အခန်း ၁၉
Vol. 2 Ch. 19
အခန်း ၁၉။ လဆန်းမြို့ငယ်သို့အဝင်
ရက်ပေါင်းများစွာ ခရီးနှင်ခဲ့ပြီးနောက် မလှမ်းမကမ်းတနေရာတွင် ‘လဆန်းမြို့ငယ်’ သည် တရွေ့ရွေ့ဖြင့် မြင်ကွင်းထဲသို့ ချဉ်းကပ်လာချေပြီ။
သို့သော် လျူကျင်း၏ မျက်နှာထက်၌မူ ရင်သပ်ရှုမောရသည်အထိ အံ့သြမှု အနည်းငယ်မျှပင် မရှိချေ။
နယ်မြေအကျယ်အဝန်းအား နှိုင်းယှဉ်ရလျှင် ဤမြို့ငယ်လေးသည် ‘အရှေ့ဆိပ်ကမ်းမြို့တော်’ ၏ ဆယ်ပုံတစ်ပုံမျှပင် ရှိအံ့မထင်။ မြို့ပတ်ပတ်လည်တွင် ကြီးမားထွားကျိုင်းလှသော သစ်ပင်ကြီးများက ဝန်းရံအုပ်ဆိုင်းနေသဖြင့် သေးငယ်လှသော မြို့ကလေးအား အချိန်မရွေး ဝါးမြိုပစ်တော့မည့်အတိုင်း အုံ့မှိုင်းလျက်ရှိသည်။ မြို့ရိုးတံတိုင်းများမှာ ကြံ့ခိုင်မှုရှိပုံရသော်လည်း အရှေ့ဆိပ်ကမ်းမြို့တော်၏ မဟာမြို့ရိုးကြီးများနှင့် ယှဉ်လိုက်ပါကမူ ခြံစည်းရိုးဟု ခေါ်ရုံမျှပင် အလွန်အားနာစရာ ကောင်းလှချေတော့သည်။
မြို့တံခါးဝသို့ ရောက်ရှိသောအခါ မြို့ထဲသို့ ဝင်ထွက်သွားလာနေသူ အနည်းငယ်မျှသာ ရှိသည်ကို လျူကျင်း သတိပြုမိလိုက်၏။ သို့ဖြစ်ရာ ဤလဆန်းမြို့ငယ်လေးထံသို့ လာရောက်လည်ပတ်သူ အလွန်တရာ ရှားပါးလှကြောင်း ထင်ရှားပေသည်။ ထို့ကြောင့်ပင် ရှောင်ဂိုဏ်း၏ တပည့်များ ဝတ်ဆင်လေ့ရှိသော ဝတ်ရုံများနှင့် ဆင်တူသည့် ဝတ်ရုံများကို ဆင်မြန်းထားသော လူနှစ်ဦးကို လွယ်လွယ်ကူကူပင် လှမ်း၍ မြင်တွေ့လိုက်ရတော့သည်။ ထိုသူနှစ်ဦးသည် တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသည့်အလား ရှိချေသည်။
“အဲဒါ ဂိုဏ်းခွဲက တပည့်တွေ ဝတ်တဲ့ အဝတ်အစားတွေပဲ။”
ရှောင်နန်က လျူကျင်း၏အနားသို့ တိုး၍ ခပ်တိုးတိုး ကပ်ပြောလေသည်။
“သေချာတယ်ကွ ..ဒီလူနှစ်ယောက်က ငါတို့ကို ကြိုဆိုဖို့ လွှတ်လိုက်တဲ့သူတွေပဲ ဖြစ်ရမယ်။”
လျူကျင်းသည် ရှောင်နန်ဘက်သို့ လှည့်၍ အကြည့်တွင် အံ့အားသင့်သွားရချေသည်။ ရှောင်ဂိုဏ်း ၏ ‘ဂိုဏ်းအမွေခံတပည့်ရင်း ဟူသည့်အဆင့်အတန်းကို ဖော်ညွှန်းနေကျ ဖြစ်သော ရှောင်နန်၏ ပုံမှန်ဝတ်ရုံများကိုမူ လုံးဝမတွေ့ရတော့ချေ။ ယခုအခါ၌ သူသည် အရောင်အဆင်း လွင့်ပြယ်နေသော ရိုးရှင်းလှသည့် ချည်ကြမ်း အထည်ကိုသာ ဝတ်ဆင်ထားလေသည်။
“အ...အကိုကြီး...”
လျူကျင်းက အလန့်တကြားရေရွတ်လိုက်ရာ ရှောင်နန်က စိတ်အေးစေရန် ပြုံးပြလိုက်ပြီး—
“ကိစ္စမရှိဘူး ညီလေး... ဘာမှမဖြစ်ဘူး။ ဒီအတိုင်းပဲ ဆက်လျှောက်သွားပြီး ဟိုလူတွေကို မမြင်ချင်ယောင်ဆောင်လိုက်... သူတို့ကို ငါတို့အခုလောလောဆယ် မလိုအပ်သေးဘူး။”
လျူကျင်းသည် ရှောင်နန်၏ ရည်ရွယ်ချက်ကို မတွေးဆနိုင်သဖြင့် မျက်မှောင်ကြုတ်မိသွားသော်လည်း နာခံရန်သာ ဆုံးဖြတ်လိုက်လေသည်။ ထို့နောက် လျူကျင်းနှင့် ရှောင်နန်တို့သည် ခြေလှမ်းမပျက် ဆက်လက်လျှောက်လှမ်းလာခဲ့ကြရာ ရှောင်ဂိုဏ်း ၏ ဒေသခံဂိုဏ်းခွဲတပည့် နှစ်ဦး၏အနားမှ ဖြတ်ကျော်၍ လဆန်းမြို့ငယ်လေးအတွင်းသို့ ဝင်ရောက်လာခဲ့ကြတော့သည်။
မြို့ထဲသို့ ရောက်လျှင် ရောက်ချင်း လျူကျင်း ပထမဆုံး သတိပြုမိသည်မှာ ကျဉ်းမြောင်းလှသော လမ်းမများပင် ဖြစ်သည်။ ယခုအချိန်မှာ မွန်းတည့်ခေါင်မိုးအချိန် ဖြစ်သဖြင့် မြို့ငယ်လေးအတွင်း သွားလာလှုပ်ရှားနေကြသော လူအုပ်ကြီးဖြင့် စည်ကားလျက်ရှိချေသည်။ လူအုပ်နှင့် မတိုက်မိစေရန် တစ်ဖက်သို့ ရှောင်ဖယ်ကာ အကြိမ်ကြိမ် လမ်းဖယ်ပေးနေရသဖြင့် လျူကျင်းသည် သူ့ကိုယ်သူ လမ်းကျဉ်းများနှင့် ကျပ်ညပ်သော နေရာများကို သိပ်ပြီးမနှစ်သက်ကြောင်း သဘောပေါက်သွားတော့သည်။
မြို့တံခါးဝနှင့် လမ်းအနည်းငယ်မျှ ဝေးကွာသောနေရာသို့ ရောက်ရှိသွားသောအခါမှ လျူကျင်းက
"အစ်ကိုကြီး... စောစောက ကျွန်တော်တို့ ဘာလို့ အဲလိုလုပ်လိုက်တာလဲဟင်။"
ဟု မေးမြန်းလိုက်လေသည်။
"ငါတို့သာ ဟိုလူနှစ်ယောက်ရဲ့ ကြိုဆိုမှုကို လက်ခံလိုက်ရင် သူတို့က အကြီးအကျယ် ရိုသေပြကြလိမ့်မယ်။ ပြီးရင် ဒေသခံဂိုဏ်းခွဲဆီ ရောက်သွားပြီး ဂုဏ်ပြုစားသောက်ပွဲကြီးနဲ့ တခမ်းတနား ဧည့်ခံခံနေရမှာ။ အဲဒါတွေက အဆင်ပြေပေမဲ့ လူတွေရဲ့ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်မိသွားလိမ့်မယ်။ အခုလိုဆို ဘယ်သူမှ မသိဘဲ ဒီမြို့လေးကို စိတ်ကြိုက် ပတ်ကြည့်လို့ရတာပေါ့။ အခြေအနေမှန်တွေကို စုံစမ်းဖို့ ဒါက အခွင့်ကောင်းပဲ မဟုတ်လား။"
အကယ်၍သာ ဒေသခံဂိုဏ်းခွဲထံသို့ တန်းစီ၍ သွားရောက်ခဲ့ပါက မိမိတို့ထံမှ ဖုံးကွယ်ထားကြမည့် အမှန်တရားများ ရှိနေနိုင်သည်ဟူသော အချက်ကိုမူ ရှောင်နန်အနေဖြင့် ဖွင့်ဟပြောဆိုရန်ပင် မလိုတော့ချေ။ အရေးကြီးသော ဧည့်သည်တော်တစ်ဦး ရောက်ရှိလာတော့မည်ဆိုလျှင် အိမ်ရှင်ဖြစ်သူက မတိုင်မီရက်ကတည်းကပင် အိမ်တွင်းအိမ်ပြင်ကို သန့်ရှင်းရေးလုပ်ထားကြသည်မှာ ဓမ္မတာပင် ဖြစ်သည်။ အချိန်မီ မပြင်ဆင်နိုင်သော ရှုပ်ပွမှုများ ရှိနေပါကလည်း ထိုအရာများကို မျက်ကွယ်တွင် ဝှက်ထားတတ်ကြစမြဲ။ မည်သူကမျှ မိမိတို့အား စုတ်ပြတ်ရှုပ်ပွနေသော အိမ်တွင် နေထိုင်သူများအဖြစ် အသိမှတ်ပြုခံချင်ကြသည် မဟုတ်ပေ။ ယခုကဲ့သို့ မည်သူမည်ဝါမှန်းမသိအောင် ရုပ်ဖျက်၍ မြို့ထဲသို့ လှည့်လည်ခြင်းအားဖြင့် ရှောင်နန်သည် မည်သူ့အမြင်၊ မည်သူ့စကား၏ လွှမ်းမိုးမှုမျှမပါဘဲ ပကတိအခြေအနေမှန်ကို စိတ်ကြိုက် သုံးသပ်နိုင်ခွင့် ရရှိသွားခြင်း ဖြစ်ပေသည်။
ရှောင်နန်သည် အမှန်တကယ်ပင် ချီးကျူးအံ့ဩစရာ ကောင်းလှသည်ဟူသော အတွေးမှာ လျူကျင်း၏ စိတ်ဝိညာဉ်ထက်၌ ယခုတစ်ကြိမ်တင် ပေါ်ပေါက်ဖူးခြင်း မဟုတ်ချေ။ အစ်ကိုကြီးရှောင်နန်သည် သိုင်းပညာအရာ၌ သန်မာထက်မြက်ရုံမျှမကဘဲ စူးရှထက်မြက်သော ဉာဏ်ပညာကိုလည်း ပိုင်ဆိုင်ထားပေသေးသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး ရှိနေသရွေ့ ကာလပတ်လုံး ရှောင်ဂိုဏ်း၏ အနာဂတ်အတွက်မူ စိုးရိမ်ပူပန်စရာ အလျဉ်းရှိတော့မည် မဟုတ်ချေ။
“နားလည်ပါပြီ အစ်ကိုကြီး။”
“ကောင်းပြီလေ... အဲဒါဆိုရင်တော့...”
ရှောင်နန်က လက်ဝါးချင်း ဖြတ်ခနဲ ရိုက်လိုက်ရင်း—
“ငါတို့ တစ်ခုခု သွားစားကြစို့။” ဟု တက်တက်ကြွကြွပြောလိုက်လေသည်။
"အင်း... ဒါ တကယ် ကောင်းတယ်ကွာ။ ညီလေး... မင်းလည်း မြည်းကြည့်ဦး။"
ရှောင်နန်က ဇီးသီးယို တစ်လုံးကို ပါးစပ်ထဲသို့ လျှပ်ခနဲ ကောက်ထည့်လိုက်သည်ကို လျူကျင်းက စိုက်ကြည့်နေမိ၏။ မြို့ထဲ၌ နာရီဝက်ခန့် လှည့်လည်သွားလာပြီးနောက် ရှောင်နန်သည် ယခု ၎င်းတို့ ရောက်ရှိနေသော စားသောက်ဆိုင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာခဲ့ခြင်း ဖြစ်သည်။ ဆိုင်၏ အကျယ်အဝန်းနှင့် အပြင်အဆင် အခင်းအကျင်းကို ကြည့်ခြင်းအားဖြင့် ဤနေရာသည် လဆန်းမြို့ငယ်လေးအတွင်းရှိ အဆင့်မြင့်ဆုံး စားသောက်ဆိုင်များထဲမှ တစ်ခု ဖြစ်ကြောင်း လျူကျင်း ရဲရဲကြီး အာမခံဝံ့ပေသည်။ ခရီးရှည်နှင်လာခဲ့ရသဖြင့် ၎င်းတို့၏ ဝတ်ရုံများတွင် ဖုန်မှုန့်များ ပေကျံနေဆဲ ဖြစ်ရာ ဆိုင်အဝင်ဝမှ ဧည့်ကြိုက ပထမတွင် စိုးရိမ်မကင်းသော မျက်လုံးများဖြင့် ကြည့်ရှုခဲ့သော်လည်း ရှောင်နန် ထုတ်ပေးလိုက်သော ငွေစများက ထိုပြဿနာလေးကို တစ်ခဏချင်းအတွင်း အစပျောက်သွားစေခဲ့ချေသည်။ထို့နောက်တွင်မူ ရှောင်နန်သည် မုန့်ချိုမျိုးစုံကိုသာ တရစပ် မှာယူတော့ရာ အကယ်၍ လျူကျင်းသာ ကြားဖြတ်၍ ရေနွေးကြမ်း တစ်ကရားခန့် မှာယူရန် ဖျောင်းဖျခြင်း မပြုခဲ့ပါက တစ်စားပွဲလုံးတွင် မုန့်ချိုများသက်သက်သာ ဖြစ်နေပေလိမ့်မည်။ အမှန်တကယ်လည်း ယခုအခါ ၎င်းတို့၏ စားပွဲထက်တွင် ရှောင်နန် မှာယူထားသော အချိုအစိမ့် မုန့်ပဲသရုပ်စုံတို့ဖြင့် ပြည့်လျှံနေချေပြီ။
လျူကျင်းသည် သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ချလိုက်ရင်း—
"အစ်ကိုကြီး... ကျွန်တော်တို့က သတင်းလာစုံစမ်းတာ မဟုတ်ဘူးလား။"
ဟု မေးလိုက်လေသည်။
“အာ... ငါတို့ သတင်းစုံစမ်းနေတာပဲလေ ညီလေးရဲ့။”
ပါးစပ်ထဲတွင် မုန့်များ အပြည့်အသိပ် ငုံခဲထားလျက်နှင့်ပင် ထိုစကားကို ပီသအောင် ပြောဆိုနိုင်သော ရှောင်နန်၏ စွမ်းရည်ကို လျူကျင်း တစ်ယောက် အံ့ဩတကြီး ငေးကြည့်နေမိတော့သည်။
"လူတွေ စည်စည်ကားကား စားသောက်တဲ့နေရာက သတင်းစုံစမ်းဖို့ အကောင်းဆုံးပဲကွ။ တခြား သွားစရာ နေရာတွေလည်း ရှိတော့ရှိသေးတာပေါ့... ဒါပေမဲ့ ညီလေးက အဲလိုနေရာမျိုး သွားဖို့ အသက်ငယ်လွန်းသေးတယ် မဟုတ်လား။"
လျူကျင်း မျက်မှောင်ကြုတ်မိသွားပြန်သည်။ အစ်ကိုကြီးရှောင်နန်သည် မိမိအား မုသာဝါဒ ကျူးလွန်မည့်သူ မဟုတ်ကြောင်း လျူကျင်း သေသေချာချာ ယုံကြည်ထား၏။ သို့သော်လည်း အစ်ကိုကြီး၏ အာရုံစိုက်မှုအားလုံးက မုန့်ချိုများပေါ်၌သာ သက်ရောက်နေသဖြင့် ထိုစကားကို ယုံကြည်ရန်မူ အနည်းငယ် ခဲယဉ်းနေချေသည်။ အရာအားလုံးထက် အစ်ကိုကြီးရှောင်နန်သည် ဤအခွင့်အရေးကို အသုံးချကာ မုန့်ချိုများကို စိတ်ရှိလက်ရှိ အဝစားရန်သာ အားသွန်ခွန်စိုက် ကြိုးပမ်းနေသည့်အလား ထင်မှတ်ရပေတော့သည်။
"ဟိုးအစွန်က လင်မယားနှစ်ယောက် စီးပွားရေး အဆင်မပြေဖြစ်နေကြတယ်ဟ။"
ရှောင်နန်က ဘေးဘက်သို့ မေးဆိတ်ပြရင်း ခပ်တိုးတိုး ဆိုလိုက်သည်။ သူ၏ မျက်မှောင်ကုပ်မှုမှာ လျှပ်ခနဲ ဖြတ်ပြေးသွားသဖြင့် လျူကျင်းပင်လျှင် သတိမထားမိဘဲ လွတ်သွားလုနီးပါး ဖြစ်ခဲ့ရ၏။ သို့သော် အစ်ကိုကြီး ညွှန်ပြရာ အရပ်သို့ အကြည့်ပို့လိုက်သောအခါ အသက်ကြီးရင့်လှသည့် ဇနီးမောင်နှံနှစ်ဦးကို မြင်တွေ့လိုက်ရတော့သည်။ ၎င်းတို့သည် ခေါင်းချင်းရိုက်ကာ တီးတိုး စကားဆိုနေကြခြင်း ဖြစ်ပေသည်။ ဘေးပတ်ဝန်းကျင်ရှိ ဧည့်သည်များ၏ ဆူညံသံများနှင့် ရောနှောနေသဖြင့် လျူကျင်းအနေဖြင့်မူ ထိုသူတို့ မည်သည့်စကား ပြောဆိုနေကြသည်ကို ကြားနိုင်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။
“သူတစ်ပါးစကားကို အကဲခတ် နားစွင့်နိုင်တာဟာ အလွန်အရေးကြီးတဲ့ အရည်အချင်းတစ်ခုပဲ ညီလေး။”
ရှောင်နန်က ကြားဖြတ်၍ ရေနွေးကြမ်းကို တစ်ငုံ မျှဉ်းသောက်ရင်း ဆိုလိုက်သည်။
“ဘာမှ စိတ်မပူနဲ့။ အခုလောလောဆယ် ဒီဆိုင်ထဲမှာ ဖြစ်ပျက်နေတဲ့ စကားဝိုင်းအားလုံးကို ငါ အစအဆုံး အာရုံခံမိနေတာမို့ စိတ်အေးလက်အေးသာ နေစမ်းပါ။ ညီလေးလည်း ဆာနေရောပေါ့။ အခုထိ ရေနွေးကြမ်းပဲ တို့ရုံတင် တို့ရသေးတယ် မဟုတ်လား။ ဒီမုန့်ချိုတွေကိုလည်း မြည်းကြည့်ဦးလေ။”
‘ဒီဆိုင်ထဲက စကားဝိုင်းအားလုံးကို အစအဆုံး အာရုံခံမိနေတယ် ဟုတ်စ။’
လျူကျင်းသည် တိုးတိတ်စွာ သက်ပြင်းချမိပြန်သည်။ အမှန်တကယ်ပင် ဤပုဂ္ဂိုလ်၏ သိုင်းပညာနှင့် အတွင်းအား အာရုံခံနိုင်စွမ်းမှာ စိတ်ကူးယဉ်၍ မရနိုင်လောက်အောင် ထူးခြားထက်မြက်လှပေသည်။
“အစ်ကိုကြီးက တကယ်ကို ချီးကျူးအံ့ဩစရာ ကောင်းလှပါတယ်ဗျာ။”
ရှောင်နန်က ဂရုမစိုက်သလို လက်ဝှေ့ယမ်းလိုက်ရင်း—
“ငါက ညီလေးထက်စာရင် ဒီလောကကြီးထဲမှာ အတွေ့အကြုံ နည်းနည်း ပိုများနေရုံ သက်သက်ပါပဲ။ ဒါထက် ဘာမှ မပိုပါဘူးကွာ။ ကဲပါ... တကယ်ပြောတာ၊ မုန့်ချိုလေးတွေ စားကြည့်စမ်းပါ။ ဒီလို ဝေးလံခေါင်သီတဲ့ အရပ်ဒေသက ထွက်တဲ့ မုန့်ဆိုရင် အတော်လေး အရသာထူးလှတယ်လို့ ပြောရမယ်။”
လျူကျင်းသည် ခေါင်းညိတ်လိုက်ပြီး ဇီးသီးယိုတစ်လုံးကို ပါးစပ်ထဲသို့ လျှပ်ခနဲ ကောက်ထည့်လိုက်သည်။
အမှန်တကယ်ပင် လျှာပေါ်၌ အရသာစွဲကျန်ရစ်လောက်အောင် ချိုမြိန်ဆိမ့်အိလှချေတော့သည်။
သွားနှင့် ဇီးသီးယိုသားတို့ ထိတွေ့မိသည်တွင် လျူကျင်းသည် ပါးပြင်တစ်ဖက်ကို လက်ဖြင့် အလိုအလျောက် အုပ်မိသွားတော့သည်။ အချိုဓာတ်နှင့် အချဉ်ဓာတ်တို့ ဒွန်တွဲနေသော သစ်သီးရနံ့သည် လျှပ်ခနဲပင် ပါးစပ်တစ်ခုလုံးသို့ လွှမ်းခြုံပျံ့နှံ့သွားချေပြီ။
အမှန်စင်စစ် လျူကျင်းသည် မုန့်ချိုများကို တမ်းတမ်းစွဲ နှစ်သက်တတ်သူတစ်ဦး မဟုတ်ပေ။ သို့သော်လည်း မုန့်ချိုများကို မုန်းတီး၍ကား မဟုတ်ချေ။ အဓိကအကြောင်းရင်းမှာ လျူကျင်းအနေဖြင့် ထိုကဲ့သို့သော သွားရေစာများအတွက် အချိန်မပေးနိုင်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ သူ၏ ငယ်စဉ်ဘဝ အစောပိုင်းကာလများတွင် မိသားစု ဆေးခန်းငယ်လေးမှာ ဝင်ငွေကောင်းလှသည်မဟုတ်ဘဲ နေ့စဉ် စားဝတ်နေရေးအတွက် ဖူလုံရုံမျှသာ ရှိခဲ့ပြီး ပိုလျှံခြင်းဟူ၍ ရှားပါးလှပေသည်။ ယခုအချိန်အထိပင် သူ၏ဖခင်ဖြစ်သူ သမားတော်ကြီး သတ်မှတ်ထားသော ဆေးကုသခမှာ အလွန်တရာ သက်သာလွန်းလှသဖြင့် ဆေးခန်းလေးသည် ငွေကြေးအမြောက်အမြား စီးပွားဖြစ်ထွန်းနေသည့် အခြေအနေမျိုး မဟုတ်ခဲ့ချေ။
ထို့ပြင် နေ့စဉ်နှင့်အမျှ များပြားလှသော တာဝန်ဝတ္တရားများကြား၌ လျူကျင်းသည် မိမိကိုယ်ကိုယ် အလိုလိုက်ရန်ပင် အချိန်မရှိခဲ့ချေ။ ထိုသို့ စည်းစိမ်ခံစားခြင်းဟူသော အတွေးမျိုးသည် သူနှင့် အလွန်တရာ စိမ်းသက်လှသည့် အရာလည်း ဖြစ်ပေသည်။
သို့သော် ယခုအခါ၌မူ ထိုဇီးသီးယိုကလေးကို လည်ချောင်းထဲသို့ မျိုချလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ အတွေးကမ္ဘာတစ်ခုလုံး ပြောင်းလဲသွားရချေပြီ။ ရှောင်နန်က သူ့ကို ကြည့်ကာ အကဲခတ်မိသည့်အလား သိတတ်သော အပြုံးဖြင့် ဆိုလာ၏။
“အရသာရှိတယ် မဟုတ်လား။”
လျူကျင်းသည် နောက်ထပ် မုန့်တစ်လုံးကို ထပ်မံ နှိုက်လိုက်ပြီး စကားပြောရန် အချိန်မရသဖြင့် ခေါင်းကိုသာ ခပ်သွက်သွက် ငြိတ်ပြလိုက်တော့သည်။ လျူကျင်းနှင့် ရှောင်နန်တို့ နှစ်ဦးစလုံးသည် တစ်နေကုန် လမ်းလျှောက်ခဲ့ရသဖြင့် အစာအိမ်ထဲတွင် အတော်လေးပင် ဆာလောင်မွတ်သိပ်နေကြပြီ ဖြစ်သည်။ ၎င်းတို့နှစ်ဦး မုန့်ချိုမျိုးစုံကို ပါးစပ်ထဲသို့ အငန်းမရ သွတ်သွင်းစားသောက်နေကြသည့် ပုံစံမှာ ကြည့်ကောင်းလှသည်တော့ မဟုတ်ပေ။ သို့သော်လည်း သူတို့နှစ်ဦးစလုံး စားသောက်ရသည်ကို အလွန်အမင်း အရသာတွေ့နေကြကြောင်းကိုမူ မည်သူမျှ မငြင်းနိုင်ချေ။
ထိုနေ့၌ပင် လျူကျင်းသည် မိမိ၏ ကျင့်ကြံခြင်းအဆင့်အတန်းက အစာအာဟာရ မှီဝဲရန် မလိုတော့သည့် ‘အာဟာရဖြတ်တောက်ခြင်း’ အခြေအနေသို့ ရောက်ရှိသွားလျှင်ပင် နောင်တစ်ချိန်၌ မုန့်ချိုများ စားသုံးရန်အတွက်မူ အချိန်သီးသန့် ဖယ်ထားမည်ဟု စိတ်ပိုင်းဖြတ်လိုက်မိသည်။
မုန့်ချိုများမှာ အမှန်တကယ်ပင် ဆွဲဆောင်မှု ရှိလှပေသည်။
ထို့နောက် မိနစ်အနည်းငယ်မျှ ကြာသည်အထိ ၎င်းတို့နှစ်ဦးစလုံး စကားစမြည်ဆိုရန်ထက် အစားအစာအပေါ်၌သာ အာရုံစိုက်နေကြသဖြင့် တိတ်ဆိတ်စွာပင် ဆက်လက် စားသောက်နေကြတော့သည်။ ၎င်းတို့သည် အလွန်အမင်း ဆာလောင်နေကြသဖြင့် စားပွဲပေါ်ရှိ မုန့်ချိုအားလုံးကို ပြောင်စင်အောင် စားပွဲသိမ်းလိုက်ကြချေပြီ။ ရှောင်နန်သည် နောက်ထပ် မုန့်များ ထပ်မံမှာယူရန် ဟန်ပြင်နေဆဲ ထိုအခိုက်အတန့်တွင်ပင် ကျယ်လောင်လှသော ခွက်ခနဲ ပန်းကန်ကွဲသံကြီးတစ်ခုက ၎င်းတို့၏ အာရုံကို ဖမ်းစားလိုက်တော့သည်။
“မင်းတို့ ‘ဟူမျိုးနွယ်စု’ က ကောင်တွေ... ဒီနေရာမှာ ဘာလာလုပ်နေတာလဲကွ…”
ထိုအသံကြောင့် တစ်ဆိုင်လုံးရှိ စကားသံများ ချက်ချင်းပင် ဆိတ်သုဉ်းသွားရချေသည်။ လူအပေါင်းတို့၏ အကြည့်များသည် အသံလာရာအရပ်ထံသို့ စုပြုံရောက်ရှိသွားကြတော့၏။ အသက်အားဖြင့် တစ်ဆယ့်ရှစ်နှစ်မှ နှစ်ဆယ်ကျော်ဝန်းကျင်ခန့် ရှိမည့် လူတစ်စုသည် စားသောက်ဆိုင်အတွင်းသို့ ဝုန်းဒိုင်းကြဲ ဝင်ရောက်လာကြခြင်း ဖြစ်ပေသည်။ အော်ဟစ်လိုက်သော ထိုအုပ်စု၏ ခေါင်းဆောင်ဖြစ်သူမှာ ရှေ့ဆုံးတွင် ရပ်နေပြီး ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းလျက် ရှိချေသည်။
ထိုဒေါသတကြီး အော်ဟစ်မှု၏ ပစ်မှတ်မှာမူ စားပွဲအကျယ်ကြီးတစ်ခုတွင် ထိုင်နေကြသော အခြားလူတစ်စုပင် ဖြစ်သည်။ ၎င်းတို့သည် ဆိုင်ထဲသို့ ဝင်ရောက်လာသော အုပ်စုနှင့် အသက်အရွယ်ချင်း တူညီကြသည့်အပြင် ကျင့်ကြံခြင်းအဆင့်အတန်းချင်းလည်း သိပ်မကွာခြားလှချေ။ မိမိတို့ထံ ဦးတည်လာသော ပြင်းထန်လှသည့် ဒေါသတရားများကို ရင်ဆိုင်နေရသော်လည်း ၎င်းတို့၏ မျက်နှာထက်၌မူ စိုးရိမ်ရိပ် အနည်းငယ်မျှပင် ရှိမနေကြချေ။
“ငါတို့ ဒီမှာ ဘာလုပ်နေလဲ ဟုတ်လား..”
စားပွဲတွင် ထိုင်နေသော လူများထဲမှ တစ်ဦးက ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်ရင်း ရွဲ့တဲ့တဲ့ ပြန်လည်မေးခွန်းထုတ်လိုက်သည်။
“‘လွန်မျိုးနွယ်စု’ က လူတွေမှာ မျက်စိမပါကြဘူးလား။ ဒါက စားသောက်ဆိုင်ပဲ မဟုတ်လား။ ငါတို့ ဒီကို လာတာ စားသောက်ဖို့ မဟုတ်ရင် တခြား ဘာလာလုပ်ရမှာလဲ။”
ထိုအခါ ဒေါသအိုးပေါက်ကွဲသွားသော လူငယ်က သားရဲတစ်ကောင်ကဲ့သို့ အံကြိတ်၍ ဟိန်းဟောက်လိုက်လေသည်။ သူ၏ အတွင်းအား စွမ်းပကားများမှာ ပြင်းထန်စွာ ရုန်းကြွထွက်ပေါ်လာသော်လည်း လျူကျင်းအတွက်မူ ထိုအရာက ထူးထူးခြားခြား အထင်ကြီးစရာ မရှိလှချေ။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် ‘အခြေခံအုတ်မြစ်အဆင့်မျှသာ ရှိသေးသောကြောင့် ဖြစ်သည်။
“ငါ့မှာ မျက်စိမပါဘူး ဟုတ်လား။”
သူက ဟစ်အော်ကြုံးဝါးလိုက်ရာ ထိုအသံ၏ ကျယ်လောင်ပြင်းထန်မှုကြောင့် စားသောက်ဆိုင်အတွင်းရှိ အချို့သော ဧည့်သည်များမှာ လန့်ဖျပ်၍ မျက်နှာပျက်သွားကြချေပြီ။ အချို့ကမူ ဘေးလွတ်ရာသို့ မသိမသာ ဆုတ်ခွာရှောင်တိမ်းနေကြပြီ ဖြစ်သည်။
“ငါကပဲ မေးရမယ့် စကားကွ။ ဒီစားသောက်ဆိုင်က ငါတို့ ‘လွန်မျိုးနွယ်စု’ ရဲ့ နယ်မြေဆိုတာ မင်းတို့မျက်စိထဲ မမြင်ဘူးလား။ ဟူမျိုးနွယ်စုက ကောင်တွေ... ဒီမှာ ဘာလာရမ်းကားနေတာလဲ။”
‘လွန်မျိုးနွယ်စု...’
‘ဟူမျိုးနွယ်စု...’
လျူကျင်းသည် ထိုအမည်များကို မှတ်မိနေချေသည်။ သူက အစ်ကိုကြီး၏အနားသို့ တိုးကာ ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။
“အစ်ကိုကြီး... အဲဒီလူတွေက ဟို...”
“ရှူး...”
ရှောင်နန်က စကားကို ဖြတ်၍ တိတ်တိတ်နေရန် လက်ဟန်ပြလိုက်ပြီး—
“ဟုတ်တယ်... မင်းထင်တဲ့အတိုင်းပဲ ညီလေး။ ဒါပေမဲ့ လောလောဆယ်တော့ ဒီအတိုင်းပဲ ငြိမ်ငြိမ်လေး စောင့်ကြည့်ကြရအောင်။” ဟု ဆိုလေသည်။
ဒေါသအိုးပေါက်ကွဲနေသော လူငယ်၏ နောက်ကွယ်မှ အုပ်စုဝင်များသည်လည်း ၎င်းတို့၏ မျိုးနွယ်စုဝင်ချင်း ပီပီ ထိုစကားကို ထောက်ခံသည့်အနေဖြင့် တစ်ခဲနက် ဟစ်အော်ကြွေးကြော်ကြလေသည်။ သို့သော်လည်း ထိုင်နေကြသော ဟူမျိုးနွယ်စုဝင်များ၏ မျက်နှာထက်၌မူ စိုးရိမ်တုန်လှုပ်ရိပ် လုံးဝမရှိချေ။ အကဲခတ်ရလျှင် ၎င်းတို့သည် ဤအခြေအနေကိုပင် ရယ်စရာတစ်ခုသဖွယ် သဘောထားကာ သရော်ပြုံး ပြုံးနေကြသည့်အလား ရှိ၏။
“လွန်မျိုးနွယ်စုရဲ့ နယ်မြေ ဆိုပါလား....ဟားဟားးး.”
ထိုင်နေသော ဟူမျိုးနွယ်စုဝင်က ထိုစကားကို နှာခေါင်းရှုံ့လှောင်ပြောင်ရင်း—
“ဟက်... ကြည့်ရတာ လွန်မျိုးနွယ်စုကလူတွေကတော့ အတိတ်ဟောင်းကြီးထဲကနေ ရုန်းမထွက်နိုင်သေးဘဲ အိပ်မက်မက်နေတုန်းပဲ ထင်ပါရဲ့။” ဟု ရွဲ့လိုက်လေသည်။
“မင်း... ဘာပြောလိုက်တယ်...”
“ငါပြောတာ မရှင်းလို့လား။ လွန်မျိုးနွယ်စုက အတိတ်မှာပဲ သောင်တင်နေတာလို့ ပြောတာ။ တစ်ချိန်တုန်းကတော့ ဒီနေရာကို မင်းတို့နယ်မြေဆိုပြီး လူတွေ ဖြုံခဲ့ကြတာပေါ့... ဒါပေမဲ့ အဲဒီခေတ် ကုန်သွားပြီကွ။ ငါတို့က ငါ့တို့မျိုးနွယ်စုရဲ့ ဂုဏ်ဒြပ်နဲ့ ဒီကိုလာတာ၊ ဘယ်ကောင်မှလည်း ငါတို့ကို မလာရဲအောင် သတိမပေးရဲဘူး။ အဲဒါတင်မကဘူး... ငါတို့ကို အဆင့်မြင့် ဧည့်သည်တော်တွေအဖြစ်တောင် ကြိုဆိုခဲ့ကြသေးတယ်။ အဲဒါကပဲ အခုအချိန်မှာ လွန်မျိုးနွယ်စုရဲ့ အရှိန်အဝါ ဘယ်လောက်အထိ ကျဆင်းသွားပြီလဲဆိုတာ သက်သေပြနေတာ မဟုတ်လား။”
ထိုအခါ ဒေါသအိုးပေါက်ကွဲနေသော လွန်မျိုးနွယ်စုဝင် လူငယ်၏ မျက်နှာသည် နီမြန်းရာမှ ခရမ်းရောင်သို့ပင် ပြောင်းလဲသွားတော့သည်။
“ငါတို့မျိုးနွယ်စုဟာ ‘လဆန်းမြို့ငယ်’ မှာ နှစ်ပေါင်းတစ်ထောင် သမိုင်းကြောင်း ရှိခဲ့တာကွ။ မင်းတို့ပါးစပ်ကို စောင့်စည်းပြီး အဲဒီသမိုင်းကို ရိုသေရင် မင်းတို့အတွက် ပိုကောင်းလိမ့်မယ်။”
ထိုင်နေကြသော ဟူမျိုးနွယ်စုဝင်များသည် ထိုစကားကို ကြားသောအခါ တဟားဟား လှောင်ရယ်ကြလေသည်။
“နှစ်ပေါင်းတစ်ထောင် သမိုင်းကြောင်း ဟုတ်စ... ငါတို့ ‘ဟူမျိုးနွယ်စု’ မှာလည်း အဲလိုသမိုင်းမျိုး ရှိတယ်လို့ ကြွားလို့ရတာပဲကွ။ ဒါပေမဲ့ အဲဒါတွေက အရေးမကြီးဘူး။ အဓိကက ဘယ်မျိုးနွယ်စုက အနာဂတ်အထိ ဆက်တည်တံ့မလဲ၊ ဘယ်မျိုးနွယ်စုက ကွယ်ပျောက်မလဲ ဆိုတာပဲ။ လွန်မျိုးနွယ်စုရဲ့ သမိုင်းက အခုလို ပျက်သုဉ်းလုနီးပါး ဖြစ်နေချိန်မှာ ဘာအသုံးကျမှာမို့လို့လဲ။”
“မင်း... ရိုင်းလှချည်လား။”
“ဒါပေမဲ့ ဒါက အမှန်တရားပဲ မဟုတ်လား။”
ဟူမျိုးနွယ်စုဝင်က ဆက်၍ ရိသဲ့သဲ့ သရော်လိုက်သည်။
“မင်းတို့ တလောကလုံးမှာ အကြီးအကျယ် ရှုံးနေတာလေ မဟုတ်ဘူးလား။ ငါတို့ ဟူမျိုးနွယ်စုကို ရော... ‘ရှောင်ဂိုဏ်း’ ကို ရောပေါ့။”
ထိုစကား ထွက်လာပြီးနောက် စားသောက်ဆိုင်တစ်ခုလုံး စောစောကထက်ပင် ပို၍ တိတ်ဆိတ်သွားတော့သည်။ ‘ရှောင်ဂိုဏ်း’ ဟူသော အမည်ကို ကြားလိုက်ရရုံမျှဖြင့် ထိုနေရာရှိ လူအားလုံးကို ခဏတာ မှင်သက်သွားစေသည့် မန္တန်တစ်ခု ပြုစားလိုက်သည့်အလားပင်ဖြစ်သည်။
“မင်းက ငါ့မျက်နှာကိုကြည့်ပြီး ဒီစကားမျိုး ပြောဝံ့တယ်ပေါ့။ ငါ့ရှေ့မှာ ရှောင်ဂိုဏ်းအကြောင်း ထည့်ပြောရဲတယ်ပေါ့လေ။”
လွန်မျိုးနွယ်စုဝင် လူငယ်သည် ဒေါသတကြီးဖြင့် ရှေ့သို့ တစ်လှမ်း တိုးလိုက်ရင်း—
“အခြေအနေတွေ ဒီလိုဖြစ်ကုန်တာ မင်းတို့ ဟူမျိုးနွယ်စုက ကောင်တွေ အရှက်မရှိ ကတိသစ္စာ ဖျက်ခဲ့လို့ပဲကွ။ ငါတို့က ကျူးကျော်သူတွေကို ဆန့်ကျင်ဖို့ မဟာမိတ်ဖွဲ့ရမှာလေ။ အဲဒါကို မင်းတို့ဆီက ကောင်မ က ရှောင်ဂိုဏ်းကကောင်တွေအတွက် အရှက်မရှိ အထာပေးခဲ့တာ မဟုတ်လား။ ဒါပေမဲ့ ငါလည်း အံ့ဩမနေတော့ပါဘူး... ဟူမျိုးနွယ်စုဆိုတာ ရှေးကတည်းက ခွေးမျိုးတွေချည်းပဲ ပြည့်နေတာကိုး။”
“အိုးဟိုးဟိုးး... ဒါကတော့ လွန်လွန်းသွားပြီ ထင်ပါရဲ့။”
ယခုတစ်ကြိမ်တွင်မူ ဟူမျိုးနွယ်စုဝင် လူငယ်သည် နှုတ်ခမ်းထက်၌ ကြောက်စရာကောင်းသော အပြုံးဖြင့် နေရာမှ ထရပ်လိုက်တော့သည်။
“လွန်မျိုးနွယ်စုကလူတွေရဲ့ စကားက တကယ် ရယ်စရာကောင်းတာပဲ။ ငါတို့မျိုးနွယ်စုရဲ့ ‘သခင်မလေး’ အပေါ် စိတ်ညွတ်သွားခဲ့တာက ‘ရှောင်ဂိုဏ်း’ ရဲ့ ဂိုဏ်းခွဲသခင်လေ’ ကိုယ်တိုင်ပဲကွ။ ငါတို့ သခင်မလေးကလည်း သူ့အပေါ် ပြန်မေတ္တာသက်ဝင်သွားရုံ သက်သက်ပဲ။ အဲဒီတော့ သခင်မလေးရဲ့ ဆန္ဒကို တားဖို့ ငါတို့က ဘာကောင်မို့လို့လဲ။ အေး မင်းတို့က ငါတို့ သခင်မလေးကို ဒီလိုမျိုး စော်ကားဦးမယ်ဆိုရင်တော့ ငါတို့ဘက်ကလည်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။”
ထိုသူ စကားအဆုံးတွင် ဟူမျိုးနွယ်စုဝင်အားလုံး နေရာမှ ထရပ်လိုက်ကြပြီ။ စားသောက်ဆိုင်အတွင်းရှိ အချို့သော ဧည့်သည်များမှာမူ အခြေအနေကို ဆက်မကြည့်ရဲတော့ဘဲ ဆိုင်တံခါးဝဆီသို့ အလုအယက် ထွက်ပြေးကြတော့သည်။ သွေးထွက်သံယို ဖြစ်ပွားရန်မှာ မလွဲဧကန် သေချာနေချေပြီ။
ထိုအခိုက်အတန့်တွင် ရှောင်နန် နေရာမှ ထရပ်လိုက်၏။
“ကဲကဲ ..အားလုံး တော်လောက်ပြီ ထင်တယ်...။”
ရုတ်တရက် ဆိုင်တခုလုံး ငြိမ်ကျသွားသည် ။
အတိအကျပြောရပါက ဆိုင်အတွင်း တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့သည်မှာ သူ၏ ရှောင်နန်၏စကားကြောင့် မဟုတ်ချေ။
သူ့ထံမှ ထွက်ပေါ်လာသော ကျင့်ကြံခြင်းအဆင့်အတန်း ‘ချီ’ စွမ်းအင် အရှိန်အဝါကြောင့်သာ ဖြစ်ပေသည်။
ထိုခဏ၌ စားသောက်ဆိုင်အတွင်းရှိ လူအားလုံးသည် ရှောင်နန်၏ စွမ်းအားမှာ နာမ်ဝိညာဉ်သန္ဓေတည်အဆင့်’ ၏ အထက်တွင်ရှိသောနာမ်ဝိညာဉ်အလင်းပွင့် ခြင်း အဆင့် ၌ ရှိနေကြောင်း အာရုံခံမိလိုက်ကြပြီး ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။ သို့သော်လည်း ဤအရာသည် အစ်ကိုကြီးရှောင်နန်၏ ပကတိစွမ်းအား အစစ်အမှန်၏ ထက်ဝက်မျှပင် မရှိသေးကြောင်းကိုမူ လျူကျင်းတစ်ဦးတည်းသာ သိရှိနေချေသည်။ အစ်ကိုကြီးသည် သူ၏ကျင့်စဥ် စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားဆဲဖြစ်ပြီး လက်ရှိစွမ်းရည်ထက် အဆပေါင်းများစွာ အားနည်းဟန် ဆောင်ထားခြင်းသာ ဖြစ်ပေသည်။
သို့သော်ငြားလည်း နာမ်ဝိညာဉ်အလင်းပွင့် ခြင်း အဆင့် မျှနှင့်ပင် ရှောင်နန်၏ ကျင့်ကြံခြင်းအဆင့်အတန်းသည် ဤအခန်းအတွင်းရှိ လူအားလုံးထက် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားလှစွာ သာလွန်နေပြီ ဖြစ်တော့သည်။
“ဒီလိုတွေ ဆက်ဖြစ်နေတာ ဘာအဓိပ္ပာယ်မှ မရှိဘူးလို့ ငါထင်တယ်...”
ရှောင်နန်က အုပ်စုနှစ်စုကြားသို့ ဝင်ရောက်ရပ်တန့်လိုက်ရင်း ပြောလိုက်သည်။
“ငါ ‘ရှောင်နန်’ ကတော့ ငါ့ထမင်းဝိုင်း၊ မုန့်ဝိုင်းကို လာပြီး အနှောင့်အယှက်ပေးတာမျိုး လုံးဝ မကြိုက်ဘူးကွ ..”
သူ့အမည်ကို ကြားလိုက်ရသည့်ခဏ၌ ဆိုင်ခန်းတွင်းရှိ လူတိုင်း တကိုယ်လုံးတောင့်တင်းအေးခဲသွားကြရတော့သည်။
“မင်းတို့ လွန်မျိုးနွယ်စုက လူတွေ... အခုချက်ချင်း ဆိုင်ထဲက ထွက်သွားကြ၊ ပြီးတော့ ဘာပြဿနာမှ ထပ်မရှာနဲ့။”
သူက လွန်မျိုးနွယ်စုဝင်များဘက် လှည့်၍ အမိန့်ပေးသံဖြင့် ဆိုလိုက်သည်။
“မင်းတို့ ဟူမျိုးနွယ်စုက လူတွေကတော့... စားလက်စ အစားအစာတွေကို ကုန်အောင်စား၊ ပြီးရင် ကျသင့်ငွေရဲ့ နှစ်ဆပေးပြီးမှ ဒီဆိုင်ထဲက ထွက်သွားကြ။”
သူက ဟူမျိုးနွယ်စုဝင်များဘက် လှည့်ပြောပြီးနောက် တစ်ဆိုင်လုံးရှိ လူများကို ဝေ့ဝဲကြည့်ရင်း—
“ငါ့စီစဉ်မှုကို ကန့်ကွက်ချင်တဲ့သူ ရှိသေးလား။” ဟု မေးလိုက်သည်။
မည်သူမျှ ပြန်မပြောရဲကြချေ။ မည်သူ့တွင်မျှ ပြန်ပြောရဲသည့် သတ္တိမရှိတော့ပေ။
ထိုအခါမှ ရှောင်နန်က ပြုံးလိုက်ပြီး—
“ဒါဆိုလည်း ပြီးတာပဲ။” ဟု ခပ်အေးအေး ဆိုလိုက်တော့သည်။