← Chapters

အခန်း ၁၄၆

Vol. 10 Ch. 146

အခန်း ၁၄၆

Vol. 10 Ch. 146

အခန်း (၁၄၆) ခင်ပွန်းသည် ညအိပ်ပျက်ခံတာကို ပါရမီရှင်လို့ သတ်မှတ်လို့ ရလား

နေရောင်ခြည်သည် ပါးလွှာသော မြူခိုးများကို ဖြတ်သန်းကာ ကျန်းမန် ရှိရာ ခြံဝင်းအတွင်းသို့ ကျရောက်လာခဲ့လေသည်။

ဤအချိန်တွင် ကျန်းမန်သည် ထိုသော့ခလောက်ကို ညင်သာစွာ ညှစ်လိုက်ရာ သော့ခလောက်သည် အလင်းရောင်ထဲတွင် ပျောက်ကွယ်သွားခဲ့လေသည်။

တစ်ခါမှ မရှိခဲ့ဖူးသကဲ့သို့ပင် ဖြစ်လေသည်။

"ဒီ သော့ခလောက်က ဘယ်လို စွမ်းအားမျိုးနဲ့ ဖွဲ့စည်းထားတာလဲ"

ကျန်းမန် အတော်လေး သိချင်စိတ် ဖြစ်သွားခဲ့လေသည်။

၎င်းက စိတ်အာရုံထဲက အရာတစ်ခု ဆိုတာကို သူ သိလေသည်။

သို့သော် မည်သို့ ဖွဲ့စည်းထားပြီး မည်သည့် စွမ်းအားကို အားကိုးထားသနည်း ဆိုသည်ကိုတော့ သေချာ မသိချေ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီ သော့ခလောက်က ခံစားချက် တစ်မျိုးပဲ။

ဖိနှိပ်ခံရတယ် အားကိုးရာမဲ့တယ် မျှော်လင့်ချက်မဲ့တယ် ဆိုတဲ့ ခံစားချက်မျိုးပါ။

သို့သော် ကျန်းမန် အများကြီး ဆက်မတွေးတော့ချေ။

အရေးကြီးတဲ့ အရာ မဟုတ်ပါဘူး ဆက်ပြီး တိုးတက်အောင် လုပ်သွားရုံပါပဲဟု တွေးမိလေသည်။

မိစ္ဆာနတ်ဘုရား၏ လက်စားချေမှုအတွက်ကတော့ ပိုပြီး စိုးရိမ်စရာ မလိုတော့ချေ။

နတ်သမီး၏ လက်စားချေမှုကိုတောင် ဂရုမစိုက်တာ သေသွားတဲ့ မိစ္ဆာနတ်ဘုရား တစ်ပါးက ဘာများ အရေးပါလို့လဲ။

ကျင့်ကြံမှုအဆင့်ကို ဆက်လက် မြှင့်တင်ရေးကသာ အရေးအကြီးဆုံး လုပ်ဆောင်ရမည့် အရာပင် ဖြစ်လေသည်။

တစ်ခုတည်းသော နှမြောစရာကတော့ အခုထိ ပစ္စည်းကောင်း ဘာမှ မစမ်းသပ်ရသေးတာပါပဲ။

တစ်ခါတစ်ရံတွင် သူလည်း ပစ္စည်းများကို စမ်းသပ်ကြည့်လေ့ ရှိလေသည်။

သို့သော်

ထွက်လာသော အရာများက "ဘာအမှိုက်တွေလဲ" မဟုတ်လျှင် "အရေးမပါတဲ့ အရာတွေ" ချည်းသာ ဖြစ်လေသည်။

သူလည်း ဘာမှ မတတ်နိုင်ချေ။

တစ်ခါတစ်ရံ အရေးပါသော အရာများကလည်း ရိုးရိုးလေး အရေးပါရုံသာ ဖြစ်လေသည်။

မှတ်တမ်းတင်၍ လုံးဝ မရနိုင်ချေ။

ကျန်းမန် အဝါကြီးကို တစ်ချက် ကြည့်လိုက်ရာ မြက်စားနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသဖြင့် ဘာမှ ဆက်မပြောတော့ချေ။

သူ့ကို ပြိုင်ဘက်ကင်း ပါရမီရှင်ရဲ့ အံ့ဩထိတ်လန့်မှုထဲမှာ ဆက်ပြီး နစ်မျောနေပါစေတော့ဟု တွေးလိုက်လေသည်။

ထို့နောက် ကျန်းမန်သည် မိမိ၏ ဝိညာဉ်ကျောက်တုံးများကို စတင် တွက်ချက်တော့လေသည်။

မူလက ရှစ်ထောင် ရှိပြီး နောက်ပိုင်းတွင် ဖက်တီးလေးက တစ်သောင်းခွဲ ပေးကာ လျှို့ဝှက်နယ်မြေက ခုနစ်သောင်း ပေးခဲ့လေသည်။

စုစုပေါင်းဆိုလျှင် ကိုးသောင်းသုံးထောင် ပင် ဖြစ်လေသည်။

ကျန်းမန် အံ့ဩသွားခဲ့လေသည်။

ကိုးသောင်းသုံးထောင်….

ဝိညာဉ်ဓား တစ်လက် ဝယ်ဖို့ စဉ်းစားလို့ ရပြီ။

ဒါမှ အနည်းဆုံး အစွမ်းထက်တဲ့ သိုင်းပညာရပ် တစ်ခု ရလာမှာ။

မဟုတ်ရင် တိုက်ရိုက် တိုက်ခိုက်ရတာ အရမ်း ပင်ပန်းလွန်းတယ်။

ကောင်းကင် နှလုံးသား တံဆိပ်တုံးက တိုက်ခိုက်ရေး စွမ်းအား မရှိဘူး ကာကွယ်ရုံပဲ ရတာ။

အရိပ်မဲ့ လက်ဝါးက ပုံမှန်အချိန်တွေမှာ ဘာမှ မဖြစ်ပေမယ့် ပါရမီရှင်တွေကို တိုက်တဲ့ အခါကျတော့ မလုံလောက်တော့ဘူး။

ဓားကြီး သိုင်းရဲ့ စွမ်းအားက အရိပ်မဲ့ လက်ဝါးထက် အများကြီး ပိုကြီးမှာ သေချာတယ်။

ဒါပေမယ့် ဝိညာဉ်ဓားကို အများကြီး အားပြုရတယ်။

ကျန်းမန် စဉ်းစားနေဆဲမှာပင် ရုတ်တရက် အလင်းရောင် တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။

အဝါကြီး၏ ကိုယ်ပေါ်မှ အလင်းရောင်ပင် ဖြစ်လေသည်။

ကျန်းမန် တုံ့ဆိုင်းမနေဘဲ အဝါကြီး ကိုယ်ပေါ်ရှိ အလင်းတန်းကို ချက်ချင်း ယူလိုက်လေသည်။

မကြာမီမှာပင် မုန့်ချဲ့ဝေ့၏ အသံကို ကြားလိုက်ရသည် ညင်သာပြီး နားထောင်လို့ ကောင်းကာ သိချင်စိတ်များ အနည်းငယ် ပါဝင်နေလေသည်။

"ယောကျ်ား ကျွန်မ မကြာသေးခင်က ကြားတာ ဝူယွင်ဂိုဏ်းမှာ ကိစ္စတချို့ ဖြစ်သွားတယ်တဲ့"

"တစ်ယောက်ယောက်က ညအိပ်ပျက်ခံပြီး ကျင့်ကြံလို့ ပထမ ရသွားတယ်တဲ့"

"ဒီလို ကိစ္စမျိုးက တွေ့ရခဲတယ် ယောက်ျား ဘယ်လို ထင်လဲ ညအိပ်ပျက်ခံပြီး အချိန်ပိုရယူကာ ပထမ ရလာတဲ့ ဒီလို ပထမမျိုးကို ပါရမီရှင်လို့ သတ်မှတ်လို့ ရလား"

"ဒါ့အပြင် ယောက်ျား မွေးမြူထားတဲ့ မိစ္ဆာနတ်ဘုရားက အင်မော်တယ်ဂိုဏ်းကနေ ထွက်ပြေးလာတာလား"

"အင်မော်တယ်ဂိုဏ်းက မိစ္ဆာနတ်ဘုရားတွေကို အကြီးအကျယ် စတင် စုံစမ်းနေပြီလို့ ကြားတယ်"

အစပိုင်းတွင် ကျန်းမန်၏ နှလုံးခုန်နှုန်းမှာ အနည်းငယ် မြန်သွားခဲ့လေသည်။

တစ်ဖက်လူ၏ အသံက နားထောင်လို့ ကောင်းနေ၍ မဟုတ်ဘဲ အကြောင်းအရာက ကြောက်စရာ ကောင်းနေ၍ ပင် ဖြစ်လေသည်။

ဒီညအိပ်ပျက်ခံတဲ့ သူက မင်းလားလို့ မုန့်ချဲ့ဝေ့ မေးလာမည်ဟု သူ ထင်ထားခဲ့လေသည်။

တကယ်တော့ ညအိပ်ပျက်ခံပြီး ပထမ ရတာကို ပါရမီရှင်လို့ သတ်မှတ်လို့ ရလားလို့ မေးတာကိုး။

ထိုသို့ဆိုလျှင် ကျန်းမန် စိတ်အေးသွားလေသည်။

ပါရမီရှင် ဟုတ်မဟုတ် ဆိုတာကတော့…….ဒါက အဓိပ္ပာယ် မရှိတဲ့ မေးခွန်း တစ်ခုပဲ။

"ဒါက ပါရမီရှင် အပေါ် လောကလူတွေရဲ့ အထင်လွဲမှုပဲ"

ကျန်းမန် ခေါင်းခါပြလိုက်ပြီး ဤကဲ့သို့သော ကိစ္စသေးသေးလေးကို ဂရုမစိုက်ခဲ့ချေ။

သူ့ရဲ့ အလင်းရောင်က မကြီးမားသေးတော့ သူတို့မှာ အသိအမြင် သိပ်မရှိကြသေးဘူး။

အများဆုံး တစ်နှစ် နှစ်နှစ်လောက် နေရင် သူတို့ သိလာကြမှာပါ။

"အမြဲတမ်း ပါရမီရှင်က ညအိပ်ပျက်ခံနေတာ ညအိပ်ပျက်ခံလို့ ပါရမီရှင် ဖြစ်လာတာ မဟုတ်ဘူး"

ညအိပ်ပျက်ခံခြင်းက ပါရမီကို မမြှင့်တင်ပေးနိုင်သော်လည်း ပါရမီကောင်းသူများက ကျင့်ကြံနေချိန်တွင် သာမန်ပါရမီ ရှိသော အခြားသူများက မည်သို့ အိပ်ပျော်နိုင်မည်နည်း။

"မင်း မိန်းမ ဘာပြောလိုက်တာလဲ"

ထိုအချိန်တွင်မှ နွားဝါကြီး သတိဝင်လာခဲ့လေသည်။

ကျန်းမန် အမှန်အတိုင်း ပြောပြလိုက်လေသည်။

ညအိပ်ပျက်ခံပြီး ကျင့်ကြံလို့ ပထမ ရတာ ပါရမီရှင် ဟုတ်မဟုတ် ဆိုတာကို နွားဝါကြီး လုံးဝ ဂရုမစိုက်ပါချေ။

အဘယ်ကြောင့်ဆိုသော် ပထမ ရသူများ ဘာတွေ လုပ်ခဲ့သနည်း ဆိုတာကို သူတို့ မသိသောကြောင့် ပင် ဖြစ်လေသည်။

ဒုတိယ ကိစ္စကိုလည်း သူ ဂရုမစိုက်ခဲ့ချေ။

"အဝါကြီး မင်းကို အင်မော်တယ်ဂိုဏ်းက လူတွေ စုံစမ်းတွေ့ရှိသွားမှာ မဟုတ်ဘူးလား"

ကျန်းမန် သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"မင်းကိုယ်မင်း အရင် စိုးရိမ်လိုက် မင်းကိုယ်ပေါ်မှာ မိစ္ဆာနတ်ဘုရားရဲ့ အရှိန်အဝါတွေ ပေါက်ကွဲထွက်လာလို့ မကြာခင် စုံစမ်းခံရတော့မယ်"

နွားဝါကြီးက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်လေသည်။

ကျန်းမန်လည်း မအံ့ဩပါချေ လျှို့ဝှက်နယ်မြေထဲတွင် ရှိနေစဉ်ကတည်းက သူ့ကို လာရောက် မေးမြန်းမည့်သူ ရှိမည်ဆိုတာကို သိထားပြီး ဖြစ်လေသည်။

တကယ်ပါပဲ။

ထိုနေ့ နေ့လယ်ပိုင်းတွင် ကျန်းမန်ထံသို့ လူသုံးယောက် ရောက်လာသည်ကို တွေ့လိုက်ရလေသည်။

သူတို့ ရပ်နေသည့် နေရာမှာ အတော်လေး စနစ်ကျပြီး တစ်ယောက်ယောက် ထွက်ပြေးမည်ကို အချိန်မရွေး ကာကွယ်နိုင်ရန် အသင့်ပြင်ထားပုံ ရလေသည်။

ခေါင်းဆောင်ဖြစ်သူမှာ လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး ဖြစ်ပြီး အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ လေးနက်သည့် ခံစားချက်ကို ပေးစွမ်းနေလေသည်။

"ကျန်းမန်လား ရှေးဟောင်း ရေတွင်း ဆဋ္ဌမမြောက် လျှို့ဝှက်နယ်မြေကနေ ထွက်လာတာလား"

လူလတ်ပိုင်း အရွယ် အမျိုးသားက မေးလိုက်လေသည်။

ကျန်းမန် အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်လေသည်။

"မင်း ဖြေပေးရမယ့် မေးခွန်း တချို့ ရှိတယ် ဒီနေရာမှာပဲ မေးလို့ ရမလား"

လူလတ်ပိုင်း အရွယ် အမျိုးသားက မေးလိုက်လေသည်။

ကျန်းမန် လုံးဝ သဘောထား မကွဲလွဲပါချေ။

"ရတယ်"

ဤမျှ ပြတ်သားလွယ်ကူနေခြင်းက တစ်ဖက်လူကို အနည်းငယ် အံ့ဩသွားစေခဲ့လေသည်။

ထို့နောက် အခြား နှစ်ယောက်က လူစုခွဲကာ ယိုဖိတ်နေသော စွမ်းအားများကို စတင် စုဆောင်းကြလေသည်။

ကျန်းမန်နှင့် လူလတ်ပိုင်း အရွယ် အမျိုးသားတို့ ခြံဝင်းထဲရှိ စားပွဲတွင် ဝင်ထိုင်လိုက်ကြလေသည်။

"ငါ့နာမည်က ရန်ချန်း မင်း ငါ့ကို တရားခံစစ်ဆေးရေးဌာနက လူလို့ပဲ သဘောထားလိုက်ပါ လျှို့ဝှက်နယ်မြေမှာ ပြဿနာလေး နည်းနည်း ဖြစ်သွားလို့ အခြေအနေ အသေးစိတ်ကို လာမေးရတာ"

ရန်ချန်းက တည်ငြိမ်စွာ ပြောလိုက်လေသည်။

ကျန်းမန် ခေါင်းညိတ်လိုက်လေသည်။

"ကျွန်တော် နားလည်ပါတယ် ဒါဆို ကျွန်တော် အစကနေ ပြန်ပြောပြရမလား"

ရန်ချန်း ခေါင်းညိတ်လိုက်လေသည်။

"ရတယ်"

ကျန်းမန် ပူးပေါင်းဆောင်ရွက်ကြောင်း ပြသလိုက်ပြီး တိုက်ရိုက် ပြောလိုက်လေသည်။

"ကျွန်တော် အဲဒီအထဲမှာ မိစ္ဆာနတ်ဘုရား တစ်ပါးနဲ့ တွေ့ခဲ့တယ် သူမက ကျွန်တော့်ကို သူမရဲ့ လက်အောက်ငယ်သား ဖြစ်လာခိုင်းတယ်"

ရန်ချန်းသည် ကျန်းမန်၏ စကားအရှည်ကြီးများကို နားထောင်ရန် အသင့်ပြင်ထားပြီး ထိုအထဲမှ ပြဿနာများကို ရှာဖွေကာ ပတ်ဝန်းကျင်ရှိ အရှိန်အဝါများကို အသုံးပြု၍ ကျန်းမန်နှင့် မိစ္ဆာနတ်ဘုရားတို့ ပူးပေါင်းကြံစည်နေကြောင်း ဖော်ထုတ်ရန် ရည်ရွယ်ထားခဲ့လေသည်။

သူ၏ အကြံအစည်မှာ အလွန် ကောင်းမွန်ပြီး အကောင်အထည်ဖော်မှုမှာလည်း အလွန် ကောင်းမွန်လှပေသည်။

အမြဲတမ်း ဤကဲ့သို့ပင် လုပ်ဆောင်လေ့ ရှိလေသည်။

သို့သော် တစ်ဖက်လူ၏ ဤ ပထမဆုံး စကားက သူ့ကို ဘာလုပ်ရမှန်း မသိအောင် ဖြစ်သွားစေခဲ့လေသည်။

ပတ်ဝန်းကျင်တွင် မိစ္ဆာနတ်ဘုရား၏ အရှိန်အဝါများကို စုဆောင်းနေသော ထိုနှစ်ယောက်ပင် ကြောင်အမ်းသွားခဲ့ကြလေသည်။

အလကား ပြင်ဆင်လိုက်ရတယ်လို့ ခံစားလိုက်ရတယ်။

ရန်ချန်းက ကျန်းမန်ကို အံ့ဩတကြီး ကြည့်ကာ မေးလိုက်လေသည်။

"မင်းက မိစ္ဆာနတ်ဘုရားနဲ့ ပူးပေါင်းကြံစည်တယ် လို့ ပြောတာလား"

ကျန်းမန် အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်လေသည်။

"တကယ်လို့ မိစ္ဆာနတ်ဘုရားနဲ့ အပေးအယူ လုပ်ဖူးတာကို ပူးပေါင်းကြံစည်တယ်လို့ သတ်မှတ်ရင် ကျွန်တော် မိစ္ဆာနတ်ဘုရားနဲ့ ပူးပေါင်းကြံစည်ခဲ့တာ မှန်ပါတယ်"

သေချာပေါက် ငါက မိစ္ဆာနတ်ဘုရားကို မွေးမြူထားသေးတာလေ။

မင်းတို့ လူမှား မဖမ်းပါဘူး။

ရန်ချန်းသည် အရှေ့ရှိ လူ၏ အဖြေမှာ မျှော်လင့်ထားသည်ထက် လုံးဝ သွေဖည်နေသည်ဟု ထင်မြင်မိလေသည်။

တစ်ဖက်လူက ပထမနေရာ ဖြစ်ပြီး ခြံဝင်းသုံးခု၏ ပထမနေရာပင် ဖြစ်လေသည်။

လာစဉ်ကတည်းက သူတို့ လုံလောက်သော လေးစားမှုကို ပေးခဲ့ကြလေသည်။

အဘယ်ကြောင့်ဆိုသော် အမှားအယွင်းများ ရှိနိုင်သောကြောင့် ပင် ဖြစ်လေသည်။

သို့သော် တစ်ဖက်လူ ဝန်ခံလိုက်သည်မှာ အရမ်း မြန်လွန်းပြီး အရမ်း ပြတ်သားလွန်းလှပေသည်။

လူကို စကားမပြောနိုင်အောင် ဖြစ်သွားစေခဲ့လေသည်။

နောက်ဆုံးတွင် သူသည် အခြေအနေ အသေးစိတ်ကို နားထောင်ရန် ဆုံးဖြတ်လိုက်လေသည်။

ကျန်းမန် အမှန်အတိုင်း ပြောပြလိုက်လေသည်။

"ဒါဆို မင်းက မိစ္ဆာဘုရင်တွေ အများကြီးရဲ့ ဝိုင်းရံထားခြင်းကို ခံနေရတဲ့ အခြေအနေမှာ သူမကို အချိန်ဆွဲထားဖို့ အတွက် အပေးအယူကို သဘောတူလိုက်ရတာပေါ့"

ရန်ချန်းက မေးလိုက်လေသည်။

ကျန်းမန် ခေါင်းညိတ်လိုက်လေသည်။

တစ်ဖက်လူကို အချိန်ဆွဲပြီး ဝိညာဉ်ကျောက်တုံးတွေ လဲလှယ်တာလည်း အချိန်ဆွဲတာပါပဲ။

"သူမက မင်းကို သော့ခလောက် ချသွားသေးလား"

ရန်ချန်းက ထပ်မေးလိုက်လေသည်။

ကျန်းမန် ခေါင်းညိတ်ပြလိုက်လေသည်။

"မင်းရဲ့ အနာဂတ် လမ်းခရီး ပြတ်တောက်သွားမှာကို မင်း မစိုးရိမ်ဘူးလား"

"မစိုးရိမ်ပါဘူး"

"ဘာဖြစ်လို့လဲ"

"သူမ ကျွန်တော့်ကို ပိတ်လှောင်ထားလို့ မရဘူးလေ"

"ဘာဖြစ်လို့လဲ"

"ပါရမီက အဲဒီလို ဖြစ်နေလို့ပါ"

ရန်ချန်း အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေသည်။

"ငါတို့ကို အဲဒီ သော့ခလောက်ကို စစ်ဆေးခွင့် ပေးလို့ ရမလား"

ကျန်းမန် သဘောတူလိုက်သော်လည်း တစ်ဖက်လူ နောက်ကျသွားခဲ့လေပြီ။

သော့ခလောက် မရှိတော့ချေ။

ထို့နောက် စစ်ဆေးနေသော လူနှစ်ယောက် မျက်မှောင်ကြုတ်သွားကြလေသည်။

တစ်ခေါက်ပြီး တစ်ခေါက် စစ်ဆေးပြီးနောက် နောက်ဆုံးတွင် ကောက်ချက် တစ်ခု ချလိုက်ကြလေသည်။

သော့ခလောက် မရှိပါဘူးတဲ့။

ရန်ချန်း ကိုယ်တိုင် မှော်လက်နက်ဖြင့် တစ်ခေါက် စစ်ဆေးကြည့်လိုက်လေသည်။

နောက်ဆုံးတွင် ဘာမှ မတွေ့ရှိခဲ့ချေ။

"တကယ်ပဲ ပိတ်လှောင်လို့ မရတာလား"

ရန်ချန်း စိတ်ထဲတွင် အံ့ဩသွားခဲ့လေသည်။

ဒါမှမဟုတ် တစ်ဖက်က မိစ္ဆာနတ်ဘုရားက သော့ခလောက် မချခဲ့တာများလား။

ထို့နောက် သူက အခြား အကြောင်းအရာများကို ထပ်မေးလေသည်၊ ဥပမာ ဘယ်လို ဆက်သွယ်သလဲ၊ နောက်တစ်ဆင့် ဘာအစီအစဉ် ရှိလဲ စသည်ဖြင့် ဖြစ်လေသည်။

ကျန်းမန် တစ်ခုချင်းစီ ဖြေကြားပေးလိုက်လေသည်။

တစ်ဖက်လူက သူ့ကို ဘာမှ မပြောပြဘဲ စောင့်နေဖို့ပဲ ပြောခဲ့တာပါ။

ရန်ချန်း ကျန်းမန်ကို ကြည့်ရင်း တစ်ဖက်လူ လိမ်ပြောနေသည်ဟု မထင်မိချေ။

ထို့နောက် မတ်တပ်ရပ်ကာ ထွက်ခွာရန် ပြင်လိုက်လေသည်။

"ကောက်ချက် ချပြီးပြီလား"

ကျန်းမန်က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

ရန်ချန်း ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။

"ရပြီ နောက်ပိုင်း ညီလေးဆီကို ထပ်လာစရာ အကြောင်း မရှိလောက်တော့ဘူး ဒါပေမယ့် မိစ္ဆာနတ်ဘုရား လာရှာရင်တော့ ညီလေး အကြောင်းကြားပေးဖို့ မျှော်လင့်ပါတယ်"

"မင်းရဲ့ သင်ကြားရေး ဆရာမကို တရားခံစစ်ဆေးရေးဌာန သွားခိုင်းလိုက်ရင် ရပြီ"

ခဏရပ်ပြီးနောက် ရန်ချန်းက သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"မင်းရဲ့ သင်ကြားရေး ဆရာမက ဘယ်သူလဲ"

"ယန်ရိချိုး"

ကျန်းမန်က အမှန်အတိုင်း ဖြေကြားလိုက်လေသည်။

ထိုစကားကို ကြားသော် ရန်ချန်းက ပြုံးလျက် ပြောလိုက်လေသည်။

"ရေစက်ပဲ သူမ အခုလေးတင် အဲဒီဘက်ကို ရောက်နေတယ် ဒါဆို ငါ သွားပြီး သူမနဲ့ နည်းနည်း စကားပြောလိုက်ဦးမယ်"

ကျန်းမန် နားမလည်နိုင် ဖြစ်သွားခဲ့သည်။ ဆရာမယန်က ဘယ်လိုလုပ် အဲဒီဘက်ကို ရောက်နေရတာလဲ။

တစ်ဖက်လူက စေတနာဖြင့် အကြောင်းရင်းကို ပြောပြလိုက်လေသည်။

"ကျွန်တော် ညအိပ်ပျက်ခံလို့ ဆရာမယန် ကို တရားမဝင် စာသင်တယ် ဆိုပြီး တိုင်လိုက်ကြတာလား"

ကျန်းမန် အံ့ဩသွားခဲ့လေသည်။

ကိုယ်တိုင် ဝင်ဖမ်းတာထက် တိုင်လိုက်တာက ပိုကောင်းတာပေါ့။

တစ်ချက်တည်းနဲ့ လူကို ခေါ်သွားနိုင်တယ်။

ကျန်းမန်က ပြဿနာ ရှိနိုင်မလား ဟု မေးကြည့်လေသည်။

တစ်ဖက်လူက ခေါင်းခါပြပြီး ဘာပြဿနာ မှ မရှိပါဘူး လို့ ပြောပါတယ်။

ဒီတစ်ခေါက် တိုင်တဲ့သူ အရမ်း များလွန်းလို့ပါ။

ဒါကြောင့် ခေါ်ပြီး မေးရတာပါ။

ဂိုဏ်းက ညအိပ်ပျက်ခံ တာကို အားမပေးပါဘူး ဒါပေမယ့် အတင်း ညအိပ်ပျက်ခံမယ် ဆိုရင်လည်း ဂိုဏ်းက တားဆီးမှာ မဟုတ်ပါဘူး။

ညအိပ်ပျက်ခံ ပြီးနောက် ကောင်းကျိုး ဆိုးကျိုးကို ကိုယ်တိုင် တာဝန်ယူရုံပါပဲ။

လူတွေ ထွက်သွားပြီးနောက် ကျန်းမန်က နွားဝါကြီးကို ကြည့်ကာ ပြောလိုက်လေသည်။

"ဘာမှ ဖြစ်မယ့်ပုံ မပေါ်ဘူး"

"မင်း ဒီလောက် ရိုးသားပြီး နည်းနည်းလေး မှ ဖုံးကွယ်မထားဘူးလို့ သူတို့ လည်း မထင်ထားဘူး လေ"

နွားဝါကြီးက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်လေသည်။

သေချာပေါက် အရေးအကြီးဆုံးကတော့ ကျန်းမန်၏ ကိုယ်ပေါ်တွင် သော့ခလောက် မရှိခြင်းပင် ဖြစ်လေသည် ယင်းမှာ မိစ္ဆာနတ်ဘုရား ၏ စွမ်းအား မရှိတော့ဘူး ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ဒါဆို အရမ်း ဂရုစိုက်နေစရာ မလိုတော့ဘူး။

မိစ္ဆာနတ်ဘုရား နဲ့ မသက်ဆိုင်ဘူး ဆိုရင် ဘယ်လိုပဲ ဖြစ်နေပါစေ ဂိုဏ်း က အရင်ကလိုပဲ ဆက်လက် ပြုစုပျိုးထောင် ပေးသွားမှာပါ။

"ဒီလိုဆိုတော့ ဒီကိစ္စ ပြီးသွားပြီပေါ့"

ကျန်းမန် က မေးလိုက်လေသည်။

"အဲဒီ မိစ္ဆာနတ်ဘုရား နောက်ပိုင်း မင်းဆီ လာမရှာဘူး ဆိုရင်တော့ ပြီးသွားပါပြီ"

နွားဝါကြီးက ပြောလိုက်လေသည်။

"ဒါဆို သူမ ကျွန်တော့်ဆီ လာရှာမလား"

ကျန်းမန်က မေးလိုက်လေသည်။

"ပြောရခက်တယ် သူမ တခြား နည်းလမ်း တွေ ချန်ထားခဲ့လား ဆိုတာ အပေါ် မူတည်တယ် ဒါပေမယ့် သူမ ရဲ့ စိတ်ဆန္ဒ အစစ်အမှန်ကတော့ အချိန်တို အတွင်း လာနိုင်မှာ မဟုတ်ဘူး သူမက ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်လိုက်ပြီ ဆိုတော့ တစ်ခေါက် ရှင်းလင်း ခံရမှာပဲ အင်မော်တယ် ဂိုဏ်း ရဲ့ ကြီးမားတဲ့ အုပ်ချုပ်မှု ကို သတိမထားတဲ့ မိစ္ဆာနတ်ဘုရားတိုင်း အင်မော်တယ် ဂိုဏ်း ရဲ့ ကြီးမားတဲ့ အုပ်ချုပ်မှုက ဘယ်လိုလူ ဖြစ်အောင် သင်ပေးလဲ ဆိုတာကို ခံစားရမှာပဲ"

နွားဝါကြီးက မြက်စားရင်း ပြောလိုက်လေသည်။

ကျန်းမန် ခေါင်းညိတ်လိုက်လေသည်။

ဒီလိုဆိုတော့ ဂိုဏ်းထဲမှာ မိစ္ဆာနတ်ဘုရားတွေ အခြေခံအားဖြင့် ခေါင်းမပြူရဲဘူးပေါ့။

ခဏရပ်ပြီးနောက် ကျန်းမန် က နွားဝါကြီး ကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"အဝါကြီး မင်းက မိစ္ဆာနတ်ဘုရားတွေထဲမှာ စွမ်းအား ဘယ်လို ရှိလဲ"

အဝါကြီး က ကျန်းမန် ကို တစ်ချက် စောင်းကြည့်လိုက်ပြီး ပြန်မဖြေခဲ့ချေ။

သူ့မြက်ကို သူဆက်စားနေလိုက်လေသည်။

ကျန်းမန်က နောက်ထပ် မေးခွန်း တစ်ခု ပြောင်းမေးလိုက်လေသည်။

"အဝါကြီး မင်း အပြင်ဂိုဏ်း မှာ ငါ့လိုလူမျိုး နောက်ထပ် မိစ္ဆာနတ်ဘုရားတွေ ရှိသေးလား"

"သေချာပေါက် ရှိမှာပေါ့"

နွားဝါကြီး က ပြတ်သားစွာ ပြောလိုက်လေသည်။

"ဂိုဏ်းက ရှာမတွေ့ဘူးလား"

"ရှာတွေ့တယ် ဒါပေမယ့် အဲဒီလောက် မလွယ်ကူဘူး အင်မော်တယ် ဂိုဏ်းက ဝင်မပါမချင်းပေါ့"

"ဒါဆို အင်မော်တယ် ဂိုဏ်းက ဝင်မပါဘူးလား"

"လောလောဆယ်တော့ မင်း ပြဿနာ မရှာမချင်း အင်မော်တယ်ဂိုဏ်းက ဝင်ပါမှာ မဟုတ်ဘူး ဂိုဏ်းကလည်း မသိချင်ယောင် ဆောင်နေမှာပဲ အင်မော်တယ် ဂိုဏ်း ရဲ့ ကြီးမားတဲ့ အုပ်ချုပ်မှုက မင်း ထင်ထားသလောက် မလွယ်ကူဘူး သူတို့ အချိန်တို အတွင်း အားဖို့ ဆိုတာ အရမ်း ခက်တယ် ဂိုဏ်း မှာလည်း ကိစ္စတွေ အများကြီး ရှုပ်ယှက်ခတ်နေတာပဲ"

ကျန်းမန် က နွားဝါကြီး ကို ကြည့်ကာ ပြောလိုက်လေသည်။

"အဝါကြီး မင်းက အင်မော်တယ်ဂိုဏ်း ရဲ့ ကြီးမားတဲ့ အုပ်ချုပ်မှုကို အရမ်း လေးစားနေသလိုပဲ"

ထိုစကားကို ကြားသော် နွားဝါကြီး က ကျန်းမန် ကို ကြည့်ကာ ပြောလိုက်လေသည်။

"ကောင်းတာ နဲ့ ဆိုးတာက တစ်ချက် ကြည့်လိုက်တာနဲ့ သိသာပါတယ်"

ပိုတာတွေကိုတော့ အဝါကြီး ထပ်မပြောတော့ပါဘူး။

ကိုယ့်ဘာသာ မြက် ကိုပဲ ဆက်စားနေလိုက်လေသည်။

ကျန်းမန်လည်း အများကြီး ထပ်မမေးတော့ဘဲ သေချာ ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်လေသည်။

အခု အချိန် စောသေးတယ် အချိန်ကောင်းတွေကို အလဟဿ မဖြုန်းတီးသင့်ဘူး အရင်ဆုံး စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်ကို သန့်စင်ရမယ်။

ဒီတစ်ခေါက် မိစ္ဆာဘုရင် နဲ့ တိုက်ခိုက်ပြီးတဲ့ နောက်မှာ ကိုယ့်ရဲ့ ဆိုးရွားတဲ့ အားနည်းချက်ကို သူ နားလည်သွားခဲ့တယ်။

တိုက်ခိုက်ရေး သိုင်းပညာ မရှိတာ အပြင် ဘူးသီးတွေရဲ့ လောင်ကျွမ်းမှုပါပဲ။

စစ်မှန်သော သိုင်းပညာ ဖွင့်လိုက်ရင် ဘူးသီးတွေက အရမ်း မြန်မြန် လောင်ကျွမ်းသွားတယ်။

ဘူးသီးကို သန့်စင်လေလေ လောင်ကျွမ်းမှု ကို ပိုခံနိုင်ရည် ရှိလေလေပဲ။

ဒါကြောင့် အဆက်မပြတ် သန့်စင်နေဖို့ လိုအပ်ပြီးတော့ တိုက်ခိုက်ရေး သိုင်းပညာ ကိုလည်း ရှာဖွေရမယ်။

နောက်တစ်ခေါက် မိစ္ဆာဘုရင် နဲ့ တွေ့ရင် ဝိညာဉ်စွမ်းအင် ဝှက်ထားခြင်း ကို အလဟဿ မဖြုန်းတီးရအောင် ကြိုးစားရမယ်။

အကောင်းဆုံး ကတော့ တစ်ချက်တည်း နဲ့ အသေသတ်နိုင်ဖို့ပဲ။

အချိန်တွေ တစ်ရက်ပြီး တစ်ရက် ကုန်လွန်သွားခဲ့လေသည်။

အပြင် ဂိုဏ်း တောင်ထွတ် ခုနစ်ခု မှာ ညအိပ်ပျက်ခံ ကျင့်ကြံတဲ့ ကိစ္စ တွေ အရမ်း မြန်မြန် ပျံ့နှံ့သွားခဲ့လေသည်။

အဋ္ဌမမြောက် ခြံဝင်း က လူတွေရဲ့ အဆင့်သတ်မှတ်ချက် ကို မြင်ပြီး အံ့ဩသွားကြပေမယ့် သံသယ ဖြစ်နေတုန်းပါပဲ ညအိပ်ပျက်ခံ ကျင့်ကြံတာ က စိတ်အာရုံ ကို သေချာပေါက် ထိခိုက်စေမှာပဲ လို့ ထင်နေကြတယ်။

တချို့လူတွေ စမ်းကြည့်ကြပေမယ့် အနည်းအကျဉ်း လောက်ပဲ ရှိပါတယ်။

သူတို့ အမြဲတမ်း ထင်နေတာက ညအိပ်ပျက်ခံတာ မှားတယ်တဲ့။

စိတ်အာရုံ အပေါ် ဖိအား အရမ်း ကြီးတယ် တဲ့။

ယန်ရိချိုး အဖမ်းခံရတယ် ဆိုတဲ့ သတင်း ထွက်လာတဲ့ အထိပေါ့။

ယန်ရိချိုးက ဘယ်သူလဲ ညအိပ်ပျက်ခံ ခြံဝင်းငယ် ရဲ့ သင်ကြားရေး ဆရာမလေ။

သူမ ဘာလို့ အဖမ်းခံရတာလဲ။

တရားမဝင် ကျင့်ကြံတယ် ဆိုပြီး တိုင်ကြားခံရလို့ လေ။

တစ်ခဏအတွင်းမှာပင် လူတိုင်း အုတ်အော်သောင်းနင်း ဖြစ်သွားကြလေသည်။

တကယ်လို့ လူ အဖမ်းမခံရဘူး ဆိုရင် သူတို့ သံသယ ဖြစ်နေကြဦးမှာ ဒါပေမယ့် လူ အဖမ်းခံလိုက်ရပြီ ဆိုတော့ ညအိပ်ပျက်ခံ ကျင့်ကြံတာ တကယ် အသုံးဝင်နိုင်တယ် ဆိုတာကို ပြသနေတာပဲ။

မဟုတ်ရင် ဘယ်သူက သွားတိုင်မှာလဲ။

အခုတော့ ယုံကြည်တဲ့ သူတွေ ပိုများလာပြီ။

ကျိုးပုဖန် တို့ ဆိုရင် ပိုလို့တောင် ပေါ့ဆ မနေရဲတော့ဘူး။

ဘာလို့လဲဆိုတော့ တခြားလူတွေက ညအိပ်ပျက်ခံ စပြုနေပြီ လေ သူတို့ အခုချိန် မှာ ပေါ့ဆလိုက်ရင် အမီလိုက်ခံရဖို့ လွယ်သွားပြီ။

သူ မျိုးနွယ်စု ဆီကနေ အရင်းအမြစ် တွေ ထပ်တောင်းလိုက်တယ် ပေးမပေး ကတော့ သူတို့ အပိုင်းပဲ လေ။

ကျောက်ယောင်ယောင်လည်း ဒီအတိုင်းပဲ။

သူတို့ အားလုံး လင်းချင်းရှန်ကို အကြံဉာဏ် တောင်းခဲ့ကြသည်။

တစ်ဖက်လူက ဆင်းရဲသား ဆိုတော့ ရပ်တည်ချက် ကွာခြားတယ်။

သူတို့ က ဒီလို အကြံဉာဏ်မျိုးတွေ မစဉ်းစားတတ်ပေမယ့် ဒီလို လူမျိုးတွေကို အသုံးချတတ်ကြတယ်။

ဒါက လုံလောက်နေပါပြီ။

လူကို သိပြီး အသုံးချတတ်ရင် ရပြီ ကိုယ်တိုင် အကုန် တတ်နေစရာ မလိုပါဘူး။

အကျိုးအမြတ် ကို ခွဲခြား သိမြင်နိုင်ရင် ရပါပြီ။

စက်တင်ဘာလ ဆယ့်လေးရက်….

တရားဝင် စာသင်ကြားခြင်း မစတင်မီ တစ်ရက် အလို….

ကျန်းမန်၏ တံခါးဝ သို့ အမျိုးသမီး တစ်ဦး ရောက်လာခဲ့လေသည်။

သူမသည် ပန်းရောင် ဂါဝန် ကို ဝတ်ဆင်ထားပြီး နေရောင် အောက်တွင် မျက်နှာပေါ်၌ အပြုံးများ လွှမ်းမိုးနေကာ အပြစ်ကင်းစင်ပြီး တက်ကြွနေလေသည်။

"ဒါက အစ်ကိုကျန်း ရဲ့ နေအိမ်လား"

သူမက ခြံဝင်း အရှေ့တွင် ရပ်ကာ အထဲရှိ လူကို ကြည့်ပြီး မေးလိုက်လေသည်။

ကျန်းမန် သည် နွားဝါကြီး နှင့် ဓားကြီး သိုင်း အကြောင်း ဆွေးနွေးနေဆဲပင် ဖြစ်လေသည်။

ဘယ်လိုပဲဖြစ်ဖြစ် အဆင့်မြင့်အဆင့် သိုင်းပညာရပ် ဆိုတော့ အားတဲ့ အချိန် သင်ယူဖို့ ရည်ရွယ်ထားတယ် မီးခိုးပြာ အစပျိုးလည်း ပါတာပေါ့။

အဆင့်မြင့်အဆင့် နှစ်ခုလုံး ကို သေချာ ကျင့်ကြံဖို့ အချိန် မရသေးပါဘူး။

စိတ်အာရုံ နဲ့ ခန္ဓာကိုယ် ကို မြှင့်တင်ဖို့ကိုပဲ အာရုံစိုက်နေရတာ။

မကြာခင် သတ္တမမြောက် ခြံဝင်း ကို ရောက်တော့မယ် ပထမ ဒုတိယ တတိယ ခြံဝင်း တွေကို သွားချင်တယ် ဆိုရင် ပြီးပြည့်စုံတဲ့အဆင့် ရောက်မှ ရမယ် ထင်တယ်။

အချိန်တွေက အရင်တုန်းကလောက် မလွတ်လပ်တော့ဘူး။

တစ်ယောက်ယောက် လာမေးတာကို မြင်တော့ ကျန်းမန် သိချင်စိတ်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်လေသည်။

ပထမဆုံး ခံစားချက် ကတော့ ဘယ် မိသားစုက ညီမလေးကို လာတွေ့နေရတာလဲပေါ့။

"မင်း ငါ့ကို လာရှာတာလား"

ကျန်းမန် မတ်တပ်ရပ်ကာ မေးလိုက်လေသည်။

လာသူက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ကျန်းမန်ကို ကြည့်ပြီး ပြုံးလျက် မေးလိုက်လေသည်။

"ကျန်းမန် အစ်ကိုကျန်းလား"

"ဟုတ်တယ်"

ကျန်းမန် ခေါင်းညိတ်လိုက်လေသည်။

"အစ်ကိုက ဘယ်လို လုပ်ပြီး ပထမ နေရာ ကို ရလာတာလဲ ဆိုတာကို မေးလို့ ရမလား"

တစ်ဖက်လူ၏ မျက်နှာတွင် သိချင်စိတ်များ အပြည့် ရှိနေလေသည်။

ကျန်းမန် တိတ်ဆိတ်သွားခဲ့လေသည်။

တစ်ဖက်လူ နားမလည်နိုင် ဖြစ်သွားခဲ့သည်။

"အစ်ကိုကျန်း"

ကျန်းမန် သက်ပြင်းချလိုက်လေသည် စည်းမျဉ်း နားမလည်တဲ့ သူ ရောက်လာပြန်ပြီလား။

ဝိညာဉ်ကျောက်တုံးမှ မပါဘဲနဲ့ ဘယ်လို မျက်နှာမျိုးနဲ့ အထူးတလည် လာမေးရဲတာလဲ။

နောက်ဆုံးတွင် အမျိုးသမီးမှာ အပြင်သို့ ကန်ထုတ်ခံလိုက်ရလေသည်။

သူမ ပိတ်သွားသော တံခါးကို ကြည့်ကာ အနည်းငယ် အံ့ဩသွားခဲ့လေသည်။

သို့သော် မကြာမီမှာပင် နှုတ်ခမ်းထောင့် တွင် အပြုံး တစ်ခု ပေါ်လာခဲ့လေသည်။

"ကြည့်ရတာ သူ တကယ်ပဲ အဖမ်းမခံရဘူးပဲ"

သူမ လှည့်ထွက်သွားခဲ့လေသည်။

"မိစ္ဆာနတ်ဘုရားက ဘယ်လို နည်းလမ်းတွေ သုံးလိုက်လဲ ဆိုတာ မသိပေမယ့် ဒီတစ်ခေါက် တော့ ဂိုဏ်း ရဲ့ အဖမ်းအဆီးကို တကယ်ပဲ ရှောင်ကွင်းသွားနိုင်ခဲ့တယ်"

"ကျန်တာကတော့ သူ့ကို အိပ်ပျော်သွားအောင် လုပ်ဖို့ပဲ မိစ္ဆာနတ်ဘုရားက သူ့ရဲ့ အိပ်မက် ထဲမှာ ကိုယ်ထင်ပြလိမ့်မယ်"

"ဒီလိုဆိုရင် ငါတို့ ဆက်သွယ်လို့ ရပြီ"

"အဲဒီနောက် သူက ငါ့ကို အပြည့်အဝ ပူးပေါင်း ကူညီပေးတော့မှာပဲ"

"ခြံဝင်းသုံးခု ပထမ နေရာ ရဲ့ အရင်းအမြစ်တွေက ငါ့ကို ပိုပြီး များပြားတဲ့ အရာ တွေနဲ့ ထိတွေ့ခွင့် ရဖို့ လုံလောက်နေပြီ"

သူမ ရုတ်တရက် ရောက်လာပြီး လူကို လာရှာတာက တကယ်တော့ အရမ်းကြီး ထူးဆန်းနေတာတော့ မဟုတ်ပါဘူး။

ဘာလို့လဲဆိုတော့ သူမ နောက်က မိသားစု က သူမကို ကျန်းမန် နဲ့ သွားပြီး အဆက်အသွယ် လုပ်ခိုင်းထားလို့ပဲ အကောင်းဆုံးကတော့ မိသားစု အတွက် တစ်ဖက်လူကို သိမ်းသွင်းဖို့ပေါ့။

သူမ ကိုယ်တိုင် အစွမ်းကုန် ကြိုးစားမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒါက မိစ္ဆာနတ်ဘုရားက သူမ အတွက် ရှာပေးထားတဲ့ အရင်းအမြစ်တွေလေ။

အရာအားလုံး က သူမဟာ ဖြစ်လာတော့မှာပါ။

အိပ်မပျော်ဘူး ဆိုတာကတော့ မဖြစ်နိုင်ဘူး။

အဲဒီ လျှို့ဝှက်နယ်မြေကနေ ထွက်လာတဲ့ သူတိုင်း အိပ်ကို အိပ်ရမှာပဲ။

ဒီလိုမှသာ အဲဒီ ရေတွင်းက ယူဆောင်လာတဲ့ ဖိအား တွေကို သက်သာစေနိုင်မှာ လေ။

အနှေးနဲ့ အမြန်ပါပဲ။

အခြား တစ်ဖက်တွင် နွားဝါကြီး အကြည့် များကို ရုပ်သိမ်းလိုက်ပြီး ပြောလိုက်လေသည်။

"အဲဒီ မိန်းကလေး က ပုံမှန် မဟုတ်ဘူး"

"သေချာပေါက် ပုံမှန် မဟုတ်ဘူးပေါ့ ပုံမှန်လူဆိုရင် ဝိညာဉ်ကျောက်တုံး နည်းနည်းလေးမှ မပါဘဲ ငါ့ဆီ ဘယ်လို လာရှာမှာလဲ မကြာခင် သူမနဲ့ ထပ်တွေ့ရဦးမှာပဲ"

ကျန်းမန် ဂရုမစိုက်ပါချေ။

အန္တရာယ် တော်တော်များများက သူ ကျင့်ကြံမှုအဆင့် တက်သွားတာနဲ့ အလိုအလျောက် ပျောက်ကွယ်သွားမှာပါ။

ဒီလို အရာတွေကို ရင်ဆိုင်ဖို့ အားအင် တွေ ဖြုန်းနေမယ့် အစား ကျင့်ကြံမှုအဆင့် ကို ဆက်ပြီး မြှင့်တင်ဖို့ အားအင် တွေ ဖြုန်းတာက ပိုကောင်းပါတယ်။

နွားဝါကြီး အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေသည်။

"ငါ ပြောတာက သူမက မိစ္ဆာနတ်ဘုရား နဲ့ ပတ်သက်နေတယ်လို့"

ကျန်းမန်

"………."

နောက်တစ်နေ့…

မနက်ခင်း…..

မနေ့က ကျန်းမန်ကို လာရှာသော အမျိုးသမီး သည် အခုလေးတင် အိပ်ရာထပြီး ခြံဝင်းငယ် သို့ သွားရောက် ကျင့်ကြံရန် ပြင်နေဆဲ ရှိသေးသည်၊ သို့သော် ရုတ်တရက် တံခါးဝ တွင် လူသုံးယောက် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။

ခေါင်းဆောင် ဖြစ်သူမှာ ရန်ချန်းပင် ဖြစ်လေသည်။

သူ က ယဉ်ကျေးပျူငှာစွာ ဖြင့် ပြောလိုက်လေသည်။

"ညီမလေးဟော့ မင်း က မိစ္ဆာနတ်ဘုရား နဲ့ ပတ်သက်နေတယ် ဆိုပြီး တိုင်ကြားခံထားရတယ် ငါတို့ နဲ့ လိုက်ခဲ့ပေးပါ"

All Chapters