အခန်း ၅၈၀
Vol. 39 Ch. 580
အခန်း (၅၈၀) ရွှမ်ထျန်း ရတနာတံဆိပ်တော်
နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်ရှိလာသောအခါ ဆုမို နှင့် ယန်ရှောင်ယွင် တို့သည် တစ်ချိန်တည်းမှာပင် မျက်လုံးများကို ဖွင့်လိုက်ကြ၏။ သိုင်းပညာ ကျင့်ကြံသူများ ဖြစ်ကြသည့်အလျောက် နံနက်ခင်း၏ အဖိုးတန်သော အချိန်များကို သူတို့ လုံးဝ အဆုံးရှုံးမခံကြချေ။ ထို့ကြောင့် နေမင်းကြီး အစွမ်းကုန် ထွန်းလင်းတောက်ပချိန်အထိ အိပ်မောကျနေသည့် အခြေအနေမျိုးမူ ရှိမနေခဲ့ပါချေ။
သို့သော်ငြားလည်း နိုးလာပြီးနောက်တွင်မူ သူတို့ နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်နေကြရသည်။ နှစ်ဦးသား ဘေးတစောင်း လဲလျောင်းနေကြရင်း အကြည့်ချင်း ဆုံမိလိုက်သောအခါ ယန်ရှောင်ယွင်၏ မျက်နှာလေးမှာ အတိုင်းအဆမရှိ နီမြန်းသွားတော့၏။ သူမသည် အိပ်ရာမှ ဆတ်ခနဲ ထထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ ဤနေရာမှာ ဆုမို၏ အခန်းဖြစ်ကြောင်း အတည်ပြုလိုက်နိုင်လေသည်။
ထို့နောက်တွင်မူ သူမသည် အိပ်ရာပေါ်သို့ ပြန်လည် လှဲချလိုက်ပြီး ဆုမို၏ အနောက်ဘက်ရှိ စောင်များကို လှမ်းယူကာ သူမ၏ ဦးခေါင်းကို လုံအောင် ဖုံးအုပ်လိုက်တော့၏။ ဤအပြုအမူကြောင့် ဆုမိုမှာ ပါးစပ်အဟောင်းသားဖြင့် ဆွံ့အသွားရလေသည်။ သူသည် စောင်စွန်း တစ်ဖက်ကို မတင်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ယန်ရှောင်ယွင်က စောင်ကို ရုတ်တရက် ဖယ်ရှားလိုက်ပြီး ဆုမိုကို စိုက်ကြည့်ကာ စကားဆိုလိုက်၏။
"မနေ့ညက... နင် လက်ထပ်မယ်လို့ ပြောခဲ့တယ် မဟုတ်လား..."
သူမက ရုတ်တရက် မေးခွန်းထုတ်လိုက်ခြင်းပင်။ ဆုမိုက ခေါင်းညိတ်ပြလိုက်၏။
"ကျွန်တော် ပြောခဲ့ပါတယ် အစ်မယွင်..."
"ဒါဆိုရင်တော့ အဆင်ပြေပါတယ်..."
ယန်ရှောင်ယွင်သည် ချက်ချင်းပင် အိပ်ရာမှ ထလိုက်တော့သည်။
"ငါ သိုင်းသွားကျင့်တော့မယ်.... နင်ကတော့ နောက်ထပ် ခဏလောက် ထပ်အိပ်လိုက်ဦးလေ..."
ထိုသို့ ပြောဆိုပြီးနောက် သူမ ထွက်ခွာရန် ပြင်လိုက်သော်လည်း ဆုမိုက သူမကို အလျင်အမြန်ပင် ပြန်လည် ဆွဲယူလိုက်လေသည်။ ကုတင်ပေါ်တွင် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်မိကြပြန်၏။ ယန်ရှောင်ယွင်သည် တံတွေးကို အသာအယာ မြိုချလိုက်ရင်း မေးလိုက်တော့သည်။
"နင်... နင် ဘာလုပ်မလို့လဲ..."
ဆုမိုက သူ၏ မျက်နှာကို သူမ၏ အနားသို့ တဖြည်းဖြည်း တိုးကပ်လိုက်၏။ စကားလုံးများ မလိုအပ်ဘဲ သူ၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှပေသည်။
"သွားစမ်းပါ...
ယန်ရှောင်ယွင်က တိုးညင်းစွာ ရေရွတ်လိုက်၏။
ဆုမို၏ မျက်ဝန်းများ ပြူးကျယ်သွားရသည်။ ရုတ်တရက် အံ့အားသင့်သွားသော ထိုအခိုက်အတန့်၌ သူ၏ ပါးပြင်ထက်သို့ နူးညံ့လှသော အထိအတွေ့ တစ်ခု ကျရောက်သွားတော့၏။ နောက်တစ်ခဏတွင်မူ ယန်ရှောင်ယွင်သည် အခန်းပြင်သို့ အပြေးအလွှား ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ သူမသည် တံခါးဝသို့ ရောက်သောအခါ ဆုမိုဘက်သို့ လှည့်ကြည့်ကာ လှမ်းအော်လိုက်လေ၏။
"ထပ်ပြီး အိပ်မနေနဲ့တော့... လာပြီး ငါနဲ့ သိုင်းဖလှယ်ရအောင်..."
"ကျွန်တော့်ကို နောက်ထပ် ခဏလောက် အိပ်ဦးဆိုပြီး ခုနလေးတင် ပြောခဲ့တာ မဟုတ်လား..."
ဆုမို တစ်ယောက် ပြောစရာ စကားမဲ့သွားရသော်လည်း အိပ်ရာမှ ထရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပါချေ။
နံနက်ခင်း တစ်ခုလုံးကို ယန်ရှောင်ယွင်နှင့်အတူ သိုင်းဖလှယ်ရင်း ကုန်ဆုံးစေခဲ့ပြီးနောက် ကျန်ရှိနေသော အချိန်များကိုမူ အာမခံဌာနသို့ လာရောက်ကြသော ဧည့်သည်တော်များကို ကြိုဆိုနှုတ်ဆက်ရင်း အလုပ်ရှုပ်နေခဲ့ရသည်။ မနေ့က လာရောက်ခဲ့သူ အများစုမှာ နာမည်စာရင်း မှတ်တမ်းများ ချန်ထားရစ်ခြင်း မရှိကြချေ။ နာမည်စာရင်း ပေးခဲ့သူ အနည်းငယ်ကိုလည်း ဆုမို အနေဖြင့် သွားရောက် တွေ့ဆုံရန် မလိုအပ်ဟု ဆုံးဖြတ်လိုက်၏။
မည်သို့ပင်ဆိုစေ 'အားလပ်ချိန်ရှိမှ' ဟု သူ ပြောခဲ့ဖူးသည် မဟုတ်ပါလော။ အကယ်၍ အားလပ်ချိန် မရှိပါက သဘာဝကျကျပင် သွားရောက်ရန် မလိုအပ်တော့ချေ။ နောက်ထပ် ရှည်လျားလှသော အချိန်ကာလ အထိ ဆုမို တစ်ယောက် အားလပ်နေမည် မဟုတ်သည်မှာ အသေအချာပင်။ သို့ရာတွင် ဂါရဝပြုရန် လာရောက်သူတိုင်းကို ဆုမို အနေဖြင့် လိုက်လံ တွေ့ဆုံနေရန်မှာ လုံးဝ မဖြစ်နိုင်လှပေ။
ထိုက်တန်သူများကိုသာ တွေ့ဆုံသင့်ပြီး ကျန်ရှိသူများကိုမူ အခြားသူများအား ကိုင်တွယ် ဖြေရှင်းခိုင်းခြင်းကသာ အကောင်းဆုံး ဖြစ်၏။ အကယ်၍ ဆုမိုသာ လူတိုင်းကို လိုက်လံ တွေ့ဆုံနေမည် ဆိုပါက သူ၏ နံပါတ်တစ် သိုင်းပညာရှင် ဟူသော ဂုဏ်သတင်းမှာ တန်ဖိုးနည်းသွားမည့်အပြင် အခြားသော ကိစ္စရပ်များကို လုပ်ဆောင်ရန် အချိန်ရတော့မည် မဟုတ်ချေ။ နေဝင်ရိုးရီ အချိန်ရောက်မှသာ သူ အားလပ်သွားတော့သည်။ ထိုအခါ ယန်ရှောင်ယွင်သည် ဝူရှန်းခန်းမ သို့ ပို့ဆောင်ရန် ရည်ရွယ်ထားသော အာမခံ စာရင်းများကို ဆုမို စစ်ဆေးနိုင်ရန် ယူဆောင်လာခဲ့၏။
ဆုမိုသည် စာရင်းများကို တစ်ခုချင်းစီ သေချာစွာ စစ်ဆေးလိုက်သည်။ အများစုမှာ ဝူရှန်းခန်းမ နယ်မြေအတွင်းသို့ ကုန်ပစ္စည်းများ ပို့ဆောင်လိုသော ကုန်သည်အသင်းအဖွဲ့များ ဖြစ်ကြ၏။ ပစ္စည်းအမျိုးအစားများမှာလည်း စုံလင်လှပေသည်။ အချို့မှာ ရွှေ၊ ငွေ နှင့် ကျောက်စိမ်း ရတနာများ ဖြစ်ကြပြီး၊ အချို့မှာမူ အဖိုးတန် ပိုးထည်များနှင့် ကတ္တီပါများ ဖြစ်ကြ၏။
ကြီးမားသော အာမခံ လုပ်ငန်းကြီးများမှာ များစွာ မရှိလှပေ။ ဆိုင်ခွဲ အချို့မှ တာဝန်ခံများ၏ အလုပ်များမှလွဲ၍ ကျန်ရှိသည်မှာ ပြန့်ကျဲနေသော ကုန်သည်ငယ်လေးများ၏ အလုပ်များသာ ဖြစ်သည်။ ၎င်းမှာ ကုန်ပစ္စည်းများ ပို့ဆောင်ပေးရန်သာမက လမ်းခရီးတွင် လူများကိုပါ တစ်ပါတည်း လိုက်ပါ ပို့ဆောင်ပေးရမည့် လုပ်ငန်းမျိုးလည်း ပါဝင်နေ၏။ ဆုမိုသည် အချိန်အတော်ကြာ ရွေးချယ်ခဲ့သော်လည်း သင့်တော်မည့် အလုပ်တစ်ခုမျှ ရှာမတွေ့သေးချေ။
နောက်ဆုံးတွင်မူ သူသည် အစားထိုး လုပ်ဆောင်နိုင်မည့် အလုပ်အနည်းငယ်ကို ထုတ်ယူလိုက်တော့သည်။
"လောလောဆယ်တော့ ဒီလိုပဲ ထားလိုက်ရအောင်... ဒီအထဲက တစ်ခုကို ရွေးလိုက်ပေါ့... ကျွန်တော်တို့ နောက်ဆုံး သုံးရက်အတွင်းမှာ ထွက်ခွာကြမယ်... ဦးလေးယန် ကို အကြာကြီး စောင့်ခိုင်းထားလို့ မဖြစ်ဘူးလေ..."
"ကောင်းပါပြီ..."
ယန်ရှောင်ယွင်သည် ထိုအာမခံ အလုပ်အနည်းငယ်ကို ပြန်လည် ကြည့်ရှုလိုက်၏။ အားလုံးမှာ ရိုးရှင်းသော်လည်း အတော်အတန် အဖိုးတန်လှသော ပစ္စည်းများသာ ဖြစ်ကြသည်။ ထိုအထဲတွင် လူတစ်ဦးကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံ ပို့ဆောင်ရမည့် အလုပ်တစ်ခုလည်း ပါဝင်နေပြီး အခကြေးငွေမှာ များပြားလှပေရာ ဆုမိုက ထိုအရာကိုလည်း ရွေးချယ်ထားခဲ့ခြင်း ဖြစ်ပါ၏။
ယန်ရှောင်ယွင်သည် စာရင်းများကို အသာအယာ ဘေးသို့ ဖယ်ထားလိုက်ရင်း စကားဆိုလိုက်သည်။
"ဒီခရီးစဉ် ပြီးရင် လော့ဖုန်း မဟာမိတ်အဖွဲ့ ဆီကိုလည်း သွားရဦးမယ် မဟုတ်လား..."
"သခင်မလေးဝေ နဲ့ နင့်ကြားက ကိစ္စတွေကို ခေတ္တ ဘေးဖယ်ထားမယ် ဆိုရင်တောင်... လော့ဖုန်း မဟာမိတ်အဖွဲ့ ရဲ့ မဟာမိတ်ခေါင်းဆောင် ရာထူး အဆုံးအဖြတ်က နောက်ထပ် လအနည်းငယ် အတွင်းမှာ ပေါ်ထွက်လာတော့မှာလေ... အဲဒီတော့ နင် ဝေရူဟန် ကို သေချာပေါက် သွားတွေ့သင့်တယ်"
"အရင်တုန်းက နင် ဒီလောက် နာမည်မကြီးသေးခင် ကတည်းက ဝေရူဟန် က နင့်ကို အထင်ကြီး လေးစားခဲ့တာပဲ... သူက သခင်မလေးဝေ နဲ့တောင် လက်ထပ်ပေးချင်နေခဲ့တာလေ..."
ဆုမို တစ်ခဏမျှ မှင်သက်သွားရသည်။ ယန်ရှောင်ယွင်သည် တစ်နေ့လုံး ဤကိစ္စကို ထုတ်မပြောဘဲ နေခဲ့သဖြင့် မနေ့ညက စကားများကို သူမ သတိမထားမိလိုက်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။ သူ တစ်စုံတစ်ရာ ပြောရန် ဟန်ပြင်လိုက်သော်လည်း ယန်ရှောင်ယွင်က အခွင့်အရေး မပေးခဲ့ချေ။
"အနောက်တောင်ဘက် ဒေသက ငါတို့ နှစ်ယောက် ဘဝ တည်ဆောက်ရမယ့် နေရာလေ... လော့ဖုန်း မဟာမိတ်အဖွဲ့ က ဇီယန်ဂိုဏ်း နဲ့ နှိုင်းယှဉ်လို့ မရနိုင်ဘူး ဆိုပေမဲ့..."
"ငါတို့မှာ သခင်မလေးဝေ နဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ရှိနေတာက နောင်တစ်ချိန်မှာ ကြီးမားတဲ့ အထောက်အပံ့ ဖြစ်လာမှာ သေချာတယ်... နင်နဲ့ သခင်မလေးဝေ အကြောင်းကိုတော့ ငါ အများကြီး မပြောချင်ပါဘူး... အကယ်၍ နင်သာ သူ့ကို လက်ထပ်နိုင်ခဲ့မယ် ဆိုရင် ပိုတောင် ကောင်းသေးတာပေါ့... လော့ဖုန်း မဟာမိတ်အဖွဲ့ကြီးက ငါတို့ လက်ထဲ ရောက်လာသလိုတောင် ဖြစ်သွားမှာလေ..."
"နင်က ယူချွမ် ဂိုဏ်းချုပ် နဲ့ ညသခင် ကို သတ်ပစ်ခဲ့တာလေ... အနည်းဆုံးတော့ အပြင်ပန်းမှာ ညသခင် ကို သတ်ခဲ့တယ် လို့ပဲ လူတွေ သိထားကြတာပဲ... တုန်းချန် ဂိုဏ်းတွေ အားလုံးက နင့်အပေါ်မှာ ကျေးဇူးတင်နေကြမှာ အမှန်ပဲ... ဒါပေမဲ့ အဲဒီ ကျေးဇူးတရားတွေကြားမှာ ကြောက်ရွံ့မှုတွေရော ပါမနေနိုင်ဘူးလား..."
"ဒီလို ကိစ္စတွေက အမြဲတမ်း ခန့်မှန်းရ ခက်တယ်လေ... အဲဒါထက် စာရင် လော့ဖုန်း မဟာမိတ်အဖွဲ့ နဲ့ဆိုရင်တော့ ငါတို့ ကောင်းကောင်း ညှိနှိုင်းလို့ ရနိုင်တယ်... သခင်မလေးဝေ နဲ့ ရလဒ်က ဘယ်လိုပဲ ဖြစ်နေပါစေ... လော့ဖုန်း မဟာမိတ်အဖွဲ့ က ငါတို့အတွက် အကြီးမားဆုံး အထောက်အပံ့တွေထဲက တစ်ခု ဖြစ်လာနိုင်တယ်"
"..."
ဆုမိုက ယန်ရှောင်ယွင်ကို အံ့ဩတကြီး လှမ်းကြည့်လိုက်မိသည်။
"အစ်မယွင် က ဒါတွေကို ဘယ်လောက်တောင် ကြာကြာ စဉ်းစားထားတာလဲ..."
"အရမ်းကို ကြာလှပါပြီ..."
ယန်ရှောင်ယွင်က စာပွဲခုံကို မှီလိုက်ရင်း ဆိုလိုက်၏။
"ချမ်းဖုန်းတောင်ကြား ကနေ ပြန်လာပြီး လော့ဖုန်း မဟာမိတ်အဖွဲ့ ဆီ သွားခဲ့တုန်းကတည်းက ငါ ဒါတွေကို စဉ်းစားနေခဲ့တာ... ကျောက်သီး လေးကို ကယ်တင်ပြီး ကျိုးချင်းချွမ်း ကို သတ်ခဲ့တာက လော့ဖုန်း မဟာမိတ်အဖွဲ့ ရဲ့ ခေါင်းဆောင် ရာထူးလုပွဲမှာ နင် တရားဝင် ဝင်ရောက် စွက်ဖက်လိုက်တာပဲ မဟုတ်လား... အဲဒါကလည်း ဒီရည်ရွယ်ချက်ကြောင့်ပဲ မဟုတ်ဘူးလား..."
ဆုမိုက ခေါင်းညိတ်လိုက်လေသည်။
"ကောင်းပါပြီ... ဒါဆိုရင်တော့ မနက်ဖြန်ကျမှ ဝေရူဟန် ဆီကို ကျွန်တော် သွားတွေ့လိုက်ပါ့မယ်..."
"အင်း..."
ယန်ရှောင်ယွင်က ပြုံးလိုက်၏။
"ဝေရူဟန် ဆိုတာ မြေခွေးအိုကြီး တစ်ကောင်ပဲ... နင်က သာမန်လူ မဟုတ်ဘူး ဆိုတာကို သူ သိနေတာ ကြာလှပြီ... အဲဒါကြောင့်လည်း သခင်မလေးဝေ ကို နင်နဲ့ လက်ထပ်စေချင်နေတာပေါ့…”
--