အခန်း ၅၇၅
Vol. 39 Ch. 575
အခန်း (၅၇၅) အလွန်တရာ စိတ်အနှောင့်အယှက် ဖြစ်စရာ (အပိုင်း ၂)
"လူသားတွေကြားက နဂါးတစ်ကောင်ဖြစ်တဲ့ ခေါင်းဆောင်ဆု က ကျက်သရေရှိပြီး သဘောထား ကြီးမြတ်လွန်းတော့ လောက အာရုံတွေကိုတောင် ချက်ချင်း မေ့လျော့သွားစေတယ်ဗျာ... အခုလို ရုတ်တရက်ကြီး လာရောက် လည်ပတ်မိတာ ကျွန်တော်တို့ အရမ်း လောကြီးသွားပြီး ခေါင်းဆောင်ဆု ကို အခက်တွေ့စေခဲ့ပြီ"
ဆုမိုသည် ဆူညံနေသော လူအုပ်ကြီးကို ငြိမ်သက်သွားစေရန် သူ၏ လက်များကို ညင်သာစွာ ဝှေ့ယမ်းပြလိုက်ပြီးနောက် ဆက်လက် စကားဆိုလိုက်၏။
"ဒီလိုဆိုရင်လည်း ကျွန်တော် ပြောပါရစေ... ဒီနေ့ အားလုံး ရောက်လာကြတဲ့ စေတနာတွေကို ကျွန်တော် လေးစား အသိအမှတ်ပြုပါတယ်ဗျာ... ဒါပေမဲ့ အချိန်လည်း တော်တော်လေး လင့်နေပြီ ဆိုတော့ အားလုံးပဲ အိမ်ပြန်ပြီး အနားယူကြဖို့ မေတ္တာရပ်ခံချင်ပါတယ်... မပြန်ခင်မှာ ဆန္ဒရှိရင် နာမည်စာရင်းလေးတွေ ချန်ထားခဲ့ပေးပါ... နောက်များ အားလပ်ချိန် ရတဲ့အခါ ကျွန်တော် ကိုယ်တိုင် လာရောက် ဂါရဝပြုပါ့မယ်"
"မဟုတ်တာဗျာ... လုံးဝ မဟုတ်ရပါဘူး"
"ခေါင်းဆောင် က ကျွန်တော်တို့ဆီကို ကိုယ်တိုင် လာရောက် အနှောင့်အယှက် ခံပြီး ဂါရဝပြုမယ် ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ဒါဆိုရင်လည်း မနက်ဖြန်ကျမှ ကျွန်တော်တို့ ထပ်ပြီး လာခဲ့ပါ့မယ်"
ထိုသို့ ပြောဆိုပြီးနောက်တွင် အခြေအနေများမှာ အတော်လေး ပြေလည်သွားတော့သည်။ ဆုမိုသည် သူတို့၏ စကားများကို များစွာ ဂရုမစိုက်တော့ဘဲ မှတ်တမ်းတင်ရန်အတွက် စက္ကူနှင့် မင်တံ ယူဆောင်လာရန် လူတစ်ဦးအား အမိန့်ပေးလိုက်၏။ ထို့နောက် သူသည် ယန်ရှောင်ယွင်ကို ခေါ်ဆောင်ကာ အာမခံဌာန အတွင်းသို့ ဝင်ရောက်သွားလေသည်။
ဆုမိုသည် အပြင်ဘက်ရှိ လူများနှင့် စကားပြောဆိုနေရသဖြင့် အစောကတည်းက ဝင်မလာနိုင်ခဲ့ရာ ဦးလေးဖူနှင့် အခြားသူများမှာ တံခါးအတွင်းဘက်၌ အသင့် စောင့်ဆိုင်းနေခဲ့ကြသည်။ သူတို့ တစ်ဖန် ပြန်လည် ဆုံတွေ့ကြသောအခါ ဦးလေးဖူ၏ မျက်ဝန်းအိမ်များမှာ ထိန်းမရသိမ်းမရ နီရဲလာတော့၏။
ဆုမို တစ်ခဏမျှ စကားစ ပျောက်သွားရသည်။
"ဦးလေးဖူ... ဘာဖြစ်လို့လဲဗျ... ကျွန်တော် ခရီးဝေး တစ်ခု သွားခဲ့ရုံလေးကို... ဘာလို့ ဒီလောက်တောင် ဖြစ်နေရတာလဲ"
ဦးလေးဖူသည် သူ၏ ရှေ့မှောက်ရှိ ဆုမိုနှင့် ယန်ရှောင်ယွင်တို့ကို ကြည့်ကာ သက်ပြင်းချလိုက်၏။
"အင်း..."
သူ ပြောချင်သော စကားအချို့ ရှိနေသော်ငြားလည်း အာမခံဌာန အတွင်းရှိ လူအများကို မြင်သောအခါ မျိုသိပ်ထားလိုက်ပြီး အပြုံးတစ်ခုကိုသာ ဖန်တီးလိုက်သည်။
"သခင်လေး ပြန်ရောက်လာတာ ကောင်းပါတယ်... ပြန်ရောက်လာတာ အရမ်း ကောင်းတယ်... ဧည့်ခံပွဲ အားလုံးလည်း အသင့် ပြင်ဆင်ပြီးပါပြီ... ဒီည အာမခံဌာန ထဲမှာ စားသောက်ပွဲကြီး တစ်ခု ရှိတယ်လေ... ဟို ဟူ ဆိုတဲ့ ကောင်လေးက သူ့ရဲ့ အဖော်တွေကို စားပွဲမှာ အတူတူ မစားစေဘဲ တဲကြိုတဲကြား ဒါမှမဟုတ် မြင်းဇောင်းတွေ ထဲမှာပဲ ညအိပ်ခိုင်းမယ်လို့ ပြောနေတယ်... အဲဒါက မိသားစု နှစ်စု သူစိမ်းတွေလို ဆက်ဆံနေတာနဲ့ မတူဘူးလား... အဲဒါကြောင့် ဒီအဘိုးအို ကပဲ သဘောနဲ့ သူတို့ အားလုံးကို ဧည့်ခံပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်"
"ဦးလေးဖူ လုပ်တာ အမှန်ဆုံးပါပဲ"
ဆုမိုက ရှောင်ချွမ်း၊ လျူမို၊ ဖုဟန်ယွမ်၊ ကျန်းရှောင်ရှောင်၊ အဖွဲ့ခေါင်းဆောင် ကျန်း နှင့် အဖွဲ့ခေါင်းဆောင် လီ အပါအဝင် အခြားသူများကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် အပြုံးသဲ့သဲ့လေး တစ်ချက် ပြုံးလိုက်၏။
"ကဲ... အိမ်ကို ပြန်ရောက်ပြီ... အားလုံးပဲ ရေမိုးချိုးပြီးကြပြီလား... ဒီညတော့ မမူးမချင်း မပြန်ကြေးပဲ"
"မမူးမချင်း မပြန်ကြေးဟေ့..."
သူ၏ စကားအဆုံးတွင် လူတိုင်းမှာ ဆူညံ ပွက်လောရိုက်သွားကြပြီး ဆုမိုနှင့် ယန်ရှောင်ယွင်တို့ကို အတွင်းသို့ သိုက်သိုက်ဝန်းဝန်း ဝိုင်းရံ ခေါ်ဆောင်သွားကြတော့သည်။
အနောက်မှ လိုက်ပါလာသော ဦးလေးဖူသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ခံစားနေရ၏။
ဤ တုန်းချန် ခရီးစဉ်က ဆုမို၏ ဂုဏ်သတင်းကို ယခင်က မကြုံစဖူးသော အမြင့်ဆုံး အဆင့်အထိ ဆွဲတင်ပေးလိုက်ခြင်းပင်။
သူသည် ဆု မိသားစု၏ မျိုးဆက် သုံးဆက်တိုင်တိုင် အလုပ်အကျွေး ပြုခဲ့ပြီး၊ ဆုမိုကို ဘာမှ နားမလည်သေးသော ကလေးငယ် ဘဝမှစ၍ ယခုကဲ့သို့ အောင်မြင် ကြီးပွားလာသည့် အချိန်အထိ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူ ဖြစ်သည်။ သူ၏ နှလုံးသားထဲရှိ ရှုပ်ထွေး နက်နဲလှသော ခံစားချက်များကို အခြားသူများ အနေဖြင့် နားလည် သဘောပေါက်နိုင်စွမ်း ရှိမည် မဟုတ်ချေ။
ယနေ့တွင် ဤမျှလောက် များပြားလှသော လူများ လာရောက် လည်ပတ်ကြရာ ဆုမို အနေဖြင့် သေချာစွာ မကိုင်တွယ်နိုင်မည်ကို သူ စိုးရိမ်နေခဲ့မိသည်။ မည်သို့ပင်ဆိုစေကာမူ သိုင်းလောက၏ အတော်ဆုံး သိုင်းပညာရှင် ဟူသော ဂုဏ်ပုဒ်ကြီးမှာ သူ စောင့်ကြည့် ကြီးပြင်းလာခဲ့ရသော ဤလူငယ်လေး၏ ပခုံးထက်သို့ အလိုအလျောက် ကျရောက်လာခဲ့ပြီ ဖြစ်၏။ အကယ်၍ ကိစ္စရပ်များကို သေချာစွာ မဖြေရှင်းနိုင်ခဲ့ပါက၊ ဤလူများ အနေဖြင့် ပေါ်ပေါ်ထင်ထင် တစ်စုံတစ်ရာ လုပ်ဆောင်ခြင်း၊ ပြောဆိုခြင်းများ မရှိနိုင်သော်ငြားလည်း၊ တိတ်တဆိတ် ရန်သူများ တိုးပွားလာစေရန် ဖန်တီးသကဲ့သို့ ဖြစ်သွားနိုင်ပေသည်။
လူတစ်ယောက်၏ သိုင်းပညာသည် မည်မျှပင် မြင့်မားနေပါစေ၊ အခြားသူများက အဆက်မပြတ် အနှောင့်အယှက် ပေးနေပါက တစ်နေ့တွင် သေချာပေါက် ကျဆုံးရမည်သာ။ သူ၏ လှုပ်ရှားမှုတိုင်းသည် ဟန့်တား ပိတ်ဆို့မှုများနှင့် ရင်ဆိုင်ရနိုင်သည်။ ကြီးကြီးမားမား မဟုတ်သော ကိစ္စရပ် အချို့တွင် လူများက ယဉ်ကျေးစွာဖြင့်ပင် မကျေနပ်ချက်များကို ဖွင့်ဟလာနိုင်ပြီး၊ တကယ့် တာဝန်များကို ရှောင်လွှဲကာ တမင်တကာ အခက်အခဲများ ဖန်တီးလာနိုင်၏။ ထိုသို့သော အချိန်မျိုးတွင် လူသတ်ခြင်းက ဖြေရှင်းနည်း တစ်ခု မဟုတ်သည်မှာ သေချာလှပေသည်။
အကယ်၍ တုန်းဟွမ် မှ ဆုမိုသည် အပြစ်မဲ့သူများကို အကြောင်းမဲ့ သတ်ဖြတ်နေသည် ဟူသော သတင်းများသာ ထွက်ပေါ်သွားပါက၊ လူမည်မျှလောက်က သူ့ကို ဝိုင်းဝန်း ဆန့်ကျင်ကြမည် ဆိုသည်မှာ ပြောနေစရာပင် မလိုတော့ချေ။ အဆုံးတွင်မူ သိုင်းလောကရှိ လူတိုင်းသည် ထိပ်တန်း ပုဂ္ဂိုလ်ကြီး တစ်ဦး၏ အရိပ်အောက်တွင် နေထိုင်ရသည်ကို နှစ်သက်ကြမည် မဟုတ်ပေ။ အချိန်ကာလက ပို၍ အရေးကြီးလာသည်နှင့်အမျှ မိမိ၏ အပြောအဆိုနှင့် အပြုအမူများကို ပိုမို ဂရုစိုက်သင့်ပြီး မောက်မာ ရိုင်းစိုင်းစွာ မပြုမူသင့်ချေ။ လုပ်ရပ်တိုင်းသည် တရားမျှတမှု ရှိရမည် ဖြစ်ပြီး ဂုဏ်သတင်းကို ထိန်းသိမ်းကာ စံပြပုဂ္ဂိုလ် တစ်ဦးအဖြစ် နေထိုင်ပြရမည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဝေဖန် ပြစ်တင်စရာ အကြောင်းပြချက် မပေးမိစေရန် အရေးကြီးလှ၏။
ယနေ့ည ဆုမို၏ လုပ်ရပ်များကို စောင့်ကြည့်ပြီးနောက်တွင်မူ ဦးလေးဖူ၏ ရင်ထဲမှ အလုံးကြီး ကျသွားတော့သည်။ ဤအဆင့်သို့ ရောက်ရှိနေသည့်တိုင်အောင် ဆုမိုသည် ယခင်က သူသိခဲ့သော ဆုမို အတိုင်းပင် ပြောင်းလဲခြင်း မရှိခဲ့ချေ။ အောင်မြင်မှုများကြောင့် လေလုံးမိုးလုံး မထွားသကဲ့သို့၊ အလွန်အမင်းလည်း သတိကြီးလွန်းမနေပေ။ စကားပြောဆိုရာတွင် ပြတ်သားပြီး သဘောထား ကြီးမြတ်ကာ၊ မှန်ကန်သော အရာများကို လုပ်ဆောင်ရင်း အခြေအနေများကို အချိုးအစားကျကျ ပြီးပြည့်စုံအောင် ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း ရှိနေဆဲပင်။
အစောပိုင်းက ဦးလေးဖူ သတိပေးချင်ခဲ့သည့် အရာမှာ ဤစိတ်နေသဘောထားကို ဆက်လက် ထိန်းသိမ်းထားရန် ဖြစ်၏။ သို့သော် ဆုမို၏ လက်အောက်ငယ်သား အများအပြား ရှိနေသည်ကို ထည့်သွင်း စဉ်းစားလိုက်ရသည်။ ဆုမိုအား ဤသို့ လှမ်းပြောလိုက်ပါက သူသည် မိမိ၏ အသက်အရွယ်ကို အသုံးချကာ ဩဇာလွှမ်းမိုးရန် ကြိုးစားနေသကဲ့သို့ ဖြစ်သွားမည် မဟုတ်ပါလော။ ၎င်းကို အထက်အရာရှိအား မလေးစားမှု တစ်ခုအဖြစ် မြင်သွားနိုင်ချေ ရှိပေသည်။ စေတနာကောင်းဖြင့် ပြောဆိုခြင်း ဖြစ်စေကာမူ လူအများရှေ့တွင် ဆုမို၏ ပုံရိပ်ကို ထည့်သွင်း စဉ်းစားရမည်သာ။
ဆု မိသားစု၏ မျိုးဆက် သုံးဆက်တိုင်တိုင် အလုပ်အကျွေး ပြုခဲ့သူ တစ်ဦးအနေဖြင့် သူကိုယ်တိုင် စံနမူနာ ပြသသင့်သည်။ အာမခံဌာန အတွင်း၌ ဆုမို၏ ဩဇာအာဏာကို တည်ဆောက်ပေးရမည် ဖြစ်ပြီး မိမိ၏ လုပ်သက်ရင့်ကျက်မှုကို ကြွားဝါနေရန် မဟုတ်ချေ။ ဆုမိုသည် တစ်ချိန်ကလို ဘာမှ နားမလည်သော ကလေးငယ် တစ်ဦး မဟုတ်တော့ပေ။ ထိုသို့ တွေးတောမိသောအခါ သူ၏ ရင်ထဲတွင် သက်သာရာရမှုနှင့်အတူ ဆုံးရှုံးသွားသလို ခံစားချက်လေးတစ်ခုပါ ရောယှက် ဖြစ်ပေါ်လာရာ ထိုရှုပ်ထွေးလှသော ခံစားချက်ကို စကားလုံးများဖြင့် ဖော်ပြရန်ပင် ခက်ခဲလွန်းလှ၏။ သို့သော် ပျော်ရွှင်မှုက ထိုသေးငယ်သော ဆုံးရှုံးမှုလေးထက် ပိုမို ကြီးမားနေခဲ့သည်။
ချက်ချင်းပင် သူသည် မိမိကိုယ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီး ဧည့်ခံပွဲဆီသို့ လိုက်ပါသွားတော့သည်။ စားပွဲဝိုင်းတွင် ဆုမိုနှင့် အခြားသူများကို ပြုစု ဧည့်ခံရင်း သေရည်များ ငှဲ့ပေးကာ အရာအားလုံးကို စနစ်တကျ ကြီးကြပ် ကွပ်ကဲနေလေ၏။ ယနေ့ည ဤဧည့်ခံပွဲတွင် တာဝန်ကျနေသူများမှလွဲ၍ အာမခံဌာန အတွင်းရှိ လူတိုင်းနီးပါး တက်ရောက်နေကြသည်။
အချိန်အတော်ကြာ မတွေ့ရတော့သော တာဝန်ခံဟယ် မှာ ဆုမိုအပေါ် အလွန်တရာ ကျေးဇူးတင်နေပြီး သူ၏ မိသားစုကို ဦးဆောင်ကာ ဆုမိုရှေ့တွင် ဒူးထောက် ခေါင်းငုံ့၍ အရိုအသေ ပေးလိုကြ၏။ သို့သော် ဆုမိုက ထိုအရာကို မည်သို့ ခွင့်ပြုနိုင်ပါမည်နည်း။ ထို့နောက် သူက တာဝန်ခံဟယ် အား အာမခံဌာန အတွင်း အလုပ်လုပ်ရသည်မှာ အဆင်ပြေမှု ရှိမရှိကို မေးမြန်းလိုက်သည်။ သူ၏ မိသားစုကို မည်သို့ နေရာချထားပေးသနည်း။
လော့ရှားမြို့ တွင် သူတို့ အခြေတကျ နေထိုင်နိုင်ရန်အတွက် ယန်ရှောင်ယွင် က ခြံဝင်းတစ်ခု ဝယ်ယူကာ အာမခံဌာန အပြင်ဘက်၌ သေးငယ်သော အိမ်တော်လေး တစ်ခု ပြင်ဆင်ပေးရန် အစီအစဉ် ရှိကြောင်း သူက ပြောပြလိုက်၏။ တာဝန်ခံဟယ် မှာ တစ်ဖန် အလွန်တရာ ကျေးဇူးတင်သွားပြန်ပြီး ဆုမိုနှင့် ယန်ရှောင်ယွင် တို့ကို အဆက်မပြတ် ကျေးဇူးတင် စကားများ ဆိုနေတော့သည်။
တောထဲတွင် တည်းခိုခန်း ဖွင့်လှစ်ခဲ့စဉ်ကလောက် ငွေကြေး အမြတ်အစွန်းများ မရရှိတော့သော်ငြားလည်း၊ လစဉ် လုံလောက်သော လစာငွေများဖြင့် မိသားစု တစ်ခုလုံးကို ပူပင်သောက ကင်းဝေးစွာ ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ပြင် သူ၏ မိသားစုဝင်များထဲမှ ကိုယ်လက်အင်္ဂါ ချို့ယွင်းနေသူများကိုပင် အာမခံဌာန အတွင်း၌ သင့်တော်သော အလုပ်အကိုင်များ ပေးအပ်ထားခဲ့လေသည်။
--