အခန်း ၇၀၉
Vol. 48 Ch. 709
အခန်း (၇၀၉) - လူဖန်တီး ကောင်းကင်ဘုံကပ်ဘေး အစီအစဉ်၊ ယွီလော့ တပိုင်း သူတော်စင်နှင့် မိုးကြိုးရေကန်
“ဘာအကြံလဲ”
လူတိုင်း၏ အကြည့်များမှာ ယဲ့ဖုန်းဆီသို့ စုပြုံရောက်ရှိလာကြသည်။ ယင်ရူရုံပင်လျှင် စိတ်ဝင်စားသွားပုံ ရ၏။
ယဲ့ဖုန်းသည် လက်ခုပ်တစ်ချက် တီးလိုက်ပြီး ပြောလိုက်သည်။
“အဆင့်တက်လှမ်းဖို့အတွက် ကောင်းကင်ဘုံကပ်ဘေး လိုအပ်တယ်။ အဲဒါက ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကနေ ဆင့်ကဲဖြစ်စဉ်အရ ပေါ်ထွက်လာတာပဲ။ အကယ်၍သာ ကျွန်တော်တို့က ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကို ထိန်းချုပ်ပြီး လူလုပ် ကပ်ဘေးတစ်ခု ဖန်တီးနိုင်မယ်ဆိုရင် ... ဒါ ဖြစ်နိုင်ခြေ မရှိဘူးလား”
“ဟိုက်”
လူတိုင်း၏ မျက်လုံးများ တောက်ပသွားကြသည်။
“မှန်တယ်”
“ဒီမှာရှိတဲ့ ငါတို့ အားလုံးက ထိပ်တန်း စွမ်းအားရှင်တွေချည်းပဲ။ အတိုင်းအတာ တစ်ခုအထိတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကိုရော၊ မိုးကြိုးနိယာမတွေကိုပါ အသုံးပြုနိုင်ကြတာပဲလေ။ ကျွန်တော်တို့သာ ကောင်းကင်ဘုံကပ်ဘေးကို အတုခိုးပြီး ဖန်တီးနိုင်မယ်ဆိုရင် ... စွမ်းအား အရမ်း မကြီးရင်တောင်မှ ဟင်းလင်းပြင်ဖြိုခွဲအဆင့် အောက်ကလူတွေ အဆင့်တက်လှမ်းဖို့အတွက်တော့ အာမခံနိုင်မှာပဲ”
“ဂိုဏ်းချုပ်ယဲ့ ရဲ့ အကြံပြုချက်က တကယ်ကို ခိုင်လုံတာပဲ”
အင်အားစု အသီးသီးမှ စွမ်းအားရှင်များက တစ်ဦးပြီးတစ်ဦး ထောက်ခံလိုက်ကြသည်။
ကြယ်တာရာများအလယ်ရှိ လမင်းကြီးပမာ အာရုံစိုက်ခံနေရသော ယဲ့ဖုန်းကို ကြည့်ရင်း ယင်ရူရုံ၏ မျက်နှာမှာ ရှုံ့မဲ့သွားသော်လည်း သူမ ဘာမှ မပြောနိုင်ခဲ့ချေ။ အကယ်၍ ယဲ့ဖုန်းသာ လူဖန်တီး ကောင်းကင်ဘုံကပ်ဘေးကို တကယ် ဖန်တီးနိုင်ပြီး ဤအကျပ်အတည်းကို ဖြေရှင်းနိုင်မည်ဆိုပါက ... သူသည် ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးရှိ ကျင့်ကြံခြင်းလောကအတွက် ကျေးဇူးရှင်ကြီး ဖြစ်လာပေလိမ့်မည်။
အတိတ်ကသာဆိုလျှင် ဤလုပ်ရပ်တစ်ခုတည်းနှင့်ပင် နတ်ဘုရားတစ်ပါးအဖြစ် ကိုးကွယ်ခံရရန် လုံလောက်နေပေပြီ။
“ဒါပေမဲ့ ... ကောင်းကင်ဘုံကပ်ဘေးကို ဘယ်လို ဖန်တီးရမှာလဲ”
ယဲ့ဖုန်း၏ ဘေးတွင် ရပ်နေသော ဟူဖေးဖေးသည် ခေါင်းကို ကုတ်ရင်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ဇဝေဇဝါ မေးလိုက်သည်။ သူမက တိုက်ခိုက်ဖို့လောက်သာ သိပြီး ကျန်တာ ဘာမှ မသိရှာပေ။
“ကောင်းကင်ဘုံကပ်ဘေး ဖန်တီးဖို့က သိပ်မခက်သလို ... အရမ်းလည်း မလွယ်ပါဘူး” ဟု ယဲ့ဖုန်းက ကောင်းကင်ကို လက်ညှိုးညွှန်ပြရင်း ပြောလိုက်၏။
“ပထမဆုံး မိုးကြိုးနိယာမတွေကို ကျွမ်းကျင်ရမယ်။ ဒုတိယအချက်အနေနဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကို ခြယ်လှယ်နိုင်ရမယ်။ နောက်ဆုံးအနေနဲ့ ကောင်းကင်တာအို နဲ့ ဆက်သွယ်နိုင်ရမယ်”
“အခု ကောင်းကင်ဘုံက ပြိုကွဲသွားပြီဆိုတော့ ... ကောင်းကင်တာအိုရဲ့ အကြွင်းအကျန်တွေနဲ့ ဆက်သွယ်ရင်လည်း ရပါတယ်။ သိပ်ပြီး အကျိုးသက်ရောက်မှု မကွာပါဘူး”
“ဒါပေမဲ့ ကောင်းကင်တာအိုရဲ့ အကြွင်းအကျန်တွေနဲ့ ဆက်သွယ်ဖို့ကတော့ မလွယ်ကူဘူးနော်”
ထိုသို့ ပြောရင်း ယဲ့ဖုန်း မျက်ခုံးပင့်လိုက်မိသည်။ သူ တစ်ခုခုကို သတိပြုမိသွားလေ၏။ အကယ်၍ ထိုအရာကသာ သေချာမည်ဆိုပါက ... ကောင်းကင်တာအို၏ အကြွင်းအကျန်များနှင့် ဆက်သွယ်ရန် သိပ်ပြီး ခက်ခဲမည် မဟုတ်ချေ။
“ကောင်းကင်တာအိုရဲ့ အကြွင်းအကျန်တွေနဲ့ ဆက်သွယ်ဖို့ မလွယ်ဘူး ဟုတ်လား။ သူတော်စင်အဆင့်ရှိတဲ့ ဘယ်စွမ်းအားရှင်မဆို အလွယ်လေး လုပ်နိုင်တာပဲလေ။ ဒါ့အပြင် ရွေးချယ်ခံရသူတွေ၊ ကံကြမ္မာရဲ့ သားတော်တွေနဲ့ ကောင်းကင်ဘုံရဲ့ သားတော်တွေလည်း ဒါကို လုပ်နိုင်ကြတာပဲ မဟုတ်လား” ရှောင်ချန်းထျန်းက ယဲ့ဖုန်းကို ကြည့်ကာ ရုတ်တရက် ဝင်ပြောလိုက်သည်။
“မှန်တာပေါ့” ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။
ခုနက သူ သတိပြုမိသွားသည်မှာလည်း ဤအချက်ပင်။ ရှောင်ချန်းထျန်းနှင့် သူ နှစ်ဦးစလုံးမှာ ရွေးချယ်ခံရသူများ ဖြစ်ကြသည်။
ဤနေရာရှိ ကျင့်ကြံသူ အများအပြားမှာလည်း ရွေးချယ်ခံရသူများ ဖြစ်ကြပြီး၊ တစ်ဦးချင်းစီမှာ ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအားများကို အနည်းနှင့်အများ ပိုင်ဆိုင်ထားကြကာ မိမိတို့၏ သက်ဆိုင်ရာ ဒေသများတွင် ထူးခြားသော အခွင့်အရေးများကို ရရှိထားကြသည် မဟုတ်ပါလား။
“ရွေးချယ်ခံရသူတွေက ကောင်းကင်တာအိုရဲ့ အကြွင်းအကျန်တွေနဲ့ တကယ်ပဲ ဆက်သွယ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါက သတ်မှတ်ထားတဲ့ ဒေသတစ်ခု အတွင်းမှာပဲ အလုပ်ဖြစ်လေ့ရှိတယ်။ ဥပမာ ... ငါက စိမ်းပြာရောင် တားမြစ်နယ်မြေရဲ့ ရွေးချယ်ခံရသူ ဖြစ်တဲ့အတွက် ဒီနယ်မြေထဲမှာဆိုရင် ကောင်းကင်ဘုံ အကြွင်းအကျန်တွေနဲ့ ဆက်သွယ်လို့ ရတယ်။ ဒါပေမဲ့ ဒီနယ်မြေပြင်ပ ရောက်သွားရင်တော့ မရတော့ဘူး” ဟု ရှောင်ချန်းထျန်းက ထပ်မံ ရှင်းပြလိုက်သည်။
“ငါ စမ်းကြည့်လိုက်ဦးမယ်” ယဲ့ဖုန်းသည် မျက်လုံးများကို မှိတ်ကာ အာရုံခံကြည့်လိုက်၏။
သူသည် ကောင်းကင်တာအို၏ အကြွင်းအကျန်များကို လုံးဝ အာရုံမခံနိုင်ကြောင်း တွေ့လိုက်ရသည်။ ကြည့်ရတာ ရှောင်ချန်းထျန်း ပြောသလိုပင် ရွေးချယ်ခံရသူများမှာ သတ်မှတ်ထားသော ဒေသအတွင်း၌သာ စွမ်းဆောင်နိုင်ပုံ ရပေသည်။
“မိတ်ဆွေတို့ ... ခဏလောက် စောင့်ပေးကြပါဦး”
ယဲ့ဖုန်းက ပြောပြီးသည်နှင့် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ မြူခိုးဂိုဏ်းသို့ ပြန်သွားတော့သည်။ ရင်းနှီးလှသော မြူခိုးနိုင်ငံတော်၏ မြေပြင်ပေါ်သို့ ရောက်ရှိလာသောအခါ သူသည် မျက်လုံးများကို မှိတ်ပြီး သဘာဝတရားကြီးအတွင်းသို့ စိတ်အာရုံကို နှစ်မြှုပ်လိုက်ရာ ... နောက်ဆုံးတွင် နက်ရှိုင်းပြီး ကြီးကျယ်ခမ်းနားလှသော ဆန္ဒတစ်ခုကို သူ အာရုံခံမိသွားတော့၏။
၎င်းမှာ ကောင်းကင်တာအို၏ အကြွင်းအကျန်များပင်။
သမုဒ္ဒရာကြီးအလား ကျယ်ပြန့်ပြီး၊ လောကရှိ အရာအားလုံးကို ထည့်သွင်းထားနိုင်စွမ်း ရှိ၏။ သားသမီးများကို အဆုံးအစမဲ့ ခွင့်လွှတ်ပေးနိုင်သော မိခင်ကြီး တစ်ဦးနှင့်ပင် တူလှပေသည်။
“ကျွန်တော် ဆက်သွယ်လို့ ရသွားပြီ”
ယဲ့ဖုန်း ဝမ်းသာသွားသည်။
သူသည် ဟင်းလင်းပြင်ကို ထပ်မံ ဆွဲဖြဲကာ လနီတံခါး အနီးသို့ ပြန်လည် ရောက်ရှိလာခဲ့၏။ သူတို့သည် အသံလုံသော အကာအကွယ် တစ်ခုကို ဖန်တီးထားသဖြင့် လနီတံခါး အနောက်တွင် လူတွေ ရှိနေလျှင်ပင် သူတို့၏ စကားသံများကို ကြားနိုင်မည် မဟုတ်ချေ။
“ကျွန်တော်တို့ မြူခိုးဂိုဏ်းမှာတော့ ကောင်းကင်တာအိုရဲ့ အကြွင်းအကျန်တွေနဲ့ အောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့ပြီ။ အခု နောက်တစ်ဆင့်ကို သွားလို့ ရပြီ”
ယဲ့ဖုန်းက လူအုပ်ကြီးကို ပြောလိုက်သည်။
“လူဖန်တီး ကောင်းကင်ဘုံကပ်ဘေး ဖန်တီးဖို့ ဆိုတာ အဲဒီလောက် မလွယ်ပါဘူး။ ကောင်းကင်တာအိုရဲ့ အကြွင်းအကျန်တွေနဲ့ ဆက်သွယ်နိုင်ရင်တောင် ... အဆက်မပြတ် တွက်ချက်မှုတွေ လုပ်ဖို့ လိုအပ်သေးတယ်” ဟု အကြီးအကဲ တစ်ဦးက ရှေ့ထွက်ကာ ဝင်ပြောလိုက်သည်။
သူ စကားပြောလိုက်သည်နှင့် အခြားသူများ၏ မျက်နှာများတွင် လေးစားမှုများ ပေါ်လွင်လာပြီး ယင်ရူရုံ၏ မျက်နှာထားပင် သိသိသာသာ ပြောင်းလဲသွားတော့၏။
ယဲ့ဖုန်းသည် ထိုအကြီးအကဲကို အကဲခတ်လိုက်သည်။
သူသည် အပြာရောင်ရင့်ရင့် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး မြင်းမြီးယပ်တောင်ကို ကိုင်ဆောင်ထားသည်။ သူကား အသွင်တစ်သောင်း မြင့်မြတ်သောနယ်မြေ၏ အဓိက အကြီးအကဲ၊ လေးဆင့်ပြောင်း တပိုင်း သူတော်စင် ဖြစ်သော ယွီလော့ ပင်။
ဤနေရာတွင် လေးဆင့်ပြောင်း တပိုင်း သူတော်စင်ဆို၍ လက်ချိုးရေတွက်ရလေ၏။ ယွီလော့မှာ ထိုအထဲမှ တစ်ဦး ဖြစ်ပေသည်။
ယဲ့ဖုန်းကလည်း သူ့ကို မှတ်မိနေသည်မှာ သဘာဝပင်။ ယခင်တစ်ခေါက် ကောင်းကင်မူလပင်လယ်ရှိ လွင့်မျောကျွန်းပေါ်တွင် အစည်းအဝေး လုပ်စဉ်က ယွီလော့သည် အသွင်တစ်သောင်း မြင့်မြတ်သောနယ်မြေ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပြီး၊ ပြန်ခါနီးတွင် ယဲ့ဖုန်းကို “ကျွန်တော့်မှာ မြေးမလေး တစ်ယောက် ရှိတယ်ဗျ ... ” ဟု ပြောသွားခဲ့သူ မဟုတ်ပါလား။
ထို့ကြောင့် ယဲ့ဖုန်း၏ စိတ်ထဲတွင် သူ့အပေါ် မှတ်မှတ်ရရ ရှိနေလေ၏။
“ယွီလော့ တပိုင်း သူတော်စင် ပြောတာ မှန်ပါတယ်။ ကောင်းကင်ဘုံကပ်ဘေးကို ဖန်တီးဖို့ဆိုရင် တွက်ချက်မှုတွေ တကယ်ကို လိုအပ်ပါတယ်။ ပြီးတော့ ... မိုးကြိုးရေကန် တစ်ခုကိုပါ တည်ဆောက်ဖို့ လိုအပ်လိမ့်မယ်” ဟု ယဲ့ဖုန်းသည် ဉာဏ်အလင်းပွင့် နှလုံးသားဖြင့် တွက်ချက်ပြီးနောက် ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။
“မိုးကြိုးရေကန် ဟုတ်လား”
လူတိုင်း မှင်သက်သွားကြသည်။ ဤအရာကို သူတို့ ထည့်မစဉ်းစားမိခဲ့ကြချေ။
ယဲ့ဖုန်းက ဆက်ပြောလိုက်၏။
“မိုးကြိုးရေကန်က ကောင်းကင်ဘုံကပ်ဘေးကို သယ်ဆောင်ထားမယ့် အရာပဲ။ ကောင်းကင်တာအိုရဲ့ အကြွင်းအကျန်တွေနဲ့ ဆက်သွယ်ပြီး ခွင့်ပြုချက် ရယူမယ်။ ပြီးရင် ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကို စုပ်ယူပြီး ကောင်းကင်ဘုံကပ်ဘေးအဖြစ် ပြောင်းလဲကာ ရေကန်ထဲမှာ သိမ်းဆည်းထားမှာပေါ့”
“အကယ်၍ တစ်ယောက်ယောက်က ကပ်ဘေးကို ကျော်ဖြတ်ဖို့ လိုအပ်လာရင် ... မိုးကြိုးရေကန်က ပေါ်လာပြီး လိုအပ်တဲ့ ကောင်းကင်ဘုံကပ်ဘေးကို ပေးစွမ်းလိမ့်မယ်”
“ကပ်ဘေး ပြီးသွားရင်တော့ မိုးကြိုးရေကန်က ဟင်းလင်းပြင်ထဲမှာ ပြန်ပုန်းအောင်းနေပြီး ကောင်းကင်ဘုံကပ်ဘေးတွေကို ဆက်လက် သိမ်းဆည်းနေလိမ့်မယ်။ နောက်တစ်ခါ လွှတ်ထုတ်ဖို့အတွက် စောင့်ဆိုင်းနေမှာပေါ့”
“ဒါကတော့ ကျွန်တော့်ရဲ့ အကြံပြုချက်ပဲ”
ယဲ့ဖုန်းသည် ဘာကိုမျှ ဖုံးကွယ်ထားလိုစိတ် မရှိပေ။ ဒါက ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးနှင့် သက်ဆိုင်သော၊ မရေမတွက်နိုင်သော ကျင့်ကြံသူများ အဆင့်တက်လှမ်းနိုင်၊ မတက်နိုင် ဆိုသည့် အရေးကြီးသော အစီအစဉ် ဖြစ်သည် မဟုတ်ပါလား။ မိုးကြိုးရေကန်ကို တစ်ယောက်တည်း တည်ဆောက်ရန် အလွန် ခက်ခဲမည်ကို သူ သိထားသဖြင့် လူတိုင်း၏ စုပေါင်း တွက်ချက်မှုနှင့် အားထုတ်မှုများ လိုအပ်နေခြင်း ဖြစ်သည်။
“ဂိုဏ်းချုပ်ယဲ့မှာ အကြံပြုချက် ရှိနေပြီဆိုတော့ ... ငါတို့လည်း သူ့ကို ဝိုင်းကူပေးကြတာပေါ့။ မိုးကြိုးရေကန်ကို တည်ဆောက်နိုင်မလား စမ်းကြည့်ကြမယ်လေ။ ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်ရင် ... နောက်ပိုင်းကျ ပိုပြီး အဆင့်မြင့်တဲ့ မိုးကြိုးရေကန်တွေကို ဆက်လုပ်လို့ ရတာပဲ”
ယွီလော့ တပိုင်း သူတော်စင်က ပြောပြီးသည်နှင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ မေးလိုက်၏။ “မိတ်ဆွေတို့ကော ဘယ်လို သဘောရသလဲ”
“သဘောတူပါတယ်။ ဂိုဏ်းချုပ်ယဲ့ကို ဝိုင်းကူဖို့ ကျွန်တော်တို့ အသင့်ပါပဲ” အင်အားစု အသီးသီးမှ စွမ်းအားရှင်များက တစ်ခဲနက် ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။
လူအုပ်ကြီးထဲတွင်..
တွေဝေနေသော ယင်ရူရုံမှလွဲ၍ အခြားသော ထိပ်တန်း စွမ်းအားရှင်များမှာ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ကြပြီး ယဲ့ဖုန်းကို တွက်ချက်မှုများတွင် ကူညီပေးရန် အသင့်ဖြစ်နေကြ၏။
'ထားလိုက်ပါတော့'
'ယဲ့ဖုန်းက မိုးကြိုးရေကန်ကို တကယ် တည်ဆောက်နိုင်မလား အရင် စောင့်ကြည့်ရသေးတာပေါ့။ အကယ်၍ မလုပ်နိုင်ခဲ့ဘူးဆိုရင်တော့ ... ဟွန်း။ ငါ ဘာမှ ပြောစရာမလိုဘဲ သူ့ဘာသာ အရှက်ကွဲသွားလိမ့်မယ်'
ယင်ရူရုံသည်လည်း ဟင်းလင်းပြင်အတွင်း တင်ပျဉ်ခွေ ထိုင်ကာ ပြင်ဆင်လိုက်တော့၏။
“မိတ်ဆွေတို့ ... မြူခိုးဂိုဏ်း ပတ်ဝန်းကျင်ဆီကို သွားကြရအောင်” ယဲ့ဖုန်းက လက်ဝှေ့ယမ်းကာ ဟင်းလင်းပြင်ကို ဆွဲဖြဲပြီး ဦးစွာ ဝင်ရောက်သွားတော့သည်။
နောက်တစ်စက္ကန့်တွင် ...
ယဲ့ဖုန်းသည် ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီး၏ အထက်ရှိ ကောင်းကင်ကျွန်းပေါ်သို့ ရောက်ရှိလာခဲ့သည်။
“ဝှစ်.. ဝှစ်..ဝှစ်”
ရှောင်ချန်းထျန်း၊ ဝူရွှမ်၊ ကြံ့ကောင်းကင်ဧကရာဇ်၊ ဝမ်ကျန့်ယီ၊ ယွီလော့ တပိုင်း သူတော်စင် နှင့် အခြားသူများ အားလုံး ... ယင်ရူရုံ ပင်လျှင် ရောက်ရှိလာကြ၏။
သူတို့သည် အောက်ဘက်ရှိ ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီးကို စူးစမ်းကြည့်လိုက်ရာ တကယ်ကို မဆိုးကြောင်း ခံစားလိုက်ရ၏။ ထိုသစ်ပင်ကြီးတွင် နတ်ဘုရားဆန်သော အငွေ့အသက်များပင် ပါဝင်နေသည် မဟုတ်ပါလား။ မူလနတ်ဘုရားအဆင့်သို့ တက်လှမ်းရာတွင် မရှိမဖြစ် လိုအပ်လှသော ဝိညာဉ်တည်ငြိမ်သစ်သီးများကို သီးပွင့်နိုင်သည်မှာ မထူးဆန်းတော့ပေ။
“မိတ်ဆွေတို့ ... စလိုက်ကြရအောင်”
ယဲ့ဖုန်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။ မြူခိုးဂိုဏ်းသို့ ပြန်ရောက်သည်နှင့် ယဲ့ဖုန်းသည် ရွေးချယ်ခံရသူ၏ အထောက်အထားဖြင့် ပတ်ဝန်းကျင်ရှိ ကောင်းကင်တာအို၏ အကြွင်းအကျန်များနှင့် ထပ်မံ ဆက်သွယ်လိုက်၏။
“ငါတို့ ဘာလုပ်ပေးရမလဲသာ ပြောပါ” ဟု ရှောင်ချန်းထျန်းက ဆိုလိုက်သည်။ သူသည် ယဲ့ဖုန်းကို သူ၏ ပန်းတိုင်အဖြစ် သတ်မှတ်လိုက်ကတည်းက ... သူ၏ ကိုယ်ပိုင် မူဝါဒများနှင့် မဆန့်ကျင်သရွေ့ ယဲ့ဖုန်းကို အကန့်အသတ်မရှိ ထောက်ခံသွားမည် ဖြစ်၏။
ဟင်းလင်းပြင်အတွင်း၌ ဖြစ်သည်။ ယဲ့ဖုန်းသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရာ သူ၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ ယှက်သမ်းလာတော့သည်။
မိုးကြိုးရေကန် ...
ဒါက ရုတ်တရက် ပေါ်လာသော စိတ်ကူး မဟုတ်ဘဲ ယဲ့ဖုန်း၏ အတိတ်ဘဝမှ ဒဏ္ဍာရီလာ မှတ်ဉာဏ်များမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။
“မိတ်ဆွေတို့ ... ကျွန်တော် ကောင်းကင်တာအိုရဲ့ အကြွင်းအကျန်တွေနဲ့ သေချာ ဆက်သွယ်ပါရစေဦး။ ပြီးပြည့်စုံတဲ့ အကြံပြုချက်နဲ့ တိကျတဲ့ လမ်းကြောင်းကို ရပြီဆိုတာနဲ့ ... သက်ဆိုင်ရာ တွက်ချက်မှုတွေအတွက် အားလုံးရဲ့ အကူအညီကို တောင်းခံပါ့မယ်” ဟု ယဲ့ဖုန်းက ပတ်ဝန်းကျင်ကို ဖြည်းညှင်းစွာ ဝေ့ကြည့်ရင်း ပြောလိုက်သည်။
“ပြဿနာ မရှိပါဘူး” ရှောင်ချန်းထျန်းက ဦးစွာ ထောက်ခံလိုက်၏။
“လမ်းကြောင်းကို အရင် သေချာ ရှာပါ။ ငါတို့ မလောပါဘူး” မင်းသမီးယွီကျူးကလည်း ခေါင်းလေး အသာညိတ်ကာ ထောက်ခံသည်။
အခြားသူများကလည်း သဘောတူကြောင်း ခေါင်းညိတ်ပြကြ၏။
မိုးကြိုးရေကန်နှင့် လူဖန်တီး ကောင်းကင်ဘုံကပ်ဘေး ဆိုသည့် အကြံပြုချက် နှစ်ခုစလုံးကို ယဲ့ဖုန်းက အစပြုခဲ့ခြင်း ဖြစ်ရာ၊ ရောက်ရှိနေသော စွမ်းအားရှင်များ အားလုံးမှာ သူ တကယ်ပဲ အံ့ဖွယ်ရာ တစ်ခုကို ဖန်တီးနိုင်မလား ဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြခြင်း ဖြစ်ပါသည်။
“ဒါဆိုရင်လည်း ... အားလုံးကို ခဏလောက် စောင့်ခိုင်းရတာ အားနာပါတယ်ဗျာ” ယဲ့ဖုန်းက ခေါင်းညိတ်ပြကာ မျက်လုံးများကို မှိတ်လိုက်သည်။
ထိုအခါ ဟူဖေးဖေး၏ ကိုယ်ခန္ဓာမှာ အလင်းတန်း နှစ်ကြိမ် ဖြာထွက်လာပြီး ဒုတိယ တိုက်ခိုက်ရေးပုံစံသို့ ဝင်ရောက်သွားကာ၊ သူမသည် ယဲ့ဖုန်း၏ ရှေ့တွင် ရပ်ကာ အစောင့်အရှောက်အဖြစ် တာဝန်ယူလိုက်တော့သည်။
ဖရိုဖရဲ လောကတစ်ခု အတွင်း၌ ဖြစ်သည်။
ယဲ့ဖုန်း၏ ဝိညာဉ်အာရုံမှာ ထိုနေရာသို့ ရောက်ရှိလာခဲ့၏။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မည်သည့် နယ်နိမိတ်ကိုမျှ မမြင်ရဘဲ ... ဟင်းလင်းပြင်အတွင်း လွင့်မျောနေသော များပြား ရှုပ်ထွေးလှသည့် အရောင်အသွေးစုံ အကြွင်းအကျန်များကိုသာ တွေ့မြင်ရသည်။
“စီနီယာ ကောင်းကင်တာအို ... အခုထိ ရှိနေသေးလား”
ယဲ့ဖုန်းသည် ရွေးချယ်ခံရသူ၏ အထောက်အထားကို အသုံးပြုကာ ကျယ်လောင်စွာ အော်ဟစ် မေးမြန်းလိုက်တော့၏။
--