← Chapters

အခန်း ၇၀၈

Vol. 48 Ch. 708

အခန်း ၇၀၈

Vol. 48 Ch. 708

အခန်း (၇၀၈) - နတ်ဘုရားမျိုးနွယ်စု၏ လှောင်ပြောင်မှု၊ အဝေးမှနေ၍ ကျိန်စာဖြင့် သတ်ဖြတ်ခြင်းနှင့် နည်းဗျူဟာ ဆွေးနွေးခြင်း

ရှောင်ချန်းထျန်း၏ ဒေါသများမှာ ကောင်းကင်သို့တိုင် ထိုးတက်သွားတော့၏။

ကောင်းကင်ဘုံကပ်ဘေး မရှိဘဲနှင့် သူသည် ဤတစ်သက်တွင် နောက်ထပ် အဆင့်တက်လှမ်းနိုင်တော့မည် မဟုတ်ပေ။ သူ တစ်ယောက်တည်း သာမက ... အခြားသူများ အားလုံးမှာလည်း ဤပြဿနာနှင့် ရင်ဆိုင်နေကြရသည်။ ရှန်ကျိုးတိုက်ကြီးရှိ ကျင့်ကြံသူများ အားလုံးအတွက် ဒါက ပြင်းထန်သော အိပ်မက်ဆိုးကြီး တစ်ခုပင် ဖြစ်တော့သည်။

နတ်ဘုရားမျိုးနွယ်စုမှာမူ ရှန်ကျိုးတိုက်ကြီး၏ မူလသက်ရှိများ မဟုတ်ဘဲ ပြင်ပနယ်မြေမှ နတ်ဆိုးများ ဖြစ်ကြသဖြင့် သူတို့၏ အဆင့်တက်လှမ်းခြင်း လုပ်ငန်းစဉ်အတွက် ကောင်းကင်ဘုံကပ်ဘေးကို အားကိုးစရာ မလိုကြပေ။ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက ... နတ်ဘုရားဝင်စားသူများ၏ ကျင့်ကြံခြင်းအဆင့်များမှာ အဆက်မပြတ် တိုးတက်နေမည် ဖြစ်ပြီး၊ ရှန်ကျိုးတိုက်ကြီးမှ မူလသက်ရှိများထဲတွင်မူ အဆင့်မြင့် စွမ်းအားရှင်များ ထပ်မံ ပေါ်ထွက်လာနိုင်တော့မည် မဟုတ်ချေ။

တစ်ဖက်က ကျဆင်းလာပြီး တစ်ဖက်က အားကောင်းလာသည့် ဤအခြေအနေမျိုးတွင် ... နှစ်ကာလများစွာ ကြာလာသောအခါ ရှန်ကျိုးတိုက်ကြီးမှ မူလသက်ရှိများ အိုမင်းသေဆုံးကုန်ကြပြီး ဤကမ္ဘာကြီးမှာ နတ်ဘုရားမျိုးနွယ်စု၏ လက်အောက်သို့ လုံးဝ ကျရောက်သွားပေလိမ့်မည်။

ဤကြောက်မက်ဖွယ် အကျိုးဆက်ကို ရှောင်ချန်းထျန်း တစ်ယောက်တည်း သဘောပေါက်သည် မဟုတ်ပေ။

ယဲ့ဖုန်း၊ ကျောင်းယန် ရှေးဟောင်းသူတော်စင်၊ ဝူရွှမ်၊ မင်းသမီးယွီကျူး၊ ယင်ရူရုံ၊ ကြံ့ကောင်းကင်ဧကရာဇ်၊ အစိမ်းရောင် ဝတ်ရုံ ဓားဘိုးဘေး၊ ရွှေရောင်ခေါင်းလောင်းဘိုးဘေး နှင့် အခြားသော အဆင့်မြင့် ကျင့်ကြံသူများ အားလုံးမှာလည်း ဤအကျပ်အတည်းကို ပထမဆုံး အချိန်မှာပင် အာရုံခံမိလိုက်ကြသည်။

လနီတံခါးရှိ အလင်းတန်း မျက်နှာပြင်၏ အနောက်ဘက်တွင်..

နတ်ဘုရားမျိုးနွယ်စုမှ စွမ်းအားရှင်များသည် ယဲ့ဖုန်း၏ တီးတိုးရေရွတ်သံများနှင့် ဟူဖေးဖေး ကောင်းကင်ဘုံကပ်ဘေးကို အာရုံမခံနိုင်တော့သည့် သတင်းများကို ကြားသိလိုက်ကြ၏။

“ဟားဟားဟား”

သူတို့သည် အားရပါးရ ရယ်လိုက်ကြသည်။

“မလောပါနဲ့ ... သူတို့ကို သွားပြီး နည်းနည်းလောက် လှောင်ပြောင်လိုက်ကြရအောင်”

အသစ် ရောက်ရှိလာသော ကောင်းကင်ဧကရာဇ် တစ်ဦး၏ မျက်နှာမှာ ရုပ်ဆိုးအကျည်းတန်စွာ တွန့်လိမ်သွားပြီး ရွှံ့ရုပ်တစ်ခုကို ဖန်တီးကာ ယဇ်ပလ္လင်ပေါ်တွင် တင်လိုက်သည်။ ၎င်းနောက် လွင့်မျော တောင်တန်း၏ စွမ်းအားများကို အသုံးပြုကာ ကောင်းကင်ဧကရာဇ်အဆင့် ရှိသော နတ်ဘုရားသူရဲကောင်း တစ်ဦးအဖြစ် ပြောင်းလဲလိုက်၏။

"ရွှစ်"

သူသည် နီရဲသော အလင်းတန်း မျက်နှာပြင်ကို ထိုးဖောက်ကာ လနီတံခါးရှေ့သို့ ထွက်ပေါ်လာတော့သည်။

“နင်တို့ ကျိန်စာသင့်ကောင်တွေ ထပ်လာပြန်ပြီလား”

ဟူဖေးဖေးသည် ထိုသူရဲကောင်းကို မြင်သည်နှင့် တုတ်တစ်ချက်တည်းဖြင့် အမှုန့်ခြေပစ်လိုက်သည်။

ယဇ်ပလ္လင်ထက်တွင်..

နတ်ဘုရားမျိုးနွယ်စုမှ ဟင်းလင်းပြင်ဖြိုခွဲအဆင့် စွမ်းအားရှင်များမှာ အချင်းချင်း ကြည့်လိုက်ကြ၏။ သူတို့သည် ထိုနတ်ဘုရားသူရဲကောင်းကို လှောင်ပြောင်ရန်အတွက် အဓိက စေလွှတ်လိုက်ခြင်း ဖြစ်သော်လည်း၊ ထိုကောင်မှာ စကားတစ်ခွန်းပင် မပြောရသေးမီ ဒေါသကြီးလှသော ဟူဖေးဖေး၏ လက်ချက်ဖြင့် အမှုန့်ဖြစ်သွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

“မလောပါနဲ့ ... နောက်ထပ် ရွှံ့ရုပ်တစ်ခု ထပ်လုပ်မယ်”

ထိုကောင်းကင်ဧကရာဇ်သည် အံကို ကြိတ်ကာ သူ၏ ဝိညာဉ်အစိတ်အပိုင်းတစ်ခုကို ထပ်မံ ခွဲထုတ်လိုက်ပြီး ရွှံ့ရုပ်အတွင်းသို့ ထည့်သွင်းကာ နောက်ထပ် ကောင်းကင်ဧကရာဇ်အဆင့် သူရဲကောင်း တစ်ဦးကို ဖန်တီးလိုက်ပြန်သည်။

"ဝှစ်"

သူသည် အလင်းတန်း မျက်နှာပြင်ကို ဖြတ်သန်းသွားပြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် အော်ဟစ်လိုက်သည်။

“နေဦး ... ငါ့ကို မသတ်နဲ့ဦး။ ငါ ပြောစရာ ရှိတယ်”

"အုန်း"

ဟူဖေးဖေးသည် ထိုစကားများကို ဂရုမစိုက်ဘဲ တုတ်တစ်ချက်တည်းဖြင့် ထပ်မံ အမှုန့်ခြေလိုက်ပြန်သည်။

ယဇ်ပလ္လင်ထက်တွင်..

ထိုနတ်ဘုရားမျိုးနွယ်စု ကောင်းကင်ဧကရာဇ်မှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေတော့၏။ သူသည် ယခင်နည်းလမ်းအတိုင်း ဆက်လက်၍ ကောင်းကင်ဧကရာဇ်အဆင့် နတ်ဘုရားသူရဲကောင်းများကို ဖန်တီးနေသည်။

မကြာမီမှာပင် ...

တတိယမြောက် နတ်ဘုရားသူရဲကောင်း ထွက်ပေါ်လာတော့၏။

“ငါ့ကို မသတ်နဲ့”

“ကောင်းကင်ဘုံကပ်ဘေး ဘာလို့ ပျောက်သွားတာလဲ ဆိုတာ ငါ သိတယ်”

သူ ပေါ်လာသည်နှင့် ချက်ချင်း အော်ဟစ်လိုက်သည်။

"ဝှစ်"

ဤတစ်ကြိမ်တွင်မူ ဟူဖေးဖေး၏ ဟွမ်ယွမ်တုတ်မှာ ထိုနတ်ဘုရားသူရဲကောင်း၏ ခေါင်းပေါ် သုံးလက်မခန့် အကွာတွင် ရပ်တန့်သွားခဲ့သည်။

ထိုအခါ.. ယဲ့ဖုန်းက လက်ကို ဆန့်ထုတ်ကာ ထိုနတ်ဘုရားသူရဲကောင်း၏ လည်ပင်းကို ညှစ်ထားလိုက်ပြီး မေးလိုက်၏။

“မင်း သိတယ် ဟုတ်လား”

“မှန်တယ်”

လည်ပင်း အညှစ်ခံထားရသော်လည်း ထိုနတ်ဘုရားသူရဲကောင်းသည် ဝမ်းဗိုက်မှ အသံထွက်သည့် ပညာရပ်ကို အသုံးပြုကာ ဆက်လက် ပြောဆိုလိုက်သည်။

“မင်းတို့ ထင်မထားဘူး မဟုတ်လား။ မင်းတို့ ရှန်ကျိုးတိုက်ကြီးရဲ့ ကောင်းကင်ဘုံကပ်ဘေးကို ငါတို့ရဲ့ မြင့်မြတ်သောအရှင် က ပိတ်ဆို့လိုက်ပြီ”

“ငါတို့ ဘာမှ မလုပ်ရင်တောင်မှ ... နောက်ထပ် နှစ်ပေါင်း တစ်သောင်း ကြာသွားရင် ... သက်တမ်း ရှည်လွန်းတဲ့ ရှေးဟောင်းသူတော်စင် တွေကလွဲရင် ရှန်ကျိုးတိုက်ကြီးပေါ်မှာ မူလနတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ယောက်မှ ကျန်တော့မှာ မဟုတ်ဘူး”

“အချိန် ထပ်ပေးလိုက်မယ်ဆိုရင် ... မင်းတို့ရဲ့ သူတော်စင်အဆင့် စွမ်းအားရှင်တွေလည်း သက်တမ်း ကုန်ဆုံးပြီး ကူကယ်ရာမဲ့စွာနဲ့ သေဆုံးသွားကြလိမ့်မယ်”

“ဟဲဟဲ ... ဟဲဟဲဟဲဟဲ”

နတ်ဘုရားသူရဲကောင်းက ရက်စက်စွာ လှောင်ပြောင်လိုက်သည်။

“ဒါ နတ်ဘုရားမျိုးနွယ်စု မြင့်မြတ်သောအရှင် ရဲ့ လက်ချက်ပဲ” ယဲ့ဖုန်း၏ မျက်နှာမှာ လေးနက်သွားတော့၏။

တကယ်ပဲ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း မရှိတော့ဘူးလား။ သူ အလွန် စိတ်ပျက်သွားမိသည်။

သူ့တွင် ဂိုဏ်းချုပ်စနစ် ရှိနေပြီး တပည့်များ လက်ခံခြင်းဖြင့် သူ၏ ခွန်အားကို မြှင့်တင်နိုင်သော်လည်း ခွန်အား တိုးတက်နှုန်းမှာ နှေးကွေးလွန်းနေသေးသည်။ ပို၍ အရေးကြီးသည်မှာ ... သူ၏ တပည့်များ အဆင့်မတက်နိုင်ပါက သူလည်း ခွန်အား တိုးတက်နိုင်မည် မဟုတ်ချေ။

အရေအတွက်များများနှင့် သွားသည့် လမ်းကြောင်းကို ရွေးချယ်မည်ဆိုလျှင်တော့ တစ်မျိုးပေါ့။ ဥပမာအားဖြင့် ရည်မှန်းချက် အသေးလေး တစ်ခု ချမှတ်လိုက်မည် ဆိုပါစို့ ... ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ်ရှိ တပည့် သန်းတစ်ရာလောက်ကို လက်ခံလိုက်မည်ဆိုပါက ... အရေအတွက် များပြားမှုကြောင့် သူ၏ ခွန်အားများလည်း သိသိသာသာ တိုးတက်လာမည်မှာ သေချာလှပေသည်။

“ဟဲဟဲဟဲ”

“ဒါကို တားဆီးဖို့တော့ အိပ်မက် မမက်နဲ့။ မင်းတို့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ မင်းတို့ရဲ့ နောက်ဆုံး အချိန်လေးကို သေချာ အသုံးချလိုက်ကြ”

“ဟားဟားဟား ... ”

နတ်ဘုရားသူရဲကောင်းက ကျယ်လောင်စွာ လှောင်ပြောင်လိုက်သည်။

အလင်းတန်း မျက်နှာပြင်၏ အနောက်ဘက်တွင်..

နတ်ဘုရားမျိုးနွယ်စုမှ စွမ်းအားရှင်များစွာမှာ ယဲ့ဖုန်း ဒေါသထွက်ပြီး စိတ်ပျက်သွားမည့် အမူအရာကို မြင်တွေ့ရရန် စောင့်ဆိုင်းနေကြပြီး သူတို့၏ စိတ်နှလုံးကို ကျေနပ်စေရန် ကြိုးစားနေကြ၏။

“ဒီသတင်းကို ငါ ဂိုဏ်းချုပ်ကို လာပြောပြတဲ့အတွက် မင်းကို ကျေးဇူးတင်ရမှာပေါ့။ ငါ့ရဲ့ ကျေးဇူးတင်တဲ့ အနေနဲ့ ... မင်းရဲ့ အစစ်အမှန် ကိုယ်ခန္ဓာကို သတ်ပစ်ဖို့ ငါ ဆုံးဖြတ်လိုက်တယ်”

ယဲ့ဖုန်းက အေးစက်စွာ ပြောလိုက်သည်။ သူ အလွန် ဒေါသထွက်နေပြီး နတ်ဘုရားမျိုးနွယ်စု စွမ်းအားရှင် အချို့ကို ထပ်မံ သတ်ဖြတ်ကာ သူ၏ ဒေါသကို ဖြေဖျောက်ချင်နေမိ၏။

“သတ် ... သတ်မယ် ဟုတ်လား။ ငါ့ရဲ့ အစစ်အမှန် ကိုယ်ခန္ဓာကို သတ်မယ်ပေါ့ ... ဟားဟားဟား။ ယဲ့ဖုန်း ... ဒီအနီရောင် အလင်းတန်း မျက်နှာပြင်ကြီး ကာထားတာကို မင်းက ငါတို့ကို သတ်နိုင်မယ် ထင်နေတာလား။ ရယ်စရာ ကောင်းလိုက်တာ”

နတ်ဘုရားသူရဲကောင်းက အထင်သေးစွာဖြင့် ကျယ်လောင်စွာ ရယ်လိုက်သည်။

“ထူးဆန်းသော ကျိန်စာ ... သေစမ်း”

ယဲ့ဖုန်းသည် လက်ကို ဆန့်ထုတ်ကာ နတ်ဘုရားသူရဲကောင်း၏ နဖူးကို လက်ညှိုးဖြင့် ထောက်လိုက်ပြီး ဤထူးဆန်းလှသော အဝေးမှ ကျိန်စာတိုက် သတ်ဖြတ်သည့် နတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်သည်။

အလင်းတန်း မျက်နှာပြင်၏ အနောက်ဘက်တွင်..

ထိုကောင်းကင်ဧကရာဇ်သည် ရုတ်တရက် သူ၏ လည်ပင်းကို လက်ဖြင့် လှမ်းဆုပ်လိုက်မိ၏။ တစ်စုံတစ်ယောက်က သူ့ကို လည်ပင်းညှစ်ထားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ မျက်နှာမှာ နာကျင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

နောက်တစ်စက္ကန့်တွင် ...

သူ၏ နတ်ဘုရားဝိညာဉ်မှာ တုန်ခါသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ သူ၏ အသက်ဓာတ်နှင့် တာအိုလမ်းစဉ်များ အားလုံး ချုပ်ငြိမ်းသွားတော့၏။

“ဟိုက်”

ပတ်ဝန်းကျင်ရှိ နတ်ဘုရားမျိုးနွယ်စု စွမ်းအားရှင်များ အားလုံး အသက်ရှူမှားသွားကြသည်။ အနီရောင် အလင်းတန်း မျက်နှာပြင်ကြီး ပိတ်ဆို့ထားသည့်တိုင်အောင် ယဲ့ဖုန်းက အဝေးမှနေ၍ ကျိန်စာတိုက်ကာ နာမည်ကျော် ကောင်းကင်ဧကရာဇ် တစ်ဦးကို သတ်ဖြတ်နိုင်လိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြချေ။

“ပြေးကြ”

အလင်းတန်း မျက်နှာပြင် အနောက်ရှိ ဟင်းလင်းပြင်ဖြိုခွဲအဆင့် စွမ်းအားရှင် အားလုံးမှာ ထွက်ပြေးကုန်ကြသဖြင့် ယဇ်ပလ္လင်ကြီးမှာ လူသူကင်းမဲ့သွားတော့သည်။

လနီတံခါး၏ အရှေ့တွင်..

အစစ်အမှန် ကိုယ်ခန္ဓာ သေဆုံးသွားမှုကြောင့် ဤနတ်ဘုရားသူရဲကောင်းမှာလည်း ချက်ချင်း ပြိုကွဲသွားပြီး ရွှံ့ရည်များအဖြစ် ပြောင်းလဲကာ အောက်ဘက်ရှိ ကျင်းကြီးအတွင်းသို့ ပြုတ်ကျသွားတော့၏။

“ဂိုဏ်းချုပ် ... ဒါ နတ်ဘုရားမျိုးနွယ်စု မြင့်မြတ်သောအရှင် ရဲ့ လက်ချက်ပဲ။ ကျွန်မတို့ရဲ့ ခွန်အားနဲ့ဆိုရင် ဒါကို တားဆီးဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး”

ဟူဖေးဖေး၏ လှပသော မျက်နှာလေးတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။

“တံတားထိပ် ရောက်ရင် သင်္ဘောလည်း တည့်သွားမှာပါ”

ယဲ့ဖုန်းက တိုးတိုးလေး ရေရွတ်လိုက်၏။

သူသည် နောက်သို့ လှည့်ကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ပုံရိပ်တစ်ခုမှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ သူတို့ဆီသို့ ချဉ်းကပ်လာနေ၏။ ဤသူမှာ အဆင့်တက်လှမ်း၍ မရတော့သော ရှောင်ချန်းထျန်း ပင်။

တတိယမြောက် ရွှေရောင် စွမ်းအင်ကို ရွေးချယ်ပြီးနောက် သူသည် အကြိမ်ပေါင်းများစွာ ပေါင်းစပ်ရန် ကြိုးစားခဲ့သော်လည်း ကမ္ဘာပျက်ကပ် ကပ်ဘေးကို ဆင့်ခေါ်နိုင်ခြင်း မရှိခဲ့ချေ။ အစပိုင်းတွင်မူ ရှောင်ချန်းထျန်းက သူ၏ ထိုးဖောက်မှု မအောင်မြင်ဘူးဟုသာ ထင်မှတ်ခဲ့၏။ အချိန်အတော်ကြာမှသာ ... ကောင်းကင်ဘုံကပ်ဘေးမှာ လုံးဝ ပျောက်ကွယ်သွားပြီး ကျင့်ကြံသူများက ဆက်လက် အာရုံမခံနိုင်တော့သဖြင့် သူ၏ စွမ်းအင်ပေါင်းစပ်မှုမှာ မအောင်မြင်ရခြင်း ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။

“ကောင်းကင်ဘုံကပ်ဘေး ပျောက်သွားပြီ”

ဒါက ရှောင်ချန်းထျန်း ယဲ့ဖုန်းအနီးသို့ ရောက်ရောက်ချင်း ပြောလိုက်သော ပထမဆုံး စကားပင်။ သူ၏ မျက်ဝန်းများမှာ အလွန် လေးနက်နေသည်။

“ဒါ နတ်ဘုရားမျိုးနွယ်စု မြင့်မြတ်သောအရှင် ရဲ့ လက်ချက်ပဲ” ဟု ယဲ့ဖုန်းက ပြောလိုက်သည်။

သူသည် လက်ကို ဆန့်ထုတ်ကာ နတ်ဘုရားသူရဲကောင်း စကားပြောနေသည့် မြင်ကွင်းကို လေထဲတွင် ပုံဖော်ပြလိုက်သည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှောင်ချန်းထျန်း၏ မျက်လုံးအိမ်များမှာ ကျုံ့သွားရ၏။

“သေစမ်း ... အဲဒီ နတ်ဘုရားမျိုးနွယ်စု မြင့်မြတ်သောအရှင်”

ရှောင်ချန်းထျန်းမှာ သူ၏ ဒေါသကို မထိန်းချုပ်နိုင်တော့ချေ။

“ပထမတော့ အဆတစ်ရာ ကြီးထွားတဲ့ လနီ အစီအစဉ်ကို ချထားတယ်။ အခုကျတော့ ကောင်းကင်ဘုံကပ်ဘေးကိုပါ ပိတ်ဆို့လိုက်ပြန်ပြီ။ ငါတို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ”

"ရွှစ်"

တစ်စုံတစ်ယောက်က ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ဤနေရာသို့ ရောက်ရှိလာသည်။ တစ်ယောက်တည်း မဟုတ်ပေ ... တစ်ဦးပြီးတစ်ဦး လူပေါင်း တစ်ရာကျော်ခန့် ရောက်ရှိလာကြ၏။ မင်းသမီးယွီကျူး၊ ဝူရွှမ်၊ ဝမ်ကျန့်ယီ၊ ကြံ့ကောင်းကင်ဧကရာဇ် ...

ယင်ရူရုံ ပင်လျှင် ရောက်ရှိလာခဲ့၏။

ခေတ္တအတွင်းမှာပင် ပြင်းထန်သော အရှိန်အဝါများက စိမ်းပြာရောင် တားမြစ်နယ်မြေကို လွှမ်းခြုံသွားရာ မရေမတွက်နိုင်သော သက်ရှိများမှာ မြေပြင်ပေါ်တွင် ဝပ်တွားကာ တုန်ယင်နေကြတော့၏။

“ဒါ နတ်ဘုရားမျိုးနွယ်စု မြင့်မြတ်သောအရှင် ရဲ့ လက်ချက်ပဲလား”

ယဲ့ဖုန်း ပြသလိုက်သော မြင်ကွင်းကို မြင်လိုက်ရသူတိုင်း၏ မျက်နှာတွင် ဒေါသများ ပြည့်နှက်သွားကြသည်။ အထူးသဖြင့် ယင်ရူရုံမှာ ချက်ချင်းပင် လွင့်မျော တောင်တန်းဆီသို့ တက်သွားပြီး နတ်ဘုရားမျိုးနွယ်စု မြင့်မြတ်သောအရှင်ကို သတ်ဖြတ်ချင်စိတ်များ ပေါက်လာတော့၏။

သူမသည် လေးဆင့်ပြောင်း တပိုင်း သူတော်စင် ဖြစ်သည်။ နောက်ဆုံး သူတော်စင်တက်လှမ်းခြင်း ကပ်ဘေးကိုသာ ကျော်ဖြတ်နိုင်မည်ဆိုပါက သူမသည် စစ်မှန်သော သူတော်စင် တစ်ပါး ဖြစ်လာမည် မဟုတ်ပါလား။

ယခင်ကမူ သူမ၏ ပြင်ဆင်မှုများ မလုံလောက်သေးဟု ခံစားရသဖြင့် အောင်မြင်နိုင်ခြေ သေချာမှသာ ကပ်ဘေးကို ရင်ဆိုင်ရန် ဆုံးဖြတ်ထားခဲ့ပြီး တိတ်တဆိတ် ပြင်ဆင်နေခဲ့လေ၏။ သို့သော် ယခုအခါ ကောင်းကင်ဘုံကပ်ဘေးကြီး ပျောက်ကွယ်သွားခဲ့၏။ ယခုမှ အဆင့်ချိုးဖြတ်ဖို့ ကြိုးစားနေ၍ရော ဘာများ အဓိပ္ပာယ် ရှိတော့မည်နည်း။

“မိတ်ဆွေတို့ ... အခြေအနေကတော့ အဲဒီအတိုင်းပါပဲ” ယဲ့ဖုန်းက လက်ကို ဝှေ့ယမ်းကာ သူ ပြသထားသော ဝိညာဉ်အာရုံ ပုံရိပ်ယောင်ကို ဖျက်သိမ်းလိုက်ပြီး ဆက်ပြောသည်။

“ကောင်းကင်ဘုံကပ်ဘေး ပျောက်ကွယ်သွားပြီ။ ကျင့်ကြံသူ အများအပြား အဆင့်တက်လှမ်းလို့ မရတော့ဘူး။ ဒါဟာ ရှန်ကျိုးတိုက်ကြီးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်လာလိမ့်မယ်။ ပြီးတော့ မငြိမ်မသက်မှုတွေပါ ဖြစ်လာနိုင်တယ်။ ငါတို့ ဒါကို မြန်မြန် ဖြေရှင်းမှ ရမယ်”

“နတ်ဘုရားမျိုးနွယ်စု မြင့်မြတ်သောအရှင် လိုလူမျိုးက ဒီလောက်ကြီးမားတဲ့ လှုပ်ရှားမှုကို လုပ်ထားတာဆိုတော့ ... ငါတို့ချည်းပဲနဲ့ ဘယ်လိုလုပ် ဖြေရှင်းနိုင်မှာလဲ” ဟု ကြံ့ကောင်းကင်ဧကရာဇ်က လက်ကို ဖြန့်ပြရင်း ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး ထင်ရရင်တောင်မှ ငါတို့ ဒါကို ဖြေရှင်းရမယ်။ မဟုတ်ရင် ငါတို့ အဆင့်မတက်နိုင်ရုံတင်မကဘူး၊ မျိုးဆက်သစ်တွေလည်း သူတို့ရဲ့ ကျင့်ကြံခြင်း လမ်းကြောင်းမှာ ပိတ်မိနေတော့မှာပဲ” ဟု ဓားတစ်သောင်း မြင့်မြတ်သောနယ်မြေမှ ထိပ်တန်း ကောင်းကင်ဧကရာဇ် ဝမ်ကျန့်ယီ က လေးနက်စွာ ပြောဆိုလိုက်၏။

“ဒါပေမဲ့ ဒါက နတ်ဘုရားမျိုးနွယ်စု မြင့်မြတ်သောအရှင် ရဲ့ နည်းလမ်းလေ။ ငါတို့က ဘယ်လိုလုပ် ဖြေရှင်းနိုင်မှာလဲ”

“ဟုတ်တယ်”

“ဒါက ထွက်ပေါက်မရှိတဲ့ လမ်းပိတ်ကြီးပဲ”

အစွမ်းထက် စွမ်းအားရှင်များမှာ တစ်ဦးပြီးတစ်ဦး ခေါင်းခါနေကြသည်။

“ကျွန်တော့်ဆီမှာတော့ အကြံတစ်ခု ရှိတယ်။ အလုပ်ဖြစ်မဖြစ်တော့ မသိဘူး” ထိုအခိုက်အတန့်၌ ယဲ့ဖုန်း၏ စိတ်ထဲတွင် ဉာဏ်အလင်း တစ်ခု ဖြတ်ပြေးလာတော့၏။

--

All Chapters