အခန်း ၅၇၈
Vol. 39 Ch. 578
အခန်း (၅၇၈) လက်ထပ်ကြစို့ (အပိုင်း ၂)
ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းသာ မဟုတ်ပါလော။
သိုင်းပညာ မည်မျှပင် ထိပ်တန်းရောက်နေပါစေ အသေဆိုးနှင့် သေရမည်မှာ အသေအချာပင်။ ဆုမို တစ်ယောက် မည်သို့ တုံ့ပြန်ရမည်ကို မသိဘဲ ဆွံ့အသွားရတော့သည်။ ထိုစဉ်မှာပင် ယန်ရှောင်ယွင်က ထပ်မံ မေးခွန်းထုတ်လာ၏။
"ပြောင်းပြန် ဓာတ်ကြီးငါးပါး အပ်စိုက်ပညာက တကယ်ပဲ အဲဒီလောက်တောင် အစွမ်းထက်တာလား... သူမရဲ့ သွေးကြောမကြီး ခြောက်သွယ် ပျက်စီးနေတာကိုရော တကယ် ကုသပေးနိုင်မှာတဲ့လား... စစ်ထူလေးရဲ့ စိတ်နေသဘောထားကရော ဘယ်လိုမျိုးလဲ... နင်..သူနဲ့ အတူတူ ခရီးသွားခဲ့တာဆိုတော့ တစ်ခုခုတော့ သိမှာပေါ့ မဟုတ်ဘူးလား... ဒါတင် မကသေးဘူးနော်..."
"ပါးစပ် ပိတ်ထားစမ်းပါ အစ်မယွင်ရာ..."
ဆုမိုသည် သူ၏ လက်ဖြင့် ယန်ရှောင်ယွင်၏ ခေါင်းလေးကို ညင်သာစွာ ခေါက်ချလိုက်တော့သည်။
ယန်ရှောင်ယွင်မှာ သူမ၏ ခေါင်းလေးကို ချက်ချင်း အုပ်ကိုင်လိုက်ပြီး စကားပြောနေခြင်းကို မနည်း ရပ်တန့်လိုက်ရသော်ငြားလည်း သူမ၏ မျက်နှာပေါ်တွင် ဆက်ပြောစရာ စကားများ ကျန်ရှိနေသေးသည့် အရိပ်အယောင်များက အထင်းသား ပေါ်လွင်နေပေ၏။
ဆုမို တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် စကားစလိုက်သည်။
"အစ်မယွင်ရဲ့ တုံ့ပြန်ပုံက နည်းနည်းတော့ လွဲနေသလိုပဲနော်..."
"ဘာဖြစ်လို့လဲ..."
ယန်ရှောင်ယွင်မှာ ဇဝေဇဝါ ဖြစ်သွားပြီး ပြန်လည် မေးခွန်းထုတ်လာ၏။
"ငါ့ရဲ့ တုံ့ပြန်မှုက ဘယ်လို ဖြစ်နေရမှာလဲ..."
"နည်းနည်းလေးတောင် စိတ်မတိုဘူးလား..."
ဆုမိုက ဆက်လက် ရှင်းပြလိုက်သည်။
"ကျွန်တော့် ဆန္ဒ မပါခဲ့ဘူး ဆိုပေမဲ့... ကျွန်တော်တို့ နှစ်ယောက်ကြားမှာ အသားချင်း ထိတွေ့မှုတွေ အတော်လေး ရှိခဲ့တာလေ..."
"နင့် ဆန္ဒမပါဘူးလို့ နင်ပဲ ပြောခဲ့ပြီးပြီလေ..."
ယန်ရှောင်ယွင်က သူမ၏ လက်ကို ဝှေ့ယမ်းပြလိုက်၏။
"အဲဒီလို အခြေအနေမျိုးအောက်မှာ နင့်ဘက်က အဲဒီလို ထိန်းချုပ် ကိုင်တွယ်နိုင်ခဲ့တာကကို တကယ့်ကို ရှားပါးလွန်းနေပါပြီ... ဒါ့အပြင် တကယ်လို့ တစ်ခုခု ဖြစ်သွားခဲ့ရင်တောင် နားလည်ပေးလို့ ရပါတယ်... နင့်အနေနဲ့ သူ့ကို ဒီတိုင်း သေခိုင်းလိုက်ရမှာလား..."
"..."
ဆုမိုမှာ မနေနိုင်ဘဲ သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်မိတော့သည်။
"အစ်မယွင်ကို ကျွန်တော် ဘာဆက်ပြောရမလဲတောင် မသိတော့ပါဘူး..."
"ဘာပြောစရာ ရှိလို့လဲ..."
ယန်ရှောင်ယွင်က မျက်မှောင်ကြုတ်လိုက်၏။
"အခုလောလောဆယ် ငါတို့ရှေ့မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေက နည်းနည်းနောနောမှ မဟုတ်တာ... အကယ်၍ နောင်တစ်ချိန်မှာ သူ့ရဲ့ သွေးကြောမကြီး ခြောက်သွယ် ပျက်စီးနေတာကို မကုသနိုင်ခဲ့ရင်... လက်ထပ်ပြီးတဲ့အခါ ဆု မိသားစုကို တိုးချဲ့ဖို့ အဲ့ဒီမိန်းကလေး.. ဘယ်လိုလုပ် စွမ်းဆောင်နိုင်မှာလဲ... အဲဒီရောဂါက မျိုးရိုးလိုက်နိုင်သလား ဆိုတာကိုလည်း ငါ သေချာ မသိဘူးလေ... သူ့ရဲ့ စိတ်နေသဘောထားကို ကြည့်ရမယ် ဆိုရင်တော့... နင်.. သူ့ကို ဒီလောက်တောင် ကူညီပေးထားတာပဲ... အဲ့ဒီမိန်းကလေးက သေချာပေါက် လူကောင်း တစ်ယောက် ဖြစ်မှာပါ... အဲဒီအတွက်တော့ စိတ်ပူစရာ မလိုပါဘူး... အခု ငါ စဉ်းစားနေတာက ဟိုဘက်က လူတွေ ဘာတွေးနေမလဲ ဆိုတာကိုပဲ... ရွှမ်ဟူစံအိမ်ဘက်ကများ လက်ထပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တခြား အမြင်တွေ ရှိနေမလား... ဘာပဲဖြစ်ဖြစ် နင်.. သူတို့ မိသားစုဆီ ဝင်စံရဖို့ ဆိုတာကတော့ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ..."
ဆုမိုသည် အဆက်မပြတ် တတွတ်တွတ် ရေရွတ်နေသော သူမကို တိတ်ဆိတ်စွာ စောင့်ကြည့်နေရင်း ရုတ်တရက် သူ၏ ရင်ထဲတွင် မွန်းကြပ် ရှုပ်ထွေးမှု တစ်ခုကို ခံစားလိုက်ရလေ၏။
တမဟုတ်ချင်းမှာပင် သူသည် သူမကို အနားသို့ ဆွဲယူလိုက်တော့သည်။
ယန်ရှောင်ယွင်မှာ လန့်ဖျတ်သွားပြီး ဆုမိုကို အံ့အားသင့်စွာဖြင့် မော်ကြည့်လိုက်၏။
ထိုအခိုက်အတန့်၌ သူတို့ နှစ်ဦး၏ နှာခေါင်းများမှာ လက်တစ်ဆစ်ခန့်သာ ကွာဝေးတော့သည်။
သို့သော် ဆုမို၏ အမူအရာမှာ အနည်းငယ် ဂနာမငြိမ် ဖြစ်နေဟန် ရှိပေ၏။
"အစ်မယွင်က စကားတွေ အများကြီး ပြောနေတာပဲ... ကိုယ်ပိုင် ခံစားချက်ကိုရော တစ်ခါလေးတောင် ထည့်မစဉ်းစားဘူးလား..."
"ငါ့ ခံစားချက် ဟုတ်လား..."
ယန်ရှောင်ယွင်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရ၏။
"ငါ့အတွက်... ငါ့အတွက် စဉ်းစားစရာ ဘာရှိလို့လဲ... နောက်ဆုံးတော့ ငါက နင့်လူပဲလေ... ငါ တစ်သက်လုံး နင့်ဘေးနားမှာ ရှိနေမှာ... အဲဒီတော့ စဉ်းစားစရာ ဘာမှ မရှိဘူး မဟုတ်လား..."
"အစ်မယွင်... တကယ့်ကို အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ..."
ဆုမို တစ်ယောက် ဘာကြောင့်မှန်း မသိဘဲ ရုတ်တရက် ဒေါသထွက်လာခဲ့လေ၏။
သူသည် အလိုအလျောက်ပင် ကိုယ်ကို လှည့်ကာ သူမကို ကုတင်ပေါ်သို့ တွန်းချ ဖိထားလိုက်တော့သည်။
အောက်ဘက်ရှိ သူမကို စိုက်ကြည့်ရင်း စကားတစ်ခွန်းခွန်း ပြောရန် ဟန်ပြင်လိုက်သော်ငြားလည်း မည်သို့ စကားစရမည်ကို မသိတော့ချေ။
ယန်ရှောင်ယွင်က သူမ၏ မျက်တောင်လေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ရင်း အလိုအလျောက် မေးလိုက်၏။
"ရှောင်မို... နင် ငါ့ကို အနိုင်ကျင့်တော့မလို့လား..."
"ကျွန်တော်... ဒေါသထွက်နေတာ..."
ဆုမို၏ မျက်ခုံးတန်းများက အလွန်အမင်း တွန့်ကွေးသွားရ၏။
"ဘာလို့ ဒေါသထွက်နေရတာလဲ..."
ယန်ရှောင်ယွင်က ဆုမိုကို အကူအညီမဲ့စွာ မော်ကြည့်လိုက်သည်။
"နင် ဒေါသထွက်နေရင်လည်း ပွင့်ပွင့်လင်းလင်းသာ ပြောပါ... ငါ အမှား တစ်ခုခု လုပ်မိတာ ဆိုရင်လည်း ငါ ပြင်ပါ့မယ်... အရင်တုန်းက နင် ပြောခဲ့တယ်လေ... မိန်းကလေး တစ်ယောက် အနေနဲ့ နှစ်ကိုယ်တူ ကျင့်ကြံခြင်း အကြောင်းကို အမြဲတမ်း ပါးစပ်က ထုတ်မပြောသင့်ဘူး ဆိုတာ... အဲဒီအချိန်ကစပြီး အခုထိ ငါ အဲဒီအကြောင်းကို တစ်ခွန်းမှ ထပ်မဟတော့ဘူးလေ..."
ဆုမို တစ်ယောက် မှင်သက်သွားတော့၏။
သူမ ထိုကိစ္စကို ပြောပြလိုက်သောအခါမှသာ ဆုမို၏ မှတ်ဉာဏ်များက အတိတ်ဆီသို့ ပြန်လည် ရောက်ရှိသွားသည်။ သံမဏိသွေး အာမခံဌာန သို့ သူ ပထမဆုံးအကြိမ် အလည်သွားခဲ့စဉ်က ခြံဝင်းနောက်ဘက်၌ ယန်ရှောင်ယွင်နှင့် သိုင်းဖလှယ်ခဲ့ပြီးနောက် ထိုကဲ့သို့သော စကားပြောဆိုမှုမျိုး အမှန်တကယ်ပင် ရှိခဲ့ဖူးလေ၏။
ထိုအချိန်မှစ၍ ယန်ရှောင်ယွင်သည် သူ့ရှေ့တွင် ထိုအကြောင်းကို တစ်ခါမျှ ထပ်မံ ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့တော့ချေ။
'သူမက ဒီအချိန်အထိ ငါပြောတဲ့ စကားကို နှလုံးသားထဲမှာ အသေအချာ မှတ်ထားခဲ့တာလား...'
ရုတ်တရက် ဆုမို၏ ရင်ထဲတွင် ရှုပ်ထွေးလှသော ခံစားချက်များစွာက တဟုန်းဟုန်း တက်လာပြီး ရင်အုံထဲ၌ ကိန်းအောင်းနေသော ဒေါသမီးတောက်များမှာ မျက်စိတစ်မှိတ်အတွင်း လုံးဝ ပျောက်ကွယ်သွားတော့၏။
သူသည် ဘေးသို့ လိမ့်ချလိုက်ပြီး ယန်ရှောင်ယွင်၏ နံဘေးတွင် လဲလျောင်းလိုက်ကာ သူမကို သူ၏ ရင်ခွင်ထဲသို့ အနည်းငယ် အင်အားသုံး၍ ဆွဲသွင်းလိုက်လေသည်။
သူ၏ ရင်ခွင်ထဲသို့ မှီဝင်လာသော ယန်ရှောင်ယွင်က သက်ပြင်း သဲ့သဲ့လေး တစ်ချက် ချလိုက်၏။
"နင် ရုတ်တရက်ကြီး ဒေါသထွက်သွားတာ တော်တော်လေး ကြောက်စရာ ကောင်းတယ်သိလား..."
"..."
"နင်က နင့်ရဲ့ စိတ်ခံစားချက်တွေကို အမြဲတမ်း ထိန်းချုပ်နိုင်တဲ့သူလေ... ခုနက ဘာတွေ ဖြစ်သွားတာလဲ..."
"ခံစားချက်တွေကို မပြသဘူး ဆိုတာက... အဲဒီ ကိစ္စတွေက အစ်မယွင်နဲ့ တစ်ခါမှ မသက်ဆိုင်ခဲ့လို့လေ..."
ဆုမိုက သူမကို မနေနိုင်ဘဲ ငုံ့ကြည့်လိုက်၏။
"စစ်ထူလေးနဲ့ ကျွန်တော့် ကြားက ပတ်သက်မှုက အဆုံးသတ် မလှနိုင်ဘူး ဆိုတာ ကျွန်တော် သိပါတယ်... သူက အပျိုစင်လေး တစ်ယောက် ဖြစ်ရက်နဲ့ ကျွန်တော့်ကြောင့်... ထားပါတော့... အကြောင်းပြချက် တစ်ခု ရှိခဲ့ပြီး မတတ်သာလို့ လုပ်ခဲ့ရတာ ဆိုပေမဲ့လည်း ကျွန်တော်တို့ဘက်က ရှင်းပြဖို့တော့ လိုအပ်တယ်လေ... ဒါပေမဲ့ အစ်မယွင်ကို ကြည့်ရတာ ကျွန်တော် ..သူ့ကို လက်ထပ်ဖို့ မစောင့်နိုင်တော့တဲ့ ပုံပေါက်နေတယ်... ကျွန်တော် ဘာတွေးနေလဲ ဆိုတာကို လုံးဝ ဂရုမစိုက်ဘူး..."
"ငါ..."
ယန်ရှောင်ယွင်က သူမကိုယ်သူမ ကာကွယ် ပြောဆိုရန် ဟန်ပြင်လိုက်သော်ငြားလည်း ဆုမို၏ မျက်နှာပေါ်ရှိ မပြေလည်သေးသော ဒေါသရိပ်များကို မြင်လိုက်ရသောအခါ မနေနိုင်ဘဲ ရယ်မောလိုက်မိတော့သည်။
"...ဘာရယ်နေတာလဲ..."
သူမ၏ ရုတ်တရက် ရယ်မောမှုကြောင့် အငိုက်မိသွားသော ဆုမိုမှာလည်း ဘာကြောင့်မှန်း မသိဘဲ လိုက်ပါ ရယ်မောမိတော့၏။
သို့သော် အတူတကွ ရယ်မောနေရင်းမှ သူ၏ ရင်ထဲတွင် အနည်းငယ် ပြန်လည် ဂနာမငြိမ် ဖြစ်လာပြန်သည်။
"ဆက်မရယ်နဲ့တော့ကွာ..."
"နင်တောင် ရယ်နေတာပဲ... ငါက ဘာလို့ ရယ်လို့ မရရမှာလဲ... ခေါင်းဆောင်ဆုက အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိရမှာ မဟုတ်ဘူးလား..."
ဆုမို တစ်ယောက် ဒေါသတကြီး ကြိမ်းဝါးလိုက်လေသည်။
"ဒီနေ့တော့ ငါ.. ဆုမိုက အကြောင်းပြချက် ခိုင်လုံလား မခိုင်လုံဘူးလား ဆိုတာကို အစ်မယွင် သိအောင် ပြရသေးတာပေါ့..."
"အရှုံးပေးပါတယ်... ငါ အရှုံးပေးပါတယ်..."
ယန်ရှောင်ယွင်က ချက်ချင်းပင် အရှုံးပေးလိုက်၏။ သူ၏ လုံရှန်း ဉာဏ်ပညာ နှင့် ဆယ့်နှစ်အဆင့် ရွှေခေါင်းလောင်း အကာအကွယ် ကို ဘယ်သူကများ အမှန်တကယ် ယှဉ်ပြိုင်နိုင်ပါမည်နည်း။
ယန်ရှောင်ယွင်သည် အမြဲတမ်း စိတ်ဓာတ်ခိုင်မာ ပြတ်သားသူ တစ်ဦး ဖြစ်သော်ငြားလည်း ဤအခိုက်အတန့်တွင်မူ ဆုမိုနှင့် ဆက်လက်၍ မယှဉ်ပြိုင်လိုတော့ချေ။
"ဒီလိုမှပေါ့..."
ဆုမိုက သူမကို သူ၏ ရင်ခွင်ထဲသို့ ပြန်လည် ဆွဲသွင်းလိုက်သည်။
ယန်ရှောင်ယွင်က သက်ပြင်းချလိုက်၏။
"ရှောင်မို... နင် အခု လူကြီး ဖြစ်လာပြီပဲ... ငါ့ကိုတောင် အနိုင်ကျင့်နေပြီ... အရင်တုန်းက အရိုက်ခံရတိုင်း ငိုတတ်တဲ့ ကလေးလေး မရှိတော့ဘူးပေါ့..."
"..."
'ငိုတတ်တဲ့ အဲဒီကလေးလေး ဆိုတာ တစ်ခါမှ ငါ မဟုတ်ခဲ့ပါဘူး...'
ဆုမိုက စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိသည်။
သို့သော် သူမသည် ယန်ရှောင်ယွင် ဖြစ်နေလျှင်တောင် ဤကိစ္စကိုမူ နှုတ်မှ ထုတ်ပြော၍ မသင့်တော်ချေ။
--