အခန်း ၁၅၁
Vol. 10 Ch. 151
အခန်း ၁၅၁ ရေပြင်ထက်က မျောလာတဲ့ အမျိုးသမီး
နိုဝင်ဘာလ ဆယ့်ငါးရက်
အချိန် နှစ်လခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အရင်ကဆိုလျှင် အချိန်တွေက ကုန်တာ မြန်သော်လည်း ယခုနှစ်လကတော့ ကျန်းမန်တို့အတွက် အဆုံးမရှိသော နှိပ်စက်မှုကြီး ဖြစ်နေခဲ့သည်။
တောင်တက်ရသည်၊ ပင်လယ်ထဲဆင်းရသည်၊ သားရဲအုပ်ကြီးကို တစ်ယောက်တည်း ရင်ဆိုင်ရသည်။
သူတို့အားလုံး ဒါတွေကို ဖြတ်သန်းခဲ့ရသည်။
ယခုအချိန်တွင် လူတိုင်းက ပင်လယ်ထဲရှိ လူစားသော သားရဲအုပ်ကြီးကို ကြည့်ကာ မျက်နှာမကောင်းဖြစ်နေကြသည်။
အဘယ်ကြောင့်ဆိုသော် ယခုလက်တွေ့သင်ခန်းစာက ပင်လယ်ထဲခုန်ဆင်းပြီး မိမိသင်ယူထားသော မှော်ပညာရပ်များကို အသုံးပြုကာ အမွှေးတိုင်တစ်တိုင်စာ အချိန်အတွင်း အသက်ရှင်ကျန်ရစ်အောင် ကြိုးစားရမည် ဖြစ်သောကြောင့်ပင်။
တစ်ဦးချင်းစီ၏ စွမ်းရည်မတူညီသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဆွဲဆောင်မိမည့် သားရဲများကလည်း တူညီမည် မဟုတ်ပေ။
အခက်အခဲ အဆင့်ကို တူညီအောင် ထိန်းထားရန် ဖြစ်သည်။
"အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်ဆိုတော့ ဒါ နည်းနည်းများလွန်းမနေဘူးလား"
ဆရာမယန်က စမ်းသပ်သလို မေးလိုက်သည်။
"ကိစ္စမရှိပါဘူး ဒီသားရဲတွေရဲ့ တိုက်ခိုက်နိုင်စွမ်းက သာမန်ပါပဲ ကာကွယ်ရေးက နည်းနည်းပိုကောင်းရုံပါ သူတို့အတွက် လေ့ကျင့်ဖို့ အတော်ပဲပေါ့"
ဂျီဟောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ဆရာမယန်
"..."
အတွင်းဂိုဏ်းမှ ပါရမီရှင်က သူတို့ကို အပြင်လူအဖြစ် မသတ်မှတ်ထားသည်မှာ သေချာလှသည်။ အတွင်းဂိုဏ်း၏ နည်းလမ်းများဖြင့် ဒီလူများကို လက်တွေ့သင်ကြားပေးနေခြင်း ဖြစ်သည်။
အကျိုးကျေးဇူး အပြည့်အဝ ခံစားရမည်ဟု ထင်ရသော်လည်း အခြားလူများက ဤအကြောင်းအရာကို သိသောအခါ အော်ဟစ်ညည်းတွားကြလေသည်။
ထိုနှစ်လက လူနေသည့် ဘဝမျိုး မဟုတ်ခဲ့ပေ။
လာတုန်းကတော့ အခွင့်အရေးရဖို့ လာသည်ဟု ပြောခဲ့ကြသည်။
ယခုမူ တကယ်ကို ဆင်းရဲဒုက္ခ ရောက်နေကြသည်။
ပို၍ ကြောက်စရာကောင်းသည်ကတော့...
"ကျွန်တော် အရင်စမယ်"
ကျန်းမန်က အရင်ဆုံး ထွက်လာခဲ့သည်။
ထို့နောက်...
"ကျွန်တော် ထပ်လာမယ်"
"ကျွန်တော် ဆက်လုပ်မယ်"
"ကျွန်တော့်ကို နောက်တစ်ကြိမ် ထပ်လုပ်ခွင့်ပေးပါ"
ကျန်းမန်က တစ်ကြိမ်ပြီးတစ်ကြိမ် ဦးဆောင်တိုက်ခိုက်နေသည်ကို ကြည့်ပြီး အခြားလူများမှာ မတ်တပ်ရပ်ရမလို၊ ထိုင်ရမလို ဖြစ်နေကြသည်။
ဘယ်လိုနားရမလဲ….
နားလို့မရဘူးလေ……
အမွှေးတိုင်တစ်တိုင်စာ တောင့်ခံနိုင်ရင် ရပြီလား။
မဖြစ်နိုင်ဘူး၊ လေ့ကျင့်မှုမှာ အမြဲပါဝင်နေရမယ်။
ပြီးရင် ဘာလုပ်ရမလဲ……
ကျင့်ကြံရမယ်၊ အနားမယူဘဲ ကျင့်ကြံရမယ်။
အချိန်တန်လျှင် ဆေးလုံးစားကာ ဆာလောင်မှုကို ဖြေဖျောက်ပြီး ဝိညာဉ်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရမည်။ ဝိညာဉ်စွမ်းအင်ကို ဆက်လက်ထိန်းချုပ်ပြီး လက်တွေ့တိုက်ပွဲတွင် ပါဝင်ရမည်။
ဒဏ်ရာရရင်ရော…..
တောင့်ခံထားရမယ်၊ အနားယူတဲ့အချိန်ရောက်တဲ့အထိ တောင့်ခံထားရမယ်။ အဲဒီအခါကျမှ ဆရာဂျီက ကုသပေးလိမ့်မယ်။
ဒီနှစ်လအတွင်း ဆရာဂျီက လူလိုမဆက်ဆံခဲ့သော်လည်း ကျန်းမန်က ပို၍ပင် ဖိအားပေးနေခဲ့သည်။
သူ မရပ်ဘဲ ဘယ်သူက ရပ်ရဲမှာလဲ…..
သူ မနားဘဲ ဘယ်သူက နားရဲမှာလဲ….
ကျိုပုဖန်က ဆေးလုံးများစွာ ယူဆောင်လာခဲ့ပြီး ရောင်းသူကရောင်း၊ စားသူကစား လုပ်နေကြသည်။
မိမိကိုယ်ကို သာမန် ကျောင်းသားတစ်ဦးအဖြစ်သာ ခံစားရပြီး ပါရမီရှင်နှင့်အတူ ဒုက္ခခံနေရသလို ခံစားနေရသည်။
ကျန်းမန်၏ တောက်ပမှုအောက်တွင် သူကိုယ်တိုင် အဆင့်ငါးဆယ်ရှိသူနှင့် ဘာမှမကွာခြားဘူးဟု ခံစားနေရသည်။
ကျန်းမန် တစ်ယောက်တည်းသာ အမြဲတမ်း မတ်တပ်ရပ်နေပြီး တစ်ကိုယ်လုံး ဒဏ်ရာတွေ ရနေသည့်တိုင် မယိုင်လဲဘဲ ရပ်တည်နေခဲ့သည်။
မျက်လုံးထဲမှ တောက်ပသော အလင်းရောင်က ဘယ်သောအခါမှ ပျောက်ကွယ်မသွားခဲ့ပေ။
ကျန်းမန်၏ အလင်းရောင် အပြည့်ရှိသော မျက်လုံးများကို မြင်တိုင်း အခြားလူများလည်း မဖြစ်မနေ အတူတူ ဒုက္ခခံကြရသည်။
သူ၏မျက်လုံးထဲတွင် မြင်နေရသည်က ကြီးမြတ်သော လမ်းမကြီးတစ်ခု ဖြစ်နေသကဲ့သို့ပင်။
သူတို့ကို ဘယ်လိုလုပ် အနားယူခွင့်ပေးမှာလဲ။
ယခုအချိန်တွင် ကျန်းမန်၏ တစ်ကိုယ်လုံး စိုရွှဲနေပြီ ဖြစ်သည်။
ပြောရလျှင် သူလည်း ထိုသားရဲများကို မနိုင်ခဲ့ပေ။
အရေထူလွန်းလှသည်။
လက်ရှိသင်ယူထားသည်များဖြင့် ၎င်းတို့၏ ကာကွယ်ရေးကို ဖောက်ထွင်း၍ မရနိုင်သေးပေ။
ခရမ်းရောင်တိမ်တိုက် အလင်းတန်း အဆင့်မြင့်လာလျှင် ဖျက်ဆီးနိုင်မည်လား မသိချေ။
ဤနှစ်လအတွင်း သူ၏ ခန္ဓာကိုယ်စွမ်းအားများ အလွန်ကောင်းမွန်စွာ စီစဉ်ခံလိုက်ရသည်ဟု တိုက်ရိုက် ခံစားချက်တစ်ခု ရရှိခဲ့သည်။ အရင်က သူသည် ကြီးမားသော ဝိညာဉ်စွမ်းအင်ရှိသည့် ဖောင်းပွနေသော ဖက်တီးတစ်ယောက်ဖြစ်ခဲ့လျှင် ယခုအခါ ကြီးမားသော ဝိညာဉ်စွမ်းအင်ရှိသည့် ကြံ့ခိုင်သော ငပိန်တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။
တစ်ကိုယ်လုံး ပေါက်ကွဲအားတွေ ပြည့်နှက်နေသည်။
မှော်ပညာရပ်များ အသုံးပြုမှုနှင့် ပေါက်ကွဲအားက ယခင်ကနှင့် လုံးဝမတူတော့ပေ။
အရင်က သူ့ကိုယ်သူ အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်။
ထို့အပြင် နှစ်လတာ အချိန်အတွင်း သူ၏ လက်တွေ့တိုက်ပွဲ စွမ်းရည်မှာ များစွာ မတိုးတက်ခဲ့သော်လည်း စိတ်ပိုင်းဆိုင်ရာ သန့်စင်မှုကတော့ အလွန် သိမ်မွေ့လာခဲ့ပြီ ဖြစ်သည်။
ခန္ဓာကိုယ် စွမ်းအားကလည်း တဖြည်းဖြည်း လိုက်ဖက်လာသည်။
စိတ်ကူးထဲက တုံ့ပြန်မှုများကို ခန္ဓာကိုယ်က အနိုင်နိုင် လိုက်လုပ်နိုင်အောင် ပြုလုပ်ပေးနိုင်ခဲ့သည်။
ယခုအခါ သူသည် အခြေခံတည်ဆောက်ခြင်း နောက်ပိုင်းအဆင့်၊ ခန္ဓာကိုယ်အဆင့် ခြောက်၊ စိတ်အာရုံအဆင့် ခုနစ် သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ခန္ဓာကိုယ်နှင့် စိတ်အာရုံ နှစ်ခုစလုံး တိုးတက်လာခဲ့သည်။
သို့သော် ဆေးလုံးများလည်း ကုန်သွားပြီ ဖြစ်ပြီး မီးဓာတ်ဆေးလုံး ဆယ်လုံးသာ ကျန်တော့သည်။
ထမင်းစားရန်ပင် အခြားသူများထံမှ သွေးကြောအင်အား ဆေးလုံးကို ဝယ်နေရသည်။
ဂျီဟောက်ကတော့ တကယ့် ပါရမီရှင်ပင် ဖြစ်သည်။
ထို့အပြင် ဘာမှ လျှို့ဝှက်မထားခဲ့ပေ။
သူတို့ ထိုလူများ၏ လက်တွေ့တိုက်ပွဲ စွမ်းရည် မည်မျှတိုးတက်လာသည်ကို မသေချာသော်လည်း လက်တွေ့တိုက်ပွဲ စွမ်းအားကတော့ များစွာ တိုးတက်လာခဲ့သည်။
ခြံဝင်းခုနစ်ခု နှစ်ပတ်လည် စာမေးပွဲတွင် ကျိုပုဖန်က ထိပ်ဆုံးသို့ ရောက်သွားနိုင်ခြေ ရှိသည်။
အဘယ်ကြောင့်ဆိုသော် သူ မရှိသောကြောင့် ဖြစ်သည်။
ဝေ့ရန်တို့ သုံးယောက်လည်း မရှိပေ။
သေချာသည်မှာ အဋ္ဌမခြံဝင်းငယ်မှ ထိပ်ဆုံးသုံးဦးကလည်း စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ ခြံဝင်းငယ်များသို့ သွားရန် အရည်အချင်းပြည့်မီသည်။
အဆင့်နေရာအတွက် ယှဉ်ပြိုင်ကာ လျှို့ဝှက်ကျင့်စဉ် အလယ်ပိုင်းကို ရယူနိုင်မည် ဖြစ်သည်။
လက်ရှိတွင် ကျိုပုဖန်၌ အရည်အချင်း တစ်ခုသာ ရှိသည်။
ကျန်းမန်ကတော့ အရည်အချင်းတစ်ခု ရရှိပြီးနောက် ပထမနေရာကိုပါ ရရှိခဲ့သောကြောင့် အထက်ပိုင်းကို တိုက်ရိုက် ကျင့်ကြံခွင့် ရရှိခဲ့သည်။
"ကျွန်တော့်အလှည့်ရောက်ပြီ"
ဝေ့ပေချွမ်က အခြားလူများကို တွန်းဖယ်ကာ ဝင်ပြေးသွားလေသည်။
ယခုအခါ တစ်ယောက်ပြီးတစ်ယောက် သားရဲအုပ်ထဲသို့ ဝင်ပြေးသွားကြသည်။
အော်ဟစ်ညည်းတွားသံများ ဆက်တိုက် ထွက်ပေါ်နေသည်။
အားလုံးက ခက်ခက်ခဲခဲ ပြေးလွှားကာ တိုက်ခိုက်နေကြရသည်။
ဂျီဟောက်က လူတိုင်း ဤမျှ ကြိုးစားနေသည်ကို ကြည့်ပြီး သက်ပြင်းချမိလေသည်။
မရပ်မနား ကျင့်ကြံနေသူ တစ်ယောက်ရှိခြင်းက တကယ်ကို ထူးခြားလှသည်။
ဒီလူများက နောက်ကောက်ကျန်ရစ်ခဲ့မည်ကို မလိုလားကြပေ။
တစ်ကြိမ် ပျင်းရိသွားသည်နှင့် ကျော်တက်ခံရမည် ဖြစ်သည်။
တွေးကြည့်ရုံနှင့်ပင် ကြောက်စရာကောင်းလှသည်။
ဒီလမ်းကို မလျှောက်ရင် တခြားသူတွေ လျှောက်သွားလိမ့်မယ်၊ သူ့ကိုစောင့်နေဖို့ ဘယ်သူမှ ကျန်နေမှာမဟုတ်ဘူး။
"ဒီနေ့ပြီးရင် ပြန်သွားပြီး တစ်ရက် အနားယူမယ် ပြီးရင် ကျွန်တော်တို့ လွယ်လွယ်နဲ့ အကျိုးအမြတ်သွားရှာကြမယ်"
ဂျီဟောက်က ပြောလိုက်သည်။
ဆရာမယန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဒီလောက်မြန်မြန်လား"
"မြန်လို့လား"
ဂျီဟောက်က ပြုံးလျက်ပြောသည်။
"ဘယ်နေရာက မြန်လို့လဲ"
"သင်ခန်းစာ အတော်လေး ပြီးသွားမှ သွားမယ်လို့ ပြောထားတာ မဟုတ်ဘူးလား"
ဆရာမယန်က မေးလိုက်သည်။
ဂျီဟောက်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး ဖြေသည်။
"အတော်လေး ပြီးသွားပြီလေ"
"ဒါဆို ကျန်တဲ့ တစ်လကို ဘာလုပ်မလို့လဲ"
"တခြားကိစ္စတွေ ရှိနိုင်တာပေါ့"
ဆရာမယန်က ဒီပါရမီရှင်၏ စကားပြောဆိုမှုသည် အသက်ကြီးသူများကဲ့သို့ ရင့်ကျက်ကာ လျှို့ဝှက်ဆန်းကြယ်စွာ ပြုမူနေသည်ဟု ခံစားလိုက်ရသည်။
သို့သော် သူမကို စာမေးပွဲမစစ်လျှင် ရပြီဖြစ်သည်။
ကျန်းမန်က လွယ်လွယ်နှင့် အကျိုးအမြတ်ရှာမည် ဆိုသည်ကို ကြားသောအခါ အနည်းငယ် စိတ်ဝင်စားသွားသည်။
လွယ်လွယ်နဲ့ အကျိုးအမြတ်ရှာတာက သူ့ရဲ့ အဓိက နယ်ပယ်ပဲ မဟုတ်လား။
ဒီတစ်ခါ လက်တွေ့တိုက်ပွဲ စွမ်းရည်ကို သူ နည်းနည်းပဲ သင်ယူနိုင်ခဲ့ပေမယ့် စွမ်းအားကတော့ နည်းနည်းလေး တိုးလာတာ မဟုတ်ဘူး။
ကိုယ်ထိလက်ရောက် လုပ်တာက သူ့အတွက် အသင့်တော်ဆုံးပဲ။
ထို့အပြင် လင်းချင်းရှန်းက အများဆုံး သင်ယူနိုင်ခဲ့သည်။
သူက စွမ်းရည်များကို သင်ယူခြင်းဖြင့် ပိုမိုတိုးတက်နိုင်ပြီး ကျန်းမန်ကတော့ ကျင့်ကြံခြင်းဖြင့် ပိုမိုတိုးတက်နိုင်မည် ဖြစ်သည်။
လမ်းစဉ်တွေ မတူညီကြပေ။
နောက်တစ်နေ့
နိုဝင်ဘာလ ဆယ့်ခြောက်ရက်…..
အားလုံး အနားယူပြီးနောက် ကျွန်းစုများ၏ အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။
ကျွန်းစုများရှိရာ ပင်လယ်ပြင်ကို ဖြတ်ကျော်လိုက်သည်နှင့် နောက်ထပ် ကျွန်းများစွာကို မြင်တွေ့နိုင်ပြီ ဖြစ်သည်။
အတွင်းဂိုဏ်း၏ ပြိုင်ပွဲကြီး နယ်ပယ်က ထိုဘက်တွင် ရှိသည်။
သတ္တမခြံဝင်းငယ် တစ်ခုလုံးက ရေပြင်ထက်တွင် ရေကူးနဂါးကို အားကိုးကာ လျင်မြန်စွာ ရှေ့သို့ ဆက်သွားနေကြသည်။
တစ်ခါတစ်ရံ ကြီးမားသော လှိုင်းလုံးကြီးများ ရိုက်ခတ်လာလျှင်လည်း လွယ်ကူစွာ ရင်ဆိုင်နိုင်ကြသည်။
ထိုမျှမက သားရဲများ ရှိနေလျှင်ပင် သူတို့ကို ဖမ်းမမိနိုင်ခဲ့ပေ။
ရေကူးနဂါးကြောင့် လူတိုင်း၏ ခန္ဓာကိုယ်က ပင်လယ်ပြင်တွင် အရိပ်သာ ချန်ထားခဲ့ပြီး ပင်လယ်ပြင်ကို လူးလာခေါက်တုံ့ ကူးခတ်နေသော နဂါးကြီးတစ်ကောင်ကဲ့သို့ အလွန် လျင်မြန်လှသည်။
သို့သော် အဆုံးမရှိသော ပင်လယ်ပြင်ကြီးကို မြင်သောအခါ အနည်းနှင့်အများ ကြောက်လန့်နေကြသည်။
အဘယ်ကြောင့်ဆိုသော် ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားမည်ဖြစ်ပြီး ရှေ့ဆက်သွားပါက ပြန်လှည့်ရန် ခက်ခဲနိုင်သောကြောင့် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် ပြဿနာ ကြီးသွားမည် ဖြစ်သည်။
သို့သော် ကောင်းကင်ယံတွင် ဓားပျံစီးကာ လိုက်ပါလာသူ နှစ်ဦးရှိသောကြောင့် သူတို့ကို ရဲတင်းစေခဲ့သည်။
မတတ်နိုင်လျှင်တောင် ဆရာနှစ်ဦး ရှိသေးသည် မဟုတ်လော။
အချိန်အတော်ကြာပြီးနောက် သူတို့သည် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်များကို ဆွဲကာ ကျွန်းငယ်လေးတစ်ခုပေါ်သို့ ဆင်းသက်လာခဲ့ကြသည်။
အဝေးတွင် ကျွန်းစုများစွာ ရှိပြီး ကျွန်းပေါ်မှ အားကောင်းသော စွမ်းအားများ ပြန့်ထွက်လာနေသည်။
ပေါက်ကွဲသံများက မပြတ်တမ်း ထွက်ပေါ်နေသည်။
ရွှေအမြုတေအဆင့်များ တိုက်ခိုက်နေခြင်းက အခြေခံတည်ဆောက်ခြင်း အဆင့်များနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။
ကျန်းမန်က သိပ်မပင်ပန်းလှသော်လည်း ဘယ်လိုမျိုး လွယ်လွယ်နဲ့ အကျိုးအမြတ်ရှာရမလဲ ဆိုတာကိုတော့ နည်းနည်း သိချင်နေသည်။
ဂျီဟောက်က အားလုံးကို စောင့်ခိုင်းထားရုံသာ ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် အတွင်းမှ တိုက်ပွဲကြီးက စတင် ငြိမ်သက်သွားခဲ့သည်။
ပင်လယ်ပြင်တွင်လည်း လှိုင်းများ လှုပ်ခတ်လာခဲ့သည်။
"လူတစ်ယောက်"
ကျောက်ယောင်ယောင်က ရှေ့မှ ပင်လယ်ပြင်ကို လက်ညှိုးထိုးကာ အံ့သြတကြီး အော်လိုက်သည်။
လူတိုင်းက ထိုနေရာသို့ ကြည့်လိုက်ရာ ရေပြင်ထက်တွင် ငြိမ်သက်စွာ မျောပါနေသော လူရိပ်တစ်ခုကို တကယ်ပဲ မြင်တွေ့လိုက်ရသည်။
အမျိုးသမီးတစ်ဦး ဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ရှိနေသည်။
အလွန်အမင်း ဒဏ်ရာရထားပြီး လှုပ်ရှားနိုင်မည် မဟုတ်ပေ။
"လွယ်လွယ်နဲ့ အကျိုးအမြတ်ရှာဖို့ အခွင့်အရေး ရောက်လာပြီ"
ဂျီဟောက်က ပြုံးကာ ပြောလိုက်သည်။
လူတိုင်း အံ့အားသင့်သွားပြီး ဒါက လွယ်လွယ်နဲ့ အကျိုးအမြတ်ရှာတာလား။
"လူကို ခေါ်လာခဲ့လိုက်ပါ"
ဂျီဟောက်က ပြောလိုက်သည်။
ထို့နောက် ချောင်ချန်တို့က ရေကူးနဂါး ကို အသုံးပြုကာ လူကို ခေါ်လာခဲ့ကြသည်။
အန်းကျစ်ရို၊ ချန်ချင်ဂိုဏ်းမှ မျိုးဆက်သစ် ပါရမီရှင်၊ ငယ်ရွယ်စဉ်မှာပင် အတွင်းဂိုဏ်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သူ ဖြစ်သည်။
ဂိုဏ်းကိုယ်စားပြု၍ အင်မော်တယ် စံအိမ်တော်အရည်အချင်းအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ကံမကောင်းစွာဖြင့် ဝူယွင်ဂိုဏ်းမှ ဝင်္ကပါ ပါရမီရှင်တစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး တစ်ဖက်လူက ခြုံခိုတိုက်ခိုက်ကာ ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြသည်။
သူမက ပစ္စည်းများစွာ ရရှိခဲ့သော်လည်း မယှဉ်နိုင်ခဲ့ပေ။
ခန္ဓာကိုယ် အပြင်းအထန် ဒဏ်ရာရကာ ပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့သည်။
အကယ်၍ မှော်ရတနာက အသက်ကို မကာကွယ်ပေးထားလျှင် ယခုသူမသည် အန္တရာယ်ရှိနေပြီ ဖြစ်သည်။
သို့သော် သူမကို အချိန်အနည်းငယ် ပေးပါက သေချာပေါက် ပြန်လည်ကောင်းမွန်လာမည် ဖြစ်သည်။
ဒါပေမယ့်...ပင်လယ်ပြင်၏ အန္တရာယ်အဆင့်က မြင့်မားလွန်းလှသည်။
သူမက အေးအေးဆေးဆေး ပြန်လည်ကောင်းမွန်လာနိုင်မည် ဟုတ်မဟုတ်ကိုလည်း မသေချာပေ။
မူလကတော့ သူမသည် ပင်လယ်ပြင်ရှိ အန္တရာယ်များစွာကို မည်သို့ရှောင်လွှဲရမည်ကို စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။
သို့သော် မမျှော်လင့်ထားသောအရာက မြန်ဆန်လွန်းလှသည်။
သူမကို အခြေခံတည်ဆောက်ခြင်း အဆင့် တစ်စုက ဝိုင်းထားသည်ကို ကြည့်ပြီး အလွန် ရှက်ရွံ့သွားခဲ့သည်။
ဒီလူတွေအားလုံးကို ဖိနှိပ်ပစ်ချင်တဲ့ စိတ်ဆန္ဒတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သို့သော် အပြင်းအထန် ဒဏ်ရာရထားသောကြောင့် လှုပ်ရှား၍ မရနိုင်ပေ။
"နတ်သမီး အဆင်ပြေရဲ့လား"
ဂျီဟောက်က ပြုံးလျက် မေးလိုက်သည်။
လူကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် အန်းကျစ်ရိုက ဒီလူကို ချန်ထားနိုင်ပြီး အခြားလူများကိုတော့ နောင်တဆိုတာ ဘာလဲဆိုတာကို သိအောင် လုပ်ပြမည်ဟု တွေးလိုက်သည်။
သူမကို ဤသို့ ဝိုင်းကြည့်နေကြသော ထိုလူများသည် ရွှေအမြုတေ အဆင့်၏ ဒေါသကို မခံစားဖူးကြ၍ ဖြစ်မည်။
ထို့နောက် သူမက ဂျီဟောက်ကို ကြည့်ကာ မေးလိုက်သည်။
"ကျင့်ကြံသူက လူတွေအများကြီး ခေါ်လာပြီး ဘာလုပ်မလို့လဲ"
"နတ်သမီး အန္တရာယ်ကြုံနေတာကို တွေ့လို့ ကူညီပေးဖို့ လာခဲ့တာပါ နတ်သမီးက စော်ကားတယ်လို့ ထင်ရင် ကျွန်တော်တို့ နတ်သမီးကို ပြန်ချထားပေးလို့ ရပါတယ်"
"ဒါပေမယ့် စေတနာနဲ့ သတိပေးရရင် အပြင်ဘက်မှာ သားရဲအုပ် အတော်များများက ဒီနေရာကို ဝိုင်းထားတယ်နော်"
ဂျီဟောက်က ပြုံးကာ ထိုနတ်သမီးကို ခေါ်သွားပြီး အတည်ပြုခိုင်းလိုက်သည်။
တကယ်ကိုပဲ သားရဲအုပ် အတော်များများက ဒီနေရာကို ဝိုင်းထားကြသည်။
ကျန်းမန်က အလွန်ရှင်းလင်းစွာ မြင်လိုက်ရပြီး အားလုံးက ဤနှစ်လအတွင်း သူတို့ ကိုယ်တိုင် သွားရောက် ရန်စခဲ့သော သားရဲများ ဖြစ်နေသည်။
ဒီလို အသုံးဝင်တာမျိုးလည်း ရှိတာပဲလား။
သူတော့ မစဉ်းစားမိခဲ့ဘူး။
အန်းကျစ်ရို မြင်သောအခါ မျက်နှာ အနည်းငယ် ဖြူရော်သွားသည်။
အကယ်၍ တကယ်ပဲ အချခံလိုက်ရလျှင် ကြိုတွေးထားသည်ထက် ပို၍ အန္တရာယ်များနိုင်ပေသည်။
သူမက သွားကြိတ်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်မက ချန်ချင်ဂိုဏ်းရဲ့ အတွင်းဂိုဏ်း တပည့်ပါ ရွှေအမြုတေ အဆင့်ရှိတယ် အရာရာတိုင်းမှာ နောက်ဆုတ်ဖို့ လမ်းချန်ထားသင့်တယ်"
"ရှင်တို့ ဘာလိုချင်တာလဲ"
"သူမက ရွှေအမြုတေ အဆင့်လို့ ပြောတယ်ဆိုတော့ ရွှေအမြုတေ ကနဦးအဆင့်ပဲ ဖြစ်ရမယ် အကယ်၍ အလယ်အလတ် ဒါမှမဟုတ် နောက်ပိုင်းအဆင့်သာဆိုရင် ပြောလိုက်တာနဲ့ ပိုပြီး ခြိမ်းခြောက်နိုင်စွမ်း ရှိမှာပေါ့"
ဂျီဟောက်က လူတိုင်းကို ကြည့်ကာ ပြောလိုက်သည်။
"ဒါကြောင့် နောက်နောင် အပြင်ထွက်ပြီး မတိုက်ခိုက်ခင်မှာ ကိုယ့်ရဲ့ ကနဦးအဆင့် ကျင့်ကြံမှုကို တိုက်ရိုက် မပြောမိစေနဲ့"
"ရွှေအမြုတေ အလယ်အလတ်နဲ့ နောက်ပိုင်းအဆင့်တွေက ကြားရင် အနိုင်ကျင့်ချင်စရာကောင်းတယ်လို့ ထင်သွားလိမ့်မယ်"
အားလုံး
"..."
ဆရာဂျီက သူတို့ကို အပြင်လူအဖြစ် မသတ်မှတ်ဘဲ အရာအားလုံးကို သင်ပေးနေခြင်း ဖြစ်သည်။
ထို့နောက် သူက အန်းကျစ်ရိုကို ကြည့်ကာ ပြောလိုက်ပြန်သည်။
"နတ်သမီးက ပြိုင်ပွဲကြီးမှာ ပစ္စည်းလေးတွေ ရခဲ့မှာပေါ့ ဥပမာ ဝိညာဉ်ဓား၊ မှော်ရတနာ၊ နေသန့်စင်ကျောက် အဲဒီလိုမျိုးတွေလေ"
အန်းကျစ်ရိုက အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဖြေလိုက်သည်။
"ဝိညာဉ်ဓား တစ်လက်ပဲ ရှိတယ်"
"ရပါတယ်"
ဂျီဟောက်က ပြောလိုက်သည်။
နောက်ဆုံးတွင် သူမက ယခုလေးတင် ရရှိထားသော ဝိညာဉ်ဓားကို တစ်ဖက်လူအား ပေးလိုက်ရသည်။
အားလုံး
"..."
လွယ်လွယ်နဲ့ အကျိုးအမြတ်ရှာတာက ဒီလိုမျိုး ရှာတာကိုး။
ဝိညာဉ်ဓားကို ရရှိပြီးနောက် ဂျီဟောက်က ဓားကို လင်းချင်းရှန်းထံ ပေးလိုက်သည်။
"ဒီတစ်ခါ လက်တွေ့တိုက်ပွဲ စွမ်းရည်မှာ အများဆုံး တိုးတက်လာတဲ့အတွက် ဆုပေးတဲ့ ဝိညာဉ်ဓားပဲ"
လင်းချင်းရှန်း
"..."
ဆုချတဲ့ ဝိညာဉ်ဓားကလည်း လွယ်လွယ်နဲ့ အကျိုးအမြတ်ရှာပြီး ရလာတာကိုး။
ဒါပေမယ့် တကယ်ပဲ ပြဿနာမရှိဘူးလား။
လင်းချင်းရှန်း၏ စိုးရိမ်မှုကို မြင်သွားပုံရသော ဂျီဟောက်က နှစ်သိမ့်လိုက်သည်။
"စိုးရိမ်စရာ မလိုပါဘူး ဒါက ဒီပြိုင်ပွဲကြီးရဲ့ ပစ္စည်းတွေပဲ သူတို့ မပြန်ခင်မှာ အကုန်လုံးက ပိုင်ရှင်မဲ့ ပစ္စည်းတွေပဲလေ"
"သင့်တင့်လျောက်ပတ်တဲ့ အကျိုးအမြတ်ရှာတာကို အားပေးပါတယ်"
"ဂိုဏ်းအတွင်းမှာဆိုရင်တော့ ဒီလို လွယ်လွယ်နဲ့ အကျိုးအမြတ်ရှာလို့ မရဘူး"
"အင်မော်တယ် ဂိုဏ်းက ကြီးကြပ်ထားတယ် ဂိုဏ်းရဲ့ ဥပဒေထိန်းသိမ်းရေး ခန်းမက ဒီလိုလူတွေကို လွှတ်ထားမှာ မဟုတ်ဘူး"
"ကာယကံရှင်က ဘာမှမပြောရင်တောင် တခြားလူတွေ မြင်သွားရင် တိုင်ကြားတဲ့သူအတွက် ဆုငွေရှိတယ်"
အခြားသူများ စကားမပြောသည်ကို မြင်သောအခါ ဂျီဟောက်က ပြောလိုက်သည်။
"ဘယ်လို အကျိုးအမြတ်ရှာရမလဲ ဆိုတာကို မြင်ပြီလား အခု ကိုယ့်ဘာသာကိုယ် လျှောက်ကြည့်ကြတော့ ကောက်ရမရကတော့ ကိုယ့်အပေါ်မှာပဲ မူတည်တယ်"
"သတိထားကြဦး လူတချို့က သိပ်ပြီး ဒဏ်ရာမပြင်းထန်ကြဘူး"
"ကိုယ့်ဘာသာကိုယ် အခြေအနေကို ချိန်ဆတတ်အောင် သင်ယူရမယ်"
ဆရာမယန်က ဒီလို သင်ပေးတာ တကယ်ပဲ ကောင်းပါ့မလားဟု တွေးနေမိသည်။
တရားမဝင်တာတော့ မဟုတ်ပေမယ့်...
ဒီလူတွေက အတွင်းဂိုဏ်းက လူတွေလေ၊ တကယ်ပဲ သွားစမ်းမိရင် နောက်ကျ အတွင်းဂိုဏ်းကို ရောက်သွားတဲ့အခါ ဒုက္ခရောက်ရလိမ့်မယ်။
သူမက စေတနာဖြင့် သတိပေးလိုက်သည်။
သို့သော် ကျန်းမန်ကတော့ လုံးဝ ဂရုမစိုက်ပေ။
အတွင်းဂိုဏ်းကို ဝင်ရင် ကိုယ်တိုင်လည်း ရွှေအမြုတေ အဆင့် ဖြစ်မှာပဲ။
ရွှေအမြုတေ အဆင့်ချင်း အတူတူ သူတို့ရဲ့ အရှိန်အဝါကို ရှောင်ပေးနေရဦးမှာလား။
ထို့နောက် ကျန်းမန်က အရင်ဆုံး စတင်ထွက်ခွာသွားပြီး အခြားသူများကမူ တွန့်ဆုတ်နေကြဆဲ ဖြစ်သည်။
သို့သော်လည်း တဖြည်းဖြည်းချင်း ထွက်သွားသူ အတော်များလာခဲ့သည်။
ဘာပဲဖြစ်ဖြစ် အကျိုးအမြတ်ရှာတာပဲလေ အရင်ဆုံး စေတနာနဲ့ ချဉ်းကပ်ပြီး အပြန်အလှန် ကူညီကြမှာပေါ့။
အဆင်မပြေရင်လည်း ထားလိုက်ရုံပဲ။
ရန်သူဖြစ်သွားလောက်တဲ့အထိတော့ မဟုတ်ပါဘူး။
လူတွေ အတော်များများ ထွက်သွားပြီးနောက် ဂျီဟောက်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဆရာမယန်ကရော သွားမကောက်ဘူးလား"
"ကျွန်မဆီမှာ ဝိညာဉ်ဓား ရှိပြီးသားပါ"
ဆရာမယန်က ပြန်ဖြေလိုက်သည်။
ငါ မျက်နှာပူတယ်လေ။
ဒီလူတွေက ကျောင်းသားတွေလေ၊ ငါက ဆရာမလေ။
အဆင့်အတန်းချင်းမှ မတူတာ။
သို့သော် ရုတ်တရက်...
ဝုန်း
ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။
ဆရာမယန်က နောက်သို့ လှည့်ကြည့်လိုက်သည်။
အလယ်ပိုင်း ကျွန်းစုများမှ အားကောင်းသော စွမ်းအား ပေါက်ကွဲသံများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
"လူတွေက ကျွန်းစုတွေကို တိုက်ခိုက်နေတာလား"
သူမ ချက်ချင်း စိုးရိမ်သွားသည်။
တစ်ဖက်လူက တိုက်ခိုက်ရဲသည်ဆိုပါက ကြိုတင်ကြံစည်ထားခြင်း ဖြစ်နိုင်သည်။
အခြေအနေက မကောင်းလှပေ။
"ဒီနေရာက ခဏခဏ အတိုက်ခိုက်ခံရတယ် သိပ်ပြီး စိုးရိမ်စရာ မလိုဘူး လှိုင်းကြီးလေကြီး ဖြစ်လာမှာ မဟုတ်ဘူး"
ဂျီဟောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
"အတော်ပဲ ဒီလူတွေ အကျိုးအမြတ်ရှာပြီးရင် လေ့ကျင့်ရေးလည်း လုပ်လို့ရသေးတာပေါ့"
"သူတို့အတွက် အများကြီး အကျိုးရှိမှာပါ"
အန်းကျစ်ရိုက အနည်းငယ် အံ့အားသင့်သွားပြီး ဤနေရာ အတိုက်ခိုက်ခံရခြင်းက သေးငယ်သော ကိစ္စ မဟုတ်ပေ။
ပြိုင်ပွဲကြီးကို ရည်ရွယ်ထားခြင်းဖြစ်သည်မှာ သိသာလှပြီး တစ်စုံတစ်ယောက်က ရှုပ်ထွေးနေသော အခြေအနေတွင် အခွင့်ကောင်းယူရန် ကြိုးစားနေခြင်း ဖြစ်သည်။
မိစ္ဆာလမ်းစဉ်များက အလယ်ပိုင်း ကျွန်းစုများကို အကြောင်းမဲ့ တိုက်ခိုက်မည် မဟုတ်ပေ။
အထူးသဖြင့် ပြိုင်ပွဲကြီးက အကြိတ်အနယ် ဖြစ်နေချိန်တွင် အခွင့်ကောင်းယူရန် ပို၍ လွယ်ကူသည်။
"ဒီဘက်ကို တိုက်ခိုက်မယ့်လူတွေ ရှိလိမ့်မယ်"
သူမက ချက်ချင်း သတိပေးလိုက်သည်။
ထို့နောက် သူမက ကိစ္စတစ်ခုကို ပြန်တွေးမိသွားသည်။
ရှုံးနိမ့်သွားသော လူများက အထဲမှ မျောပါလာပြီးနောက် အကျိုးအမြတ်ရှာခြင်းကို လက်မခံပါက...
မည်မျှ အန္တရာယ်များမည်နည်း။
တစ်ခဏမျှ သူမက ကံကောင်းသည်ဟု ခံစားလိုက်ရပြီး အနည်းဆုံးတော့ ယခုလောလောဆယ် သိပ်ပြီး စိုးရိမ်စရာ မလိုတော့ပေ။
ဒီလူနှစ်ယောက်က အနည်းဆုံးတော့ ရွှေအမြုတေ အဆင့်တွေပဲ။
သို့သော် ကံကောင်းခြင်းက အချိန်တိုလေးသာ ခံလိုက်ပြီး သူမက တိမ်တိုက်တစ်ခု ဒီဘက်သို့ လာနေသည်ကို တွေ့လိုက်ရသည်။
တိမ်တိုက်က နိမိတ်ကောင်းတစ်ခုကဲ့သို့ ရောင်စုံအလင်းတန်းများ သယ်ဆောင်လာသည်။
"မိစ္ဆာနတ်ဘုရားလား"
သူမက ချက်ချင်း ပြောလိုက်သည်။
"ရှင်တို့လူတွေကို မြန်မြန် ဆုတ်ခိုင်းလိုက် ဒီတစ်ခါ လာတာ သာမန် မိစ္ဆာလမ်းစဉ်တွေ မဟုတ်ဘူး မိစ္ဆာနတ်ဘုရားရဲ့ အကြွင်းအကျန်တွေပဲ"
"မိစ္ဆာနတ်ဘုရားရဲ့ အရှိန်အဝါလည်း ပါလာသေးတယ်"
"အကယ်၍ ရှင်တို့လူတွေ အမြန်မထွက်သွားရင် အဲဒီထဲမှာ ပိတ်မိသွားလိမ့်မယ်"
"အဲဒီအချိန်ကျရင် သွားချင်ရင်တောင် အချိန်မီတော့မှာ မဟုတ်ဘူး"
"ပြိုင်ပွဲကြီးထဲက လူတွေအကုန်လုံးက ရွှေအမြုတေ အဆင့်တွေပဲ ဒီစွမ်းရည်ရဲ့ စွမ်းအားက သာမန်ပဲမို့ ရှင်တို့ကို ရည်ရွယ်ပြီး လာတာ သိသာတယ်"
"ပြီးတော့ မကြာခင် ရှင်တို့ကို တားထားမယ့်လူတွေ ရောက်လာလိမ့်မယ်"
ထိုစကားကို ကြားသောအခါ ဆရာမယန်က အနည်းငယ် စိတ်ဝင်စားသွားသည်။
သို့သော် သူမက ဂျီဟောက်ကို အရင်ဆုံး ကြည့်လိုက်သည်။
တစ်ဖက်လူက အေးအေးဆေးဆေးပင်ဖြစ်ပြီး မျက်နှာထားက ပုံမှန်အတိုင်းပင် အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိပေ။
တစ်ခဏမျှ ဆရာမယန်က ခန့်မှန်းချက်တစ်ခု ရရှိသွားပြီး စမ်းသပ်သလို မေးလိုက်သည်။
"ဒါလည်း သူတို့ရဲ့ လေ့ကျင့်ရေးတွေထဲက တစ်ခုပဲလား"
"ဆရာမယန်က ပိုပြီး ဉာဏ်ကောင်းလာပြီပဲ"
ဂျီဟောက်က ပြုံးကာ ပြောလိုက်သည်။
"ဒါ့အပြင် ခဏနေရင် တိုက်ခိုက်လာမယ့်လူတွေ ရှိလိမ့်မယ် အဲဒီလူတွေကိုတော့ ဆရာမယန်ပဲ ရင်ဆိုင်ရတော့မယ်"
"ဒီအချိန်အတောအတွင်း ဆရာမယန်လည်း အများကြီး အကျိုးရှိခဲ့တယ် မဟုတ်လား"
"တိုးတက်မှု မရှိတာ ကြာပြီပဲ အခု မိစ္ဆာလမ်းစဉ်တွေ တိုက်ခိုက်လာတုန်းလေး အသေအချာ တိုးတက်အောင် လုပ်လိုက်ပါ"
ဆရာမယန် စိတ်ထဲတွင် အလွန် အံ့အားသင့်သွားသည်။
ဒီတစ်ခါ လက်တွေ့သင်ခန်းစာက သူမကို ရည်ရွယ်ထားတာပဲ။
တကယ့်ကို လက်တွေ့တိုက်ပွဲပဲ။
အန်းကျစ်ရိုက နားမလည်နိုင်ဘဲ သူတို့ ဘာတွေ ပြောနေကြတာလဲ။
အခု အပြင်ဂိုဏ်းက လူတွေက ဒီလောက်တောင် ရူးသွပ်နေကြပြီလား။
တိမ်တိုက်က နီးကပ်လာသည်နှင့်အမျှ သူမက အလွန်ရင်းနှီးသော စိတ်စွမ်းအင် တစ်ခုကို ခံစားလိုက်ရသည်။
ရေတွင်းဟောင်း အမျိုးအစား မိစ္ဆာနတ်ဘုရားလား။
ဒီလိုဆိုရင်တော့ သူမ စိတ်အေးသွားပြီ။ သူမက မိစ္ဆာနတ်ဘုရား ကိစ္စများနှင့် ထိတွေ့ခွင့်ရခဲ့ဖူးပြီး ထိုမိစ္ဆာနတ်ဘုရား အမျိုးအစား၏ စွမ်းရည်များကို နားလည်သည်။
ညမအိပ်ဘဲ မနေသူများကို လုံးဝနီးပါး သက်ရောက်မှု မရှိပေ။
အမြဲတမ်း ညမအိပ်ဘဲ နေသူများသာ ဤမိစ္ဆာနတ်ဘုရား အမျိုးအစား၏ စွမ်းရည်များကြောင့် သက်ရောက်မှု ခံရမည် ဖြစ်သည်။
ညမအိပ်ဘဲ မနေသရွေ့ တိမ်တိုက်က ဤနေရာတွင် ရပ်တန့်နေမည်ပင် မဟုတ်ပေ။
သူမက စေတနာဖြင့် ဆရာမယန်ကို ပြောပြလိုက်သည်။
သို့သော်...
တိမ်တိုက်က ဤနေရာသို့ နီးကပ်လာသည်နှင့် ရုတ်တရက် မလှုပ်တော့ဘဲ ရပ်တန့်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
သူမက ဆရာမယန်ကို အံ့သြတကြီး ကြည့်လိုက်သည်။
ဆရာမယန်က မတတ်နိုင်စွာဖြင့် ပြောလိုက်သည်။
"မတတ်နိုင်ဘူးလေ အဲဒီလူစုက မအိပ်တာ နှစ်နဲ့ချီနေပြီ"
အန်းကျစ်ရို၏ မျက်လုံးများတွင် သံသယများစွာ ပြည့်နှက်နေသည်။