အခန်း ၁၈
Vol. 2 Ch. 18
အခန်း ၁၈။ဓားပြများနှင့် တိုက်ပွဲ ။
နှုတ်ထွက်စကားလုံးတို့ဖြင့် အားပြိုင်ရမည့်အချိန် ကုန်ဆုံးသွားခဲ့ချေပြီ။ ဓားပြခေါင်းဆောင်သည် အမျက်တချောင်းချောင်းထွက်ကာ သူ၏တပည့်များကို ဝိုင်းဝန်းတိုက်ခိုက်ရန် အမိန့်ပေးလိုက်တော့သည်။ ဓားပြများအားလုံးလည်း သွေးဆာစွာဖြင့် ရုတ်ချည်း လှုပ်ရှားလာကြ၏။
အကယ်၍ ရှောင်နန် သာ အလိုရှိပါက ဤတိုက်ပွဲကို စက္ကန့်ပိုင်းမျှအတွင်း အဆုံးသတ်ပစ်နိုင်စွမ်း ရှိသည်။ မျက်တောင်တစ်ခတ်စာ အချိန်သည်ပင် ထိုသို့သော ကိစ္စရပ်အတွက် များပြားလွန်းလှသည်ဟု ဆိုရပေမည်။ ရှောင်နန်၏ သိုင်းစွမ်းပကား က ထိုမျှအထိ အားကောင်းလွန်းလှပြီး ဤဓားပြများကမူ အဆမတန် ပျော့ညံ့လွန်းနေ၍ ဖြစ်၏။ သို့သော်လည်း ရှောင်နန်က ၎င်းတို့နှင့် အလိုက်သင့် ကစားပေးနေခဲ့သည်။ သူသည် မိမိစွမ်းအား၏ အနည်းငယ်မျှသော အစိတ်အပိုင်းကိုသာ အသုံးပြုလျက် ဓားပြခေါင်းဆောင်နှင့် ဟန်ပြတိုက်ခိုက်ပေးနေ၏။ သို့သော် ထိုမျှနှင့်တင် သူ၏ခေါင်းဆောင်ကို ကူညီရန် အလောတကြီး ရောက်ရှိလာကြသည့် ဓားပြများ ကို ချက်ချင်း အာရုံစိုက်အောင်လုပ်နိူင်လိုက်သည်။
ဤနည်းလမ်းဖြင့် ရှောင်နန်သည် လျူကျင်း အတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်မည့်သူမှန်သမျှကို တစ်ဦးတည်းနှင့် ထိန်းချုပ်ပိတ်ဆို့ ပေးထားခဲ့သည်။
လျူကျင်းထံသို့ ပထမဦးဆုံး ချဉ်းကပ်လာသည့် ဓားပြမှာ ခါးတွင် ဓားတစ်စင်း ချိတ်ဆွဲထားသော်လည်း ၎င်းကို ထုတ်မဆွဲခဲ့ပါချေ။ အပြန်အလှန်အားဖြင့် သူသည် လျူကျင်းအား သာမန်ကလေးငယ်တစ်ဦးကဲ့သို့ သဘောထားကာ သတိလက်လွတ်ဖြင့် လှမ်း၍ အုပ်ကိုင်ရန် ပြင်လိုက်သည်။ ထိုလူတွင် ဆံပင်အရှည်ကြီးနှင့် မျက်စိတစ်ဖက်ကန်း အုပ်ထားသည့် ကတ်ပြားတစ်ခု ရှိသော်လည်း လျူကျင်းက ထိုအရာများကို အာရုံမစိုက်မိပါ။ ထိုလူ၏ ဝိညာဉ်အရှိန်အဝါကသာ လျူကျင်းအတွက် စစ်စစ်မှန်မှန် အရေးကြီးဆုံးအရာ ဖြစ်၏။
အတွင်းအားစုစည်းခြင်း အဆင့် တတိယအဆင့် ရှိသောဓားပြ။
ထိုလူကြီးက သူ့အား လှမ်း၍ ဖမ်းဆွဲရန် လှုပ်ရှားလိုက်သည့် ထိုအခိုက်အတန့်၌ပင် လျူကျင်းက စတင်တိုက်ခိုက်လိုက်တော့သည်။ သူ၏ ခြေနှစ်ဖက်လုံးကို မြေပြင်ထက်တွင် ခိုင်ခံ့စွာ အခြေချ စိုက်ထူထားရှိ၏။ သူ၏ သိုင်းကွက်ခြေလှမ်း အနေအထား မှာ အပြစ်ဆိုဖွယ်မရှိ ပြည့်စုံလှသလို သူ၏ လှုပ်ရှားမှုများမှာလည်း အကြိမ်ပေါင်းရာချီ လေ့ကျင့်ကျင့်သားရနေခဲ့သည့်အတိုင်း သွက်လက်ချက်ပိုင်လှပေသည်။
လျူကျင်းသည် သူ့ သိုင်းလက်ဝါးစွမ်းပကားကို ထိုဓားပြ၏ ခန္ဓာကိုယ်အလယ် ဗဟိုချက်ဆီသို့ ရှိသမျှ အားအင်အလုံးစုံ စိုက်ထုတ်လျက် ပြင်းထန်စွာ ရိုက်ခတ်ချေမှုန်းလိုက်လေတော့သည်။
အကယ်၍သာ ထိုဓားပြသည် အတွင်းအားစုစည်းခြင်း အဆင့် ၏ သတ္တမ သို့မဟုတ် အဋ္ဌမအဆင့်တွင် ရှိနေပါက လျူကျင်း၏ တိုက်ကွက်မှာ ထိရောက်မှု ရှိလိမ့်မည်မဟုတ်ချေ။ သို့မဟုတ် လျူကျင်းနှင့် ဓားပြတို့ကြားက ကွာခြားချက်သည် နာမ်ဝိညာဉ်သန္ဓေတည်အဆင့် ၏ ပထမအဆင့်နှင့် တတိယအဆင့်ကဲ့သို့ ကြီးမားနေမည်ဆိုပါကလည်း လျူကျင်း၏ တိုက်ခိုက်မှုသည် အရာထင်မည်မဟုတ်ပါချေ။ သို့သော် ထိုဓားပြအတွက် ကံဆိုးလှသည်မှာ အခြေအနေက ထိုသို့မဟုတ်ခဲ့ခြင်းပင် ဖြစ်သည် ။ ကျင့်ကြံခြင်းလောက၏ ကြီးကျယ်လှသော ကောင်းကင်အောက်တွင် အတွင်းအားစုစည်းခြင်း အဆင့်၏ ပထမအဆင့်နှင့် တတိယအဆင့်ကြားက ကွာခြားချက်မှာ အလွန်တရာ သေးငယ်လွန်းလှပေသည်။ ထို့ပြင် ဓားပြသည် လျူကျင်း၏ လက်ဝါးချက်အတွက် စိုးစဉ်းမျှ ကြိုတင်ပြင်ဆင်ထားခြင်း မရှိခဲ့ချေ။ ထို့ကြောင့် ရလဒ်မှာ တစ်ခုတည်းသာ ရှိတော့သည်။
ထိုဓားပြသည် နေရာမှာတင် ဒူးထောက်လဲကျသွားရတော့၏။
လျူကျင်းက သူ၏ခြေကွက်ကို အချိန်မဆိုင်းဘဲ ထပ်ဆင့်ကန်ချက်တခုအဖြစ် ထပ်ကန်ခလိုက်ရာ ကိုယ်လုံးကိုယ်ထည်ကြီးမားလှသော ထိုလူကြီးသည် မြေပြင်ထက်သို့ လဲကျသွားပြီး သတိလစ် မေ့မြောသွားခဲ့လေသည်။ ဤဖြစ်စဉ်တစ်ခုလုံးမှာ သုံးစက္ကန့်မျှပင် အချိန်မကြာလိုက်ပါချေ။
ထိုအခိုက်အတန့်တွင် လျူကျင်း၏ ဘေးပတ်လည်ရှိ ဓားပြများမှာ မျက်လုံးပြူးကာ တစ်ချက် တုံ့ဆိုင်းသွားကြပြီး သူ့အား အမြင်သစ်ဖြင့် ပြောင်းလဲစိုက်ကြည့်လာကြတော့သည်။ ၎င်းတို့၏ မျက်နှာထက်တွင် ဖြတ်ပြေးသွားသော ခံစားချက်များကို လျူကျင်း ကောင်းစွာ မြင်တွေ့လိုက်ရ၏။ ကနဦးတွင် သတိကြီးစွာ ထားရှိဟန် ပေါ်လာသော်လည်း ထိုအရာက အချိန်တိုအတွင်းမှာပင် ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြန်သည်။
လျူကျင်း ဤအခြေအနေကို ကောင်းကောင်းကြီး နားလည်ပါသည်။ သူသည် မိမိ၏ ဖခင်ဘေးနားတွင် ရှိနေစဉ်က ဤကဲ့သို့သော အခြင်းအရာမျိုးကို အကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးခဲ့ပြီး ဖြစ်၏။ ဖခင်ဖြစ်သူ၏ ဆေးခန်းသို့ ပထမဦးဆုံးအကြိမ် ရောက်ရှိလာကြသော လူများသည် ချီစွမ်းအင် ကို အသုံးမပြုနိုင်သော သာမန်လူသားတစ်ဦးက ဤမျှအထိ ဆေးပညာ ထူးချွန်ပြောင်မြောက်နေသည်ကို မြင်သောအခါ အံ့အားသင့်သွားတတ်ကြသည်။ ၎င်းတို့သည် အလွန်အမင်း အံ့သြသွားကြသဖြင့် ဤလက်တွေ့အမှန်တရားကို ရင်ထဲကနေ လက်မခံနိုင်ကြချေ။ ထို့ကြောင့် ၎င်းကို ခွေးရူးကောင်းစား တစ်မွန်းတည့်ပါကွဦ ဟုသာ မှတ်ချက်ပြု ပယ်ချလိုက်ကြပြီး နောက်တစ်ကြိမ် ဆေးခန်းသို့ ရောက်လာသည့်အခါတွင်လည်း ထပ်မံ၍ အံ့သြကြပြန်တတ်သည်။ ယခုအခါတွင်လည်း ဤဓားပြများ၏ စိတ်ထဲ၌ ထိုအတိုင်းပင် ဖြစ်ပျက်နေခြင်း ဖြစ်၏။ ၎င်းတို့၏ ဦးနှောက်အတွင်း တွေးတောပုံဖြစ်စဉ်ကို လျူကျင်း အတိုင်းသား မြင်ယောင်နေမိသည်။
မိမိတို့ရှေ့တွင် ရှိနေသည်မှာ အသက် တစ်ဆယ့်တစ်နှစ်ထက် မပိုနိုင်သေးသည့် ကလေးငယ်တစ်ဦးသာ ဖြစ်သည်။ ထိုကလေးသည် ဤမျှအထိ အစွမ်းထက်နေရန် ဘယ်လိုမှ မဖြစ်နိုင်ပါချေ။
“တကယ်လို့ ရှေ့ကကောင် လဲသွားတယ်ဆိုရင် အဲ့ဒါ သူ့ဘာသူ သတိလက်လွတ်ဖြစ်သွားလို့ ပဲ နေမှာ။ ဟုတ်တယ်... အဲ့ဒါပဲ ဖြစ်ရမယ်။ ကလေးတစ်ယောက်ရဲ့ လက်ဝါးချက်က သူ့ကို ဒီလောက်အထိ နာကျင်အောင် လုပ်နိုင်စရာ အကြောင်းမရှိဘူး။ ဒါဟာ မတော်တဆသက်သက်ပဲ။ ငါတို့သာ သတိမလွတ်ဘူးဆိုရင် သောက်ကလေးတယောက်ကို နှိမ်နင်းဖို့ဘာမှ ခက်ခဲမှာ မဟုတ်ဘူး”
ထိုဓားပြများသည် ၎င်းတို့၏ စိတ်ထဲ၌ ဤကဲ့သို့သာ တွေးတောနေကြပုံရ၏။
လျူကျင်းက စိတ်ပျက်စွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ဓားပြတစ်ယောက်က ဓားမြှောင်တစ်စင်းကို ဆွဲကိုင်လျက် သူ့ထံသို့ ဦးတည်ပြေးဝင်လာ၏။ ချီးကျူးရမည့်အချက်မှာ ဤတစ်ယောက်ကတော့ အနည်းဆုံးတော့ လက်နက်ကို အဆင်သင့် ထုတ်ဆွဲထားခြင်း ဖြစ်သည်။ လျူကျင်းက သူ၏ ခြေကွက်ကို သွက်လက်စွာဖြင့် နောက်ဆုတ် သိုင်းခြေလှမ်း လှမ်းလိုက်ကာ ထိုဓားပြ၏ တိုက်ကွက်အာနိသင်ဘောင်အတွင်းမှ ပါးနပ်စွာ ရှောင်ကွင်းလိုက်သည်။ ထိုဓားပြကမူ အားမလိုအားမရဖြင့် သူ့ထံသို့ ဇွတ်အတင်း ထပ်မံတိုးဝင် တိုက်ခိုက်လာပြန်၏။
ထိုသူ့လှုပ်ရှားမှုတွေက အရမ်းနှေးကွေးလွန်းလှသည်။
ထိုလူ၏ ချီစွမ်းအင်း မှာ အတွင်းအားစုစည်းခြင်း အဆင့် ဒုတိယအဆင့် တွင် တည်ရှိနေပြီး လျူကျင်းထံမှ ကျင့်စဉ်အဆင့်ထက် တစ်ဆင့်ပို၍ မြင့်မားသည်။ သို့ဆိုလျှင် သူသည် ဤမျှအထိ နှေးကွေးနေရန် အကြောင်းမရှိပါချေ။ လျူကျင်း၏ ငယ်ရွယ်သော အသိဉာဏ်အာရုံမှာ မိမိမျက်စိရှောက်မှောက်တွင် မြင်တွေ့နေရသည့် လက်တွေ့မြင်ကွင်းကို ဘည်သို့မျှ နားမလည်နိုင်အောင် ဖြစ်ရတော့သည်။ ဤသည်က ရန်သူ၏ လှည့်ကွက် များ ဖြစ်နေမလား။ သို့သော် လျူကျင်းက ထိုဖြစ်နိုင်ခြေကို ချက်ချင်းပင် စိတ်ထဲမှ ပယ်ဖျက်လိုက်၏။ ယခုကဲ့သို့ သေရေးရှင်ရေး တိုက်ပွဲအတွင်း၌ ရန်သူက ပျော့ညံ့ချင်ယောင်ဆောင် နေရန် အကြောင်းမရှိပါချေ။ ဤသည်မှဦ လှည့်ကွက်မဟုတ်သလို အထင်ကြီးစော်ကားခြင်း သက်သက်လည်း မဟုတ်ပါ။ အဖြေက တစ်ခုတည်းသာ ရှိတော့သည်။
ဒီဓားပြက တကယ်ကို ပျော့ညံ့လွန်းနေခြင်း ဖြစ်၏။
လျူကျင်းသည် တိုက်ကွက် ရောက်ရှိလာမည့် နောက်ဆုံးစက္ကန့်အထိ အသာအယာ စောင့်ဆိုင်းလိုက်ပြီးမှ ခန္ဓာကိုယ်ကို ဘေးသို့ လျင်မြန်စွာ လွှဲရှောင်လိုက်ရာ... ဓားပြ၏ တိုက်ကွက်မှာ လေဟာနယ်ထဲသို့သာ လွဲချော် ဖြတ်သန်းသွားခဲ့ရလေသည်။ လျူကျင်း၏ လက်တစ်ဖက်က ထိုဓားပြ၏ လက်ကောက်ဝတ်ကို လျှပ်တစ်ပြက်အတွင်း ဖမ်းဆွဲလိုက်ပြီး ကျန်လက်တစ်ဖက်ကမူ သူ၏ ဝတ်စုံအင်္ကျီကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်၏။ ထို့နောက် လျူကျင်းသည် ခြေကွက်တစ်ခုတည်းဖြင့်ပင် ထိုဓားပြအား သိုင်းပညာ ဂျွမ်းပစ်လွှဲချချက် အဖြစ် မြေပြင်ထက်သို့ ပြင်းထန်စွာ ဆောင့်ချပစ်လိုက်လေတော့သည်။ ဓားမြှောင်မှာလည်း ထိုလူ၏ လက်ထဲမှ လွတ်ကျသွားခဲ့ပြီး လျူကျင်းက ၎င်းကို ခြေထောက်ဖြင့် ခပ်သွက်သွက်ပင် ကန်ထုတ်ပစ်လိုက်၏။
နောက်ထပ် ဓားပြနှစ်ယောက် သူ့ထံသို့ ထပ်မံရောက်ရှိလာကြပြန်သည်။ ၎င်းတို့မှာ အတွင်းအားစုစည်းခြင်း အဆင့် ပထမအဆင့် နှင့် အခြေခံအုတ်မြစ်နယ်ပယ် အဋ္ဌမအဆင့် မျှသာ ဖြစ်သည်။ ဓားပြတစ်ယောက်၏ လက်သီးချက်က လျူကျင်း၏ မျက်နှာဆီသို့ ဦးတည်ဝင့်ခုတ်လာပြီး ကျန်တစ်ယောက်ကမူ ဓားရှည်ဖြင့် အောက်ခြေကို ဝှေ့ယမ်းခုတ်ပိုင်းရန် ပြင် လာခဲ့သည်။ လျူကျင်းသည် ကျင့်စဉ်အဆင့် ပိုမိုနိမ့်ပါးသော ဓားပြကို တိုက်ကွက်ဖော်ရန် ရွေးချယ်လိုက်ပြီး ချက်ချင်းပင် လှုပ်ရှားလိုက်တော့၏။ လျူကျင်းသည် လျှပ်တစ်ပြက်အတွင်းမှာပင် ထိုဓားပြ၏ နောက်ကျောဆီသို့ မြွေတစ်ကောင်ပမာ ပါးနပ်စွာ အသာလေးလျှိုတိုးဝင် သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် လျူကျင်းသည် သူ့ကိုယ်သူသတိထားမိသဖြင့် မျက်မှောင်တစ်ချက် ကုတ်လိုက်မိ၏။ သူ ယခုတင် လှုပ်ရှားလိုက်သော သိုင်းကွက်ခြေလှမ်းမှာ လိုအပ်သည်ထက် ပို၍ သေသပ်ပြေပြစ်နေသည်ကို သူ သတိထားမိလိုက် သည်။
ရှောင်ဂိုဏ်း က တပည့်များကို သင်ကြားပြသပေးသည့် သိုင်းပညာသည် အလွန်တရာ တိကျပြတ်သားသည့် သိုင်းကွက်ပုံစံမျိုး ဖြစ်၏။ ၎င်းသည် လျင်မြန်ပြင်းထန်စွာ ရိုက်ခတ်ချေမှုန်းတတ်ပြီး မိမိ၏ သိုင်းစွမ်းပကားဖြင့်သာ ရန်သူကို ဖိနှိပ်လွှမ်းမိုးကာ ထိုစွမ်းအားဖြင့်ပင် တောင့်ခံရင်ဆိုင်တတ်သည်။ ဤသိုင်းကွက်ကို ကျွမ်းကျင်စွာ အသုံးချနိုင်ပါက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထိရောက်လှပေသည်။ သို့သော်လည်း လျူကျင်းသည် ယခုနောက်ပိုင်းတွင် သူ၏ ကိုယ်ဟန်လှုပ်ရှားမှုများက ထိုသိုင်းကွက်မှ တဖြည်းဖြည်း သွေဖည် နေကြောင်း သူ သတိပြုမိလိုက်သည်။
သို့ရာတွင် သူကိုယ်တိုင် တမင်သက်သက် ပြောင်းလဲလုပ်ဆောင်နေခြင်းမျိုး မဟုတ်ပါချေ။ အပြန်အလှန်အားဖြင့် သူ၏ ခန္ဓာကိုယ်သည် ရံဖန်ရံခါတွင် ထိုကဲ့သို့သော လှုပ်ရှားမှုမျိုးဆီသို့ သဘာဝအလျောက် အလိုအလျောက်ပင် သိုင်းကွက်ထုတ်မိသွားခြင်း ဖြစ်သည်။ ဥမမာအားဖြင့် ဒေါသမာန်ပြင်းပြင်း နှင့် တိုက်ခိုက်သော သိုင်းကွက်နှင့် တူညီမှု မရှိလှဘဲ... အရှိန်အဟုန်ဖြင့်
မြွေတစ်ကောင် လူးလွန့်နေသည့် ပမာ...။
ကိုးခေါင်းနဂါးမြွေနတ်ဘုရားကြီး၏ အဆိပ်ရည်ဆိုးက သူ့သိုင်းကွက်များ အပေါ် တစ်စုံတစ်ရာ သက်ရောက်မှု ရှိနေလေသလားဟူ၍ သူ့စိတ်ထဲ အမှတ်မထင်တွေးလိုက်မိသည် ။ သို့သော်လည်း ယခုအချိန်သည် ထိုအရာကို တွေးတောပူပန်နေရမည့် အခိုက်အတန့် မဟုတ်ပါချေ။ အရှေ့ဘက်ဆိပ်ကမ်းမြို့ သို့ ပြန်ရောက်သည့်အခါကျမှသာ ဆရာကြီးကျန်း အား အသေအချာ မေးမြန်းရပေမည်။ ယခုလောလောဆယ်တွင် လျူကျင်းအနေဖြင့် သူ့ ရှေ့မှောက်က ဓားပြများကိုသာ အာရုံစိုက်ရန် လိုအပ်ပေသည်။
လျူကျင်းသည် ထိုဓားပြ၏ ဒူးခေါက်ကွေး နောက်ကျောဆီသို့ ပြင်းထန်စွာ ရိုက်ခတ်လိုက်ရာ “ဂျွတ်..”ဟူသည့် အရိုးကျိုးသွားသည့် အသံသည် အော်သံ ခပ်စူးစူး တစ်ချက်နှင့်အတူ ရုတ်ချည်း ထွက်ပေါ်လာသည်။ ဓားပြသည် နာကျင်လွန်းလှသဖြင့် အော်ဟစ်ညည်းတွားရင်း ပုံပျက်ပန်းပျက် ကောက်ကွေးသွားသော သူ၏ခြေထောက်ကို ဆုပ်ကိုင်လျက် မြေပြင်ထက်သို့ လဲကျသွားရတော့သည်။ ထိုအခိုက်တွင် လျူကျင်း၏ ရင်ထဲ၌ သနားစာနာစိတ် တစ်ခု ဝုန်းခနဲ လျှံတက်လာခဲ့သည်။ သူ ဤမျှအထိ ပြင်းထန် နာကျင်အောင် ရည်ရွယ်ခဲ့ခြင်း မဟုတ်ပေ။ အခြေခံအုတ်မြစ်နယ်ပယ် အဋ္ဌမအဆင့်နှင့် အတွင်းအားစုစည်းခြင်း အဆင့် ပထမအဆင့်ကြားက ကွာခြားချက်ဟူသည်... နောင်တွင် ကြုံတွေ့ရမည့် ကျင့်ကြံခြင်း နယ်ပယ်ကြီးများကြားက ကွာခြားချက်နှင့် နှိုင်းယှဉ်လျှင် မပြောပလောက်ပေ။ သို့ဖြစ်ရာ သူ့ တိုက်ကွက်သည် ဤမျှအထိ အစွမ်းထက်မနေသင့်ပေ။
အဘယ်ကြောင့် ထိုဓားပြ၏ ခန္ဓာကိုယ်က ဤမျှအထိ ကြွပ်ဆတ်လွန်းနေရပါသနည်း ။
လျူကျင်းအနေဖြင့် ဤအကြောင်းအရာကို နက်နက်နဲနဲ တွေးတောနေရန် အချိန်မရလိုက်ပါချေ။ အဘယ်ကြောင့်ဆိုသော် ဓားရှည်တစ်စင်း ကိုင်ဆောင်ထားသည့် ဓားပြတစ်ယောက်က သူ့ထံသို့ ထပ်မံ၍ တိုးဝင် တိုက်ခိုက်လာသောကြောင့်ပင်ဖြစ်သည် ။ ထိုဓားပြ၏ ပြေးဝင်လာပုံ ခြေလှမ်းတိုင်းမှာ တလွဲအမှား များဖြင့် ပြည့်နှံနေသလို... သူ၏ သိုင်းကွက်ခြေလှမ်း အနေအထား မှာလည်း ဟာကွက် ပေါင်းမြောက်မြားစွာဖြင့် အလွန်တရာ ကစဉ့်ကလျား ဖြစ်နေသည်။
လျူကျင်းသည် ထိုဓားပြထံသို့ ချက်ချင်း အနီးကပ် တိုးဝင်လိုက်သည်။ သူသည် လျှပ်တစ်ပြက်အတွင်းမှာပင် ဓားပြ၏ အနီးဆုံး ထိ ရောက်ရှိသွားခဲ့လေသည်။ ဤမျှလောက် နီးကပ်လွန်းသော အကွာအဝေးတွင်မူ ထိုလူ၏ ဓားရှည်သည် အသုံးမဝင်တော့ပါချေ။ လျူကျင်း၏ လက်ဝါးချက်က ဓားပြ၏ လည်ပင်းဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားပြီး ၎င်းဓားပြကို ယိမ်းထိုး သွားစေကာ... သူ၏ ဝမ်းဗိုက်ဆီသို့ မိုးသီးမုန်တိုင်း တိုက်ကွက်များ ကို ဆက်တိုက် တိုက်ခိုက်လိုက်သည်။ ထို့နောက် ဓားပြ၏ ခြေထောက်ကို အောက်ခြေမှ ကန်ချလျက် ပွဲသိမ်းလိုက်တော့သည်။
“ဒီခွေးမသား ကလေးစုတ်လေး...”
ထိုဟိန်းဟောက်သံကြားကြားျခင်း လျူကျင်းအနေဖြင့် အသံနောက်မှ ကပ်လိုက်ပါလာသည့် လှံထိုးချက်ကို ရှောင်ကွင်းရန် အချိန်အလုံအလောက် ရရှိသွားခဲ့ရသည်။ ခပ်မှိုင်းမှိုင်း ဝတ်ရုံကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် ဓားပြတစ်ယောက်သည် သူ၏ နောက်ထပ် ပြိုင်ဘက် ဖြစ်လာခဲ့သည်။ ထိုလူ၏ ချီစွမ်းအင်များက သူ၏ ပတ်ပတ်လည်တွင် ကစဥ်ကလျား ဖြာထွက် နေသည်။ လျူကျင်းအနေဖြင့် ၎င်းဓားပြ၏ ကျင့်စဉ်အဆင့်ကို အာရုံခံနိုင်ရန်အတွက် စိုးစဉ်းမျှပင် အားစိုက်ထုတ်ရန် မလိုပေ။
အတွင်းအားစုစည်းခြင်း အဆင့် စတုတ္ထအဆင့် ....။
လျူကျင်းအနေဖြင့် ဤကဲ့သို့သော သူ့အဆင့်ထက်မြင့်သည့်ပြိုင်ဘက်မျိုးကို အနိုင်ယူနိုင်စွမ်း မရှိပေ။ အကြောင်းမူ အရှေ့ဘက်ဆိပ်ကမ်းမြို့ ၌ သူသင်ယူခဲ့ရသော လောကအများသုံး ကျင့်ကြံခြင်းအယူအဆ များအရ ထိုအချက်ကို သူကောင်းကောင်းသိပြီးဖြစ်သည် ။...
သို့သော်ငြားလည်း လျူကျင်း၏ စိတ်ထဲ၌ သူ့ကိုယ်သူ ယုံကြည်မှုများ အပြည့်အဝ ရှိနေခဲ့သည်။
လှံသမား ဓားပြသည် အရင်ဦးဆုံး စတင်လှုပ်ရှားလာသည်။ သူသည် တရဟော တိုးဝင်လာပြီး လျူကျင်း၏ ကိုယ်လုံးဆီသို့ သူ၏လှံဖြင့် ဝေ့ယမ်းခုတ်ထိုးလိုက်သည်။ သူ၏ အရှိန်က အလွန်တရာ မြန်ဆန်လှပြီး လျူကျင်းထက်ပင် ပိုမိုလျင်မြန်နေသည်။ သို့သော် လျူကျင်းသည် လှံချက်၏ ဘောင် အတွင်းမှ အချိန်မီ ပါးနပ်စွာ နောက်ဆုတ်ရှောင်ကွင်း နိုင်လိုက်သည်။
“တောက်..”
လှံသမားသည် တောက်တချက်ပြင်းပြင်းခေါက်ရင်း မျက်မှောင်တစ်ချက် ကုတ်လိုက်မိသည်။ သူ၏ ခြေလှမ်းသိုင်းကွက်များကို ရှေ့သို့ ထပ်မံရွှေ့လျက် မနားစတမ်း ဆက်တိုက်လှံထိုးချက်များ ဖြင့် ထက်ကြပ်မကွာ လိုက်လံတိုက်ခိုက်လာပြန်သည်။
ထိုထိတိုင်အောင်ပင် လျူကျင်းကမူ ထိုလှံချက်အားလုံးကို မလွတ်တမ်း ဆက်လက်တိမ်းရှောင်နိုင်ဆဲ ဖြစ်သည်။
အကယ်၍သာ ထိုလှံသမား၏ လှုပ်ရှားမှုများသည် ယခုထက် အနည်းငယ်မျှ ပို၍ မြန်ဆန်နေခဲ့ပါက လျူကျင်းအနေဖြင့် ရှောင်တိမ်းနိူင်စရာ အကြောင်းမရှိချေ။
အကယ်၍သာ လှံသမား၏ တိုက်ကွက်များထဲတွင် မလိုအပ်ဘဲ အားအင်ဖြုန်းတီးနေသည့် အပိုလှုပ်ရှားမှု များသာ မပါဝင်ခဲ့ပါက ဤမျှအထိ ပါးနပ်စွာ ရှောင်ကွင်းနိုင်လိမ့်မည် မဟုတ်ပါချေ။
အကယ်၍သာ ထိုလူ၏ သိုင်းကွက်ခြေလှမ်းပညာ သည် ယခုထက် ပို၍ ကောင်းမွန်နေခဲ့မည်ဆိုပါက လျူကျင်းအနေဖြင့် သူ့ထက် တစ်ခြေလှမ်း အမြဲဦးအောင် ကြိုတင်ပြင်ဆင်ထားနိုင်စွမ်း ရှိမည်မဟုတ်ပါချေ။
သို့သော် ထိုလှံသမားအတွက် ဝမ်းနည်းစရာကောင်းလှသည်မှာ အထက်ပါ အခြေအနေများ ထိုဓားပြတွင် မရှိခဲ့ခြင်းဖြစ်သည်။ လျူကျင်းသည် အပြစ်ဆိုဖွယ်မရှိ တိကျပြည့်စုံလှသော အချိုးအစား ဖြင့် ရွေ့လျားနေခဲ့ပြီး... ထိုလှံသမား ဓားပြ ကိုတင်မက သူ၏ ဘေးပတ်ပတ်လည်က ဓားပြများအားလုံးကိုပါ မျက်ခြေမပြတ် အာရုံစိုက် စောင့်ကြည့်နိုင်ခဲ့သည်။ သူသည် ဓားပြများ သူ့အား ဝိုင်းရံပိတ်ဆို့ခွင့်လုံးဝမပေးခဲ့သလို၊ ရှောင်နန် နှင့် တိုက်နေသည့် ပိုမိုအစွမ်းထက်သော ဓားပြထိပ်သီးခေါင်းဆောင်များရှိရာ အနီးအနားဆီသို့လည်း မည်သို့မျှ အကပ်မခံခဲ့ချေ။
လျူကျင်းသည် သူ့အတွက် အဟန့်အတား အနည်းဆုံးဖြစ်မည့် လမ်းကြောင်း အတိုင်း တိုက်ခိုက်ရာ မြေပြင်တစ်ခုလုံးတွင် ရေအလျဉ်ပမာ ချောမွေ့စွာ စီးမျောလှုပ်ရှားနေခဲ့လေသည်။
လှံသမား ဓားပြသည် စိတ်ပျက်အားမရ ဖြစ်လာသဖြင့် သူ၏လှံသွားကို အောက်သို့ အသာနှိမ့်ချလိုက်ပြီး လျူကျင်း၏ မျက်နှာဆီသို့ မြေမှုန့်များဖြင့် ခါထုတ်ရင်း ပက် လိုက်တော့သည်။ သို့သော်လည်း လျူကျင်းက အချိန်ကိုက်ပင် အနီးနားက အားနည်းသော ဓားပြတစ်ယောက်ကို လျှပ်တစ်ပြက်အတွင်း ဖမ်းဆွဲလိုက်ပြီး... သူ့ရှေ့တွင် ကာ လိုက်သည် ။
“အားးးး...လခွမ်း သေပါဘီ”
ထိုဓားပြသည် မြေမှုန့်များ မျက်နှာပေါ်သို့ ကျရောက်သွားသဖြင့် စူးစူးဝါးဝါး အော်ဟစ်ညည်းတွားလိုက်မိတော့သည်။ ထိုအခိုက်အတန့်မှာပင် လျူကျင်းက ထိုသူ့ကို လှံသမားဓားပြရှိရာဘက်သို့ ခြေထောက်ဖြင့် ခပ်သွက်သွက် ကန်ထုတ်ပစ်လိုက်သည်။ လှံသမားဓားပြသည် သူ့ဓားပြအဖော်အား လှံချက်မထိအောင် သူ့လှံကို ဘေးသို့ အမြန်ဖယ်ရှားလိုက်ရင်း ဒေါသတကြီးအော်လိုက်ကာ ထိုဓားပြအား တွန်းဖယ်ပစ်လိုက်သည်။
ထိုစက္ကန့်ပိုင်းအတွင်း သူ၏ အမြင်အာရုံထဲ၌ လျူကျင်း ပျောက်ကွယ်သွားခဲ့ရသည် ။
ထိုစက္ကန့်ပိုင်းအတွင်း သူ၏လှံသွားမှာလည်း လျူကျင်းထံသို့ ဦးတည်မနေခဲ့ပါချေ။
ထိုမျှလောက်သော အခိုက်အတန့်လေးကပင် ထိုလှံသမားဓားပြအတွက် ကြီးမားသော အဖိုးအခ ဖြစ်သွားခဲ့ရလေတော့သည်။
လျူကျင်းသည် လဲကျသွားသော ဓားပြတစ်ယောက် ချန်ထားခဲ့သည့် ဓားရှည်ကို ကောက်ကိုင်ကာ လျှပ်တစ်ပြက်အတွင်း ဝင့်၍ ခုတ်ပစ်လိုက်သည်။ သူသည် ဓားပြကို မဟုတ်ဘဲ သူ၏လှံတံကို ဓားချက်တစ်ချက်တည်းဖြင့် ပြတ်တောက်သွားအောင် တိကျစွာ ခုတ်ပိုင်းလိုက်ခြင်း ဖြစ်သည်။လျူကျင်းသည် ကျိုးပဲ့သွားသော လှံတံအစိတ်အပိုင်းကို မြေပြင်ပေါ်သို့ မကျခင် အချိန်ကိုက် ဖမ်းဆွဲလိုက်သည်။ ထို့နောက် သူသည် ဓားနှောင့်ဖြင့် ဓားပြ၏ ဝမ်းဗိုက်ဆီသို့ အားပြင်းစွာ ဆောင့်ထိုးလိုက်ပြီး... ကျိုးပဲ့နေသော လှံတံဖြင့် သူ၏ဒူးခေါင်းကို ခပ်ပြင်းပြင်းရိုက်ပစ်လိုက်သည်။
ဤတိုက်ကွက်ကြောင့် ဓားပြမှာ အကြီးအကျယ် နာကျင်သွားသော်လည်း လဲကျသွားခြင်းမရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် လျူကျင်းသည် ထိုဓားပြနှင့် ကျင့်ကြံအဆင့်အားဖြင့် နိမ့်နေသောကြောင့်ဖြစ်သည်။ အတိအကျပြောရပါက လျူကျင်း သည် ယခုထက်တိုင် အတွင်းအားစုစည်းခြင်း အဆင့် ပထမအဆင့် ၌သာ ရှိနေသေးသောကြောင့် ဖြစ်သည်။
သို့သော် ဤတိုက်ကွက်တစ်ခုတည်းဖြင့်ပင် တိုက်ပွဲ၏ အခြေအနေကို အလှည့်အပြောင်းကြီး ဖြစ်သွားစေရန် လုံလောက်သွားသည်။
ဓားပြသည် ကျိုးပဲ့သွားသော လှံတံကို လွှတ်ချလိုက်ပြီး လက်ဗလာဖြင့်သာ အငြိုးတကြီး ဝင်ရောက်တိုက်ခိုက်လာတော့သည်။ သူသည် လျူကျင်းထက် ပိုမိုသန်မာသလို ပို၍လည်း လျင်မြန်လှ၏။ သူ၏ ခန္ဓာကိုယ်ကြွက်သားများမှာလည်း ပိုမိုကြံ့ခိုင်တောင့်တင်းလှသည်။ သို့သော်လည်း သူ့တွင် လှံတံက ပေးစွမ်းနိုင်သော အကွာအဝေး အသာစီးရမှု မရှိတော့ပေ။ သူ၏ တိုက်ကွက်မှာ စနစ်တကျ သင်ယူထားခြင်းမရှိဘဲ ကစဉ့်ကလျား ဖြစ်နေသလို၊ လွှဲယမ်းချက်များမှာလည်း ကမူးရှူးထိုးဖြစ်နေသည် ။ သို့ဖြစ်ရာ ထိုဓားပြ၏ သိုင်းကွက်ခြေလှမ်းမှာ ဟာကွက် များဖြင့် ပြည့်နေတော့သည်။
လျူကျင်းသည် ထိုဟာကွက်များကို အသုံးချကာ သူ့အား အချိန်မဆိုင်းဘဲ ပြတ်ပြတ်သားသား တန်ပြန်ပညာပေးလိုက်လေတော့သည်။
လျူကျင်းသည် ဓားပြ၏ တိုက်ကွက်များအကြားတွင် လိပ်ပြာပမာ ကလူဆော့ ကစားရင်း မြွေတစ်ကောင်ကဲ့သို့ ပါးနပ်စွာ တိုးဝင် တိုက်ခိုက်လေသည်။ ဓားပြက တန်ပြန်တိုက်ခိုက်ရန် ပြင်တိုင်း သူသည် အမြဲတမ်း အချိန်ကိုက် နောက်ဆုတ် ရှောင်ကွင်းသွားသည်။ ဤအခြင်းအရာက အကြိမ်ကြိမ် အထပ်ထပ် ဖြစ်ပျက်နေတော့သည်။ ဓားပြက တိုက်စစ်ဆင်လာတိုင်း လျူကျင်းက ထိုအခွင့်အရေးကို အသုံးချကာ အလစ်အငိုက် တန်ပြန်တိုက်ခိုက်ပြီးမှ နောက်သို့ ပြန်လည် ဆုတ်ခွာသွားသဖြင့် ဓားပြကြီး၏ လက်လှမ်းမီရုံ သီသီလေးတွင်သာ အမြဲ လွတ်လွတ်ထွက်နေတော့သည်။ ဤသို့အားဖြင့် ဓားပြကြီးအား လျူကျင်းက ဒဏ်ရာ တစ်ချက်မှသည် ငါးချက်၊ ငါးချက်မှသည် ဆယ်ချက်၊ ဆယ်ချက်မှသည် ထိုထက်မကသော လက်ဝါးချက်များဖြင့် ချက်ကောင်းများဆီသို့ ထိုးနှက်နေသည်။
ထိုအခိုက်အတန့်တွင် လျူကျင်းသည် သူ၏ စိတ်အာရုံထဲ၌ ထိုဓားပြ၏ မျက်နှာအစား... အရှေ့ဘက်ဆိပ်ကမ်းမြို့ တွင် မိမိနောက်ကွယ်၌ တိုးတိုးတိတ်တိတ် အတင်းပြောခဲ့ကြသူများ၏ မျက်နှာကို အစားထိုး မြင်ယောင်ရင်း ရှိသမျှဒေါသဖြင့် ဆင့်ကာဆင့်ကာ ထိုးနှက်ပစ်လိုက်သည်။
မိမိ၏ ဖခင်အပေါ်ကိုလည်း အမြဲတစေ ကွယ်ရာတွင် အတင်းအဖျင်း ဆိုခဲ့ကြသူများ၏ မျက်နှာကို ထိုဓားပြ၏ နေရာတွင် ထပ်မံ အစားထိုးကာ အားရပါးရ ထိုးပစ်လိုက်ပြန်သည်။
နောက်ဆုံးတွင်မူ... အကြောင်းပြချက် မရှိဘဲ ရှောင်ဖန်း၏ မျက်နှာကိုပါ ထိုနေရာ၌ အစားထိုးကာ အမုန်းဆင့်၍ ထိုးနှက်ပစ်လိုက်လေတော့သည်။
ထိုသို့ဖြင့်... ပြင်းထန်လှသော လက်သီးချက်များအောက်တွင် ဓားပြသည် မကြာမီမှာပင် မြေပြင်ထက်သို့ ဝုန်းခနဲ လဲကျသွားရတော့သည်။
“အင်း... ငါ့ညီလဲ တော်တော် လက်သံပြောင်ပါလားဟ ..”
လျူကျင်း နောက်သို့ လှည့်ကြည့်လိုက်ရာ သူ့အား ပြုံးစစနှင့်ကြည့်နေသော ရှောင်နန် ကို တွေ့လိုက်ရသည်။ သူသည် အခြားသော ဓားပြအားလုံးကို အစောကတည်းက ရှင်းလင်းအပြတ်တိုက်ပြီး ဖြစ်နေချေပြီ။ တစ်ယောက်မကျန် အကုန်လုံးကိုရှင်းထားခြင်းဖြစ်သည်။ လျူကျင်း သတိမထားမိလိုက်သည့် အချိန်ပိုင်းအတွင်းမှာတင် ရှောင်နန်က ဓားပြအားလုံးကို အလွယ်တကူ နှိမ်နင်းပစ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လျူကျင်းနှင့် လှံသမားတို့နှစ်ဦးတည်းသာ အပြန်အလှန် လုံးထွေးတိုက်ခိုက်ရန် အချိန်ရနေခဲ့ခြင်းဖြစ်လေသည်။
“ဟူးးး ကျွန်တော်ကတော့ မောနေဘီဗျာ ...အကိုကြီးကသာပျော်နေတယ် ”
လျူကျင်းက အမောတကောဖြင့် ပြန်လည်ဖြေကြားလိုက်သည်။ သူသည် အသက်ကို ပြင်းထန်စွာ ရှူရှိုက်နေရပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ချွေးစေးများ စိုရွှဲနေခဲ့ပြီ ဖြစ်၏။ သို့သော်ငြားလည်း သူ၏ချီ စွမ်းအင် စီးဆင်းမှုကမူ စနစ်တကျ တည်ငြိမ်စွာ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည်။
“ကျွန်တော့်ဘဝမှာ သူများနဲ့တိုက်ရခိုက်ရတာ ကို ပျော်စရာတစ်ခုအဖြစ် ဘယ်တော့မှ မြင်တော့မယ်မထင်ဘူးဗျာ ”
“ဟာကွာ ...ငါ့ညီကလဲ ဘာပြောပြော ရင်ထဲက ဒေါသတွေ ပေါက်ကွဲထွက်သွားတော့ နဲနဲတော့ပေါ့သွားတာပေါ့ကွ မဟုတ်ဘူးလား ဟဲဟဲ..” ရှောင်နန်က ဟဲခနဲ ရီလျက် ဆိုလိုက်သည်။
“အဲ့ဒါကို ခဏထားလိုက်ဦး... နောက်မှ အကိုတို့ အေးအေးဆေးဆေး ပြောကြတာပေါ့။ အခုလောလောဆယ် ဒီဓားပြတွေကို ငါတို့ ဘာလုပ်ကြမလဲ။ ညီလေးအတွက် ဒါဟာ ပထမဦးဆုံးအကြိမ် တိုက်ပွဲမို့လို့ မင်းသဘောအတိုင်း ဆုံးဖြတ်ကွာ... ”
လျူကျင်းသည် ထိုအချက်ကို ခဏမျှ စဉ်းစားတွေးတောလိုက်သည်။
“အဟက် ...အဲ့ဓားပြ ရဲ့ လည်စည်းပုဝါ လေး ကတော့ မဆိုးဘူးလားလို့လေ...”
ဤသို့နှင့် ဓားပြများအား အပြတ်အသတ်ချေမှုန်းပြီးသကာလ လျူကျင်းနှင့် ရှောင်နန်တို့သည် လဆန်းမြို့ငယ် ဆီသို့ ဦးတည်သည့် မြေသားလမ်းမကြီးအတိုင်း အေးအေးလူလူ ဆက်လက်ထွက်ခွာလာကြသည်။ ယခုအခါ လျူကျင်း၏ လည်ပင်းတွင် ကြက်သွေးရောင် လည်စည်းပုဝါတစ်ထည်ကို ဟန်ကျကျ ပတ်ထားပြီး ဖြစ်သည်။ ၎င်းပုဝါမှာ အတော်လေး ရှည်လျားလှသဖြင့် သူ၏လည်ပင်းတွင် အကြိမ်ပေါင်းများစွာ ဆင့်ပတ်ထားရပြီး အဆုံးသတ်၌ သူ၏ မျက်နှာအောက်ခြေတစ်ဝက်ကိုပင် ဖုံးလွှမ်းသွားခဲ့လေသည်။
ဓားပြများနှင့် ပတ်သက်၍မူ... ဒူးခေါင်းရိုးကျိုးသွားသော ဓားပြ၏ ခြေထောက်ကို ဆေးပညာအရ အရိုးပြန်ဆက် ပေးပြီးနောက်၊ လျူကျင်းနှင့် ရှောင်နန်တို့သည် ၎င်းတို့အား လက်နက်တစ်ခုမျှ မချန်ထားဘဲ သစ်ပင်တစ်ပင်တွင် တင်းတင်းကြပ်ကြပ် တုတ်နှောင်ထားခဲ့ကြချေပြီ။
ထို့ပြင် ၎င်းတို့အား ကိုယ်လုံးတီးဖြင့် ချန်ထား ခဲ့သည်က တော့ ရှောင်နန်၏ ခပ်ဆန်းဆန်း အတွေးဖြစ်ကာ သူ့သဘောမဟုတ်ပေ။
အတန်ကြာ တိတ်ဆိတ်နေပြီးမှ လျူကျင်းက စကားစလိုက်သည်။
“အစ်ကိုကြီး...”
“ပြော ညီလေး...”
“အခုဖြစ်သွားတဲ့ ကိစ္စအဝဝက... ကျွန်တော့်ကို ပညာရစေချင်လို့ တမင်သက်သက် ဖန်တီးပေးတာလားဗျ”
“အင်း... ညီလေး စိတ်ဖိစီးနေတာလဲ တော်တော်ကြာပြီ မဟုတ်လား။ အဲ့ဒါကြောင့် အရှေ့ဘက်ဆိပ်ကမ်းမြို့ က ဘယ်သူကမှ မင်းရဲ့ အားနည်းချက်ကို အခွင့်ကောင်းမယူခင် မင်းစိတ်ထဲက မကျေနပ်ချက်တွေကို ဘေးကင်းကင်းနဲ့ ဖွင့်ချခွင့်ရမယ့် ထွက်ပေါက်တစ်ခု ပေးဖို့ အကို တွက်လိုက်တာလေ...ဘယ်နှယ့်လဲ စိတ်ထဲမှာ ပေါ့ပီး နဲနဲနေလို့ကောင်းသွားဘီမလား ...”
ရှောင်နန်ပြောသကဲ့သိုပင် သူ့စိတ်ပေါ့ သွားသည် မှန်သော်လည်း သူ ထိုအချက်ကို ဝန်ခံရန် အစီအစဉ်မရှိပါချေ။ ဆေးပညာကျင့်ကြံသူ တစ်ဦး ဖြစ်ရခြင်း၏ ရည်ရွယ်ချက်မှာ သူတစ်ပါးကို ကုသပေးရန် သာ ဖြစ်ပြီး နာကျင်စေရန် မဟုတ်ပေ။
“တကယ်လို့ ကျွန်တော်တို့ကို လမ်းမှာ ဘယ်သူမှ ဝင်မတိုက်ခဲ့ရင်ကော အစ်ကိုကြီး”
“အော် အဲလိုမျိုးဖြစ်မှာမဟုတ်ဖူးကွ ...၊ တနည်းမဟုတ်တနည်း လူဆိုးဓားပြနဲ့တွေ့မှာတော့ ကျိန်းသေးတယ် ..၊ ပထမအချက် ငါတို့က အသက်ငယ်တယ် ..၊ လက်နက်ဘာညာလဲ မပါဘူး ..၊ ငါတို့ ဝတ်ရုံတွေကလဲ ကြည့်ရုံနဲ့ တန်ဖိုးကြီးမှန်း သိသာလွန်းနေတာကိုး။ ဒါတင်မကသေးဘူး...ဒုတိယအချက် ဒီခရီးစဉ်တစ်ခုလုံးမှာ အကို တို့နှစ်ယောက်လုံးက ချီ ကျင့်စဥ်အစွမ်းတွေကို ဖုံးကွယ်ထားတာလေ..ဒီတော့ မင်းပဲစဥ်းစားပေါ့...”
စင်စစ်မူ... ရှောင်နန်သည် အရှေ့ဘက်ဆိပ်ကမ်းမြို့မှ ထွက်ခွာလာခဲ့သည့် အချိန်ကတည်းကပင် သူ၏ ချီစွမ်းအင်အရှိန်အဝါကို တမင်သက်သက် ဖုံးကွယ် ထားခဲ့ခြင်း ဖြစ်ပေသည်။
“အကိုတို့က ကြည့်ရုံနဲ့တင် လွယ်လွယ်ကူကူ အမြတ်ထုတ်လို့ရမယ့် သားကောင်တွေနဲ့ တူနေတာကိုး။ ဒါတင်မကသေးဘူး... အရင်လပိုင်းကပဲ လဆန်းမြို့ငယ်ရဲ့ ဂိုဏ်းခွဲမှူးက အကိုတို့ ဂိုဏ်းချုပ်ကြီးဆီကို သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သေးတယ်။ အဲ့ဒီ 'ဝက်ဝံနက် အဖွဲ့' က လဆန်းမြို့ငယ်ကို ဖြတ်သန်းသွားလာနေတဲ့ ကုန်သည်တွေကို အမြဲ နှောင့်ယှက်နေကြတယ်တဲ့။ အဲ့ဒီလူတွေက ငါတို့ကို ဘာမှ ဒုက္ခမပေးနိုင်ဘူးဆိုတာ ဂိုဏ်းခွဲမှူး ကောင်းကောင်းသိပေမယ့်... အကိုတို့ကို ကြိုတင်သတိမပေးခဲ့ရင် ဂိုဏ်းရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှာ စိုးလို့ သတင်းပို့လာတာပေါ့။ အဲ့ဒါကြောင့် အကိုတို့နဲ့ အဲ့ဓားပြတွေ တည့်တည့်တိုးတာပေါ့ကွာ ”
“ဒီလို ကျင့်စဥ်နိမ့်တဲ့ ဓားပြမျိုးတွေကို ဒီအရပ်ဒေသမှာ ဘေးအန္တရာယ်တစ်ခုလို့ သတ်မှတ်နေကြတာ အဆန်းပဲဗျာ ...”
လျူကျင်းတစ်ယောက် ဤအချက်ကို ယခုထက်တိုင် ဘည်သို့မျှ နားမလည်နိုင်အောင် ဖြစ်ရတော့သည်။ သာမန်ကုန်သည်များနောက်တွင်ပင် အစောင့်အရှောက် ကာကွယ်ရေးအင်အားစု အချို့ ရှိသင့်သည် မဟုတ်ပါလား။
“ဒီမယ် ညီလေး... အကို မင်းကို အရင်ကလည်း ပြောဖူးပါတယ်၊ ရှောင်ဂိုဏ်း ဆိုတာက နာမည်တလုံးနဲ့နေလာတာကွ ..၊ အခြားအင်အားစုတွေနဲ့ဘယ်တူပါ့မလဲ ...”
“...အင်းလေ ဘယ်တူပါ့မလဲ ” ဟု လျူကျင်းက ရှောင်နန် ပြောသည့် စကားကို ထောက်ခံလိုက်ရင် စကား အဆုံးသတ်ပေးလိုက်သည်။
ရှောင်နန်က အားရကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
“အကိုအရင်က ထည့်မပြောဖြစ်ခဲ့တဲ့ အချက်က လောကမှာ ဒီလိုမျိုး နေရာတွေလည်း ရှိသေးတယ်ဆိုတာပဲ။ နာမ်ဝိညာဉ်သန္ဓေတည်အဆင့်ကို ရောက်ရုံနဲ့တင် တကယ့် မဟာပညာရှင်ကြီးတွေလို့ သတ်မှတ်ခံရပြီး၊ ကျင့်ကြံသူတွေက သူတို့ရဲ့ သွေးသားခန္ဓာကို စနစ်တကျ မလေ့ကျင့် ကြသလို တိုက်ခိုက်ရေးပညာကိုလည်း သေချာမသင်ယူကြဘူး။ တကယ့် စစ်မှန်တဲ့ သိုင်းပညာ အရည်အချင်းထက် သူတို့ရဲ့ ကျင့်စဉ်အဆင့်တစ်ခုတည်းကိုပဲ အားကိုးနေကြတာပေါ့။ အဲ့ဒီလို လူညံ့မျိုးတွေက အင်ပါယာထဲမှာ အများကြီးပဲကွ ..၊ ဒါပေမဲ့ တစ်ဖက်မှာလည်း အရှေ့ဘက်ဆိပ်ကမ်းမြို့ လို နေရာမျိုးတွေ အများကြီး ရှိသလို... ငါတို့မြို့ကိုတောင် အခုလို အဆင့်နိမ့်ဓားပြတွေလို ဖြစ်သွားအောင် အပြတ်အသတ်ယှဥ်နိူင်တဲ့ အထွတ်အထိပ် နယ်ပယ်ကြီးတွေလည်း အများကြီး ရှိသေးတယ်။ ညီလေးအတွက် အတွေးအမြင်သစ် တွေ ရစေချင်လို့ အကိုတကူးတက စီစဥ်လိုက်တာကွ ...”
အတွေးအမြင်သစ် ။ သူ့အား ဆရာကြီးကျန်း သည်လည်း အတွေးအမြင်သစ် ဟူသည့် စကားလုံးကို မကြာခဏပြောခဲ့ဖူးသည်။
“ညီလေးက အမြဲတမ်း ကိုယ့်ထက်သာတဲ့ ထိပ်သီးပညာရှင်တွေနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်နေတာကိုး။ ကိုယ့်ထက်ကျင့်စဥ်မြင့်တဲ့သူတွေနဲ့ ယှဥ်တွေးတာ အဆိုးတော့မဟုတ်ဖူး ..၊ ဒါပေမဲ့ မင်းရဲ့ နောက်ကွယ်မှာ မင်းကျော်ဖြတ်ခဲ့ပြီးသားဖြစ်တဲ့ကျင့်စဥ်နဲ့ လူအမြောက်အမြား ရှိသေးတယ်ဆိုတာကို သိစေချင်တာ ကွ ...””
ထိုစကားအပြီးတွင် သူတို့နှစ်ဦးသည် လမ်းမကြီးအတိုင်း အေးအေးလူလူ ဆက်လက်လျှောက်လှမ်းခဲ့ကြ၏။ သူတို့ကြားတွင် မည်သူမျှစကားမဆိုသဖြင့် တိတ်ဆိတ်နေသည်။
ထိုအခိုက် လျူကျင်းက ရုတ်တရက် စကားစလိုက်သည် ။
“အစ်ကိုကြီး...”
“ဘာလဲ ညီလေး...”
“ကျေးဇူးတင်ပါတယ်ဗျာ...”
“ဟဲဟဲ မလိုပါဘူး ငါ့ညီရာ ...”