အခန်း ၁၅၆
Vol. 10 Ch. 156
အခန်း ၁၅၆ မုန့်ချဲ့ဝေ ငါလည်း တိုက်ရိုက်မျိုးဆက်ပဲလေ
မိုးပေါက်များက သာယာသော ဂီတသံစဉ်လို တဖွဲဖွဲ ကျဆင်းနေသည်။
အခန်းထဲတွင် မုန့်ချီဝေက ထိုင်လျက် မိုးရေ၏ အငွေ့အသက်ကို ခံစားနေသည်။
စစ်ပွဲကြီး ပြီးကတည်းက မိုးရွာတာ အလွန်ရှားပါးသွားခဲ့သည်။
ကမ္ဘာမြေကြီးပေါ်ရှိ သက်ရှိများ အားလုံး ပျက်စီးခဲ့ရသည်။
သူတို့ဆီမှာ အစွမ်းထက် ကျင့်ကြံသူတွေရဲ့ ပြုစုပျိုးထောင်မှုတွေ ရှိနေလို့သာ အခုမှ တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာတာ ဖြစ်သည်။
အခြားနေရာများဆိုလျှင် ဘယ်နှနှစ်ကြာမှ ပြန်ကောင်းလာမည်ကို မသိနိုင်ပေ။
မိုးရေဆိုသည်မှာ အင်မော်တယ် ဂိုဏ်းမှ ကျင့်ကြံသူများက အင်မော်တယ် ဝိညာဉ်စွမ်းအင်များကို သယ်ဆောင်ကာ ရွာသွန်းပေးရခြင်း ဖြစ်သည်။
အင်မော်တယ် ဂိုဏ်း၏ အုပ်ချုပ်မှုက ထင်ထားသည်ထက် များစွာ ပိုမို ရှုပ်ထွေးလှသည်။
မုန့်ချဲ့ဝေ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် "သူတို့ လူရွေးပြီးပြီလား" ဟု မေးလိုက်သည်။
"မရွေးရသေးပါဘူး"
ချင်းတိုက်က ခေါင်းခါလျက် ပြောလိုက်သည်။
"အရမ်း စောလွန်းသေးတယ်လို့ သူတို့ ထင်နေကြတယ် အခြေခံတည်ဆောက်ခြင်း အဆင့်ပဲ ရှိသေးတာလေ အခြေခံတည်ဆောက်ခြင်း အဆင့်မှာ ဘယ်လောက်ပဲ ထူးချွန်နေပါစေ တကယ့် ပါရမီရှင်လို့ သတ်မှတ်လို့ မရသေးဘူးတဲ့"
"ဆက်ပြီး စောင့်ကြည့်ရင်း ဆက်ဆံရေး ကောင်းအောင် တည်ဆောက်တာကမှ အမှန်ပဲတဲ့"
"ဘယ်သူက တွေ့တွေ့ချင်း တိုက်ရိုက်မျိုးဆက်ကို ပေးမှာလဲ"
"လူငယ် ပါရမီရှင်တွေက အိမ်ထောင်မကျသေးတော့ အိမ်ထောင်ရေးရဲ့ အခက်အခဲကို မသိကြသေးဘူးလို့ သူတို့ ထင်နေကြတယ်"
မုန့်ချီဝေက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
"အကယ်၍ ရွေးမယ်ဆိုရင်တော့ သေချာပေါက် သွားကြည့်ရမှာပဲ မဟုတ်လား"
ချင်းတိုင်က ခေါင်းငြိမ့်ပြသည်။
"အဲဒီလို အခြေအနေမျိုး ရောက်လာရင်တော့ သေချာပေါက် သွားရမှာပေါ့ ပြီးတော့ တစ်ယောက်တည်းတင် မဟုတ်ဘူး တခြား ပါရမီရှင်ကလည်း စီစဉ်မှုတွေ ရှိမှာ သေချာတယ်"
"ဒါပေမယ့် အချိန်အများကြီး လိုပါသေးတယ် ဆက်ပြီး စောင့်ကြည့်လို့ ရပါသေးတယ်"
"သေချာတာပေါ့ အပြင်ကလူတွေကလည်း အိမ်ပါသမက်ကို ပိုရှာသင့်တယ်လို့ ထင်နေကြတယ်"
မုန့်ချဲ့ဝေက ဤအရာများကို ဂရုမစိုက်ဘဲ "အကယ်၍ သူတို့ သွားမယ်ဆိုရင် ဘယ်လမ်းကြောင်းကနေ သွားမှာလဲ" ဟု မေးလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် ချင်းတိုက်၏ မျက်နှာက ပြောင်းလဲသွားပြီး ပြောလိုက်သည်။
"သခင်မလေး အင်မော်တယ် ဂိုဏ်းက စစ်ဆေးတာ အရမ်း တင်းကျပ်တယ် စာရင်းထဲမှာ ပါတဲ့လူတွေက သွားလို့မရဘူး"
သခင်မလေးက အပြင်ထွက်ချင်လို့လား။
မိုးတွေ ရွာတော့မလို့လား။
ဒါပေမယ့် အင်မော်တယ် ဂိုဏ်းရဲ့ အုပ်ချုပ်မှုကိုတော့ ပြောင်းလဲလို့ မရဘူးလေ။
မုန့်ချဲ့ဝေက ချင်းတိုက်ကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဂရုစိုက်စရာ မလိုပါဘူး ဒီတစ်ခါ အင်မော်တယ် ဂိုဏ်းက ငါ့ကို ကျေနပ်လောက်တဲ့ အဖြေ မပေးခဲ့ဘူး ငါ့ရဲ့ စွမ်းအားတွေ အပြင်မထွက်သရွေ့ ငါ့ရဲ့ စိတ်အာရုံ တစ်စိတ်တစ်ပိုင်း အပြင်ထွက်တာကို သူတို့ မျက်စိမှိတ်ပေးထားမှာပါ"
"တရားဝင် လမ်းကြောင်းကနေ သွားသရွေ့ပေါ့"
"တရားဝင် အကြောင်းပြချက် တစ်ခု ရှိရင် ရပါပြီ"
ချင်းတိုင်က ချွေးစေးများ ထွက်လာခဲ့သည်၊ အဲဒီလောက် ဘယ်လွယ်ပါ့မလဲ။
တကယ်ပဲ အဲဒီလောက် လွယ်နေရင် စာရင်းထဲက လူတွေက ဘာလို့ ခိုးထွက်ဖို့ ကြိုးစားနေကြဦးမှာလဲ။
ကျီးကန်းတံတား ကိစ္စတောင် ဖြစ်လာမှာ မဟုတ်ဘူး။
သခင်မလေးလို အစွမ်းထက်တဲ့သူက စိတ်အာရုံ တစ်စိတ်တစ်ပိုင်းလေး အပြင်ထွက်သွားရင်တောင် စွမ်းအားတွေ အားလုံးက ချက်ချင်း နေရာပြောင်းသွားနိုင်တယ်။
အဲဒီအခါကျရင် အင်မော်တယ် ဂိုဏ်းက သေချာပေါက် ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းမှာပဲ။
ပြဿနာက ဘယ်လောက်တောင် ကြီးလိုက်မလဲ။
"အင်မော်တယ် ဂိုဏ်းက စွန့်စားမှာ မဟုတ်ဘူး"
ချင်းတိုက်က ဖျောင်းဖျလိုက်သည်။
ထိုစကားကို ကြားသောအခါ မုန့်ချဲ့ဝေက အနည်းငယ် ပြုံးလျက် "အရင်ကတော့ မလုပ်ဘူး အခုတော့ လုပ်လာပြီ" ဟု ပြောလိုက်သည်။
ချင်းတိုင် အံ့သြသွားပြီး သခင်မလေး၏ မျက်ခုံးကြားကို ကြည့်လိုက်သည်။
နီရဲနေသော ပန်းပွင့်ပုံစံက အလွန် သိသာ ထင်ရှားနေသည်။
သခင်မလေး အိမ်ထောင်ကျသွားပြီဆိုတာကို လူတိုင်း သိကြပေမယ့် အိမ်ပါသမက်က ဘယ်သူလဲဆိုတာတော့ ဘယ်သူမှ မသိကြဘူး။
အင်မော်တယ် ဂိုဏ်းကလည်း ထိုနည်းတူပင် ဖြစ်သည်။
သူတို့ သိချင်ကြပေမယ့် ကိုယ်တိုင် သွားရောက် စုံစမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။
အဲဒါက သခင်မလေးကို စော်ကားသလို ဖြစ်သွားနိုင်တယ်။
သူတို့က အင်မော်တယ် ဂိုဏ်းကို စွန့်စားပြီး မလုပ်ချင်ကြသလို အင်မော်တယ် ဂိုဏ်းကလည်း သူတို့ကို စွန့်စားပြီး မလုပ်ချင်ကြဘူး။
ဒါကြောင့် သိချင်ပေမယ့် ဘယ်သူမှ မဆင်မခြင် မလုပ်ရဲကြဘူး။
ဒါပေမယ့် သခင်မလေးကသာ အခုချိန်မှာ အပြင်ထွက်သွားရင် သေချာပေါက် အိမ်ပါသမက်ကို သွားရှာတာပဲ ဖြစ်ရမယ်။
သခင်မလေးက သူတို့ကို ဝူယွင်ဂိုဏ်းနဲ့ အမြဲတမ်း ဆက်သွယ်ခွင့်ပေးထားပြီး ပါရမီရှင်သစ်ရဲ့ ဘယ်ကိစ္စကိုမဆို အမြဲ ထောက်ခံပေးနေတာ ဖြစ်နိုင်တယ်လို့ ချင်းတိုက် ခံစားလိုက်ရတယ်။
အဲဒီဘက်က ပါရမီရှင်တွေကို စောင့်ကြည့်ခွင့်ကိုတောင် သဘောတူထားသေးတယ်။
ဒါက တရားဝင် အပြင်ထွက်ဖို့ အကြောင်းပြချက် တစ်ခုအတွက် ဖြစ်နိုင်တယ်။
ဒီနေ့ကို စောင့်နေတာများလား။
ဒါတင်မကသေးဘူး သခင်မလေးက မိသားစုကို တိုက်ရိုက်မျိုးဆက် ပါရမီရှင် အမျိုးသမီးတွေကို ရွေးချယ်ပြီး အပြင်ထွက်ဖို့လည်း တွန်းအားပေးဦးမယ်။
ပြီးရင်...
အဲဒီအထဲမှာ ရောနှောပြီး အတူတူ ထွက်သွားမှာပေါ့။
ဘာလို့လဲဆိုတော့ သခင်မလေးကလည်း တိုက်ရိုက်မျိုးဆက်ပဲလေ။
စွမ်းအားမပါတဲ့ စိတ်အာရုံ တစ်စိတ်တစ်ပိုင်းလေးပဲ ဖြစ်ပေမယ့်။
ဒါပေမယ့်...
ပြဿနာ ဖြစ်ဖို့ အရမ်းလွယ်တယ်။
"သခင်မလေး သေချာ ထပ်မစဉ်းစားတော့ဘူးလား"
ချင်းတိုက်က မေးလိုက်သည်။
မုန့်ချဲ့ဝေက တစ်ဖက်လူကို တည်ငြိမ်စွာ ကြည့်နေပြီး ဘာမှ မပြောခဲ့ပေ။
တစ်ခဏချင်းမှာပင် ချင်းတိုက်က ချွေးစေးများ ထွက်လာခဲ့သည်။
သူတို့အားလုံး သခင်မလေးရဲ့ အသုံးချခံ ဖြစ်သွားကြပြီ။
ပါရမီရှင်သစ်က ပြိုင်ဘက်ကင်း ပါရမီရှင်ရဲ့ ကံကြမ္မာကို ခံစားမိတာကလည်း သခင်မလေးရဲ့ နည်းလမ်း ဖြစ်နိုင်တယ်။
ပြီးတော့ အင်မော်တယ် ဂိုဏ်းက အရင်က သောင်းကျန်းခဲ့တာကို လွှတ်ထားပြီး သူတို့ကို အဖြေတစ်ခု ပေးဖို့ လိုအပ်တယ်လို့ ထင်အောင် လုပ်လိုက်တာပဲ။
အရာအားလုံးက အစီအစဉ်တကျ ဖြစ်သွားပြီ။
ဒါပေမယ့် ကြိုတင် သတ်မှတ်ချက် တစ်ခု ရှိတယ် အဲဒါက ကျီးကန်းတံတားကို အသုံးပြုပြီး ထွက်သွားတာ တကယ်ပဲ သခင်မလေး မဟုတ်ဘူးဆိုတာပဲ။
အဲဒါ သခင်မလေး မဟုတ်ရင် သခင်မလေးက ဘယ်လိုလုပ်ပြီး အိမ်ထောင်ကျသွားတာလဲ။
ချင်းတိုက်က နည်းနည်း ဇဝေဇဝါ ဖြစ်လာတယ်။
ဒါပေမယ့် မိသားစုက တိုက်ရိုက်မျိုးဆက် အမျိုးသမီးတွေကို အပြင်ထွက်ခွင့် ပြုလိုက်တာနဲ့ သခင်မလေးကလည်း သေချာပေါက် လိုက်သွားမှာပဲ။
ဒီသတင်းကို အကြီးအကဲတွေ သိသွားရင်။
သူတို့ ညဘက် အိပ်မပျော်နိုင်အောင် ဖြစ်သွားကြမှာပဲ။
ပါရမီရှင်သစ်ဘက်က တိုးတက်မှု နည်းနည်း နှေးပါစေလို့ပဲ မျှော်လင့်ရတော့မယ်၊ အဲဒီ ကျန်းမန်ဆိုတဲ့ ကောင်လေးကလည်း ပါရမီကို ဆက်မပြပါစေနဲ့လို့တောင် မျှော်လင့်မိတယ်။
မဟုတ်ရင် ဒုက္ခရောက်မှာက သူတို့ပဲလေ။
ပွဲကြည့်ရင်း ကိုယ်တိုင် ပါသွားလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။
အနာဂတ် တစ်နေ့မှာ ပါရမီရှင်သစ်က သခင်မလေးကို သူ ကိုယ်တိုင် စီစဉ်ပြီး အပြင်ပို့လိုက်မှန်း သိသွားရင် ဘယ်လို မျက်နှာထားမျိုး ဖြစ်သွားမလဲ မသိဘူး။
ဟူး
ချင်းတိုက်က စိတ်ထဲမှာ သက်ပြင်းချလိုက်တယ်။
ပါရမီရှင်သစ်ကတော့ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။
ပြန်လာရင်လည်း အကြီးအကဲတွေက သတ်ပစ်မှာ သေချာတယ်။
နောက်ဆုံးမှာ ချင်းတိုက်က လက်ဖက်ရည် တစ်ခွက် ငှဲ့ကာ ကမ်းပေးလိုက်သည်။
"သခင်မလေး လက်ဖက်ရည် သုံးဆောင်ပါဦး"
————
တာဝန်ကို လက်ခံရရှိချိန်တွင် ကျန်းမန် ခေါင်းရှုပ်သွားခဲ့သည်။
ဝိညာဉ်ကျောက်တုံး ပေးပြီး အိပ်ခိုင်းတာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ထို့အပြင် တစ်နာရီ (တစ်ရက်) လောက်ဆိုရင် လုံလောက်ပြီတဲ့။
တစ်နာရီ အိပ်ရုံနဲ့ ဝိညာဉ်ကျောက်တုံး ငါးထောင် ရမယ်တဲ့။
အရင်တုန်းက ယွင်ချန်ဌာနခွဲ မှာဆို တစ်နာရီမှ ဝိညာဉ်ကျောက်တုံး ဆယ်ဂဏန်းလောက်ပဲ ရတာကို ပြန်တွေးမိတယ်။
အမြတ်ကြီးဟ ……. အမြတ်ပဲ
အကယ်၍ နေ့တိုင်းသာ ဒီလို ရှိနေရင် နောက်ပိုင်း ဝိညာဉ်ကျောက်တုံး လိုပါဦးမလား။
ရွှေအမြုတေ အဆင့်တောင် လက်တစ်ကမ်းမှာပဲ ရှိတော့တယ်။
တစ်ဖက်လူက ငါးထောင်လို့ ပြောလိုက်တဲ့ အချိန်မှာ ဈေးတောင် မဆစ်ရဲဘူး နည်းနည်းများသွားရင် တစ်ဖက်လူက သဘောမတူမှာ စိုးလို့။
"ဒါဆို မင်း ဒီည အိပ်မှာပေါ့"
နွားဝါကြီးက မေးလိုက်သည်။
"ဝိညာဉ်ကျောက်တုံးလည်း ယူထားပြီးပြီဆိုတော့ ဒါက အလုပ်ပဲလေ"
ကျန်းမန်က ပြန်ဖြေလိုက်သည်။
အလုပ်လုပ်တယ်ဆိုတာ ပိုကောင်းကောင်း ကျင့်ကြံနိုင်ဖို့အတွက်ပဲလေ။
ဝိညာဉ်ကျောက်တုံး ငါးထောင်က သူ့ကို ထက်ဝက်စိုက်ထုတ်ရုံနဲ့ နှစ်ဆ အကျိုးရစေနိုင်တယ်။
မဟုတ်ရင် ချန်ချီဝမ် နောက်ထပ် အကြိမ်အနည်းငယ် လာရင် သူ ဘယ်လို ဖြေရှင်းရမလဲ။
မနေ့က ချန်ချီဝမ် လာပြီး ငွေတောင်းခံလွှာ ပေးတုန်းကတော့ သူ မထင်ထားခဲ့ဘူး။
ဂိုဏ်းက တကယ်ပဲ မျက်နှာမလိုက်ဘူး အတိုးပါ ပြန်တောင်းသေးတယ်။
တတိယခြံဝင်းငယ်ရဲ့ ပထမနေရာကိုတောင် အတိုး မလျှော့ပေးဘူး။
ဒါပေမယ့် ချန်ချီဝမ်က ပြောတယ်၊ သူ့ကို လုပ်ပိုင်ခွင့် ပေးထားလို့ ရတယ်တဲ့ နောက်တစ်ခါ အချိန်ကျလို့ လူမရှိရင် သူ ကူပြီး ပေးပေးမယ်တဲ့။
လူကောင်းပဲ….
အကယ်၍ နောက်ပိုင်းမှာ အတိုး တစ်ဝက် ယူမယ်လို့ မပြောခဲ့ရင် သူက ပိုပြီး လူကောင်း ဖြစ်မှာပဲ။
မူလက သူ့မှာ လက်ကျန် ဝိညာဉ်ကျောက်တုံး နှစ်သောင်း ရှိတယ် သုံးလစာ ရင်းနှီးမြှုပ်နှံမှုက တစ်သောင်းရှစ်ထောင် အခု ငါးထောင် ထပ်ပေါင်းပြီး ခြောက်ထောင် နုတ်လိုက်တော့။
သုံးသောင်းခုနစ်ထောင် ကျန်သေးတယ်။
ညနက်ပိုင်း
ကျန်းမန်က ညရှုခင်းကို ကြည့်ကာ တစ်ခါမှ မအိပ်ဖူးသော ကုတင်ပေါ်တွင် လဲလျောင်းပြီး အိပ်ရန် ပြင်ဆင်နေသည်။
အချိန်အကြာကြီး မအိပ်ခဲ့ရသဖြင့် အနည်းငယ် အဆင်မပြေ ဖြစ်နေသည်။
သူ၏ ခေါင်းထဲတွင် အလိုအလျောက် အရင်က သင်ယူခဲ့သည်များကို ပြန်လည် နွှေးနေမိသည်။
ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို အိပ်လိုက်ရတာက အချိန်ဖြုန်းလွန်းတယ်လို့ ခံစားနေရသည်။
ကျင့်ကြံမှု အဆင့်က ဒီလောက်တောင် မြင့်နေပြီ ဘယ်လိုလုပ်ပြီး အိပ်ပျော်မှာလဲ။
ဒါပေမယ့် အိပ်ပျော်တာနဲ့ ဝိညာဉ်ကျောက်တုံး ငါးထောင် ရမယ်ဆိုတာကို တွေးမိတော့ ကျန်းမန်က အိပ်ပျော်နိုင်တယ်လို့ ထင်လိုက်သည်။
ဒါပေမယ့် ထိုရုပ်တုကိုလည်း သူ ကိုင်ထားခဲ့သည်။
သေချာပေါက် သွေးတစ်စက် ချလိုက်သည်။
လုပ်ငန်းစဉ် တစ်လျှောက်လုံး နွားဝါကြီးက အတူရှိနေပြီး ပြဿနာရှိပါက ချက်ချင်း တုံ့ပြန်မည် ဖြစ်သည်။
ထို့နောက် နွားဝါကြီးက ကျန်းမန် အိပ်ပျော်သွားသည်ကို ကြည့်နေခဲ့သည်။
မကြာမီမှာပင် ရုပ်တုတွင် တစ်စုံတစ်ခု ပြိုကွဲသွားသကဲ့သို့ ဖြစ်သွားသည်။
ကျန်းမန်၏ ခန္ဓာကိုယ်မှလည်း မြူခိုးများ ထွက်ပေါ်လာခဲ့သည်။
နွားဝါကြီးက မြက်စားရင်း အနည်းငယ် အံ့သြသွားသည်။
"အရမ်းကို သေသပ်တဲ့ နည်းလမ်းပဲ ကြည့်ရတာ မိစ္ဆာနတ်ဘုရား ကိုယ်တိုင် ဖြန့်ကြက်ထားတာ မဟုတ်ဘဲ နတ်ရတနာ တစ်ခုခုဆီကနေ ဖြတ်ယူထားတာ ဖြစ်ရမယ်"
နွားဝါကြီးက ကြည့်နေသော်လည်း သိပ်ပြီး ဂရုမစိုက်လှပေ။
လောလောဆယ်အထိတော့ ကျန်းမန်ကို ယုံကြည်မှုရှိရှိ ပြန်ဆွဲခေါ်နိုင်စွမ်း ရှိသည်။
ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ ဖော်ပြရလိမ့်မယ်။
တစ်ခါ လှုပ်ရှားလိုက်တာနဲ့ သူတို့ ဂိုဏ်းထဲမှာ ဆက်နေလို့ မရတော့ဘူး။
အရင်က ကျန်းမန် မိစ္ဆာနတ်ဘုရားနဲ့ ထိတွေ့တုန်းက ဘာမှမဖြစ်တာက သူ ထိတွေ့ခဲ့တာ သေနေတဲ့ မိစ္ဆာနတ်ဘုရား ဖြစ်နေလို့ပဲ။
သေနေတဲ့ မိစ္ဆာနတ်ဘုရားက အန္တရာယ် မကြီးဘူး ထိန်းချုပ်လို့ရတယ်၊ လေ့လာလို့ရတယ်၊ အသုံးချဖို့ ကြိုးစားလို့ ရတယ်။
ဒါပေမယ့် သူကတော့ အကောင်းပကတိ ရှင်သန်နေသေးတာလေ။
အင်မော်တယ် ဂိုဏ်းက လက်ခံမှာ မဟုတ်ဘူး။
ယခုအချိန်တွင် ကျန်းမန် အိပ်ပျော်သွားပြီ ဖြစ်သော်လည်း မကြာမီမှာပင် ပြန်နိုးလာခဲ့သည်။
သို့သော် မိမိ၏ အဆောင်တွင် မဟုတ်ဘဲ မှောင်မိုက်သော မြူခိုးများထဲတွင် ရောက်ရှိနေခြင်း ဖြစ်သည်။
သူ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ရှေ့တွင် မီးရောင် ရှိနေသည်ကို တွေ့လိုက်ရသည်။
သိချင်စိတ် အနည်းငယ်ဖြင့် သူ ရှေ့သို့ လျှောက်သွားခဲ့သည်။
အိပ်ပျော်သွားတာနဲ့ ဒီလို ပြောင်းလဲသွားနိုင်တာက ထင်မှတ်မထားစရာပဲ။
မကြာမီ သူသည် မြူခိုးများကို ဖောက်ထွက်လာပြီး ဟောင်းနွမ်းနေသော ဘုရားကျောင်း တစ်ခုကို တွေ့လိုက်ရသည်။
ရိုးရှင်းပြီး သာမန်ပါပဲ။
ဒါပေမယ့် အထဲမှာ ဖယောင်းတိုင်မီးလေးက လှုပ်ခါနေတယ်။
ဘယ်အချိန်ဖြစ်ဖြစ် ငြိမ်းသွားမယ့်ပုံပဲ။
အထဲရောက်သွားတော့ အလယ်က ယဇ်ပလ္လင်ပေါ်မှာ ရုပ်တုတစ်ခု တင်ထားတာကို ကျန်းမန် တွေ့လိုက်ရတယ်။
သူ ရထားတဲ့ ရုပ်တုလေးနဲ့ တစ်ပုံစံတည်းပဲ။
"ဒါက မိစ္ဆာနတ်ဘုရားလား"
ကျန်းမန်ကတော့ မအံ့သြပါဘူး သူ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ရုပ်တုအောက်မှာ စာလုံးတချို့ ရေးထားတာကို တွေ့လိုက်ရသည်။
လင်းဟွာ မိစ္ဆာနတ်ဘုရား
"ဒါက မိစ္ဆာနတ်ဘုရားရဲ့ နာမည်လား"
ကျန်းမန် ပထမဆုံး ကြားဖူးခြင်း ဖြစ်သည်။
ဒါပေမယ့် နွားဝါကြီးရဲ့ နာမည်က ဘာလဲဆိုတာ သူ အနည်းငယ် သိချင်မိသည်။
ထို့နောက် ပတ်ဝန်းကျင်ကို ထပ်ပြီး အကဲခတ်လိုက်သည်။
ဒီနေရာက သိပ်မကျယ်ပါဘူး၊ ကျန်းမန်က ကျောက်စာတိုင် တစ်ခုကို မြန်မြန်ပဲ တွေ့လိုက်ရတယ်။
အပေါ်မှာ စာတိုချန်ခဲ့နိုင်သည် ဆိုတဲ့ စာလုံးလေးတွေ ရေးထားတယ်။
ကျန်းမန် အနည်းငယ် အံ့သြသွားတယ် ဒီလို လုပ်ဆောင်ချက်မျိုး ပါမယ်လို့ မထင်ထားဘူးလေ။
အနည်းငယ် စဉ်းစားပြီးနောက် သူ့ရဲ့ အချက်အလက်တွေကို ချန်ထားခဲ့ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီနေရာမှာ မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားဖို့က အလွန် အရေးကြီးပေလိမ့်မည်။
ဒါပေမယ့် ကျန်းမန်က သူတို့နဲ့ အချိန်ဆွဲနေဖို့ အချိန်မရှိဘူးလေ။
ဒါကြောင့် သူက ဒီလို စာတစ်ကြောင်း ရေးခဲ့တယ်
ဝူယွင်ဂိုဏ်း၊ ယွန်းရှာတောင်ထွတ် သတ္တမခြံဝင်းငယ်က ကျန်းမန်၊ ကိစ္စရှိရင် ငါ့ကို ရှာလိုက်
ရှင်းလင်းပြတ်သားတယ်။
ဒါကြောင့် လာရှာတဲ့သူက သေချာပေါက် မိစ္ဆာနတ်ဘုရားရဲ့ လက်အောက်ငယ်သားပဲ ဖြစ်ရမယ်။
ကိုယ် လုပ်ရမှာကတော့ ရိုးရှင်းသွားပြီပေါ့။
ဘယ်လောက် ရနိုင်မလဲ ဆိုတာကတော့ ပြောရခက်တယ်။
ကိုယ် သစ္စာဖောက်တယ်ဆိုတာ သူတို့ သိသွားရင် ပိုကောင်းတာပေါ့။
တစ်ခုက ကိုယ်နဲ့ ဝေးဝေးနေမယ် မဟုတ်ရင် ကိုယ့်ကို လာပြီး ဆုံးမလိမ့်မယ်။
အကုန်လုံးက အကျိုးရှိတာချည်းပဲ။
သေချာတာပေါ့ ဒီကိစ္စကို သူ နွားဝါကြီးနဲ့ တိုင်ပင်ထားပြီးပြီ။
နွားဝါကြီးက မငြင်းဘူးဆိုတော့ လုံခြုံရေးအတွက် အာမခံချက် ရှိတယ်ဆိုတဲ့ သဘောပဲ။
ဒီအချိန်မှာ နွားဝါကြီးက ငြင်းမယ်ဆိုရင်တော့ သူ တကယ်ပဲ နားထောင်မှာပါ။
ပြိုင်ဘက်ကင်း ပါရမီရှင်က အသက်ငယ်သေးတယ်လေ။
အရင်က ဘာမှ မကြောက်တာက မိစ္ဆာနတ်ဘုရား အဖွဲ့အစည်းထဲ မဝင်ရသေးလို့ သက်ရောက်မှု သိပ်မရှိတာ။
အခုက ဒီနေရာကို ရောက်လာရုံတင်မကဘူး ကိုယ့်နာမည်ကိုပါ ရေးခဲ့တာ။
ဒါဆို သဘောသဘာဝ ပြောင်းသွားပြီပေါ့။
ဒီစာလုံးတွေကို ရေးပြီးသွားတော့ ကျန်းမန်က တစ်ယောက်ယောက် ဝင်လာမလားဆိုတာ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
သေချာတာပေါ့ သေချာ ကျင့်ကြံဖို့လည်း လိုသေးတယ်။
ဒီလိုနဲ့ ကျန်းမန်က စောင့်နေရင်း ကျင့်ကြံနေလိုက်တယ်။
မကျင့်ကြံကြည့်ရင် မသိဘူး ကျင့်ကြံလိုက်တော့ သူ ဆွံ့အသွားတယ်။
ပတ်ဝန်းကျင်က အရှိန်အဝါတွေ ခန္ဓာကိုယ်ထဲ စီးဝင်လာတာကို သူ ခံစားလိုက်ရတယ် ဆေးလုံးစားလိုက်ရသလိုမျိုးပဲ။
စိတ်အာရုံမှာ မြူခိုးတွေ ဖုံးလွှမ်းသွားတယ်လို့ ခံစားရပေမယ့် တိုးတက်လာတာက မျက်စိနဲ့တောင် မြင်နေရတယ်။
"နေရာကောင်းပဲ"
ကျန်းမန် မသိမသာ ရေရွတ်လိုက်မိသည်။
မနှောင့်နှေးရဲဘဲ စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်ကို လည်ပတ်ပြီး စိတ်အာရုံကို သန့်စင်လေတော့သည်။
တစ်ကြိမ်ပြီး တစ်ကြိမ်……
အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးသွားတာနဲ့အမျှ အပြင်ဘက်က မြူခိုးတွေ နည်းသွားတယ်လို့ ကျန်းမန် ခံစားလိုက်ရသည်။
ဖယောင်းတိုင်မီးက ပိုပြီး လင်းလာသည်။
တစ်နာရီ အကြာမှာ ကျန်းမန် ကျင့်ကြံခြင်းကို ရပ်လိုက်တယ် ဒီနေရာကနေ ထွက်ခွာရတော့မယ်လို့ သူ ခံစားလိုက်ရတယ်။
နည်းနည်း နှမြောစရာပဲ။
ထို့နောက် သူ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
မကြာမီ သူ မျက်လုံးဖွင့်လာခဲ့သည်။
ကောင်းကင်ယံက အရင်အတိုင်းပဲ ကြယ်တွေ ပြည့်နေတုန်းပဲ။
နွားဝါကြီးက "ဘာတွေ မြင်ခဲ့လဲ" ဟု မေးလိုက်သည်။
"အဝါကြီး မသိဘူးလား"
ကျန်းမန်က ထိုင်လိုက်ပြီး နွားဝါကြီးကို ကြည့်ကာ မေးလိုက်သည်။
"ဒါက မိစ္ဆာနတ်ဘုရားရဲ့ နည်းလမ်း မဟုတ်ဘူး တစ်ဖက်လူက နတ်ရတနာ တစ်ခုခုဆီကနေ ရထားတာ ဖြစ်ရမယ် အတော်လေး စွမ်းတယ်"
နွားဝါကြီးက မြက်စားရင်း ပြောလိုက်သည်။
ထို့ကြောင့် ကျန်းမန်က အသေးစိတ် ပြောပြလိုက်သည်။
"အမှောင်မြူခိုးတွေထဲက ဟောင်းနွမ်းနေတဲ့ ဘုရားကျောင်း တစ်ခု ဟုတ်လား ပြီးတော့ ဖယောင်းတိုင်မီး လား"
နွားဝါကြီးက ခဏလောက် စဉ်းစားပြီးနောက် မေးလိုက်သည်။
"တခြားလူတွေ မရှိဘူးလား"
"မရှိဘူး ဒါပေမယ့် ကျောက်စာတိုင် တစ်ခုတော့ ရှိတယ် စာတိုချန်ထားလို့ ရတယ်"
ကျန်းမန်က အားလုံးကို အမှန်အတိုင်း ပြောပြလိုက်သည်။
ထို့နောက် "အဲဒါက ဘယ်လိုနေရာမျိုးလဲ" ဟု မေးလိုက်သည်။
"ထူးခြားတဲ့ နေရာပဲ အင်မော်တယ် ဂိုဏ်းက အုပ်ချုပ်မှု မစခင်ကတည်းက ရှိနေတဲ့ နေရာဖြစ်ရမယ် ပြီးတော့ ဝင်ဖို့ အရမ်းခက်တဲ့ အမျိုးအစား မဟုတ်ရင် အင်မော်တယ် ဂိုဏ်းရဲ့ အုပ်ချုပ်မှုက အဲဒီထဲကို ရောက်သွားတာ ကြာလှပေါ့"
နွားဝါကြီးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
သူက ခေါင်းငုံ့ပြီး မြက်တစ်ကိုက် ကိုက်လိုက်ကာ ဆက်ပြောသည်။
"ဒါဆို မင်း ကိုယ့်နာမည်ကို ချန်ထားခဲ့တာပေါ့"
ကျန်းမန်က ခေါင်းငြိမ့်ပြလိုက်သည်။
နွားဝါကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းက တကယ်ပဲ လူတွေ လာရှာမှာကို မကြောက်တာပဲ"
ကျန်းမန် အံ့သြသွားပြီး ဖြေလိုက်သည်။
"မအိပ်ခင်တုန်းက ငါတို့ ဆွေးနွေးခဲ့ကြတယ် မဟုတ်လား မင်းလည်း မငြင်းဘူးလေ"
"မင်း ပြောတော့ မိစ္ဆာနတ်ဘုရားရဲ့ လက်အောက်ငယ်သား ဖြစ်ရတာက မင်းလို ပြိုင်ဘက်ကင်း ပါရမီရှင်လောက် မကောင်းဘူးဆို"
"အဲဒါက မင်း ရင်ဆိုင်နိုင်တယ်လို့ သဘောတူလိုက်တာ မဟုတ်ဘူးလား"
နွားဝါကြီးက မြက်စားရင်း ကျန်းမန်ကို ကြည့်ကာ တိတ်ဆိတ်နေခဲ့သည်။
ကျန်းမန်လည်း မြက်စားနေသော နွားဝါကြီးကို ကြည့်ကာ တိတ်ဆိတ်နေခဲ့သည်။
နောက်ဆုံးတွင် ကျန်းမန်က သွားကြိတ်ကာ ပိုပြီး ကြိုးကြိုးစားစား ကျင့်ကြံလေတော့သည်။
မနက်ဖြန် ဆေးလုံးတွေ သွားဝယ်ပြီး အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်ကို မြန်မြန် တက်လှမ်းဖို့ သူ ဆုံးဖြတ်လိုက်တယ်။
မိုးလင်းတာနဲ့ ကျန်းမန်က စာတစ်စောင် ရေးပြီး အခန်းထဲမှာ ထားခဲ့တယ်၊ ရန်ချန်းတို့က သူတို့ဘာသာ လာယူကြလိမ့်မယ်။
မနေ့က မြင်ခဲ့သမျှ အကုန်လုံးကို သူ အဲဒီထဲမှာ ရေးထည့်လိုက်တယ်။
သေချာတာပေါ့ သူ အထဲမှာ ကျင့်ကြံခဲ့တာကိုတော့ မပြောပါဘူး။
အိပ်ပျော်တာက ကျင့်ကြံဖို့ မထိခိုက်ဘူးဆိုတာကို သူတို့ သိသွားရင် ဝိညာဉ်ကျောက်တုံး ငါးထောင်ကို သူ ဆက်ရဖို့ မလွယ်တော့ဘူးလေ။
သေချာတာပေါ့ စိတ်အာရုံမှာ မြူခိုးတွေ ဖုံးလွှမ်းသွားတယ်၊ မှောင်မိုက်တယ်၊ ကြောက်စရာ ကောင်းတယ် ဆိုတာတွေတော့ ပြောရမှာပေါ့။
ဝင်သွားရတဲ့ ဆိုးကျိုးတွေကို ပိုပြောရမယ်။
ဒါမှ နောက်တစ်ခါဆို ငါးထောင်မက ရမှာ။
နောက်ထပ် ဝင်ရဖို့ကတော့ ဘယ်တော့မှန်း မသိဘူး ရုပ်တုမှာ စွမ်းအင် မရှိတော့တဲ့ပုံပဲ။
ဆက်ပြီး စုဆောင်းရဦးမယ် အချိန်ဘယ်လောက် ယူရမလဲတော့ မသိဘူး။
ရန်ချန်းတို့က စာအိတ်ထဲက အကြောင်းအရာကို မြင်တော့ အတော်လေး လန့်သွားလေသည်။
ကျန်းမန်က တတိယခြံဝင်းငယ်ရဲ့ ပထမနေရာလေ။
ပထမနေရာက ဒီကိစ္စကြောင့် ပျက်စီးသွားမယ်ဆိုရင် သူတို့အတွက်လည်း ပြဿနာကြီးပဲ။
မိစ္ဆာနတ်ဘုရား ကိစ္စကို သေချာ မလုပ်နိုင်တာက ဘာမှမဖြစ်ပေမယ့် သမိုင်းတစ်လျှောက် အစွမ်းအထက်ဆုံး ပထမနေရာကို ဒုက္ခပေးမိရင်တော့ ပြဿနာ ရှိပြီပေါ့။
သူက ညမအိပ်ဘဲ ရတဲ့ ပထမပဲဖြစ်ဖြစ်၊ ဆေးလုံးစားပြီး ရတဲ့ ပထမပဲဖြစ်ဖြစ် အဲဒါက တရားဝင် ပထမနေရာပဲလေ။
ပထမနေရာရဲ့ ဂုဏ်သတင်းက ဘယ်လိုပဲဖြစ်ဖြစ် တောက်ပနေတာပဲ။
ယွန်းရှာတောင်ထွတ် က ပထမနေရာကို မကာကွယ်နိုင်ဘူးလား။
ဂိုဏ်းက အပြင်ဂိုဏ်းရဲ့ ပထမနေရာကို ဒုက္ခပေးနေတာလား။
အဲဒါဆို ပြဿနာ အကြီးကြီး တက်မှာ။
ရန်ချန်းက အတော်လေး ခံစားချက်ဖြင့် ပြောလိုက်သည်။
"ကြည့်ရတာ ဒီကိစ္စက လောလို့ မရဘူး ဖြည်းဖြည်းချင်းပဲ လုပ်ရမယ် ဒါပေမယ့် အဲဒီ အမှောင်ထဲက ဘုရားကျောင်းကတော့ ပထမဆုံး တွေ့ဖူးတာပဲ"
"ငါ အစီရင်ခံစာ ရေးလိုက်မယ် မင်း ကျန်တဲ့ လေးသောင်းငါးထောင်ထဲကနေ ငါးထောင် ထုတ်ပြီး ဆေးလုံးတချို့ ဝယ်ပြီး သွားပေးလိုက်ပါ"
"စိတ်အာရုံ ထိခိုက်တာက အရေးကြီးတဲ့ ကိစ္စမို့ လောလောဆယ် အိပ်ပျော်ခိုင်းဖို့ မလောသေးဘူးလို့ သွားပြောလိုက်"
ညနေပိုင်း…..
စိတ်တည်ငြိမ်ဆေးလုံး ဆယ်လုံး ရလိုက်လို့ ကျန်းမန် အရမ်း ပျော်သွားတယ် ဒါပေမယ့် တစ်ဖက်လူက စိတ်အာရုံ ထိခိုက်တာက အရေးကြီးတဲ့ ကိစ္စမို့ အချိန်တိုအတွင်းတော့ သူ့ကို ထပ်အိပ်ခိုင်းပြီး အဲဒီနေရာကို သွားခိုင်းမှာ မဟုတ်ဘူးလို့ ပြောလိုက်တယ်။
ကျန်းမန် လည်ပင်းမှာ အရိုးစူးသွားသလို ခံစားလိုက်ရတယ်။
သက်ရောက်မှုတွေကို လွန်လွန်ကျူးကျူး ရေးမိသွားတယ်။
စိတ်အာရုံ ထိခိုက်တာ အရမ်းကြီးမားပေမယ့် သူ့ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ဆေးလုံးတွေ အများကြီး စားပြီး တောင့်ခံထားနိုင်တယ်လို့ ရေးလိုက်ရမှာကို…….
ဒါပေမယ့် ပို့ပြီးသား စာက ပြင်လို့မှ မရတော့တာ။
ဒီအဆင်မပြေမှုကို ကိုယ်တိုင်ပဲ မျိုချရတော့မှာပေါ့။
ထို့နောက် ကျန်းမန် ဆက်မတွေးတော့ပေ။
အခုက ဇန်နဝါရီလ အစဆိုတော့ နှစ်ပတ်လည် စာမေးပွဲအထိ ခြောက်လကျော်လောက်ပဲ ကျန်တော့တယ်။
သူ့ရဲ့ ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းတွေရဲ့ နှစ်ပတ်လည် စာမေးပွဲ ရလဒ်က မထွက်သေးဘူး။
အကယ်၍ စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ ခြံဝင်းတွေကိုပဲ ဝင်ခွင့်ရမယ်ဆိုရင် အချိန်တွေ အရမ်း ဖြုန်းရာကျလိမ့်မယ်။
ဆရာမယန် အပေါ်မှာပဲ မူတည်တော့တယ်။
————
ယွန်းရှာတောင်ထွတ်၏ အခြားနေရာ တစ်ခု။
ပိုင်ဖန်သည် တွမ့်ဝူ၊ ကျန်းယင်းချိုက် တို့နှင့် တွေ့ဆုံခဲ့သည်။
"ဘာဖြစ်လို့လဲ ကျန်းမန်ရဲ့ သတင်းအသစ် ရပြီလား"
ကျန်းယင်းချိုက်က မေးလိုက်သည်။
ကျန်းမန်က တတိယခြံဝင်းငယ်ရဲ့ ပထမနေရာ ဖြစ်သွားတဲ့အတွက် သူတို့က တစ်ဖက်လူဟာ နံပါတ် ၂၁၀ ဆိုတာ လုံးဝ သေချာသွားခဲ့ပြီ။
ထို့အပြင် ရောင်းချခဲ့သော သတင်းများကို မည်သူကမျှ အပြစ်မတင်ရဲကြပေ။
အဘယ်ကြောင့်ဆိုသော် ကျန်းမန်၏ စွမ်းဆောင်ရည်က အလွန် အံ့မခန်း ဖြစ်နေသောကြောင့်ပင်။
သူက ညမအိပ်ဘဲ ကျင့်ကြံပေမယ့်……..
ဒါပေမယ့် ပထမဆိုတာ ပထမပဲလေ မင်း သူ ညအိပ်အိပ် မအိပ်အိပ် ဘာသွားဂရုစိုက်နေမှာလဲ။
ဘာပဲဖြစ်ဖြစ် သူ ရွှေအမြုတေ အဆင့် မတက်ခင်အထိတော့ သူက ပထမပဲ။
အဆင့်တက်ဖို့ ကျရှုံးသွားရင်တောင် အခုချိန်မှာတော့ သူက ပထမပဲဖြစ်ပြီး တခြားလူတွေကို ဖိနှိပ်ထားနိုင်တုန်းပဲ။
"မကြာသေးခင်က နှစ်ပတ်လည် စာမေးပွဲအတွက် စတင် စီစဉ်နေပြီ"
ပိုင်ဖန် က ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ တွမ့်ဝူက ဖျောင်းဖျလိုက်သည်။
"ကိစ္စမရှိပါဘူး မင်းရဲ့ အခြေခံက ကောင်းပါတယ် မှော်ပညာရပ်တွေ အကုန်လုံးလည်း ကျွမ်းကျင်နေပြီ ကျင့်ကြံမှု အဆင့်က သိပ်မကွာပေမယ့် မင်းမှာ အားသာချက် အများကြီး ရှိတယ်"
"သူနဲ့ တွေ့ရင်တောင် မယှဉ်နိုင်ဘူးလို့ ပြောလို့မရပါဘူး"
ကျန်းယင်းချိုက် က ခေါင်းငြိမ့်ပြသည်။
"ငါတို့ အခုက တတိယခြံဝင်းမှာဆိုတော့ သူတို့နဲ့ မတွေ့နိုင်တာ နည်းနည်းတော့ နှမြောစရာပဲ"
ပိုင်ဖန် က သူတို့ကို ကြည့်ကာ "တကယ်ပဲ နှမြောတာလား" ဟု မေးလိုက်သည်။
သူတို့နှစ်ယောက်က ခေါင်းငြိမ့်ပြကြသည်။
"မင်းတို့လည်း ကျန်းမန်နဲ့ တွေ့ချင်တာလား"
ပိုင်ဖန် က ထပ်မေးလိုက်သည်။
သူတို့နှစ်ယောက်က ခေါင်းငြိမ့်ပြကြပြန်သည်။
နောက်ဆုံးတွင် ပိုင်ဖန် က ပြုံးလိုက်သည်။
"ဒါဆိုရင်တော့ မင်းတို့ရဲ့ ဆန္ဒ ပြည့်ဝတော့မှာပဲ ကျန်းမန်ရဲ့ သင်ကြားရေး ဆရာမက သူ့အတွက် ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းတွေရဲ့ နှစ်ပတ်လည် စာမေးပွဲ ဝင်ခွင့်ကို လျှောက်ထားပေးတယ်လို့ ငါ ကြားတယ်"
"အထက်က အကဲဖြတ်တာပဲ ကျန်တော့တယ်"
တစ်ခဏချင်းမှာပင် သူတို့နှစ်ယောက် ဆွံ့အသွားခဲ့ကြသည်။