← Chapters

အခန်း ၇၀၇

Vol. 48 Ch. 707

အခန်း ၇၀၇

Vol. 48 Ch. 707

အခန်း (၇၀၇) - ဇဝေဇဝါဖြစ်နေသော စက္ကူယပ်တောင် သခင်လေးနှင့် ပျောက်ကွယ်သွားသော ကောင်းကင်ဘုံကပ်ဘေး

“မင်းက ထွက်ပြေးရဲသေးတယ်ပေါ့”

အော့ချွမ်းက အေးစက်စွာ နှာခေါင်းမှုတ်လိုက်ပြီး ထိုပုံရိပ်နောက်သို့ လိုက်သွားသည်။ နောက်တစ်စက္ကန့်တွင် သူတို့သည် လမ်းမပေါ်သို့ ရောက်ရှိသွားကြ၏။

ယန်ရှင်းရွှီသည် သူမ၏ အဝတ်အစားများကို အမြန်ဆွဲခြုံလိုက်ပြီး ဟင်းလင်းပြင်ကို ဆွဲဖြဲကာ နေရာကူးပြောင်းရန် ပြင်လိုက်သည်။ သို့သော် ထိုအခိုက်အတန့်၌ ပြင်းထန်သော အနက်ရောင် လက်သည်းကြီး တစ်ခုက ကောင်းကင်မှနေ၍ ပြင်းထန်စွာ ရိုက်ချလာတော့၏။

“အား”

ယန်ရှင်းရွှီမှာ အပိုင်းပိုင်းအစစ ပြတ်တောက်သွားရသည်။ သူမ၏ နီရဲသော ဝိညာဉ်မှာ ထွက်ပြေးရန် ကြိုးစားသော်လည်း အော့ချွမ်းက နီရဲသော ဘူးသီးခြောက်ကြီး တစ်လုံးဖြင့် ဖမ်းယူလိုက်တော့၏။

“ဟားဟား ... ကိစ္စပြတ်သွားပြီ”

အော့ချွမ်းသည် ဘူးသီးခြောက်ကို ပိတ်လိုက်ပြီး ကောင်းကင်သို့ ပျံတက်သွားသည်။

မလှမ်းမကမ်းရှိ လက်ဖက်ရည်ဆိုင်တွင်..

စက္ကူယပ်တောင် သခင်လေးသည် ဘယ်ဘက်လက်တွင် ယပ်တောင်ကို ကိုင်ထားပြီး ညာဘက်လက်တွင် လက်ဖက်ရည်ခွက်ကို ကိုင်ထားလျက် ထိုမြင်ကွင်းကို ကြောင်တောင်တောင် ကြည့်နေမိ၏။ သူ၏ မျက်နှာထားမှာ တဖြည်းဖြည်း တောင့်တင်းလာတော့၏။

“ငါက ဘယ်လို ကံဆိုးမိုးမှောင်ကျမှုမျိုးနဲ့ သွားတိုးနေတာလဲ”

စက္ကူယပ်တောင် သခင်လေးမှာ ငိုချင်ရက် လက်တို့ ဖြစ်နေရသည်။ သူသည် နတ်ဘုရားမျိုးနွယ်စုမှ ဝင်စားသူ တစ်ဦးကို နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီး အစောင့်အရှောက်အဖြစ် ခန့်အပ်နိုင်ခဲ့သည် မဟုတ်ပါလား။ ထျန်းကျီစံအိမ်ကို ဦးဆောင်ကာ ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးကို လှုပ်ခါနိုင်မည့် ထိပ်တန်း လျှို့ဝှက်အင်အားစုကြီး တစ်ခု ဖြစ်လာတော့မည်ဟု သူ တွေးထားခဲ့လေ၏။

သို့သော် ရလဒ်ကတော့ ...ဤအစောင့်အရှောက် ယန်ရှင်းရွှီမှာ ထျန်းကျီစံအိမ်သို့ ဝင်ရောက်သည်မှာ နေ့တစ်ဝက်သာ ရှိသေးသော်လည်း ပြင်းထန်သော အော့ချွမ်း၏ လက်ချက်ဖြင့် အပိုင်းပိုင်းအစစ ဆွဲဖြဲခံလိုက်ရ၏။ မြင်ကွင်းမှာ တကယ့်ကို အသည်းအေးစရာ ကောင်းလှပေသည်။

“ဟူး”

“ဒီလောက် လှပတဲ့ ကိုယ်ခန္ဓာလေးကို ... အလကားသက်သက် အလဟဿ ဖြစ်သွားရတယ်လို့။ အခွင့်အရေးလေးတောင် မယူလိုက်ရဘူး”

စက္ကူယပ်တောင် သခင်လေးသည် လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း နှုတ်ခမ်းများ တွန့်သွားရ၏။

လမ်းမပေါ်တွင်..ယန်ရှင်းရွှီ အပိုင်းပိုင်း ပြတ်တောက်သွားပြီးနောက် သူမ၏ ကိုယ်ခန္ဓာမှာ တဖြည်းဖြည်း ဖောင်းပွလာပြီး ဘေးမှ ကြည့်နေသူများ ထိတ်လန့်သွားစေလောက်အောင် ဧရာမ ရေမှော်ပင်ကြီး တစ်ပင်အဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်းထံမှ ပင်လယ်ရေညှီနံ့များ ထွက်ပေါ်နေ၏။

“နတ်ဆိုးကွ”

မြို့သူမြို့သားများမှာ ထိတ်လန့်တကြားဖြင့် အရပ်မျက်နှာ အနှံ့အပြားသို့ ထွက်ပြေးကုန်ကြသည်။

စက္ကူယပ်တောင် သခင်လေးသည် ရေမှော်ပင်အဖြစ် ပြောင်းလဲသွားသော ထိုအလောင်းကောင်ကို ကြည့်ကာ ပါးစပ်ထဲရှိ လက်ဖက်ရည်များကို ရုတ်တရက် ထွေးထုတ်လိုက်မိ၏။

“အမလေး… အရုပ်ဆိုးလိုက်တာ”

စက္ကူယပ်တောင် သခင်လေးသည် ယန်ရှင်းရွှီနှင့် အိပ်ရာအတူ မဝင်ခဲ့ရသည်ကိုပင် ကံကောင်းသည်ဟု မှတ်ယူလိုက်တော့သည်။ သို့မဟုတ်ပါက ... ငန်ကျိကျိနှင့် ညှီစော်နံနေသော ရေမှော်ပင်ကြီး တစ်ပင်နှင့် ထိုကိစ္စကို လုပ်ရမည်ဟု တွေးလိုက်မိရုံဖြင့် သူ အန်ချင်စိတ် ပေါက်သွားသည်။

တစ်နာရီခန့် ကြာသောအခါ..

ထျန်းကျီစံအိမ်။

“ဂိုဏ်းချုပ် ... အစောင့်အရှောက်က ဘယ်ရောက်သွားတာလဲ”

စက္ကူယပ်တောင် သခင်လေး တစ်ယောက်တည်း ပြန်လာသည်ကို မြင်သောအခါ ကျူးယုံဖူက နားမလည်စွာဖြင့် မေးလိုက်သည်။

“အစောင့်အရှောက် သေသွားပြီ” စက္ကူယပ်တောင် သခင်လေးက မျက်နှာသေဖြင့် ပြန်ဖြေလိုက်၏။

“ဗျာ ... ” ကျူးယုံဖူ မှင်သက်သွားရသည်။

စက္ကူယပ်တောင် သခင်လေးက အကြောင်းစုံကို ရှင်းပြလိုက်သောအခါ ကျူးယုံဖူ သာမက ရှောင်ဖန်ကူနှင့် တုန်းယွမ်တုန်း တို့ပါ အံ့ဩမှင်သက်သွားကြတော့၏။

“သူ အစောင့်အရှောက် ဖြစ်တာ နေ့တစ်ဝက်ပဲ ရှိသေးတယ်လေ”

“ဒီလောက် မြန်မြန် သေသွားရတယ်လို့ ... ဟူး”

“ငါတို့ ထျန်းကျီစံအိမ်ကများ ကျိန်စာသင့်နေလို့ ... ဝင်လာတဲ့သူတိုင်း ကံဆိုးနေကြတာလား မသိဘူး”

ကျူးယုံဖူက မနေနိုင်ဘဲ ခန့်မှန်းလိုက်မိသည်။

“ပေါက်ကရတွေ”

စက္ကူယပ်တောင် သခင်လေးက ကျူးယုံဖူကို ကန်ထုတ်လိုက်ပြီး အဓိကနေရာတွင် ထိုင်ကာ ဒေါသတကြီးဖြင့် လက်ရန်းကို ထုရိုက်လိုက်၏။

“မင်းတို့ အားလုံး စိတ်ဓာတ်တွေ ပြန်မြှင့်တင်ကြစမ်း”

“အခု ငါက မူလနတ်ဘုရားအဆင့်ကို ရောက်နေပြီ။ မင်းတို့ အားလုံးလည်း ဝိညာဉ်ပင်လယ်အဆင့်ကို ရောက်နေကြပြီ။ အချိန်တစ်ခု ပေးလိုက်ရင် ငါတို့ သေချာပေါက် အင်အားစုကြီး တစ်ခု ဖြစ်လာမှာပဲ။ အခုကစပြီး ကြိုးကြိုးစားစား ကျင့်ကြံကြ။ ကျင့်ကြံခြင်းအဆင့် မြန်မြန် တက်အောင် ကြိုးစားကြစမ်း”

ပြောပြီးသည်နှင့် သူက ကျူးယုံဖူကို စူးစူးရဲရဲ ကြည့်လိုက်သည်။

“ဟုတ်ကဲ့ပါ”

ကျူးယုံဖူသည် ချက်ချင်း ဒူးထောက်ကာ ခေါင်းကို အတွင်တွင် ညိတ်လိုက်တော့၏။

---

လွဲ့ဝူ အင်ပါယာ။

လူဦးရေ သန်းအနည်းငယ်သာ ရှိသော မြို့ကြီး တစ်မြို့တွင်..

ခမ်းနားထည်ဝါသော စံအိမ်ကြီးတစ်ခု။

ယနေ့မှာ ဝမ်မိသားစု၏ အိမ်ထောင်ဦးစီး ကိုးယောက်မြောက် မယားငယ် ယူမည့် မင်္ဂလာနေ့ ဖြစ်သည်။ ဧည့်သည်ပေါင်း မရေမတွက်နိုင်အောင် နေရာယူထားကြပြီး၊ စိတ်အားထက်သန်နေသော သခင်ကြီးဝမ်သည် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် သွယ်လျသော အမျိုးသမီး တစ်ဦးကို လက်ဆွဲကာ ခေါ်ဆောင်လာသည်ကို ကြည့်နေကြ၏။

သတို့သမီး၏ မျက်နှာကို အနီရောင် ပုဝါဖြင့် ဖုံးကွယ်ထားသဖြင့် သူမ၏ ရုပ်သွင်ကို မည်သူမျှ မသိကြပေ။

“သခင်ကြီးဝမ် ... ဂုဏ်ယူပါတယ်ဗျာ”

ဧည့်သည်များက ဝိုင်းဝန်း ဂုဏ်ပြုကြသည်။

“မင်း ထင်လား ... သခင်ကြီးဝမ်က မယားတွေ ဒီလောက်များတာ ... သူ တစ်ယောက်တည်း နိုင်ပါ့မလား”

“ဟဲဟဲ ... သခင်ကြီးဝမ် မနိုင်ရင် ငါ့မှာ အကြီးကြီး ရှိတယ်။ ဝင်ကူပေးလို့ ရတယ်လေ”

“တောက်။ မင်းလို နှာဘူးအိုကြီးကများ ... သခင်ကြီးဝမ်က မူလနတ်ဘုရားအဆင့် စွမ်းအားရှင်ကွ။ နောက်ထပ် မယားငယ် တစ်ရာ ထပ်ယူရင်တောင် သူ နိုင်သေးတယ်”

“ဪ ... အဲဒီလိုလား”

“ကြည့်ရတာ ကျင့်ကြံခြင်းအဆင့် မြင့်တာကလည်း အကျိုးကျေးဇူး ရှိတာပဲနော်”

ပတ်ဝန်းကျင်ရှိ ဧည့်သည်များမှာ အချင်းချင်း နောက်ပြောင် ပြောဆိုနေကြသည်။

အနီရောင် ကော်ဇောပေါ်တွင်..

သတို့သမီးမှာ အနည်းငယ် စိုးရိမ်နေပုံရ၏။ သူမသည် လွဲ့ဝူ အင်ပါယာအတွင်းသို့ ခိုးဝင်လာသော နတ်ဘုရားဝင်စားသူ တစ်ဦး ဖြစ်ပြီး၊ သူမ၏ ကျင့်ကြံခြင်းအဆင့်ကို ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ်အဖြစ်သာ ထင်ယောင်ထင်မှား ဖြစ်အောင် လျှော့ချထားသည်။ ဤနည်းဖြင့် သူမ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ပါလား။ နတ်ဘုရားဝင်စားသူ အများအပြားမှာ ဖော်ထုတ်ခံရမည့် အန္တရာယ်ကို လျှော့ချရန် ဤနည်းလမ်းကို အသုံးပြုနေကြရလေ၏။

“ရွှစ်”

ထိုစဉ် ကောင်းကင်ယံမှ စိမ်းဖန့်ဖန့် ဓားအရှိန်အဝါ တစ်ခု ကျဆင်းလာပြီး သတို့သမီး၏ ကိုယ်ခန္ဓာကို အနောက်မှနေ၍ ထိုးဖောက်သွားကာ အရှေ့ဘက်မှ ထွက်ပေါ်သွားသည်။ ၎င်းနောက် ထိုဓားအရှိန်အဝါမှာ ရုတ်တရက် လမ်းကြောင်းပြောင်းကာ ကောင်းကင်သို့ ပြန်လည် မြင့်တက်သွားတော့၏။

“ဘုန်း”

သတို့သမီးမှာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ နီရဲသော ဝိညာဉ်တစ်ခုမှာ သူမ၏ နောက်စေ့မှနေ၍ ထွက်ပေါ်လာပြီး ထိတ်လန့်နေသော မျက်နှာထားဖြင့် အဝေးသို့ လျင်မြန်စွာ ထွက်ပြေးတော့၏။

“အား ... ဒါ နတ်ဘုရားဝင်စားသူပဲ”

သတို့သားဖြစ်သူ ဝမ် မှာ ထိုစူးရှလှသော အနီရောင် ဝိညာဉ်ကို မြင်လိုက်ရသဖြင့် ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။ အခြား ဧည့်သည်များမှာလည်း ကြောက်လန့်တကြား အော်ဟစ်ရင်း အရပ်မျက်နှာ အနှံ့အပြားသို့ ထွက်ပြေးကုန်ကြတော့သည်။

“ဖမ်းစမ်း”

ကျောက်စိမ်းပမာ ချောမွေ့လှသော အသံတစ်သံ အထက်မှ ထွက်ပေါ်လာသည်။ အနီရောင် အလင်းတန်း တစ်ခု ကျဆင်းလာပြီး သတို့သမီး၏ ဝိညာဉ်ကို ဖုံးအုပ်ကာ ... ငိုကြွေးသံနှင့်အတူ ကောင်းကင်သို့ စုပ်ယူသွားတော့၏။ လူတိုင်းက ထိုအခိုက်အတန့်၌ ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။

ကောင်းကင်ယံ မြင့်မားသော နေရာတွင်..

ညာဘက်လက်ဖြင့် ဓားလက်ဟန် ရေးဆွဲထားပြီး ဘယ်ဘက်လက်တွင် အနီရောင် ဘူးသီးခြောက်ကို ကိုင်ဆောင်ထားသော အစိမ်းရောင် ဝတ်ရုံ ဓားဘိုးဘေးသည် သတို့သမီး၏ ဝိညာဉ်ကို ဖမ်းဆီး ချိပ်ပိတ်လိုက်သည်။

“ငါက မြူခိုးဂိုဏ်းရဲ့ အထွတ်အထိပ် အကြီးအကဲ အစိမ်းရောင် ဝတ်ရုံ ဓားဘိုးဘေး ပဲ။ ဂိုဏ်းချုပ်ရဲ့ အမိန့်နဲ့ နတ်ဘုရားဝင်စားသူတွေကို လိုက်လံ နှိမ်နင်းနေတာ။ ဘယ်သူမှ မကြောက်ကြနဲ့”

ထိုသို့ ပြောဆိုပြီးနောက် သူသည် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ အဝေးသို့ ပျောက်ကွယ်သွားတော့သည်။

“ဒါ အစိမ်းရောင် ဝတ်ရုံ ဓားဘိုးဘေး ပါလား”

“ငါ သူ့အကြောင်း ကြားဖူးတယ်။ သူက ဟင်းလင်းပြင်ဖြိုခွဲအဆင့်မှာ ထိပ်တန်း အဆင့်ရှိတဲ့သူလေ။ ကောင်းကင်ဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်မယ့် အလားအလာ ရှိတဲ့သူပဲ”

အစိမ်းရောင် ဝတ်ရုံ ဓားဘိုးဘေး ဖြစ်ကြောင်း ကြားလိုက်ရသောအခါ လူအုပ်ကြီးမှာ ဆက်လက် မထိတ်လန့်ကြတော့ပေ။

---

တာ့လျန် နတ်ဆိုးနိုင်ငံတော်တွင်..

အရိပ်နက်မိစ္ဆာဂိုဏ်းချုပ်သည် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ကောင်းကင်မှ ဆင်းသက်လာပြီး၊ ခန့်ညားသော လူလတ်ပိုင်း တစ်ဦးကို လက်ဝါးတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ရာ အတွင်းမှ နီရဲသော ဝိညာဉ်တစ်ခု ထွက်ပေါ်လာသည်။

“မူလနတ်ဘုရားအဆင့်လောက်နဲ့များ ထွက်ပြေးချင်သေးတာလား”

ဝိညာဉ်ကို အနီရောင် ဘူးသီးခြောက်အတွင်း ဖမ်းဆီးပြီးနောက် အရိပ်နက်မိစ္ဆာဂိုဏ်းချုပ်သည် လက်ကို နောက်ပစ်ကာ အခြား ဒေသများသို့ ဆက်လက် ထွက်ခွာသွားတော့သည်။

---

ဤကဲ့သို့သော မြင်ကွင်းများမှာ ရေခဲတောင်၏ ထိပ်ဖျားမျှသာ ရှိသေး၏။

အချိန်ကြာလာသည်နှင့်အမျှ နတ်ဘုရားဝင်စားသူများမှာ ရှန်ကျိုးတိုက်ကြီး၏ အင်အားစုကြီးများအတွင်းသို့ ပိုမို ထိုးဖောက် ဝင်ရောက်လာကြသည်။ လနီ သံလိုက်အိမ်မြှောင် မရှိဘဲနှင့် သူတို့ကို ရှာဖွေရန်မှာ အလွန် ခက်ခဲလှပေသည်။ အခြေခံအားဖြင့် ကောင်းကင်ဧကရာဇ်အဆင့်၏ သိမြင်နားလည်နိုင်စွမ်း မရှိဘဲနှင့် အနီးအနားရှိ နတ်ဘုရားဝင်စားသူများကို အာရုံခံမိရန် မဖြစ်နိုင်ပေ။

သို့သော် ကောင်းကင်ဧကရာဇ်အဆင့်ရှိသူများမှာ အလွန် နည်းပါးလှသည် မဟုတ်ပါလား။ သူတို့သည် ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးကို အချိန်ပြည့် လှည့်လည် စောင့်ကြည့်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ပိုမို များပြားသော နတ်ဘုရားဝင်စားသူများမှာ အောင်မြင်စွာ ခိုးဝင်လာနိုင်ကြခြင်း ဖြစ်သည်။

မြူခိုးဂိုဏ်း။

အချိန် ဆယ်ဆ အရှိန်မြှင့်ထားသော ဝင်္ကပါ၏ အာနိသင်အောက်တွင် ဟူဖေးဖေးသည် သူမ၏ အသွင်ပြောင်းလဲခြင်း လုပ်ငန်းစဉ်ကို လျင်မြန်စွာ ပြီးဆုံးသွားပြီး အိပ်မောကျနေရာမှ ဖြည်းညှင်းစွာ နိုးထလာသည်။ သူမသည် တောင်ထိပ်တွင် ရပ်ကာ ကောင်းကင်ကို မော့ကြည့်လိုက်၏။

“ဟင်?”

ဟူဖေးဖေး မှင်သက်သွားရသည်။ သူမ အသွင်ပြောင်းလဲခြင်း အောင်မြင်သွားပြီ ဖြစ်သဖြင့် ပုံမှန်အားဖြင့်ဆိုလျှင် ကောင်းကင်ဘုံကပ်ဘေး ကျရောက်လာရမည် မဟုတ်ပါလား။ သို့သော် အကြောင်းတစ်စုံတစ်ရာကြောင့် ကောင်းကင်ဘုံကပ်ဘေးမှာ ပေါ်မလာခဲ့ချေ။

“ထူးဆန်းလိုက်တာ”

ဟူဖေးဖေး နားမလည်နိုင်အောင် ဖြစ်နေရ၏။ သူမသည် ဟွမ်ယွမ်တုတ်ကို ကောက်ကိုင်ကာ ဟင်းလင်းပြင်ကို အားကုန် ရိုက်ခွဲလိုက်ပြီး အဝေးရှိ စိမ်းပြာရောင် တားမြစ်နယ်မြေ အတွင်းမှ လနီတံခါး အနီးသို့ ရောက်ရှိသွားတော့သည်။

ယဲ့ဖုန်းက ကောင်းကင်ဧကရာဇ် နှစ်ဦးနှင့် ဟင်းလင်းပြင်ဖြိုခွဲအဆင့် ဒါဇင်ပေါင်းများစွာကို မျက်စောင်းထိုး သတ်ဖြတ်လိုက်ပြီးကတည်းက ... လနီတံခါးမှ မည်သည့် နတ်ဘုရားသူရဲကောင်းမျှ ထွက်မလာတော့ချေ။ ထိုအချိန်အတွင်း ယဲ့ဖုန်းသည်လည်း အေးအေးချမ်းချမ်း နေခဲ့ရသည်။

“ဂိုဏ်းချုပ် ... ကောင်းကင်ဘုံကပ်ဘေးက ပျောက်သွားပြီ” ဟူဖေးဖေး ရောက်ရောက်ချင်း အလျင်အမြန် ပြောလိုက်သည်။

“ဘာ”

ယဲ့ဖုန်း မှင်သက်သွားရပြီး လေဝိညာဉ်ပုလဲကို အမြန်ထုတ်ကာ တွက်ချက်ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားတော့၏။

“ဒါ ... မကောင်းတော့ဘူး။ တစ်ယောက်ယောက်က ကြီးမားလှတဲ့ နတ်ဘုရားစွမ်းရည်ကို သုံးပြီး ကောင်းကင်တာအိုရဲ့ အကြွင်းအကျန်တွေကို ဝင်နှောင့်ယှက်လိုက်တာပဲ။ အဲဒါကြောင့် ကောင်းကင်ဘုံကပ်ဘေးက ပျောက်ကွယ်သွားတာ”

ယဲ့ဖုန်းသည် အခြေအနေ၏ စိုးရိမ်ရမှုကို သဘောပေါက်သွားသည်။

ကောင်းကင်ဘုံကပ်ဘေး ပျောက်ကွယ်သွားခြင်းက ဘာကို ဆိုလိုသနည်း။ ကျင့်ကြံခြင်းအဆင့် မြင့်မားသူများ အားလုံး နောက်ထပ် အဆင့်တက်လှမ်း၍ မရတော့ခြင်းပင်။ မူလနတ်ဘုရားအဆင့်မှ စတင်၍ အဆင့်တက်လှမ်းတိုင်း ကောင်းကင်ဘုံကပ်ဘေး ကျရောက်လေ့ ရှိသည် မဟုတ်ပါလား။ ဒါက ကျင့်ကြံသူများကို ကောင်းကင်ဘုံက စမ်းသပ်လေ၏။

စမ်းသပ်မှု အောင်မြင်ပါက သူတို့သည် တရားဝင် အဆင့် တက်လှမ်းနိုင်မည် ဖြစ်ပြီး အခြေခံများ ခိုင်မာကာ၊ တာအို နှလုံးသားများ တည်ငြိမ်ပြီး၊ ကြီးမားသော အလားအလာများကို ရရှိမည် ဖြစ်သည်။ ကောင်းကင်ဘုံကပ်ဘေးသာ မရှိတော့လျှင် ... လက်ရှိ ကျင့်ကြံခြင်း စနစ်ကြီး တစ်ခုလုံး ပျက်စီးသွားပြီ ဖြစ်တော့သည်။

ကျောင်းယန် နယ်မြေ။

“ဒုက္ခပါပဲ။ နတ်ဘုရားမျိုးနွယ်စု မြင့်မြတ်သောအရှင်က ဘယ်လို နည်းလမ်းကို သုံးလိုက်လဲတော့ မသိဘူး ... ဒါပေမဲ့ သူတို့ ကောင်းကင်ဘုံကပ်ဘေးကို ဖုံးကွယ်လိုက်တာကတော့ တကယ့် သတင်းဆိုးပဲ” ကျောင်းယန် ရှေးဟောင်းသူတော်စင်၏ မျက်နှာမှာ စိုးရိမ်ပူပန်မှုများကြောင့် ဖြူရော်နေတော့၏။

စိမ်းပြာရောင် တားမြစ်နယ်မြေ။

“သေစမ်း ... နတ်ဘုရားမျိုးနွယ်စုက ကောင်းကင်ဘုံကပ်ဘေးကိုပါ ပိတ်ဆို့လိုက်တာလား။ ဒါဆိုရင် ဒီသခင်လေးက တစ်ဆင့်ပြောင်း တပိုင်း သူတော်စင်အဆင့် အထွတ်အထိပ်မှာပဲ တစ်သက်လုံး ပိတ်မိနေတော့မှာလား” ရှောင်ချန်းထျန်းမှာလည်း ကောင်းကင်ဘုံကပ်ဘေးကို အာရုံမခံနိုင်တော့သဖြင့် သူ၏ မျက်နှာမှာ ပြာနှမ်းသွားတော့၏။

--

All Chapters