← Chapters

အခန်း ၅၇၄

Vol. 39 Ch. 574

အခန်း ၅၇၄

Vol. 39 Ch. 574

အခန်း (၅၇၄) အလွန်တရာ စိတ်အနှောင့်အယှက် ဖြစ်စရာ

ယခုအချိန်တွင် လမ်းမထက်၌ မီးအိမ်များ စတင် ထွန်းညှိနေပြီ ဖြစ်၏။ သို့သော် ဆုမို လုံးဝ မမျှော်လင့်ထားသောအရာမှာ ယခုအချိန်အထိ အာမခံဌာန၏ နောက်ဖေးတံခါးဝ၌ပင် လူများ စောင့်ကြပ်နေကြခြင်း ဖြစ်သည်။ ပင်မတံခါးမကြီး အကြောင်းကိုမူ ဆိုဖွယ်ရာပင် မရှိတော့ချေ။ လူအုပ်ကြီးဖြင့် ပြည့်ကျပ်နေတော့၏။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဆုမို တစ်ယောက် ခေါင်းကိုက်သွားလေသည်။

သေချာသည်မှာ ထိုလူများ အားလုံးသည် စိန်ခေါ်ရန် ရောက်လာကြသော သိုင်းလောကသားများ မဟုတ်ကြချေ။ အများစုမှာ လော့ရှားမြို့မှ ကုန်သည်များနှင့် ဩဇာတိက္ကမ ကြီးမားသော မိသားစုဝင်များ ဖြစ်ကြပြီး လက်ဆောင်ပစ္စည်းများ ကိုင်ဆောင်ကာ ဂါရဝပြု တွေ့ဆုံရန် မျှော်လင့်နေကြခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေ သိုင်းလောကတွင် ရုတ်တရက် ထွန်းတောက်လာသော ဤကြယ်ပွင့်သစ်နှင့် အတိုင်းအတာ တစ်ခုအထိ ရင်းနှီးကျွမ်းဝင်မှု ရယူထားနိုင်ပါက အမြဲတမ်း အကျိုးရှိမည်သာ ဖြစ်ပေသည်။

ယန်ရှောင်ယွင်မှာ ထိုမြင်ကွင်းကို အံ့ဩတကြီး ငေးကြည့်ရင်း စကားဆိုလိုက်၏။

"မနေ့ကအထိ ဒီလို အခြေအနေမျိုး မဟုတ်သေးဘူး... နင် မပြန်လာခင်တုန်းက လက်ဆောင်လာပေးတဲ့ သူတွေ ရှိပေမဲ့ အာမခံဌာန ရဲ့ တံခါးဝကို ပိတ်ဆို့ထားရဲတဲ့အထိတော့ မလုပ်ရဲကြဘူး... အခု နင် ပြန်ရောက်လာပြီ ဆိုတော့ သူတို့ ပိုပြီး ရဲတင်းလာကြတာ ထင်တယ်"

"သူတို့ရဲ့ ကံကို စမ်းကြည့်ချင်လို့ နေမှာပါ အစ်မယွင်"

ဆုမိုက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ကျွန်တော်က ငယ်ရွယ်သေးတယ်လေ... ကျွန်တော်က အောင်မြင်မှုကို အလောတကြီး လိုချင်နေတဲ့သူလား၊ ဒါမှမဟုတ် အချည်းနှီး ဂုဏ်ပကာသနတွေကို မက်မောတဲ့သူလား ဆိုတာကို သူတို့ အကဲစမ်းကြည့်ချင်ကြတာ နေမှာပါ... အကယ်၍ ကျွန်တော်က သူတို့ ဒီလိုမျိုး လက်ဆောင်တွေ သယ်လာပြီး ဝိုင်းအုံနေတာကို သဘောကျတယ် ဆိုရင် သူတို့အတွက် အခွင့်အရေး ဖြစ်သွားပြီလေ... အကယ်၍ ကျွန်တော်က သဘောမကျဘူး ဆိုရင်တောင် ဒီလို အကဲစမ်းလိုက်ရတဲ့အတွက် သူတို့ ရင်ထဲမှာ အခြေအနေကို နားလည်သွားပြီး စိတ်အေးသွားကြမှာပဲ"

"နင့်ကို လုံးဝ စိတ်ဆိုးသွားအောင် လုပ်မိသလို ဖြစ်သွားမှာကို သူတို့ မကြောက်ကြဘူးလား"

ယန်ရှောင်ယွင်က ချိုလွင်စွာ ရယ်မောရင်း ဆုမိုကို တစ်ချက် ပြန်ကြည့်လိုက်၏။

ဆုမိုက သူမ၏ နဖူးလေးကို လက်ဖြင့် ဖွဖွလေး ထောက်လိုက်သည်။

"အဲဒါက ပိုတောင် ကောင်းသေးတယ် မဟုတ်လား... အဲဒီလိုဆိုရင် နောက်တစ်ခေါက် လာဖို့အတွက် သူတို့မှာ အကြောင်းပြချက် တစ်ခု ရသွားပြီလေ... တောင်းပန်ဖို့ ဆိုတဲ့ အကြောင်းပြချက်ပေါ့"

"... သူတို့ရဲ့ ရည်ရွယ်ချက်တွေကို နင်က အတိအကျကို တွက်ဆထားနိုင်တာပဲ"

ယန်ရှောင်ယွင်မှာ ပို၍ပင် ရယ်ချင်လာပြီး စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာတော့၏။

"ဒါဆို နင် ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလို့လဲ... သူတို့ကို ကြည့်ရတာ ဒီည ပြန်မယ့်ပုံ မပေါ်ဘူး.. တချို့ဆို အိပ်ရာလိပ်တွေတောင် ချနေတာ ငါ မြင်လိုက်တယ်"

ဆုမို တစ်ခဏမျှ အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။ လူမှုဆက်ဆံရေး ရိုသေမှု အလေ့အထများ ဆိုသည်မှာ တစ်ခါတစ်ရံတွင် သိုင်းလောက၏ ခန့်မှန်းရခက်သော ရာသီဥတုနှင့် အလားသဏ္ဌာန် တူကြောင်း သူ ကောင်းစွာ နားလည်ထား၏။ လုံးဝ ရှောင်လွှဲ၍ မရနိုင်ချေ။

ထို့ကြောင့် သူသည် တွေဝေမနေတော့ဘဲ ယန်ရှောင်ယွင်ကို ခေါ်ဆောင်ကာ အာမခံဌာန၏ ပင်မတံခါးမကြီးဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်တော့သည်။

စိတ်ဝင်စားဖွယ် ကောင်းသည်မှာ ဆုမို လူလုံးထွက်ပြလိုက်သောအခါ ထိုလူများက သူ့ကို ရုတ်တရက် မမှတ်မိကြခြင်းပင်။ ယန်ရှောင်ယွင်နှင့်အတူ ဆုမို ရှေ့သို့ လျှောက်သွားသောအခါ လူတစ်ယောက်က သူ့ကို ကြင်နာစွာဖြင့် လှမ်းပြောလိုက်၏။

"စိတ်မပူပါနဲ့ ညီလေး... အာမခံဌာန က အစ်ကိုတွေက ဘယ်သူ့ကိုမှ အထဲပေးမဝင်ဘူးဗျ... သူတို့ ခေါင်းဆောင် ပြန်မရောက်သေးဘူးလို့ပဲ ပြောနေကြတယ်"

"ဪ"

ဆုမိုက ခေါင်းညိတ်ပြလိုက်သည်။

"အခုလို ပြောပြပေးတဲ့အတွက် ကျေးဇူးပါပဲဗျာ"

"ဟင်... ညီလေးက သူ သဘောကျအောင် လုပ်ဖို့ ကြိုးစားနေတာလား"

ထိုသူမှာ အတော်လေး ရင်းနှီးဖော်ရွေဟန် ရှိပြီး ဆုမို၏ ကျောဘက်ရှိ ဓားသေတ္တာကြီးကို သတိပြုမိသွားကာ ဆက်ပြောလိုက်၏။

"ဒါပေမဲ့ ညီလေးရဲ့ သေတ္တာက ကြည့်ရတာ သိပ်မဆိုးပေမဲ့ သေးလွန်းတယ်လို့ ထင်တယ်... ခေါင်းဆောင်ဆု က သူ့ရဲ့ သေတ္တာထဲမှာ ခြေတစ်ချောင်းထောက် ကြေးနီတူ နှစ်လက်ကို အမြဲ ထည့်သယ်သွားတယ် လို့ ငါ ကြားဖူးတယ်... အဲဒါကြောင့် ငါက သူ့ကို လက်ဆောင်ပေးဖို့ သေတ္တာ အကြီးကြီး တစ်လုံး အဆင်သင့် ပြင်လာခဲ့တာ"

သူက မလှမ်းမကမ်းရှိ နေရာတစ်ခုသို့ လက်ညှိုးထိုးပြလိုက်ရာ ထိုနေရာတွင် အလွန် ကြီးမားလှသော 'သေတ္တာကြီး' တစ်လုံးကို အမှန်တကယ်ပင် ချထားလေသည်။ ဆုမို၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး သူ၏ အကြည့်များက ထိုလူ၏ မျက်နှာပေါ်တွင် တစ်ခဏမျှ ရပ်တန့်သွားကာ ထိုသူ၏ ရုပ်သွင်ကို သေချာစွာ မှတ်သားထားလိုက်၏။

'ဒီလူ့ကို နောက်မှ အာမခံ သိုင်းသမားတွေ လွှတ်ပြီး ခြေထောက် ရိုက်ချိုးခိုင်းရမယ်... အဲဒါက သေတ္တာ ဟုတ်လား... ကြည့်ရတာ အခေါင်းကြီး နဲ့ တူနေတာကို... ခြေတစ်ချောင်းထောက် ကြေးနီတူ နှစ်လက် တဲ့လား... အဲဒါက သာမန်လူတွေ သုံးနိုင်တဲ့ လက်နက်မျိုးလား... လူတိုင်းကို ကျန်းရှောင်ရှောင် လိုများ မှတ်နေတာလား... ငါ သုံးနိုင်တယ် ဆိုရင်တောင်... သိုင်းလောကထဲ လျှောက်သွားနေတဲ့ သူတစ်ယောက်က ကျောပေါ်မှာ အခေါင်းကြီး တစ်လုံး ထမ်းပြီး.. အဲဒီအထဲမှာ ခြေတစ်ချောင်းထောက် ကြေးနီတူကြီး နှစ်လက် ထည့်သယ်သွားမတဲ့လား'

အူတက်မတတ် ရယ်မောနေသော ယန်ရှောင်ယွင်ကို ပြုတ်မကျအောင် ထိန်းကိုင်ရင်း ဆုမိုသည် ရှေ့သို့ တိုးထွက်လာခဲ့သည်။ ထိုလူများက ဆုမိုကို ချက်ချင်း မမှတ်မိကြသော်ငြားလည်း ယန်ရှောင်ယွင်ကိုမူ ကောင်းစွာ သိရှိကြပေသည်။ ဤလောက တစ်ခွင်လုံးတွင် ယန်ရှောင်ယွင်နှင့်အတူ ဤမျှ ရဲရဲတင်းတင်း ထင်ထင်ရှားရှား လျှောက်သွားရဲသူမှာ ဆုမိုမှလွဲ၍ အခြား မည်သူ ရှိနိုင်ပါမည်နည်း။

မျက်စိတစ်မှိတ် အတွင်းမှာပင် လေကို ပြင်းပြင်း ရှူသွင်းကာ လန့်ဖျတ်သွားသူများ ရှိသလို၊ မှင်သက် ဆွံ့အသွားသူများလည်း ရှိနေကြ၏။ သို့သော် မည်သူကမျှ ရှေ့သို့ တိုးမလာရဲကြချေ။ လူတစ်ယောက်၏ ဂုဏ်သတင်း အရှိန်အဝါ ဆိုသည်မှာ တကယ့်ကို ကြီးမားလှပေသည်။ ဆုမိုကို မမြင်ရမီက သူတို့သည် အော်ဟစ် ဆူညံရဲကြသော်လည်း၊ တကယ်တမ်း လူချင်း ထိပ်တိုက် တွေ့ဆုံလိုက်ရချိန်တွင်မူ မည်သူကများ ရမ်းရမ်းကားကား ပြုမူရဲပါမည်နည်း။

ပတ်ဝန်းကျင်ကို အကဲခတ်ရင်း လူတိုင်း၏ စိတ်ထဲတွင် အခြားတစ်ယောက်ယောက်ကို အရင်ဆုံး ရှေ့ထွက် နှုတ်ဆက်ခိုင်းရန် တွေးတောနေကြသည်။ သို့မှသာ ဆုမိုက ထိုသူကို သတိလစ်သွားအောင် ထိုးကြိတ်ပစ်မည်လော၊ သို့မဟုတ် အပြုံးဖြင့် ကြိုဆိုလက်ခံမည်လော ဆိုသည်ကို စောင့်ကြည့်နိုင်မည် ဖြစ်၏။ ဆုမို၏ တုံ့ပြန်မှုအပေါ် မူတည်၍ သူတို့ ဆက်လက် လှုပ်ရှားကြမည်သာ။

တံခါးဝတွင် စောင့်ကြပ်နေသော အာမခံ သိုင်းသမား နှစ်ဦးမှာမူ ဆုမိုကို မြင်လိုက်ရသည်နှင့် အလွန်အမင်း စိတ်လှုပ်ရှား တက်ကြွသွားကြသည်။ သို့ရာတွင် သူတို့သည် ထိုခံစားချက်များကို အတတ်နိုင်ဆုံး ဖိနှိပ်ထားလိုက်ကြ၏။ ယခုအခါ ဇီယန် အာမခံဌာနသည် အရင်ကနှင့် မတူဘဲ ကြီးမားသော ဂုဏ်သတင်းကို ထိန်းသိမ်းထားရမည် ဖြစ်သည်။ ဤနေရာတွင် ရပ်စောင့်နေသော သူတို့သည်လည်း ဇီယန် အာမခံဌာန၏ မျက်နှာစာများ ဖြစ်ကြရာ အခြားသူများ အထင်သေးစေမည့် အပြုအမူမျိုးကို လုံးဝ လုပ်ဆောင်၍ မရချေ။

ချက်ချင်းပင် သူတို့သည် လက်နှစ်ဖက်အား ပူးဆုပ်ကာ အရိုအသေပေးလျက် ဟိန်းညံစွာ ကြွေးကြော်လိုက်ကြတော့သည်။

"ခေါင်းဆောင် ကို ဂါရဝပြုပါတယ်"

မည်သို့ပင်ဆိုစေ သူတို့၏ လုပ်ရပ်တွင် အနည်းငယ် လစ်ဟင်းမှုတော့ ရှိနေခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ယန်ရှောင်ယွင်ကို လုံးဝ လျစ်လျူရှုထားခဲ့သောကြောင့်ပင်။ ကံကောင်းထောက်မစွာဖြင့် ယန်ရှောင်ယွင်က ထိုကိစ္စကို စိတ်ထဲ မထားခဲ့ချေ။ သို့မဟုတ်ပါက သူတို့ နှစ်ဦးစလုံး နောက်ပိုင်းတွင် သေချာပေါက် ပြစ်ဒဏ် ခံရမည် ဖြစ်သည်။ ဆုမိုက ခေါင်းညိတ်ပြလိုက်ပြီး လှေကားထစ်များပေါ်တွင် ရပ်ကာ လူအုပ်ကြီးဘက်သို့ လှည့်လိုက်လေသည်။

ထိုအခါမှသာ လူအများအပြားမှာ အိပ်မက်မှ နိုးထလာသကဲ့သို့ အလျင်အမြန် မတ်တတ်ထရပ်ကာ ရှေ့သို့ တိုးလာရန် ဟန်ပြင်လိုက်ကြသည်။ ဆုမိုက အပြုံးသဲ့သဲ့လေး တစ်ချက် ပြုံးလိုက်၏။

"လူကြီးမင်းတို့ ခင်ဗျာ..."

သူ စတင် စကားဆိုလိုက်ရာ သူ၏ အသံမှာ လူတိုင်း၏ နားထဲသို့ ရှင်းလင်းပြတ်သားစွာ ရောက်ရှိသွားတော့သည်။ လူတိုင်း ထိုအသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ရပ်တန့်သွားကြပြီး ဆုမို မည်သို့ ဆက်ပြောမည်ကို စိတ်ဝင်တစား နားထောင်ရန် မော်ကြည့်လိုက်ကြလေသည်။

ထို့နောက် ဆုမို ရယ်မောကာ ပြောလိုက်သော စကားသံများကို ကြားလိုက်ရ၏။

"ဒီနေ့ ကျွန်တော် ဆုမို တုန်းချန် ကနေ အခုလေးတင် ပြန်ရောက်လာတာပါ... အားလုံး အခုလို လာရောက် ကြိုဆိုကြတဲ့အတွက် တကယ့်ကို ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်ဗျာ... ပုံမှန်ဆိုရင်တော့ ဧည့်သည်တော်တွေကို ကြိုဆိုတဲ့ အနေနဲ့ တံခါးတွေ ဖွင့်ပြီး အားလုံးကို လက်ဖက်ရည် တစ်ခွက်လောက် သောက်ဖို့ ဖိတ်ခေါ်ရမှာပါ... ဒါပေမဲ့ ပထမအချက် အနေနဲ့က အချိန်လည်း တော်တော်လေး လင့်နေပြီလေ... ဒုတိယ အချက်က ခရီးဝေးကနေ ပြန်လာရလို့ ဖုန်တွေ အလိမ်းလိမ်း ပေကျံနေတဲ့ ကျွန်တော့်ရဲ့ ဒီလို ရုပ်အဆင်းသဏ္ဌာန်နဲ့ ဘယ်လိုလုပ် ဧည့်ခံဖို့ သင့်တော်ပါ့မလဲဗျာ... ကျွန်တော်က အပြင်မှာ ခဏပုန်းနေပြီး ရေမိုးချိုး သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်ပြီးမှ ခင်ဗျားတို့ အားလုံးဆီကို တစ်ယောက်ချင်းစီ လိုက်ပြီး ဂါရဝပြု တွေ့ဆုံမလို့ စဉ်းစားထားတာပါ... ဒါပေမဲ့ အားလုံးက ဒီမှာ လာစောင့်နေကြလိမ့်မယ် လို့ မမျှော်လင့်ထားခဲ့ဘူး... တကယ့်ကို အားနာစရာ ကောင်းလှပါတယ်ဗျာ"

ထိုစကားများ ပြောဆိုနေစဉ်မှာပင် အောက်ဘက်မှ ဝင်ရောက် ထောက်ခံပြောဆိုနေသူများ ရှိနေခဲ့ပြီ ဖြစ်သည်။

"ခေါင်းဆောင်ဆု က အရမ်းကို နှိမ့်ချလွန်းပါတယ်ဗျာ... ကျွန်တော်တို့က ဒီမှာ လိုလိုလားလားနဲ့ လာစောင့်နေကြတာပါ”

--

All Chapters