အခန်း ၂၀
Vol. 2 Ch. 20
အခန်း ၂၀ ။ လျူကျင်းနှင့် အီလည်လည် ညစာစားပွဲ..။
ထိုခဏတာ ရုန်းရင်းဆန်ခတ်မှု ပြီးဆုံးသွားပြီးနောက် လျူကျင်းနှင့် ရှောင်နန်တို့သည် ကျန်ရှိနေသော အစားအစာများကို အေးအေးလူလူပင် ဆက်လက်စားသုံးနိုင်ခဲ့ကြတော့သည်။ အမှန်စင်စစ် ဆိုင်အတွင်းရှိ လူအားလုံးမှာ ရှောင်နန်ရှိရာ အရပ်ဆီသို့ လှည့်တောင်မကြည့်ဝံ့ကြတော့ချေ။
ထိုအချက်ကပင် အစ်ကိုကြီးရှောင်နန်၏ အရှိန်အဝါသည် ဤလူများအပေါ် မည်မျှအထိ လွှမ်းမိုးသက်ရောက်သွားစေခဲ့ကြောင်း ထင်ရှားလှပေသည်။ ထိုသို့သော အခြေအနေကြောင့် လျူကျင်းတစ်ယောက် အနည်းငယ် စိတ်အောင့်သက်သက် ဖြစ်မိသွားရသည်။ သို့သော် ကံကောင်းလှစွာပင် ၎င်းတို့အနေဖြင့် ဤစားသောက်ဆိုင်အတွင်း၌ ကြာရှည်စွာ ဆက်လက်နေထိုင်ရန် မလိုအပ်တော့ချေ။ လောလောဆယ်တွင် ၎င်းတို့လိုအပ်နေသော သတင်းအချက်အလက်အားလုံးကို ရရှိသွားပြီဖြစ်ကြောင်း ရှောင်နန်က သူ့ကို လေသံတိုးတိုးဖြင့် ပြောဆိုလာခဲ့ချေသည်။
နောက်ဆုံးတွင်မူ ၎င်းတို့အနေဖြင့် ‘ရှောင်ဂိုဏ်း’ ၏ ဒေသခံဂိုဏ်းခွဲထံ သွားရောက်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။ လမ်းခရီးတစ်နေရာ၌ ရှောင်နန်သည် သူ၏ အဆင့်အတန်းဖြစ်သော ‘အမြုတေတပည့်’ ဝတ်ရုံကို ပြန်လဲလှယ် ဝတ်ဆင်လိုက်သည်။ ထို့နောက် လျူကျင်းအားလည်း ထိုနည်းတူစွာ ဝတ်ရုံလဲရန် ညွှန်ကြားလိုက်၏။ ထိုအခါမှသာ အစ်ကိုကြီးရှောင်နန်က မိမိအတွက် တပည့်ဝတ်ရုံပါ တစ်ပါတည်း ယူဆောင်လာပေးမှန်း လျူကျင်း သိလိုက်ရတော့သည်။ လျူကျင်းအတွက်မူ ဂိုဏ်းတော်၏ နယ်မြေပြင်ပ၌ ‘ပြင်ပတပည့်’ ဝတ်ရုံကို ပထမဆုံးအကြိမ် ဝတ်ဆင်ခွင့်ရခြင်း ဖြစ်ပေသည်။ ထို့ကြောင့်ပင် သူသည် မိမိကိုယ်ကိုယ် ဂုဏ်ယူဝင့်ကြွားမိသည့် စိတ်ကို မအောင့်နိုင်ဘဲ ဖြစ်ရချေတော့သည်။
လျူကျင်းနှင့် ရှောင်နန်တို့ ရှောင်ဂိုဏ်း၏ ဒေသခံဂိုဏ်းခွဲထံ ရောက်ချိန်၌မူ ညမှောင်ရီ ပျိုးစပြုနေချေပြီ။ ဂိတ်စောင့်တပည့်များမှာ ၎င်းတို့နှစ်ဦးကို မြင်လျှင်မြင်ချင်းပင် မှင်သက်သွားကြ၏... မဟုတ်သေး၊ လျူကျင်းသည် ခေါင်းကို ခါယမ်းလိုက်မိသည်။ ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့၏ ဝတ်စုံနှင့် ရုပ်သွင်ကြောင့် မဟုတ်ပေ။ ယခုတစ်ကြိမ်၌လည်း လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်မှာ ရှောင်နန်၏ အရှိန်အဝါကြောင့်သာ ဖြစ်သည်။
အစ်ကိုကြီးသည် သူ၏စွမ်းအားကို ဖုံးကွယ်ထားဆဲဖြစ်ပြီးနာမ်ဝိညာဉ်သန္ဓေတည်အဆင့် မျှသာ ထုတ်ဖော်ထားသည်။ သို့သော် ထိုစွမ်းအင်ကို ခံစားမိသည်နှင့် တစ်ပြိုင်နက် ဂိတ်စောင့်တပည့်များမှာ ကိုယ်ကို မတ်မတ်ဆန့်၍ ချက်ချင်းပင် ရိုသေစွာ အလေးပြုလိုက်ကြတော့သည်။ ၎င်းတို့၏ ဂိုဏ်းဝတ်ရုံများကိုမူ နောက်ကျမှသာ သတိပြုမိကြပုံရပြီး၊ ဝတ်ရုံများကို မြင်လိုက်ရသည့်အခါတွင်မူ ဂိတ်စောင့်တပည့်များမှာ စကားပင် ကောင်းမွန်စွာမဆိုနိုင်ဘဲ ထစ်ထစ်အအဖြင့် နှုတ်ဆက်ကြရင်း တံခါးမကြီးကို ကပျာကယာ ဖွင့်လှစ်ပေးကြလေသည်။
အရှေ့ဆိပ်ကမ်းမြို့တော်ရှိ ‘ရှောင်ဂိုဏ်း’ ၏ ကြီးကျယ်ခမ်းနားလှသည့် မဟာဂိုဏ်းချုပ်ဝင်းကြီးနှင့် နှိုင်းယှဉ်ပါက ဤလဆန်းမြို့ငယ်လေးမှ ဂိုဏ်းခွဲငယ်မှာ မြင်ရုံမျှဖြင့် များစွာထူးခြားမှု မရှိလှချေ။ သို့သော် ဤမြို့ငယ်လေး၏ စံနှုန်းနှင့် တိုင်းတာလျှင်မူ ဤဂိုဏ်းခွဲဝင်းကြီးသည် အလွန်တရာ ကျယ်ဝန်းထွားကျိုင်းပြီး တခမ်းတနား ရှိလှသည်။
ဂိတ်စောင့်တပည့်က တစ်နည်းနည်းဖြင့် အကြောင်းကြားလိုက်ဟန်တူသဖြင့် ၎င်းတို့ ဂိုဏ်းဝင်းအတွင်း ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ပင်မအဆောက်အအုံကြီးဆီမှ ဆူညံသံများကို လျူကျင်း ကြားလိုက်ရတော့သည်။ လူအများ ကစဉ့်ကလျား ပြေးလွှားသံများနှင့်အတူ ထိတ်လန့်တုန်လှုပ်နေသော အော်ဟစ်သံများက ကျယ်လောင်စွာ ထွက်ပေါ်နေချေပြီ။ တစ်မိနစ်မျှပင် မပြည့်မီအချိန်အတွင်းမှာပင် ၎င်းတို့အား ကြိုဆိုမည့် လူတစ်စု ထွက်ပေါ်လာတော့သည်။ ထိုအုပ်စုတွင် လူပေါင်းတစ်ဆယ့်ငါးဦးခန့် ပါဝင်ပြီး အများစုမှာ ဂိုဏ်းခွဲ၏ ‘အကြီးအကဲ’ များ ဖြစ်ကြလေသည်။
ထိုကြိုဆိုသူ လူအုပ်စု၏ အရှေ့ဆုံးတွင် အသက်ငါးဆယ်ဝန်းကျင်ခန့် ထင်ရသော်လည်း အမှန်တကယ်၌ ထိုထက်မက ပို၍ အသက်ကြီးနိုင်သော လူတစ်ဦး ရှိနေချေသည်။ လျူကျင်းသည် ထိုသူ၏ အရှိန်အဝါကို မသဲမကွဲမျှသာ အာရုံခံမိလိုက်၏။ ယခုအချိန်အထိ သူဆုံတွေ့ခဲ့ဖူးသမျှ လူများနှင့်မတူဘဲ ဤပုဂ္ဂိုလ်အား အမှန်တကယ် သန်မာသူတစ်ဦးဟု ဆိုနိုင်သည်။ လျူကျင်း၏ ခန့်မှန်းချက်မမှားပါက ၎င်းတို့အရှေ့တွင် ရပ်နေသော ထိုသူသည် နာမ်ဝိညာဉ်သန္ဓေတည်အဆင့်’ သို့ တက်လှမ်းထားနိုင်သူ ဖြစ်ပေသည်။
ထိုအခါမှသာ အစ်ကိုကြီးရှောင်နန်သည် မိမိ၏ စွမ်းအားအစစ်အမှန်ကို အဘယ်ကြောင့် ဤအဆင့်မျှသာ ကန့်သတ်ပြသထားကြောင်း လျူကျင်း ချက်ချင်း သဘောပေါက်သွားတော့သည်။ အစ်ကိုကြီးသည် ဤဂိုဏ်းခွဲသခင်၏ မျက်နှာကို ထောက်ထားညှာတာသောအားဖြင့် မျက်နှာပေးထားခြင်းသာ ဖြစ်ရပေမည်။
“ကြိုဆိုပါတယ်ဗျာ ...ကြွပါ ကြွပါ”
ထိုသူက လက်နှစ်ဖက်ကို ရှေ့တွင် ယှက်၍ ဂါရဝပြု နှုတ်ဆက်လိုက်ရင်း—
“ဂိုဏ်းချုပ်ထံက ကြွလာတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေကို ကျွန်တော်တို့ စောင့်မျှော်နေတာပါ။ ကျွန်တော် ‘ရှောင်ဒင် အနေနဲ့ ဂိုဏ်းတော်ရဲ့ ဧည့်သည်တော်တွေကို ဤနေရာကနေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခွင့်ရတာ အလွန်ဝမ်းမြောက်မိပါတယ်ဗျာ။” ဟု ဆိုလေသည်။
ရှောင်နန်ကလည်း တုံ့ပြန်၍ ဂါရဝပြုလိုက်ရာ လျူကျင်းကလည်း အစ်ကိုကြီး၏ နောက်ဘက် ခြေနှစ်လှမ်းအကွာ၌ ရိုသေစွာ နေရာယူရင်း ကပျာကယာ လိုက်ပါဂါရဝပြုလိုက်တော့သည်။
“ကြိုဆိုတာကို ကျေးဇူးတင်ပါတယ် ဂိုဏ်းခွဲသခင်...”
ရှောင်နန်က—
“ကျွန်တော် ‘ရှောင်နန်’ အနေနဲ့လည်း ယခုလို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခံရတာ အလွန်တရာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်ဗျာ။” ဟု ပြန်လည်နှုတ်ဆက်လိုက်သည်။
ထိုစကားလုံးများ၏ သက်ရောက်မှုမှာ အမှန်တကယ်ပင် ကြီးမားလှပေသည်။ ရှောင်နန်၏ နှုတ်ဖျားမှ ထွက်ပေါ်လာသော စကားသံသည် ကြိုဆိုသူလူအုပ်စု၏ နားထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့အားလုံး၏ မျက်နှာများမှာ ဝင်းပသွားကြတော့သည်။ ၎င်းတို့သည် ကိုယ်ဟန်ကို ပို၍ မတ်မတ်ဆန့်လိုက်ကြပြီး ပိုမိုဂုဏ်ယူဝင့်ကြွားသွားကြသည့်အလား ရှိတော့သည်။
လျူကျင်းသည် မိမိပြောရန် လိုအပ်သည့် အချိန်မှလွဲ၍ တိတ်ဆိတ်စွာသာ နေလိုက်သည်။ ကျန်ကိစ္စအားလုံးကိုမူ အစ်ကိုကြီးရှောင်နန်ကိုသာ ဦးဆောင် ကိုင်တွယ်ခွင့် ပေးထားလိုက်၏။ ထိုသို့သော ကိစ္စရပ်များတွင် ‘ရှောင်ဂိုဏ်း’ ၏ ပါရမီရှင် အစ်ကိုကြီးကသာ ပိုမို ကိုင်တွယ်နိုင်စွမ်း ရှိပေသည်။ မိမိနှင့်မတူဘဲ အစ်ကိုကြီးရှောင်နန်သည် ဤသို့သော အရာများအတွက် စနစ်တကျ လေ့ကျင့်ထားရသူ ဖြစ်သည်။
လျူကျင်း၏ လူမှုဆက်ဆံရေး အတွေ့အကြုံဟူသည်မှာ လူနာများအပေါ် ကြင်နာခြင်း၊ လူကြီးသူမများကို ရိုသေခြင်းနှင့် အလွန်အစွမ်းထက်သည့် တန်ခိုးရှင်ကြီးများကို အထူးရိုသေခန့်ညားတတ်ခြင်း မျှသာ ရှိချေသည်။ ယခုကဲ့သို့ စနစ်တကျ တွေ့ဆုံဆွေးနွေးရသော ပွဲမျိုးမှာမူ သူ၏ ကျွမ်းကျင်မှုနယ်ပယ် ပြင်ပ၌သာ ရှိပေသည်။ သို့ဖြစ်ရာ လျူကျင်းသည် ပတ်ဝန်းကျင်ကို ကြည့်ရင်း မိမိမျက်နှာထက်၌ ယဉ်ကျေးသော အပြုံးတစ်ခုကိုသာ အမြဲဆင်မြန်းထားရန် ဂရုပြုနေတော့သည်။
အပြန်အလှန် မိတ်ဆက်ခြင်းနှင့် ကြိုဆိုခြင်း အခမ်းအနား ပြီးမြောက်ရန် အချိန်အနည်းငယ် ယူခဲ့ရသော်လည်း၊ ထိုအရာများ ပြီးဆုံးသွားချိန်၌မူ ဂိုဏ်းခွဲသခင် ရှောင်ဒင်က ၎င်းတို့အား အထဲသို့ဝင်ရန် ဖိတ်ခေါ်လိုက်သည်။ လေထဲတွင် လွင့်ပျံလာသော ဟင်းရနံ့များကို အကဲခတ်ရုံမျှဖြင့် ဤဧည့်ခံပွဲ အစားအစာများကို ယခုလေးတင် ပြန်နွှေထားခြင်း သို့မဟုတ် အလျင်အမြန် ချက်ပြုတ်ပြင်ဆင်ထားခြင်း ဖြစ်ရမည်ဟု လျူကျင်း ရဲရဲကြီး အာမခံဝံ့ပေသည်။ အိမ်စေများ အချိန်မီ ပြင်ဆင်နိုင်စေရန် ဂိုဏ်းခွဲသခင် ရှောင်ဒင်က မိတ်ဆက်အခမ်းအနားကို ရည်ရွယ်ချက်ရှိရှိဖြင့် အချိန်ဆွဲနေခဲ့ခြင်း ဖြစ်နိုင်သည်ဟုပင် လျူကျင်း တွေးမိတော့သည်။
“ကဲ... အားလုံးပဲ နေရာယူကြပါဦးဗျာ။”
ဂိုဏ်းခွဲသခင် ရှောင်ဒင်က ၎င်းတို့အား ကျယ်ဝန်းလှသော ခန်းမဆောင်ကြီးဆီသို့ ဦးဆောင်ခေါ်သွားရင်း ပြောလိုက်သည်။ ရှောင်နန်က ရှောင်ဒင်၏ ဘေးချင်းယှဉ်လျက် ထိုင်လိုက်ပြီး၊ လျူကျင်းကမူ ရှောင်နန်ဘေး၌ ဝင်ထိုင်လိုက်၏။
“ခရီးဝေးကြီး နှင်လာရတာဆိုတော့ ခရီးပန်းပြီး အတော်လေး ဆာနေကြရောပေါ့။ ကျွန်တော့်ရဲ့ ဒီရိုးရှင်းလှတဲ့ ဆင်းရဲသားစားပွဲလေးက ဧည့်သည်တော်တို့ ခံတွင်းနဲ့ တွေ့ပါ့မလားလို့ စိုးရိမ်မိပါတယ်ဗျာ။”
‘ဆင်းရဲသားစားပွဲ ဆိုပါလား ...။’
လျူကျင်း မျက်ခုံးတစ်ဖက် ပင့်မိသွားတော့သည်။
ခန်းမဆောင်တစ်ခုလုံးသည် ဖုန်တစ်စပင် ရှာမတွေ့နိုင်လောက်အောင် သန့်ရှင်းသပ်ရပ်လှသည်။ အစားအစာများ ထည့်ထားသည့် ပန်းကန်ခွက်ယောက်များမှာလည်း အဆင့်မြင့် ကျောက်စိမ်းထည်များ ဖြစ်ကြပေသည်။ ပြင်ဆင်ထားသော ဟင်းလျာများမှာလည်း အဆင်းလှပ၍ မြင်ရုံမျှဖြင့် သွားရည်ကျစရာ ကောင်းလှသည့်အပြင် မွှေးပျံ့သော ရနံ့များက နှာခေါင်းထဲ တိုးဝင်နေ၏။
ဤဧည့်ခံပွဲသည် အရှေ့ဆိပ်ကမ်းမြို့တော်မှ အဆင့်မြင့် စားသောက်ပွဲကြီးများနှင့် နှိုင်းယှဉ်၍ မရနိုင်သော်လည်း၊ လျူကျင်းအတွက်မူ ထိုကဲ့သို့သော ပွဲမျိုးကို တစ်ကြိမ်မျှ မကြုံဖူးခဲ့ချေ။ သို့ဖြစ်ရာ ဂိုဏ်းခွဲသခင် ရှောင်ဒင်သည် မိမိတို့အား အထင်ကြီးစေရန် ဤပွဲ၌ ငွေကြေးအမြောက်အမြား အကုန်အကျခံကာ အားသွန်ခွန်စိုက် ပြင်ဆင်ထားကြောင်းကိုမူ လျူကျင်း လုံးဝ မသံသယဖြစ်မိပေ။
သို့သော်... ပြဿနာတစ်ခု ရှိနေချေသည်။
လျူကျင်းတစ်ယောက် ဗိုက်ပြည့်နေပြီ ဖြစ်သည်။
စောစောက အစ်ကိုကြီးရှောင်နန်နှင့်အတူ စားသောက်ဆိုင် သွားခဲ့မိသဖြင့် လျူကျင်း၏ အစာအိမ်ထဲတွင် မုန့်ချိုများနှင့် ရေနွေးကြမ်းများဖြင့်သာ ပြည့်နှက်နေခဲ့ခြင်း ဖြစ်ပေသည်။ လျူကျင်းသည် ရှောင်နန်ဘက်သို့ မသိမသာဖြင့် အခက်တွေ့နေသော အကြည့်တစ်ချက် ပစ်လွှတ်လိုက်မိ၏။ ထိုလူငယ်ကမူ ထိုထက်ပင် ပို၍ မသိမသာသော ပုခုံးတွန့်ပြမှုလေးတစ်ခုဖြင့်သာ တုံ့ပြန်လာခဲ့သည်။ သို့သော်လည်း လျူကျင်းအတွက်မူ ထိုပုခုံးတွန့်ပြမှု၏ အဓိပ္ပာယ်ကို အတိုင်းသား ဖတ်နိုင်ပါ၏။
‘စိတ်မကောင်းဘူး ညီလေးရေ ..ငါလဲ မင်းကို မကယ်နိူင်ဘူးကိုယ့်ကိစ္စကိုယ်ရှင်း …”
ထိုပုခုံးတွန့်ပြမှုက သူ့ကို ထိုသို့သာ လှမ်းပြောနေသည့်အလား ရှိတော့သည်။
လျူကျင်း၏ ယဉ်ကျေးသော အပြုံးလေးမှာ အနည်းငယ် တုံ့ခနဲ တုန်ရီသွားရချေပြီ။ မိမိပန်းကန်ထဲသို့ ဟင်းလျာများ လာထည့်ပေးလိုက်သည့် အခါတွင်မူ သူ၏အပြုံးမှာ ပို၍ပင် တုန်လှုပ်သွားတော့သည်။ သူသည် ဂုဏ်သရေရှိ ဧည့်သည်တော် ဖြစ်နေသဖြင့် ကံဆိုးစွာပင် အလွန်များပြားလှသော ဟင်းလျာပုံကြီးကို ရရှိထားခြင်း ဖြစ်ပေသည်။ ဤမျှများပြားသော ပမာဏကို ပြောင်စင်အောင် စားရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
လျူကျင်းသည် သူ၏ပင်ကိုယ်စရိုက်အရ ခန္ဓာကိုယ်အတွက် လိုအပ်သမျှကိုသာ ချင့်ချိန်စားသုံးတတ်သူ ဖြစ်ပေသည်။ ယနေ့ မုန့်ချိုများကို အငန်းမရ စားခဲ့မိခြင်းမှာ လျူကျင်း၏ ဘဝသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အစားအသောက်အပေါ် အလွန်အကျွံ စားမိခြင်းပင် ဖြစ်သည်။ သို့ဖြစ်ရာ ယခုကဲ့သို့ ဗိုက်ပြည့်နေချိန်၌ ဤမျှများပြားသော အစားအစာများကို ထပ်စားရန် သူ့ထံမှ မျှော်လင့်နေခြင်းမှာ လုံးဝ မဖြစ်နိုင်သော ကိစ္စသာ ဖြစ်ချေတော့သည်။
သို့သော်ငြားလည်း... သူဘာတတ်နိူင်ဦးပါမည်နည်း။
လျူကျင်းသည် အချိန်ဆွဲရန်အတွက် သူ၏ လည်ပင်းစည်းပုဝါကို တရွေ့ရွေ့ ဖြည်ချလိုက်သည်။ ထိုပုဝါက သူ၏ မျက်နှာအောက်ပိုင်းတစ်ခုလုံးကို ဖုံးထားသဖြင့် ယင်းကို ဆင်မြန်းထားလျက်နှင့် အစားအစာ စားရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
သူ့အနေဖြင့် ဤအစားအစာများကို ဒီအတိုင်း ငြင်းပယ်ရန် မဖြစ်နိုင်သလို၊ ဤနေရာသို့ မလာမီကတည်းက စားခဲ့၍ ဗိုက်ပြည့်နေပြီဟုလည်း ဖွင့်ဟပြော၍ မရနိုင်ချေ။ အဆိုးဆုံးအခြေအနေတွင် ၎င်းတို့က ဤအပြုအမူကို မိမိတို့အပေါ် စော်ကားသည်ဟု မှတ်ယူသွားနိုင်သည်။ ထို့အတူ ဘာမှမပြောဘဲ အစားအစာများကို မတို့မထိဘဲ ထိုင်နေမည်ဆိုလျှင်လည်း အခြေအနေမှာ ကောင်းမည်မဟုတ်ချေ။ ၎င်းတို့က လျူကျင်းတစ်ယောက် ဤဂိုဏ်းခွဲ၏ အစားအစာများကို မိမိနှင့် မတန်တဆဟု ထင်ကာ အထင်သေးနေသည်ဟု အဓိပ္ပာယ်ကောက်လွဲသွားနိုင်သည်။
လျူကျင်းသည် ပါးစပ်ထဲသို့ အစားအစာအချို့ မထည့်မီ ပါးစပ်အတွင်းသားကို ခဏမျှ ခပ်ဖွဖွ ကိုက်မိသွားသည်။ အနည်းဆုံးတော့ အစားအစာများကို လုံးဝမတို့မထိဘဲ ထိုင်နေသည်ဟူသော အမြင်မျိုး အဖြစ်မခံနိုင်ချေ။ မည်မျှပင် နှေးကွေးပါစေဦးတော့... အနည်းဆုံးတော့ စားသောက်နေဟန် ဆောင်ပြရန်အတွက်မူ မဖြစ်မနေ ကြိုးပမ်းရပေတော့မည်။
စင်စစ် ကျင့်ကြံသူများသည် အစာစားရန် မလိုအပ်လှချေ။ လျူကျင်းသည် အမဲသားဖတ်ကလေးကို ဖြည်းညှင်းစွာ ဝါးရင်း ထိုအချက်ကို အသုံးချ၍ အကြောင်းပြရမလားဟု တွေးမိတော့သည်။ ကျင့်ကြံသူတစ်ဦးသည် အဆင့်မြင့်မားသွားပါက အစားအသောက်ဟူသည်မှာ အသက်ဆက်ရန် မရှိမဖြစ် မဟုတ်တော့ဘဲ အာရုံခံစားမှု စည်းစိမ်ခံခြင်းမျှသာ ဖြစ်သွားတတ်သည်။
လျူကျင်းကဲ့သို့ ‘အတွင်းအားစုစည်းခြင်း အဆင့်’ သို့ ရောက်ထားသူပင်လျှင် အစာနှင့် ရေမရှိဘဲ ရက်အနည်းငယ်မျှ ကြံ့ကြံ့ခံနိုင်ပေသည်။ သို့သော်လည်း အကယ်၍ လျူကျင်းက ထိုသို့ ထုတ်ပြောလိုက်ပါက ဤနေရာရှိ လူများက မိမိတို့၏ နိမ့်ပါးသော ကျင့်ကြံခြင်းအဆင့်ကို တမင်သက်သက် လာနှိုင်းယှဉ်ပြနေသည်ဟု ယူဆသွားနိုင်သည်။
ထိုမျှမကသေး... အစ်ကိုကြီးရှောင်နန်နှင့် မိမိအား အထင်ကြီးစေရန် စားသောက်ပွဲကြီးဖြင့် တခမ်းတနား ပြင်ဆင်ဧည့်ခံသော ၎င်းတို့၏ စေတနာကိုလည်း စိတ်ပျက်သွားစေနိုင်သည်။ ၎င်းတို့၏ ဉာဏ်ပညာမှာ ဤမျှလောက်သာ အလှမ်းမီသည်ဟု လှောင်ပြောင်လိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ လျူကျင်း အကဲခတ်မိသလောက်မူ သူရွေးချယ်မည့် နည်းလမ်းအများစုသည် ဤဂိုဏ်းခွဲအား သိသိသာသာ မျက်နှာပျက်သွားစေမည့် နည်းလမ်းများချည်း ဖြစ်နေချေသည်။
‘သူတစ်ပါးမျက်နှာ မပျက်အောင် လောကဝတ်ပြုရတာ တကယ် ခဲယဉ်းတဲ့ အတတ်ပညာတစ်ခုပါလား...။’
လျူကျင်း ကောင်းကောင်းကြီး သဘောပေါက်သွားတော့သည်။
အဆိုးဆုံးမှာ အစ်ကိုကြီးရှောင်နန်သည်ကား အစားအစာများကို မည်သည့်အခက်အခဲမျှမရှိဘဲ အေးအေးဆေးဆေး စားနိုင်ခြင်းပင် ဖြစ်သည်။ သူသည် ဂိုဏ်းခွဲသခင် ရှောင်ဒင်အပြင် အခြားသူများနှင့်ပါ တဟားဟား ရယ်မောကာ စကားစမြည် ဆိုနိုင်သေးသည်။ တစ်နည်းပြောရလျှင် ဤသည်မှာ မိမိအတွက် ကံကောင်းခြင်းတစ်ရပ် ဖြစ်ပေသည်။ ရှောင်နန်၏ တောက်ပလွန်းသော အရှိန်အဝါကြောင့် မည်သူမျှ လျူကျင်းဘက်သို့ အာရုံမစိုက်မိကြတော့ချေ။
နောက်ဆုံးတွင်မူ လျူကျင်းသည် အစာအိမ်က တစ်ဆစ်ဆစ်နှင့် အပြင်းအထန် ကန့်ကွက်နေသည့်ကြားကပင် အစားအစာများကို တစ်လုပ်ချင်းစီ အနှေးကွေးဆုံး နည်းလမ်းဖြင့်သာ ဆက်၍ မြိုချနေရတော့သည်။ လိုအပ်သည်ထက် ပိုလျှံခြင်းဟူသည်မှာလည်း ၎င်း၏ နည်းလမ်းအတိုင်း ဒုက္ခပေးတတ်မှန်း မည်သူက ကြိုတင်တွေးထားမိပါဦးမည်နည်း။
မိနစ်အတော်ကြာ ကုန်လွန်ပြီးနောက် ဂိုဏ်းခွဲသခင် ရှောင်ဒင်က သူ့နဖူးသူ ဖြန်းခနဲ ရိုက်လိုက်ရင်း—
“အာ... ဒီနေ့ညက တိတ်ဆိတ်လွန်းနေတယ် ထင်ပါရဲ့။ တကယ်တော့ စားသောက်ပွဲကြီးတစ်ခုမှာ ဖျော်ဖြေမှု အကအလှတွေ မပါရင် ဘယ်ပြည့်စုံပါ့မလဲ။ ဂုဏ်သရေရှိ ဧည့်သည်တော်တို့ စိတ်အေးလက်အေးသာ နေကြပါ။ ကျွန်တော် ဒီနေ့ညအတွက် အထူးအစီအစဉ်တစ်ခု ပြင်ဆင်ထားပါတယ်ဗျာ။” ဟု ဆိုလာသည့် အခါမှသာ လျူကျင်းတစ်ယောက် သက်ပြင်းချနိုင်တော့သည်။
သူ စကားအဆုံးတွင်ပင် တပည့်အုပ်စုတစ်စုသည် ခန်းမဆောင်အတွင်းသို့ တရွေ့ရွေ့ ဝင်လာကြတော့သည်။
“ဂုဏ်သရေရှိ ဧည့်သည်တော်တို့ဗျာ... ကျွန်တော်တို့ ဂိုဏ်းခွဲရဲ့ အထက်မြက်ဆုံး တပည့်အုပ်စုနဲ့ မိတ်ဆက်ပေးပါရစေ။ သူတို့ရဲ့ သိုင်းပညာစွမ်းရည်တွေ ထုတ်ပြတာကို စိတ်ကြိုက် ရှုစားကြပါ။ တပည့်တွေရဲ့ စွမ်းဆောင်ရည်က ဧည့်သည်တော်တို့ကို အံ့အားသင့်သွားစေလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်ဗျာ။”
‘ရည်ရွယ်ချက်က အလွန် သိသာလွန်းနေတာပဲ။’
လျူကျင်း စိတ်ထဲကနေ ချက်ချင်း ဆုံးဖြတ်လိုက်သည်။ ဤဂိုဏ်းခွဲသခင်သည် သူ၏ ရည်ရွယ်ချက်ကို အလွန်အမင်း ထင်သာမြင်သာရှိအောင် ပြုလုပ်နေရုံမကဘဲ အလွန်အကျွံလည်း ကြိုးပမ်းနေချေသည်။ တကယ်တော့ ဤမျှလောက်အထိ အားသွန်ခွန်စိုက် မကြိုးစားလျှင်လည်း ဧည့်သည်တော်များအပေါ် မရိုသေရာ ရောက်နိုင်သဖြင့် သူ၏လုပ်ရပ်ကို နားလည်ပေး၍တော့ ရနိုင်ပါ၏။ သို့သော်လည်း သူ၏စိတ်ရင်းအမှန်ကမူ အလင်းပေါက်မတတ် ပွင့်လင်းမြင်သာလွန်းလှပေသည်။
သူသည် မိမိတပည့်များ၏ အစွမ်းဖြင့် ဂိုဏ်းချုပ်မှ ရောက်လာသော ၎င်းတို့အား အထင်ကြီးစေရန် ကြံစည်နေခြင်း ဖြစ်သည်။ မဟုတ်သေး... လျူကျင်းသည် မိမိအတွေးကို ချက်ချင်း ပြန်တည့်မတ်လိုက်မိ၏။ ထိုသူသည် အစွမ်းထက်သော တပည့်များကို ပြသခြင်းဖြင့် ၎င်းတို့၏ မျက်နှာလိုမျက်နှာရ ဖြစ်ရန် ကြိုးပမ်းနေခြင်းသာ ဖြစ်ပေသည်။
သို့သော်လည်း... ထိုအပြုအမူက မည်မျှပင် ဂွကျကျနိူင်ပေဦးတော့ .။ ဤအခြေအနေသည် မိမိအတွက် အစားစားခြင်းကို ရပ်တန့်နိုင်မည့် အခွင့်ကောင်းတစ်ရပ်ပင် ဖြစ်ချေသည်။ လျူကျင်းသည် ဂိုဏ်းခွဲသခင် ရှောင်ဒင်က တပည့်များနှင့် မိတ်ဆက်ပေးနေသည့် စကားများကို အလွန်စိတ်ဝင်စားဟန် ဆောင်လိုက်သည်။
ထိုတပည့်များထဲမှ တစ်ဦးမှာ ရှောင်ဒင်၏ သားဖြစ်သူလည်းဖြစ်၊ ဂိုဏ်းခွဲ၏ အရိုက်အရာကို ဆက်ခံမည့်သူလည်း ဖြစ်သော ‘ရှောင်ဒုန်း’ ပင် ဖြစ်ပေသည်။ ထိုသူသည် စောစောက ၎င်းတို့အား လာကြိုသည့်အဖွဲ့တွင် ပါဝင်ခဲ့သဖြင့် လျူကျင်း မှတ်မိနေခြင်း ဖြစ်၏။
ကံဆိုးချင်တော့... အခြားနေရာသို့ ရွှေ့ရန် သို့မဟုတ် ခန်းမပြောင်းရန် မလိုအပ်လှချေ။ အဘယ်ကြောင့်ဆိုသော် ဤဧည့်ခံရာ ခန်းမဆောင်ကြီးမှာ လိုအပ်သည်ထက်ပင် ပို၍ ကျယ်ဝန်းနေသောကြောင့် ဖြစ်သည်။ အမှန်စင်စစ် ဤအခန်းကို ရွေးထားခြင်းမှာလည်း အခြားသူများ စားသောက်နေစဉ် တပည့်များက ၎င်းတို့၏ သိုင်းပညာကို ထုတ်ပြနိုင်စေရန် ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ထားခြင်း ဖြစ်ရပေမည်။ ခန်းမဆောင်အလယ်တွင် ကျယ်ဝန်းသော ကွင်းပြင်အလွတ်တစ်ခု ချန်ထားပြီး စားပွဲများကို ပတ်ပတ်လည် ဝန်းရံခင်းကျင်းထားသည့် ပုံစံကပင် ထိုအချက်ကို သက်သေပြနေ၏။
ဂိုဏ်းခွဲသခင် ရှောင်ဒင်၏ စကားပလ္လင်ခံမှု အဆုံးသတ်လုနီးပြီ ဖြစ်ရာ လျူကျင်းသည် တပည့်များဘက်သို့ အကဲခတ်ကြည့်လိုက်၏။ ၎င်းတို့အားလုံးမှာ ဆယ်ကျော်သက်လူငယ်များချည်း ဖြစ်ရာ ဤသည်မှာလည်း သဘာဝကျလှပေသည်။ ဤဂိုဏ်းခွဲတွင် အသက်ပိုကြီးပြီး စွမ်းအားပိုထက်မြက်သော တပည့်များ ရှိနိုင်သေးသော်လည်း ‘အတွင်းအားစုစည်းခြင်း အဆင့်’ မျှသာ ရှိသေးသည့် အသက်နှစ်ဆယ်ကျော် လူငယ်များကို ထုတ်ပြခြင်းဖြင့် အစ်ကိုကြီးရှောင်နန်အား အထင်ကြီးအောင် လုပ်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။ သို့ဖြစ်ရာ ယခုလူငယ်များသည် ဤဂိုဏ်းခွဲ၏ အနာဂတ်မျိုးဆက်သစ် ပါရမီရှင်များ ဖြစ်ကြပြီး၊ ၎င်းတို့၏ စံနှုန်းအရမူ ‘ရှောင်ဖန်’ နှင့် ‘အစ်ကိုကြီးရှောင်နန်’ တို့ကဲ့သို့သော အဆင့်အတန်းမျိုး ဖြစ်ပေလိမ့်မည်။
သို့သော် စိတ်ပျက်စရာ ကောင်းသည်မှာ လဆန်းမြို့ငယ်လေးအတွင်းရှိ အခြားအရာများကဲ့သို့ပင် ပကတိအခြေအနေကမူ အားရစရာမရှိလှချေ။ ဂိုဏ်းခွဲသခင် ရှောင်ဒင်အနေဖြင့် မည်မျှပင် မျှော်လင့်နေပါစေဦးတော့... ဤတပည့်ငယ်များ၏ သိုင်းပညာအခြေခံမှာ ဂိုဏ်းချုပ်မှ ပါရမီရှင်များနှင့် နှိုင်းယှဉ်နိုင်မည့် အဆင့်အတန်းမျိုး၌ အလျဉ်းမရှိကြချေ။
ရှောင်ဒင်ကတော့ စကားကို မရပ်မနား ဆက်ပြောနေဆဲ ဖြစ်သည်။ လျူကျင်းသည် သူ၏စကားများကို နားထဲမထည့်တော့ဘဲ အာရုံလွှဲထားလိုက်ပြီး၊ သူက လက်ဟန်ခြေဟန်ဖြင့် သိုင်းပြိုင်ပွဲများ စတင်ရန် အမိန့်ပေးချိန်မှသာ ပြန်၍ အာရုံစိုက်လိုက်တော့သည်။
ခန့်မှန်းထားသည့်အတိုင်းပင် ထိုသိုင်းကွက်အပြန်အလှန် လှုပ်ရှားမှုများမှာ ထူးထူးခြားခြား ကြည့်စရာမရှိလှချေ။ သို့သော်လည်း လျူကျင်းသည် စိတ်ဝင်စားဟန် ဆောင်ကာ ဆက်ကြည့်နေမိသည်။ အနည်းဆုံးတော့ ဤအခြေအနေက အစားအစာများကို ဆက်မြိုချရန် ကြိုးပမ်းရခြင်းထက်စာလျှင် များစွာ ပို၍ သက်သာရာရစေပေသည်။ ရှောင်ဒင် ထုတ်ပြထားသော ဂိုဏ်းခွဲတပည့်အများစုမှာ ‘အခြေခံအုတ်မြစ် အဆင့် မျှသာ ရှိကြပြီး၊ တချို့တလေ အနည်းငယ်မျှသာ ‘အတွင်းအားစုစည်းခြင်း အဆင့်’ သို့ တက်လှမ်းနိုင်ကြခြင်းဖြစ်သည် ။
လျူကျင်းအနေဖြင့် ဤသိုင်းပြိုင်ပွဲများကို ငြီးငွေ့စရာကောင်းသည်ဟုအထိကား ပြောမည်မဟုတ်ချေ။ သိုင်းပညာကျွမ်းကျင်မှုအရာ၌ ယခု ယှဉ်ပြိုင်နေကြသော တပည့်ငယ်များသည် ‘ဝက်ဝံနက်ဓားပြအုပ်စု’ ထက်စာလျှင် မိုးနှင့်မြေကဲ့သို့ သာလွန်လှပေသည်။ သို့သော်လည်း ဤအရာများသည် သူ တစ်ကြိမ်မျှ မမြင်ဖူးသည့် အဆန်းအပြားများတော့ မဟုတ်ပေ။
ရှောင်ဂိုဏ်း၏ မဟာဂိုဏ်းချုပ်ဝင်းကြီးအတွင်း၌ ‘ပြင်ပတပည့်’ ချင်း အပြန်အလှန် သိုင်းကွက်ဖလှယ် ယှဉ်ပြိုင်ခြင်းများကို မကြာခဏ မြင်ရတတ်သော်လည်း၊ လျူကျင်းအနေဖြင့် ထိုပွဲများကို သွားကြည့်ရန် အချိန်မပေးနိုင်ခဲ့ခြင်းသာ ဖြစ်သည်။ ‘အတွင်းစည်းတပည့်’ ကျင့်ကြံသူချင်း ယှဉ်ပြိုင်သည့် ပွဲများကို မြင်ခွင့်ရရန် ရှားသော်လည်း တစ်ခါတစ်ရံတွင်မူ ကြုံရတတ်ပေသည်။ သို့ဖြစ်ရာ ယခု မိမိမျက်စိရှေ့မှောက်၌ ဖြစ်ပျက်နေသော သိုင်းပြိုင်ပွဲများမှာ အလွန်ဆုံးရှိလှမှ မဟာဂိုဏ်းချုပ်ရှိ ပြင်ပတပည့်ချင်း ယှဉ်ပြိုင်သည့် အဆင့်မျှသာ ရှိချေသည်။ ဂိုဏ်းချုပ်နှင့် ဂိုဏ်းခွဲကြားရှိ ကွာခြားချက်မှာ ဤမျှအထိပင် ကြီးမားလှပေသည်။
လျူကျင်းသည် မျက်လုံးထောင့်မှနေ၍ အစ်ကိုကြီးရှောင်နန်ဘက်သို့ မသိမသာ ခိုးကြည့်မိလိုက်၏။ သူ၏အစ်ကိုကြီးသည် ထိုပွဲများကို အလွန်အထင်ကြီးနေသည့်အလား ဟန်ဆောင်ရာ၌ အံ့ဩစရာကောင်းလောက်အောင်ပင် ကျွမ်းကျင်လှပေသည်။ သူသည် ကွက်တိကျသော အချိန်အခါများ၌ လက်ခုပ်တီးပေးသည့်အပြင်၊ ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးနှင့်အတူ လိုအပ်သလို အံ့ဩတကြီး ရေရွတ်ပြတတ်သေးသည်။
အကယ်၍ လျူကျင်းသာ အစ်ကိုကြီးအကြောင်းကို သေသေချာချာ မသိခဲ့ပါက ရှောင်နန်တစ်ယောက် ဤသိုင်းပြိုင်ပွဲများကို တကယ်ပဲ စိတ်ပါလက်ပါ သဘောကျနေသည်ဟု ထင်မှတ်မိပေလိမ့်မည်။ သို့သော်လည်း လျူကျင်းသည် အစ်ကိုကြီးနှင့်အတူ အချိန်အတော်ကြာ လက်တွဲလာသူပီပီ သူ၏ဟန်ဆောင်မှုကို ကောင်းကောင်းကြီး အမိဖမ်းနိုင်ပေသည်။
သိုင်းပြိုင်ပွဲများ ဆက်ဖြစ်နေစဉ်အတွင်းမှာပင် ဂိုဏ်းခွဲသခင် ရှောင်ဒင်၏ သားဖြစ်သူ ‘ရှောင်ဒုန်း’ ၏ သိုင်းပညာအခြေခံမှာ ကျန်တပည့်အားလုံးထက် သိသိသာသာ တစ်ပန်းသာလျက် ရှိကြောင်း ထင်ရှားလာတော့သည်။ ဂိုဏ်းခွဲသခင် ရှောင်ဒင်သည်လည်း သူ၏သားဖြစ်သူ ရှောင်ဒုန်းက အနည်းငယ်မျှ အထင်ကြီးစရာကောင်းသော သိုင်းကွက်တစ်ခု ထုတ်ပြလိုက်သည့် အကြိမ်တိုင်းတွင် ဤသူမှာ မိမိ၏သားအရင်း ဖြစ်ကြောင်းကို ပတ်ဝန်းကျင်ရှိ လူတိုင်း နားငြီးလောက်အောင် မမေ့မလျော့ ထည့်ပြောနေခဲ့ချေတော့သည်။
လျူကျင်းအနေဖြင့် မိဘများ မိမိသားသမီးအပေါ် ဂုဏ်ယူတတ်သည့် သဘာဝကို နားလည်သော်လည်း၊ ယခုလုပ်ရပ်ကမူ ရည်ရွယ်ချက် အလွန် ပေါ်လွင်လွန်းလှသည်။ ဤလူသည် သူ၏သားကို တမင်သက်သက် လာကြွားနေခြင်း သာ ဖြစ်တော့သည်။ ကြည့်ရလျှင် လျူကျင်း၏ ပထမဆုံး အကဲခတ်ချက်မှာ လုံးဝဥဿုံ လွဲမှားခဲ့ပုံရ၏။ ဤတပည့်ငယ်များကို စုစည်းထုတ်ပြထားခြင်းမှာ ၎င်းတို့၏ စွမ်းရည်ကို ပြသရန် မဟုတ်ချေ။ ၎င်းတို့အားလုံးမှာ ရှောင်ဒုန်းတစ်ဦးတည်း၏ အောင်မြင်မှုကို ပံ့ပိုးပေးရန်အတွက် အသုံးတော်ခံ ကောက်ရိုးရုပ် ဇာတ်ပို့များ သက်သက်အဖြစ်သာ အသုံးချခံနေရခြင်း ဖြစ်ပေသည်။
ထိုကဲ့သို့သော ပြဇာတ်အပေါ် ဘယ်လိုစိတ်ထားရမှန်း လျူကျင်းတစ်ယောက် မဝေခွဲနိုင်တော့ချေ။ ထို့ကြောင့်ပင် သူသည် အမဲသားဖတ်တစ်ဖတ်ကို ပါးစပ်ထဲ ကောက်ထည့်ပြီး ဒေါသတကြီးဖြင့် မဲ၍ ဝါးချပစ်လိုက်မိတော့သည်။
“ကောင်းတယ်ဗျာ တကယ်အံ့မခမ်းပဲဟေ့ ...။”
နောက်ဆုံးသိုင်းပွဲ ပြီးဆုံးသွားချိန်၌ ဂိုဏ်းခွဲသခင် ရှောင်ဒင်က ကျေနပ်အားရစွာ အော်ဟစ်လိုက်သည်။ ရှောင်ဒုန်းသည် သိုင်းပြိုင်ပွဲတိုင်းတွင် တစ်ပွဲမကျန် အပြတ်အသတ် အောင်ပွဲခံနိုင်ခဲ့ချေပြီ။
“ဂိုဏ်းခွဲသခင်ရဲ့ သားတော်က တကယ် ပါရမီထက်တာပဲဗျာ။ သူ့အတွက် အလွန်ပဲ ဂုဏ်ယူသင့်ပါတယ်ဗျာ”
ရှောင်နန်က ခပ်နောက်နောက် ကချော်ကချွတ်လေသံဖြင့် မြှောက်ပေးလိုက်သည်။
ထိုအခါ ရှောင်ဒုန်းက ရိုသေစွာ ဂါရဝပြုဦးညွတ်ရင်း—
“အစ်ကိုကြီးရှောင်နန်... ကျွန်တော့်ကို အမွှန်းတင်လွန်းလှပါတယ်ဗျာ။ ကျွန်တော့်ရဲ့ သေးနုပ်လှတဲ့ ပါရမီလေးက အစ်ကိုကြီးကို စိတ်ကြည်နူးစေခဲ့ရင်ပဲ ကျွန်တော် အလွန်ဝမ်းမြောက်လှပါပြီ။” ဟု ဆိုလေသည်။
ထိုအခါ ဂိုဏ်းခွဲသခင် ရှောင်ဒင်က ကြားဖြတ်၍—
“အို... ငါ့သားရာ၊ ဒီလောက်အထိလည်း နှိမ့်ချမနေစမ်းပါနဲ့။”
“မင်းရဲ့ပါရမီက ငါတို့ဂိုဏ်းခွဲတစ်ခုလုံးရဲ့ ဂုဏ်ဒြပ်ပဲကွ။ စိတ်ပျက်စရာကောင်းတာကတော့ ဒီနေ့ညမှာ မင်းနဲ့ ယှဉ်ပြိုင်ဖို့ အဆင့်မြင့်တဲ့ ပြိုင်ဘက်ကောင်းတွေ မရှိခဲ့တာပဲ။” ဟု မေးကြောကော့ကာ ဝင့်ဝင့်ကြွားကြွား ဆိုလိုက်တော့သည်။
ထိုစကားကို ကြားသည်နှင့် ရှောင်ဒုန်းက ခေါင်းကို ဖြတ်ခနဲ မော့လိုက်သည်။ လျူကျင်း၏ စိတ်ထဲတွင် တစ်ချက်မျှ လေးလံသွားရပြီး၊ ထိုသို့ဖြစ်ရခြင်းမှာ အစားအသောက်များနှင့်မူ လုံးဝ သက်ဆိုင်ခြင်းမရှိချေ။
“အဖေ ... ကျွန်တော့်စကားကို နားစွင့်ပေးမယ်ဆိုရင် ဤစားသောက်ပွဲကြီးကို ပိုစည်ကားလာစေမယ့် အကြံတစ်ခု ရှိပါတယ်ဗျာ။”
ဂိုဏ်းခွဲသခင် ရှောင်ဒင်က လက်ဝါးချင်း ဖြတ်ခနဲ ရိုက်လိုက်ရင်း—
“ပြောစမ်းပါဦး ငါ့သားရဲ့။ ငါတို့ကို ရင်ဖိုအောင် အချိန်ဆွဲမနေပါနဲ့ဦး။” ဟု ဆိုလေသည်။
ထိုအခိုက်အတန့်တွင် အချိန်ဆွဲခြင်း အလျဉ်းမရှိဘဲ ရှောင်ဒုန်း၏ အကြည့်များက လျူကျင်းရှိရာ အရပ်ဆီသို့ လျှပ်ခနဲ ရောက်လာတော့သည်။
“ကျွန်တော်တို့ ဂိုဏ်းခွဲက တပည့်တွေက ကျွန်တော့်အတွက် အားနည်းလွန်းနေတယ်ဆိုရင်တော့... ကျွန်တော်တို့အရှေ့မှာ ရှိနေတဲ့ အခွင့်အရေးကောင်းကို အသုံးချသင့်တာပေါ့။ အခု မဟာဂိုဏ်းချုပ်က ကြွလာတဲ့ တပည့်တစ်ဦး ရှိနေတာပဲ မဟုတ်လား။”
ထိုစကားကြောင့် ခန်းမဆောင်ကြီးအတွင်း ခဏတာ တိတ်ဆိတ်သွားပြီးနောက်၊ တီးတိုးရေရွတ်သံများ ချက်ချင်းပင် လှိုင်းတံပိုးထသဖွယ် ဆူညံသွားတော့သည်။
“ဟေး မင်းဘက်ကိုလှည့်လာဘီဟေ့ မင်း... ဘယ်လိုသဘောရလဲ ညီလေးကျင်း။”
ရှောင်ဒုန်းက သူ့ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
အတွင်းစိတ်ထဲတွင်မူ လျူကျင်းသည် သူ၏ဘဝသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကျိန်ဆဲမိသွားတော့သည်။ သူ၏ ယဉ်ကျေးသောအပြုံးလေးမှာလည်း သိသိသာသာ တောင့်တင်းသွားရချေပြီ။
“ခက်တော့ခက်နေပီ … ငါဘာလုပ်ရမလဲ ..” ဟု လျူကျင်း မျက်နှာအပျက်ပျက်နှင့် တွေးလိုက်သည် ။ အကယ်၍ သူသာ ဤစိန်ခေါ်မှုကို လက်ခံလိုက်ရင် ဘာဖြစ်သွားနိုင်မည်နည်း။ လျူကျင်း၏ တွက်ချက်မှုအရ ရှောင်ဒုန်းသည် ‘အတွင်းအားစုစည်းခြင်း အဆင့်’ ၏ တတိယအဆင့်မျှသာ ရှိသေးသည်။ ထိုသူ့ကို အပြတ်အသတ် အနိုင်ယူရန် မိမိကိုယ်ကိုယ် ရဲရဲကြီး ယုံကြည်မှုရှိပါ၏။
သို့သော် အကယ်၍ သူသာ နိုင်ခဲ့လျှင် ရှောင်ဒုန်းသည် မိမိထက် အသက်လည်းငယ်၊ ကျင့်ကြံခြင်းအဆင့်လည်း နိမ့်သောသူကို ရှုံးနိမ့်ခဲ့သဖြင့် အရှက်တကွဲ အကျိုးနည်း ဖြစ်သွားပေလိမ့်မည်။ ဂိုဏ်းခွဲသခင် ရှောင်ဒင်တစ်ယောက် သူ၏သားကို မိုးအထိအောင် အမွှန်းတင် ကြွားဝါထားခဲ့သမျှ ထိုရှောင်ဒုန်းကို အလဲထိုးလိုက်ခြင်းက ဤအဘိုးကြီးကိုပါ တစ်ပါတည်း မျက်နှာပျက်သွားစေမည် ဖြစ်ပေသည်။
သို့သော်ငြားလည်း... ဤလူများ စိတ်ကျေနပ်မှု ရစေရန် သက်သက်အတွက်နှင့်မူ တမင်သက်သက် သိုင်းကွက်အရှုံးပေးလိုက်ရန် ဟူသည်မှာ လုံးဝဥဿုံ မဖြစ်နိုင်သော ကိစ္စပင် ဖြစ်ချေသည်။ လျူကျင်း၏ သိုင်းပညာအရည်အချင်းဟူသည်မှာ ပထမဦးစွာ သူ၏ဖခင်ဖြစ်သူက သူ့အား ‘ရှောင်ဂိုဏ်း’ အတွင်းသို့ ဝင်ရောက်ခွင့်ရအောင် ကြိုးပမ်းပေးခဲ့ရာမှ ရရှိခဲ့ခြင်းဖြစ်ပြီး၊ ထို့နောက်တွင်မူ သူ၏ဆရာသခင်ကိုယ်တိုင်က ပညာရပ်အလုံးစုံကို အမွေပေးနှင်းအပ်ခဲ့ခြင်းကြောင့် ရရှိခဲ့ခြင်း ဖြစ်ပေသည်။
ဤကဲ့သို့သော သေးနုပ်လှသည့် အကြောင်းပြချက်လေးတစ်ခုအတွက်နှင့် သိုင်းကွက်အရှုံးပေးလိုက်ခြင်းက သူ၏ဖခင်နှင့် ဆရာသခင်နှစ်ဦးစလုံး၏ ဂုဏ်သိက္ခာကို ညှိုးမှိန်စော်ကားရာ ရောက်ပေလိမ့်မည်။
ထို့ကြောင့် လျူကျင်းအနေဖြင့် ဤသိုင်းပြိုင်ပွဲကို လုံးဝရှောင်လွှဲနိုင်မှ ဖြစ်ပေမည်။ ဤသည်မှာ လက်ရှိအချိန်၌ သူလျှောက်လှမ်းရမည့် တစ်ခုတည်းသော လမ်းစဉ်ပင် ဖြစ်တော့သည်။ ဤသို့ ရှောင်လွှဲရန်မှာလည်း သိပ်ပြီး ခဲယဉ်းလှမည်မဟုတ်ပေ။ လျူကျင်းအနေဖြင့် ဤစိန်ခေါ်မှုကို ငြင်းပယ်ရန်အတွက် ယုတ္တိတန်သော အကြောင်းပြချက် တစ်ခုခုကိုသာ စဉ်းစားတွေးတောရန် လိုအပ်ပေသည်။ လက်ရှိ အခြေအနေအရဆိုလျှင်မူ ထိုအရာသည် …..။
“ ဒါ တကယ်ကောင်းတဲ့စိတ်ကူးပဲဗျ ကဲ လုပ်ဗျာ”
ဟု ရှောင်နန်က မျက်နှာထက်၌ အပြုံးကြီးတစ်ခု ဆင်မြန်းလျက် ဆိုလိုက်သည်။ သူသည် လျကျင်းဘက်သို့ လှည့်လိုက်သည့် အချိန်တွင်လည်း ထိုအပြုံးက ရှိနေဆဲပင် ဖြစ်၏။
“လုပ်လိုက်စမ်း ညီလေးရာ။ ဒါက တကယ့်ကို ပွဲကြီးပွဲကောင်း ဖြစ်သွားမှာကွ …”
ထိုစကားအဆုံးတွင်မူ လျူကျင်းတစ်ယောက် သူ၏ ဘဝသက်တမ်းတစ်လျှောက်လုံး၌ ဒုတိယမြောက်အကြိမ်အဖြစ် စိတ်ထဲမှ ပြင်းပြင်းထန်ထန် ကျိန်ဆဲလိုက် လေ တော့သည်။