း၊ မနားမနေ သုတ်ခြေတင် ပြေးလွှားနိုင်မည့် သက်လုံမျိုးကမူ လျူကျင်းအတွက် မခက်ခဲလှပါချေ။

ယခုအချိန်တွင် လျူကျင်းအနေဖြင့် ရှောင်နန်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု မဖြစ်ချင်ပါ။ ရှောင်နန်က သူ့ကို ဤခရီးစဉ်တွင် တစ်ပါတည်း ခေါ်ဆောင်လာပေးသည်ကိုတင်ပဲ လုံလောက်လှပါပြီ။ မိမိကြောင့်နှင့် ရှောင်နန်၏ ကိစ္စရပ်များ နှောင့်နှေးကြန့်ကြာသွားမည်ကို သူ မလိုလားချေ။

“အဲ့လိုမျိုး အလျင်စလို သွားမယ်ဆိုရင် လမ်းခရီးက လှပတဲ့ မြင်ကွင်းတွေကို ငေးမောကြည့်ရှုနိုင်တော့မှာ မဟုတ်ဘူး ညီလေး။”

ရှောင်နန်က ပြုံးလျက်... သူတို့ပတ်ဝန်းကျင်ရှိ စိမ်းလန်းစိုပြည်သော မြက်ခင်းပြင်ကြီးကို လက်ဟန်ခြေဟန်ဖြင့် ညွှန်ပြရင်း ဆိုလိုက်သည်။

“လောကရဲ့ သဘာဝ အလှတရားတွေကို ခံစားဖို့အတွက် အချိန်ပေးရတယ်ကွ။ တကယ်လို့ ငါသာ လဆန်းမြို့ငယ်ကို အမြန်ဆုံးရောက်ဖို့ပဲ စိတ်စောနေမယ်ဆိုရင်... မင်းကို ငါ့ပခုံးပေါ် ထမ်းပြီးတော့တင် ဟိုးကတည်းက ပြေးသွားမိမှာပေါ့။”

လျူကျင်းသည် ထိုမြင်ကွင်းကို စိတ်ကူးထဲတွင် ပုံဖော်ကြည့်လိုက်ပြီး ခဏမျှ ကြောက်လန့်တုန်လှုပ်သွားရ၏။ ဤအပြုအမူက တကယ့်ကို ရှက်စရာကောင်းလွန်းလှသည်။ ရှောင်နန်အနေဖြင့် ဤသို့လုပ်ဆောင်နိုင်စွမ်း အပြည့်ရှိရုံတင်မကဘဲ လုပ်ဆောင်သည့်အခါတွင်လည်း မျက်တောင်တစ်ချက်ခတ်လိမ့်မည်မဟုတ်ဟူသော အချက်က ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေတော့သည်။ ထို့ကြောင့် လျူကျင်းသည် ပါးစပ်ကို ပညာရှိရှိပင် ပိတ်ထားလိုက်တော့၏။

“ဒါပေမဲ့...”

ရှောင်နန်က ရုတ်ချည်း စကားစပ်လိုက်ရင်း “ညီလေးသာ မြေကျုံ့ကျင့်စဉ် ကို တတ်ထားမယ်ဆိုရင်တော့ လဆန်းမြို့ငယ်ကို သုံးရက်တည်းနဲ့ သာသာယာယာ ရောက်နိုင်တာပေါ့” ဟု ဆိုလိုက်သည်။

“မြေကျုံ့ကျင့်စဉ် ဟုတ်လား။”

လျူကျင်းက ခေါင်းကို တစ်ဖက်သို့ စောင်းရင်း လှမ်း၍ ရေရွတ်မိသည်။ ထိုဝေါဟာရကို အာရုံထဲတွင် ပြန်လည်မှတ်မိရန် ခဏမျှ အချိန်ယူလိုက်ရ၏။

“အဲ့ဒါက ရှောင်ဂိုဏ်း နာမည်ကျော် အထင်ကရ သိုင်းကွက်ခြေလှမ်းပညာ မဟုတ်ဘူးလား အစ်ကိုကြီး။ ဒီလိုသိုင်းကွက်မျိုးကို ဂိုဏ်း အတွင်းစည်းတပည့်တွေနဲ့ ကျင့်စဥ်အဆင့်မြင့်တဲ့သူတွေကိုပဲ သင်ပေးတာလေ... ကျွန်တော့်လို အပြင်စည်းတပည့် တွေကို သင်ပေးတာမှ မဟုတ်တာ”

ရှောင်နန်က သက်ပြင်းတစ်ချက် ချလိုက်သည်။

“ဟာကွာ..ငါ့ညီလေးကလည်း... အဲ့ဒီလို ကန့်သတ်ချက်တွေကို စိတ်ထဲသိပ်ထည့်မနေပါနဲ့။ သိုင်းကွက်ခိုးကျင့်တယ်ဆိုတာ သူများမသိရင် ပြီးတာပဲကွ... ဒါက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပဲ” ဟု ရှောင်နန်က သူ၏ အာရုံကို လေးနက်စေရန် လက်ညှိုးတစ်ချောင်း ထောင်ပြရင်း ရှင်းပြသည်။

“မြေကျုံ့ကျင့်စဉ်ကို အတွင်းစည်းတပည့် တွေကိုပဲ သင်ပေးတယ်ဆိုပေမဲ့ ဒီသိုင်းကွက်က သိပ်မခက်ဘူးကွ ပြောရရင်... ရှောင်ဂိုဏ်းထဲမှာ ခိုးကျင့်ဖို့အလွယ်ဆုံး သိုင်းကွက်တွေထဲက နံပါတ်တစ်ပဲကွ”

လျူကျင်း မျက်တောင်တခတ်ခတ်ဖြင့် အံ့အားသင့်သွားရ၏။

“အဲ့ဒီလို အဆင့်သတ်မှတ်ချက်မျိုးလည်း ရှိတာလား။”

“ရှိတာပေါ့ ညီလေးရယ်... အဲ့ဒါ ငါကိုယ်တိုင် သတ်မှတ်ထားတာကွ ဟားဟား..” ရှောင်နန်က သူ့ကိုယ်သူ တကယ့်ကို ဂုဏ်ယူဝင့်ကြွားနေသည့် လေသံဖြင့် ဆိုလိုက်သည်။

“လေဟာနယ်လက်သီး က ခိုးဖို့ အခက်ဆုံးပဲ... မြေကျုံ့ကျင့်စဉ် ကတော့ အလွယ်ဆုံးပေါ့”

ရံဖန်ရံခါတွင် လျူကျင်းသည် ရှောင်ဂိုဏ်း၏ ဂိုဏ်းတွင်းတပည့်များ သိုင်းပြိုင်နေကြသည်ကို မြင်တွေ့ရတတ်၏။ ထိုသို့ ပြိုင်ဆိုင်သည့်အခါမျိုးတွင် ဂိုဏ်းပြင်ပတပည့်များမှာလည်း ဘေးမှ ဝိုင်းအုံကြည့်ရှုလေ့ ရှိကြသည်။ မြေကျုံ့ကျင့်စဉ်မှာ ထိုသိုင်းပြိုင်ပွဲများတွင် အတွေ့ရများသော်လည်း လေဟာနယ်လက်သီး ကိုမူ မြင်တွေ့ရခဲလှသည်။ လေဟာနယ်လက်သီး ဟူသည်မှာ လျူကျင်းအနေဖြင့် တိုးတိုးတိတ်တိတ် ပြောဆိုသံများကြားမှသာ ကြားဖူးသည့် သိုင်းကွက်တစ်ခု ဖြစ်သည်။ ကောလာဟလများအရ ထိုသိုင်းကွက်ကို ရှောင်ဂိုဏ်း၏ ဂိုဏ်းအမွေခံတပည့် ရင်းများကိုသာ သီးသန့်သင်ကြားပေးသည်ဟု ဆိုကြသည်။

“သေသေချာချာ ချင့်တွက်ကြည့်ရင် မြေကျုံ့ကျင့်စဉ်ဆိုတာ ရိုးရှင်းတဲ့ ခြေလှမ်းသိုင်းကွက်တစ်ခုပါပဲကွာ”

ရှောင်နန်က ပခုံးတစ်ချက် ပင့်ရင်း ဆိုလိုက်သည်။ သူ ဤသို့ ပြောလိုက်သည်နှင့် တပြိုင်နက် ရှောင်နန်၏ ပုံရိပ်က ဝုန်းခနဲ ပျောက်ကွယ်သွားပြီး လျူကျင်းနှင့် သုံးမီတာခန့်အကွာတွင် ရုတ်ချည်း ပြန်လည်ပေါ်ထွက်လာခဲ့၏။

“တွေ့လား...”

ရှောင်နန်က လျူကျင်း၏ ဘေးနားတွင် လွယ်လွယ်ကူကူပင် ပြန်လည်ပေါ်လာရင်း ဆိုသည်။

“ဒါက ထူးထူးခြားခြားကြီး မဟုတ်ပါဘူး။ ယွန်းဂိုဏ်း မှာလည်း နာမည်သာ ကွဲတာ... ဒီလိုမျိုး သိုင်းကွက်အလားတူတခု ရှိတာပဲ။ ဒီနိူင်ငံထဲက မဟာဂိုဏ်းကြီးတွေနဲ့ မျိုးနွယ်စုကြီးတွေမှာ အနည်းဆုံးတော့ ခြေလှမ်းသိုင်းကွက်တစ်ခုစီ ရှိကြတာချည်းပဲ။ မရှိတဲ့သူတွေကလည်း မကြာခင်မှာ သူများဆီက ခိုးယူပြီး သူတို့ကိုယ်တိုင် တီထွင်ခဲ့တာပါလို့ အရှက်မရှိ အပိုင်စီးကြတာပေါ့”

ရှောင်နန်က မြေကျုံ့ကျင့်စဉ်ကို နောက်တစ်ကြိမ် ထပ်မံပြသလိုက်ပြန်သည်။

“ငါ ရဲရဲကြီး အာမခံဝံ့တာကတော့ ညီလေးလည်း ဒါကို အလွယ်တကူ တတ်မြောက်နိုင်လိမ့်မယ်။ ငါ ခြေလှမ်းရွှေ့လိုက်တဲ့အချိန်မှာ ငါ့ရဲ့ ချီ စီးဆင်းမှုလမ်းကြောင်းကိုပဲ အာရုံစိုက်ပြီး ကြည့်ထားလိုက်စမ်းပါ”

ထပ်မံ၍ တစ်ချက် ပြသလိုက်ပြန်၏။

“ငါ စိတ်ချလက်ချ အာမခံရဲတယ်... ညီလေးအနေနဲ့ ဒါကို နှစ်ခေါက်သုံးခေါက်လောက် ကြည့်လိုက်ရုံနဲ့တင် ကောင်းကောင်းကြီး သဘောပေါက်သွားလိမ့်မယ်”

ထပ်မံ၍ တစ်ချက် ပြသလိုက်ပြန်သည်။

“အဲ့ဒီနောက်ပိုင်းကျရင်တော့ ကျင့်သားရအောင် လေ့ကျင့်ဖို့ပဲ လိုတော့တာပေါ့”

“အစ်ကိုကြီး...”

လျူကျင်းက တည်ကြည်လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။

“ကျွန်တော်ကတော့ ရှောင်ဂိုဏ်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရိုရိုသေသေ လိုက်နာချင်ပါတယ်။ ကျွန်တော့်အတွက်နဲ့ အဲ့ဒီစည်းကမ်းတွေကို ဖောက်မှာ အားနာစရာကြီး..၊ မလုပ်ပါနဲ့ဗျာ”

ရှောင်နန်က သူ့အားသနားလေဟန် စုတ်တသပ်သပ်လုပ်လိုက်သည်။

“ညီလေးကတော့ လူရိုးပဲဟေ့..မင်းသာ စိတ်ကို နည်းနည်းပါးပါး လျှော့ချပြီး မိတ်ဆွေအပေါင်းအသင်း တချို့လောက် ထားခဲ့မယ်ဆိုရင်... တစ်ယောက်ယောက်က ဒီသိုင်းကွက်ကို မင်းကို ဟိုးကတည်းက ခိုးသင်ပေးပြီးသား ဖြစ်မှာ။ တကယ်ပါပဲ... ဒီနေရာမှာတော့ မင်းနဲ့ ရှောင်ဖန်က တစ်ပုံစံတည်း တူတာပဲ။ သူကလည်း မိတ်ဆွေသူငယ်ချင်း ဖွဲ့တတ်အောင် သင်ယူဖို့ လိုနေတာကွ”

လျူကျင်းအနေဖြင့် ဤစကားကို ဘာမှ ပြန်မပြောနိုင်တော့ပါချေ။ အဘယ်ကြောင့်ဆိုသော် ဤပြောစကားများမှာ သူ၏ တစ်ဦးတည်းသော မိတ်ဆွေစစ်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သောကြောင့်ပင်။

“ကျွန်တော့်ဘက်က အခြေအနေကို ခဏဖယ်ထားဦးတော့... ရှောင်ဖန်ရဲ့ ဘေးပတ်ပတ်လည်မှာတော့ လူတွေ အမြဲတမ်း ဝိုင်းအုံနေတာပဲ မဟုတ်ဘူးလား အစ်ကိုကြီး”

“ရှိတာပေါ့... ဒီကောင်က ရှောင်ဂိုဏ်းရဲ့ အမွေဆက်ခံသူပဲဥစ္စာ ညီလေးရယ်” ရှောင်နန်က ခေါင်းညိတ်ရင်း ဆိုသည်။

“သူ့ဘေးမှာ လူတွေ အမြဲဝိုင်းနေတာ မဆန်းပါဘူး။ ဒါပေမဲ့ အဲ့ဒီလူတွေက ရှောင်ဖန်ရဲ့ နောက်ခံအရှိန်အဝါကြောင့် ကပ်နေကြတာ... သူတို့ အသိအမှတ်ပြုတာက အဲ့ဒီဂုဏ်ပုဒ်တစ်ခုတည်းပဲ။ တကယ်လို့ ရှောင်ဖန်ဆိုတဲ့ လူသက်သက်ရဲ့ ဖြစ်တည်မှုကို စစ်စစ်မှန်မှန် အသိအမှတ်ပြုတဲ့ မိတ်ဆွေစစ်အကြောင်း ပြောမယ်ဆိုရင်တော့... သူ့မှာ တစ်ယောက်မှ မရှိဘူးလို့ ပြောရမယ်”

ရှောင်နန်၏ စကားကြောင့် လျူကျင်း ခေတ္တမျှ စဉ်းစားတွေးတောမိသွား၏။ မိမိမှတ်မိသမျှ ကာလပတ်လုံး ရှောင်ဖန်သည် လူတိုင်း အားကျမနာလိုရသည့် အဆင့်အတန်းတစ်ခုတွင် ရှိနေခဲ့သည်။ အာဏာ၊ စည်းစိမ်ဥစ္စာနှင့် ရိုသေခန့်ညားမှု... အရာအားလုံးကို ရှောင်ဖန် အမြဲပိုင်ဆိုင်ထားခဲ့သည်။ လျူကျင်းတစ်ယောက်တည်း အထီးကျန်ရပ်တည်နေရချိန်တွင် ရှောင်ဖန်၏ နောက်ကွယ်၌မူ လူအများအပြား အမြဲတစေ ရှိနေခဲ့သည် မဟုတ်ပါလား။

သို့သော်လည်း ရှောင်နန်က ယခုကဲ့သို့ ထောက်ပြလိုက်သည့်အခါတွင်မူ လျူကျင်းတစ်ယောက် ရှောင်ဖန်အပေါ် စိတ်ထဲတွင် အနည်းငယ် သနားစရာကောင်းလှသည်ဟု တွေးတောမကူနိုင်အောင် ဖြစ်ရတော့သည်။

“ငါ့စကားကို အထင်မလွဲနဲ့ဦး ညီလေး”

ရှောင်နန်က ထပ်လောင်းဆိုသည်။

“ကိုယ့်ဖြစ်တည်မှုထက် ကိုယ့်ရာထူးအာဏာအပေါ် သစ္စာစောင့်သိတဲ့လူတွေ ရှိနေတာက အပြစ်တော့ မဟုတ်ပါဘူး။ အခြေအနေပေါ်မူတည်ပြီး အဲ့ဒီလိုလူတွေက ပိုတောင် အသုံးဝင်သေးတယ်။ ဒါပေမဲ့ ကြီးကျယ်တဲ့ အောင်မြင်မှုကို ရဖို့ဆိုရင် လူတစ်ယောက်မှာ အဲ့ဒီနှစ်မျိုးစလုံး ရှိရမယ်ကွ။ ရှောင်ဖန်အနေနဲ့ ဒါကို နားမလည်ဘဲ ကြိုးစားအားထုတ်မှု မရှိသရွေ့တော့... ငါတို့ ရှောင်ဂိုဏ်းဟာ ဒီဧကရာဇ်နိူင်ငံထဲက မဟာဂိုဏ်းကြီးတွေကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

ရှောင်နန်အနေဖြင့် အရှေ့ဘက်ဆိပ်ကမ်းမြို့ပြင်ပရှိ သိုင်းဂိုဏ်းကြီးများအကြောင်းကို စကားထဲညှပ်၍ ပြောလာခြင်းမှာ ယခုနှင့်ဆိုလျှင် ဒုတိယအကြိမ်မြောက် ရှိခဲ့ချေပြီ။ မြို့ပြ၏ အတားအဆီးများမှ ရုန်းထွက်လာရခြင်းက ရှောင်နန်အား လောကကြီးကို ဤထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် မြင်ကြည့်ရန် တွန်းအားပေးလိုက်ခြင်းကြောင့်လည်း ဖြစ်ပေလိမ့်မည်။ ထိုစကားများကြောင့်ပင် လျူကျင်း၏ အာရုံထဲ၌ တစ်စုံတစ်ရာကို ရုတ်ချည်း သတိရသွားစေခဲ့၏။

“ဒါနဲ့...” လျူကျင်းက အမှတ်ရသွားသည့်အလား စကားဆိုလိုက်သည်။

“အစ်ကိုကြီး... လွန်ခဲ့တဲ့ လပိုင်းက မြို့ပြင်မှာကျင်းပတဲ့ မဟာသိုင်းပြိုင်ပွဲကြီးကို သွားခဲ့တယ် မဟုတ်လား”

ဤအချက်ကပင် လွန်ခဲ့သော လအနည်းငယ်က လျူကျင်းနှင့် ရှောင်နန်တို့ မဆုံဖြစ်ခဲ့ကြသည့် အဓိကအကြောင်းရင်း ဖြစ်ပေသည်။ ထိုစဉ်က ရှောင်နန်သည် အရှေ့ဘက်ဆိပ်ကမ်းမြို့တွင် ရှိမနေခဲ့ချေ။ ရှောင်ဂိုဏ်းက သူ့အား ဧကရာဇ်နိူင်ငံတော်တွင် ကျင်းပသည့် မဟာသိုင်းပြိုင်ပွဲကြီးသို့ စေလွှတ်ခဲ့ခြင်း ဖြစ်၏။ လျူကျင်းအနေဖြင့် မြို့ထဲကလူများ၏ ရင်ခုန်စိတ်လှုပ်ရှားစွာ တီးတိုးပြောဆိုသံများကြားမှပင် ဤသတင်းကို အလုံအလောက် ကြားသိထားခဲ့ရပြီး ဖြစ်သည်။

“မြို့ပြင်က သိုင်းပြိုင်ပွဲကြီး ဟုတ်လား ဟားဟား” ရှောင်နန်က ဟားတိုက်၍ ရယ်မောလိုက်၏။

“ညီလေးကတော့ ကိစ္စအကြီးကြီးတွေကို သာမန်အသေးအဖွဲလေးလို ပြောတတ်တာ တကယ့်ကို ဝါသနာပါတာပဲကွ”

“အဲ့ဒီပွဲက အဲ့လောက်တောင် အရေးကြီးလို့လား အစ်ကိုကြီး”

“အရမ်း အရေးကြီးတာပေါ့ကွာ။”

ရှောင်နန်က ခေါင်းညိတ်လိုက်သည်။ သူ၏မျက်နှာထားက ထုံးစံမဟုတ်ဘဲ ရုတ်ချည်း တည်ကြည်လေးနက်သွား၏။

“လေးနှစ်တစ်ကြိမ် ဧကရာဇ်မင်းမြတ်ကိုယ်တိုင် မင်းနေပြည်တော်မှာ မဟာသိုင်းပြိုင်ပွဲကြီးကို ကျင်းပလေ့ရှိတယ်ကွ..၊ အသက် နှစ်ဆယ့်တစ်နှစ်အောက် ကျင့်ကြံသူတွေပဲ ဝင်ပြိုင်ခွင့်ရှိတာ။ ဒါဟာ အင်ပါယာတစ်ခုလုံးမှာ အခမ်းနားဆုံး မဟာသိုင်းပွဲကြီးပဲကွ။ မဟာအင်အားစုကြီး တိုင်းကလည်း သူတို့ရဲ့ ထိပ်သီးအကျဆုံး ပါရမီရှင်တွေကိုပဲ စေလွှတ်ပြီး ယှဉ်ပြိုင်စေကြတာ။ ငါတို့ရဲ့ ဒီအရှေ့ဘက်ဆိပ်ကမ်းမြို့က သိုင်းပြိုင်ပွဲလေးနဲ့ဆိုရင်တော့ နှိုင်းယှဉ်ဖို့ စိတ်ကူးတောင် မယဉ်ဝံ့စရာပဲ။”

“အခမ်းနားဆုံး ဟုတ်လား။”

လျူကျင်းက မေးလိုက်သည်။ သူ ရှောင်နန်၏ စကားကို သံသယမဝင်မိပါ။ မိမိတို့မျိုးဆက်၏ ထိပ်သီးပါရမီရှင်များ စုဝေးမည့် သိုင်းပြိုင်ပွဲကြီးဆိုသည်မှာ လျူကျင်းအနေဖြင့် စိတ်ကူးထဲတွင်ပင် ပုံဖော်ရန် ခက်ခဲလှသော်လည်း စိတ်ထဲ၌ တစ်စုံတစ်ရာကို ထူးဆန်းနေမိသည်။

“သက်တမ်းရင့် ကျင့်ကြံသူတွေ ဝင်ပြိုင်တဲ့ပွဲကမှ ပိုပြီး ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းမျိုး ဖြစ်မနေဘူးလား အစ်ကိုကြီး။”

ရှောင်နန်သည် အစွမ်းထက်လှသည်။ ဤအချက်ကို လျူကျင်း ကောင်းစွာသိရှိထား၏။ သို့သော်လည်း ရှောင်နန်နှင့် ရှောင်ဂိုဏ်းချုပ် ရှောင်ကျန်းတို့ထဲတွင် မည်သူက ပို၍အစွမ်းထက်သနည်းဟူသော အချက်ကမူ သံသယဝင်နေရန်ပင် မလိုပါချေ။ ဤသည်က လောကဓမ္မတာပင် မဟုတ်ပါလား။ သက်တမ်းရင့် ကျင့်ကြံသူများက ပိုမိုအစွမ်းထက်လာစေရန် အချိန်ပိုမိုရရှိခဲ့ကြသည်သာဖြစ်သည်။

ရှောင်နန်သည် အရှေ့ဘက်ဆိပ်ကမ်းမြို့တွင် မိမိတို့မျိုးဆက်၌ အစွမ်းထက်ဆုံး ဖြစ်နိုင်သော်လည်း... လူကြီးများကြားတွင်မူ သူ့ထက် အစွမ်းထက်သည့်သူများစွာ ရှိနေသေးသည်သာ ဖြစ်၏။

“အဲ့လိုမျိုး သိုင်းပြိုင်ပွဲသာ ရှိရင်တော့ တကယ့်ကို ကြီးကျယ်ခမ်းနားလွန်းလို့ ငါကိုယ်တိုင်တောင် စိတ်ကူးထဲ ပုံဖော်နိုင်မှာ မဟုတ်ဘူး ညီလေး။ ဒါပေမဲ့ အဲ့ဒီလို သိုင်းပြိုင်ပွဲမျိုးဆိုတာ လောကမှာ မရှိဘူးကွ။”

ရှောင်နန်၏ စကားကြောင့် လျူကျင်း မျက်မှောင်ကြုတ်လျက် အံ့အားသင့်သွားရ၏။

“သေသေချာချာ စဉ်းစားကြည့်စမ်း ညီလေး။ တကယ်လို့ ဦးလေးသာ သူနဲ့ မတိမ်းမယိမ်းအဆင့်ရှိတဲ့ ပြိုင်ဘက် တစ်ယောက်နဲ့ မြို့ထဲမှာ တိုက်ခိုက်ကြမယ်ဆိုရင်... ဦးလေးဘက်က ဘယ်လောက်ပဲ သတိထားပါစေဦးတော့ သိုင်းကွက် ငါးကွက်အတွင်းမှာတင် မြို့ကြီးတစ်ခုလုံး ဇာတ်သိမ်းသွားလိမ့်မယ်။ ဦးလေးက အစွမ်းထက်တယ်ဆိုပေမဲ့ အင်ပါယာတစ်ခုလုံးမှာတော့ အင်အားအကြီးဆုံး မဟုတ်ဘူး။ ငါ အခုလို အပြင်မှာ ထုတ်ပြောတာကို ဦးလေးသိရင် သဘောကျမှာ မဟုတ်ပေမဲ့... သူဟာ အင်ပါယာရဲ့ ထိပ်သီးအယောက် (၁၀) ယောက် မဆိုထားနဲ့ အယောက် (၅၀) အတွင်းမှာတောင် ပါဝင်မှာ မဟုတ်ဘူးကွ။”

လျူကျင်းသည် ရှောင်နန်၏ စကားကို ပြန်လည်တွေးဆကြည့်မိ၏။ မိမိသိသမျှ အစွမ်းထက်ဆုံး ပညာရှင်ကို စဉ်းစားကြည့်ရန် ကြိုးစားလိုက်စဉ်မှာပင်... အာရုံထဲ၌ ကိုးခေါင်းနဂါးမြွေနတ်ဘုရားကြီး ၏ ပုံရိပ်က ဝုန်းခနဲ ပေါ်လာသဖြင့် လျူကျင်းတစ်ယောက် ကြက်သီးတဖြန်းဖြန်း ထသွားရတော့သည်။ မဟုတ်သေးပါချေ... ထိုနတ်ဘုရားကြီး၏ စွမ်းအား တစ်ထောင်ပုံတစ်ပုံမျှသာ ရှိသည့် ကျင့်ကြံသူတစ်ဦး တိုက်ခိုက်လျှင်ပင် မြို့ပြတစ်ခုလုံးကို မြေလှန်ဖျက်ဆီးပစ်ရန် အလွန်လွယ်ကူလှပေသည်။ အကယ်၍ ထိုကဲ့သို့သော မဟာပညာရှင် ထောင်ပေါင်းများစွာကို တစ်နေရာတည်းမှာ စုစည်းပြီး သတ်ကွင်းဖွင့်ခိုင်းမည်ဆိုပါက ဤအင်ပါယာကြီးတစ်ခုလုံး လုံးဝဥဿုံ ပျက်သုဉ်းသွားရပေလိမ့်မည်။

ရှောင်နန်က လျူကျင်း တုန်လှုပ်သွားသည်ကို မြင်သောအခါ ခေါင်းညိတ်လျက် ဆို၏။

“တွေးကြည့်ရုံနဲ့တင် ကြောက်စရာကောင်းတယ် မဟုတ်လား။ အဲ့ဒါကြောင့်မို့လို့ပဲ 'ပတ္တမြားတိမ်တိုက် မဟာသိုင်းပြိုင်ပွဲ' မှာ အသက် နှစ်ဆယ့်တစ်နှစ်အောက် ကျင့်ကြံသူတွေကိုပဲ ယှဉ်ပြိုင်ခွင့်ပြုတာပေါ့။ အင်ပါယာအတွင်းက မဟာအင်အားစုကြီး အားလုံးကလည်း ဘယ်သူက အားကြီးပြီး ဘယ်သူက အားနည်းသလဲဆိုတာကို ဘေးကင်းကင်းနဲ့ ဆုံးဖြတ်နိုင်ဖို့ သူတို့ရဲ့ ထိပ်သီးတွေကိုပဲ အဲ့ဒီပွဲဆီ စေလွှတ်ကြတာ။ ဆိုတော့... ထုံးစံအတိုင်း ငါ့ကိုလည်း ရှောင်ဂိုဏ်းရဲ့ ကိုယ်စားလှယ်အဖြစ် အကြီးအကဲတွေက ရွေးချယ်ပြီး စေလွှတ်ခဲ့တာပေါ့”

ရှောင်နန်က ခဏမျှ စဉ်းစားပြီးနောက် လက်ညှိုးနှင့် လက်ခလယ် နှစ်ချောင်းကို ထောင်ပြလိုက်၏။

“အမှန်တော့ တခြားသူ နှစ်ယောက်လည်း ပါသေးတယ်... ဒါပေမဲ့ သူတို့က လူအင်အားဖြည့်ဖို့လောက်ပဲ သွားကြတာ။ ပြိုင်ပွဲရဲ့ ဒုတိယအဆင့်မှာတင် ပြုတ်သွားခဲ့ကြတယ်... ထိပ်သီးသိုင်းဂိုဏ်းကြီးတွေရဲ့ တပည့်တွေက တကယ့်ကို ကျင့်စဉ်အဆင့် မြင့်မားလွန်းကြတာကွ”

ရှောင်နန်က ခဏမျှ စကားစဖြတ်လိုက်ရာ လျူကျင်းက ထိုအခွင့်အရေးကို အသုံးချ၍ လှမ်းမေးလိုက်သည်။

“အစ်ကိုကြီးကော ဘယ်လောက်အထိ ခရီးပေါက်ခဲ့လဲ ခင်ဗျာ”

လျူကျင်းအနေဖြင့် ရှောင်နန် ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သလားဟူ၍ မမေးမြန်းခဲ့ပါချေ။ အကယ်၍သာ ရှောင်နန် ဗိုလ်စွဲခဲ့ပါက ရှောင်ဂိုဏ်းသည် ဤသတင်းကောင်းကို လောကအလယ်တွင် စက္ကန့်ပိုင်းမျှပင် မဆိုင်းဘဲ ချက်ချင်း ဟစ်ကြော်ကြေညာခဲ့ပြီးသား ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုပါက အရှေ့ဘက်ဆိပ်ကမ်းမြို့ရှိ အဆင်းရဲဆုံးသော သူတောင်းစားများ၏ နားထဲအထိပင် ဤသတင်းက မလွဲမသွေ ရောက်ရှိခဲ့ပြီး ဖြစ်ရပေမည်။ သို့သော်လည်း ထိုသို့ ဖြစ်မလာခဲ့ခြင်းကြောင့် ရှောင်နန်တစ်ယောက် မဟာသိုင်းပြိုင်ပွဲကြီးတွင် ဗိုလ်မစွဲခဲ့ကြောင်း ထင်ရှားလှပေသည်။

ရှောင်နန်သည် အရှေ့ဘက်ဆိပ်ကမ်းမြို့တွင် ၎င်းဝင်ပြိုင်ခဲ့သမျှ သိုင်းပြိုင်ပွဲတိုင်း၌ တစ်ပွဲမကျန် ဗိုလ်စွဲခဲ့သူ ဖြစ်၏။ သူသည် အလွန်အမင်း အစွမ်းထက်လှသည်ဟူသော အချက်ကို လျူကျင်း လုံးဝ သံသယမဝင်ပါချေ။ သို့သော်လည်း အရှေ့ဘက်ဆိပ်ကမ်းမြို့၏ ထိပ်သီးပညာရှင်တစ်ဦးနှင့် ' ပတ္တမြားတိမ်တိုက် အင်ပါယာ' ၏ အခြားနယ်ပယ်အသီးသီးမှ ထိပ်သီးပညာရှင်များကြားတွင် မည်မျှအထိ ကွာခြားချက် ရှိနေပါသနည်း။ ယခုအခါ လျူကျင်း၏ ရင်ထဲတွင် ဤအကြောင်းအရာနှင့် ပတ်သက်၍ ပြင်းထန်လှသော စူးစမ်းလိုစိတ်များ တောက်လောင်လာခဲ့ရတော့သည်။

ရှောင်နန်က တဟားဟား ရယ်မောလိုက်၏။

“ညီလေးကတော့ ဖြေရခက်တဲ့မေးခွန်းတွေကို အားမနာတမ်း မေးတတ်တာပဲကွ။”

လျူကျင်း မျက်နှာရဲတက်သွားပြီး ခေါင်းငုံ့ချလိုက်မိသည်။

“အားနာပါတယ် အစ်ကိုကြီးရာ ..ဟို တကယ်လို့ မဖြေချင်ရင်လည်း ရပါ-”

“ငါ ထိပ်သီးအယောက် (၁၀၀) အတွင်း ဝင်ခဲ့တယ်ကွ..” ရှောင်နန်က ကြားဖြတ်၍ စကားဆိုလိုက်၏။

“ဆိုလိုတာကတော့ လောလောဆယ်မှာ ငါတို့ ရှောင်ဂိုဏ်းဟာ အင်ပါယာရဲ့ အင်အားအကြီးဆုံး မဟာအင်အားစု (၁၀၀) ထဲမှာ ပါဝင်သွားပြီပေါ့။”

“ဟာ အစ်ကိုကြီး... ဒါက တကယ်ကို အံ့သြချီးကျူးဖို့ကောင်းလှတာပဲ ခင်ဗျာ။”

အရှေ့ဘက်ဆိပ်ကမ်းမြို့တွင် ရှောင်ဂိုဏ်းနှင့် ယွန်းမျိုးနွယ်စုတို့က အထွတ်အထိပ် စိုးမိုးထားကြသော်လည်း ထိုမြို့ပြအတွင်း၌ပင် သေးငယ်သော ဂိုဏ်းအဖွဲ့အစည်းငယ်ပေါင်းများစွာ ရှိနေသေးသည်။ ထိုသို့ဆိုလျှင် ဤမဟာအင်ပါယာကြီးတစ်ခုလုံးတွင် သိုင်းဂိုဏ်းနှင့် မျိုးနွယ်စုကြီးပေါင်း မည်မျှအထိ ရှိနေပါမည်နည်း။ ထောင်ဂဏန်းလော။ သောင်းဂဏန်းလော။ သို့မဟုတ် ထိုထက်မက များပြားလှပါသလား။

ထိုမျှမြင့်မားလှသောအဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် ရှောင်နန်အနေဖြင့် ပါရမီရှင်ပေါင်း မည်မျှအထိကို အောင်မြင်စွာ ချေမှုန်းအနိုင်ယူခဲ့ရပါသနည်း။

“ရှောင်ဂိုဏ်းအတွက်တော့ ရလဒ်ကောင်းဆိုတာမှန်ပေမဲ့ အဲ့ဒီအပေါ်မှာ အထင်ကြီးမနေပါနဲ့ဦး ညီလေး... ငါ ထိပ်သီး တစ်ရာ အတွင်း ဝင်နိုင်ခဲ့တာက တော်တာမတော်တာထက် ငါ့ ကံတရားကြောင့်လို့ ပြောရမယ်။ တကယ်လို့ ငါသာ နောက်တစ်ကြိမ် ထပ်ပြိုင်ရမယ်ဆိုရင် ဒီလိုရလဒ်မျိုး ပြန်ရနိုင်ပါ့မလားဆိုတာ ငါကိုယ်တိုင်တောင် မသေချာဘူး။ သိုင်းပြိုင်ပွဲတွေရဲ့ သဘာဝက ဒီလိုပဲလေ”

လျူကျင်း မျက်တောင်တခတ်ခတ်ဖြင့် အံ့အားသင့်သွားရ၏။

“ဒါပေမဲ့ အဲ့ဒီအဆင့်အထိ ရောက်သွားတယ်ဆိုတာ အစ်ကိုကြီးက အံ့သြစရာကောင်းလောက်အောင် သန်မာလို့ မဟုတ်ဘူးလား ခင်ဗျာ။”

“တစ်ဖက်ကကြည့်ရင်တော့ ဟုတ်တာပေါ့... ဒါပေမဲ့ သိုင်းပြိုင်ပွဲတွေမှာ သိုင်းစွမ်းအားတစ်ခုတည်းနဲ့တင် ဆုံးဖြတ်လို့မရတဲ့ အရာတွေ ရှိသေးတယ် ညီလေးရဲ့။”

လျူကျင်း၏ ဇဝေဇဝါဖြစ်နေသော မျက်နှာထားကို မြင်သဖြင့် ရှောင်နန်က အသေးစိတ် ရှင်းပြရန် ဆုံးဖြတ်လိုက်သည်။

“အကို ရှင်းပြမယ်... သိုင်းပြိုင်ပွဲတွေမှာ သိုင်းစွမ်းအားက အရေးကြီးတာ မှန်ပါတယ်။ ဒါပေမဲ့ ကိုယ်နဲ့ စွမ်းအားချင်းတူတဲ့သူတွေ၊ ဒါမှမဟုတ် ကိုယ့်ထက် သန်မာတဲ့သူတွေ ပါဝင်ဆင်နွှဲလာတဲ့အခါမျိုးမှာ ကံတရားက ပိုပြီး အရေးပါသွားတတ်ကြတယ်။ တကယ်လို့ ကံမကောင်းလို့ ကိုယ့်ထက်အဆင့်သာနေတဲ့ ပြိုင်ဘက် မျိုးနဲ့ အစောကြီး ထိပ်တိုက်တွေ့ခဲ့ရင်... ပထမဆုံးအဆင့်မှာတင် ငါ ပြုတ်သွားနိုင်တယ်လို့ ပြောရင်လည်း ဒါဟာ ပုံကြီးချဲ့တာ မဟုတ်ဘူးကွ”

“အစ်ကိုကြီးကလူကတောင် ပထမအဆင့်မှာတင် ပြုတ်နိုင်တယ် ဟုတ်လား။”

လျူကျင်းတစ်ယောက် သူကြားနေရသည်များကို မယုံကြည်နိုင်လောက်အောင် ဖြစ်ရတော့သည်။ သို့သော်လည်း ရှောင်နန်က ခေါင်းညိတ်ပြ၏။

“စဉ်းစားကြည့်စမ်း ညီလေး... တကယ်လို့ပထမဆုံးအဆင့်မှာတင် မင်းဟာ ပြိုင်ပွဲရဲ့ အင်အားအကြီးဆုံး ထိပ်သီးတစ်ယောက်နဲ့ ထိပ်တိုက်တွေ့တယ် ဆိုပါစို့။ အဲ့ဒီတိုက်ပွဲမှာ မင်း နိုင်ခဲ့ရင်တောင်မှ အစွမ်းကုန် ရုန်းကန်ခဲ့ရတာကြောင့် နောက်တစ်ဆင့်မှာ မင်းရဲ့ စွမ်းဆောင်ရည်က အကြီးအကျယ် ထိခိုက်နှောင့်နှေးသွားလိမ့်မယ်။ ကိုယ့်ထက် အားနည်းတဲ့သူတွေနဲ့ ယှဉ်ပြိုင်ရရင်တောင်မှ အဲ့ဒီလူတွေက မင်းကို ပြန်တိုက်ခိုက်နိုင်လောက်တဲ့အထိ အားကောင်းနေသေးရင် ဒါဟာ ပြဿနာတစ်ခုပဲလေ”

“အော်... ဒီလိုကိုး ကျွန်တော် သဘောပေါက်ပါပြီ။” လျူကျင်းက ထိုအချက်အလက်များကို ရင်ထဲ၌ ချင့်တွက်ရင်း ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင် ကံမကောင်းတဲ့ အခြေအနေမျိုးနဲ့ ကြုံခဲ့ရရင် အစ်ကိုကြီးအနေနဲ့ ထိပ်သီး တစ်ရာ အတွင်း ရောက်နိုင်မှာ မဟုတ်ဘူးပေါ့နော်”

“အမှန်ပဲကွ ..၊ တကယ်လို့ အဆိုးဆုံး ကံကြမ္မာနဲ့ ကြုံခဲ့ရရင် ဒီရှောင်နန်ဟာ ပထမဆုံးအဆင့်မှာတင် ပြုတ်သွားနိုင်တာပေါ့။ ဒါပေမဲ့ အဆင်ပြေတဲ့ ပြိုင်ဘက် တွေနဲ့သာ တိုးရင်တော့ ထိပ်သီး နှစ်ဆယ် အတွင်းအထိတောင် ငါ သာသာယာယာ တက်လှမ်းနိုင်လိမ့်မယ်။ ဒီတစ်ခါတော့ ငါတို့ရှောင်ဂိုဏ်းကို ထိပ်သီး တစ်ရာ စာရင်းထဲ သွင်းပေးနိုင်ခဲ့တာက တကယ့်ကို ကံကောင်းတဲ့ ကိစ္စပဲ။ ဒါပေမဲ့ နောက်တစ်ကြိမ်မှာ ဒီလိုဖြစ်ဖို့ ဘာအာမခံချက်မှ မရှိဘူး... အမှန်တော့ နောက်တစ်ခေါက် ပြိုင်ပွဲကျရင် ငါကိုယ်တိုင်လည်း ဝင်ပြိုင်ခွင့် ရတော့မှာ မဟုတ်ပါဘူးကွာ”

လျူကျင်းက စဉ်းစားတွေးတောရင်း ရေရွတ်မိသွား၏။ ရှောင်ဂိုဏ်း၏ ဂိုဏ်းဝင်တပည့်ငယ်များထဲတွင် ရှောင်နန်လောက် အစွမ်းထက်သည့်သူ တစ်ယောက်မျှ မရှိချေ။ လေးနှစ်တာ ကာလအတွင်း ကျင့်ကြံသူအများအပြား တိုးတက်ကြီးထွားလာမည်မှာ အမှန်ပင်ဖြစ်သော်လည်း... ထိုတိုးတက်မှုက သူတို့ကို ယခုလက်ရှိ ရှောင်နန်၏ အဆင့်အတန်းမျိုးအထိ ရောက်ရှိအောင် ပံ့ပိုးပေးနိုင်ပါမည်လော။

လျူကျင်းအနေဖြင့် ထိုအချက်ကို လွန်စွာ သံသယဝင်မိသည်။

“ဒါဆိုရင်... ပြိုင်ပွဲတစ်ခုစီ တိုင်းမှာ ဂိုဏ်းအသီးသီးရဲ့ အဆင့်သတ်မှတ်ချက်တွေက အမြဲတမ်း ရူးသွပ်ဆန်းပြားစွာ ပြောင်းလဲနေတတ်တာလား အစ်ကိုကြီး”

“တချို့နေရာတွေမှာတော့ အဲ့ဒီလို ပြောင်းလဲတတ်တာ မှန်ပေမဲ့ တချို့သော အင်အားစုကြီးတွေကတော့ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေတတ်ကြတယ် ညီလေးရဲ့” ဟု ရှောင်နန်က ပြန်လည်ဖြေကြားလိုက်သည်။

“ဥပမာပြောရရင်... အထွတ်အထိပ် မဟာသိုင်းဂိုဏ်းကြီး လေး ဂိုဏ်း ကတော့ ဘယ်တော့မှ ပြောင်းလဲမသွားဘူးကွ။ သူတို့ထဲက ဘယ်သူက နံပါတ်တစ် ရမလဲဆိုတာပဲ အပြောင်းအလဲ ရှိတတ်တာ... ဒါပေမဲ့ အဲ့ဒီဂိုဏ်းကြီးလေးဂိုဏ်းကတော့ အမြဲတမ်း အထက်မှာ ရှိနေလိမ့်မယ်ဆိုတာ မင်း ရဲရဲကြီး ယုံကြည်ထားလိုက်လို့ရတယ်”

“အမြဲတမ်း ဟုတ်လား။”

လျူကျင်းက အံ့သြတကြီး ရေရွတ်မိသည်။ ရှောင်ဂိုဏ်းအနေဖြင့် ပြိုင်ပွဲတိုင်းတွင် ထိပ်သီး တစ်ရာ စာရင်းဝင်နိုင်ရန် လေးနှစ်တစ်ကြိမ် ရှောင်နန်ကဲ့သို့သော ထိပ်သီးပါရမီရှင်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရမည် ဖြစ်၏။ သို့ဆိုလျှင် ဤမဟာသိုင်းဂိုဏ်းကြီး လေးဂိုဏ်းက အမြဲတမ်း ထိပ်ဆုံးနေရာ လေးခုကို အပိုင်စီးထားနိုင်ခြင်းမှာ သာလွန်သော ပါရမီရှင်များကို အစဉ်တစိုက် မွေးထုတ်ပေးနိုင်၍ ဖြစ်ရပေမည်။ ထိုသို့သော စွမ်းဆောင်ရည်မျိုးအတွက် လိုအပ်မည့် ကျင့်ကြံခြင်း ရင်းမြစ်များနှင့် ပါရမီရှင်များ၏ ပမာဏမှာ အတိုင်းအဆမဲ့ ကြီးမားထည်ဝါလှပေလိမ့်မည်။

“ဟုတ်တယ်... အမြဲတမ်းပဲကွ” ရှောင်နန်က လေးနက်စွာ ဆိုသည်။

“ထာဝရမီးလျှံမျိုးနွယ်စု ၊ အတိုင်းအဆမဲ့ တောင်စဉ်ဂိုဏ်း ၊ နတ်ဘုရားရေခဲနန်းတော် နဲ့ သူပုန် ချိုင့်ဝှမ်းဂိုဏ်း (Eternal Raging Valley)... အဲ့ဒီလေးဂိုဏ်းကတော့ သိုင်းလောကရဲ့ အထွတ်အထိပ်ပဲကွ။ အဲ့ဒီအထဲကမှ ငါတို့ရှောင်ဂိုဏ်းဟာ နတ်ဘုရားရေခဲနန်းတော် နဲ့ ချစ်ကြည်ရေး မဟာမိတ် ဖွဲ့ထားနိုင်ခဲ့တယ်။ တစ်နေ့ကျရင် ညီလေးလည်း သူတို့နဲ့ ဆုံတွေ့ရလိမ့်မယ် ထင်ပါရဲ့”

“နတ်ဘုရားရေခဲနန်းတော်..” လျူကျင်းက နှုတ်မှ တိုးညှင်းစွာ ရေရွတ်လိုက်ရင်း ပတ္တမြားတိမ်တိုက် အင်ပါယာ၏ ထိပ်သီးအင်အားစုကြီး လေးခု၏ အမည်များကို မှတ်ဉာဏ်ထဲ၌ မမေ့မလျော့ အသေအချာ မှတ်သားထားလိုက်၏။

ထိုစဉ်က လျူကျင်းအနေဖြင့် မသိရှိသေးသော်လည်း... နောင်တစ်ချိန်တွင် သူ၏ ကျင့်ကြံခြင်း လောကခရီးလမ်းသည် ဤမဟာအင်အားစုကြီးများနှင့် မလွဲမသွေ ဆုံစည်းပတ်သက်လာရပေမည်။

All Chapters