အခန်း ၁၄၉
Vol. 10 Ch. 149
အခန်း (၁၄၉) မုန့်ချဲ့ဝေ့ သူ လက်ထပ်ပြီးပြီလား
ချင်းတိုက် ပြောစကားများကို ကြားသော်လည်း မုန့်ချဲ့ဝေ့ မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။
သူမက နောက်ဘက်ခြံဝင်းရှိ မဏ္ဍပ်ငယ်ဆီသို့ လျှောက်သွားကာ ဖြည်းညင်းစွာ ထိုင်ချလိုက်ပြီးနောက် လေသံတိုးတိုးဖြင့် မေးလိုက်သည်။
"ရလဒ်ကကော"
ချင်းတိုက်က သခင်မလေးအတွက် လက်ဖက်ရည် လာငဲ့ပေးရင်း ခေါင်းအနည်းငယ် ခါယမ်းကာ ပြောလိုက်သည်။
"ဘာမှမတွေ့ရဘူး သခင်မလေး ပုံမှန်ဆိုရင်တော့ ဒီပစ္စည်းက အမှားအယွင်းမရှိနိုင်ဘူး ဒါပေမဲ့ အချိန်တွေကြာလာပြီး ခေတ်တွေလည်း ပြောင်းလဲသွားပြီဆိုတော့ အမှားအယွင်းလေးတွေတော့ ရှိနိုင်လောက်ပါရဲ့"
"လွန်ခဲ့တဲ့နှစ်သုံးရာတုန်းကဆိုရင် ကျင့်ကြံခြင်းစနစ်ကြီး တစ်ခုလုံး တိုက်ရိုက်ပြောင်းလဲသွားမယ်လို့ ဘယ်သူက သိနိုင်မှာလဲ"
"ညဘက်မအိပ်ဘဲ နေခြင်းကအစ သက်ရောက်မှုရှိသည်လေ"
"ဒါကြောင့် အဲဒီပါရမီရှင်က အကြာကြီး စဉ်းစားပြီးနောက်မှာ နောက်ထပ် နှစ်ကြိမ်လောက် ထပ်စမ်းသပ်သင့်ကြောင်း တွေးခဲ့သတဲ့"
"လူတစ်ယောက်ကို သုံးကြိမ်လောက် စမ်းသပ်မှ သေချာနိုင်မယ်လေ"
"ဒါပေမဲ့ လျှို့ဝှက်ရတနာက နှစ်နှစ်နေမှ တစ်ကြိမ်ပဲ စမ်းသပ်လို့ရသည်မို့ တစ်ကြိမ်တည်းနဲ့ အောင်မြင်သွားအောင်ဆိုပြီး"
"သူက နောက်ထပ် လျှို့ဝှက်ရတနာ တစ်ခု ထပ်တောင်းဆိုချင်ခဲ့သေးတာ"
"နှမြောစရာကောင်းစွာနဲ့ပဲ ငြင်းပယ်ခံလိုက်ရပြီလေ"
"ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားကို ပြန်လည်ကြိုဆိုရမှာ မဟုတ်ဘူးလား ဘာလို့ ငြင်းပယ်လိုက်ရသလဲ"
မုန့်ချဲ့ဝေ့က မေးလိုက်ရင်း လက်ဖက်ရည်ပန်းကန်လုံးကို မြှောက်ကိုင်လိုက်ရာ လက်ဖက်ရည်နီဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အောင့်အည်းကာ မြည်းစမ်းကြည့်လိုက်သည်။
သို့သော်လည်း မကြာမီမှာပင် ပြန်ချထားလိုက်လေသည်။
ရေသောက်ရသည်လောက်ပင် အရသာမရှိပေ။
"လျှို့ဝှက်ရတနာဆိုသည်က မိသားစုရဲ့ အရင်းအမြစ်တွေနဲ့ သက်ဆိုင်နေသည်လေ အခု အပြင်ထုတ်သွားတဲ့ ပစ္စည်းတွေက အတော်များနေပြီ နောက်ထပ် နည်းနည်းလောက် ထပ်များသွားရင် အင်မော်တယ်ဂိုဏ်းက သတိထားမိသွားလိမ့်မယ် အဲဒီအချိန်ကျရင် ပြဿနာတက်လိမ့်မယ်"
ချင်းတိုက်က ရှင်းပြလိုက်သည်။
အဓိကကတော့ အင်မော်တယ်ဂိုဏ်းက သတိထားမိသွားရန် လွယ်ကူလွန်းသောကြောင့် ဖြစ်သည်။
သူတို့တွင် တစ်ခုခု အကြံအစည်ရှိနေသည်ဟု ဂိုဏ်းက ယူဆသွားပါက ပြဿနာ ကြီးသွားပေလိမ့်မည်။
သခင်မလေးမှာလည်း သံသယဝင်ခံနေရဆဲ ဖြစ်သည်။
ဆက်တိုက် လှုပ်ရှားမှုများ လုပ်နေပါက ယောက်ျားဖြစ်သူမှာ ဝူယွင်ဂိုဏ်းတွင် ရှိနေသည်ဟု သူတို့ တွေးထင်သွားနိုင်ပြီး ပို၍ပင် ပြဿနာတက်နိုင်လေသည်။
လက်ရှိအခြေအနေအရ ကြည့်မည်ဆိုလျှင် ယောက်ျားဖြစ်သူမှာ ဝူယွင်ဂိုဏ်းတွင် မရှိသကဲ့သို့ ပင်။
သို့သော်လည်း တကယ်လို့များ ပါရမီရှင်အသစ်က ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားကို တကယ်ကြီး သတိထားမိသွားမည် ဆိုလျှင်ကော
ယောက်ျားဖြစ်သူ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ သတင်းထွက်သွားခြင်းက ကောင်းသည့်ကိစ္စ မဟုတ်ပေ။
ထိုအချိန်ကျမှ သခင်မလေး ဒေါသထွက်စေမည့် ကိစ္စမျိုး သတင်းထွက်လာပါက
လူဘယ်နှယောက်လောက် သေရမည်ကိုပင် မသိနိုင်ပေ။
ထိုအခါကျလျှင် အင်မော်တယ်ဂိုဏ်းနှင့် ရန်သူဖြစ်ရတော့မည်ဖြစ်ရာ ဤသည်မှာ မည်သူမှ မမြင်တွေ့ချင်သော အခြေအနေပင် ဖြစ်သည်။
အင်မော်တယ်ဂိုဏ်းက အခြေအနေအရပ်ရပ်ကို ထောက်ထား၍ သည်းခံပေးခဲ့လျှင်တောင်မှ မိသားစုအတွက်လည်း နေသာထိုင်သာ ရှိမည်မဟုတ်ပေ။
"ဒါပေမဲ့ ဒီကျန်းမန်ဆိုတဲ့လူက တကယ်ကို စိတ်ဝင်စားစရာကောင်းလှပေစွ ညမအိပ်တဲ့ ပါရမီရှင်ဆိုတာက ပါရမီရှင်သက်သက်တင် မကဘဲ လမ်းသစ်ဖောက်ဖို့ ရဲဝံ့တဲ့ ပါရမီရှင်လို့ ပါရမီရှင်အသစ်က ယူဆထားသတဲ့"
"ဒီလိုလူမျိုးသာ အောင်မြင်သွားပြီး ချောချောမွေ့မွေ့ ကြီးထွားလာနိုင်မယ်ဆိုရင် သေချာပေါက် လူပေါင်းများစွာကို ကျော်တက်သွားနိုင်လိမ့်မယ်"
"သူ့စိတ်ဓာတ်ခွန်အားကတင် လူပေါင်းများစွာကို ဖိနှိပ်ထားနိုင်နေပြီ"
"သူ့အနာဂတ်ကို မသိနိုင်ပေမဲ့ ဆွဲဆောင်စည်းရုံးသင့်တယ်လို့ ထင်တဲ့အတွက် အိမ်ပါသမက်အဖြစ် ဝင်ဖို့ ကမ်းလှမ်းခဲ့တာ"
ချင်းတိုက်က ပြောပြလေသည်။
ထိုစကားကို ကြားသောအခါ မုန့်ချဲ့ဝေ့က အနည်းငယ် ပြုံးလိုက်ပြီး မေးလိုက်သည်။
"ပြီးတော့ကော သူ လက်ခံလိုက်ရဲ့လား"
"ငြင်းလိုက်ပြီလေ အဲဒီနောက်မှာ ပါရမီရှင်အသစ်က မိသားစုမှာ သုံးလေ့ရှိတဲ့ မျိုးရိုးနာမည်ကို ပြောင်းပေးပြီးတော့ မိသားစုထဲက လူတစ်ယောက်နဲ့ ပေးစားမယ် ပြီးရင် ကလေးကို သူ့မျိုးရိုးနာမည် ပေးမယ်လို့ ထပ်ပြောခဲ့သေးတယ်ဆိုပဲ"
ချင်းတိုက်က ရှင်းပြလေသည်။
မုန့်ချဲ့ဝေ့က မျက်ခုံးပင့်ကာ ချင်းတိုက်ကို ကြည့်လိုက်ရာ အနည်းငယ် အံ့သြသွားဟန် ရှိသည်။
"ကျွန်မတို့လည်း နည်းနည်းတော့ အံ့သြသွားရပြီ ပါရမီရှင်အသစ်ရဲ့ အဆိုပြုချက်က တကယ်ကို အံ့သြစရာကောင်းပေမဲ့ အငြင်းခံလိုက်ရတုန်းပဲ အကြောင်းရင်းကတော့ သူ လက်ထပ်ပြီးပြီဆိုလို့လေ"
ချင်းတိုက်က နှမြောတသစွာဖြင့် ပြောလိုက်သည်။
"လက်ထပ်ပြီးပြီ"
မုန့်ချဲ့ဝေ့က အကြည့်လွှဲလိုက်ကာ ဆက်မေးလိုက်သည်။
"ကြိုတင်ပြီး စုံစမ်းမထားဘူးလား"
"စုံစမ်းထားတာလည်း သူ့ဇနီးသည်ကို ဘယ်သူမှ မမြင်ဖူးကြဘူး သူ့ကိုမေးကြည့်တော့လည်း လက်ထပ်ပြီးပြီလို့ပဲ ဖြေလေရဲ့ သံယောဇဉ်အကြောင်း မေးကြည့်တော့လည်း နှစ်ဦးနှစ်ဖက် ချစ်ကြိုက်ကြသတဲ့ နွေဦးရေပြင်မှာ သစ်တော်ပန်းလေး ရောင်ပြန်ဟပ်နေသလို တိတ်ဆိတ်ငြိမ်သက်စွာနဲ့ အရာရာကို စိုစွတ်စေသည်ဆိုပဲ"
"ရုပ်ရည်ကို မေးကြည့်တော့လည်း အလှတရားက ပြိုင်ဘက်ကင်းပြီး မိတ်ကပ်မလိမ်းဘဲနဲ့တောင် တောက်ပနေသတဲ့"
"စရိုက်ကို မေးကြည့်တော့လည်း နူးညံ့သိမ်မွေ့ပြီး သာယာတဲ့ နွေဦးလေပြင်းလေးလိုပဲတဲ့"
"အရှည်ကြီးတွေ လျှောက်ပြောနေလိုက်ကြ တစ်ခွန်းမကျန် ချီးမွမ်းခန်းတွေချည်းပဲ"
"ဒီလောကကြီးထဲမှာ ဒီလိုလူမျိုး ဘယ်ရှိပါ့မလဲ ဒါကြောင့် သူ အိမ်ပါသမက်အဖြစ် မဝင်ချင်လို့ ဆင်ခြေပေးခြင်းလို့ ပါရမီရှင်အသစ်က ယူဆထားလေရဲ့"
"ဘာလို့လဲဆိုတော့ သူ့ကို အိမ်ပါသမက်လာလုပ်ဖို့ ကမ်းလှမ်းတဲ့သူတွေ အများကြီးပဲလေ"
"သူက အမြဲတမ်း ဒီဆင်ခြေကိုပဲ သုံးနေကျလေ"
မုန့်ချဲ့ဝေ့က သူမဘာသာ ရေတစ်ခွက် ငဲ့လိုက်ပြီး မည်သည့်အမူအရာ မည်သည့်စကားမှ ထွက်ပေါ်မလာခဲ့ပေ။
သို့သော်လည်း သူမမျက်လုံးထောင့်တွင်တော့ အနည်းငယ် သိချင်စိတ်နှင့် စူးစမ်းချင်စိတ်များ ကိန်းအောင်းနေလေသည်။
ထိုချီးမွမ်းခန်း အပြည့်အစုံမှာ မည်သို့ဖြစ်မည်ကို သူမ သိချင်နေခြင်းလည်း ဖြစ်နိုင်ပေသည်။
"သခင်မလေး တကယ်လို့ ပါရမီရှင်အသစ်က ရှာတွေ့သွားရင် ကျွန်မတို့ ဘာလုပ်သင့်သလဲ"
ချင်းတိုက်က မေးလိုက်သည်။
မုန့်ချဲ့ဝေ့က ချင်းတိုက်ကို ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောပေ။
နောက်ဆုံးတွင်တော့ သူမဘာသာသာ ရေသောက်နေလိုက်လေသည်။
ချင်းတိုက်ကလည်း လောလောဆယ်တော့ ပြဿနာမရှိနိုင်ဟု တွေးလိုက်သည်။
အရင်ဆုံး ရှာကြည့်၍ ရသေးသည်။
သို့သော်လည်း ရှာတွေ့ထားသော ပါရမီရှင်များကိုလည်း သတိထားစောင့်ကြည့်ရန် လိုအပ်ပေသည်။
တကယ်လို့များ ယောက်ျား ဖြစ်နေခဲ့လျှင်ကော
ထိုကျန်းမန်ကိုလည်း ပေါ့ပေါ့ဆဆ ချန်ထားခဲ့၍ မရပေ။
တကယ်လို့များ သူ့ကိုယ်ပေါ်တွင် သခင်မလေး ချန်ထားရစ်ခဲ့သော အထူးနည်းလမ်းတစ်ခုခု ရှိနေခဲ့လျှင်ကော……
ထို့နောက် တစ်ကြိမ်လောက် စစ်ဆေးခံလိုက်ရုံနှင့် လုံးဝလုံခြုံသွားပြီဟု ထင်သွားခြင်းလည်း ဖြစ်နိုင်သည်။
ထိုကဲ့သို့ အခြေအနေမျိုး မရှိသည်တော့ မဟုတ်ပေ။
အပြင်ဘက်မှ လူများကလည်း ပါရမီရှင်အသစ်ကို နောက်တစ်ခေါက် ပြန်လှည့်လာရန် အားပေးနေကြသည်။
တကယ်လို့များပေါ့……
——
ကျန်းမန်သည် ခြံဝင်းငယ်သို့ မသွားမီ လက်နက်ဖန်တီးရေး ခြံဝင်းသို့ အရင်ဆုံး သွားခဲ့လေသည် အဘယ်ကြောင့်ဆိုသော် သုံးလကြာ သွားရမည်ဖြစ်၍ ဆေးလုံးများစွာ လိုအပ်သောကြောင့် ဖြစ်သည်။
ဆရာဖြစ်သူကို သွားရှာခြင်းမှာ လျှော့စျေး ကန့်သတ်ချက်ကိစ္စကို သေချာအောင် သွားလုပ်ခြင်း သက်သက်သာ ဖြစ်သည်။
တကယ်လို့များ နောက်မှ စကားကို မသိချင်ယောင်ဆောင်နေပါက မကောင်းပေ။
သို့သော်လည်း သူက နှစ်ပတ်လည်အကဲဖြတ်မှုတွင် ပထမရထားသည်ဖြစ်ရာ ဆရာဖြစ်သူလည်း မျက်နှာပန်းပွင့်နေလောက်ပြီ ဖြစ်သည်။
ပျော်ရွှင်ပြီး ဆေးလုံးအချို့ လက်ဆောင်ပေးလာလျှင်လည်း ယုတ္တိရှိသည်ဟု ဆိုရမည်သာ ဖြစ်သည်။
ရုတ်တရက်ကြီး ဖြစ်မသွားစေရန် ကျန်းမန်က ဝိညာဉ်ကျောက်တုံး တစ်ရာ အကုန်အကျခံကာ အရက်ကောင်းတစ်ပုလင်း ဝယ်သွားခဲ့သည်။
အရက်နံ့ကို ရှူရှိုက်လိုက်ပြီးနောက် ဟယ်ဟွိုင်အန်းက သက်ပြင်းတစ်ချက် ချလိုက်လေသည်။
"စျေးအရမ်းကြီးမယ် ထင်နေမိသား"
"ဆရာ တပည့်က အကဲဖြတ်စစ်ဆေးမှုမှာ ပထမရခဲ့ပြီဆိုတော့ ဆရာ့အတွက် မျက်နှာပျက်စရာ မဖြစ်လောက်ဘူးမလား"
ကျန်းမန်က မေးလိုက်သည်။
အရက်တစ်ငုံ သောက်လိုက်မိသော ဟယ်ဟွိုင်အန်းမှာ နောင်တရသွားလေသည်။
"ဝိညာဉ်ကျောက်တုံး လာတောင်းပြန်ပြီလား သတ်မှတ်ထားတဲ့ ဆေးလုံးအရေအတွက်က မင်းအတွက် မလုံလောက်သေးဘူးနဲ့ တူပါရဲ့"
"အားလုံးက ဆရာ့အတွက် မျက်နှာပန်းပွင့်အောင် လုပ်ပေးခြင်းပါ"
ကျန်းမန်က ပြန်ပြောလိုက်သည်။
"မင်းက ခြံဝင်းသုံးခုပေါင်း ပထမတောင် ရနေပြီကို ဘယ်လိုများ မျက်နှာပန်းပွင့်အောင် ထပ်လုပ်ပေးဦးမှာလဲ"
ဟယ်ဟွိုင်အန်းက သံသယဖြင့် မေးလိုက်သည်။
"ပြင်ပဂိုဏ်းမှာ ပထမရအောင် ထပ်ယူလို့ရသေးတယ်လေ"
ကျန်းမန်က ဖြေလိုက်သည်။
ထိုစကားကို ကြားသောအခါ ဟယ်ဟွိုင်အန်းက သက်ပြင်းချကာ ပြောလိုက်သည်။
"ရည်မှန်းချက်ကတော့ ကြီးမားသားပဲ ရွေးချယ်မခံရခြင်းရဲ့ ဒုက္ခမျိုး တစ်ခါမှ မကြုံဖူးလို့ ဒီလိုစကားမျိုး ပြောထွက်နေတာ"
"ဒါမှမဟုတ် မင်းက ပထမခြံဝင်းငယ်ကို ဝင်ပြီးတော့ ပထမနေရာကို ယူချင်နေတာလား"
ကျန်းမန်က ထိုသူများနှင့် တစ်ခါမှ လက်ရည်မယှဉ်ဖူးသဖြင့် သူတို့ကို ဘယ်အချိန်လောက်မှ ကျော်တက်နိုင်မည်ကို အသေအချာ မသိပေ။
သို့သော်လည်း နောက်အကျဆုံးမှာ ဆဋ္ဌမမြောက် ခြံဝင်းငယ်ရဲ့ နှစ်ပတ်လည် အကဲဖြတ်မှုပင် ဖြစ်မည်ဖြစ်ပြီး သတ္တမမြောက် ခြံဝင်းငယ်ရဲ့ နှစ်ပတ်လည် အကဲဖြတ်မှုတွင် လူတိုင်းကို အနိုင်ယူနိုင်ပါက အကောင်းဆုံးပင် ဖြစ်သည်။
သို့သော်လည်း သူတို့ရဲ့ ကျင့်ကြံသည့်အချိန်က အရမ်းရှည်ကြာလွန်းနေသဖြင့် အမီလိုက်ရန် အချိန်အနည်းငယ်တော့ လိုအပ်ပေသည်။
အလွန်မြန်ဆန်လိမ့်မည်ဟု သိထားသော်လည်း ထိုသူများမှာ ပါရမီလည်းပါသလို ဝိညာဉ်ကျောက်တုံးများလည်း ရှိကြသဖြင့် အထင်သေး၍တော့ မရပေ။
ကျန်းမန် စကားမပြောရသေးမီမှာပင် ဟယ်ဟွိုင်အန်းက ပြောလိုက်လေသည်။
"စိတ်တည်ငြိမ်ဆေးလုံး ဆယ်လုံး ယူသွားလိုက် ဆရာက မင်းကို စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အားပေးလိုက်မယ်"
စိတ်တည်ငြိမ်ဆေးလုံးဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို မြှင့်တင်ရန် အသုံးပြုခြင်း ဖြစ်သည်။
ဤစိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးမှုကပင် လုံလောက်ပြီဟု ကျန်းမန် တွေးလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် ဆရာ မကြာခင်မှာ ဆရာက ကျွန်တော့်ကို တပည့်အဖြစ် လက်ခံလိုက်မိလို့ ဝမ်းသာဂုဏ်ယူရပါလိမ့်မယ်"
ကျန်းမန်က ပြောလိုက်သည်။
စကားပြောဆိုပုံက အလွန်ကြီးကျယ်နေသော်လည်း ဟယ်ဟွိုင်အန်းက ဂရုမစိုက်ပေ။
ကျန်းမန်က ခြံဝင်းသုံးခုပေါင်းတွင် ပထမရထားသည်မှာ မှန်သော်လည်း ပါရမီရှင်များ မရှိ၍ အခွင့်ကောင်းယူသွားခြင်း ဖြစ်သည်ဟု ထွက်ပြောမည့်သူများ အမြဲရှိနေမည်သာ ဖြစ်သည်။
သို့သော်လည်း အခွင့်ကောင်းဆိုသည်မှာ အခွင့်ကောင်းပင် ဖြစ်သည်။
ယခုအချိန်တွင် မော့ကျိုက်နျန်မှာ ဆရာတစ်ယောက်ဖြစ်သော်လည်း သူ့တပည့်ကို ဆေးဖော်စပ်ခြင်း မသင်ပေးနိုင်ဟုသာ ပြောနိုင်မည်ဖြစ်ပြီး တပည့်ဖြစ်သူ ညံ့သည်ဟု ပြောနိုင်မည်မဟုတ်ပေ။
သို့သော်လည်း တစ်ဖက်လူရဲ့ အမြင်တွင် ယခုလက်ရှိ ကျန်းမန်မှာ ကံကောင်းသွား၍ နာမည်အနည်းငယ် ရသွားခြင်းသာ ဖြစ်လေသည်။
နောက်နှစ် လေး ငါး ခြောက် ခြံဝင်းငယ်များတွင် အရှုံးပေါ်သောအခါမှ ကောင်းကင်အထက်တွင် ကောင်းကင်ရှိသေးကြောင်းကို နားလည်သွားပေလိမ့်မည်။
အရှုံးပေါ်မည်လား မပေါ်ဘူးလား ဆိုသည်ကို ဟယ်ဟွိုင်အန်းက ဂရုမစိုက်ပေ။
မည်သို့ပင်ဆိုစေကာမူ သူ ခါးဆန့်နိုင်သွားပြီ ဖြစ်ရာ လုံလောက်နေပြီ ဖြစ်သည်။
အခြားကိစ္စများကို သူမတွေးချင်တော့ပေ။
ပြင်ပဂိုဏ်းတွင် ပထမရမည်ဟူသော ကိစ္စများမှာလည်း…….လူငယ်များသာ တွေးတတ်သော ကိစ္စမျိုး ဖြစ်သည်။
လူငယ်ဘဝတွင် မည်သူမဆို ကြီးမားသော ရည်မှန်းချက်များ ရှိတတ်ကြသည်သာ ဖြစ်သည်။
ဤမျှ ဆင်းရဲနေပြီး ပြင်ပဂိုဏ်းတွင် ပထမရချင်သေးသည် ဆိုခြင်းမှာ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေခြင်းသာ ဖြစ်သည်။
ထိုသို့မဟုတ်လျှင် လွန်ခဲ့သောနှစ်များစွာက သူသည် အဘယ်ကြောင့် ဆေးဖော်စပ်ခြင်းကို လုပ်ခဲ့မည်ကို တွေးကြည့်နိုင်သည်။
"လူငယ်ပီပီပါပဲ"
ဟယ်ဟွိုင်အန်းက သက်ပြင်းချရင်း ပြောလိုက်လေသည်။
"ငါ့ဆီမှာ စောစောစီးစီး လာပြီး ဆေးဖော်စပ်မယ်ဆိုရင် လမ်းလွဲတာနည်းနည်း သက်သာဦးမှာ"
"နှမြောစရာပဲ လူငယ်တွေက ခေါင်းမာတတ်ကြလွန်းလှချည်ရဲ့"
သူက အရက်သောက်ရင်း အများကြီး ဆက်မတွေးတော့ပေ။
ယခုအချိန် အပြင်ထွက်လျှင် ဆေးဖော်စပ်ရန် စိတ်မပါဘူးဟု အပြောခံရမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
အခြားသူများကိုပင် စကားတစ်ခွန်းနှစ်ခွန်းလောက် ပြန်ပြောနိုင်နေပြီ ဖြစ်သည်။
နေ့ရက်များက မျှော်လင့်ချက် ရှိလာပြီဟု ဆိုရပေမည်။
ကျန်းမန်သည် ဆရာဖြစ်သူရဲ့ နေရာမှ ထွက်ခွာလာပြီးနောက် ဆေးလုံးများ သွားဝယ်လေသည်။
သုံးလတာကာလအတွင်း စိတ်ပိုင်းဆိုင်ရာကို အဓိကထား ကျင့်ကြံမည် ဖြစ်သည်။
လေ့ကျင့်မှုများကြောင့် တစ်ရက်လျှင် ဆေးလုံးတစ်လုံးနှုန်း တွက်မည်ဆိုလျှင်တောင်မှ အလုံးကိုးဆယ် လိုအပ်မည် ဖြစ်သည်။
ဆရာဖြစ်သူက ဆယ်လုံးပေးလိုက်သဖြင့် နောက်ထပ် အလုံးရှစ်ဆယ် လိုအပ်သေးသည်။
တစ်လုံးလျှင် ဝိညာဉ်ကျောက်တုံး ခြောက်ရာ ဖြစ်သည်။
ဆယ်ရာခိုင်နှုန်း လျှော့ပေးမည်ဆိုလျှင် လေးသောင်းသုံးထောင် ကျသင့်မည် ဖြစ်သည်။
ထို့နောက် ခွန်အားဖြည့် ဆေးလုံးများ ဖြစ်ကာ အနည်းငယ် ကျင့်ကြံရင်း ဗိုက်ဆာသော ပြဿနာကိုပါ ဖြေရှင်းနိုင်ရန် အလုံးသုံးဆယ် ယူရမည် ဖြစ်သည်။
ထို့အတွက်က တစ်သောင်းခြောက်ထောင် ကျသင့်မည် ဖြစ်သည်။
ကျန်းမန် တွက်ကြည့်လိုက်ရာ ချက်ချင်းပင် ခြောက်သောင်း လျော့သွားလေသည်။
ငါးသောင်းသာ ကျန်တော့သည်။
ဤသည်မှာ မီးဓာတ်ဆေးလုံး မဝယ်ရသေးခြင်း ဖြစ်သည်။
မမျှော်လင့်ထားသည်များ ဖြစ်လာပါက အသုံးပြုနိုင်ရန် ဆယ်လုံး ယူရမည် ဖြစ်သည်။
ခုနစ်ထောင့်နှစ်ရာ ကျသင့်မည် ဖြစ်သည်။
လေးသောင်းနှစ်ထောင်သာ ကျန်တော့သည်။
ကျင့်ကြံရန်အပြင် ဒဏ်ရာကုသရန် ဆေးလုံးများနှင့် အဆောင်လက်ဖွဲ့များကိုလည်း အနည်းငယ် ပြင်ဆင်ထားရဦးမည် ဖြစ်သည်။
အားလုံးက ပေါ့ပေါ့ပါးပါး ပစ္စည်းများသာ ဖြစ်သည်။
ဝယ်ယူပြီးနောက် နောက်ဆုံးတွင် ဝိညာဉ်ကျောက်တုံး သုံးသောင်းရှစ်ထောင် ကျန်ရှိနေသေးသည်။
မနည်းတော့ မနည်းသေးပေ။
ထို့နောက် ကျန်းမန်သည် သတ္တမမြောက် ခြံဝင်းငယ်သို့ သွားရောက်ကာ အခြားသူများနှင့် သွားရောက် ပူးပေါင်းလိုက်လေသည်။
လူတိုင်းက ပစ္စည်းအတော်များများ ပြင်ဆင်ထားကြသည်။
အများစုမှာ ကျင့်ကြံရန် အသုံးပြုသော ပစ္စည်းများဖြစ်ပြီး စားစရာများကိုတော့ သိပ်မတွေ့ရဘဲ ခွန်အားဖြည့် ဆေးလုံး သို့မဟုတ် သွေးကြောအင်အား ဆေးလုံးများကိုသာ အားကိုးကြမည်ဟု ထင်ရသည်။
အစ်ကိုကျီး ရောက်လာသောအခါ လူတိုင်း အသင့်ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ပြောလိုက်လေသည်။
"သွားကြစို့ မြန်မြန်ဝင်ကြစို့ ဒါမှမဟုတ်ရင် ပိတ်သွားလိမ့်မယ်"
"မှတ်ထားကြ ဝင်သွားပြီးရင် လျှောက်မပြေးကြနဲ့ အထဲမှာက လျှို့ဝှက်နယ်မြေလို့ ပြောပေမဲ့ တကယ်တမ်းတော့ မဟုတ်ဘူး ဘာပဲဖြစ်ဖြစ် သတိထားကြဖို့ လိုလိမ့်မယ်"
"စိမ်းသက်နေတဲ့ ပတ်ဝန်းကျင်မှာ အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားပြီး လုံခြုံရေးကို သေချာအောင် လုပ်ဖို့ပဲ"
လူတိုင်းက နားလည်ကြောင်း ပြသလိုက်ကြသည်။
ထို့နောက် ခြံဝင်းငယ်မှ လူတိုင်းသည် သံဖြင့်ပြုလုပ်ထားသော အမှတ်အသားပြားများကို ရရှိသွားကြသည်။
ထို့နောက် ကြိုတင်ပြင်ဆင်ထားသော ဝင်္ကပါကြီးထဲသို့ ဝင်ရောက်သွားကြလေသည်။
ကျွန်းစုများ အလယ်တွင်…….
သစ်ပင် ပန်းမန်များမှာ အလွန်မြင့်မားကြပြီး အစွန်အဖျား နေရာများတွင် အဆောက်အအုံ အချို့ရှိကာ တစ်ခါတစ်ရံတွင် ဓားပျံစီး၍ ဝင်ထွက်နေသူများကို တွေ့ရသည်။
ဤအချိန်တွင် ဗဟိုနေရာရှိ ကျွန်းပေါ်သို့ အလင်းတန်းများ တစ်ခုပြီးတစ်ခု ကျဆင်းလာလေသည်။
မြက်ခင်းပြင်ပေါ်တွင် ကျန်းမန်က ပတ်ဝန်းကျင်ကို ကြည့်ကာ အနည်းငယ် အံ့သြသွားလေသည်။
ဤနေရာရဲ့ ပတ်ဝန်းကျင်မှာ ထူးထူးခြားခြားကို ကောင်းမွန်နေသည်။
ရေတွင်းဟောင်းရှိ ဆဋ္ဌမမြောက် လျှို့ဝှက်နယ်မြေထက် ဘယ်လောက်တောင် ပိုကောင်းနေမှန်း မသိပေ။
အခြားသူများကလည်း ပတ်ဝန်းကျင်ကို အံ့သြစွာ ကြည့်နေကြသည်။
အနည်းငယ်တော့ မျှော်လင့်မထားပေ သစ်ပင်ပန်းမန်များ ထူထပ်ကာ နေရောင်ခြည်ကလည်း တောက်ပနေသည်။
ကြည့်ရသည်မှာ နေရာကောင်းတစ်ခု ဖြစ်ပုံရသည်။
သို့သော်လည်း ဝင်္ကပါရဲ့ အလင်းရောင် ပျောက်ကွယ်သွားသည်နှင့်အမျှ ကျန်းမန်ရဲ့ မျက်မှောင်များ ကြုတ်သွားလေသည်။
"ဝိညာဉ်စွမ်းအင်တွေ နည်းသွားသလား"
ယခင်နေရာများမှာဆိုလျှင် ရေတွင်းဟောင်းရှိ ဆဋ္ဌမမြောက် လျှို့ဝှက်နယ်မြေတွင်ပင် ဝိညာဉ်စွမ်းအင်များစွာ ရှိနေသေးသည်။
ဤနေရာတွင်မူ ယွင်ချန်ဌာန တည်ရှိရာ နေရာကဲ့သို့ပင် ဝိညာဉ်စွမ်းအင်များ အလွန်နည်းပါးနေသည်။
ထို့ပြင် ဝင်္ကပါရဲ့ အလင်းရောင် လုံးဝ ပျောက်ကွယ်သွားသည်နှင့်အမျှ နည်းပါးလှသော ဝိညာဉ်စွမ်းအင်များပင် ပျောက်ကွယ်သွားလေသည်။
ဤနေရာက နေရာကောင်းတစ်ခု လုံးဝ မဟုတ်ပေ။
"ခံစားမိကြရဲ့လား"
ထိုအချိန်တွင် လူအုပ်ရဲ့ အရှေ့ဆုံး၌ ရပ်နေသော အစ်ကိုကျီးက ပြုံးရင်း ပြောလိုက်လေသည်။
"ဒါက အတွင်းဂိုဏ်းက ပြိုင်ပွဲလုပ်ဖို့ လာတဲ့နေရာလေ သေချာပေါက် နေရာကောင်းတော့ မဟုတ်ဘူးပေါ့"
"မင်းတို့ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေကို သေချာ ထိန်းချုပ်ထားကြ သုံးလဆိုတဲ့ အချိန်အတွင်းမှာ မင်းတို့လည်း အရေးကြီးတဲ့ အချိန်ကျမှ ဝိညာဉ်စွမ်းအင် မရှိဖြစ်သွားတာမျိုး မဖြစ်ချင်ကြဘူးမလား"
ကျန်းမန်ကတော့ သိပ်ပြီး စိတ်မပူလှပေ ရှေးခေတ် ကျင့်ကြံသူများသာ ဤကဲ့သို့ အခြေအနေမျိုးနှင့် ရင်ဆိုင်ရပါက စိတ်ပူရန် လိုအပ်မည် ဖြစ်သည်။
ယခုအချိန်တွင် သူတို့က ခန္ဓာကိုယ် စိတ်ပိုင်းဆိုင်ရာနှင့် ကျင့်ကြံမှုအဆင့်များကိုပါ ကျင့်ကြံကြခြင်း ဖြစ်သည်။
ဝိညာဉ်စွမ်းအင်ဆိုသည်မှာ ပြောင်းလဲပစ်၍ ရနိုင်ပြီး ဗိုက်ဝနေပါက ဝိညာဉ်စွမ်းအင်အဖြစ် ဖြည်းညင်းစွာ ပြောင်းလဲနိုင်လေသည်။
ထိုသို့မဟုတ်ပါက ရွာများတွင် အဘယ်ကြောင့် အစားအစာများ စိုက်ပျိုးနိုင်မည်ကို တွေးကြည့်နိုင်သည်။
ထို့ပြင် လူတိုင်းက အဘယ်ကြောင့် အင်မော်တယ် လမ်းစဉ်ကို ကျင့်ကြံရန် လိုအပ်မည်ကိုလည်း တွေးကြည့်နိုင်သည်။
အချုပ်အားဖြင့်ဆိုရသော် ဗိုက်ဝအောင် စားနိုင်လျှင် ရပြီ ဖြစ်သည်။
"နောက်ထပ် သတိပေးစရာ တစ်ခုရှိသေးတယ် ဒီမှာရှိတဲ့ စားစရာအားလုံးက အဆိပ်ရှိတယ် စားစရာရှာဖို့ဆိုတာက မလွယ်ဘူးနော်"
အစ်ကိုကျီးက ပြုံးရင်း ပြောလိုက်ပြန်သည်။
လူတိုင်း မှင်တက်သွားကြလေသည်။
ကျန်းမန်ကပင် အစ်ကိုကျီးသည် လူများကို လာပြီး နှိပ်စက်နေခြင်းဖြစ်မည်ဟု တွေးမိသွားသည်။
ယန်ရီချိုးကလည်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည် တကယ်ကို သုံးလတာ နှိပ်စက်မှုကို လာခံရခြင်းပင်။
ဤနေရာက သိပ်ပြီး အေးချမ်းလှမည် မဟုတ်ပေ။
သူတို့ အနားယူ ပြင်ဆင်ပြီးနောက် ပတ်ဝန်းကျင်တွင် အလင်းတန်းများ ထပ်မံ ထွက်ပေါ်လာပြန်သည်။
ထို့နောက် ဓားပျံစီးထားသော သူများ လေထဲတွင် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။
သူတို့ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ကြသည်။
ကျန်းမန်တို့ကို တွေ့လိုက်ရသောအခါ အနည်းငယ် အံ့သြသွားကြလေသည်။
အမျိုးသားတစ်ဦးက ခေါင်းငုံ့ကြည့်ကာ အံ့သြတကြီးဖြင့် ပြောလိုက်သည်။
"အခြေခံတည်ဆောက်ခြင်း အဆင့်တွေချည်းပဲ ဒီတစ်ခေါက် ပြိုင်ပွဲမှာ ဒီလောက် အားနည်းတဲ့သူတွေလည်း ပါသေးသလား"
ထို့နောက် အမျိုးသမီးတစ်ဦးကလည်း ကျန်းမန်တို့ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။
"ဝူယွင်ဂိုဏ်းမှာ လူမရှိတော့ဘူးလား"
ထို့နောက် သူတို့သည် ဓားပျံစီးကာ ထွက်ခွာသွားကြလေသည်။
လူများအားလုံး ထွက်ခွာသွားမှသာ လူတိုင်း သက်ပြင်းချနိုင်ကြတော့သည်။
တကယ်ကို အားကောင်းလှသော ဖိအားပင် ဖြစ်သည်။
ကျန်းမန်ကိုယ်တိုင်ပင် ထိုသူများ အလွန် အစွမ်းထက်သည်ဟု ခံစားလိုက်ရသည်။
"ဘယ်လိုခံစားရသလဲ"
အစ်ကိုကျီးက ကျန်းမန်အနားသို့ လာကာ မေးလိုက်သည်။
အနည်းငယ် စဉ်းစားပြီးနောက် ကျန်းမန်က ပြန်မေးလိုက်လေသည်။
"သူတို့ဆီမှာ ဘာလို့ ဝိညာဉ်ဓားတွေ ရှိနေကြတာလဲ"
အားလုံးက ချမ်းသာနေကြသည်တော့ မဖြစ်နိုင်ပေ။
သို့မဟုတ် မဖြစ်မနေ ဝယ်ရမည်များဖြစ်နိုင်သည်။
သွားစေ့ကာ အောင့်အည်းလိုက်မည်ဆိုလျှင် သူလည်း ဝယ်နိုင်ပေသည်။
သို့သော်လည်း ဖြုန်းတီးရာကျသည်ဟု ခံစားရသည်။
"ဘာလို့လဲဆိုတော့ ပြင်ပဂိုဏ်းကနေ အတွင်းဂိုဏ်းကို တက်သွားရင် ဂိုဏ်းက သာမန်အကျဆုံး ဝိညာဉ်ဓား တစ်လက် လက်ဆောင်ပေးတတ်လို့လေ"
အစ်ကိုကျီးက ရှင်းပြလိုက်သည်။
ထိုစကားကို ကြားသောအခါ ဂိုဏ်းက အတော်လေး ရက်ရောသည်ဟု ကျန်းမန် ခံစားလိုက်ရသည်။
သို့သော်လည်း သေချာ ပြန်တွေးကြည့်မည်ဆိုလျှင် ရွှေအမြုတေ အဆင့်ရောက်မှသာ ဝိညာဉ်ဓား လက်ဆောင်ပေးခြင်းဖြစ်ရာ ကုန်ကျစရိတ်ကို အတော်လေး ချွေတာရာ ကျနေပေသည်။
"သွားကြစို့ သူတို့က မြေကြီးပေါ်က ငါတို့ကို ဂရုစိုက်မှာ မဟုတ်သလို ငါတို့ကလည်း သူတို့ကို ဂရုစိုက်နေစရာ မလိုပါဘူး"
"သူတို့ရဲ့ ပြိုင်ပွဲနယ်မြေထဲကို မဝင်သရွေ့ သူတို့ရဲ့ တိုက်ခိုက်မှုကို ခံရမှာ မဟုတ်ဘူး"
အစ်ကိုကျီးက ပြုံးရင်း ပြောလိုက်သည်။
ယန်ရီချိုးကလည်း သတိပေးလိုက်လေသည်။
"သူတို့နယ်မြေထဲ မဝင်ရင်တောင်မှ ဒီနေရာက အရမ်းအန္တရာယ်များလှတယ် ပေါ့ပေါ့ဆဆ နေလို့မရဘူးနော်"
အခြားသူများကလည်း ခေါင်းညိတ်လိုက်ကြသည်။
သို့သော်လည်း အချို့သူများက သူတို့သည် အဘယ်ကြောင့် ဓားပျံစီး၍ သွားကြတာလဲ။ ဝိညာဉ်စွမ်းအင် ဖြုန်းတီးရာကျမည်ကို မကြောက်ကြဘူးလားဟု သိချင်နေကြသည်။
"သူတို့ရဲ့ ဝိညာဉ်စွမ်းအင် အလေးချိန်နဲ့ ပမာဏက ငါတို့ထက် အများကြီး ပိုများတယ်လေ"
ကျိုပုဖန်က ဝင်ပြောလိုက်သည်။
လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။
ထိုအချက်ကလည်း မှန်ပေသည်။
ထို့နောက် သူတို့သည် မြက်ခင်းပြင်မှ ထွက်ခွာကာ လမ်းမကြီးပေါ်သို့ လျှောက်သွားကြလေသည်။
မကြာမီမှာပင် စျေးတစ်ခုရှေ့သို့ ရောက်ရှိသွားကြသည်။
"ဒီနေရာက ဂိုဏ်းရဲ့ အခြေစိုက်စခန်းပဲ ငါတို့ ဒီမှာ နေကြရမယ် ပြီးရင် နေ့ဘက်ကျရင် ဗဟိုကျွန်းကနေ ထွက်ခွာပြီး အပြင်ဘက် ကျွန်းစုတွေဆီ သွားရမယ်"
"သတိထားရမယ့် အရာ သုံးမျိုးရှိတယ်"
"ပထမတစ်ခုက ပင်လယ်ပြင်နဲ့ ကျွန်းစုတွေပေါ်က မိစ္ဆာကောင် အမျိုးမျိုးပဲ"
"ဒုတိယတစ်ခုက ဒီမှာ ရုတ်တရက် ပေါ်လာတတ်တဲ့ လူတွေကို သတိထားရမယ် သူတို့နဲ့တွေ့ရင် ဂိုဏ်းရဲ့ အမှတ်အသားပြား ရှိမရှိ အရင်ဆုံး စစ်ဆေးရမယ် ကျွန်းစုတွေရဲ့ အပြင်ဘက်မှာ နေထိုင်တဲ့သူတွေ ရှိတယ် သူတို့က သာမန်လူတွေ မဟုတ်ကြဘူး"
"တတိယတစ်ခုက ဒီနေရာမှာ မိစ္ဆာလမ်းစဉ် လိုက်စားသူတွေရဲ့ အခြေစိုက်စခန်းတွေ ရှိတယ် ဒီနေရာကို လာတိုက်ခိုက်ဖို့ အလားအလာ အရမ်းများတဲ့အတွက် အထူးသတိထားရမယ်"
မိစ္ဆာလမ်းစဉ် လိုက်စားသူတွေပင်…..
ပြင်ပဂိုဏ်းမှ သူတို့သည် ဤကဲ့သို့ အရာများကို တစ်ခါမှ မမြင်ဖူးကြပေ။
ယခုအချိန်မှ လာပြီး အတွေ့အကြုံ ယူရမည်ဆိုလျှင် စောလွန်းနေပြီဟု ဆိုရမည်။
ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်အနေဖြင့် သူရဲ့ အားသာချက်များ ပျောက်ကွယ်သွားပြီဟု ကျန်းမန် ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ လူများအားလုံးက သူထက် ပိုမို အစွမ်းထက်နေပုံ ရသောကြောင့် ဖြစ်သည်။
အစွမ်းထက်သော ရန်သူများကို မိမိကိုယ်ကိုယ် ပြိုင်ဘက်ကင်း ပါရမီရှင်ပါဟု သွားပြောမည်ဆိုလျှင်တော့ ရူးသွပ်ရာ ကျသွားပေလိမ့်မည်။
လုံခြုံရေးကို ဂရုစိုက်ကာ အရင်းအမြစ် အချို့ကို ရယူပြီး မိမိကိုယ်ကိုယ် အမြန်ဆုံး အဆင့်မြှင့်တင်ရန်သာ တတ်နိုင်တော့သည်။
ထို့ပြင် မိစ္ဆာလမ်းစဉ် လိုက်စားသူများ ရှိနေသည်ဆိုခြင်းမှာ ဤနေရာသည် အင်မော်တယ်ဂိုဏ်းရဲ့ အုပ်ချုပ်မှု အောက်တွင် မရှိဟု ဆိုလိုခြင်း ဖြစ်သည်။
ထိုသို့မဟုတ်ပါက တိကျသော အခြေစိုက်စခန်းများ ရှိနေရန် မဖြစ်နိုင်ပေ။
အင်မော်တယ်ဂိုဏ်းရဲ့ အုပ်ချုပ်မှု အောက်တွင် အမှောင်ထဲရှိ အရာအားလုံးသည် ပုန်းအောင်းနေကြရမည် ဖြစ်သည်။
အဝါကြီး ကဲ့သို့ပင် ဖြစ်သည်။
သူ့စွမ်းအားက သာမန်မဟုတ်သော်လည်း မည်သည့်ကိစ္စကို လုပ်လုပ် သတိကြီးကြီးထား၍ လုပ်ဆောင်ရသည်။
ယွင်ချန်ဌာနတွင် ရှိစဉ်က သူ့အတွက် ဇနီးသည် ရှာပေးရန် ရဲဝံ့ခဲ့သော်လည်း ဂိုဏ်းသို့ ရောက်လာသောအခါ မုန့်ချဲ့ဝေ့ရဲ့ တိုက်ခိုက်မှုကိုပင် ပြန်လည် တုံ့ပြန်ရန် မရဲတော့ပေ။
အဘယ်ကြောင့်ဆိုသော် ဂိုဏ်းက သတိထားမိသွားရန် အလွန် လွယ်ကူသောကြောင့် ဖြစ်သည်။
အင်မော်တယ်ဂိုဏ်းနှင့် နီးကပ်လေလေ ဤကဲ့သို့ စုံစမ်းထောက်လှမ်းမှုများက ပိုမို ထက်မြက်လေလေ ပင်။
————
ကျွန်းစုများရဲ့ အပြင်ဘက်…….
သင်္ဘောတစ်စင်းပေါ်တွင် မျက်နှာဖုံးစွပ်ထားသူ နှစ်ဦးက အချင်းချင်း မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုလိုက်ကြသည်။
အရပ်ရှည်ရှည်နှင့် မျက်နှာဖုံးစွပ်ထားသူက စတင် မေးလိုက်လေသည်။
"မင်း အိပ်မက် မက်ခဲ့ရဲ့လား"
ဝဝဖိုင့်ဖိုင့် အမျိုးသားက လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။
"အမိန့်တော် ရလာခဲ့ပြီ တမန်တော်ကို ကယ်ဆယ်ရမယ်တဲ့"
"ဒီတစ်ခေါက် ဝူယွင်ဂိုဏ်းက အခြေခံတည်ဆောက်ခြင်း အဆင့်တွေ တစ်အုပ်ကြီး လာတယ်လို့ ကြားတယ် သူတို့ဆီကနေ တစ်ခုခု ထိုးဖောက်မှု ရနိုင်လောက်ပါရဲ့"
အရပ်ရှည်ရှည် မျက်နှာဖုံးစွပ်ထားသူက ပြောလိုက်သည်။
ဝဝဖိုင့်ဖိုင့် အမျိုးသားက အံ့သြသွားလေသည်။
"အခြေခံတည်ဆောက်ခြင်း ဟုတ်လား အခြေခံတည်ဆောက်ခြင်း အဆင့်တွေ ရှိတဲ့နေရာကို ငါတို့ သဘောကျ ဝင်သွားလို့ မရဘူးလေ လူမိဖို့ အရမ်းလွယ်ကူတယ်ဟ"
အရပ်ရှည်ရှည် မျက်နှာဖုံးစွပ်ထားသူက ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်လေသည်။
"သူတို့က သတ္တမမြောက် ခြံဝင်းငယ်ကလေ အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့် တစ်ယောက်လောက်ဆိုရင် သူတို့ကို နိုင်ပြီ ပိုပြီး သေချာအောင်ဆိုရင် အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်အဆင့် တစ်ယောက် လွှတ်လိုက်လို့ရတယ်"
ဝဝဖိုင့်ဖိုင့် အမျိုးသားက သက်ပြင်းချရင်း ပြောလိုက်သည်။
"မင်းလည်း နားလည်ပါတယ် ငါတို့ရဲ့ အခြေခံတည်ဆောက်ခြင်းနဲ့ ဂိုဏ်းရဲ့ အခြေခံတည်ဆောက်ခြင်းက မတူဘူးလေ သူတို့က ပိုပြီး အစွမ်းထက်ကြတာ"
ဂိုဏ်းက ဤခေတ်ကာလရဲ့ အရင်းအမြစ်များကို သိမ်းပိုက်ထားသည့်အပြင် ကျင့်ကြံရေး နည်းလမ်းများကိုလည်း အဆက်မပြတ် ပြင်ဆင်နေကြသည်။
ရှေးခေတ် နည်းလမ်းများက သူတို့နှင့် မည်သို့ ယှဉ်နိုင်မည်ကို တွေးတောစရာပင် မလိုပေ။
သို့သော်လည်း ရှေးခေတ် ကျင့်ကြံသူများတွင် အားသာချက် တစ်ခုရှိသည်မှာ အခြေခံတည်ဆောက်ခြင်း အဆင့်တွင် နှစ်ပေါင်းများစွာ နေရမည်ဖြစ်ပြီး နည်းလမ်းပေါင်းစုံ ရှိနေခြင်းပင် ဖြစ်သည်။
ဂိုဏ်းမှ အစွမ်းထက်သူများကမူ အများဆုံး ဆယ်နှစ်ဆိုလျှင်ပင် ဤအဆင့်ကို ကျော်ဖြတ်သွားကြပြီ ဖြစ်သည်။
"ကောင်းကင်ဘုံရဲ့ သံသရာလည်နေတဲ့ သဘာဝတရား တာအိုလမ်းစဉ်တွေကို မလိုက်နာဘဲ လမ်းလွဲကို လျှောက်နေကြတာပဲ ဘယ်သူက မိစ္ဆာလမ်းစဉ် လိုက်စားသူဖြစ်မလဲဆိုတာကို မသေချာသေးဘူး"
အရပ်ရှည်ရှည် အမျိုးသားက ဒေါသတကြီးဖြင့် တိုးတိုးလေး ကြိမ်းဝါးလိုက်ပြီးနောက် အနည်းငယ် ရပ်တန့်ကာ ဆက်ပြောလိုက်လေသည်။
"ညကျရင် လူလွှတ်ပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခိုင်းလိုက်မယ် တစ်ခုခုတော့ အောင်မြင်လောက်ပါရဲ့ ညဘက်ဆိုတော့ သူတို့ သေချာပေါက် နားနေကြမှာပဲ"
ဝဝဖိုင့်ဖိုင့် အမျိုးသားက ရုတ်တရက် မေးလိုက်လေသည်။
"အမိန့်တော်ထဲမှာ လူတစ်ယောက် အကြောင်း ပါတာကို ငါမှတ်မိတယ် ယွန်းရှာတောင်ထွတ် သတ္တမမြောက် ခြံဝင်းငယ်မှာလည်း ကိုယ်စားလှယ် တမန်တော် ရှိတယ်တဲ့ ဒီသတ္တမမြောက် ခြံဝင်းငယ်က ယွန်းရှာတောင်ထွတ်ကပဲလား"
အရပ်ရှည်ရှည် အမျိုးသားက မှင်တက်သွားလေသည်။
"ဟုတ်တယ်"
သူတို့နှစ်ဦးစလုံး ဝမ်းသာသွားကြလေသည်။
ကောင်းကင်ဘုံက သူတို့ကို ကူညီလိုက်ခြင်းပင်။