← Chapters

အခန်း ၅၇၁

Vol. 39 Ch. 571

အခန်း ၅၇၁

Vol. 39 Ch. 571

အခန်း (၅၇၁) အားလပ်ချိန်လေးကို ခိုးယူခြင်း

ဆောင်းရာသီ၏ နှင်းခဲများ အရမည်ပျော်မီကတည်းက ဆုမိုသည် သူ၏ ခရီးစဉ်ကို စတင်ခဲ့ခြင်း ဖြစ်၏။ ယခုအခါ မျက်စိတစ်မှိတ်အတွင်း၌ပင် ဆောင်းဦးရာသီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သူ့ကို မတွေ့ရသည်မှာ အလွန်ကြာမြင့်နေပြီ ဖြစ်ရာ ယခုကဲ့သို့ ရုတ်တရက် ပြန်လည်ဆုံတွေ့ရချိန်တွင် ယန်ရှောင်ယွင်၏ မျက်ဝန်းအိမ်များထဲ၌ ဆုမို၏ ပုံရိပ်များဖြင့်သာ ပြည့်နှက်နေတော့၏။ သူမသည် အကြည့်များကို တစ်ခဏမျှပင် လွှဲဖယ်ပစ်ရန် ဆန္ဒမရှိချေ။

သို့သော်ငြားလည်း သူမသည် သာမန် အမျိုးသမီးတစ်ဦး မဟုတ်ပေ။ သူ့ကို အချိန်တိုလေးတစ်ခုမျှသာ စိတ်တိုင်းကျ ငေးကြည့်ပြီးနောက် သူမ၏ အကြည့်များကို ဆုမို၏ အနောက်ဘက်ဆီသို့ အတင်းအကြပ် ရွှေ့ပြောင်းလိုက်လေသည်။ ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားပြီး သူမက လွှတ်ခနဲ ရေရွတ်လိုက်၏။

"ဟင်... ဘာလို့ လူတွေ ဒီလောက် အများကြီး ဖြစ်နေရတာလဲ"

သူမ ထွက်ခွာလာစဉ်က ဇီယန် အာမခံဌာနမှ လူများသာ ပါဝင်ခဲ့သော်လည်း၊ ယခု အနောက်သို့ လှည့်ကြည့်လိုက်သောအခါ မြင်းများ၊ ဝေါယာဉ်များပေါ်တွင် လူပေါင်း (၁၀၀) ထက်မနည်း ရှိနေသည်ကို တွေ့လိုက်ရသည်။ အများစုမှာ သူမ တစ်ခါမျှ မမြင်ဖူးသော မျက်နှာစိမ်းများသာ။ ထိုသူများ မည်သူမည်ဝါဖြစ်ကြောင်းကို ဆက်လက် စူးစမ်းမနေတော့ဘဲ သူမသည် ဆုမိုအား ဝေဇီယီနှင့် အဖွဲ့သားများ ရှိရာသို့ အလျင်အမြန် ဆွဲခေါ်သွားလိုက်တော့၏။ သူမက လက်နှစ်ဖက်အား ပူးဆုပ်ကာ နှုတ်ဆက်လိုက်သည်။

"သခင်မလေးဝေ... မတွေ့ရတာ ကြာပြီနော်"

မြင်းပေါ်မှ ဆင်းသက်ပြီးဖြစ်သော ဝေဇီယီက ထိုစကားကို ကြားသောအခါ တခစ်ခစ် ရယ်မောလျက် ပြန်လည် တုံ့ပြန်လိုက်၏။

"အစ်မယန်... ရှင်က အရင်ကထက်တောင် ပိုလှလာပါလား... ခေါင်းဆောင်ဆု လည်း အခုဆို သူ ရှိရမယ့် နေရာကို ပြန်ရောက်လာပြီလေ... စိတ်ချပါ အစ်မရယ်... ဒီခရီးစဉ် တစ်လျှောက်လုံး သူ ဟိုဟိုဒီဒီ မပရောပရည် လုပ်နိုင်အောင် ကျွန်မ သေချာ စောင့်ကြည့်ပေးထားပါတယ်"

"ဒါဆိုရင်တော့ သခင်မလေးဝေ ကို ငါ ကျေးဇူးတင်ရမှာပေါ့"

ယန်ရှောင်ယွင်က ဂရုမစိုက်သယောင် ဟန်ဆောင်လိုက်ရင်း ဆက်ပြောလိုက်သည်။

"ဒီခရီးစဉ်က ကြမ်းတမ်းပြီး ပင်ပန်းမှာပဲ... အချိန်ကလည်း စောပါသေးတယ်... သခင်မလေးဝေ... နင် ..ငါတို့ရဲ့ အာမခံဌာန ကို ခဏလောက် အလည်မလိုက်ချင်ဘူးလား"

"အဲဒီအတွက် အလျင်လိုစရာ မရှိပါဘူး"

ဝေဇီယီက ပြုံးလျက် ပြန်ဖြေလိုက်၏။

"ဒီတစ်ခေါက် ကျွန်မ အပြင်ထွက်လာတာ အရမ်း ကြာနေပြီလေ... မြို့တော်ဝန် အိမ်တော် က ဘိုးဘိုးကြီး နဲ့ တွေ့ပြီးရင် ထျန်းယွီမြို့ ကို ညတွင်းချင်း ပြန်ရဖို့ များတယ်... လော့ရှားမြို့ မှာ ထပ်ပြီး အချိန်ဆွဲနေလို့ မဖြစ်တော့ဘူး... ဒါပေမဲ့... အစ်မယန် ဆီက ကျွန်မ အကူအညီတောင်းစရာ ကိစ္စလေးတစ်ခုတော့ ရှိတယ်"

"ပြောပါ... ဘာများလဲ"

ယန်ရှောင်ယွင်က အမြဲတစေ သဘောထားကြီးသူပီပီ တွေဝေခြင်း အလျဉ်းမရှိ ပြန်ပြောလိုက်သည်။

ဝေဇီယီက ပြုံးလိုက်ပြီး ဟူစန်းတောက်၏ မိသားစုများရှိရာသို့ တစ်ချက် လှမ်းကြည့်လိုက်၏။

"ရှင့်ရဲ့ ခေါင်းဆောင် က အစ်ကိုကြီး စန်းတောက် ရဲ့ အရည်အချင်းကို သဘောကျပြီး သူတို့ ဓားပြဘဝနဲ့ ဆက်နေရတာကို မကြည့်ရက်လို့တဲ့လေ... အဲဒါကြောင့် သူတို့ အားလုံးကို အာမခံဌာန ရဲ့ အရိပ်အောက်ကို ခေါ်လာခဲ့တာ... ဒါပေမဲ့ ကြည့်ရတာ အဲဒီထဲက အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အို အများစုက အာမခံ သိုင်းသမားတွေရဲ့ ပင်ပန်းဆင်းရဲမှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး... ဒါကြောင့် ကျွန်မက သူတို့အတွက် ယာယီ နေထိုင်စရာ နေရာတစ်ခု စီစဉ်ပေးမယ်လို့ ကတိပေးထားခဲ့တယ်... ကံကောင်းတာက ဇီယန် အာမခံဌာန နဲ့ မလှမ်းမကမ်းမှာ ကျွန်မပိုင် အိမ်တော်တစ်ခု ရှိနေတယ်... ဝမ်းနည်းစရာကောင်းတာက ကျွန်မ လော့ရှားမြို့ ကို မရောက်တာ ကြာပြီဆိုတော့ အဲဒီနေရာလေးက နည်းနည်းတော့ ပစ်ထားသလို ဖြစ်နေလိမ့်မယ်... အခု ကျွန်မမှာလည်း ဒီကိစ္စကို ကိုယ်တိုင် ဖြေရှင်းဖို့ အချိန်မရှိဘူး ဆိုတော့... အစ်မယန် ကိုပဲ ကျွန်မကိုယ်စား ကူညီပြီး စီစဉ်ပေးဖို့ တောင်းဆိုရတော့မှာပဲ"

ဇာတ်ကြောင်းစုံကို ကြားသိရသောအခါ ယန်ရှောင်ယွင်က ရယ်မောလိုက်ပြီး ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

"ဒါက နင့်ရဲ့ ကိစ္စမှ မဟုတ်တာ... သိသိသာသာကို ရှောင်မို ရဲ့ တာဝန်ပဲလေ... စိတ်ချပါ... ငါ အားလုံးကို သေချာ စီစဉ်ပေးလိုက်ပါ့မယ်"

"ဒါဆိုရင်တော့ ကျေးဇူးပါပဲ အစ်မရယ်"

ဝေဇီယီက အသာအယာ ပြုံးလိုက်ပြီး ဆုမို ရှိရာသို့ တစ်ဖန် လှမ်းကြည့်ကာ စကားဆိုလိုက်၏။

"အခု ကျွန်မ.. ဘိုးဘိုးကြီး ကို တွေ့ဖို့ မြို့တော်ဝန် အိမ်တော် ဆီကို သွားတော့မယ်... လိုအပ်တာတွေ ရှိရင် အိမ်တော်ထိန်း ဟွမ် က ပို့ပေးလိမ့်မယ်... နောက်များ အားလပ်ချိန် ရရင်တော့ ဇီယန် အာမခံဌာန ဆီကို လာပြီး အရက်သောက်ရင်း စကားစမြည် လာပြောပါ့မယ်"

"ကောင်းပါပြီ..."

ယန်ရှောင်ယွင်က သက်ပြင်းချလိုက်ရင်း

"ဒီည ငါတို့ အတူတူ ပျော်ကြမယ်လို့ ထင်ထားခဲ့တာ"

"နောက်ထပ် အခွင့်အရေး ရလာဦးမှာပါ"

ဝေဇီယီသည် စကားပြောဆိုပြီးနောက် ယန်ရှောင်ယွင်၏ လက်ဆုပ်ကိုင်ခြင်းကို ခံထားရဆဲဖြစ်သော ဆုမိုနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ ထို့နောက် သူမက လက်နှစ်ဖက်အား ပူးဆုပ်ကာ နှုတ်ဆက်လိုက်၏။

"ခေါင်းဆောင်ဆု... ငါ့ကို သွားခွင့်ပြုပါဦး"

"ကောင်းပါပြီ"

ဆုမိုက ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။

ထို့နောက် အချိန်ဆွဲမနေတော့ဘဲ ဝေဇီယီသည် မြင်းကို နှင်ကာ လော့ရှားမြို့ အတွင်းသို့ ဝင်ရောက်သွားတော့၏။ ဆုမိုနှင့် သူ၏ အဖွဲ့သားများလည်း အချိန်နှောင့်နှေးမနေတော့ဘဲ ဟူစန်းတောက်အား ယန်ရှောင်ယွင်နှင့် မိတ်ဆက်ပေးလိုက်သည်။

ယန်ရှောင်ယွင် တစ်ယောက် သူ့အကြောင်းကို မေ့လုနီးပါး ဖြစ်နေခဲ့ပြီ။

ဆုမိုက သတိပေးလိုက်သောအခါမှသာ ထိုသူမှာ ဝူရှန်း ခန်းမ သို့ သွားစဉ်က သူတို့ ကြုံတွေ့ခဲ့ရသော လမ်းတားဓားပြ ဖြစ်ကြောင်းကို ပြန်လည် အမှတ်ရသွားတော့သည်။ ခရီးဆက်လာစဉ်အတွင်း ဆုမိုသည် ဟူစန်းတောက်၏ အတိတ်ဇာတ်ကြောင်းကို ပြောပြနေခဲ့၏။ ထိုအကြောင်းများကို ကြားရသောအခါ ယန်ရှောင်ယွင်၏ မျက်ခုံးတန်းများက အလွန်အမင်း တွန့်ကွေးသွားရလေသည်။

"လူတွေကို သုံးပြီး သူ့ရဲ့ ဓားကို စမ်းသပ်တယ်... ဒီလို လုပ်ရပ်မျိုးကို ဝူရှန်းခန်းမ က ဘာမှ အရေးမယူဘူးလား... မဟာခန်းမသခင်ကြီး တာဝန်ယူပြီးကတည်းက အရင်ပုံစံဟောင်းတွေကို ပြောင်းလဲပစ်လိုက်တယ် လို့ ငါ ကြားဖူးတယ်... သူတို့ အုပ်ချုပ်တဲ့ နယ်မြေက လူတွေရဲ့ ဘဝက အတော်လေး ခက်ခဲကြမ်းတမ်းတယ် တဲ့... အရင်ကတော့ ကောလာဟလ တွေပဲ ထင်ပြီး နားမလည်ခဲ့ဘူး... အခု ကြည့်ရတာ ငါ ထင်ထားတာထက်တောင် ပိုပြီး လွန်ကဲနေသေးတယ်"

ဆုမိုက ခေါင်းကို ညင်သာစွာ ညိတ်လိုက်ပြီး အနီးနားရှိ လယ်ကွင်းများအတွင်း ပင်ပန်းကြီးစွာ အလုပ်လုပ်နေကြသော ပြည်သူများကို ငေးကြည့်ရင်း စကားဆိုလိုက်၏။

"ထျန်းချူဂိုဏ်း က အုပ်ချုပ်ရေးပိုင်းမှာ သိပ်မကျွမ်းကျင်ဘူး ဆိုပေမဲ့.. အနည်းဆုံးတော့ သာမန် ပြည်သူတွေ ဝမ်းဝဖို့ကိုတော့ သေချာပေါက် တာဝန်ယူပေးတယ်... လော့ဖုန်း မဟာမိတ်အဖွဲ့ အကြောင်းကတော့ ပြောစရာတောင် မလိုဘူးပေါ့... ဝေရူဟန် က သူ့ဘဝရဲ့ အချိန်အများစုကို အုပ်ချုပ်ရေး ကိစ္စတွေမှာပဲ မြှုပ်နှံထားခဲ့တာလေ... မဟာမိတ်ခေါင်းဆောင် ရှစ်ဦး ကြားမှာ အတွင်းရေး အားပြိုင်မှုတွေ ရှိနေပေမဲ့... အဘိုးကြီးဝေ ရှိနေသရွေ့ လော့ဖုန်း မဟာမိတ်အဖွဲ့ က ဖရိုဖရဲ ဖြစ်သွားမှာ မဟုတ်ဘူး... လော့ဖုန်း မဟာမိတ်အဖွဲ့ ရဲ့ အရိပ်အောက်က ပြည်သူတွေအတွက် ကောင်းမွန်တဲ့ နေ့ရက်တွေ ရှိနေတယ်... ဒါတွေနဲ့ ယှဉ်လိုက်ရင် ဝူရှန်းခန်းမ ကတော့ တကယ့်ကို... ပြောစရာ စကားတောင် မရှိတော့ဘူး"

ထိုသို့ပြောဆိုနေစဉ် ဆုမိုသည် ယန်ရှောင်ယွင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူ၏ ပါးစပ်ကို ဟလိုက်သော်လည်း ပြောမည့် စကားများကို မေ့သွားသည့်အလား ဖြစ်နေ၏။ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ယန်ရှောင်ယွင်က သူ့ကို မော်ကြည့်ကာ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ ရှောင်မို"

"ကျွန်တော်... အလှတရားရဲ့ ညှို့ငင်မှုအောက်မှာ ခဏတာ မိန်းမောသွားပြီး ပြောရမယ့် စကားတွေကိုတောင် မေ့သွားလို့ပါ အစ်မယွင်"

ဆုမိုက တိုးညင်းသောအသံဖြင့် ဖြေကြားလိုက်၏။

ယန်ရှောင်ယွင်၏ မျက်နှာလေးမှာ ချက်ချင်းပင် ရှက်သွေးဖြာကာ နီမြန်းသွားပြီး ဆုမို၏ လက်ကို ညင်သာစွာ ဆိတ်လိုက်တော့သည်။ ထို့နောက် သူမ၏ ရှက်ဖွယ်ကောင်းသော စကားများကို အခြားသူများ ကြားသွားမည် စိုးသဖြင့် အနောက်ဘက်သို့ အလိုအလျောက် လှည့်ကြည့်လိုက်၏။ အခြားသူများ မကြားလိုက်ကြောင်း သေချာသွားမှသာ သက်သာရာရသွားပြီး ဆုမိုကို နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"ငါတို့ အပြင်မှာ ရောက်နေသေးတာနော်... အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့"

ယန်ရှောင်ယွင်၏ ဤကဲ့သို့သော ရှက်သွေးဖြာနေသည့် အမူအရာမျိုးကို မြင်ရခဲလှပေရာ ဆုမို တစ်ယောက် အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး အားရပါးရ ရယ်မောလိုက်တော့၏။ သူ၏ ယခင် စကားများက အခြားသူများ၏ အာရုံကို မဆွဲဆောင်နိုင်ခဲ့သော်လည်း၊ ယခု အားပါးတရ ရယ်မောသံကြီးကိုမူ လျစ်လျူရှုထားရန် ခက်ခဲလှပေသည်။ လူတိုင်းက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ တိတ်တဆိတ် ရယ်မောလိုက်ကြသည်။

ဆယ်လီခရီး ဆိုသည်မှာ များစွာ မဝေးကွာလှပေ။ သို့တိုင်အောင် ဆုမိုအတွက်မူ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရ၏။ မြို့တံခါးဝသို့ ရောက်သောအခါ သူတို့၏ အရှိန်ကို လျှော့ချလိုက်ပြီး လူအုပ်ကြီးနှင့်အတူ မြို့တွင်းသို့ တရွေ့ရွေ့ ဝင်ရောက်သွားကြတော့သည်။

--

All Chapters