အခန်း ၅၈၄
Vol. 39 Ch. 584
အခန်း (၅၈၄) ရိချိီ ချန်းချိုး (အပိုင်း ၂)
"စိတ်ချပါ ဒုတိယခေါင်းဆောင်... ကျွန်တော် နားလည်ပါတယ်"
လျူမိုက ပြန်လည် ဖြေကြားလိုက်ပြီး ထိုသူ၏ သွေးကြောကွက်များကို တစ်ပါတည်း ပိတ်ဆို့လိုက်လေ၏။
ထို့နောက် သူသည် ကျန်းရှောင်ရှောင်၏ လက်ချက်ဖြင့် နံရံတွင် ကပ်သွားကာ အောက်သို့ မဆင်းနိုင်တော့သော လူထံ အကြည့်ပို့လွှတ်လိုက်သည်။ ကျန်းရှောင်ရှောင်မှာမူ နံရံကိုသာ ဂရုစိုက်နေပြီး အက်ကွဲကြောင်းကို တံတွေးဆွတ်ကာ ဖာထေးလိုနေဟန် ရှိပေရာ သူမဘေးရှိ လူကို လုံးဝ လျစ်လျူရှုထားသည်မှာ သိသာလှပေ၏။
လျူမို တစ်ယောက် အခြား ရွေးချယ်စရာ မရှိတော့ဘဲ အနားသို့ သွားရောက် စစ်ဆေးကြည့်လိုက်ရာ ထိုသူ၏ အရိုးများမှာ စိစိညက်ညက် ကျေမွနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ ယခုအခြေအနေတွင် နတ်ဘုရား ဖြစ်နေလျှင်ပင် အသုံးဝင်တော့မည် မဟုတ်ချေ။
သူသည် ခေါင်းကို ခါယမ်းလိုက်ပြီး ထိုသူကို နံရံပေါ်မှ ဆွဲခွာယူလိုက်၏။ ထို့နောက် ယန်ရှောင်ယွင် သွေးကြောကွက် ပိတ်ဆို့ထားသော လူကိုပါ တစ်ပါတည်း ထမ်းပိုးကာ ခေါင်မိုးပေါ်သို့ မော်ကြည့်ရင်း ဆုမို၏ အမိန့်ကို စောင့်ဆိုင်းနေတော့သည်။
"သူတို့ကို ဧည့်ခန်းမဆောင် ရှေ့ကို ခေါ်သွားလိုက်"
ဆုမိုက စကားဆိုလိုက်စဉ်မှာပင် ထိုလူကို ကုသပေးနေပြီ ဖြစ်၏။
ဤသူမှာ အခြားသူ မဟုတ်ဘဲ ငွေတုံး တစ်ရာ ပေးကာ ဆုမိုအား သေတ္တာထဲမှ နဂါးဟိန်းဓား ကို ယွီလျူအိမ်တော် သို့ ပို့ဆောင်ပေးရန် အပ်နှံခဲ့သူ... ရိချိီ ချန်းချိုး ကျိရှူဟွာ ပင် ဖြစ်လေသည်။
သို့သော် ဤရှုပ်ထွေးလှသော အလှည့်အပြောင်းများ အပြီးတွင် ယူချွမ်ဂိုဏ်း ၏ အနှစ် (၂၀) တိုင်တိုင် ကြံစည်ခဲ့သော အကွက်အဆင်ကြီး တစ်ခုကို ဖော်ထုတ်နိုင်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
အကယ်၍ ယူချွမ်ဂိုဏ်းသာ သူတို့၏ ကြီးမားလှသော အစီအစဉ်ကြီးမှာ ကျိရှူဟွာ၏ ငွေတုံး တစ်ရာကြောင့် ပျက်စီးသွားရမှန်း သိရှိခဲ့ပါက မည်သို့များ တွေးတောကြမည်ကို မည်သူကမျှ မသိနိုင်ချေ။
ယခုအခိုက်အတန့်၌ ရိချိီ ချန်းချိုး မှာ အသက်ကို ပြင်းပြင်း ရှူရှိုက်နေရပြီး ဇီယန် အာမခံဌာန ဆီသို့ အကူအညီ တောင်းခံရန် ရောက်လာနိုင်ရေးအတွက် အလွန်အမင်း ရုန်းကန် ကြိုးပမ်းခဲ့ရသည်မှာ ထင်ရှားလှပေသည်။
ဆုမိုသည် ဆယ့်နှစ်ဆင့် ရွှေခေါင်းလောင်း အကာအကွယ် ကျင့်စဉ်ထဲမှ ကုသခြင်းပညာရပ်ကို အသုံးပြုကာ သူ့ကို ချက်ချင်း ကုသပေးလိုက်၏။ သို့ရာတွင် အခြေအနေမှာ မကောင်းမွန်လှသဖြင့် ဆုမို၏ မျက်ခုံးတန်းများမှာ တင်းကြပ်စွာ တွန့်ကွေးသွားတော့သည်။
ကျိရှူဟွာ၏ နှလုံးသွေးကြောမှာ ပြတ်တောက်နေပြီ ဖြစ်ပြီး သူ၏ ခန္ဓာကိုယ် အတွင်း၌ ပြင်းထန်လှသော အဆိပ်ပြင်း မြောက်မြားစွာက ပျံ့နှံ့ လွှမ်းခြုံနေလေသည်။ ဆုမို အနေဖြင့် ရွှေခေါင်းလောင်း အကာအကွယ် မှ ကုသခြင်း ပညာရပ်များကို ပိုင်ဆိုင်ထားပြီး စစ်ထူလေး ပေးအပ်ထားသော ဆေးလုံးများ ရှိနေသော်ငြားလည်း သူ့ကို ကယ်တင်ရန်မှာ လုံးဝ မဖြစ်နိုင်တော့ချေ။
အကယ်၍ စစ်ထူလေး သာ ဤနေရာတွင် ရှိနေမည် ဆိုပါက သူ၏ အသက်ကို အနည်းငယ် ဆွဲဆန့်ထားနိုင်ကောင်း ဆွဲဆန့်ထားနိုင်မည် ဖြစ်သော်လည်း ယခုအချိန်တွင်မူ မည်သည့် နည်းလမ်းမျှ ရှိမနေတော့ပေ။
တစ်ခဏမျှ စဉ်းစား တွေးတောပြီးနောက် ဆုမိုသည် သူ၏ ရင်ခွင်ထဲမှ ဆေးပုလင်း တစ်ပုလင်းကို ထုတ်ယူလိုက်၏။ လူသားတစ်ယောက်၏ တာဝန်ကျေပွန်မှု အနေဖြင့် ကျိရှူဟွာ၏ ပါးစပ်ထဲသို့ ဆေးတစ်လုံး ခွံ့ထည့်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ကျိရှူဟွာ က သူ၏ လက်ကို အလျင်အမြန် မြှောက်ကာ တားဆီးလိုက်တော့သည်။
"အာမခံခေါင်းဆောင် ဆု... ကျွန်တော့်အတွက် ခင်ဗျားရဲ့ အားအင်တွေကို အလဟဿ အကုန်ခံ မနေပါနဲ့တော့... ကျွန်တော့် ဒဏ်ရာတွေက ဆေးဝါးတွေနဲ့ ကုသလို့ မရနိုင်တော့ပါဘူး..."
ဆုမိုက မျက်မှောင်ကြုတ်လိုက်၏။
"သူရဲကောင်းကျိ... ခင်ဗျား ဘာတွေများ ဖြစ်လာခဲ့တာလဲ"
"ကျွန်တော့်ကို လူတစ်ယောက်က ကိစ္စတစ်ခု အပ်နှံလိုက်လို့ပါ..."
ကျိရှူဟွာ သည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ၏ အသက်ငွေ့လေး ကျန်ရှိနေသေးချိန်တွင် အခြေအနေများကို ရှင်းလင်းစွာ ပြောပြနိုင်ရန် အစွမ်းကုန် ကြိုးစားလိုက်လေသည်။
"မကြာသေးခင်က... နေရာတစ်ခုမှာ မိတ်ဆွေတစ်ယောက်နဲ့ ကျွန်တော် ဆုံခဲ့တယ်... သူက ကမ္ဘာမြေ အဆုံးထိ လှည့်လည်သွားလာပြီး သမုဒ္ဒရာ လေးစင်းကို အိမ်အဖြစ် မှတ်ယူထားတဲ့သူပါ... အသိပညာ ဗဟုသုတတွေ တိုးပွားဖို့နဲ့ ထူးဆန်းတဲ့ ပစ္စည်းတွေကို စုဆောင်းဖို့အတွက် သွားလာနေတာလေ... ကျွန်တော်တို့ နှစ်ယောက် မတွေ့ရတာ တော်တော် ကြာနေပြီမို့ အချိန်အတော်ကြာအောင် အရက်အတူ သောက်ဖြစ်ကြတယ်... အဲဒီနောက်မှာ သူက ကျွန်တော့်ကို အလုပ်တစ်ခု အပ်နှံလိုက်တာပဲ..."
သူသည် ဤနေရာအထိ ပြောဆိုပြီးနောက် သူ၏ အနောက်ဘက်ရှိ အထုပ်တစ်ခုကို ဖြေဖြုတ်ရန် ရုန်းကန် ကြိုးပမ်းလိုက်၏။ ထိုအရာမှာ... နောက်ထပ် သေတ္တာ တစ်လုံးပင် ဖြစ်နေလေသည်။ သို့သော် ထိုသေတ္တာ၏ အလေးချိန်မှာ သာမန် ဓားတစ်လက်ထက် အဆပေါင်းများစွာ လေးလံလှပေသည်။
"အာမခံခေါင်းဆောင် ဆု... ကြည့်ပါဦး... ဒီပစ္စည်း... ဒီပစ္စည်းကို သူက လျှို့ဝှက်တဲ့ နေရာတစ်ခုကနေ တွေ့လာခဲ့တာ... ထူးဆန်းတဲ့ သံမဏိတုံး တစ်တုံးပါ... သူက ကျွန်တော့်ကို ဒါလေး ကူပို့ပေးဖို့ တောင်းဆိုခဲ့တယ်... ဓားဝှက်တဲ ဆီကို သွားပြီး... ဓားဝှက် သိုင်းသမား ဆီ လွှဲပြောင်းပေးဖို့ပါ..."
"ဓားဝှက် သိုင်းသမား..."
ဆုမို တစ်ယောက် မှင်သက်သွားတော့၏။
"ဒါဆိုရင်များ..."
"အာမခံခေါင်းဆောင် ဆု... ခင်ဗျား အသုံးပြုနေတဲ့ ဓား... နဂါးဟိန်းဓား ကို တကယ်ပဲ ဓားဝှက် သိုင်းသမား က သွန်းလုပ်ပေးခဲ့တာပါ"
ကျိရှူဟွာ သည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဆက်ပြောလေသည်။
"အာမခံခေါင်းဆောင် ဆု... ကျွန်..ကျွန်တော် ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး... ကျွန်တော့်ရဲ့ အသက်အန္တရာယ်က အချိန်ပိုင်းလေးပဲ လိုတော့တယ်... ဒါပေမဲ့... သူတစ်ပါးဆီက အလုပ်အပ်ခံရရင် သစ္စာရှိရမယ် ဆိုတဲ့အတိုင်းပါပဲ... ကျိရှူဟွာ ရဲ့ သိုင်းပညာတွေက နိမ့်ကျချင် နိမ့်ကျပါလိမ့်မယ်... ဒါပေမဲ့ ဘယ်တော့မှ စွန့်ပစ်တာမျိုး၊ သစ္စာဖောက်တာမျိုး မလုပ်ခဲ့ဖူးဘူး... သေရမယ် ဆိုရင်တောင် သေသွားပါစေတော့... မိတ်ဆွေ တစ်ယောက်ရဲ့ ယုံကြည်မှုကိုတော့ ဘယ်တော့မှ... ဘယ်တော့မှ အဖျက်ဆီးမခံနိုင်ဘူး... အခု တစ်ခုတည်းသော ဖြေရှင်းနည်းကတော့... အာမခံခေါင်းဆောင် ဆု ကို ကျွန်တော့်ကိုယ်စား...ကူညီပေးဖို့ပါပဲ..."
"ဓားဝှက်တဲ က ကျိဖန်တောင် မှာ ရှိပါတယ်... တောင်ရဲ့ အတွင်းဘက်မှာ နေရာလွတ် တစ်ခု ရှိတယ်... ခင်ဗျား... အက်ကွဲကြောင်း ကို ရှာပါ... အက်ကွဲကြောင်း ကို ရှာပါ..."
သူသည် ဤနေရာအထိ ပြောပြီးနောက် ဆက်လက်၍ မပြောနိုင်တော့ချေ။ သူ၏ မျက်နှာအဆင်းအရောင်မှာ မျက်တောင်တစ်ခတ်အတွင်း ပြောင်းလဲသွားပြီး ရုတ်တရက် အနီစွေးစွေး သွေးတစ်ပွက်ကို ပန်းထုတ်လိုက်ရတော့သည်။
ဤမြင်ကွင်းကို မြင်သောအခါ ဆုမိုသည် အလျင်အမြန်ပင် အတွင်းအား တစ်ချက် လွှဲပြောင်းပေးလိုက်ရာ သူ့ကို တစ်ခဏတာမျှ မနည်း တောင့်ခံထားနိုင်စေခဲ့၏။
"အာမခံခေါင်းဆောင် ဆု... သေခါနီး လူတစ်ယောက်အတွက် ခင်ဗျားရဲ့ အတွင်းအားတွေကို အလဟဿ မဖြုန်းတီးပါနဲ့တော့... ကျွန်တော် ပြောတာကိုပဲ နားထောင်ပါ... ဓားဝှက်တဲ ရဲ့ အရှေ့ဘက်မှာ... ချင်းမုတောအုပ် လို့ ခေါ်တဲ့ တောအုပ်တစ်ခု ရှိတယ်... အပြင်လူတွေ လာရောက် မစူးစမ်းနိုင်အောင် တားဆီးထားတဲ့ ဝင်္ကပါ တစ်ခုလည်း အဲဒီတောအုပ်ထဲမှာ ရှိတယ်... ဝင်္ကပါ ထဲကို ရောက်သွားတာနဲ့..."
"ဝင်္ကပါ ထဲ ဝင်သွားရင် သေချာပေါက် လမ်းပျောက်လိမ့်မယ်... ဒါပေမဲ့ မှတ်ထားပါ... အမြဲတမ်း ဘယ်ဘက်ကိုပဲ ကွေ့ပါ... အနီရောင်ကို တွေ့ရင် ညာဘက်ကို ကွေ့ပါ... ဒါဆိုရင် တောင်ကြားက အက်ကွဲကြောင်း ဆီကို ရောက်သွားလိမ့်မယ်... အဲဒီ အက်ကွဲကြောင်း ရဲ့ အလွန်မှာ ဓားဝှက်တဲ ရှိပါတယ်..."
သူသည် အားတင်းကာ ဤစကားများကို တစ်ထိုင်တည်း ပြောဆို အဆုံးသတ်လိုက်လေသည်။ ထို့နောက် ရင်ခွင်ထဲမှ ပစ္စည်းအချို့ကို ထုတ်ယူကာ ဆုမိုထံသို့ ကမ်းပေးလိုက်၏။
“ကျွန်တော့်ဆီမှာ တန်ဖိုးရှိတာ ဘာမှ မကျန်တော့ပါဘူး... ဒီ ငွေတုံး နှစ်ရာတန် လက်မှတ်ရယ်... ပြီးတော့... ပြီးတော့ ကျောက်စိမ်းဆွဲကြိုး လေး တစ်ကုံးပဲ ရှိပါတော့တယ်... အဲဒီ ကျောက်စိမ်းဆွဲကြိုး က... ကျွန်တော် မထင်မှတ်ဘဲ ရခဲ့တာပါ... မူလနေရာမှာ (၁၀) ရက်လောက် အကြာကြီး စောင့်နေခဲ့ပေမဲ့ လာရွေးမယ့်သူ မတွေ့လို့ ကျွန်တော်ပဲ သိမ်းထားလိုက်တာ... အခု... အခုတော့... ဒါကို အာမခံကြေး အဖြစ် သတ်မှတ်ပေးပါ... အာမခံခေါင်းဆောင် ဆု ကို... ကူ... ကူညီပြီး... ကူညီပြီး ဒီပစ္စည်းကို ပို့ပေးပါလို့ တောင်းဆိုချင်ပါတယ်…”
ကျိရှုဟွာသည် စကားကိုပင် အဆုံးမသတ်နိုင်တော့ဘဲ နောက်ဆုံးထွက်သက်ကို ရှူရှိုက်သွားခဲ့ပြီ ဖြစ်သည်။ ဆုမိုသည် သူ၏ အတွင်းအားကို နောက်တစ်ဖန် လှည့်ပတ်ကာ အသက်ဆက်နိုင်ရန် ကြိုးပမ်းပေးခဲ့သော်လည်း အချည်းနှီးသာ ဖြစ်သွားတော့၏။
"ရှောင်မို..."
ယန်ရှောင်ယွင် က ဆုမိုကို တစ်ချက် လှမ်းကြည့်လိုက်သည်။
"သူရဲကောင်းကျိ... ဆုံးသွားပြီ..."
ဆုမိုသည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဤအချည်းနှီး ဖြစ်သော လုပ်ရပ်ကို ဆက်လက် မလုပ်ဆောင်တော့ချေ။ သို့သော် သူ၏ မျက်ခုံးတန်းများမှာ တင်းကြပ်စွာ တွန့်ကွေးနေဆဲပင်။
"ရိချိီ ချန်းချိုး... တကယ့်ကို ရိချိီ ချန်းချိုး ဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါတယ်ဗျာ... သူတစ်ပါးဆီက အလုပ်အပ်ခံရရင် သစ္စာရှိရမယ် ဆိုတဲ့အတိုင်း... မိတ်ဆွေ တစ်ယောက်အတွက် သေရမယ် ဆိုရင်တောင် နောင်တမရဘူးတဲ့... သေခါနီး အချိန်ထိတောင် သူ့မိတ်ဆွေအတွက် ပစ္စည်းတွေ ကူပို့ပေးဖို့ တွေးနေသေးတယ်... သိုင်းလောက ထဲမှာ ဒီလိုလူမျိုးတွေ တကယ့်ကို ရှားပါးလွန်းပါတယ်…”
--