အခန်း ၁၇
Vol. 2 Ch. 17
အခန်း ၁၇ ။ စိတ်ဝိညာဥ် အားအသက်သွင်းခြင်း...။
အချိန်များ တရွေ့ရွေ့ ကုန်လွန်လာသည်နှင့်အမျှ လှိုင်းလုံးပမာ ကုန်းမြင့်ကုန်းလျောများမှာ ပျောက်ကွယ်သွားပြီး အုပ်ဆိုင်းစိုပြည်သော သစ်ပင်ကြီးများ ရုတ်ချည်း အစားထိုး ဝင်ရောက်လာ၏။ ဘေးပတ်ပတ်လည်တွင် သစ်ပင်အုံများ မည်းမှောင်စွာ ထူထပ်လွန်းလှသဖြင့် သူတို့ လျှောက်လှမ်းနေသော မြေသားလမ်းကျဉ်းလေးမှာ အချိန်မရွေး သစ်တောကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရမတတ် တည်ရှိနေတော့သည်။
လမ်းခရီးတစ်လျှောက်တွင် လျူကျင်းနှင့် ရှောင်နန်တို့သည် အကြောင်းအရာစုံကို လွတ်လပ်စွာ နှီးနှောဖလှယ်ခဲ့ကြ၏။ လျူကျင်းက ဆေးခန်းတွင် ဖြစ်ပွားခဲ့သော ရယ်မောဖွယ်ရာ ဖြစ်ရပ်ဆန်းများနှင့် ဆရာကြီးကျန်း၏ ဆန်းကြယ်လှသော လေ့ကျင့်ရေးအခြေအနေများကို ပြန်ပြောပြသည်။ ရှောင်နန်ကလည်း ရှောင်ဂိုဏ်းအတွင်းရှိ ကိစ္စရပ်များကို ပြန်လည်မျှဝေရင်း ဤအခွင့်အရေးကို အသုံးချကာ အင်ပါယာအတွင်းရှိ မဟာအင်အားစုအသီးသီးကြားက အာဏာချိန်ခွင်လျှာ တည်ရှိပုံများကို လျူကျင်းအား စနစ်တကျ သင်ကြားပြသပေးခဲ့၏။
ထိုသို့ဖြင့်... သူတို့သည် ခရီးစဉ်၏ ပဉ္စမမြောက်နေ့သို့ ရောက်ရှိလာခဲ့ကြချေပြီ။
“အစ်ကိုကြီး...” လျူကျင်းက စကားစလိုက်သည်။ “လဆန်းမြို့ငယ်ရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကျွန်တော် ကြိုသိထားရမယ့် ထူးခြားတဲ့ ကိစ္စရပ်တွေ ရှိသေးလား ခင်ဗျာ။ ကျွန်တော့်ရဲ့ မသိနားမလည်မှုကြောင့် အစ်ကိုကြီး အလုပ်တွေကို အနှောင့်အယှက် မဖြစ်စေချင်လို့ပါ”
ရှောင်နန်က ထိုစိုးရိမ်ပူပန်မှုများကို လက်ကာပြရင်း ချက်ချင်း ပယ်ချလိုက်၏။
“ဘာမှ စိတ်ပူစရာမလိုပါဘူး ညီလေးရ။ ဒီတစ်ခေါက် သွားတာက ဟန်ပြသက်သက် အလုပ်သဘောအရ သွားတာပါ။ လဆန်းမြို့ငယ်ဆိုတာ တကယ်တော့ သိပ်ပြီး အရေးပါတဲ့ နေရာတစ်ခု မဟုတ်ဘူး။ အဲ့ဒီက ငါတို့ဂိုဏ်းခွဲကလည်း အသေးအဖွဲလေးပါ။ လဆန်းမြို့ငယ် ဂိုဏ်းခွဲကို တည်ထောင်တဲ့သူက ဦးလေးရဲ့ ဝမ်းကွဲညီအစ်ကိုကွ..၊ ဂိုဏ်းချုပ်ကြီးရဲ့ စံနှုန်းတွေနဲ့ တိုင်းတာရင်တော့ ကျင့်ကြံခြင်း ပါရမီမှာ သိပ်တော်တဲ့သူ မဟုတ်ဘူး။ ငါကိုယ်တိုင် သွားတာနဲ့တင် သူတို့အတွက် မျက်နှာပွင့်စရာ ဂုဏ်ယူစရာကြီး ဖြစ်နေပြီလေ”
“ဒါပေမဲ့ အဲ့ဒီမြို့က ဂိုဏ်းခွဲတစ်ခု ဖွင့်လှစ်ဖို့အထိတော့ အရေးပါလို့ပဲ မဟုတ်ဘူးလား အစ်ကိုကြီး။ တစ်ခုခုတော့ ထူးခြားချက် ရှိရမယ် ထင်တယ်”
ရှောင်ဂိုဏ်းအနေဖြင့် အကြောင်းအရင်းမရှိဘဲ ဂိုဏ်းခွဲများ လိုက်လံဖွင့်လှစ်နေမည်ဆိုပါက မိုက်မဲရာ ရောက်ပေလိမ့်မည်။ သိုင်းဂိုဏ်းများဟူသည် မိမိတို့၏ သြဇာအာဏာစက် ချဲ့ထွင်ရန်အတွက်သာ ဂိုဏ်းခွဲများကို တည်ထောင်လေ့ရှိကြ၏။ တစ်နည်းအားဖြင့်ဆိုသော် ဂိုဏ်းခွဲတစ်ခု တည်ရှိရာ အရပ်ဒေသသည် အဖိုးတန် ကျင့်ကြံခြင်းရင်းမြစ်များ ထွက်ရှိရာနေရာ သို့မဟုတ် စစ်ရေးစစ်ရာအရ အချက်အချာကျသော နေရာတစ်ခု မလွဲမသွေ ဖြစ်ရပေမည်။ ဥပမာအားဖြင့် အရှေ့ဘက်ဆိပ်ကမ်းမြို့သည် အဆိပ်စွယ်ချိုင့်ဝှမ်းနှင့် နီးကပ်စွာ တည်ရှိနေခြင်းကြောင့် ရှောင်ဂိုဏ်းအတွက် ထိုချိုင့်ဝှမ်းအတွင်းရှိ ရင်းမြစ်များကို လွယ်လွယ်ကူကူ ဆွတ်ခူးရယူနိုင်မည့် မဟာကောင်းကင်ဆုလာဘ်ကြီးတစ်ခု ဖြစ်ခဲ့ရသည်။
အကယ်၍ ရှောင်ဂိုဏ်းက လဆန်းမြို့ငယ်တွင် ဂိုဏ်းခွဲတစ်ခု တည်ထောင်ရန် ဆုံးဖြတ်ခဲ့သည်ဆိုပါက... ထိုနေရာတွင် တန်ဖိုးရှိလှသော တစ်စုံတစ်ရာ ဧကန်မုချ ရှိနေရပေလိမ့်မည်။
“အင်း... ညီလေး တွေးတာ လုံးဝ မမှားဘူး။ အခု ငါတို့ ရောက်နေတဲ့နေရာက 'လေတိုးသံ တောအုပ်' လို့ ခေါ်တယ်ကွ”
ရှောင်နန်က ဘေးပတ်ပတ်လည်ရှိ သစ်ပင်အုပ်ကြီးများကို လက်ညှိုးထိုးပြရင်း ဆိုသည်။
“ဒီဒေသက 'သံမဏိခွံသစ်ပင်' တွေ အရမ်းပေါတဲ့ နေရာပဲ။ အဲ့ဒီအပင်တွေက ဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့ သိုင်းလက်နက်တွေ ဖော်စပ်တဲ့နေရာမှာ အရမ်းအသုံးဝင်တာကွ ...၊ ဘာလို့ဆို အရမ်း ခိုင်ခံ့တဲ့ သစ်သားတွေကိုး..၊ ငါတို့ ရှောင်ဂိုဏ်းက ဒါတွေကို ခုတ်ယူပြီး အင်ပါယာအတွင်းက တခြားမြို့တွေဆီ တင်ပို့ရောင်းချတာပေါ့”
လျူကျင်းက ထိုအချက်အလက်များကို ရင်ထဲ၌ ချင့်တွက်ရင်း ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ သံမဏိခွံသစ်ပင်တွေက ငါတို့အတွက် ထိပ်တန်းဦးစားပေး ရင်းမြစ်တစ်ခု မဟုတ်ဘူးကွ။ လေတိုးသံတောအုပ်ကြီးက ဘယ်လောက်ပဲ ကျယ်ပြောတယ်ပြောပြော... အင်ပါယာတစ်ခုလုံးမှာ ဒီထက်ပိုကြီးပြီး ပိုကောင်းတဲ့ ရင်းမြစ်တွေထွက်တဲ့ တောအုပ်တွေ အများကြီးရှိသေးတယ်။ အဲ့ဒီအကြောင်းရင်းတွေကြောင့်ပဲ ငါတို့ရဲ့ လဆန်းမြို့ငယ်ဂိုဏ်းခွဲက သိပ်ပြီး အရေးမပါလှတာပေါ့။ ငါတို့ ရှောင်ဂိုဏ်းက ဒီနေရာမှာ အခွင့်အလမ်းလေးတစ်ခု တွေ့လို့ ဂိုဏ်းခွဲလာဖွင့်လိုက်တဲ့ သဘောပဲ။ ပြောရရင်... လဆန်းမြို့ငယ်မှာ ငါတို့ရှောင်ဂိုဏ်းအပြင် တခြားမဟာအင်အားစုဆိုလို့ ဟူ နဲ့ 'လွန်' ဆိုတဲ့ မဟာမျိုးနွယ်စုကြီး နှစ်ခုပဲ ရှိတယ်”
“သူတို့ကော အစွမ်းထက်ကြလား အစ်ကိုကြီး” လျူကျင်းက မေးလိုက်သည်။ ရှောင်နန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။
“ဘယ်လိုလုပ် အစွမ်းထက်ရမှာလဲကွာ။”
ရှောင်နန်က ပခုံးတစ်ချက် ပင့်ရင်း ဆိုသည်။
"မြို့ငယ်လေးတစ်မြို့က မျိုးနွယ်စုကြီး နှစ်ခုပါပဲကွာ။ ငါတို့ ရှောင်ဂိုဏ်းနဲ့ နှိုင်းယှဉ်ရင်တော့ သူတို့က ဘာမှမဟုတ်ပါဘူး။ အရင်ကတော့ ဒီဒေသမှာ သံမဏိခွံသစ်ပင် ခုတ်တဲ့အလုပ်ကို သူတို့နှစ်ဖွဲ့ကပဲ ကြီးစိုးထားတာပေါ့... ဒါပေမဲ့ ငါတို့ ရှောင်ဂိုဏ်း ရောက်လာပြီးတဲ့နောက် ဘာဆက်ဖြစ်မလဲဆိုတာ ညီလေး စိတ်ကူးကြည့်ရုံနဲ့တင် သိမှာပါ"
မြို့ငယ်လေးတစ်မြို့၏ မျိုးနွယ်စုနှစ်ခုမျှသာ ဖြစ်သဖြင့် အင်ပါယာ၏ ထိပ်သီး တစ်ရာ စာရင်းဝင် သိုင်းဂိုဏ်းကြီးတစ်ဂိုဏ်းကို မည်သို့မျှ ယှဉ်ပြိုင်နိုင်စရာ အကြောင်းမရှိပါချေ။ လျူကျင်းအနေဖြင့် ရှောင်နန် ဆိုလိုသည့်အဓိပ္ပာယ်ကို အတိုင်းသား နားလည်လိုက်သည်။ ရှောင်ဂိုဏ်းသည် လဆန်းမြို့ငယ်သို့ ရောက်ရှိလာပြီးနောက် မကြာမီမှာပင် ထိုဒေသ၏ အထွတ်အထိပ် အင်အားစုကြီးအဖြစ် အချိန်တိုအတွင်း အပိုင်စိုးမိုးနိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
“အစ်ကိုကြီးက အခြေအနေတွေကို အကုန်လုံး ကြိုလေ့လာထားတာပဲ ...အံ့ဩဖို့ကောင်းလိုက်တာဗျာ။”
လျူကျင်းက အားကျလေးစားစွာဖြင့် ဆိုလိုက်သည်။ ရှောင်နန်က ဤခရီးစဉ်ကို အရေးမကြီးသလို သဘောထားနေသော်လည်း သူ၏ အရပ်ရပ်ဗဟုသုတအမြင်ကမူ အားကိုးလောက်စရာ ကောင်းလှပေသည်။
ရှောင်နန်က သူ့ပါးပြင်သူ တစ်ချက် ကုတ်ရင်း...
“ငါက နောင်တစ်ချိန်မှာ ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် ဖြစ်လာမယ့်သူဆိုတော့ ဒီလိုအရာတွေကို မဖြစ်မနေ သိထားဖို့ လိုအပ်တာပေါ့ကွာ” ဟု ဆိုကာ သက်ပြင်းတစ်ချက် ချလိုက်၏။
“ငါ့သဘောအတိုင်းသာဆိုရင် သိုင်းကျင့်ကြံဖို့ပဲ စိတ်နှစ်ထားချင်တာ... ဒါပေမဲ့ ငါသာ ဒါတွေကိုမလေ့လာဘူးဆိုရင် ဦးလေးက ငါ့နားရွက်ကို ဆွဲပြီး ဆုံးမမှာ သေချာတယ်။ တာဝန်ဝတ္တရားတွေ အများကြီး ရှိလွန်းတာက အမှန်တော့စိတ်ပျက်စရာကောင်းတယ် ငါ့ညီရ”
ဂိုဏ်းချုပ် ရှောင်ကျန်း က ရှောင်နန်၏ နားရွက်ကို ဆွဲ၍ ဆုံးမနေမည့်မြင်ကွင်းကို စိတ်ကူးထဲတွင် ပုံဖော်ကြည့်ရင်း လျူကျင်းတစ်ယောက် တဟားဟား ရယ်မောမိသွားတော့သည်။ သို့သော် သူ စကားပြန်မဆိုနိုင်ခင်မှာပင် ရှောင်နန်ထံမှ စိတ်လှုပ်ရှားတက်ကြွနေသည့် အာမေဍိတ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။
“အဟက် ..နောက်ဆုံးတော့ တွေ့ပြီဟေ့။”
ရှောင်နန်က ဝေးလံလှသော အဝေးဆီသို့ လှမ်းမျှော်ကြည့်ရင်း ဆိုလိုက်သည်။
“စောနကတုန်းက ငါတို့ လွဲပီဆိုပီးစိတ်မကောင်းဖြစ်နေတာ... တကယ်လို့သာ လွဲရင် ဒီခရီးစဉ်က အလဟဿ ဖြစ်သွားတော့မှာပေါ့ ဟားဟား”
“အစ်ကိုကြီး... ဘာတွေပြောနေတာလဲဗျ”
“ဟိုရှေ့က လမ်းမကြီးကို ကြည့်စမ်း။”
ရှောင်နန်က ရှေ့သို့ လက်ညှိုးထိုးပြ၏။ လျူကျင်း မျက်မှောင်ကုတ်၍ အသေအချာ စိုက်ကြည့်လိုက်သော်လည်း မြေနီလမ်းနှင့် သစ်ပင်ကြီးများကလွဲ၍ အခြားဘာကိုမျှ မမြင်ရချေ။ ယုတ်စွအဆုံး ရှဥ့်တစ်ကောင် ကိုမျှပင် မတွေ့ရပါချေ။
လျူကျင်းအနေဖြင့် ရှောင်နန်အား ဤအချက်ကို ပြောရန် ပါးစပ်ဟလိုက်စဉ်မှာပင်... တစ်စုံတစ်ရာကို ရုတ်ချည်း သတိထားမိသွားတော့သည်။
လက်ခနဲ ဖြစ်သွားသည့် အလင်းရောင်တစ်ခု။ အတိအကျပြောရလျှင် သူတို့နှင့် ခပ်လှမ်းလှမ်းဆီမှ အလင်းရိပ် ကလေးတစ်ခုက တဖျတ်ဖျတ် လင်းလက်နေခဲ့ခြင်း ဖြစ်၏။
ထိုအရာက သူတို့ထံသို့ ဦးတည်လာနေခြင်းဖြစ်ကြောင်း လျူကျင်း သတိပြုမိလိုက်သည်။ အတိအကျပြောပါက ထိုအရာသည် ... ပျံသန်းလာနေခြင်း ဖြစ်၏။ အနီးသို့ ရောက်ရှိလာသည်နှင့်အမျှ လျူကျင်းလည်း ထိုအရာ၏ ပုံသဏ္ဌာန်ကို အသေအချာ ခွဲခြားမြင်ရတော့သည်။ ၎င်းမှာ ငှက်ကလေးတစ်ကောင် ဖြစ်ပြီး လူ့လက်ညှိုးတစ်ချောင်းစာမျှသာ ရှိ၍ အလွန်သေးငယ်လှ၏။ သို့သော် ထူးခြားဆန်းပြားလှသည်မှာ ထိုမျှနှင့်တင် မပြီးသေးပါချေ။
ထိုငှက်ကလေးမှာ တစ်ကိုယ်လုံး ထုတ်ချင်းဖောက် ဖောက်ထွင်းမြင်နေရပြီး မည်သည့်အရောင်အသွေးမျှ မရှိသဖြင့် ဖန်သားပြင်ရုပ်သွင်ပမာ အံ့ဩဖွယ်ရာ ဖြစ်တည်နေခြင်း ဖြစ်၏။
ရှောင်နန်က လက်ကို ဆန့်တန်းပေးလိုက်ရာ ထိုဖန်သားပြင်ငှက်ကလေးက သူ၏လက်ထိပ်ပေါ်သို့ သာသာယာယာ ဆင်းသက်နားခိုကာ မြည်တမ်းလိုက်သည်ကို လျူကျင်း ငေးမောကြည့်နေမိတော့သည်။
“လိမ္မာလိုက်တာ...”
ရှောင်နန်က ဖန်သားပြင်ငှက်ကလေးကို လက်ချောင်းတစ်ချောင်းဖြင့် အသာအယာ ပွတ်သပ်ရင်း ဆိုလိုက်သည်။
“ကဲ... မင်း ဘာတွေ ရှာတွေ့ခဲ့လဲ ကြည့်ရအောင်”
လျူကျင်း၏ မျက်စိရှေ့မှောက်တွင်ပင် ထိုငှက်ကလေးသည် ရုတ်ချည်း သေးငယ်သွားပြီး ရှောင်နန်၏ ခန္ဓာကိုယ်အတွင်းသို့ အလုံးစုံ စုပ်ယူဝါးမြိုခြင်း ခံလိုက်ရလေသည်။ ထိုမြင်ကွင်းကြောင့် လျူကျင်းမျက်ဝန်းအစုံမှာ အံ့အားသင့်လွန်းသဖြင့် ပြူးကျယ်သွားရတော့၏။ ရှောင်နန်က မျက်လုံးများကို အသာမှိတ်ကာ စဉ်းစားတွေးတောသည့် လေသံဖြင့် ရေရွတ်လိုက်သည်။
“အော်... ဒီလိုကိုး...”
အတန်ကြာမှ သူ မျက်လုံးပြန်ဖွင့်လိုက်ရာ လျူကျင်း၏ ကြောင်အမ်းမှင်တက်နေသော မျက်နှာနှင့် ထိပ်တိုက်ဆုံတွေ့သွားတော့၏။
“အစ်ကိုကြီး... အဲ့ဒါ ဘာ..ဘာလဲဟင် “
“ဟင် ...မင်း ဒါကို မသိသေးဘူးလား...” ရှောင်နန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
“အင်းလေ... မင်းရဲ့ ကျင့်စဉ်သင်ယူမှုက ဆေးပညာဘက်မှာပဲ အဓိက အာရုံစိုက်ထားရတာဆိုတော့လည်း ဒါကိုမသိသေးတာ အဓိပ္ပာယ်ရှိပါတယ် ...မလောပါနဲ့ကွာ ..၊ နောက်သိလာမှာပါ”
သို့ရာတွင် လျူကျင်းက သိလိုစိတ်ဖြင့် သူ့အား မမှိတ်မသုန် စိုက်ကြည့်နေဆဲ ဖြစ်လေရာ ရှောင်နန်က အသေးစိတ် ဆက်လက်ရှင်းပြရန် ဆုံးဖြတ်လိုက်၏။
“အေးကွာ ...ညီလေးသိချင်နေတော့လဲ ပြောရတော့မှာပေါ့ ..”
ရှောင်နန်၏ လက်ထိပ်ပေါ်တွင် ဖန်သားပြင်ငှက်ကလေး နောက်တစ်ကြိမ် ထပ်မံပေါ်ထွက်လာပြန်သည်။ “...ငါ့ရဲ့ အသက်ဝိညာဉ်အစိတ်အပိုင်း တစ်ခုပဲကွ”
“အစ်ကိုကြီးရဲ့ အသက်ဝိညာဉ် ဟုတ်လား”
ရှောင်နန်က ခေါင်းညိတ်ပြ၏။
“ကျင့်စဉ်အဆင့်တစ်ခုခုကို ရောက်ရှိသွားတဲ့အခါကျရင် မင်းရဲ့ အသက်ဝိညာဉ်ဟာ ထင်ထားတာထက်ပိုပြီး ပုံသွင်းရလွယ်ကူတယ်ဆိုတာ သဘောပေါက်လာလိမ့်မယ်..အကို့အသက်ဝိညာဉ်ရဲ့ အစိတ်အပိုင်းလေးတစ်ခုကို ဖဲ့ထုတ်ပြီး စိတ်အသိဓာတ် သွင်းပေးလိုက်ရုံနဲ့တင် ဒီငှက်ကလေးကို ဖန်တီးနိုင်တာပေါ့။ အကိုအဆင့်က ဒါထက်ပိုပြီး ကြီးကြီးမားမား မလုပ်နိုင်သေးပေမဲ့ အသေးအဖွဲကိစ္စလေးတွေမှာ တော်တော်လေး အသုံးတဲ့တယ်ကွ...ပြောရရင် ဒါမျိုးက အဆင့်မြင့် ကျင့်ကြံသူတိုင်း လုပ်ဆောင်နိုင်တဲ့ အရာမျိုးပါပဲ”
လျူကျင်းအနေဖြင့် အံ့သြနေရန် မလိုတော့ဟု တွေးတောမိလိုက်သည်။ အဆင့်မြင့် မဟာကျင့်ကြံသူကြီးများဟူသည်မှာ မည်သို့သော အံ့ဖွယ်သဘာဝလွန်ကိစ္စရပ်များကိုမဆို လုပ်ဆောင်နိုင်ကြသည် မဟုတ်ပါလား။ ကျင့်စဉ်အဆင့်များ တစ်ဆင့်ပြီးတစ်ဆင့် မြင့်မားလာသည်နှင့်အမျှ ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေး အမှိုက်သရိုက်အားလုံးမှာလည်း လုံးဝဥဿုံ စင်ကြယ်သွားရစမြဲ ဖြစ်၏။ ထိုမှတစ်ဆင့် အသက်သက်တမ်းကို ပိုမိုရှည်ကြာစေသည်...။ ထိုမျှနှင့်တင် ရပ်တန့်မသွားပါချေ။ လူသားဟူသော ဖြစ်တည်မှုဘောင်မှ ကျော်လွန်ကာ ရုပ်ပိုင်းဆိုင်ရာထက်မက၊ နာမ်ပိုင်းဆိုင်ရာထက်မက သာလွန်ထူးကဲသော အခြေအနေသို့ ရောက်ရှိသွားကြပြီး... အဆုံးစွန်၌မူ ထာဝရ ဖြစ်တည်မှု သို့ ဆိုက်ရောက်သွားကြရခြင်း ဖြစ်ပေတော့သည်။
တနည်းအားဖြင့် စစ်မှန်သော မသေမျိုး... ။
မှန်ပေသည်၊ လျူကျင်းအနေဖြင့် အံ့သြမနေသင့်သော်လည်း ရင်ထဲ၌မူ ဆွံ့အ တုန်လှုပ်နေမိဆဲ ဖြစ်၏။ စာတွေ့သိရှိထားခြင်းနှင့် ယခုကဲ့သို့ မိမိမျက်စိရှေ့မှောက်တွင် ပြတ်ပြတ်ထင်ထင် မြင်တွေ့ရခြင်းမှာ ကောင်းကင်နှင့်မြေကြီးပမာ ကွဲပြားခြားနားလှပေသည်။
သို့သော်... လျူကျင်းသည် သူ့ဆရာကြီးကျန်း သည် ဤကဲ့သို့သော မှော်ဆန်ဆန်ပညာရပ်မျိုး အသုံးပြုသည်ကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ အဘယ်ကြောင့်များနည်း...။
သို့ရာတွင် ... ဤသည်က မေးနေရန်ပင် မလိုသော မေးခွန်းတစ်ခု ဖြစ်၏။ ကိုးခေါင်းနဂါးမြွေနတ်ဘုရားကြီးက ဆရာဖြစ်သူ၏ ကျင့်စဥ် ဒဏ်ရာ အကြောင်း ပြောခဲ့စဥ်ကသော်လည်းကောင်း၊ ဆရာကြီးကိုယ်တိုင် လျူကျင်းကို ဝန်ခံစဥ်ကသော်လည်းကောင်း သူတို့နှစ်ဦးလုံး တူညီသောအချက်ကိုသာ မိန့်ဆိုခဲ့ကြသည်။
ထိုအချက်မှာ အခြားမဟုတ် ။ ဆရာကြီးကျန်း၏ ဒဏ်ရာသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တွင် ရှိနေခြင်း မဟုတ် ပေ။
သူတို့ အမြဲတစေ ထည့်သွင်းပြောဆိုခဲ့ကြသည့် အသက်ဝိညာဉ် တွင် ဖြစ်ပေါ်နေသည့် ဒဏ်ရာ အနာတရ ပင် ဖြစ်သည်။
စင်စစ်မူ ဆရာကြီး၏ အသက်ဝိညာဉ်ကိုယ်တိုင်က တစ်စ တစ်စ တိုက်စား ကာ ပျက်စီးနေခြင်းမျိုးဖြစ်သည် ။
“မင်းအနေနဲ့ နာမ်ဝိညာဉ်သန္ဓေတည်အဆင့် ကို ရောက်ရင်တော့ ဒါကို စတင်အာရုံခံမိလာလိမ့်မယ်။ ဒါပေမဲ့ ဒီလိုမျိုး အသက်ဝိညာဉ်ကို ခွဲထုတ်တဲ့ပညာရပ်ကိုတော့ြေကမ္ဘာစွမ်းအားရှင်အဆင့် ရောက်မှပဲ ကိုယ်တိုင်လုပ်တတ်လာမှာ ညီလေးရဲ့” ဟု ရှောင်နန်က ထပ်လောင်းပြောကြားလိုက်သည်။
“အော်... ဒီလိုကိုး ကျွန်တော်နားလည်ပါဘီအကိုကြီး” ဟု မျက်နှာမပျက်ဆိုလိုက်ရင်း လျူကျင်းသည် သူ၏စိတ်ကို ပြန်လည်တည်ငြိမ်စေရန် လက်သီးကို ဝတ်ရုံလက်အင်္ကျီအောက်တွင် ဝှက်၍ တင်းတင်းကြပ်ကြပ် ဆုပ်လိုက်မိ၏။
ကံကောင်းထောက်မစွာဖြင့် ရှောင်နန်သည် ထိုအခြင်းအရာကို သတိပြုမိဟန်မရှိချေ။
“ဒါနဲ့... အဲ့ဒီငှက်ကလေးက အသေးအဖွဲတွေကိုပဲ လုပ်နိုင်တာဆိုတော့ အစ်ကိုကြီးက သူ့ကို ဘာခိုင်းလိုက်လို့လဲ ဗျ...၊ သူ ပြန်ရောက်လာတာကို ကြည့်ပြီး အစ်ကိုကြီး တော်တော်ဝမ်းသာသွားပုံရတယ်”
“အာ... အဲ့ဒါလား..ဒီလိုကွ အရှေ့ဘက်ဆိပ်ကမ်းမြို့ကနေ ငါတို့ ထွက်လာတဲ့နေ့ကတည်းက အဲ့ဒီငှက်လေးကို လွှတ်ထားခဲ့တာ..၊ အကိုခိုင်းလိုက်တဲ့ အမိန့်က ရိုးရိုးလေးပါပဲ... အကိုတို့ကို ဖြတ်တိုက်ဖို့ ချုံခိုတိုက်ခိုက်ရေးအုပ်စုတစ်စုစုကို တွေ့ရင် ချက်ချင်းပြန်လာဖို့ပေါ့”
အရှေ့ဘက်ဆိပ်ကမ်းမြို့ သည် ရှောင်ဂိုဏ်းနဲ့ ယွန်းမျိုးနွယ်စု ၏အရှိန်အဝါကိုလန့်ကြသဖြင့် အေးချမ်းသာယာသော နေရာတစ်ခု ဖြစ်ပေသည် ။ သို့ရာတွင် မြို့ပြင်ပ တွင်မူ လုံခြုံရေးနှင့် အေးချမ်းမှု အခြေအနေသည် အတော်ကွာခြားသွားပေသည် ။အင်ပါယာအတွင်းတွင်ဓားပြအုပ်စုများ သောင်းကျန်းနေတတ်သည် ကို လျူကျင်းလည်း မသိဘဲမနေချေ။ သိုင်းပညာရှင်အဆင့်မဟုတ်သည့် သာမာန် သိုင်းသမား ခရီးသွားများသည် အမြဲတမ်းလိုလို အန္တရာယ်နှင့် ရင်ဆိုင်နေရတတ်စမြဲ ဖြစ်၏။ သို့ဖြစ်ရာ ရှောင်နန်အနေဖြင့် သူတို့၏ ဘေးကင်းလုံခြုံရေးအတွက် ယခုကဲ့သို့ ကြိုတင်သတိထားခြင်းသည် အလွန် ကောင်းမွန်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။
“ဒါနဲ့ နေပါဦး...”
လျူကျင်းက ရုတ်တရက် အတွေးပေါက်သွားဟန်ဖြင့် ခေါင်းကို မော့ပြီး ရှောင်နန်ကို စိုက်ကြည့်လိုက်သည်။
“အစ်ကိုကြီးခိုင်းထားတဲ့ စိတ်ဝိညာဉ်ငှက် က ပြန်ရောက်လာပြီလေ..ဒါ..ဒါဆို.”
“အေးလေ ..၊ အဲ့ဒါက ရှေ့မှာ ငါတို့ကို ဓားပြအုပ်စုတစ်စု စောင့်နေတယ်လို့ အဓိပ္ပာယ်ရတာပေါ့ကွ”
ရှောင်နန်က အားရဝမ်းသာဖြင့် လျူကျင်းပြောမည့် စကားကို ဖြတ်ပြောလိုက်သည် ။ သူ့မျက်နှာထက်တွင် ဓားပြအုပ်နှင့်တွေ့ရမည်ကိုပင် ပျော်နေဟန် ပြုံးပန်းဆင်လျက် ရှိသည် ။
“စိတ် ဝိညာဉ်ငှက်က အကို့ဆီ ပြန်ပေါင်းသွားတဲ့အချိန်မှာ သူ့မှတ်ဉာဏ်တွေကို အကို မြင်လိုက်ရတယ်... ဓားရှည်တွေ၊ ဓားမြှောင်တွေနဲ့ လှံတွေပါတဲ့ ဆယ့်နှစ်ယောက်လောက်ရှိတဲ့ ဓားပြအုပ်ပဲကွ .. ဒါပေမဲ့ ဝတ်ဆင်ထားတဲ့ သံချပ်ကာဝတ်ရုံ ပိုင်းတော့ သိပ်မပြည့်စုံဘူးကွ ..”
“အစ်ကိုကြီးက... တော်တော်လေး ဝမ်းသာအားရ ဖြစ်နေပုံပဲနော်”
“မဝမ်းသာရမှာလားကွာ။ အကိုက ဒီအခြေအ အနေဖြစ်မလာမှာ စိုးရိမ်နေတာ။ ငါ့ညီလေးအနေနဲ့ ဓားပြတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရမယ့် အခွင့်အရေးကို လွဲချော်သွားမယ်ဆိုရင် စိတ်မကောင်းစရာဖြစ်သွားမှာပေါ့ကွ ...”
သူ့ကိုယ်သူ ဓားပြအုပ်နှင့် တိုက်ခိုက်ရမည်ကို အလွန်အမင်း ဂုဏ်ယူဝင့်ကြွားနေသော ရှောင်နန်ကို လျူကျင်း ပါးစပ်အဟောင်းသားနှင့် စိုက်ကြည့်နေမိတော့သည်။
“အစ်ကိုကြီးရဲ့ အတွေးအမြင်တွေက ကျွန်တော် ဉာဏ်မမီနိုင်လောက်အောင် နက်နဲလွန်းလှပါတယ် ခင်ဗျာ” လျူကျင်းက သူတတ်နိုင်သမျှ အယဉ်ကျေးဆုံး၊ အရိုသေဆုံး လေသံဖြင့် ဆိုလိုက်၏။
“အစ်ကိုကြီးရဲ့ အမြော်အမြင်ကို ကျွန်တော့်ကို နဲနဲလောက်ရှင်းပြပါဦးဗျာ ..”
သူထိုသို့တလေးတစား မေးလိုက်သောအခါ ရှောင်နန်က တဟားဟား ရယ်မောလိုက်သည်။
“ရတာပေါ့ ညီလေးရ... ရတာပေါ့။ ပြောရရင်... မင်းကို ဒီခရီးစဉ်မှာ အကိုခေါ်လာတဲ့ အကြောင်းထဲမှာ ဓားပြတွေနဲ့ကြုံဖူး တိုက်ခိုက်ဖူး စေချင်တာလဲပါတယ် ..မင်း အစ်ကိုကြီးကိုသာ ယုံလိုက်စမ်းပါ..သူတို့နဲ့ လူချင်းတိုးတဲ့အခါကျရင် မင်း ကောင်းကောင်းကြီး သဘောပေါက်သွားလိမ့်မယ်”
သို့သော်လည်း လျူကျင်းကမူ ဤစကားကို စိတ်ထဲကနေ လုံးဝ သံသယဝင်နေမိတော့သည်။
လျူကျင်းသည် အခြေအနေအားလုံးကို အတိုင်းသား ကွင်းကွင်းကွက်ကွက် နားလည်သဘောပေါက်သွားတော့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဓားပြအုပ်စုတစ်စုသည် လမ်းခုလတ်၌ ချုံခိုစောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်၏။ ၎င်းတို့သည် သူတို့နှစ်ဦးကို အချိန်တိုအတွင်း ဝိုင်းရံပိတ်ဆို့လိုက်ကြပြီး ရှိသမျှ အဖိုးတန်ပစ္စည်းအားလုံးကို အပ်နှံရန် ရာဇသံပေး ခြိမ်းခြောက်လာကြတော့သည်။ လက်ရှိတွင် ရှောင်နန်နှင့် ဓားပြခေါင်းဆောင်ဖြစ်သူ မုတ်ဆိတ်ဗာရပွနှင့် လူသန်ကြီးတို့သည် တစ်ဦးကိုတစ်ဦး ဆဲရေးတိုင်းထွာပြီး အပြန်အလှန် စိန်ခေါ်လှောင်ပြောင်နေကြဆဲ ဖြစ်သည်။
အပြန်အလှန် ဆဲရေးစိန်ခေါ်ခြင်း ဆိုသည်မှာ ဓားပြများနှင့် ရင်ဆိုင်ရသည့် အတွေ့အကြုံတွင် မဖြစ်မနေ ပါဝင်ရမည့် အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ရှောင်နန်က သူ့ကို အမြဲပြောလေ့ရှိသည်။ စစ်မှန်သော သိုင်းပကားနှင့် မတိုက်ခိုက်မီ နှုတ်လှည့်ပတ်မှုဖြင့် အထက်စီးရယူထားရန်မှာ အလွန်အရေးကြီးသည်ဟူ၏။ သို့သော် လျူကျင်းအနေဖြင့် ဤအချက်ကို နားလည်သည်ဟု မဆိုနိုင်ပါချေ။ သူသည် ထိုသူနှစ်ဦး ပြောဆိုနေကြသည့် စကားလုံးများကိုလည်း စိတ်ဝင်တစား အာရုံမစိုက်မိပါ။ သူ၏ စိတ်အာရုံတစ်ခုလုံးမှာ ထိုဓားပြများ၏ ကိုယ်ပေါ်သို့သာ ကျရောက်နေခဲ့သည်။
သူကိုယ်တိုင်ပင် မျက်စိဖြင့် မြင်ရသည်ကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေရ၏။
ရှောင်နန် ပြောခဲ့သည့်အတိုင်းပင် ၎င်းတို့မှာ လူဦးရေ တစ်ဆယ့်နှစ်ယောက် အတိအကျ ရှိနေသည်။ အများစုမှာ ဓားရှည် သို့မဟုတ် ဓားမြှောင်များကို ကိုင်ဆောင်ထားကြပြီး ခေါင်းဆောင်အပါအဝင် လူအနည်းငယ်မှာ လှံများကို ကိုင်စွဲထားကြသည်။ အားလုံးက ရှောင်နန် ပြောခဲ့သည့်အတိုင်း ထပ်တူကျလွန်းလှ၏။ အချို့တွင် ကာကွယ်ရေးပစ္စည်းများ ဝတ်ဆင်ထားသော်လည်း အနည်းငယ်မျှသာ ရှိသည်။ ဓားပြခေါင်းဆောင် ဝတ်ဆင်ထားသည့်အရာမှာပင် အရှေ့ဘက်ဆိပ်ကမ်းမြို့ က မြို့စောင့်တပ်သားများ ဝတ်ဆင်ထားသည့် သံချပ်အင်္ကျီများနှင့် နှိုင်းယှဉ်လျှင် အဆမတန် နိမ့်ကျလွန်းလှပေသည်။ ဤအချက်မှာလည်း ရှောင်နန် ပြောခဲ့သည့်အတိုင်းပင် ဖြစ်၏။
သို့သော်... ရှောင်နန် ထည့်မပြောခဲ့သည့် အချက်တစ်ခုမှာ... ထိုဓားပြများ၏ ကျင့်စဉ်အဆင့်အတန်းက အလွန်နိမ့်ပါးလွန်းနေလိမ့်မည်ဟူသော အချက်ပင် ဖြစ်သည် ။
အတွင်းအားစုစည်းခြင်း အဆင့် တတိယအဆင့် နှင့် ဓားပြ...။
အတွင်းအားစုစည်းခြင်း အဆင့် ပထမအဆင့် နှင့် ဓားပြ...။
အခြေခံအုတ်မြစ် သတ္တမအဆင့် နှင့် ဓားပြ...။
လျူကျင်းသည် ဓားပြများ၏ ချီစွမ်းအင် စီးဆင်းမှုကို အတိုင်းသား အာရုံခံမိနေ၏။ ၎င်းတို့သည် မိမိတို့၏ အရှိန်အဝါကို ဖုံးကွယ်ရန် နေနေသာသာ... အပြန်အလှန်အားဖြင့် သူတစ်ပါးကို ကြောက်လန့်တုန်လှုပ်စေရန် သားရေကြွက်သားများကို ဖြန့်ပြသကဲ့သို့ မာန်ဖီပြနေကြခြင်း ဖြစ်သည်။ မိမိတို့၏ သိမ်ဖျင်းလှသော ကျင့်စဉ်အဆင့်အတန်းသည် လောကအလယ်တွင် ရိုသေခန့်ညားမှုကို ရရှိထိုက်သည်ဟု တစ်လွဲထင်မှတ်နေကြပုံရ၏။ သို့သော် ၎င်းတို့၏ ရှေ့မှောက်တွင် မတ်တပ်ရပ်နေသူမှာ ရှောင်နန် ဖြစ်သည်။ ဤမြင်ကွင်းမှာ ကြွက်တစ်ကောင်က ကျားတစ်ကောင်ကို ခြိမ်းခြောက်ရန် ကြိုးစားနေသည်ကို စောင်းငဲ့ကြည့်နေရသကဲ့သို့ပင် ရှိတော့သည်။
လျူကျင်းတစ်ယောက် ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်ရတော့၏။
မိမိရှေ့တွင် ရှိနေသူများမှာ အရွယ်ရောက်ပြီးသား အမျိုးသားကြီးများ ဖြစ်ကြသည်။ အငယ်ဆုံးဟု ထင်ရသူများပင် အသက် နှစ်ဆယ်ကျော် အရွယ်သို့ ကောင်းကောင်းကြီး ရောက်နေကြချေပြီ။ အသက်အကြီးဆုံး လူကြီးဆိုလျှင် အသက် လေးဆယ် ဝန်းကျင်ခန့်ပင် ရှိပေလိမ့်မည်။ ဧကန်မုချပင် အရှေ့ဘက်ဆိပ်ကမ်းမြို့ ၌လည်း သက်တမ်းရင့် အရွယ်ရောက်ပြီးသူအချို့ အတွင်းအားစုစည်းခြင်း အဆင့် ( မှာတင် တန့်နေတတ်ကြသည်မှာ မှန်သော်လည်း၊ ထိုသူများမှာ မိမိတို့၏ ပျော့ညံ့မှုကို ကောင်းကောင်းကြီး သိရှိနားလည်ကြသည်။ ရှောင်ဂိုဏ်း အတွင်း၌မူ အသက် တစ်ဆယ့်ရှစ်နှစ် မတိုင်မီ အတွင်းအားစုစည်းခြင်း အဆင့်မှ ရုန်းမထွက်နိုင်သေးသူဟူသမျှ ကဲ့ရဲ့ရှုတ်ချခြင်းကိုသာ ခံရစမြဲ ဖြစ်၏။ သို့ဆိုလျှင် အရွယ်ရောက်ပြီးသား အမျိုးသားကြီးတစ်ဦးက ယခုအချိန်အထိ အခြေခံအုတ်မြစ်အဆင့် မှာပဲ ရှိနေသေးသည် ဟုတ်လား။ ဤသည်က ကျင့်ကြံခြင်းလောက စံနှုန်းအရ လုံးဝ လက်ခံနိုင်ဖွယ်ရာ မရှိပါချေ။
ထိုဓားပြ တစ်ဆယ့်နှစ်ယောက်ထဲတွင် ၎င်းတို့၏ ခေါင်းဆောင်တစ်ဦးတည်းသာ နာမ်ဝိညာဉ်သန္ဓေတည်အဆင့်သို့ ရောက်ရှိထားခြင်း ဖြစ်သည်။
ဤသည်မှာ အလွန်မယုံချင်စရာကောင်းလှသည် ။
ရှောင်ဂိုဏ်းအတွင်း၌မူ အသက် ဆယ်ကျော်သက်အရွယ်နှင့်ပင် နာမ်ဝိညာဉ်သန္ဓေတည်အဆင့်သို့ ရောက်ရှိနေကြသူများစွာ ရှိသည်။ အရှေ့ဘက်ဆိပ်ကမ်းမြို့၏ အခြားသော နယ်ပယ်များတွင်ပင် အသက် နှစ်ဆယ်ကျော်အရွယ်နှင့် ဤအဆင့်သို့ ရောက်ရှိသူများ ရှိကြသေး၏။ သို့ပါလျက်နှင့် ဓားပြခေါင်းဆောင်တစ်ဦး ဖြစ်ပါလျက်နှင့် အဘယ်ကြောင့် နာမ်ဝိညာဉ်သန္ဓေတည်အဆင့်မျှသာ ရှိနေရပါသနည်း။ အကယ်၍ သူတစ်ပါး၏ စည်းစိမ်ဥစ္စာများကို အဓမ္မလုယက် ဓားပြတိုက်တော့မည်ဆိုပါက... အနည်းဆုံးတော့ ၎င်းကို ကျောထောက်နောက်ခံပြုပေးနိုင်မည့် သိုင်းစွမ်းပကားမျိုး ရှိသင့်သည် မဟုတ်ပါလား။
“ဒီအရပ်ဒေသက လူတွေက ပျော့ညံ့လွန်းလို့ ဒီလူက ဓားပြတစ်ယောက်လို အသက်ရှင်နေနိုင်တာလား။ ဘေးပတ်ဝန်းကျင်ကလူတွေက အားနည်းလို့ပဲ ဒီလိုလူမျိုးတွေကို ဘေးအန္တရာယ်တစ်ခုလို့ သတ်မှတ်နေကြတာလား...”
လျူကျင်း၏ ဇဝေဇဝါ ဖြစ်နေသော မျက်နှာထားကို မြင်သဖြင့် ရှောင်နန်က အကုန်လုံးကို ရိပ်မိသည့်အလား ပြုံးလိုက်၏။
“ညီလေး... မင်း ငါပြောတာ နဲနဲ နားလည်လာပီးမလား ...”
လျူကျင်း မျက်တောင်တခတ်ခတ် လုပ်ပြီးနောက် မျက်နှာထက်တွင် ပြုံးရိပ်တစ်ခု ပုံဖော်လာခဲ့သည်။
“ကျွန်တော်လည်း ကောင်းကောင်းကြီး သဘောပေါက်သွားပြီလို့ ထင်ပါတယ် အစ်ကိုကြီး”
“ဘာတွေလဲဟ....” ဓားပြခေါင်းဆောင်က အသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်တော့သည်။
“ထွီ....နို့နံ့မစင်သေးတဲ့ ကလေးစုတ် နှစ်ယောက်ကများ ငါတို့ 'ဝက်ဝံနက်အဖွဲ့' ရဲ့ ငါးယောက်မြောက် ခေါင်းဆောင်ကြီးကို လျစ်လျူရှုဝံ့တယ် ဟုတ်လား။”
“ကဲ... ညီလေး၊ ဒီလူတွေက ငါတို့ကို လုယက်ဖို့ ရာနှုန်းပြည့် ပြင်ဆင်ထားကြတာကွ။ ဆိုတော့... ငါတို့ဘက်က သူတို့ကိုပြန်လုတာလဲ တရားမျှတတဲ့ လောကဓမ္မတာပဲ မဟုတ်လား။ တကယ်လို့ မင်းမျက်စိထဲ တခုခု သဘောကျတာ ရှိရင် အစ်ကိုကြီးကို ချက်ချင်း ပြော...”
“ဟိတ်ကောင်တွေ ...မင်း..မင်းတို့ကများ ငါ့ကို သက်သက်မဲ့ အဖက်မလုပ်တာလား။”
လျူကျင်းက ဓားပြခေါင်းဆောင်ကို စိုက်ကြည့်လိုက်ပြီး စက္ကန့်ပိုင်းမျှအတွင်းမှာတင် အကဲဖြတ်ချက်တစ်ခုကို ချက်ချင်း ချလိုက်တော့၏။
“ကျွန်တော်... အဲ့လူကြီး လည်ပင်းက စည်းထားတဲ့ပုဝါကို သဘောကျတယ် အစ်ကိုကြီး”